Suicide လုပ်ခြင်း

31 October 2008


ကိုယ့်ကိုကိုယ် သတ်သေခြင်းဟာ လူ့ယဉ်ကျေးမူ့ပေါ်ပေါက်ထွန်းကားလာပြီးမှ ပေါ်လာတဲ့ဓလေ့တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဆရာ သစ္စာနီရေးတဲ့ အတ်ဆေးတစ်ပုဒ်မှာတော့ လူဟာ ကိုယ့်ကိုယ်ကို သတ်သေတတ်တဲ့တစ်မျိုးတည်းသော သတ္တ၀ါလို့ဖတ်ဖူးပါတယ်။ ဂုဏ်သိက္ခာအတွက်၊စိတ်ဓါတ်ကျတဲ့အတွက်၊ အရှက်အတွက်၊ စိတ်ဖိစီးမူ့အတွက်၊မူးယစ်ဆေးကြောင်သွားတဲ့အတွက် အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ လူ့သမိုင်းတစ်လျှောက်လုံးမှာ သတ်သေခဲ့ကြတဲ့ သူတွေမနည်းပါဘူး။ တစ်လောက ဂျာနယ်တစ်စောင်မှာ ကိုရီးယားမင်းသမီး choi jin sin ကိုယ့်ဘာသာ အဆုံးစီရင်သွားတယ်ဆိုတာ ဖတ်လိုက်ရပါတယ်။ သူသေဆုံးချိန်မတိုင်မှီ နှစ်ပတ်အလိုက ကိုယ့်ဘာသာသတ်သေသွားတဲ့ မင်းသားသေရတာဟာ သူ့ကြောင့်လို့အင်တာနက်ကအတင်းအဖျင်းတွေက ဖေါ်ပြတဲ့အတွက်စိတ်ဓါတ်ကျပြီးအဆုံးစီရင်သွားတာလို့ သတင်းတွေမှာ ပါပါတယ်။ ဒီ့ထက်ပိုနက်နဲတဲ့ အကြောင်းတွေရှိမယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကိုရီးယားနိုင်ငံရဲ့ မိမိကိုယ်ကို အဆုံးစီရင်မူ့တွေကတော့ လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ ကမ္ဘာမှာထိပ်ဆုံးရောက်လာတယ်လို့ ပြောကြတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကလည်း ကိုရီးယား သရုပ်ဆောင်၊အဆိုတော် အစရှိတဲ့ အနုပညာရှင်တွေရဲ့ ကိုယ့်ကိုကိုယ် သတ်သေတဲ့ သတင်းတွေက တစ်နှစ်မှာ အနည်းဆုံး တစ်ခါကနေနှစ်ခါ လောက်တော့ကြားရပါတယ်။ ကိုရီးယားလို ဖွံ့ဖြိုးပြီးကို သွားတဲ့အဆင့်မှာ အစဉ်လာယဉ်ကျေးမူ့တွေနဲ့ ဂလိုဘယ်ယဉ်ကျေးမူ့တွေ တိုးတိုက်မိခြင်းလားလို့ ကျွန်တော်တွေးမိပါတယ်။ ဒီမင်းသမီးသေဆုံးရတာလည်း single mother ဆိုတဲ့အယူအဆကြောင့် ဖြစ်နိုင်ကြောင်း တချို့ကသုံးသပ်ကြတယ်။ လက်ရှိကိုရီးယားနိုင်ငံ
ရဲ့ လူသေဆုံးမူ့အကြောင်းတွေမှာ ကိုယ့်ကိုကိုယ်သတ်သေခြင်းကြောင့် သေဆုံးရခြင်းက အဆင့် ၄ မှာရှိနေပါတယ်တဲ့။တော်တော်ကြောက်ဖို့ကောင်းတဲ့ ပြဿနာ ဖြစ်နေပါပြီ။ ကိုရီးယားဆို အရမ်းအထင်ကြီးတဲ့ ကျွန်တော်တို့ မြန်မာတွေ ဒါမျိုးတော့ လိုက်မတုကြပါနဲ့လို့ ဆုတောင်းပါတယ်ဗျာ။

တကယ်တော့ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုတဲ့ အကြောင်းကို ဘာသာရေးတွေအားလုံးက တားမြစ်ထားတာပါ။ အစွန်းရောက်ဘာသာရေးယုံကြည်သူတွေကတော့ တစ်မျိုးပေါ့။ ဆာမူရိုင်းခေတ်က ဂျပန်တွေကတော့ ဟာရာကိရိဆိုပြီး ဂုဏ်သိက္ခာအတွက် သတ်သေကြပါတယ်။ အခုခေတ် ဘာသာရေးအစွန်းရောက်တွေကတော့ ဂုဏ်သိက္ခာအတွက်ဆိုပြီး ကိုယ့်ကိုကိုယ်တင်
အားမရပဲ သူများပါခေါ်သွားဖို့ အသေခံဗုံးခွဲတယ်တို့ဘာတို့လုပ်ကြပါတယ်။ တော်တော်ဆိုးတဲ့ အပြုအမူပါ။ အရှက်အတွက်၊စိတ်ဖိစီးမူ့များတဲ့အတွက် သတ်သေနေကြတာဟာ သာမန်လူတွေတင်မကပဲ နာမည်ကျော်တွေကပါ လုပ်နေကြတဲ့ ကိစ္စတစ်ခုပေါ့။ သမိုင်းတစ်လျှောက် ကိုယ့်ကိုကိုယ် သတ်သေခဲ့ကြတဲ့ လူတွေစာရင်းကို ရှာလိုက်တာ မရေနိုင်လို့ ဒီအတိုင်းပဲထားလိုက်ရတယ်။ ဗန်ဂိုး၊ ကတ်ကိုဘိန်း တို့လို ကျွန်တော်အရမ်းလေးစားတဲ့ အနုပညာရှင်တွေလည်း ကိုယ့်ဘာသာ အဆုံးစီရင်ပြီး ဇာတ်သိမ်းသွားကြတယ်။ အနုပညာနဲ့ ကိုယ့်ဘာသာအဆုံးစီရင်ခြင်းဟာ ဘယ်လိုပတ်သတ်နေလည်း ကျွန်တော်မတွေးတတ်
ပါဘူး။

ကိုယ့်ကိုကိုယ် သတ်သေတဲ့နှုန်းကအမေရိကမှာလည်း တိုးလာတယ်လို့ပြောကြပါတယ်။ သက်ဆိုင်ရာ စစ်တမ်းတွေအလိုက်ကြည့်လိုက်ရင် အမေရိက၊အာရှ၊ဥရောပ စတဲ့တိုက်ကြီးတွေမှာ အများဆုံးတွေ့ရပြီး အာဖရိကဒေသကိုတော့ စစ်တမ်းမရလို့ဖေါ်ပြကြပါတယ်။ သတ်သေတဲ့လူ မရှိသလောက်နည်းတာလား၊ တကယ်ကို အချက်အလက်မရတာလားတော့ မသိပါဘူး။စဉ်းစားကြည့်ရင်တော့ ကိုယ့်ကိုကိုယ်သတ်သေခြင်းဟာ ဆင်းရဲတာနဲ့မဆိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အမြင်
ပြောရရင်တော့ ဆင်းရဲလွန်းတာမခံနိုင်လို့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုတာ မကြားဖူးသလောက်ပါပဲ။ ယဉ်ကျေးမူ့မြင့်ပါတယ်၊ ဖွံ့ဖြိုးတိုးတက်ပါတယ် ဆိုတဲ့နိုင်ငံကြီးတွေမှာသာ ကြားနေရတာပါ။ အဲ့ဒီတော့ အဆုံးစီရင်တယ်ဆိုတာ ယဉ်ကျေးမူ့မြင့်မားလာခြင်းရဲ့ ၀ိသေသလက္ခဏာတစ်ရပ်ပဲ ဖြစ်နေမလား။

သတ်သေတဲ့ နည်းတွေကလည်း မျိုးစုံသလားတော့ မမေးနဲ့။ ကိုယ့်ဘာသာ သတ်သေနည်းများ suicide method ဆိုပြီးgoogle မှာရှာကြည့်လိုက် အကြံပေးမယ့် site တွေတောင်ရှိသေးတယ်။ တကယ်ကို ဆိုးတယ်ဗျာ။ အလွယ်ဆုံးနဲ့ အထင်ရှားဆုံးနည်းကတော့ ကြိုးဆွဲချနည်းပဲတဲ့။ ကျွန်တော်ကတော့ လည်ပင်းနည်းနည်းအစ်ရင်တောင် ခံနိုင်တဲ့ကောင်မဟုတ်ဘူး။လက်ကောက်ဝတ် သွေးကြောဒါးနဲ့ဖြတ်တဲ့နည်း၊ အဆိပ်တွေ၊အိပ်ဆေးတွေသောက်တဲ့နည်း၊ တိုက်ပေါ်က ခုန်ချတဲ့နည်း၊ကားရှေ့ဝင်တိုးတဲ့နည်း၊ သေချင်ရင်တော့ လွယ်လွယ်လေးပါ...... အခုချက်ခြင်းထပြီး ပလပ်ပေါက်ထဲသာ လက်ထိုးထည့်လိုက် တကယ်ကို လွယ်ပါတယ်။ အရေးကြီးတာက အရှုံးမပေးပဲ ဘ၀ကို ရအောင်ရှင်သန်နိုင်ဖို့ပါ။ ဘာအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို သတ်သေဖို့ကို ကြောက်ပါတယ်။ ခံစားရမယ့် ဝေဒနာတွေကို ကြောက်တာနဲ့တင် ဒီတသက်တော့ကိုယ့်ဘာသာ သတ်သေ၀ံ့မယ် မထင်ပါဘူး။

လက်ကောက်ဝတ်ဓါးနဲ့ဖြတ်တဲ့ နည်းလား၊ ကိုယ့်ဘာသာ ဓါးလေးပဲရှကြည့်ဦး၊ တိုက်ပေါ်ကခုန်ချရင်လည်း အလောင်းတွေကဖွဲအိတ်ကြီးလိုဖြစ်သွားတာဆိုပဲ၊ တခြားနည်းတွေလည်း ဝေဒနာကိုသာတွေးကြည့် မလုပ်ဝံ့စရာကြီးပဲ။ ပြီးတော့ အယူအဆအနေနဲ့ပြောရင် ကိုယ့်ဘာသာ သတ်သေသူများဟာ တစ်ကိုယ်ကောင်းဆန်သွားကြတာပါ။ သေရင် အရာရာပြီးသွားမယ်လို့ယူဆနေကြလား မသိပါဘူး။ နောက်ကျန်ခဲ့မယ့်သူတွေက ရှင်းရမှာတွေ၊ ကလေးငယ်တွေကျန်ခဲ့ရင်လည်း သူတို့နားလည်အောင်
ပြောရမှာတွေကို မတွေးပဲ ကိုယ်လွတ်ရုန်းသွားကြတာပါ။ ဒါပေမယ့် သူတို့လွတ်မြောက်သွားတယ်လို့ ကျွန်တော်ဘယ်တော့မှ မတွေးမိပါဘူး။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ကိုယ့်ကိုကိုယ်သတ်သေနှုန်းက သိပ်မရှိဘူးလို့ထင်ပါတယ်။ ဘာသာရေးအရလည်းဆုံးမထိန်းချုပ်မူ့တွေ ရှိနေလို့လည်းပါမှာပါ။ ဒါတောင် ဒီဘက်နှစ်တွေထဲမှာ အနီးအနားက သတင်းတွေကြားခဲ့ရသေးတယ်။ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ သူနှစ်ယောက်အကြောင်း နီးနီးစပ်စပ်ထဲက ကြားဖူးတာပါ။ တစ်ယောက်ကငွေကြေး အရှုပ်အရှင်းကြောင့် ဆေးတွေသောက်ပြီးသေသွားတာပါ၊ တစ်ယောက်ကတော့ ဘာဖြစ်လို့လဲမသိဘူး၊ ကျွန်တော်တို့ကျောင်းသွားတဲ့ ကားလမ်းဘေးက ၀ါးရုံပင်မှာ ဆွဲကြိုးချပြီးလာသေသွားတာပါ။ နှစ်ယောက်လုံးကတော့ အစိုးရ အရာရှိတွေပဲ။ သာမန်အားဖြင့်တော့ ကျွန်တော်တို့နိုင်ငံမှာ ကြားရခဲပါတယ်။

တကယ်တော့ ကျွန်တော်လည်းစိတ်ညစ်စရာတွေ၊ သောကတွေနဲ့ ကြုံခဲ့ရဖူးပါတယ်။ အဓိက ကတော့ နားလည်တတ်တဲ့အရွယ်မှာပေါ့။ အဲ့လို ဖြစ်တဲ့အချိန်တိုင်း ကိုယ့်ကိုကိုယ် သတ်သေလိုက်ပါတယ်။ ဘ၀ကို မဟုတ်ပါဘူး ကျွန်တော့်ရဲ့ပျက်စီးသွားတဲ့ စိတ်ဓါတ်တွေကိုပါ။ ဘာနဲ့လဲဆိုတော့ အနုပညာနဲ့ပေါ့။ တကယ်ပြောတာပါ။ ကျွန်တော်စိတ်ဓါတ်ကျတုန်းကအသုံးပြုခဲ့တဲ့ အနုပညာက ဂီတပါ။ အယ်နောင်းရဲ့ အနောက်တောင်မုတ်သုံလေခရီး ခွေကိုနားထောင်ဖူးသူတိုင်း အိပ်ဆေးသီချင်းကို သိကြမှာပါ။ ကျွန်တော် စိတ်ဓါတ်အရမ်းကျတဲ့အချိန်တိုင်း အဲ့ဒီသီချင်းကို နားထောင်ပြီး လက်ရှိဘ၀ထဲကနေ
အလွတ်ရုန်းဖို့ကြိုးစားပါတယ်။ ဘ၀ကို စိတ်ပျက်စရာ၊ ဘာမှအသုံးမကျတဲ့အရာအဖြစ် ဂီတရဲ့မှော်နယ်မြေထဲမှာ ကျွန်တော်ရူ့ မြင်လိုက်ပါတယ်။ ပြီးရင် ကျွန်တော့်စိတ်တွေအသစ်ပြန်မွေးဖွားပြီး ပေါ့ပါးလာပါတယ်။ နောင်တတွေ၊သောကတွေဟာကျွန်တော့်စီကနေထွက်ပြေးသွားပြီး ဘ၀သစ်ကိုပြန်စဖို့ အားအင်တွေဖြစ်လာပါတယ်။ အဲ့ဒီတော့ ကျွန်တော်စိတ်ဖိစီးမူ့တွေ
အရမ်းများနေရင် အနုပညာတစ်ခုခုနဲ့ ကိုယ့်ကိုကိုယ်သတ်သေပစ်လိုက်ပါတယ်။ အနုပညာက ဖန်တီးပေးတဲ့ ကမ္ဘာထဲမှာကျွန်တော်သေဆုံးသွားပြီးရင် အပြင်ကမ္ဘာမှာ ရှင်သန်ခြင်းအသစ်တွေနဲ့ ခရီးဆက်သွားပါတယ်။ ဒါဟာအနုပညာဖန်တီးသူက ခံစားတဲ့သူကိုပေးချင်တဲ့ မွန်မြတ်သောလက်ဆောင်တစ်ခုပေါ့။ သူတို့ဘ၀တစ်ခုလုံးကို ရင်းပြီးပေးခဲ့ရတာလေ။ စိတ်ညစ်နေလားဗျာ... ဒီသီချင်းကို နားထောင်ပြီး ကျွန်တော့်တို့ရဲ့
သုံးမရတဲ့စိတ်တွေကို သတ်ပစ်လိုက်ကြပါစို့။ အနုပညာကို ခံစားတတ်ခြင်းဟာလည်း လူသားရဲ့မြင့်မြတ်တဲ့ ဂုဏ်သိက္ခာတစ်ခုပါပဲ။

အိပ်ဆေး
သီချင်းနားထောင်ရန် ဒီနေရာတွင် click နှိပ်ပါ။ မြန်မာMP3 လင့်မှ ချိတ်ပေးထားပါတယ်။ သီချင်းစာသားကိုလည်း ဖေါ်ပြလိုက်ပါတယ်။

အိပ်ဆေးပြားများ ငါမြိုချလိုက်
ပွန်းပဲ့ခဲ့တဲ့ ငါ့နှလုံးသားလေး
ငါ့ဦးနှောက်ပြည့် အညစ်အကြေး အမှိုက်တွေ.....

အားလုံးရဲ့ အဝေး တိတ်တဆိတ်နဲ့ပြေး
တဖြည်းဖြည်းနှေးကွေး တွေးပြီးတို့တတွေ.....ဟေ .. ဟေး

ဘ၀တွေ ဘ၀တွေ ထွက်ပြေးပြီဟေ့
ဘ၀တွေ ဘ၀တွေ ငါကျောခိုင်းပြီ
ဘ၀တွေ ဘ၀တွေ ငါရူးသွပ်ဆဲ
ဘ၀တွေ ဘ၀တွေ ငါကျောခိုင်းပြီ....။

သမိုင်းပညာရှင် ကျွန်ုပ်

29 October 2008

ကျွန်ုပ်သည် သရေခေတ္တရာဟု အမည်ရှိသော မြို့ဟောင်းအကြောင်းအား ၀ီကီမြန်မာတွင် ရေးသားရင်း ကျွန်ုပ်ကိုယ်တိုင်မြင်တွေ့လာသော အချက်အလက်များအား ထည့်သွင်းရေးသားလိုသော်လည်း ၀ီကီမြန်မာတွင် မီဒီယာတစ်ခုခု၌ ပုံနှိပ်ဖေါ်ပြထားခြင်းမရှိသေးသော အကြောင်းများအား တင်ခွင့်မပေးသဖြင့် ကျွန်ုပ်တွေးတော စဉ်းစားမိသော အချက်အလက်များအား ကိုယ်ပိုင်ဘလော့ဂ်တွင်သာ တင်ပြအပ်ပေသည်။ ကျွန်ုပ် အပန်းတကြီး ကူးချ အဲလေတည်းဖြတ်ထားသော သမိုင်းပညာရှင်များ၏ သရေခေတ္တရာ အကြောင်းကို ဤလင့်တွင် နှိပ်၍ ကြည့်ရူ့နိုင်ပါသည်။ အောက်ဖေါ်ပြပါ အကြောင်းအရာတို့မှာမူ သမိုင်းဝါသနာရှင်မျှသာ ဖြစ်သော ကျွန်ုပ် မောင်ဖားကြီး၏ ယူဆချက်များသာဖြစ်ပေသည်။ ဖတ်ရူ့ကာ သဘောတူ၊ မတူ စဉ်းစားဆုံးဖြတ်ကြပါနိုင်ပါသည်။

သရေခေတ္တရာသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်အကွာတွင် တည်ရှိသော ရှေးဟောင်းပျူလူမျိုးတို့၏ မြို့တော်ဖြစ်ပေသည်။ မျက်မြင်အထောက်အထားများအရ တချိန်ကကြီးကျယ်ခမ်းနားခဲ့သော မြို့ဖြစ်ကြောင်း သိသာ ထင်ရှားလှပေသည်။ ကြွင်းကျန်ရစ်သော အထောက်အထားများနှင့် တရုတ်ပြည်မှ မှတ်တမ်းများအရ သရေခေတ္တရာမြို့သည် ရှေးပျူဟောင်းတို့၏ မြို့ဖြစ်ကြောင်း သမိုင်းပညာရှင်များက ခန့်မှန်းထားကြပေသည်။ ထို့ကြောင့် မိမိနိုင်ငံသမိုင်းသာမကသူများအတွက်ပင် တကူးတက မှတ်တမ်းရေးပေးတတ်သော ဆွေမျိုးပေါက်ဖေါ် တရုတ်တို့အား ကျေးဇူးတင်သင့်ပေသည်။

မြန်မာပြည်တွင် လက်ရှိတွေ့ရှိချက်အရ ပျူတို့၏ အထင်ကရမြို့တော်သုံးမြို့ရှိပြီး ထိုအထဲတွင် သရေခေတ္တရာသည် အစည်ကားဆုံးဖြစ်သည် ဟုသမိုင်းပညာရှင်များက ခပ်တည်တည်နှင့် မှတ်ချက်ချခဲ့ကြသည်။ အကြောင်းမှာ ကြွင်းကျန်ရစ်သော ရုပ်ဝတ္တုများတွင် အကောင်းအတိုင်းနီးပါးဟူ၍ သရေခေတ္တရာမှပင် အများဆုံးတူးဖေါ်တွေ့ရှိခဲ့သောကြောင့်သမိုင်းပညာရှင်များပြောသည်မှာ ဟုတ်ပါပေသည်ဟု လက်ခံရန်သာ ရှိလေသည်။

၁၈၇၇ တွင် ရန်ကုန်-ပြည်မီးရထားလမ်းအား ဖေါက်လုပ်ခဲ့ရာတွင် မှော်ဇာအရပ်မှ ရထားလမ်းပိုင်းနေရာအား သရေခေတ္တရာမြို့ဟောင်း မှ အုတ်များအား အသုံးပြုစေခဲ့သည်ဟု ဆိုသည်။ ထိုအချက်မှာ အင်္ဂလိပ်အစိုးရကိုယ်တိုင်က အသုံးပြုခိုင်းခြင်းပေလော သို့မဟုတ် ကန်ထရိုက်တာ၊ အင်ဂျင်နီယာမှ ဖို့မြေအတွက်အပိုစရိတ်တင်ကာ ဘုံးပစ်ပေခြင်းလောဟူ၍ ခိုင်မာသော သက်သေပြချက်များ မတွေ့ရှိရသေးပေ။

သရေခေတ္တရာမြို့ဟောင်းအား အင်္ဂလိပ်လက်ထက်မှ စတင်ကာတူးဖေါ်ခဲ့သည်ဟု ဆိုကြပေသော်လည်း ကျွန်ုပ်
အမြင်အရမူ ပျူတို့နောက်ပိုင်း လာရောက်နေထိုင်သော မြန်မာများမှ စတင်ခဲ့သည်ဟု ထင်သည်။ ထိုအခြေချ
နေထိုင်သူများသည် ရေတွင်း၊ရေကန်အတွက်သော်လည်းကောင်း၊ မိလ္လာကျွင်း အတွက်သော်လည်းကောင်း၊
ဝမ်းစာအတွက် ဂဏန်းကျွင်း၊ဖားကျွင်းများကို သော်လည်းကောင်း တူးဖေါ်ခဲ့ကြပြီး ပျူလက်ရာပစ္စည်းများ ရရှိနိုင်ခဲ့သော်လည်း မြန်မာမင်းများလက်ထက်တွင် ရှေးဟောင်းသုတေသနဌာန မရှိသေးသဖြင့် ထိုပစ္စည်းများသည် ကလေးကစားစရာအဖြစ်လည်းကောင်း၊ အိုးခြမ်းပဲ့အဟောင်းများအဖြစ် လွင့်ပစ်ခံရခြင်း အဖြစ်သို့ရောက်ရှိခဲ့ပေမည်ဟုခန့်မှန်းနိုင်ပေသည်။ ထို့ကြောင့် သရေခေတ္တရာမြို့ဟောင်းအား စတင်တူးဖေါ်သူများမှာ အင်္ဂလိပ်တို့မဟုတ်ပဲကျွန်ုပ်တို့ သကျသာကီ မြန်မာများသာ ဖြစ်ပေမည်ဟု ကျွန်ုပ်သည် ၀ံသာနုစိတ်ဓါတ်အပြည့်ဖြင့် အခိုင်အမာ ပြောဆိုအပ်ပေသည်။( အမြင်မတူသူများရှိနိုင်ပါသည်။ တာဝန်ရှိသူများမှ ဤယူဆချက်ကြောင့် ကျွန်ုပ်အား ဆုတံဆိပ်တစ်ခုခု ချီးမြှင့်သင့်ပေသည်...ငှဲ...ငှဲ။ဤကား စကားချပ်)

သမိုင်းကြောင်း
သရေခေတ္တရာမြို့ဟောင်းအား သာသနာသက္ကရာဇ် ၁၀၁ ခုနှစ်တွင် ဒွတ္တဘောင်မင်းကြီးက တည်ထောင်ခဲ့သည်ဟု ရာဇ၀င်များတွင် ဖေါ်ပြပါရှိလေသည်။ မြို့တော်အား သိကြားမင်း၊ဂ၀ံပတိ၊ ရသေ့၊ နဂါး၊ဂဠုန်၊စန္ဒီ နှင့် ပရမေသူရာတို့ အကူအညီဖြင့်တည်ဆောက်ခဲ့သည်ဟု အဆိုပါရာဇ၀င်များတွင် ဖေါ်ပြထားသောကြောင့် ထိုခေတ်က မြို့ပြအင်ဂျင်နီယာများ ရှိနိုင်သော်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိခဲ့ဟု ယူဆနိုင်လေသည်။ မြို့ကွက်အား ပန္နက်ချရာတွင်လည်း နဂါးအမြီးဖြင့် စက်ဝိုင်းပုံသဏ္ဍာန်မြို့ကွက်ကို ပုံစံချခဲ့သည်ဟုဆိုလေရာ ထိုမျှကြီးမှားသော နဂါးအမြီးအား ဆွဲကိုင်ကာ စက်ဝိုင်းအဖြစ်ဆွဲသောသူသည် မည်မျှကိုယ်ခန္ဓာကြီးမားသူဖြစ်ကြောင်း ခန့်မှန်းရန်ခဲယဉ်းပေသည်။ သို့သော် ဤအကြောင်းအရာများမှာရာဇ၀င်လာ ဒဏ္ဍာရီသာ ဖြစ်သဖြင့် သိပ္ပံနည်းကျ သမိုင်းသုတေသီများက အတည်ယူခြင်းမရှိပေ။

ရှေးမြို့တော်အား တူးဖေါ်ခြင်း
မြို့ဟောင်းအား မြန်မာများက စတင်တူးဖေါ်ခဲ့သည်ဟု ကျွန်ုပ်ကယူဆသော်လည်း သမိုင်းပညာရှင် အများစု၏ အဆိုအရမြို့ဟောင်း တူးဖေါ်ခြင်းအား အင်္ဂလိပ်လက်ထက် ၁၉၀၇ တွင်စတင်ခဲ့သည်ဟု ဆိုကြသည်။ တူးဖေါ်တွေ့ရှိရသော အချက်များမှ ကျွန်ုပ်တို့သည် သရေခေတ္တရာနေ ပျူလူမျိုးတို့၏ ယဉ်ကျေးမူ့၊ စီးပွားရေး၊လူမူ့ရေးတို့ကို ခန့်မှန်းခွင့်ရကြလေသည်။သမိုင်းပညာရှင်များသည် ထိုတွေ့ရှိချက်များမှ ခန့်မှန်းချက်များစွာ ထုတ်နိုင်ခဲ့သော်လည်း ကျွန်ုပ်သည် ၎င်းတို့မေ့ကျန်ခဲ့မည်ဟုထင်ရသော ယူဆချက်များအား ထပ်မံတွေးတောမိလေသည်။

၁၉၁၈ နှင့် ၁၉၂၀ တွင်တူးဖေါ်ရာမှ ရရှိသော ရွှေပေချပ်များတွင် ပါဠိ၊သက္ကတ၊ ပျူဘာသာစကား များဖြင့်ရေးထိုးထားကြောင်းတွေ့ရပေသည်။ ထို့ကြောင့် မည်သည့်အတွက်ဘာသာစကား တစ်မျိုးတည်းကို မသုံးပဲ သုံးမျိုးအထိသုံးခဲ့သနည်းဆိုသည်ကိုလေ့လာဆန်းစစ်ရန်လိုပေသည်။ ထိုခေတ်က လူများသည် ဘာသာစကားသုံးမျိုးလုံးအား အသုံးပြုနိုင်သောကြောင့်လော..။
ဤသို့ဆိုလျင် ထိုခေတ်မှပျူလူမျိုးတို့သည် ကျွန်ုပ်တို့ထက်ပို၍ပင်တော်ကြောင်း သိသာနေပေမည်။ သို့မဟုတ်ပါကရေးသားသူ ပညာရှင်ကပင် မိမိတော်ကြောင်းသိသာလို၍ သုံးဘာသာဖြင့် ထိုးခဲ့ကြောင်းပေလော။ ယူဆက်ချက်များ အများအပြားရှိနိုင်ပေသည်။ ဘာသာစကားတစ်မျိုးစီ သုံးသော လူမျိုးသုံးမျိုးနေထိုင်ခဲ့ခြင်းလော။ ဤသို့ဆိုလျင် တစ်ယောက်ဘာသာစကား တစ်ယောက်နားလည်စေရန်ပါဠိစကားပြောသင်တန်း၊သက္ကတစကားပြောသင်တန်း၊ပျူစကားပြောသင်တန်းဟူ၍
ဘာသာစကား သင်တန်းကျောင်းများလည်း တည်ရှိနိုင်ပေသည်။

အထက်ပါသင်တန်းကျောင်းများသာ ရှိပါက သင်တန်းဆရာအတတ်ဖြင့် အသက်မွေးသူများလည်း ရှိမည်ဟု ဆက်စပ်တွေးခေါ်နိုင်လေသည်။ မြို့ရိုးတည်ဆောက်ရာတွင်အသုံးပြုသော အုတ်များတွင်စပါးခွံများကို တွေ့သောကြောင့် စိုက်ပျိုးရေးသည်ပင် အဓိကစီးပွားရေးဖြစ်သည်ဟု သမိုင်းပညာရှင်များက မှတ်ချက်ချခဲ့သည်။ ထိုအုတ်များကိုဖုတ်ရန်အတွက် အုတ်ဖုတ်လုပ်ငန်းဖြင့် အသက်မွေးသူများလည်း တစ်ခေတ်ကောင်းခဲ့ကြောင်း ကျွန်ုပ်က မှတ်ယူသည်။ သံထည်ပစ္စည်းများကို နိုင်နင်းစွာ
အသုံးချနိုင်ခဲ့ကြပြီး အိန္ဒိယတောင်ပိုင်းနှင့်လည်း အဆက်အသွယ်ရှိခဲ့သည်ဟူသော သမိုင်းပညာရှင်များ၏ ယူဆချက်အရထိုခေတ်က သံဟောင်းများကိုပြန်လည်ဝယ်သည့် ယခုခေတ်အခေါ်ဘော်တယ်ကုလားများလည်း ရှိနိုင်သည်ဟု မှတ်ချက်ချနိုင်ပေသည်။

ပုတီးများ၊ လက်ဝတ်လက်စား ပစ္စည်းများလည်း တူးဖေါ်ရရှိခဲ့သည်။ ထိုပစ္စည်းများမှာ မိမိကိုယ်တိုင်အိမ်တွင်လုပ်ကာဝတ်ဆင်ခြင်းလော၊ တတ်ကျွမ်းသည့် ပညာရှင်ကပြုလုပ်ပေးသည်ကို ၀ယ်ယူဝတ်ဆင်ခြင်းလောဟူ၍ သမိုင်းပညာရှင်များ သက်သေမပြနိုင်သေးပေ။ တတ်ကျွမ်းသည့်သူများက ပြုလုပ်ခဲ့သည်ဆိုပါက ထိုခေတ်တွင် ယခု ယုဇနပလာဇာရှိ ဖန်စီ ဆိုင်လေးများကဲ့သို့ ဆိုင်များလည်းရှိနိုင်ကြောင်း ထပ်ဆင့်တွေးတောနိုင်ပေသည်။ ထိုမှတဆင့် အီမို၊ပန့်ခ် ကဲ့သို့သော် ဖက်ရှင်များသည်ထိုခေတ်ကလည်း ရှိနိုင်လောက်သည်ဟု ကောက်ချက်ချနိုင်လေသည်။ မျက်မြင်တွေ့ရသော စေတီ၊ပုထိုးများနှင့် တူးဖေါ်တွေ့ရှိချက်များကိုခန့်မှန်း၍ ဗိသုကာပညာ၊ပန်းထိမ်ပညာ၊ ကျောက်ဆစ်ပညာ၊ ပန်းပုပညာ၊ပန်းချီပညာဖြင့် အသက်မွေးသူများလည်းရှိမည်ဟု သမိုင်းပညာရှင်များက ရဲရဲဝံ့ဝံ့ကြီးပင် ပြောဆိုလေသည်။ တွေ့ရှိရသော အိုးခြမ်းပဲ့၊ခွက်ပဲ့များသည် အရက်ထည့်သောက်သော ခွက်များဖြစ်မဖြစ်ကိုမူ ဆက်လက်သုတေသနပြုလုပ်ရန်လိုနေသေးသည်။ ထိုခေတ်တွင်လည်း ယမကာ
မည်သော အရက်ရှိမည်မှာ အမှန်ပင်ဖြစ်သော်လည်း ဘုံဆိုင်ကဲ့သို့သော စီးပွားဖြစ်အရက်ဆိုင်များ ရှိခဲ့ခြင်းရှိမရှိကိုမူသမိုင်းပညာရှင်များသည် ပြောဆိုရန်ခက်ခဲနေလေသည်။

တရုတ်မှတ်တမ်းများအရ သရေခေတ္တရာတွင် ကချေသည်များလည်း ရှိခဲ့ကြောင်းသိရပေသည်။ တူးဖေါ်ရရှိသော အုတ်ကြွရုပ်တုများမှာလည်း တီးဆိုကခုန်ဟန် အရုပ်များကိုကြည့်ခြင်းဖြင့် သရေခေတ္တရာတွင် အဆင့်အတန်းမြင့်သော အနုပညာများထွန်းကားခဲ့လေသည်။ ထိုသူများသည် free show ဖျော်ဖြေခြင်း သို့မဟုတ် ဟော်တယ်များတွင် ရုံသွင်းဖျော်ဖြေခြင်းဟူသည်ကိုမူ သမိုင်းပညာရှင်များ ပြောဆိုနိုင်ခြင်းမရှိပေ။ တွေ့ရှိရသော ရုပ်လုံးရုပ်ကြွများမှ တဆင့် သရေခေတ္တရာမှ အမျိုးသားအမျိုးသမီးတို့သည် အောက်ပိုင်းတွင်သာ အ၀တ်ဝတ်ကြသည်ဟု ခန့်မှန်းနိုင်ပြီး ထိုခေတ်က ဖက်ရှင်ဆိုင်များမရှိနိုင်ကြောင်း ယေဘူယျ ကောက်ချက်ချနိုင်ပေသည်။ အရေပြားကင်ဆာလည်းကြောက်စရာမလိုကြောင်း ခန့်မှန်းနိုင်ပြီး Body lotion ကဲ့သို့သောအလှဆီများ လိမ်းမလိမ်းကိုမူ သက်သေပြနိုင်ခြင်းမရှိသေးပေ။

စစ်သည်ရဲမက်သုံး ဓါးလည်းတူးဖေါ်တွေ့ရှိခဲ့ပြီး၊ သေနတ်ကိုမူ တူးဖေါ်တွေ့ရှိခြင်းမရှိသေးသောကြောင့် ထိုခေတ်က သေနတ်မပေါ်သေးကြောင်းနှင့် သေနတ်အန္တာရာယ်ကို ကြောက်စရာမလိုကြောင်း ကျွန်ုပ်အခိုင်အမာ ဆိုဝံ့ပေသည်။ အေသင်၊စပါတာအစရှိသည့် ရှေးရောမမြို့များကဲ့သို့ လူထုစည်းဝေးရာနေရာများလည်း မတွေ့ရသေးသဖြင့် လူထုဆန္ဒကောက်ခံပွဲကဲ့သို့
ပွဲများလည်း ပျူလူမျိုးများတက်ရောက်စရာမလိုပဲ သက်ဦးဆံပိုင်ပဒေသရာဇ်ကသာ အုပ်ချုပ်သွားကြောင်း သိသာပေသည်။အရိုးအိုးများနှင့် ပြာအိုးများကို တွေ့ရသောကြောင့် သရေခေတ္တရာမှ ပျူလူမျိုးတို့သည် မြေနေရာကို တန်ဖိုးထားခဲ့ကြောင်းခန့်မှန်းနိုင်လေသည်။ အရိုးအိုးများမှာမူ အဆင့်အတန်းအလိုက် တန်ဆာဆင်ပုံနှင့် အသုံးပြုသော အမျိုးအစား ကွဲပြားကြလေသည်။ အရိုးအိုးများအား တစ်နေရာတည်းမှာပင် အစုလိုက်အပြုံလိုက်တွေ့ရှိရသောကြောင့် ဆွေစု၊ မျိုးစုအလိုက်မြုပ်နှံသောဓလေ့သည် ပျူတို့၏ယဉ်ကျေးမူ့ တစ်ရပ်ဖြစ်ကြောင်း သိရှိရပေသည်။

သရေခေတ္တရာခေတ်သည် မည်သည့်ခုနှစ်တွင် ပျက်စီးသွားကြောင်း သမိုင်းပညာရှင်များက အခိုင်အမာပြဆိုနိုင်ခြင်းမရှိသေးပေ။ ဖြစ်နိုင်သော အကြောင်းများမှာ သက်၊ကမ်းယံစသော လူမျိုးများက လာရောက်တိုက်ခိုက်ခဲ့ခြင်း အစရှိသည့် အဆိုပြုချက်များရှိသော်လည်း သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း၏ ပျူတွေဘယ်ရောက်သွားလဲ စာအုပ်တွင်မူ ငါဒီမှာဟေ့လို့အော်ပြောလိုက်ချင်သည်ဟု ဆရာကြီးကဆိုထားသဖြင့် ပျူများသည် မြန်မာများနှင့်ရောနှောကာ လူမျိုးတိမ်ကောသွားသည်ဟု
ဆိုနိုင်ပေသည်။ ကျွန်ုပ်သည်ထိုအချက်ကို များစွာဖြစ်နိုင်ကြောင်းလက်ခံထားလေသည်။ မူလနေထိုင်သော ပျူလူမျိုးတို့သည်နောက်ပိုင်းမြန်မာများကိုတွေ့ကာ ၊ ပျူထီးများက မြန်မာမလေးများအား အွန်စော၊ဟာဂျီဝန်အစရှိသည့် ကိုရီးယားမလေးများလိုပင်ချောပါပေသည်ဟု ကျွန်ုပ်တို့လက်ရှိအမြင်ကဲ့သို့ လည်းကောင်း၊ ပျူမလေးများက မြန်မာထီးများအား အဲ အဲ မြန်မာကောင်လေးများအား ရိန်း၊ဂျွန်စော၊ ထယ်စောက် တို့နှင့်တူပါသည်ဟုသော ကျွန်ုပ်တို့လက်ရှိအမြင်ကဲ့သို့ပင် အထင်ကြီးအားကျကာမြန်မာများနှင့် သွေးရော၍ ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်ကြောင်း ကျွန်ုပ်မှတ်ချက်ချမိလေတော့သည်။

တံခါးများရဲ့ နောက်ကွယ်

26 October 2008

(၁)

တံခါးများ၏ နောက်တွင်ဘာတွေရှိမှန်း ငယ်ငယ်တုန်းက ကျွန်တော်မသိခဲ့ပါ။ တံခါးများ၏ နောက်တွင်ရှိသော
အရာများကို ကျွန်တော်ကြောက်ရွံ့ခဲ့ပါသည်။ မမြင်ရသောအရာကို စိတ်ကူးယဉ်ပြီးကြောက်ရခြင်းသည် လောကတွင် ကြောက်စရာအကောင်းဆုံး ဖြစ်သည်ကိုကြောက်တတ်သူတိုင်း သိကြပါလိမ့်မည်။

ကျွန်တော်ပြောချင်တဲ့ တံခါးတွေဆိုတာ ခွဲခွာခြင်းကိုသင်္ကေတပြုနေတယ်လို့ ကျွန်တော်ထင်တဲ့ မီးင်္သဂြိုလ်စက်
အခန်းတံခါးကြီးတွေပါ။ အခန်းထဲကို ၀င်သွားတဲ့ အသက်မဲ့ရုပ်ခန္ဓာတွေကို နောက်ထပ်ဘယ်တော့မှ မမြင်ရအောင်ဝါးမြိုလိုက်တဲ့ တံခါးကြီးတွေပေါ့...။ ကျွန်တော်အလွန်ပင် ထိတ်လန့်ကြောက်ရွံ့ခဲ့ပါသည်။ မှိန်ဖျော့ညစ်ထေးသည့်အရောင်ရှိသော ထိုသစ်သားတံခါးကြီးများတွင် ၀မ်းနည်းမူ့ပေါင်းများစွာ တွယ်ကပ်နေမည်ဟု ကျွန်တော်ထင်ပါသည်။တခါတရံ ငိုကြွေးသံများ၊ စိတ်ဆင်းရဲမူ့များ နှင့် မျက်ရည်များသည် တံခါးကို ကျော်ဖြတ်၍ ဟိုတဖက်ခြမ်းထိ လိုက်ပါသွားတတ်လေသည်။

(၂)

ကျွန်တော်ကလေးဘ၀ ခြောက်တန်းနှစ်တွင် သူငယ်ချင်းကောင်မလေး တစ်ယောက်ဆုံးပါးသွားပါသည်။ ပြည်ထောင်စုပွဲတော်မှ စက်ဘီးဖြင့်အပြန်တွင် မဆင်မခြင်မူးမူးရူးရူးနှင့် မောင်းလာသည့်ကားမှ နောက်က၀င်တိုက်သွားသည်။စက်ဘီးနင်းလာသည့် သူ့အစ်ကိုမှာ ဒါဏ်ရာအကြီးအကျယ်ရသွားပြီး၊ နောက်ကထိုင်လိုက်လာသည့် သူကတော့ ဆေးရုံအရောက်တွင် သေဆုံးခဲ့ရရှာသည်။ ကျွန်တော့်ဘ၀တွင် သေခြင်းဖြင့်ခွဲခွာသွားခဲ့သော ပထမဆုံးသူငယ်ချင်းဖြစ်သည်။ငယ်ဘ၀ဖြစ်သောကြောင့် ထိုစဉ်ကအလွန်ပင် ထိတ်လန့်တုန်လှုပ်ခဲ့ပါသည်။ ထို့အတူ သူသေဆုံးသွားပြီ၊ မရှိတော့ဘူး ဆိုတာကိုလည်း စိတ်ထဲမှာ လက်ခံချင်စိတ်မရှိဖြစ်ခဲ့သည်။

ကျောင်းတက်နေစဉ်ကာလဖြစ်သောကြောင့် သူ့ဈာပနကို တစ်ကျောင်းလုံးလိုက်ပို့ဖြစ်ကြသည်။ အတန်းတူဖြစ်သောကျွန်တော်တို့က ပိုပြီးဝမ်းနည်းမဆုံးဖြစ်ခဲ့ကြသည်။ ကျောင်းကပွဲတွင် သူဝတ်ဆင်ခဲ့သော အဖြူရောင်ဂါဝန်လေးကိုပင် သူ့ကိုဆင်ပေးထားပြီး၊ မိတ်ကပ်များ၊ ပန်းများလည်း ခြယ်သပန်ဆင်ပေးထားသည်။ လူကြီးတွေကတော့ တော်တော်ရုပ်ပျက်ဆင်းပျက် ဖြစ်သွား၍ မိတ်ကပ်အစွမ်းနှင့် ပြန်လည်ပြုပြင် ထားကြောင်းပြောသည်။ ထိုစဉ်က ကျွန်တော့်အမြင်ကတော့ ဇာပုဝါအဖြူအောက်မှာ မြင်နေရသော သူ့ရုပ်အလောင်းအား အိပ်ပျော်နေတာများလားဟု သံသယ၀င်ခဲ့သည်။ထိုအချိန်တွင် ကျွန်တော်အဖြစ်ချင်ဆုံး တွေးမိသည့် ဆန္ဒမှာ ဖတ်ဖူးသည့်သေရွာပြန်ဇာတ်လမ်းများထဲကလို သူရုတ်တရက်ထထိုင်လာပြီး ငါဘာဖြစ်သွားတာလဲဟု ထပြောလျင်ကောင်းမည်ဟူသော ဆန္ဒဖြစ်သည်။ သတိလစ်အိပ်ပျော်နေတာများလား
ဟု ကလေးအတွေးနှင့် မျှော်လင့်ခဲ့သော်လည်း အချိန်တန်သည်အထိ သူနိုးမလာခဲ့ပါ။ အားလုံးငိုကြွေးနေချိန်မှာပင်ဝန်ထမ်းများရောက်လာပြီး သူ့ခန္ဓာကိုတွန်းလှည်းပေါ်သို့ ပြောင်းရွေ့လိုက်ကြသည်။

ငိုကြွေးသံသည် ကြေးစည်သံနှင့် ပေါင်းစပ်လိုက်သောအခါ ပိုမိုဝမ်းနည်းကြေကွဲစရာ ကောင်းလာသည်ဟု ကျွန်တော်ထင်ပါသည်။ အလောင်းတင်သည့် လှည်းကို တဖြည်းဖြည်းနှင့် တွန်းလာရင်း မီးင်္သဂြိုလ်စက်အခန်းဝ တံခါးနားသို့ရောက်လာသည်။ မိသားစုဝင်များ အခန်းထဲထိလိုက်နိုင်ကြောင်းပြောသောအခါ သူ့အစ်ကိုနှစ်ယောက်လိုက်ဝင်သွားကြသည်။ သူ့ရုပ်ခန္ဓာအား ဤကမ္ဘာမြေပေါ်တွင် နောက်ဆုံးအကြိမ် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး တံခါးကြီးကိုဖွင့်ပြီး အတွင်းသို့ယူသွားကြသည်နှင့် သူသည် ကျွန်တော်တို့မျက်စိရှေ့မှ ထာဝရကွယ်ပျောက်သွားတော့လေသည်။ ဆက်လက်၍ကျွန်တော်မြင်ခဲ့ရသောအရာမှာ နှစ်ဖက်ဖွင့်သစ်သား တံခါးကြီးသာဖြစ်လေသည်။ သူသည်တံခါး၏ ဟိုဘက်တွင်လောင်ကျွမ်းခံရန် ထွက်ခွာသွားလေပြီ။ သူမရှိတော့ပါဆိုသော အတွေးအား လက်မခံချင်သော်လည်း မရတော့ပါ။ ရင်ဘတ်တစ်ခုလုံးပူလာပြီး ကျွန်တော်တို့နှင့် သူ့ကိုတွေ့ရှိရခြင်းအမြင်ကို ထာဝရခွဲလိုက်သော တံခါးကြီးကိုသာကြောက်ရွံ့စွာ ငေးမောမိပါသည်။

ခွဲခွာခြင်း နိမိတ်ပုံဖြစ်သော တံခါးကြီးသည် ငယ်ရွယ်သော ကျွန်တော့်နှလုံးသားတွင် အရိပ်မည်းကြီးတစ်ခု အဖြစ်စိုးမိုးခြောက်လှန့်ခဲ့ပါသည်။ ထိုနောက်ပိုင်း လေး၊ငါး လလောက် ကျွန်တော်သည် င်္သချိုင်းမြေအကြောင်းအိပ်မက်များ မက်တတ်ပြီး ထိုအိပ်မက်တိုင်းတွင် တံခါးကြီးသည် အဓိကနေရာမှာ ပါဝင်ခြောက်လှန့်ခဲ့ပေသည်။ ကျွန်တော်အလွန်ပင်ကြောက်ရွံ့ထိတ်လန့်ခဲ့ပါသည်။

(၃)

ဆွေမျိုးသားချင်း၊ မိတ်ဆွေများ၏ အသုဘများကိုလိုက်ပို့ခဲ့ပြီး င်္သချိုင်းနှင့်ပတ်သတ်သော အတွေ့အကြုံလည်း
အတန်အသင့် ရပြီဟုဆိုနိုင်သော်ငြား ကျွန်တော်သည် တံခါးကြီးကို မြင်လျင်ကြောက်ရွံ့စိတ်က လုံးဝပျောက်
ပျက်သွားခြင်းမရှိပါ။ တံခါးအတွင်းသို့လိုက်ကြည့်လိုလျင် လိုက်နိုင်သည့် အခွင့်အရေးများ ရရှိခဲ့သော်လည်း
ကျွန်တော်ဘယ်တော့မှ လိုက်ဝင်သွားခြင်းမရှိခဲ့ပေ။

ပျော်လွန်းသောကြောင့် စတုတ္တနှစ်ကို ဒုတိယအကြိမ်ပြန်တတ်သော နှစ်တွင် သူငယ်ချင်းတစ်ယောက်၏အဖိုး
ဆုံးပါသည်။ သူ့အဖိုးနေထိုင်သောနေရာက ကွန်ဒိုတိုက်ခန်းများဖြစ်သောကြောင့် ရပ်ကွက်များကဲ့သို့ လူစည်ကားခြင်းမရှိပါ။ အမျိုးများသာ ဖြောက်ကြားဖြောက်ကြား လာတတ်ပြီးအသုဘအိမ်တွင် လူနည်းပါသည်။ ထို့ကြောင့်ကျွန်တော်တို့ ကျောင်းကသူငယ်ချင်းများ ကုလားကားသွားကြည့်ရင်း နေပေးကြပါသည်။ သူတို့ကလည်း သဘောကောင်းသည်၊ တရုတ်အစားအစာ၊ ဟမ်ဘာဂါ၊အာလူးချောင်းကြော် လိုလိုသေးမရှိ ကျွန်တော်တို့ကို ဒါနပြုသည်။

အဖိုးဈာပနနေ့ရောက်တော့ ကျွန်တော်တို့သူငယ်ချင်းများလိုက်ပို့ကြသည်။ ထုံးစံအတိုင်းပင် မီးင်္သဂြိုလ်မှာဖြစ်ပြီး
ထုံးစံအတိုင်းပင် မီးင်္သဂြိုလ်စက်အခန်း ထဲသို့ လိုက်ဝင်လိုလျင် လိုက်နိုင်ကြောင်း ၀န်ထမ်းများကပြောသည်။
ကျွန်တော့်သူငယ်ချင်းများ လှစ်ကနဲ လိုက်ဝင်သွားကြသော်လည်း ကျွန်တော်နှင့် နောက်သူငယ်ချင်း တစ်ယောက် မှာ ယောင်ပေပေနှင့်ကျန်ခဲ့လေသည်။ ကျွန်တော်က တံခါးကြီးကိုကြောက်ရွံ့သောကြောင့်ဖြစ်ပြီး၊ ကျွန်တော့်သူငယ်ချင်းကတော့ သူရဲအလွန်ကြောက်တတ်သောကြောင့်ဖြစ်သည်။

အပြင်မှာ ၁၀ မိနစ်ခန့်စောင့်နေသော်လည်း အထဲဝင်သွားသည့် သူငယ်ချင်းများပြန်မထွက်လာ သေးသဖြင့် ကျွန်တော်တို့နှစ်ယောက်စိတ်မရှည်ဖြစ်လာသည်။ ဒီကောင်တွေကိုပါ ရောပြီး တခါတည်းင်္သဂြိုလ်လိုက်ပြီလားဟု ကျွန်တော်ညည်းမိသည်။ ကျွန်တော့်သူငယ်ချင်းကလည်း စိတ်မရှည်တော့သောကြောင့် လိုက်သွားရင်ကောင်းမလားဟုတိုင်ပင်ကြသည်။ ပြီးတော့ကျွန်တော်တို့ နှစ်ယောက်တည်းသာ ကျန်ပါက အထဲမှာသူတို့ကြုံခဲ့တာတွေကိုဖေါင်ဖွဲ့အောင်ပြောပါလိမ့်မည်၊ ပြီးလျင် ငကြောက်ကြီးများ ဆိုသော ဘွဲ့ကိုလည်း ပေးမည်မှာ ကျိန်းသေသည်။ဒီကောင်တွေပြောတာတော့ မခံနိုင်ပါ၊ စိတ်ကလည်း သူတို့နှင့်ဆိုလျင် ငရဲပြည်သွားရင်တောင်ပျော်ဖို့ကောင်းမည်ဟု အမြဲတွေးမိသည်။ ထို့ကြောင့် အေးလေ..... မင်းဝင်ရင် ငါလည်းဝင်မယ်လေဆိုကာ နှစ်ယောက်သား အထဲသို့ဝင်လိုက်သည်။ တံခါးကြီးကို တွန်းဖွင့်၍ အထဲသို့ရောက်သွားသည့်အခါ ကျွန်တော်မြင်လိုက်ရသည့်အရာမှာ.........။

(၄)

ကျွန်တော်တွေးနေကြ ဘာမှန်းမသိသည့်ကြောက်စရာများ မတွေ့ရပဲ အပြင်မှာမြင်နေသလိုပင် အုတ်နံရံကြီးတစ် ခုကိုတွေ့လိုက်ရသည်။ အောက်ခြေ သုံးပေအမြင့်လောက်တွင်တော့ ခေါင်းတလားထည့်ရန် အပေါက်နှစ်ပေါက်ကိုတွေ့ရသည်။ ကျွန်တော်တို့ဝင်သည့်အခန်းမှာ ဘယ်ဘက်အစွန်ဆုံးအခန်းဖြစ်ပြီး၊ ထိုဘက်ဘက်ခြမ်းတွင် အနောက်ဘက်သို့ သွားနိုင်သည့် လျှောက်လမ်းကိုတွေ့ရသည်။ပြတင်းပေါက်များလည်း လုံလုံလောက်လောက်ရှိပြီး အလင်းရောင်ကလည်း အခန်းပြည့်ရသည်။ အနောက်ဘက်ကိုရောက်တော့ မီးပေးသည့်စက်နားတွင် ကျွန်တော့်သူငယ်ချင်းမောင်မင်းကြီးသားများက ၀ိုင်းအုံကြည့်နေကြသည်။

စက်ပျက်ကာ မီးအရှိန်လျော့သွားသောကြောင့် ပြင်နေရခြင်းဖြစ်သည်။ အဖိုး၏ သားများကလည်း တခါတည်း
မင်္သဂြိုလ်မှာစိုး၍ စောင့်နေကြခြင်းဖြစ်သည်။ ဆီပေးသည့် ပိုက်က ချို့ယွင်းတာလား၊ မည်သည့်နေရာက ချို့ယွင်း တာလည်းဟု ၀န်ထမ်းများအဖြေရှာနေကြသည်။ ခွတွေ၊ဂွင်းတွေနှင့် စက်ဆီတွေလည်း ပေကျံနေသော အလုပ်သမားများကိုကြည့်ရသည်မှာ စက်ရုံတစ်ခု၏ အသွင်အပြင်တိုင်းပင်ဖြစ်သည်။ သူတို့ကိုကြည့်ငေးနေရင်း ကျွန်တော်ကြောက်ရွံ့ခဲ့သော သံသယများလည်း ပျောက်ကွယ်သွားပါသည်။

အခန်းကိုလည်း ကျွန်တော်လေ့လာကြည့်ရှု့မိသည်။ ကော်ဖီခွက်၊ လဘက်ရည်ခွက်များ၊ ရေနွေးကြမ်းအိုးနှင့်၊
ဖတ်လက်စ ၀တ္တုစာအုပ်ကိုပါတွေ့ရသည်။ တစ်ယောက်တစ်လှည့်စီ မီးအတိုးအလျော့ ထလုပ်ကြရင်း လဘက်ရည်သောက်၊ စာအုပ်ဖတ်လုပ်ကြခြင်းဖြစ်ပေလိမ့်မည်။ ကျွန်တော့်သူငယ်ချင်းများကလည်း လူတွေကသာ civil တွေစက်ကိုကြည့်ပြီး ဟိုနားကဖြစ်တာထင်တယ်၊ဒီနားကဖြစ်တာထင်တယ်ဆိုပြီး ဆရာလုပ်ချင်နေကြသေးသည်။စောင့်နေရခြင်းကလည်း အကြောင်းရှိသည်။ အလောင်းများအား ချက်ခြင်းမီးမရှို့ပဲ ညနေရောက်မှ ပေါင်းင်္သဂြိုလ်ကာ ဆီပိုအောင်လုပ်ကြသည်ဟု ကောလဟာလ ကြားဖူးသောကြောင့်ဖြစ်သည်။

ကျွန်တော်တို့အား အထဲကိုကြည့်ချင်လား မီးလျှော့ပေးမယ် ငါးရာပေးရင်ကြည့်ရမယ်ဆိုလို့ ငါးရာပေးပြီး တစ်ယောက်ကိုစက္ကန့်ပိုင်းလောက်စီကြည့်ကြသည်။ မီးအပူကြောင့် အမြင်ကမှုန်ဝါးဝါးနှင့် ဘာမှတော့ သဲသဲကွဲကွဲသိပ်မမြင်ရ၊တစ်ယောက်တစ်လှည့်ကြည့်ပြီး ပါးစပ်ကလည်း အငြိမ်မနေကြ အဖိုးကိုချစ်ရင် မင်းလိုက်သွား၊ငါလိုက်သွားဟုနောက်ပြောင်နေကြသည်။ အဲ့ဒါကြောင့် ဒီကောင်တွေနှင့်ဆိုလျင် ငရဲပြည်ရောက်လည်း ကျွန်တော်မကြောက်ဟုတွေးမိခြင်းဖြစ်သည်။

ထို့နောက်ဘာမှန်းမသိ ကြောက်ရွံ့ခဲ့ခြင်းများသည် ကျွန်တော့်စီတွင်မရှိတော့ဟု ထင်မိပါသည်။ တံခါးကြီး၏
နောက်ကွယ် ဒီအခန်းသည်တကယ်တော့ ဘာမှမဟုတ်ပါ။ လူအများမလုပ်ချင်သည့်၊ မလုပ်ရဲသည့် အလုပ်များကိုတာဝန်ယူလုပ်ဆောင်ပေးနေသည့် လူတစ်စု၏ အလုပ်ခန်းတစ်ခုသာဖြစ်ပေသည်။ ပုံမှန်လည်ပတ်နေသောစက်က ဒုက္ခပေးသည့်အတွက် သူတို့အားကြိုးမာန်တက် ပြင်နေကြသည်မှာ ကျွန်တော့်အတွက်တစ်မျိုးပင်ကြည့်ကောင်းနေပါသည်။ ရင်ထဲကမွန်းကျပ်မူ့များလည်း လွင့်ပါးသွားလေသည်။ ဟုတ်ပါသည်... အခန်းထဲတွင်လူသားများ အလုပ်လုပ်နေကြခြင်းဖြစ်သည်။ ထိုနေရာသည် တကယ်တော့ ဘာမှမဟုတ်ပါ၊ အလုပ်သမားတစ်စု၏ အလုပ်ခန်းတစ်ခုသာ ဖြစ်လေသည်။

တံခါးများကိုကြောက်ရွံ့ခဲ့သော စိတ်များလည်း ထိုအချိန်မှစ၍ ပျောက်ကွယ်သွားကာအိပ်မက်များထဲတွင်လည်း ခြောက်လှန့်ခြင်းမျိုး မရှိတော့ပါ။

ထို့နောက်မှ စတင်ကာ ကျွန်တော်သည် တံခါးများကို အကြောင်းမဲ့ကြောက်ရွံ့စိတ်များ ပျောက်သွားပါသည်။
တံခါးများနောက်တွင် ဘာပဲရှိရှိ ရင်ဆိုင်တွန်းဖွင့်လိုက်ရန်လည်း သတ္တိများရှိလာသည်။ တကယ်တော့ တံခါး
များ၏နောက်မှ အဖြစ်များသည် ကျွန်တော်တို့ ထင်နေသလောက်ဆိုးချင်မှ ဆိုးပေမည်။ တံခါးများကိုဖွင့်ပြီး
ရင်ဆိုင်လိုက်ခြင်းသည် ဘာမှန်းမသိကြောက်ရွံ့နေရခြင်းထက်ပိုပြီး လွတ်လပ်ပေါ့ပါးသည်။ လှောင်ပိတ်ခြင်း၊
မွန်းကျပ်ခြင်း၊ သောကများ၊ သံသယများမှ ကင်းလွတ်စေရန် တံခါးများ၏ နောက်ဘက်မှ အရာများကို
တတ်နိုင်သမျှ မကြောက်မိပဲ ထိပ်တိုက်ရင်ဆိုင်လိုက်ဖို့ ကျွန်တော်ကြိုးစားနေပါတော့သည်။

ပိုလျှံနေသော ၀ါကျများ

24 October 2008

(၁)
ငါးဟာ. . .
ရေကို မသိသလို၊
လူတွေဟာ. . .
မသိတာကလွဲလို့
အားလုံး သိခဲ့ကြတယ်။

(၂)
ကြည့်ပါ
တခမ်းတနား နေထိုင်ဖို့
ဘုရားသခင်က အစ
တစ်ခါသုံး ဘောလ်ပင်အထိ
ကျွန်တော်တို့. . .
ဖန်ဆင်းခဲ့ကြ။

ဘာသာစကား ကနေ
ဆင်ဖိုနီဓာတ်ပြား အထိ၊
အင်တာနက်ကနေ
ထရိုဂျန်းနစ် မြင်းရုပ် အထိ၊
အေပ်ာ္စီး သေဘာၤ ကေန
ငရဲကြီး ရှစ်ထပ် အထိ၊
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။

စည်သွပ်ဘူး ကနေ
ဆိုကရေးတီး အဆိပ်ခွက် အထိ
အိတ်ခ်ျအိုင်ဗီပိုး ကနေ
အင်္ဂါဂြိုဟ်သွားယာဉ် အထိ၊
မိုးတိမ်အတု ကနေ
ခေါင်းဖြတ်စက် အထိ၊
ကျွန်တော်တို့ ဖန်ဆင်းခဲ့ကြ။

ပိရမစ် ကနေ
စက္ကူနဲ့လုပ်တဲ့ ပန်းအထိ၊
ဆံပင်ဆိုးဆေး ကနေ
အာဏာရှင်စနစ်အထိ၊
လူကနေ. . .
ပုံတူမျိုးပွား အထိ၊
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။

(၃)
ကျွန်တော်တို့ဟာ
သစ်ပင်ပေါ်က ဆင်းပြီး
အချင်းချင်း လက်ဆွဲနှုတ်ဆက်
´ဟဲလို၊ဟိုင်း၊ဟေး´
ယဉ်ကျေးခဲ့ကြပါတယ်။

လေးနဲ့မြှားကို တင်တက်အောင်
ကောက်တဲ့အခွန် ဆောင်တတ်အောင်
ထီးဖြူမိုးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့
နေ၀င်ရင် မီးဖွင့်တတ်အောင်
တိုက်ပုံအင်္ကျီဝတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

ဒါဝင်က သင်မပေးရအောင်
ရေချိုးခန်းနဲ့ ရေချိုးတတ်အောင်
ကဗျာရေးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

တံတားဆောက်တတ်အောင်
ဥပဒေပြုတတ်အောင်
ကွန်ဒုံး သုံးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

ဖဲကစားတတ်အောင်
ဘုရားဖူးသွားတတ်အောင်
နျူကလီယားဗုံး လုပ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

လပေါ် လမ်းလျှောက်တတ်အောင်
ကာကွယ်ဆေး ထိုးတတ်အောင်
ကိုယ့်အိမ်တံခါးကို လုံခြုံစွာ ပိတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

(၄)
ဒီလိုနဲ့. . .
ကျွန်တော်တို့ဟာ
စားဖို့အတွက်
ပန်းကန်နဲ့ ချက်ပြုတ်နည်းတစ်ထောင်နဲ့
သူများ အသက်နဲ့၊

သောက်ဖို့အတွက်
အိုအေစစ်နဲ့ မိုးခါးရေနဲ့
ရေသန့်ဘူးစက်ရုံနဲ့။

နေဖို့အတွက်
လေအေးပေးစက်နဲ့
ပြက္ခဒိန်နဲ့
ရေလိုက်ငါးလိုက် အတွေးအခေါ်နဲ့။

ကြည့်ဖို့အတွက်
ရုပ်ရှင်ရုံနဲ့ ပန်းချီပြတိုက်နဲ့
တတ်ယောင်ကား မျက်စီနဲ့။

နားထောင်ဖို့အတွက်
ရေဒီယိုနဲ့ ဓာတ်ပြားနဲ့
နီရိုးဘုရင်ရဲ့ ဗျတ်စောင်းသံနဲ့။

ရူရှိုက်ဖို့အတွက်
ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့
မသူတော် ၇ ပါး ကိုယ်နံ့နဲ့။

စီးပွားရှာဖို့အတွက်
မတော်လောဘနဲ့ ချိန်ခွင်နဲ့
မာကင်တိုင် ၀ါဒနဲ့။

စစ်တိုက်ဖို့အတွက်
လက်နက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့
နိုင်လိုမင်းထက် ၀ါဒနဲ့။

အပျင်းဖြေဖို့အတွက်
စီးကရက်နဲ့ အလေလိုက်စရာနဲ့
အမဲပစ်ရိုင်ဖယ်နဲ့။

ငါမှန်ကြောင်း၊သူမှားကြောင်း
ပြောဖို့အတွက်
ပါးစပ်နဲ့ ကိုးကားစရာစာအုပ်နဲ့
မိုးတစ်လုံး လေတစ်လုံး ဘ၀င်နဲ့။

ဖျားနာဖို့အတွက်
အထူးကုဆေးခန်းနဲ့ ရုပ်ခန္ဓာနဲ့
ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့။

သေဆုံးဖို့အတွက်
သံသရာနဲ့ သင်္ချိုင်းနဲ့
(သေပြီးမှ). . .
သတိရကြမယ့် လူတွေနဲ့။

(၅)
ကျွန်တော်တို့မှာ
ဂေါတမဗုဒ္ဓ ရှိတယ်
နစ်ရှေး ရှိတယ်
မဟတ္တမဂန္ဒီ ရှိတယ်
စတာလင် ရှိတယ်
မိုးဇတ်ရှိတယ်
ဗာဂျီးနီးယားဝုဖ် ရှိတယ်
သောမတ်အက်ဒီဆင် ရှိတယ်
ဂျက်ဆင်ပိုးလော့ ရှိတယ်
အက်တလက်ရှိတယ်
ပီတာဝိုင်ယာ ရှိတယ်။

ဆစ်ဂမန်ဖရွိုက် ရှိတယ်။
ကိတ်ဝင်းဆလက် ရှိတယ်။
ဖူကူယားမား ရှိတယ်။
ယူတူးက ဘိုနိုရှိတယ်။
စတီဖင်ဟော့ကင်း ရှိတယ်။
အိုစမာဘင်လာဒင် ရှိတယ်။

ကျွန်တော်တို့မှာ
တိရစ္ဆာန်ရုံရှိတယ်။
ဘေးမဲ့တော ရှိတယ်။
ဂေါက်ကွင်း ရှိတယ်။
အကျဉ်းထောင် ရှိတယ်။
စိတ်ပုတီး ရှိတယ်။
ဆန့်ကျင်ဘက်လိင် ရှိတယ်။
စီးနေတဲ့မြစ်တွေ ရှိတယ်။
ပေါက်ကွဲမယ့်မီးတောင် ရှိတယ်။
ဗိုင်အိုလက်ပေါင်ဒါ ရှိတယ်။
အနျူမြူဓာတ်ပေါင်းဖို ရှိတယ်။
သစ်ခွပန်းရောင်စုံ ရှိတယ်။
အသားကြိတ်တဲ့စက် ရှိတယ်။
စားမရတဲ့ သစ်သီးတွေရှိတယ်။
လကွယ်ည ရှိတယ်။
ကျေးပိုင် ကျွန်ပိုင်စံနစ် ရှိတယ်။
ချွေးနံ့ပျောက်ဆေး ရှိတယ်။

(၆)
ဒီလိုနဲ့. . .
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ဘယ်တော့ မိုးရွာမယ်ဆိုတာ
ကြိုတင်ပြောလို့။

ယုန် မြေမနင်းသားကို
ဓားနဲ့လှီးကာ
အရသာခံ ၀ါးလို့။
အလင်းနှစ်တစ်သန်းက ကြယ်ကို
နက္ခတ်ကြည့်မှန်ပြောင်းနဲ့ကြည့်လို့။
အပါယ်လေးဘုံကို
ဓါတ်လှေကား အလုအယက် ဆင်လို့။
ပိုတမ်ကင်သဘောင်္ပေါ်က အမြှောက်သံကို
စပျစ်ဝိုင်စုတ်ရင်း နားထောင်လို့။
ဧဒင်ဥယျာဉ်ကို
မပုတ်သိုးအောင် ဖော်မယ်လင်စိမ်လို့။
ထိုဝါဒ၊ဟိုဝါဒတွေကို
ကိုယ်နဲ့တော်သလို အင်္ကျီချုပ်ဝတ်လို့။

ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
စစ်ကြေငြာလို့
စစ်ပြေငြိမ်းလို့။
သစ်ပင်တွေကို ခုတ်လို့
သစ်ပင်တွေကို စိုက်လို့။
လက်ထပ်ကြလို့
ကွာရှင်းကြလို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
သရုပ်ဆောင်လို့
သရုပ်မဆောင်လို့၊
ရေကိုစုန်လို့
ရေကို ဆန်လို့
တစ်ဝက်ကိုစားလို့
တစ်ဝက်ကိုထွေးလို့။

ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ငါးတွေကို မျှားလို့
ငါးတွေကို လွှတ်လို့၊
မှားတာတွေ မှန်လို့
မှန်တာတွေ မှားလို့၊
သေရမှာ ကြောက်လို့
သေရမှာ မကြောက်လို့။

(၇)
သမိုင်းနဂုံးချုပ်ခဲ့ပြီ
ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့
မြစ်တမြစ်ထဲကို နှစ်ခါပြန်မဆင်းနိုင်
စိတ်မလုံရင် တိတ္ထုံကြည့်
အိုဇုန်းလွှာကို ကယ်တင်ကြပါ
အားလုံးဟာ လိုင်ဒိုဘီညာဉ်မှာ အခြေခံတယ်
ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်
ဘုရားသခင်ဟာ ကြွေအန်မကစားဘူး
စပါးတားကတ်ဆိုတာ ဘယ်သူလဲဟေ့
ဖြစ်တည်မူဟာ အနှစ်သာရထက် ရှေးကျတယ်။

(ဂ)
သင်. . .
နေထိုင်ဖို့ရာ
ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ရာ
ဒါမှမဟုတ်
မပျော်မရွှင် နေထိုင်ဖို့ရာ
ဘာမှ
မလိုပါ။
ဥပမာ,
ဒီဝါကျတွေအစ၊ မလိုသလိုပေါ့။

သစ္စာနီ

ဆရာသစ္စာနီ ရဲ့လက်ရာဖြစ်ပြီး ၂၀၀၄ နိုဝင်ဘာလ ဟန်သစ်မဂ္ဂဇင်းမှာ ပါခဲ့တာပါ။ ယနေ့အထိ ကျွန်တော်အကြိုက်ဆုံးကဗျာများထဲမှ တစ်ခုဖြစ်ပြီး ကျွန်တော့်ကို အလွှမ်းမိုးဆုံးကဗျာလည်းဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ပြန်မြင်လာစေတဲ့ ဆရာ့ရဲ့ ကဗျာကို အားလုံးခံစားနိုင်အောင် (ရှားမယ်လို့လည်း ထင်လို့) အမှတ်တရ အဖြစ်ကျွန်တော့်ဘလော့ဂ်မှာ တင်ထားခြင်းဖြစ်ပါတယ်။ မည်သည့်ကိစ္စနှင့် အသုံးပြုသည် ဖြစ်စေ ရေးသားသူ ဆရာသစ္စာနီ၏ အမည်ကိုထည့်သွင်းဖေါ်ပြကြရန် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ.....။

ကျွန်တော်နှင့် ကမ္ဘာသစ်သီအိုရီ

18 October 2008


ကျွန်တော် ပထမနှစ်တုန်းက New World Theory ဆိုပြီး ကိုယ့်ဘာသာကိုယ် ပေါက်ကရာတွေးမိတဲ့ သီအိုရီတစ်ခုကို ဟောပြောခဲ့ပါတယ်။ နေရာက ကျောင်းက စာသင်ခန်းထဲမှာပါ။ ပရိတ်သတ်ကတော့ တစ်ယောက်တည်း။ ကောင်မလေးတစ်ယောက်ကို ကြောင်စီကွေးပြီး ဟောပြောခဲ့တဲ့ seminar ပေါ့ဗျာ။ ကျွန်တော်ကလည်း အတွေးတွေက တစ်ခန်းလွတ်နေတဲ့အပြင် မိန်းကလေးက ဟီးရိုးလို့ မြင်သွားတာကို လိုချင်နေတဲ့အရွယ်ကောင်းလေးပေါ့။ ဒါပေမယ့် ကောင်မလေးကတော်ရှာပါတယ်။ ကျွန်တော်ပြောသမျှ ကို စိတ်ဝင်တစားနားထောင်ပေးတဲ့အပြင် လှောင်ပြောင်ခြင်းလည်းမရှိခဲ့ပါဘူး။ သူလည်း ကျွန်တော့်လို တစ်ခန်းတော့လွတ်နေရှာတယ်ထင်တာပဲ။ အဲ့ဒီတော့ ကျွန်တော်တိှု့နှစ်ယောက် ပေါင်းပြီး နှစ်ခန်း လွတ်ခဲ့ကြတော့တာပေါ့။ဒီအကြောင်းတွေက ဆရာ စာသင်ခန်းထဲမ၀င်ခင် ကျွန်တော်က စပြောတာပါ။

"ကမ္ဘာပျက်တာနဲ့ ပတ်သတ်ပြီး ငါစဉ်းစားမိတာလေး တစ်ခုရှိတယ်ဟ"

"ဘာကိုလဲ"

"သြော်.....ဒီလိုပါ အင်္ဂါဂြိုလ်မှာ သက်ရှိတွေရှိနိုင်မလား၊ ရေရှိနိုင်မလား ဆိုပြီး အခုတလော သိပ္ပံပညာရှင်တွေ အလုပ်ရှုပ်နေကြတာ နင်သိတယ်မဟုတ်လား"

"အေးလေ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာတော့ ဖတ်နေရတာပဲ"

"ငါ့ အထင်တော့ အင်္ဂါဂြိုလ်မှာ သက်ရှိသေးသေးလေးလေးတွေ ရှိမယ်ထင်တာပဲ"

"မဖြစ်နိုင်ပါဘူးဟာ အောက်စီဂျင်တို့၊ ရေတို့မရှိပဲ ဘယ်လိုအသက်ရှင်နိုင်မှာလဲ"

"ဟာ...နင်ကလည်း သူတို့ရှာဖွေရေးယာဉ်တွေကလည်း သေသေချာချာ ပြောနိုင်သေးတာမဟုတ်ပါဘူး၊
ငါဆိုလိုတာက အရမ်းကိုသေးငယ်တဲ့ micro organism လေးတွေပေါ့ဟာ တချိန်မှာ သက်ရှိဘ၀ကို
ပီပီပြင်ပြင်ကူးပြောင်းလာမယ့် အကောင်လေးတွေပေါ့"

"သူတို့က ဒီလိုပတ်ဝန်းကျင်မှာ ဘယ်လိုလုပ်ရှင်သန်နိုင်ပါ့မလဲ"

"နင်ကလည်း ငါတို့လူသားကမ္ဘာဆိုတဲ့အထိုင်ပေါ်ကနေပဲ စဉ်းစားနေတာကိုး။ အောက်စီဂျင်မရှိ၊ရေမရှိတာ
နဲ့ သက်ရှိတွေမနေနိုင်ဘူးဆိုတဲ့ တရားသေအတွေးကို စွှန့်လွှတ်လိုက်ဟာ။ ဒီကမ္ဘာပေါ်မှာတောင်
အောက်စီဂျင်အရမ်းနည်းတဲ့ နေရာမျိုးတွေမှာ နေနိုင်တဲ့ ဘတ်တီးရီးယားတွေ ရှိတာကို ငါတို့သင်ခဲ့ရတာပဲ
အဆိပ်ငွေ့တွေလို့ ငါတို့ယူဆထားတဲ့နေရာမျိုးမှာ နေနိုင်တဲ့ကောင်တွေ မရှိဘူးလို့နင်ပြောနိုင်လား။"

ကျွန်တော်အရှည်ကြီး ရှင်းလိုက်တော့ သူတွေဝေသွားပါတယ်။ ကျွန်တော်ပြောတာကိုလည်း နည်းနည်းယုံကြည်သွားပုံပေါက်ပြီး ဆက်ပြောတယ်။

"အေးလေ နင်ပြောတော့လည်း နင့်စကားပေါ့ ဆက်ပါဦး"

"အဲ့ဒီတော့ဟာ evolution သီအိုရီအရ သူတို့ဟာ အဆင်ဆင့်ဖွံ့ဖြိုးလာနိုင်ပေမယ့် သူတို့နဲ့ကိုက်ညီတဲ့ရေခံ၊မြေခံကို မတွေ့သေးလို့ ဒီအဆင့်မှာပဲ ရှိနေဦးမှာလို့ ငါထင်တယ်။"

"ဘယ်လိုလဲဟ၊ ငါသိပ်နားမလည်ဘူး"

"နင် evolution သီအိုရီကိုတော့ နည်းနည်းလေးကြားဖူးပါတယ်နော်"

"ငါသိပါတယ်ဟ... နင်ကလည်း ဟို ဒါဝင်ဆိုတဲ့လူကြီးပြောခဲ့တဲ့။ လူသည်မျောက်ကဆင်းသက်လာသည်ဆိုတာမဟုတ်လား"

"အေး အဲ့ဒီလောက်ဆို ဆက်ပြောလို့ရပါပြီ။ သိပ္ပံပညာရှင်တွေရဲ့ ပြောပုံအရတော့ ကမ္ဘာကြီးဟာ လက်ရှိပတ်လမ်းကြောင်းထဲကနေ နေနဲ့နီးရာကိုဖြစ်ဖြစ်၊ ဝေးရာကိုဖြစ်ဖြစ် နည်းနည်းလေးကွာသွားရင်တောင် သက်ရှိတွေဆိုတာ မဖြစ်နိုင်တော့ဘူးတဲ့ဆိုလိုတာကတော့ဟာ.... ငါတို့လူသားတွေလည်းဖြစ်လာစရာအကြောင်းမရှိဘူးပေါ့"

"အင်း ဟုတ်ပါပြီ၊ အဲ့ဒါနဲ့"

အင်း အဲ့ဒီတော့ အင်္ဂါဂြိုလ်မှာသာ ငါထင်သလို သက်ရှိလေးတွေရှိမယ်ဆိုရင် သူတို့ တကယ့်အဆင့်မြင့်သတ္တ၀ါဖြစ်လာဖို့ကိုအင်္ဂါဂြိုလ်က ငါတို့လက်ရှိ ကမ္ဘာ့ပတ်လမ်းကြောင်း
နေရာလောက်ကို အစားဝင်ရလိမ့်မယ်"

"ဟင် နင့်အတွေးကလည်း ကြံကြံဖန်ဖန်ဟာ"

ပြောနေရင်းနဲ့ စာသင်ခန်းထဲသို့ဆရာဝင်လာလို့ ကျွန်တော်တို့ မတ်တပ်ရပ်နှုတ်ဆက်ကြပါတယ်။ ဆရာက ရှေးကျောင်းဆရာကြီးပါ။ စာသင်တော်ပြီး စကားလည်းနည်းတယ်။ သူ့အချိန်မှာ စကားများနေတာကို နည်းနည်းမကြိုက်ဘူး။ အခန်းထဲဝင်လာပြီးတာနဲ့ ကျောင်းသားတွေကူးနိုင်အောင် ၀ှိုက်ဘုတ်ပေါ်မှာ မှတ်စုတွေရေးပါတယ်။ ကျွန်တော်တို့ကလည်း စကားကအရှိန်ကောင်းနေတာဆိုတော့ မရပ်ချင်တော့ဘူး။ စာအုပ်ထုတ်ပြီး လက်ကသာ စာလိုက်ကူးနေတာ စကားကတော့ ဆက်ပြောဖြစ်ကြတယ်။ ဆရာ ကြီးကို မရိုသေတာတော့မဟုတ်ပါဘူး။ ငယ်သူမို့ နားမလည်ခဲ့တာပါပေါ့ကွယ်။

"နင့်ကိုငါစာရွက်ပေါ်မှာပုံဆွဲပြမယ်ဟာ"

"အေး... ကောင်းသားပဲ ပိုရှင်းသွားတာပေါ့"

"ဒါက နေစကြာဝဠာထဲက ဂြိုလ်တွေရဲ့ တည်နေရာဟာ။ ဒါက ကမ္ဘာ၊ ဒါက သောကြာဂြိုလ် ငါတို့ကမ္ဘာရှေ့က ဂြိုလ်ပေါ့၊ နေနဲ့ပိုနီးတယ်"

"အင်း"

"အင်္ဂါဂြိုလ်ကတော့ ငါတို့ကမ္ဘာဂြိုလ်ရဲ့ အနောက်ကပေါ့၊ နေနဲ့ ပိုနီးရင် ပိုပြီးတော့ပူတယ်ဆိုတာ နင်သိတယ်နော်၊
သောကြာဂြိုလ်ရဲ့ အပူချိန်ဟာဆိုရင် တော်တော်ကိုပူပြင်းတာတဲ့၊ ဒီဂရီဘယ်လောက်လဲတော့ငါမသိဘူးဟ၊
အေး အဲ့ဒီသောကြာဂြိုလ်ဟာ ငါ့အထင်တော့ တစ်ချိန်က ငါတို့နေထိုင်ခဲ့တဲ့ ကမ္ဘာဟောင်းပဲလို့ ငါထင်တယ်"

"အန်.... ဘယ်လိုဖြစ်ရတာတုန်း"

"ဒီလိုဟ... သောကြာဂြိုလ်ဟာ တစ်ချိန်ချိန်က ငါတို့ကမ္ဘာလည်နေတဲ့ပတ်လမ်းကြောင်းမှာပဲ ရှိနေပါလိမ့်မယ်။ ဒါပေမယ့်ဆွဲငင်အား တစ်ခုခုလွဲချော်ပြီး နေနဲ့ပိုနီးတဲ့နေရာကို ရောက်သွားတာဖြစ်နိုင်တယ်၊ အဲ့ဒီအချိန်မှာ ငါတို့ကမ္ဘာကလည်းလက်ရှိနေရာကနေ အရှေ့ကိုတိုးလာပြီး အခုလက်ရှိနေရာကိုရောက်၊ တစ်ခြားဂြိုလ်တွေကလည်း အရှေ့ကို တိုးပြီးရောက် လာတဲ့ သဘောပေါ့။"

"နင့်ဟာကလည်း ကြောင်လိုက်တာဟယ်"

"မဖြစ်နိုင်ဘူးလို့မထင်နဲ့ဟ.... နင်ကျမ်းစာတွေမှာ ကမ္ဘာပျက်ရင် နေခုနစ်စင်းထွက်တယ်တို့ဘာတို့ ဖတ်ဖူးတယ်မဟုတ်လား"

"အင်း... သိသားပဲ"

"အေး.... အဲ့ဒါစကားအရာ တင်စားပြောတာဖြစ်နိုင်တယ်။ တကယ်တော့ နေနဲ့နီးသွားပြီး ပူလွန်းအားကြီးလို့ နေခုနစ်စင်းထွက်သလို ပူလောင်တယ်လို့ပြောတာလည်း ဖြစ်နိုင်တယ်။"

မထူုးတော့သည်မို့ ကျမ်းစာများဘာများ ဆွဲကိုင်ကာ ဆက်ကစ်လိုက်သည်။ သူလည်းနည်းနည်းတွေးရင်းက ကျွန်တော့်ကိုဆက်မေးသည်။

"ဒီတော့ .... နင် အဓိကပြောချင်တာက ဘာလဲ"

"ငါပြောချင်တာကဟာ.... တစ်ချိန်မှာ နေခုနစ်စင်းထွက်သလိုပူလောင်တယ်ဆိုပြီး ကမ္ဘာပျက်သွားရင် ငါတို့အတွက်ကမ္ဘာသစ်ဟာ အင်္ဂါဂြိုလ်ဖြစ်နိုင်တယ်ဆိုတာပဲ။ ဒါဟာ ငါ့ရဲ့ New World Theory ပဲ"

"အေးဟာ... နားထောင်လို့တော့ကောင်းသား။ သူများကိုတော့ သွားမပြောနဲ့ နင့်ကို ငကြောင်ကြီးလို့ထင်နေဦးမယ်"

"ငါသိပါတယ်။ ဒီနိုင်ငံမှာမို့လို့ပေါ့ဟာ။ ဒါပေမယ့် စကြာဝဠာဆိုင်ရာ သဘောတရားတွေဟာ အတွေ့အကြုံထက်
ဆင်ခြင်ဥာဏ်ကနေပဲ ဆင်းသက်လာတာများတယ်ဟ။ များများတွေး၊ ဖြစ်နိုင်တာကို သီအိုရီတွေထုတ်၊ တစ်ချို့
ဆို ကိုယ့်သီအိုရီတွေ မှန်သလားမှားသလား ဆိုတာတောင် နောက်လူတွေ တွက်ထုတ်ပေးမှ သိရတာတဲ့။"

"အေး အဲ့လို equation တွေပါ ထုတ်ပြီး သက်သေပြနိုင်ရင်တော့ နင်နာမည်ကြီးဦးမှာနော်
ဟီး........ဟီး"

"အေးလေ အဲ့ဒီအချိန်ကြရင် ဖားကြီး၏ သီအိုရီကို ပထမဆုံးနားထောင်ခဲ့သူမှာ သူကြောင်နေသော သူ့အတန်း
ဖေါ်ကောင်မလေးဖြစ်သည်ဆိုပြီး နင်ပါ နာမည်ကြီးလာမှာ ဟဲ...... ဟဲ"

ပြောနေရင်းနှင့် အူမြူးလာသောကြောင့် ကျွန်တော်တို့နှစ်ယောက်လုံး ပြုံးလိုက်၊ရယ်လိုက်ဖြစ်လာသည်။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်မိပဲ တွတ်ထိုးနေပုံပေါက်သည်။

"ကဲ... ဟိုနှစ်ယောက်ဘာတွေ သဘောကျပြီး ရယ်နေတာလဲ၊ ငါ့ကိုလည်း ပြောပါဦး၊ နှစ်ယောက်လုံး မတ်တပ်ရပ်စမ်း"

သွားပြီ... ဆရာ စာရေးပြီးသောလို့ လှည့်ကြည့်သော အချိန်နဲ့ကျွန်တော်တို့အူမြူးနေတဲ့ အချိန်နဲ့ကွက်တိတိုးသွားတယ်ကျွန်တော်ကတော့ ဒါမျိုးတွေ အရေထူနေသောလို့ ကိစ္စမရှိပေမယ့် သူ့ကို တော်တော်လေးအားနာသွားပါတယ်။ ပြောရရင်သူက တော်တော်အရှက်ကြီးတဲ့ မိန်းကလေးတစ်ယောက်ပါ။ ကျွန်တော် စကားကြောရှည်ရလို့သာ ဆိုပြီး စိတ်ပူသွားပါတယ်။

"ကဲ... ဘာတွေပြောပြီးရယ်နေတာလဲ။ စာလိုက်မရေးဘူးလား။ ညည်းကရော မိန်းကလေးဖြစ်ပြီး စာလိုက်မရေးပဲ ဘာတွေအရေးတကြီးပြောစရာတွေ ရှိနေလို့လဲ။"

နှစ်ယောက်လုံး ဘာမှမပြောပဲ ငြိမ်နေကြပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီသောကြာနေ့မှာ ကျွန်တော်တို့ကျောင်းက မိန်းကလေးတွေရင်ဖုံးအင်္ကျီအဖြူရောင် ၀တ်ရပါတယ်။ ဘယ်သူမှတော့ အတိအကျကြီး မလိုက်နာကြပေမယ့် မတ်တပ်ထရပ်လိုက်တဲ့ သူမကတော့ အဖြူရောင်ဆိုပေမယ့် ရင်ဖုံးအင်္ကျီမဟုတ်တာ ဆရာက သတိထားသွားမိပါတယ်။(တစ်မျိုးမတွေးနဲ့ဦး အင်္ကျီမှန်ရင်ရင်တော့ဖုံးတာပဲလို့၊ ဤကား စကားချပ်)

"မင်းတို့နှစ်ယောက်လုံးစာမသင်ချင်ရင် အပြင်မှာစကားသွားပြောကြ၊ ဟိုကောင်မလေး နင်ကတော့ ကျောင်းယူနီဖေါင်းမ၀တ်ထားလို့ အခန်းပြင်ထွက်သွား၊ စစ်ဆေးရေးတွေလာရင် ငါရှင်းပြနေရဦးမယ်"

သူအခန်းထဲက ချက်ခြင်းထွက်သွားပါတယ်။ ကျွန်တော်ကတော့ ဆရာ့ကိုလည်းမျက်နှာပူ၊ သူ့ကိုလည်း အားနာနဲ့ ဘာဆက်လုပ်ရမှန်းမသိအခန်းထဲမှာ ဆက်ကျန်ခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်ထွက်သွားရင် ဆရာ့အပေါ်မှာ တော်တော်ရိုင်းရာကျသွားမှာပါ၊ လွန်နေတာက ကျွန်တော်တို့လေ။ ပြီးတော့ ဆရာက သူမကို အပြင်ထွက်ခိုင်းတာလည်း ယူနီဖေါင်းကိစ္စကြောင့်ဆိုတော့ကျွန်တော်လည်း ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ သူမကတော့အခန်းပြင်ထွက်သွားပါတယ်။ ကျွန်တော့်စိတ်လည်းရုပ်ခန္ဓာကို အတန်းထဲမှာ ထားပြီး သူ့နောက်ကိုလိုက်သွားပါတယ်။ စာထဲမှာတော့ အာရုံမစိုက်နိုင်တော့ပါဘူး။

အတန်းပြီးတော့ ကော်ရစ်ဒါမှာ တခြားမေဂျာက သူငယ်ချင်းတွေက သူ့ကိုနှစ်သိမ့်နေတာကို တွေ့ရပါတယ်။ ကျွန်တော်အနားရောက်တော့ ဘယ်လိုဖြစ်ရတာလဲ ၀ိုင်းမေးကြပါတယ်။ ဘယ်ကစပြီး ရှင်းပြရမလဲ မသိတော့။ သူကလည်း ငိုထားတဲ့ မျက်နှာနဲ့နင်ရှင်းပြလို့ကတော့ အသတ်ပဲဆိုပြီး ပြောပါတယ်။ ဟုတ်တော့...ဟုတ်သား အူကြောင်ကြောင်တော်တော်နိုင်တာကိုး။ အဲ့ဒါနဲ့ပဲ....။

"ဒီလိုဟ... ငါတို့နှစ်ယောက်အတန်းထဲမှာ စကားများနေလို့ ဆရာက ဆူလိုက်တာ"

"နင်တို့နှစ်ယောက်က ဘာအကြောင်းပြောနေလို့လဲ"

သူငယ်ချင်းတွေကမေးတော့ သူမကျွန်တော့်ကို ဆတ်ခနဲကြည့်သည်။ အမိန့်တစ်ခုသည် ပါးစပ်ကမပြောပဲ မျက်ဝန်းထဲမှာပင်ပါလာသည်။

"ဘာမှ မဟုတ်ပါဘူးဟာ၊ ငါတို့ရှေ့ရေး၊ နောင်လာနောင်သားတွေရှေ့ရေး ကိုပြောတာပါ။"

"အောင်မယ် နင်တို့ကရှေ့ရေးတွေတောင် တွေးနေကြပြီပေါ့"

"ဒီလိုပဲပေါ့ဟ"

သူမကျွန်တော့်ကို မျက်စောင်လေးတစ်ချက်လှမ်းထိုးလိုက်တယ်။ နင်တော်တော်လည်တာပဲဆိုတာကို သူ မပြောပေမယ့်အဲ့ဒီမျက်စောင်းလေးကနေ ကျွန်တော်သိလိုက်ပါတယ်။ အဲ့ဒါနဲ့ပဲ သူ့ကိုကျွန်တော်က ဆက်ချော့လိုက်ပါတယ်။

"လာပါဟာ...ကန်တင်း ရောက်ရင်နင့်ကိုငါ အအေးတိုက်ပါမယ်"

"မလိုက်ချင်တော့ဘူး နင်တို့ပဲသွားကြတော့"

" နင်ကလည်း ငါတောင်းပန်ပါတယ် ဟိုရောက်ရင်ကြိုက်တာစား ငါဝယ်ကျွေးပါမယ်၊
လာစမ်းပါဟာ သူငယ်ချင်းတွေကို အားနာဖို့ကောင်းတယ်"
သူမ စိတ်ပြေသွားသည့်ပုံစံ နဲ့ မျက်စောင်းလေးတစ်ချက်ထပ်ထိုးရင်း ကျွန်တော့်ကိုမေးပါတယ်

"ဒါဆို ဘယ်ဆိုင်ကို ထိုင်မှာလဲ"

"ကမ္ဘာသစ်... မှာလေ"
"........."

"................."

ထိုသီအိုရီသည် ကျွန်တော်ဖားကြီးကိုယ်တိုင် စဉ်းစားထားသော သီအိုရီဖြစ်ခြင်းကြောင့် ကျွန်တော့်ထက်စော၍ တင်ပြသူမရှိခဲ့လျင် တစ်ချိန်ချိန်ဤသီအိုရီ မှန်ကန်ကြောင်း သက်သေပြနိုင်ပါက ဖားကြီး၏ကမ္ဘာသစ် သီအိုရီဟု ခေါ်ဆိုကြပါရန်ဤဘလော့ဂ်မှနေ၍ ကြေငြာအပ်ပါသည်။ ပေါရဲလိုက်တာနော်.................(သူများမပြောခင် ကိုယ့်ဘာသာကြိုပြောထားတာ)

ငရဲစက်ဝန်း(၁)

15 October 2008

(၁)
"မောင်ရင့်ကို လူ့ပြည်ပြန်လွှတ်ရင် ကောင်းမလားလို့ ကိုယ်တို့လူကြီးတွေဆုံးဖြတ်ပြီးပြီကွ"
"ဟာ... မင်းကြီးကလည်း ကျွန်တော်ဒီမှာနေရတာ အဆင်ပြေနေတာပဲကို"
"အေး ဒါပေမယ့် ငရဲပြည်ဆိုတာကလည်း အမြဲနေလို့ကောင်းတဲ့နေရာမှ မဟုတ်တာ"
"ဒါဖြင့်မင်းကြီးလည်း ဘာဖြစ်လို့နေနေသေးတာလည်း"
"ငါက တာဝန်တွေမကုန်သေးလို့ကွ။ နေချင်လှလို့တော့မဟုတ်ဘူး။"
"ဒါပေမယ့် မင်းကြီးရယ် ငရဲပြည်ဖြစ်ဖြစ်၊နတ်ပြည်ဖြစ်ဖြစ် ကိုယ်အဆင်ပြေတဲ့နေရာ မှာနေရရင် ပြီးတာပဲကို"
"အေးလေ ဒါတော့မောင့်ရင့်သဘောပဲ ကျုပ်ကတော့ မောင့်ရင်ကို ဒီထက်ကောင်းတဲ့နေရာမှာနေပြီး ကုသိုလ်ကောင်းမူ့တွေ လုပ်စေချင်သေးတာပဲ။"
"ဟုတ်ကဲ့ ကျွန်တော်မှတ်ထားပါမယ်"
"မှတ်ထားရုံနဲ့မရဘူး မောင်ရင်ဒီမှာနေရမယ့် အချိန်ကလည်းပြည့်တော့မယ် တကယ်လို့မသွားချင်သေးဘူးဆိုရင်လည်းမနက်ဖြန်ကျင်းပမယ့် ပွဲမှာ အပြာရောင် ယမကာကို မသောက်မိစေနေနဲ့ အဲ့ဒီယမကာက မောင်ရင့်ကို သန္ဓေစိတ်အသစ်ပြန်ဖြစ်စေလိမ့်မယ်။ ဟုတ်ပြီလား"
"ဟုတ်ကဲ့"

ယမမင်းစီမှ ကျွန်တော်ပြန်ထွက်လာသည်။ ကျွန်တော်ငရဲပြည်ရောက်နေသည်မှာ ကြာပြီ။ အပြစ်နည်းသောကျွန်တော့်အား ယမမင်းကြီးက သူ့စာရေးအဖြစ်ဆွဲခန့်ထားသည်။ စာရေးအဖြစ်လုပ်ရသည်မှာ တကယ်တော့လွယ်ကူသည်။ မင်းကြီးချမှတ်သောအပြစ်ဒါဏ်များအား စာရင်းမှတ်၊ ပြစ်ဒါဏ်စမည့်ရက် နှင့် လွတ်ရက်များအား မှတ်တမ်းတင်ပေးခြင်းတို့သာ လုပ်ရသည်။

နည်းနည်းပါးပါးအကင်းပါးသော ကျွန်တော့်အား ယမမင်းက အပါးတော်မြဲခန့်ကာ သူ့အနားမှာထားသည်။ အနိဌာရုံများသည်ငရဲပြည်တွင် ပြည့်နေသော်လည်း ကျွန်တော်နေထိုင်ရာ ယမမင်းနန်းတော်နားတွင် ဘာသံမှမကြားရ။ တစ်ခါတစ်ရံ ပျော်ပွဲရွှင်ပွဲများရှိလျင် ကျွန်တော်က အထူးပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုခံရသေးသည်။ ငရဲပြည်တွင် အနှစ်သုံးဆယ်တစ်ခါလောက်တော့ ပွဲတော်များ ကျင်းပပေးသည်။ ဒါမှလည်း ငရဲခံရသောသူများ စိတ်ပြေလက်ပျောက်လေးရှိမည်ကို လူကြီးတွေကတွေးမိသည်။

ထို့ကြောင့်မနက်ဖြန်တွင်လည်း ငရဲပြည်တစ်ခုလုံး၏ ပျော်ပွဲရွှင်ပွဲအား ကျင်းပပေလိမ့်မည်။ ထိုပွဲတွင်ထုံးစံအတိုင်း ယမမင်းနားမှာ ထိုင်၍ အထူးပုဂ္ဂိုလ်အဖြစ် ပြပွဲ၊ပြိုင်ပွဲများအား ရူ့စားရပေဦးမည်။ လူ့ပြည်ပြန်မည့်သူများအတွက် ဖေါ်စပ်ထားသော အပြာရောင်လဲ့လဲ့ ယမကာကိုတော့ မသောက်မိအောင် သတိထားမည်ဟု ကျွန်တော်ဆုံးဖြတ်ထားသည်။ လူ့ပြည်ကို ကျွန်တော်မသွားချင်သေးပါ။ ဒီမှာ အစစအရာရာ အဆင်ပြေနေသောကြောင့်လည်း ဖြစ်သည်။

ပွဲတော်သည် ထင်ထားသည်ထက်ပိုမိုခမ်းနားသည်။ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်များကလည်း ဒီနှစ်ကိုတော်တော်အားခဲထားသည်။ ငရဲပြည်တွင် ပွဲတော်များမကျင်းပရသည်မှာလည်း နှစ်သုံးဆယ်ကိုတော်တော်စွန်းသွားပြီဖြစ်သည်။ နီညိုရောင်ကားချပ်နောက်ခံတွင် အနက်ရောင်စာလုံးများနှင့် ငရဲပြည် ပွဲတော်ဆိုသော စာတန်းက တမျိုးတက်ကြွဖို့ ကောင်းသည်။ ယမကာသုံးဆောင်သူများ၊ ကိုယ့်အသား ကိုယ်ပြန်ကင်၍ စားသောက်နေသူများ၊ လူ့ပြည်ပြန်ခွင့်ရသဖြင့် အပြာရောင်ယမကာအား သုံးဆောင်၍ ပျော်နေကြသူများဖြင့် ပွဲတော်သည် စည်ကားချင်တိုင်း စည်ကားနေတော့သည်။

အပြာရောင်ယမကာသည် ကိုယ့်ခွက်နှင့်ကိုယ်သတ်မှတ်ထားခြင်းဖြစ်သည်။ သူများခွက်ကို သွားသောက်၍မရ။ အကျိုးမထူးသည့်အပြင် အပြစ်ဒါဏ်ပါပိုတိုးလာနိုင်သည်။ ကျွန်တော်ကတော့ ကျွန်တော့်ရှေ့တွင်ရှိသော ခွက်ကိုမသောက်ဟုဆုံးဖြတ်ထားသည်။ ပွဲတော်က တဖြည်းဖြည်းအရှိန်မြင့်လာသည် ငရဲပျိုလေးများ၏ ကကွက်များကလည်း ဒီစကြာဝဠာ အတွင်းရှိကကွက်များတွင် အကောင်းဆုံးဟု ကျွန်တော်ထင်လာသည်။

ယမကာအရှိန်နှင့် မြူးထူးလာသောကျွန်တော်သည် ငရဲပျို စပီးယား၏ ကကွက်ကို ဂုဏ်ပြုချင်သောကြောင့် ယမကာသောက်ရန် ပုလင်းယူလိုက်ရာ ပုလင်းထဲတွင် တစက်မှမရှိတော့။ အနီး
ဝန်းကျင်တွင်လည်း ကိုယ့်ခွက်များသာကိုယ်ကိုင်ထားပြီး ပုလင်းများထဲတွင် ဘာမျှမရှိတော့သည်ကို တွေ့လိုက်ရသည်။ ဖြစ်ချင်ရာဖြစ် အပြာရောင် ယမကာခွက်ကို ကျွန်တော်ကြည့်မိသည်။ မူးနေသောအရှိန်နှင့် ဘာမျှမစဉ်းစားချင်တော။ ထိုခွက်ကိုသောက်ခြင်းဖြင့် စပီးယား၏ ကကြိုးများကို ဂုဏ်ပြုလိုစိတ်လည်း ပေါက်လာသည်။ ကျွန်တော် တွေးနေရင်းက မဆိုင်းမတွပင်ကောက်မော့လိုက်သည်။ အပြာလဲ့လဲ့ အရည်များသည် ချိုအီသင်းပျံ့သောရနံ့များနှင့် ကျွန်တော့်လည်ချောင်းတစ်လျှောက် စီးဆင်းသွားသည်။

ယမမင်းကြီးက ကျွန်တော့်ကိုပြုံးပြီးကြည့်နေရင်းကပြောသည်။

"ကောင်းမူ့တွေများများလုပ်နော် မောင်ရင့်ကို ကျုပ်ဒီမှာ ထပ်မမြင်ချင်တော့ဘူး။ ဘာမှ မပူပါနဲ့ အပြာရောင်ယမကာရဲ့ တန်ခိုးနဲ့မောင်ရင် ဘယ်ကလာခဲ့လဲဆိုတာ မေ့သွားမှာပါ။ ကဲကဲ သွားပေတော့ မောင်မင်းကြီးသား"

ပွဲတော်မှ အသံများသည် နိမ့်လိုက်ဝေးလိုက်နှင့် ဘာမှမသဲကွဲတော့။ အာရုံငါးပါးကို အလိုလိုက်မိသောကြောင့် လူ့ပြည်သို့ တစ်ခေါက်ပြန်ရောက်တော့ပေမည်။ ထို့နောက် အရာရာသည်..............။

(၂)
ဒီနေရာမှာ နေရတာ လှောင်ပိတ်မွန်းကျပ်လာသည်။ ကျွန်တော်မနေနိုင်တော့ အသက်ရူရသည်မှာလည်း မွန်းကျပ်လာသည်။ ကျွန်တော်တိုးထွက်ရန်ပြင်တုန်း လက်တစ်စုံက ကျွန်တော့်ကိုလာစမ်းသည်။ ရုန်းသည်...။ တိုးသည်.....။ ထိုးထွက်သည်....။
အလင်းရောင်ကို ရုတ်တရက်မြင်ရသောအခါ မခံနိုင်သောကြောင့် မျက်လုံးများကို ပိတ်ထားမိသည်။

ရုတ်တရက် အားရပါးရ ကျွန်တော်ငိုချမိလိုက်သည်။

(၂-က)
ကျွန်တော်ငယ်ငယ်တုန်းက အလွန်အငိုသန်သောကြောင့် ငရဲကလာသောကလေးဟု အမျိုးတွေက ပြောကြသည်။ ငရဲဆိုတာဘာမှန်းကျွန်တော်သေသေချာချာမသိပါ။ သိတတ်သောအရွယ်ရောက်တော့ ငရဲဆိုတာ အလွန်ကြောက်စရာကောင်းသောနေရာ ဟုလူကြီးတွေက ပြောကြသည်။ ကျောင်းနေသော အရွယ်
ရောက်သောအခါ သမိုင်းကိုကျွန်တော်သင်ရသည်။ ကျွန်တော်ကျောင်းကနေ အိမ်ပြန်ရောက်တော့ အဖေ့ကို
မေးကြည့်သည်။

"အဖေငရဲက လူ့ပြည်ထက်ဆိုးတယ်ဆို"
"အေးလေ သားရဲ့ဆိုးတာပေါ့"
"ငရဲပြည်က လူတိုင်းကို အပြစ်ပေးတာပဲလား"
"ဘယ်ဟုတ်မလဲကွ ငရဲပြည်က ယမမင်းကြီးက"
"အင်း"
"အပြစ်ရှိတဲ့လူကိုပဲ သေချာစီစစ်ပြီးအပြစ်ပေးတာကွ"
"အော်"
"အေး ဒါတောင်ယမမင်းကြီး ငဲ့ညှာတဲ့အနေနဲ့ ဒီလူလုပ်ခဲ့တဲ့
ကုသိုလ်ကောင်းမူ့ရှိမရှိကို အစဖေါ်မေးတယ်လို့ ကျမ်းစာအုပ်တွေမှာ ပြောထားတာပဲကွ"
"ဒါဖြင့် ငရဲပြည်ကလူ့ပြည်လောက်တောင်မဆိုးဘူးလို့ ကျွန်တော်ထင်တာပဲ"
"ဟေ... ဘာဖြစ်လို့လဲ"
"ဒီနေ့ကျောင်းမှာ နာဇီပါတီအကြောင်းသင်ရတယ်အဖေ"
"အင်း ...ဒီတော့"
"သူတို့က ဂျူးခြောက်သန်းလောက်ကို အပြစ်မရှိပဲ အရှင်လတ်လတ် အဆိပ်ငွေ့ခန်းထဲ
ထည့်သတ်ပြစ်လိုက်တာတဲ့"

"အေး... ဟုတ်တယ်လေ"
"ဒါဖြင့် ငရဲပြည်ထက် လူ့ပြည်ကပိုဆိုးတာပေါ့အဖေ။ ဘာမှအစစ်အဆေးလည်းမရှိဘူး။
မကျေနပ်ရင် သတ်ဆိုတော့ သူတို့ကယမမင်းကြီးလိုစိတ်မျိုး တစ်စက်လေးတောင်
မရှိဘူး ထင်တာပဲ။ "
"မင်းငယ်ပါသေးတယ် သားရယ်။ နောက်ဒီထက်ဆိုးတာတွေတောင် မင်းအသက်ကြီး
ရင် တွေ့လာရမှာပါ။"

အဖေဘာကို ဆိုလိုချင်မှန်း ကျွန်တော်ထပ်ပြီး မတွေးတတ်တော့။ ဟစ်တလာကတော့ တော်တော်ကိုလွန်သည် ဟုသာ မှတ်ထားလိုက်သည်။

(၂-ခ)
ရုပ်ရှင်ဇာတ်ကားများအတိုင်းဆိုလျင် နှစ်ပေါင်း ၂၀ ခန့်ကြာသော်ဟု စာတန်းထိုးလိုက်ရုံနှင့် သက္ကရာဇ်များကို ချုံ့လိုက်နိုင်သော်လည်း ထိုနှစ်ပေါင်း ၂၀ သည်ကျွန်တော့်ကို လူတစ်ယောက်ဟူသော ဘ၀ကိုပိုင်ဆိုင်ရန် သင်ကြားပေးသောကာလများဟု ပြောနိုင်ပေသည်။ ထိုနှစ်ပေါင်း ၂၀ အတွင်း ကျွန်တော်သည် ပျော်ရွှင်ခဲ့သည်၊ အသဲကွဲတတ်ခဲ့သည်၊ ထိုမှတဆင့်အရက်သောက်တတ်ခဲ့သည်၊ ပိုကာဆွဲတတ်ခဲ့သည်၊ ကာရာအိုကေဆိုင် သွားတတ်ခဲ့သည်။
ဗုဒ္ဓကိုသိခဲ့သည်။ ချိုပင်၏ ဂီတကိုနားထောင်ခဲ့ဖူးသည်။ ဟစ်ဟော့ဂီတနှင့် လောကကြီးကို သရော်ခဲ့ဖူးသည်။ ရော့ခ်ဂီတနှင့်အမှန်တရားကိုရှာခဲ့ဖူးသည်။ ဗန်ဂိုးကို နားလည်ပေးနိုင်ခဲ့သည်။ ပြောရရင်တော့ အမှောင်တလှည့်၊ အလင်းတလှည့် နေ့တွေထဲမှာ စနစ်တကျဖြစ်အောင် အသက်ရှင်နေထိုင်ခဲ့သည်။

ငရဲစက်ဝန်း(၂)

(၂-ခ-၁)
ကျွန်တော်ကန်တင်းမှာ သူငယ်ချင်းတွေနှင့် စကားပြောနေသည်။ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုမေးသည်။

"မင်း ယောက္ခမလောင်းကြီးနဲ့ အဆင်ပြေရဲ့လား"
"မပြေပါဘူးကွာ"
"ဘယ်လိုဖြစ်လို့လဲ"
"ဟာငါ့ကိုဆိုရင် ကလေကချေကောင်လို့ပဲမြင်နေတာကွ"
"အင်း လင်းစမ်းပါဦး"
"ဒီလိုကွာ ... သူ့သမီးကိုဆိုရင်လည်း ငါဟာ တော်တော်ဆိုးတဲ့ကောင် ငါနဲ့ယူရင် ဒူးနဲ့မျက်ရည်ပဲ
သုတ်နေရမယ်ဆိုတာမျိုး အမြဲလိုလိုပြောတယ်ကွာ"
"အေး မင်းကလည်း အဲ့လိုပုံပေါက်နေလို့နေမှာပေါ့"
"ဟာ မင်းတို့ကလည်း မဖေါက်စမ်းပါနဲ့ ငါသူနဲ့ရည်းစားဖြစ်ပြီးကတည်းက ပြောင်းလဲသွားတာပဲကို"
"အေး ဒါလည်းဟုတ်တာပဲ"
"နေဦးကွ ရှိသေးတယ် ငါ ဖုန်းဆက်လို့ သူနဲ့တိုးရင်လည်း ဘာလုပ်ဖို့လဲ၊ ဘာကိစ္စလဲမေးတယ်"
"အင်း....."
"တစ်ခါတစ်လေငါဆက်တာက ကျောင်းကိစ္စအရေးကြီးလို့ကွာ အဲ့ဒါကို မေးခွန်းတွေလျှောက်ထုတ်
ပြီး နောက်ဆုံးကျရင်အဖြေက မရှိဘူးဆိုတာချည်းပဲ"
"အေး ဒါကတော့ လွန်တာပေါ့"
"တကယ်ပါကွာ ငါ့အတွက်တော့ ဒီဘွားတော်ကြီးက ငရဲမင်းပဲ"

"နင်ဘယ်လိုပြောလိုက်တာလဲ ငါ့အမေကို"


သူ့အသံကိုကြားသောကြောင့် ရုတ်တရက်ကျွန်တော်လှည့်ကြည်လိုက်သည်။ ဗီးနပ်စ်ထံမှ သရဖူကိုပြိုင်ဖက်မရှိယူထားသော သူ့မျက်လုံးထဲတွင် အနီဆွေးဆွေး အရောင်များဖြာလဲ့နေသည်။ ကျွန်တော်လွန်သွားပြီမှန်း သိလိုက်သည်။

"မဟုတ်ပါဘူးဟာ ငါဒီကောင်တွေကို ဟာသမြောက်အောင် ပြောလိုက်တာပါ"
"ငါ့အမေဘယ်လိုပဲလွန်လွန် ငါ့ကိုပဲပြောပါ။ နင့်သူငယ်ချင်းတွေကို ပြောစရာမလိုဘူးလို့
ငါနင့်ကိုပြောခဲ့တယ်နော်"
"မဟုတ်ဘူးဟ... ငါက ဒီလိုပါဟာ အခြေအနေကို ရင်ဖွင့်ရုံလေးပါ"
"တော်ပါတော့ဟာ ရှင်းပြမနေနဲ့တော့ နင့်လို ယောကျာင်္းတန်မဲ့ အတင်းပြောတတ်တဲ့သူကိုလည်း
ငါဒီ့ထက်ပိုပြီး သည်းမခံ နိုင်တော့ဘူး"
"ငါ....မဟုတ်ဘူးဟ..ဒီလိုပါ...."

ကျွန်တော်ဘာစကား ဆက်ပြောရမှန်းမသိတော့။ သူမချက်ချင်း လှည့်ထွက်သွားသည်။ သူငယ်ချင်းများက ကျွန်တော့်ကိုအားနာ နေပုံနှင့်ကြည့်သည်။ နောက်ပိုင်းကျွန်တော့်ကို မတွေ့အောင်ရှောင်နေသည်။ အချိန်တွေကုန်သွားပြီး ကျောင်းပြီးသွားသည်အထိ ကျွန်တော်တို့နှစ်ယောက်ဇာတ်လမ်းသည် မထူးဆန်းသော ကျောင်းပုံပြင် တစ်ပုဒ်အဖြစ်သာ ကျန်ရှိခဲ့လေသည်။ သူ့ကိုလွမ်းသောကြောင့် ကျွန်တော်အရက် မသောက်ခဲ့သော်လည်း၊ အရက်သောက်ဖြစ်သည့် အချိန်တိုင်း သူ့ကို လွမ်းသည်မှာ ဘာကြောင့်မှန်း ကျွန်တော်မသိခဲ့ပါ။

ကျောင်းပြီး၍ နှစ် နှစ်လောက်ကြာတော့ သူလက်ထပ်သွားသည်ဟု သတင်းကြားရသည်။ သူနှင့် ယူသော သူသည် ငရဲသား တစ်ယောက်မဖြစ်စေပါနဲ့ဟုသာ ကျွန်တော်ဆုတောင်းပေးခဲ့သည်။

(၃-က)
အခုတလော ကျန်းမာရေးက သိပ်မကောင်းတော့ပါ။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း ကျွန်တော့် နှလုံးသားရော ဦးနှောက်ကပါ လက်ခံထားသော်လည်း လူသည် ကိုယ့်ကိုကိုယ် သတ်သေတတ်သည့် တစ်မျိုးတည်းသော သတ္တ၀ါဖြစ်ကြောင်း ကျွန်တော်မှားယွင်းစွာ နားလည်ထားပါသည်။ အဆုတ်က ငယ်ငယ်လေးကတည်းက မကောင်းရသည့်ကြားထဲ ဆေးလိပ်သည် ကျွန်တော့်ရင်ဘတ်ထဲတွင် ကတ္တရာလမ်းကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ခင်းပေးနေခဲ့သည်။

ဒီနေ့တော့ ဟောလီးဝုဒ်ရုပ်ရှင်ကား တစ်ကားဖြစ်သည့် Hell Boy ကိုကြည့်ပြီး အိပ်ယာဝင်ခဲ့သည်။ ငရဲကလာသော ကိုယ်တော်မြတ်ကြီးကတော့ ဆေးပြင်းလိပ်ကြီး တခဲခဲနှင့် အဆုတ်မရှိသည့်အတိုင်း သောက်ပြသွားသည်။ အင်းငရဲသား ဆိုတော့ အဆုတ်ကင်ဆာတို့ ဘာတို့လည်း ကြောက်စရာမလိုဘူး ထင်သည်။

အိပ်နေရင်းက တံခါးခေါက်သံကြားတော့ ကျွန်တော် လန့်နိုးလာသည်။ နာရီကိုကြည့်လိုက်တော့ သန်းခေါင်ကျော်နေပြီ။ တစ်နာရီ တော့မထိုးသေး။

"ဘယ်သူလဲ"

ဘာသံမှမကြားရသောကြောင့် နောက်တစ်ခေါက်ထပ်မေးလိုက်သည်။ အသံတော့မကြားရ။ မထူးပါဘူးဆိုပြီး အခန်းတံခါး ထဖွင့်ပေးလိုက်သည်။ အေးစက်သော အငွေ့များ တစ်ခန်းလုံးလွှမ်းခြုံသွားသည်။ လူတစ်ယောက် သို့မဟုတ် လူတစ်ယောက်ဟု ကျွန်တော်ထင်သော အရာတစ်ခု ကျွန်တော်စီမျောလွင့်လာသည်။

"ခင်ဗျား... ခင်ဗျား ဘယ်သူလဲ။ ကျွန်တော့်အိမ်ထဲ ဘယ်လိုလုပ်ပြီး ၀င်လာတာလဲ။ ဘာကိစ္စရှိလို့လဲ။"
"မေးခွန်းတွေက များလှချည်လားကွ။ ငါ သေမင်းပါ။ ငါအလိုရှိရင် ဘယ်နေရာကိုမဆို ငါသွားလာနိုင်တယ်။ ကိစ္စကတော့ မင်းလူ့ပြည်မှာ နေတာအချိန်စေ့နေပြီ ကောင်လေး ဒါကြောင့်မင်းကို ငါလာခေါ်တာကွ။"

သေမင်းဆိုသော သူကိုပြတင်းပေါက်မှ ၀င်လာသောအလင်းရောင်ဖြင့် ကျွန်တော်အကဲခတ်လိုက်သည်။ ရုပ်ရှင်ကားများ၊ ပန်းချီကားများထဲတွင် မြင်ရသော ခေါင်းဆောင်ချွန်ချွန်ဖုံးထားသော ဂါဝန်အနက်ကြီးဖြင့် မဟုတ်ပေ။ သူလိုကိုယ်လိုပင် ၀တ်စားထားသည်။ ကျွန်တော့်စိတ်ထင် adidas ထွတ်ဆု ကိုဝတ်ထားသည်ဟုပင်ထင်သည်။

"ခင်ဗျားပုံကြီးက သေမင်းနဲ့လည်း မတူပါဘူး"
"သေမင်းက ဘယ်လိုပုံစံနဲ့တူရမှာလဲကွ"
"ကျွန်တော်မြင်ဘူးတဲ့ သေမင်းပုံတွေက ခေါင်းဆောင်းနက်ကြီးတွေနဲ့ ကြောက်စရာကြီးတွေ"
"အဲ့ဒါတွေက စိတ်ကူးယဉ်ပြီး မှန်းဆဆွဲထားတာပါကွာ။ တကယ်တော့ ငါလည်း ခေတ်အလိုက်၊ရာသီဥတုအလိုက်အ၀တ်အစား ပုံစံပြောင်းနေရတာပဲ လူကလေးရဲ့ "

ကျွန်တော့်ကို လူကလေးဟုခေါ်ကာ သူကနှစ်လိုဖွယ်ပြုံးပြသည်။ သူ့အပြုံးတွင် ခင်မင်ချင်စရာကောင်းသော သဘောများကို တွေ့နေရသည်။ အမှန်တိုင်းပြောရရင် သူကခင်ဖို့ကောင်းတဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် လောလောဆယ်တော့ သူကျွန်တော့်အခန်းထဲကို ၀င်လာတာကို ကျွန်တော်နည်းနည်းမှ သဘောမကျဖြစ်နေသည်။ ပြီးတော့ သူကကျွန်တော့်ကို လူ့ပြည်ကနေလာခေါ် တာဟုပြောသည်။ ကျွန်တော့်ကို မရဏတိုင်းပြည်သို့ ပို့ဆောင်ပေးမည့် ကိုယ်စားလှယ်အဖြစ်လာရောက်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်ခင်ဗျားနဲ့ မလိုက်နိုင်ဘူးဗျာ။ ကျွန်တော်ငယ်ငယ်လေးရှိသေးတယ်။"
"အေး... မင်းမလိုက်ချင်ပေမယ့်လည်း အချိန်တန်ရင်တော့ မသွားမဖြစ်သွားရမှာပဲ"
"ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ အချိန်နည်းနည်းပေးလို့မရဘူးလား။ ကျွန်တော်လုပ်ချင်တာတွေ
ကျန်သေးတယ်"
"မင်းငါ့ကို တောင်းပန်လို့လည်းမထူးဘူး။ ငါက မင်းကိုသတ်မလို့လာတဲ့ သူမဟုတ်ဘူးကွ
မင်းရေးတဲ့ကဗျာတွေထဲကလို နမိတ်ပုံတစ်ခုပဲ။ ဒါပေမယ့် မင်းသေကြောင်းအသိအမှတ်ပြုဖို့
ငါ့အသားနဲ့ ထိဖိုတော့လိုတယ်ကွ။"
"ဒါဖြင့် ခင်ဗျားကို မထိရင်ကျွန်တော်မသေနိုင်ဘူးပေါ့"

သေမင်းက ရယ်သည်။ သူရယ်သည်မှာ အားရပါးရ ရှိလှသည်။ သူကဆက်ပြောသည်။

"မင်းကို ငါပြောပြီးပြီပဲ။ မင်းသေတာကို အဆုံးအဖြတ်ပေးတာငါမဟုတ်ဘူး။ မင်းလုပ်ခဲ့တဲ့ကံအတိုင်းပဲ
မင်းဘ၀မှာ အစီအစဉ်တွေရှိပြီးသား။ အဲ့ဒါကို ဘယ်သူမှလည်းပြင်လို့မရဘူး။"
"ဒါဖြင့် ကျွန်တော့်မှာ ကြိုးစားပိုင်ခွင့်တို့ဘာတို့ မရှိတော့ဘူးလား"
"ရှိတာပေါ့ကွ။ ဒါပေမယ့် အရာရာတိုင်းဟာ ကြိုးစားတိုင်းဖြစ်မလာဘူးဆိုတာ
မင်းဘ၀အတွေ့အကြုံအရ မင်းကောင်းကောင်းနားလည်ပါတယ်။"

သူပြောတာလည်းဟုတ်သည်။ ကျွန်တော်ဘာပြောရမှန်း မသိဖြစ်သွားသည်။ ချော့မော့ပြောဖို့ ကျွန်တော်စဉ်းစားမိသည်။

"ဒီလိုရှိတယ် ကိုသေမင်းရဲ့။ ကျွန်တော်က ငယ်သေးတယ်ဗျ။ ကျွန်တော်သင်ကြားခဲ့တဲ့ ပညာတွေနဲ့လည်း ဒီလောကကြီး ကောင်းကျိုးကို ဆောင်ရွက်ချင်သေးတယ်။ လုပ်ပါဗျာ နောက်ထပ်နှစ် နှစ်ဆယ်
အဲ... အဲ သုံးဆယ် လေးဆယ်လောက်ဗျာ အဲ့ဒီလောက်ဆိုမှ လာခေါ်လို့မရဘူးလား။"

"ငါပြောပြီးပြီလေ။ ငါ့သဘောမဟုတ်ပါဘူးလို့။ မင်းဘ၀ရဲ့ကံအတိုင်းဖြစ်လာတာ။ မင်းငါ့အသားကို မထိဘူးလို့ဆုံးဖြတ်ထားလည်းမင်းဘာသာမင်း ထိလိုက်ဖို့အချိန်ကို ရောက်တော့မှာ။
ကုသိုလ်ကောင်းမူ့တွေကို စဉ်းစားထား။ ဟုတ်ပြီလား။"
"ဟာ ခင်ဗျားဘာပဲပြောပြောကျုပ်အသားကို လာမထိနဲ့ဗျာ။ ခင်ဗျားခေါ်တဲ့လမ်း မလိုက်နိုင်ဘူး။ ပြီးတော့ဒါကလည်း ကျွန်တော်အိမ်မက် မက်နေတာဖြစ်မယ်။"

"အိပ်မက်မဟုတ်ဘူး တကယ်အချိန်ကျနေပြီ ငါ့လက်ကိုဆုပ်ကိုင်လိုက်၊ မင်းဟိုဘက်ကိုရောက်တာနဲ့
အားလုံးကို မေ့သွားလိမ့်မယ်"
"ကျွန်တော်မလိုက်ချင်ဘူးဗျာ။ ကျွန်တော်လူ့ပြည်မှာပဲပျော်တယ်။ ဒီအဖြစ်အပျက်တွေကို မမေ့လိုက်ချင်ဘူး"
"ဒါနဲ့ မင်းငယ်ငယ်တုန်းကတော့ ငရဲပြည်ကမှ လူ့ပြည်ထက်စာရင်ပိုကောင်းဦးမယ်လို့ မင်းအဖေကိုပြောဖူးတယ်နော်"
"အို...ဒါက ငယ်သေးလို့ဗျ။ တကယ်တော့ လူ့ပြည်က ငရဲပြည်ထက်ဆိုးနေရင်တောင်
ကျွန်တော်ဒီလူ့ဘုံမှာပဲ ပျော်တယ်ဗျာ"
"အောင်မယ် တယ်လာတဲ့ကောင်ပါလား"
"ဟုတ်တယ် ဒီကအချစ်တွေ၊အမုန်းတွေ၊ ခံစားချက်တွေ၊ နာကျင်မူ့တွေ အကုန်လုံးကို
ကျွန်တော်ကြိုက်တယ်ဗျာ"

သေမင်းမျက်နှာပြောင်စပ်စပ်ဖြစ်သွားသည်။ ပြီးတော့ ကျွန်တော့်ကို သရော်သလိုကြည့်ပြီးမေးသည်။

"ဒါနဲ့... ယောကျာင်္းရသွားတဲ့ မင်းကောင်မလေးကော အဆင်ပြေရဲ့လားကွ။"
"ခင်ဗျား ဘယ်လိုလုပ်သိရတာလဲ"
"ဒါတွေထားပါ မင်းဆုတောင်းပြည့်တယ်ကွ ကောင်မလေးက ငရဲသားနဲ့မရပဲ။ မင်းထက်အများကြီး
သာတဲ့ကောင်နဲ့ရလို့ တော်တော်ကောင်းစားနေပြီ"
"အေးဗျာ ကျွန်တော်ဝမ်းသာပါတယ်"
"မင်းက၀မ်းသာရုံနဲ့ပြီးရောလားကွ.. တကယ်တော့ ငါဒီလိုပြောလိုက်တော့ မင်းဟာ တော်တော်
သောက်သုံးမကျတဲ့ကောင်လို့ မတွေးမိဘူးလား"
"ဒါက ကျုပ်အလုပ်ပါ"
"အေး....မင်းက ကိုယ့်ကိုကိုယ် ငါတော်တော်အသုံးမကျပါလားလို့ တွေးရုံနဲ့ အရာရာကို အရူံးပေး
တတ်တဲ့ကောင် ဆိုတာငါသိတယ်၊ အဲ့လိုကောင်မျိုးက လောကကြီးကို အကျိုးပြုချင်တယ်လေး
ဘာလေးနဲ့ တော်တော်ရယ်ရတဲ့ကောင်"
"ခင်ဗျား ကျုပ်ကို အဲ့လိုမပြောနဲ့"
"ဘာလဲ မင်းကောင်မလေးအကြောင်း ပြန်ပြောလို့ အနာပေါ်တုတ်ကျသွားပြီလား"
"ခင်ဗျား တော်တော့ဗျာ လွန်လာပြီ"
"ဟင်... မင်းက အမှန်ပြောတော့လည်း မကြိုက်ဘူးပေါ့"

သူ့မျက်နှာကြီးက ပြောင်စပ်စပ်နှင့် ကျွန်တော့်ကို ဆက်လက်လှောင်ပြောင်နေသည်။ ကျွန်တော်တော်တော် ဒေါသထွက်လာသည်။ သူဘာကောင်ကြီးဆိုတာလည်း မစဉ်းစားချင်တော့။ ကျွန်တော့်ကို အလကားသက်သက် သရော်မော်ကား ပြုနေသည်ဟုခံစားလာရသည်။

"ခင်ဗျား..... ဆက်မရယ်နဲ့တော့လို့ ကျွန်တော်ပြောနေတယ်နော်"
"ဟား...ဟား...ဟား မင်းကရယ်ရလို့ ရယ်တာ မတားပါနဲ့ကွာ"
"ခင်ဗျား..ဗျာ၊ ခင်ဗျား"

ရုတ်တရက်စိတ်လွတ်သွားသည်။ သူ့လက်မောင်းနှစ်ဘက်ကို ဆွဲကိုင်၍ စောင့်တွန်းရန်ပြင်လိုက်သည်။ ရယ်မောနေရာမှ ရပ်ကာ ကျွန်တော့်မျက်လုံးကိုကြည့်ပြီးသူပြောသည်။

"အချိန်ကိုက်ပဲကောင်လေး၊ လာ သွားကြစို့"

နောက်ကျသွားပြီမှန်းသိလိုက်ရသည်။ အေးစက်သော အထိအတွေ့က ကျွန်တော့်လက်များမှတဆင့် နှလုံးသွေးထဲသို့ တိုးဝင်လာသည်ဟုထင်သည်။ ဒေါသကို မထိန်းနိုင်သောကြောင့် လူ့ပြည်ကို စွန့်ခွာရတော့ပေမည်။

အမှောင်ကို တဖြည်းဖြည်းမြင်လာရသည်။ သူတို့ အားရပါးရ ငိုကြပေလိမ့်မည်။

(၄-က)
မျက်စိတစ်မှိတ်သည် ကြာချင်ကြာပေဦးမည် ရုတ်တရက် ကျွန်တော်တွေ့လိုက်တာက ငရဲပြည်မှကြိုဆိုပါသည် ဆိုသော စာတန်းအား မြန်မာ၊အင်္ဂလိပ် အစရှိသည်ဖြင့် ဘာသာစကားမျိုးစုံနှင့်ရေးထားသည်။ ကျွန်တော့်ရှေ့တွင် ခန့်ငြားသော လူကြီးတစ်ယောက်က ပြုံးပြီးကြည့်နေသည်။ သူက စကားစပြောသည်။

"ဒီမှာမမြင်ချင်ဘူးလို့ ပြောလိုက်တာ နောက်ဆုံးတော့ဒီပဲ ပြန်ရောက်လာပါလားဟ"
"ခင်ဗျားဘာတွေပြောနေတာလဲ ကျွန်တော်နားမလည်ဘူး၊ ဒါငရဲပြည်ဆိုတော့ ခင်ဗျားက
ယမမင်းကြီးပေါ့"
"အေး... ဟုတ်တယ်၊ မင်းလူ့ပြည်မရောက်ခင်တုန်းက ငါ့စီမှာ အမူ့ထမ်းခဲ့ရသေးတယ်
မှတ်မိလား"
"ဟင့်အင်း မမှတ်မိတော့ဘူးဗျ"
"ကဲဒါဖြင့်"

သူလက်ခုပ်တစ်ချက်တီးလိုက်သည်။ လူ့ပြည်မှ ပရိုဂျက်တာကဲ့သို့ ပိတ်ကားတစ်ခုပေါ်လာပြီး ကျွန်တော်ဟုပြောသောငရဲသား တစ်ယောက်ကိုတွေ့ရသည်။ ကျွန်တော်ဟုဆိုသော်လည်း ကျွန်တော်နှင့် နည်းနည်းမှမတူ။

"... ကျွန်တော်နဲ့လည်းမတူပါဘူး"
"အေး မင်းက ဒီခန္ဓာ ဒီရုပ်ကိုပဲ စွဲနေတာကိုးကွ။ အခု မှန်ထဲက ရုပ်ကိုလည်း ကြည့်လိုက်ပါဦး"

ပြောရင်းနှင့် ကျွန်တော့်ကို မှန်တစ်ချပ်ထိုးပေးလိုက်သည်။ ကျွန်တော်မဟုတ်သော ကျွန်တော့်ကို တွေ့လိုက်ရသည်။ နဖူးမှာဂျိုဟုထင်သော အရာယောင်ယောင်လေးကို တွေ့ရသည်။

"ဟင်...ဒါလည်း ကျွန်တော်မဟုတ်ပါဘူး"
"မင်းက လူ့ပြည်ကိုအစွဲကြီးနေတော့ လူ့ဘ၀က အကြောင်းတွေကို မမေ့သေးဘူးဖြစ်နေတာကိုး၊
မပူပါနဲ့ကွာ မကြာခင်မင်းမေ့သွားမှာပါ။"
"ဒါနဲ့ မင်းကုသိုလ်ကောင်းမူ့တွေ ကြီးကြီးမားမား လုပ်ခဲ့လား"
"ဘယ်လိုလုပ် လုပ်ချိန်ရမှာလဲဗျ... ခင်ဗျား တပည့်လား၊ဘာလား သေမင်းဆိုတဲ့ကောင်က
စောစောစီးစီး လာခေါ်တာကို"

ကျွန်တော် ညစ်တွန်းတွန်းနှင့် ပြောလိုက်သည်။ ယမမင်းကြီးကတော့ စိတ်မဆိုးသည့်အပြင် ပြုံးနေသည်။

"တယ်ခက်တဲ့ကောင်ပဲ... ကုသိုလ်ဆိုတာ ငယ်ရင် မလုပ်ရဘူးလို့ မင်းဘယ်သူပြောလိုက်သလဲ၊
အင်း... ကုသိုလ်နဲ့အကုသိုလ်က မျှနေတဲ့ကောင်ဆိုတော့ လောလောဆယ်ငါ့စီမှာပဲ နေဦးကွာ အရင်လိုစာရင်းမှတ်ပဲ လုပ်ပေါ့"
"ကျွန်တော်ဘာ အကုသိုလ်တွေလုပ်မိလို့ ဒီလိုငရဲကို ရောက်လာရတာလဲဗျ"
"အကုသိုလ်ကတော့ သိပ်အများကြီးမရှိဘူးကွ၊ ဒါနဲ့ မင်းသေမယ့်ညက ဘာလုပ်မိသေးလဲ"
"ကျွန်တော်မမှတ်မိတော့ဘူး"
"သေချာ စဉ်းစားပါဦးကွ၊ ငါတို့ ငရဲနဲ့ ပတ်သတ်တဲ့အကြောင်းတွေဘာတွေ မင်းတွေးမိသေးလား"
"ဟာ... ဟုတ်တယ် အဲ့ဒီညက ကျွန်တော် Hellboy ဆိုတဲ့ရုပ်ရှင်ကြည့်ပြီး ငရဲအကြောင်းတွေး
မိသေးတယ်"

"အေး မင်းကကြံကြံဖန်ဖန်ငရဲကို စွဲလန်းလို့ ဒီမှာလာဖြစ်ရတာ၊ စိတ်မပူပါနဲ့ကွာ မင်းအရင်အခန်းမှာပဲ
အေးအေးဆေးဆေးနေ နောက်တစ်ပတ်အစည်းအဝေးရောက်ရင် ငါမင်းအကြောင်းကို တင်ပြပေးတော့
ဒီ့ထက်ကောင်းတဲ့နေရာသွားပေါ့ ... ဟုတ်ပြီလား"

ငြင်းစရာလည်း အကြောင်းမရှိတော့သဖြင့် ကျွန်တော်ခေါင်းငြိမ့်လိုက်သည်။ သို့သော်စောဒက လေးတော့ တက်ချင်သေးသည်။

"ငရဲက ပူလောင်၊ ဆူညံပြီးကြောက်ဖို့ကောင်းတဲ့နေရာဆို"
"အေးလေ အဲ့ဒါက တကယ်ကွ၊ ဒါပေမယ့် အပြစ်ဒါဏ်ပေးတဲ့နေရာက ဒီရုံးတွေနဲ့ ဝေးပါတယ်၊
ဒီမှာကတော့ မင်းမြင်တဲ့အတိုင်း အေးအေးဆေးဆေးပဲ"
"အင်း အဲ့ဒါတော့ ဟုတ်တယ်"
"ကဲကဲ.... မင်းလည်း ပင်ပန်းနေလောက်ပြီ မင်းအခန်းသွားပြီးနားပေတော့၊ အစည်းအဝေးက
မင်းသွားသင့်တဲ့ဘုံကိုဆုံးဖြတ်ပေးလိမ့်မယ် ဟုတ်ပြီလား။ တစ်ယောက်လောက် သူ့အခန်းကို လိုက်ပြပေးလိုက်ပါဟေ့"

ငရဲသားတစ်ကောင် ကျွန်တော့်ကိုအခန်းလိုက်ပြပေးသည်။ သော့ကိုလည်း ကျွန်တော့်လက်ထဲအပ်သွားသည်။ အခန်းထဲကျွန်တော်ဝင်လိုက်သည်။ တီဗွီကိုတွေ့သည်။ အဲယားကွန်းရှိသည်။ ရေချိုးခန်း၊ အိမ်သာလည်း သူ့ဟာနှင့်သူပါသည်။
ရေခဲသတ္တာထဲမှာလည်း စားစရာသောက်စရာက အပြည့်၊ အကောင်းဆုံးကတော့ အင်တာနက်ချိတ်ထားသော ကွန်ပြူတာတစ်လုံးပါတွေ့ရသည်။ blogger.com ဟုရိုက်လိုက်ရာ access has been denied တွေဘာတွေမတွေ့ရ။ ဒါဆိုမဆိုး၊ ကျွန်တော်လူ့ပြည်မှာ မရှိတော့ပေမယ့် blog တော့ဆက်ရေးလို့ရသေးသည်။

ရုပ်မြင်သံကြားကလည်း ၂၄ နာရီ ဘောလုံးပွဲများ၊ရုပ်ရှင်များ၊ ftv လိုလိုင်းများ ဖမ်းယူကြည့်ရူ့နိုင်သည်။ ဟိုဒီ စူးစမ်းပြီးနောက်ပင်ပန်းလာသဖြင့် ကျွန်တော် ခုတင်ပေါ်ကျောခင်းလိုက်သည်။ အိစက်သော မွေ့ယာ၏ အတွေ့အထိက ကျွန်တော့်ခန္ဓာကိုယ်မှ အကြောများကို ပြေလျော့သွားစေသည်။ ပတ်ဝန်းကျင်ကလည်း ဆိတ်ငြိမ်သောကြောင့် ချက်ချင်းပင် မျက်တောင်များ စင်းလာသည်။ ဒီလိုဆိုတော့လည်း ငရဲပြည်ရောက်နေရာတာ မဆိုးဟု တွေးမိသည်။ ဒီအတိုင်းသာ ဆက်နေရမယ်ဆိုလျင်
အစည်းအဝေးမှာ ကျွန်တော့်အကြောင်းမတင်ပြဖို့ ငရဲမင်းကြီးကို ပြောရမည်။ တကယ်တော့
ဘယ်နေရာမှာမှာပဲ နေနေ ကိုယ်နှင့်အဆင်ပြေနေဖို့သာ အရေးကြီးသည်ဟုထင်သည်။

ထို့ထက်အရေးကြီးဆုံးမှာ အေးချမ်းစွာအိပ်စက်နိုင်သော ဘ၀ကိုရရှိနေဖို့လည်းဖြစ်သည်။ အတွေးများနှင့် စိတ်ကူးနေရင်းပင်ပန်းလာသောကြောင့် ကျွန်တော် နှစ်ခြိုက်စွာအိပ်ပျော်သွားတော့လေသည်။

အချစ်ဆိုသည်မှာ

11 October 2008


ကိုဟန်သစ်ငြိမ် ကအချစ်ဆိုသည်မှာကို tag တော့ ကျွန်တော်ဘယ်လိုရေးရမလဲ မနည်းစဉ်းစားရပါတယ်။ အကြောင်းကကျွန်တော်ခံယူ ထားတဲ့အချစ်ဆိုတာက ကျွန်တော့်အတ္တကိုလိုက်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနေလို့ပါ။ ဒါပေမယ့် ပင်မအရင်းခံ စိတ်ကတော့ အချစ်ဆိုတာ နောက်ဆုံးမှာ သံယောဇဉ်ဆိုတဲ့ တွယ်ငြိခြင်း သဘောကိုပြောင်းလဲသွားရင် ပိုမိုခိုင်မြဲလာမယ်လို့ ထင်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ကိုယ့်ချစ်သူကို ဆွေမျိုးအရင်းခေါက်ခေါက်ကြီးလိုလည်း သဘောထားတတ်လာတာကိုး(ပိုရင်တောင်ပိုလာတယ်)။ ထားတော့... ဒါကကျွန်တော့်စိတ် ။ အတ္တနဲ့လိုက်ပြီးပြောင်းလဲတတ်တဲ့ အချစ်ကတော့ နေ့စဉ်နဲ့အမျှရင်ထဲမှာ လှုပ်ခတ်နေတတ်တယ်။ ကျွန်တော့်အတွက်ကတော့ အချစ်ဆိုတဲ့အရာပေါ် တစ်နေ့တစ်မျိုး ခံယူချက်တွေက

တခါတလေမှာ အချစ်ဆိုသည်မှာ
ကျွန်တော့်ကို ကုတ်ဖဲ့တတ်တဲ့ ကြောင်ဆိုးမလေးတစ်ကောင်
တခါတလေမှာ
အတိုးမယူတတ်တဲ့ ဘဏ်အသေးစားလေး
တခါတလေမှာ
စိတ်ခဏခဏကောက်တတ်တဲ့ နာရီလေး(သူစိတ်ကောက်ရင် နာရီတွေအားလုံးရပ်သွားတတ်လို့)
တခါတလေ
ကလေးတွေ အလန့်တကြားထဖေါက်တဲ့ ဗျောက်အိုးတစ်လုံး
တစ်ခါတလေ
ပန်းတွေရောင်စုံပွင့်တဲ့ နွေနံနက်ခင်း
တစ်ခါတစ်လေ
မိုးရွာထဲမှာ အရက်မူးပြီး ပြန်လာတဲ့ ညနေခင်း
တခါတလေ
ကျွန်တော့်ကို အမြဲတမ်းထောက်ခံတတ်တဲ့ လူထုကြီး(ထောက်ခံပါသည်၊ထောက်ခံပါသည်ဟုတော့ စာရွက်ကြည့် မအော်တတ်ပါ)
တခါတလေ
ကျွန်တော့်ရဲ့ အတိုက်အခံပါတီ( မတရားအသင်းလို့ ကျွန်တော်ဘယ်တော့မှမကြေငြာတတ်ပါဘူး၊ ပြေလည်အောင်ပဲ ညှိလိုက်ပါတယ်)
တစ်ခါတစ်လေ
ကိုအငဲဆိုတဲ့ နူးညံ့တဲ့အမိန့်တော်သီချင်း
တစ်ခါတစ်လေ
...........................................................

အချစ်ဆိုတာ ကျွန်တော့်အတွက်တော့ အရောင်စုံတယ်ဗျာ။ အချစ်ကြောင့်ပဲ ထရွိုင်မြို့ပျက်ဖူးတယ်၊ တဂ်ဂျပ်မဟာဆိုတဲ့ ကမ္ဘာ့အံ့ဖွယ်ကြီးတွေ ပေါ်လာတယ် ဆိုတာ ပြောနေရင် မိကျောင်းမင်း ရေကင်းပြနေသလို ဖြစ်နေဦးမယ်။ အချစ်ကြောင့်ပဲ ပေါ်ထွန်းလာတဲ့ အနုပညာတွေကလည်းတောင်ပုံယာပုံကိုးဗျ။ ဘာပဲဖြစ်ဖြစ် အနုပညာအဖြစ် ဖန်တီးမယ်ဆိုရင် အချစ်ဆိုတဲ့ ခံစားချက်က နက်ရှိုင်းနေဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်။

ကျွန်တော်တို့ တက္ကသိုလ်စတက်တော့ ဟစ်ဟော့ဂီတက စတင်ထွန်းကားနေတဲ့အချိန်ပေါ့ခင်ဗျာ။ ဟစ်ဟော့ဂီတဆိုတာကလည်း သိကြတဲ့အတိုင်း မဟာပုရိသ၀ါဒကို ရှေ့တန်းတင်ထားတာက ခပ်များများရယ်ဆိုတော့ သီချင်းစာသားတွေကို ကြည့်လိုက်ရင်နင်လိုမိန်းမ မချစ်ရလည်း ဘာဖြစ်လဲဆိုတာတို့၊ နင့်ကိုငါ စုန်းမလိုကြောက်သွားခဲ့ ဆိုတာမျိုးတွေတွေ့ရပါတယ်။ ဒါကလည်း ကြည့်လိုက်ရင် အချစ်ကိုသရော်သလိုလိုရေးကြတာဆိုပေမယ့် အချစ်ကြောင့်ပဲခံစားရပြီး ဒေါသတွေပွားရင်း သီချင်းတွေဖြစ်လာ
တယ်ထင်ပါတယ်။ နောက်ကြတော့ အဲ့ဒီအချစ်အကြောင်းကို ပေါ့ရပ်(pop rap) ဆိုတဲ့ဂီတအမျိုးအစား ထဲမှာ ထည့်သွင်းလာကြတယ်ဗျ ။ အဲ့ဒီတုန်းကတော့ အဲ့ဒီသီချင်းတွေကို တော်တော်သောက်ညင်ကပ်ခဲ့တာ။ သီချင်းတွေကို ပေါ့တီးပေါ့ရွှတ်နဲ့ အချစ်အကြောင်းတွေရေးထားတာ ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေ အသည်းစွဲပေါ့။

ကျွန်တော်က ဘယ်လိုနားထောင်ထောင် ဂီတမမြောက်ဘူးကိုထင်ပြီး ပြစ်တင်ရှုံ့ချခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါက ငယ်ငယ်တုန်းက ကျွန်တော်တစ်ဖက်သတ်ဆန်ခဲ့တာပါ။ အဲ့ဒီအချစ်အကြောင်းသီချင်းတွေကို ကြိုက်တဲ့သူတွေ အတွက်တော့ ဒါဟာအချစ်ပါလား ဆိုတာ ခံစားချက်ရသတွေ ဖြစ်ပေါ်နေမယ်ထင်ပါတယ်။ ကျွန်တော်က ကိုယ်မကြိုက်တာနဲ့ပဲ ငယ်ရွယ်တဲ့စိတ်နဲ့ အပြစ်တင်စောခဲ့တာလည်း ပါပါတယ်။ တကယ်တော့ အနုပညာဆိုတာ တစ်ယောက်တည်းအတွက်ပဲ ဖန်တီးကြတာမှ မဟုတ်တာ။ ပို့စ်မော်ဒန် ဆရာလေးမင်းခိုက်စိုးစန်ပြောသလို သင်ချောကလက်မကြိုက်တာနဲ့ သကြားလုံးပြောင်းစားဖို့ မတိုက်တွန်းပါနဲ့ဆိုတာမျိုးပေါ့။

အဲ့လို pop rap တွေက သဲသဲချွဲချွဲ အချစ်အကြောင်း တွေဖွဲ့လာတဲ့အချိန်မှာ ကိုလေးဖြူရဲ့ လိပ်ပြာအယ်လ်ဘမ် ထွက်လာပါတယ်။ ဒီခွေထဲမှာ ကိုအယ်ဖြူလား၊ကိုမောင်မောင်ဇော်လတ် ရေးပေးတာလား မသိဘူး၊ အချစ်အကြောင်း ဆိုတဲ့သီချင်းလည်းပါလာရောကျွန်တော်တို့တွေ အကြိုက်တွေ့သွားပါရော။ တေးရေးဆရာ ကလည်း ဒါတွေကို နည်းနည်းချဉ်နေတဲ့ သဘောလည်းပါမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကတ်ဆက်ဖွင့်တော့လည်း အချစ်အကြောင်း၊ ၀တ္တုမဖတ်လိုက်နဲ့။ ကလေးဘ၀ တည်းကလည်းအချစ်
အကြောင်း၊ အဖိုးကြီး ဖြစ်တဲ့အထိဆိုပြီး၊ အချစ်အကြောင်းတွေကို တော်တော်ငြီးငွေ့တဲ့အကြောင်း ရေးထားလိုက်တာ ကျွန်တော့် တို့ပါးစပ်ဖျားကကို မချတော့ဘူး။ ဒါပေမယ့် အပြင်မှာတော့ ချစ်သူက ဘေးမှာ သက်ရှိထင်ရှားကြီး။ ဆိုလိုချင်တာက ဒီpop rap အချစ်သီချင်းတွေကို ကျွန်တော်တို့က ရွဲ့ချင်နေတဲ့အချိန်မှာ ဒီသီချင်းကလည်း ပေါ်လာတော့ အခါကောင်းဖြစ်သွားတာပေါ့။

တကယ်တော့ဒီသီချင်းကလည်း အချစ်ကိုငြီးငွေ့တယ်ဆိုတာ အကြောင်းပြပြီး အချစ်ကြောင့်ပဲဖြစ်လာတဲ့ သီချင်းတစ်ပုဒ်ပါ။ ကိုယ့်ဆရာတွေက ဖန်တီးမူကလည်းကောင်း၊ ခံစားချက်ကလည်းရှိတော့ ဒီသီချင်းက ကျွန်တော်တို့ အကြိုက်တစ်ပုဒ်ဖြစ်ခဲ့ရပါတယ်။ ဒီသီချင်းကို ရည်းစားဘေးမှာဆိုလည်း pop rapသီချင်းတွေက အချစ်ကိုငြီးငွေ့နေလို့ သူဆိုတာပဲလေ ဆိုပြီးမိန်းကလေးတွေ ခွင့်လွှတ်ပေးကြပေမယ့် ဟိုသီချင်းကို သွားဆိုမိရင်တော့ နည်းနည်းစကားပြောရတယ်ဗျ။ သိတယ်မဟုတ်လား အဲ့ဒီ လိပ်ပြာခွေထဲက သီချင်းပဲလေ၊ စိတ်ကူးသစ်၊ အင်္ကျီသစ်၊အိပ်မက်သစ် ဆိုတဲ့သီချင်းပေါ့။ အဲ့ဒါဆိုရင်တော့ နင်ကရည်းစားပါ သစ်ချင်နေ
လို့လားဆိုပြီး အမေးခံရတတ်ပါတယ်။ အဲ့ဒီတော့ အချစ်ဆိုတာ တခါတလေ အကြောင်းမဲ့ သ၀န်တိုတတ်
ခြင်းလည်း ပါတယ်လို့ ကျွန်တော်ထင်ပါတယ်။

အချစ်ဆိုတာ ကျွန်တော့်ရဲ့အဓိက အမြင်ကတော့ ချစ်နေကြဖို့ပဲ ဆိုတာကို ယုံကြည်ပါတယ်။ အချစ်ကို အဓိပ္ပါယ်ဖွင့်ဖို့ကြိုးစားတာဟာ စိတ္တဇပန်းချီကားတစ်ချပ်ကို ပုံဖေါ်
ရသလိုပါပဲ။ ကြိုက်သလိုခံစားလို့ရတယ် အဓိပ္ပါယ်အမျိုးမျိုးလည်းထွက်မယ်။ အဓိကက နားလည်ဖို့မဟုတ်ဘူးဗျ။ ခံစားတတ်ဖို့ပဲ။ ခံစားချက်ကို နက်နက်ရှိုင်းရှိုင်းထားတတ်လေလေ အနုပညာတွေလည်း ပိုပြီးလေးနက်လေလေပေါ့။ ဒီတော့ နက်နက်ရှိုင်းရှိုင်းချစ်တတ်တယ် ဆိုတာဟာ ကိုယ်ပိုင်အနုပညာတစ်ခုကို ရင်ထဲမှာဖန်တီးထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။

ထို့ကြောင့် ကျွန်တော့်ယုံကြည်ချက်တစ်ခုမှာ အချစ်ဆိုသည်မှာ အနုပညာတစ်ခုလည်း ဖြစ်ပါသည်။

ကဲအချစ်အကြောင်းတွေကို ရူ့ ထောင့်အမျိုးမျိုးက သိချင်တယ်ဆိုရင်တော့ အောက်ကလင့်တွေမှာ သွားဖတ်
ပေတော့ဗျို့
မြန်မာဝီကီ MOE
အင်္ဂလိပ် wikipedia

ဖြစ်သလို စားခဲ့သမျှ

ဖြစ်သလိုစားခြင်းတဲ့ tag လိုက်တဲ့ခေါင်းစဉ်က ကျွန်တော့်ကိုဦးနှောက်စားစေပါတယ်။ တူမကြီး dream က tag လိုက်တော့လည်း ကျွန်တော်ပြောပြပါမယ်။ ခက်တာက ကျွန်တော်က ဖြစ်သလိုစားတတ်တဲ့ကောင်မဟုတ်ဘူးဗျ။
အိမ်ကပုံမှန် ထမင်းဝိုင်းမှာဆိုရင် အသားဟင်း အနည်းဆုံးသုံးမျိုးပါတယ်ဗျ။ ဘာသား၊ညာသားရယ်လို့တော့ မဟုတ်ပါဘူး၊ ၀က်၊ကြက်၊ အမဲ၊ ပုဇွန်၊ ငါးရံ့ခြောက် အလျင်းသင့်သလိုပါပဲ။
နောက် အသီးအရွက်ကြော်တစ်ပွဲ၊ဟင်းချို၊ ငံပြာရည်ကျော်၊ဒါက အိမ်မှာနေ့တိုင်းစားသောက် ဖြစ်နေတဲ့ မြန်မာ
ထမင်းဝိုင်းပုံစံပါ။

အိမ်ကဟင်းတွေငြီးငွေ့လာရင် တစ်ခါတစ်လေ တရုတ်တန်းက စားသောက်ဆိုင်တွေမှာ တရုတ်စာသွားစားတယ်။ တရုတ်စာတွေအီလာရင် ချစ်တီးဆိုင်တွေမှာ ကြက်မဆလာချက်တို့၊ ဆိတ်သားမွကြော်တို့ ကြိတ်တယ်။ အရှေ့တိုင်းစာတွေ သိပ်ဓါတ်မကျတော့ရင်လည်း ဥရောပစာတွေကို ဟော်တယ်မှာသွားစားတယ်။ဂျပန်အစာတွေက တော့ပုံတွေမှာ မြင်ပြီးမစားချင်ဘူးဗျ။ ညှီမယ်ထင်လို့။ ဒါကကျွန်တော်စားသောက် နေထိုင်တဲ့ပုံစံ။ ဖြစ်သလိုစားတယ်လို့ ပြောရင်လည်းရတယ်။

လူပါးဝတာတွေရပ်ဦးမှ....သြော်တကယ်တော့ အဲ့လိုလေကြီး၊မိုးကြီး ပြောနိုင်အောင်အဆင်ပြေတဲ့ ဘ၀ဆိုသိပ်ကောင်းမှာပဲလို့ကျွန်တော်စိတ်ကူးယဉ် ကြည့်တာပါ။ လက်တွေ့မှာတော့ ကျွန်တော်ဖြစ်သလိုစားသောက်ခြင်းဆိုတာ ဒီလိုပါ ။ ကျွန်တော်က အစားဆို
ရင် အကောင်းကြိုက်တဲ့ကောင်ဗျ။ လူတိုင်းတော့ အစားကောင်းကြိုက်တာပါပဲလို့ဆိုနိုင်ပေမယ့် ကျွန်တော့်ကိုတော့ အကုန်လုံးကတော်တော်အကောင်း ကြိုက်တဲ့ကောင်လို့ ပြောကြပါတယ်။ ကျွန်တော် ဖြစ်သလိုစားတယ်ဆိုတာကလည်း ကောင်းမယ်ထင်တာလေးတွေရွေးစားတာပါပဲဗျာ။ ဒါပေမယ့် အရသာတို့၊အဟာရတန်ဖိုး တို့ ဈေးနှုန်းတို့ကိုကြည့်ရင်တော့ ဖြစ်သလိုစားသောက်ခြင်းလို့ ခေါင်းစဉ်
တပ်နိုင်ပါတယ်။

တိုးတိုး အာလူးငပိကြော်ဆိုတာ မြန်မာပြည်တွင်လုပ်သည်ဆိုပြီး ဂုဏ်ယူနိုင်ပါတယ်။ တစ်ထုပ်မှ မြန်မာငွေကျပ် တစ်ရာ တည်းပါ။နှစ်ထုပ်ဆို နှစ်ရာတည်းနဲ့ ချဉ်ဟင်းတခွက်နဲ့ ကျွန်တော်ထမင်းစားတတ်ပါတယ်။ ကိုယ့်ပါးစပ်နဲ့ အဆင်ပြေတာလည်း ပါတယ်။ဖြစ်သလိုစားခြင်း တွေကတော့ အချိန်နဲ့အမျှ အမျိုးမျိုးပြောင်းစားနေတာပါပဲ။ တခါတလေ မြန်မာပီပီ လက်ဖက်သုတ်နဲ့ စားဖြစ်တယ်။တစ်ခါတစ်လေ လမ်းဘေးအကြော်ဆိုင်က အကြော်စုံနဲ့ လွေးလိုက်တယ်။ ရပ်ကွက်ထဲက အသုတ်ဆိုင်မှာ ထမင်းသုတ်နဲ့ဆေးဘဲဥသုတ် ကိုအခုတလော ညစာအဖြစ်ဖန်တီးဖြစ်နေတယ်။

တခါတလေ ကိုယ့်ဘာသာသုတ်တဲ့ မြင်းခွာရွက်သုတ်ကို စားဖြစ်တယ်။ ကြုံတုန်းပြောရဦးမယ် ကျွန်တော်မြင်းခွာရွက်သုတ်တဲ့ ပုံစံက ကိုယ့်ဘာသာကိုယ်တော့ ကြိုက်တယ်ဗျ။ နည်းလမ်းကတော့
အရမ်းရိုးရှင်းပါတယ်။ ကျွန်တော်က မြင်းခွာရွက်ထဲကို တခြားအသီးအရွက်တွေဖြစ်တဲ့ ခရမ်းချဉ်သီးတို့ ကြက်သွန်နီတို့မထည့်ဘူး။ အဲ့ဒီတော့ မြင်းခွာရွက်သီးသန့်ထဲကိုပဲ မြေပဲဆံများများထောင်းထည့်၊ ဆီအနေတော်၊ ဆားနည်းနည်း၊ ငံပြာရည် အနေတော်ထည့်ပြီး သုတ်တာဗျ။ ဒီတော့မြင်းခွာရွက် ရဲ့သဘာဝအရသာကို လည်းခံစားမိပါတယ်။

အဲ့ဒီမြင်းခွာရွက်သုတ်ကိုတော့ ထမင်းနဲ့စားရတာထက် နောက်တစ်မျိုးနဲ့တွဲဖက်သုံးဆောင်ရတာကို ကျွန်တော်ပိုကြိုက်ပါတယ်။ဟုတ်တယ်ဗျ... ယမကာနဲ့တွဲဖက် မြည်းလိုက်ရရင် ဇရက်မင်း စည်းစိမ်၊နတ်မင်း စည်းစိမ် ဘယ်စည်းစိမ်နဲ့ မှကို မလဲချင်တော့ဘူး။ ယမကာ ကလည်း အသင့်သောက်မဟုတ်ဘူး။ ကာရာအိုကေဆိုင်က ကောင်လေးတစ်ယောက်သင်ပေးသွားတဲ့ ကော့တေးလ် စပ်တဲ့နည်းလမ်းလေးပါ။
နောက်ကြုံရင်တော့ ရေးဖြစ်မယ်ထင်တယ်။ ကျွန်တော်တော့အဲ့ဒီ ကိုယ့်ဘာသာစပ်တဲ့
ကော့တေးကိုတော်တော်ကြိုက်တယ်ဗျ။

ဖြစ်သလိုစားရတာ ရက်တွေဆက်လာရင်တော့ ကျွန်တော်အိမ်ကိုပြန်ဖို့ပဲ တွေးမိပါတယ်။ ပြည်တွင်းမှာပဲ ရှိသေးတော့ အိမ်ကလည်း ပြန်မယ်ဆိုလွယ်ပါတယ်။ အိမ်ရောက်ရင်တော့ ကျွန်တော့်မှာဖြစ်သလို စားသောက်ခြင်းဆိုတာ နည်းသွားပါတယ်။ အမေကဘယ်တော့မှ သား၊သမီးတွေကို ဖြစ်သလိုကျွေးမယ် လို့စိတ်ကူးမရှိပါဘူး။ ကျွန်တော်တို့ကလည်း အမေချက်သမျှကိုမကောင်းဘူးလို့ပြောခဲပါတယ်။
ကျွန်တော့်အမေက ကမ္ဘာပေါ်မှာ ဟင်းချက်အကောင်းဆုံးပဲဗျ ။ ဟုတ်တယ်.... ကိုယ့်အမေလက်ရာသည်သာ ကမ္ဘာပေါ်မှာအကောင်းဆုံးလို့ ကျွန်တော် ဖြစ်သလိုစားသောက်ရပြီဆိုရင် အမြဲတမ်းတွေးနေမိတယ်။

ငိုချင်း

10 October 2008

ကျောင်းတက်တုန်းက ကောင်မလေးတစ်ယောက်ပြောသံစကားကို အခုထိမှတ်မိနေသေးတယ်။ ကျောင်းကား
ပေါ်မှာပါ သူ့သူငယ်ချင်းကောင်လေးက ကိုဖီအာနန်ကို သိလားလို့မေးတော့ ဟင့်အင်းတဲ့။ အဲ့ဒီ ကျောင်းသူ
ကမရှိဘူးဆိုရင်တောင် ဒုတိယနှစ်လောက်တော့ အနည်းဆုံးရောက်နေပါပြီ။ ဒီတုန်းက ကုလအတွင်းရေးမှူး
ချုပ်က ကိုဖီအာနန်ပါ။ အဲ့ဒါကို မသိဘူးလို့ပြောလို့ ကျွန်တော်အံ့အားသင့်သွားပေမယ့် ကျွန်တော့်သူငယ်ချင်း
ကတော့ ဒီထက်ဆိုးတာတောင်ရှိတယ်ကွ လို့အားပေးခဲ့ပါတယ်။ မိန်းကလေးတွေမပြောနဲ့ ယောကျာင်္းလေးတွေ
ထဲမှာတောင် သိသင့်သလောက်တောင် မသိကြတဲ့ သူတွေအများကြီးပဲကွလို့ပြောပါတယ်။ မျက်စိပွင့် နားပွင့်
နေရတဲ့ရန်ကုန်မြို့ကြီးက တက္ကသိုလ်ကျောင်းသား၊ကျောင်းသူလေးတွေပါ။ ကျွန်တော်လည်း ကိုယ့်ကိုကိုယ်
နားလည်ပြည့်ဝနေတယ် လို့မခံယူထားပါဘူး။ တစ်ခုခုကို အမှန်အတိုင်းသိလာဖို့ အတွက်ကြိုးစားနေဆဲပါ။

သာမန်တွေးရင်တော့ ကျောင်းစာနဲ့လည်း မဆိုင်တဲ့အကြောင်းသိရလို့ကော ဘာအရေးလဲ လို့မေးခွန်းထုတ်စရာရှိပါတယ်။ ဒါပေမယ့် အဲ့ဒီကောင်မလေးကို ကိုရီးယားမင်းသား၊မင်းသမီး တွေနဲ့ သူတို့ကြိုက်တတ်တဲ့ လူငယ် အဆိုတော်၊မင်းသား တွေအကြောင်းတော့ သွားမမေးလိုက်နဲ့ ကလေးဘ၀ကနေ လက်ရှိအချိန်ထိ အကြောင်းတွေ ကရားရေလွှတ်ပြောပြပါလိမ့်မယ်။

လူငယ်တွေဟာ ဘာတွေကိုစိတ်ဝင်စားနေလဲ၊ ကမ္ဘာမှာကော ဒီလိုပဲလား။ ဒါမှမဟုတ် ကျွန်တော်တို့ နိုင်ငံမှာပဲလား ဆိုတာတော့ ကျွန်တော်သေသေချာချာ မသိပါဘူး။ ဒါပေမယ့် လူငယ်တစ်ယောက်ဟာ တစ်ချိန်မှာသူကိုယ်တိုင် ပတ်သတ်လာရမယ့် ကမ္ဘာကြီးအကြောင်းကိုတော့ အနည်းအကျဉ်း သိရမယ်လို့ကျွန်တော်ထင်ပါတယ်။ ကျွန်တော့် အမြင်ပြောရရင်တော့ ကျွန်တော်တို့နှစ်တွေက မျိုးဆက်တွေဟာ အရင်မျိုးဆက်တွေလိုမဟုတ်ပဲ တစ်ခုခုနဲ့အဆက်အသွယ်ပြတ်သွားတယ်လို့ထင်ပါတယ်။ အဲ့ဒါကလည်းတဖြည်းဖြည်းနဲ့ ပိုပြီးဆိုးဆိုးလာတယ်လို့ထင်တယ်။

ကျွန်တော့် ညီဝမ်းကွဲလေးတစ်ယောက်က ဒီနှစ်မှ ဆယ်တန်းအောင်တာပါ။ သူဒေါက်တာသန်းထွန်းကို မသိဘူးပြောပါတယ်။ ကိစ္စမရှိဘူး ကျွန်တော့်မှာ ဒေါက်တာသန်းထွန်း ရေးတဲ့စာအုပ်အနည်းအပါးရှိတော့ သူ့ကိုပေးဖတ်လိုက်ပါတယ်။ ကျောင်းစာအုပ် တွေထဲက မနေ့တစ်နေ့ကမှ ထွက်လာရရှာတော့ ကျွန်တော်သူ့ကို နားလည်ပေးနိုင်ပါတယ်။ ဒါနဲ့ သူစာအုပ်ကိုကျွန်တော့်နားမှာတင် အမြည်းဖတ်တော့ ရှေ့ဆုံးမှာ ဒေါက်တာသန်းထွန်း ရဲ့ အတ္ထုပ္ပတိ ကိုသူစဖတ်ပါတယ်။ ကျွန်တော်လည်းသူ့ကို စိတ်ဝင်စားလို့ ဆက်ကြည့်နေမိတယ်။ သူက ဆရာကြီးရဲ့ ဇာတိကိုကြည့်ပြီး တောမှာပဲမွေးတာနော်လို့ပြောပါတယ်။
တောမှာမွေးပြီး ဒီလိုကမ္ဘာသိ ပုဂ္ဂိုလ်ကြီးဖြစ်နေတာကိုလည်း သူအံ့အားသင့်ပုံပေါ်တယ်။ ဒီခေတ်မှာက တောရွာမပြောနဲ့ ရန်ကုန်မြို့ကြီးမှာတောင် ကြိုးစားတိုင်းလည်း မဖြစ်ဘူးဆိုတာကို ကလေးတွေကသဘောပေါက်ကြတယ်။

ဒီလိုနဲ့သူဆက်ဖတ်နေရင်း တစ်နေရာအရောက်မှာ ဆရာကြီးက ငသိုင်းချောင်းဖဆပလ ရဲ့ပထမဆုံးဥက္ကဌ ဆိုတာတွေ၊ ၁၉၄၇ မှာ ဗကသ ဥက္ကဌ ဆိုတာတွေဖတ်ရင်း အဲ့ဒီစာပိုဒ်ရဲ့ အဆုံးမှာ ၁၉၄၈ တွင် လွပ်လပ်ရေးရပြီးနောက် နိုင်ငံရေးကို စွန့်လွှတ်၍ သမိုင်းနှင့် စာပေဘက်ကိုသာ အာရုံစိုက်ခဲ့ဆိုတာကို သူတွေ့သွားပါတယ်။ ဒီမှာတင် ကျွန်တော့်ဘက်ကို လှည့်ပြီး နိုင်ငံရေး လည်းလုပ်တယ်လို့ ပြောပါတယ်။ သူ့ပုံကြည့်ရတာ နိုင်ငံရေး ဆိုတာ ဒီလိုဆရာကြီးတွေနဲ့မဆိုင်ဘူး သီးသန့်လူတွေက ရာဇ၀တ်မူ့ ကျူးလွန်နေတာလို့ ပြောချင်ပုံရပါတယ်။ ဟုတ်ပါတယ် သူ့ရဲ့အတွေး၊ သူ့ရဲ့အမြင်က နိုင်ငံရေး ဆိုတာအပြစ်ကျူးလွန်ခြင်းလို့စွဲနေပုံရပါတယ်။ သူ့ခေါင်းထဲကို ဒီအတွေးတွေဝင်နေတဲ့ ကလေးတစ်ယောက်ဟာ ဘယ်အချိန်မှာ နိုင်ငံရေး ဆိုတာကို သဘောပေါက်လာမလဲဆိုတာ ကျွန်တော်သေသေချာချာ မသိပါဘူး ။ အကြောင်းကတော့ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံရေး ဆိုတဲ့ စကားကို သုံးနှုန်းမိရင်ပဲ အပြစ်တစ်ခုတော့ လုပ်မိပြန်ပြီလို့ ခုထိစိတ်ထဲဆွဲနေသေးလို့ပါ ခင်ဗျာ။

ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်

လက်ညှိုးညွှန်ရာ
ကွေ့ကောက်စီးဆင်းရလွန်းလို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။

အိပ်မက်တွေ
တစ်ရာသီပြီး တစ်ရာသီ အရိတ်သိမ်းခံရလွန်းလို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။

ဆုတောင်းခြင်းရဲ့
ကျေးကျွန်ဖြစ်ရဖန် များလွန်းလို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။

ဖြည့်ဆီးခြင်းရဲ့ အရှင်သခင်အဖြစ်
အရာအားလုံးကို ပြဌာန်းဖို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။

လောကဓံကို
ပျစ်ပျစ်နှစ်နှစ် ဆက်ဆံရေးဖို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။

အတိအကျပြောရရင်တော့
ကိုယ့်ကိုကိုယ် ဓားထောက်ပြီး
လူ့ကျင့်ဝတ်တွေကို လုယက်ဖို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တာပါပဲ။

ရေးသားသူ-မြမြင့်မိုရ်၊ ၂၀၀၄ အောက်တိုဘာလထုတ် ဟန်သစ်မဂ္ဂဇင်း

7 October 2008

ပြောချင်လွန်းလို့
လူတစ်ယောက်သည် လောကီကိစ္စများကို စိတ်ကုန်လာသောကြောင့် ၀စီပိတ်ကျင့်ရသော ကျောင်းတစ်ကျောင်း တွင်တရားကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ ကျောင်းသို့ရောက်သောအခါ ကျောင်းထိုင်ဆရာတော်က ပြောသည်။
"သင်ဟာ ဒီကျောင်းမှာ နေပြီး ကျင့်မယ်ဆိုရင် စည်းကမ်းတွေကို အလေးအနက်လိုက်နာဖို့လိုမယ်။ သင်စကားပြော ချင်ရင် သုံးနှစ်နေတစ်ခါ တစ်ခွန်းပြောခွင့်ပေးမယ်"
"ကောင်းပါပြီ ကျွန်တော်နေနိုင်ပါတယ်"
ထိုသို့ဖြင့် သုံးနှစ်ပြည့်သွားသောအခါ ထိုလူသည်တစ်ခွန်းပြောခွင့်ရသည်။ ကျောင်းထိုင်ဘုန်းကြီးက နားထောင်သည်။
"အိပ်ယာတွေက မကောင်းဘူး"
တစ်ခွန်းပြီးသွားသည်။ ထို့နောက် နောက်ထပ်သုံးနှစ်ပြည့်သွားပြန်သည်။ နောက်တစ်ကြိမ်ပြောခွင့်ရသောအခါ ထပ်ပြောသည်။
"အစားအသောက်ကလည်း တော်တော်ညံ့တယ်"
နောက်ထပ်သုံးနှစ်၊ စုစုပေါင်းကိုးနှစ်ကြာသော အခါ စကားတစ်ခွန်းထပ်ပြောခွင့်ရလေသည်။
"ဒီလောက်ဆိုးတဲ့ကျောင်းမှာ ကျွန်တော်မနေနိုင်ဘူးဗျာ"

ငါးဟင်းမစားလို့
စိတ်ရောဂါကု ဆရာဝန်ထံသို့ လူတစ်ယောက်ရောက်လာသည်။
"ဘာဖြစ်လို့လဲဗျ"
"ကျွန်တော့်မိန်းမ သုံးယောက်လုံး ကျွန်တော့်လက်ပေါ်မှာတင် သေသွားလို့ပါ"
"အေးဗျာ ဒါကြောင့် ခင်ဗျားစိတ်မကောင်းဖြစ်နေတာ ကျွန်တော်နားလည်ပါတယ်။ ဒါနဲ့ သူတို့အားလုံးက ဘယ်လို သေသွားရတာလဲ"
"ပထမ မိန်းမတုန်းက အဆိပ်ပါတဲ့ ငါးဟင်းစားမိလို့သေတာ၊ ဒုတိယ မိန်းမကလည်း အဆိပ်ခပ်ထားတဲ့ ငါးခေါင်းဟင်းစားမိလို့ သေတာ၊ တတိယ မိန်းမကတော့ ခေါင်းကွဲပြီးသေတာပါ ဆရာ"
"ဖြစ်ရလေဗျာ ဒါနဲ့ ဘယ်လိုဖြစ်ပြီး ခေါင်းကွဲရတာလဲ"
"ဟာ.... ဒီမိန်းမက အဆိပ်ပါတဲ့ ငါးဟင်းမှ မစားတာကိုးဗျ"

အဖြေစစ်နေတယ်
ဆရာမသည် ကျောင်းသားများအား အမှား၊ အမှန်ဖြေရသော သင်ခန်းစာကို ဖြေခိုင်းသည် ။ ကျောင်းသားတစ်ယောက်ဖြစ်သောဂျွန်သည် မရသောကြောင့် ဒင်္ဂါးပြားတစ်ပြားအားလှန်ကာ ခေါင်းကျလျင် အမှန်၊ ပန်းကျလျင်အမှား ဟုသတ်မှတ်ကာ ဖြေလေသည်။
အချိန်စေ့သွားသောကြောင့် တစ်ခြားကျောင်းသားများ ထွက်သွားသော်လည်း ဂျွန်သည်ခေါင်း၊ပန်း လှန်နေရာမှ မပြီးသေးပေ။ ဆရာမက လှမ်းမေးလိုက်သည်။
"ဂျွန် မင်းဖြေနေတာအခုထိ မပြီးသေးဘူးလား"
"ပြီးပါပြီ ဆရာမ ကျွန်တော်အဖြေ မှန်၊ မမှန် သေသေချာချာ ပြန်စစ်နေလို့ပါ"

မကြာခင်ကစားရမယ်
အခြေအနေမကောင်းတော့သော လူနာတစ်ယောက်အား ဆရာဝန်သည်အားပေးနေသည်။ လူနာမှာ ဂေါက်သီးဝါသနာရှင် တစ်ယောက်လည်းဖြစ်သည်။ လူနာက ဆရာဝန်အား အားငယ်စွာမေးသည်။
"ဆရာရယ် ကောင်းကင်ဘုံမှာ ဂေါက်ကွင်းကောရှိရဲ့လားဟင်"
"ရှိတာပေါ့ဗျာ တစ်ကယ်ကို လှပစိမ်းစိုတဲ့ ဂေါက်ကွင်းကြီးပေါ့"
"ဟုတ်လား ဒါဆိုရင်တော့ ကောင်းကင်ဘုံက ပျော်စရာကြီးပဲနော်"
"ဟုတ်တာပေါ့ဗျာ .... နောက်တစ်ပတ်လောက်ဆိုရင်တောင် ခင်ဗျားအဲ့ဒီဂေါက်ကွင်းကြီးမှာ
ကစားလို့ရနေပြီ"

ရယ်ဆိုတော့လည်း ရယ်လိုက်ပေါ့
အာရပ်နိုင်ငံတစ်နိုင်ငံသို့ အင်္ဂလိပ်စစ်ဗိုလ်ချုပ်တစ်ယောက် လာရောက်လည်ပတ်ရာ ပါးနပ်အကင်းပါးသော စကားပြန်တစ်ယောက်အား ဗိုလ်ချုပ်အတွက်ထည့်ပေးလိုက်သည်။ ထိုစကားပြန်သည် အင်္ဂလိပ်စကားအား ယဉ်ကျေး၊သိမ်မွေ့စွာ ပြောတတ်ကာစကားအပြောအဆိုလည်း ကျွမ်းကျင်ပေသည်။ တစ်နေ့တွင် ဗိုလ်ချုပ်သည် အာရပ်စစ်တန်းလျားသို့ သွားလည်၍ စစ်သားများအား အလွန်ရှည်လျားသော ဟာသတစ်ပုဒ်အားပြောပြလေသည်။ ဗိုလ်ချုပ်ပြောပြီးသောအခါ စကားပြန်အား ဘာသာပြန်ခိုင်း
လေရာ စကားပြန်သည် တိုတိုပြောလိုက်ရုံနှင့် စစ်သားများသည်ရယ်မောကြလေသည်။
ဗိုလ်ချုပ်လည်း အံ့သြသွားပြီး စကားပြန်ကိုမေးလေသည်။
"မင်းအရမ်း တော်တာပဲ။ ငါအရှည်ကြီးပြောတာကို မင်းကခပ်တိုတိုနဲ့ပြောလိုက်တာ ဒီကောင်တွေအကုန် ရယ်သွားကြတယ်။မင်းဘယ်လို ချုံ့ ပြီးဘာသာ ပြန်ပေးလိုက်တာလဲကွ"
"ဒီလိုပါ ဗိုလ်ချုပ်ပြောတဲ့ ဟာသကအရမ်းရှည်နေတော့ သူတို့သဘောမပေါက်နိုင်ဘူး။ အဲ့ဒါကြောင့် ဗိုလ်ချုပ်ဟာသပြောနေတယ် မင်းတို့အားလုံး ရယ်လိုက်ကြပါလို့ ပြောလိုက်တာပါ။"

မျှဝေခံစားခြင်း

3 October 2008

ကျွန်တော် အိမ်ပြန်ဖြစ်တော့ စာအုပ်ဟောင်းတွေ ပြန်မွှေရင်းနဲ့ ဟန်သစ် မဂ္ဂဇင်းဟောင်းနှစ်အုပ်ကို ပြန်တွေ့ပါတယ်။ ၂၀၀၄ နိုဝင်ဘာ နဲ့ အောက်တိုဘာ ကစာအုပ်တွေပါ။ အဲ့ဒီနောက်တော့ ဟန်သစ်မဂ္ဂဇင်း လည်းရပ်နား သွားခဲ့ပါတယ် ။ ၂၀၀၆-၀၇ လောက်မှာ ပြန်ထွက်တယ်ထင်ပါတယ်။ ဒါပေမယ့် အရင်
ဟန်သစ်ကိုတော့ မမှီတော့ပဲ ကြိုးစားရင်းနဲ့ပဲ ပြန်ပျောက်သွားပါတယ်။ အရှုံးခံပြီး လုပ်ခဲ့ကြတဲ့ ကိုသျှားညိုတို့ကိုလည်း လေးစားမိပါတယ် ။ ဒီမှာက မဂ္ဂဇင်းထုတ်ရင် စာတွေမပါရင်နေ၊ ညှိ့အားပြင်းပုံတွေပါမှ
ရပ်တည်ဖို့က လွယ်တာကိုးဗျ ။ အခုဒီ ကျွန်တော့်မှာ ရှိတဲ့ မဂ္ဂဇင်းနှစ်အုပ်ထဲက ကျွန်တော်ကြိုက်တာလေးတွေကို
ဘလော့မှာ ရေးသွားပါမယ် ။ မျှဝေခံစား ခြင်းပေါ့ဗျာ ။ ကိုဟန်သစ်ငြိမ်ရဲ့ စကားလုံးလေးကို သဘောကျလို့ လေဘယ်မှာပါ ယူသုံးလိုက်ပါတယ်။ ဟီး...ဟီး ဟန်သစ်တွေချည်းပဲနော် ။ ကဲ ဖတ်ကြည့်လိုက်ကြပါဦးဗျာ ။
ဆရာသစ္စာနီ ရဲ့ လက်ရာပါ။

မဖတ်ဖြစ်တဲ့ပြဇာတ်

(၁)
ကျွန်ုပ်သည် ၀က်တစ်ကောင်ကိုမွေးမြူကာ ထိုဝက်အား ရှိတ်စပီးယားဟု အမည်ပေးထားသည်ဆိုလျင် ထိုဝက်
၏အမည်သည် မော်စီတုန်း၊ ရောဘတ်ဒယ်နီရို၊ ကလင်တန်မဟုတ်ကြောင်းနှင့် ထိုဝက်သည် ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ်ကို ရေးသားသူမဟုတ်ကြောင်း သူငယ်ချင်းများကသိကြသလို၊ ကျွန်ုပ်ကိုယ်တိုင်ကလည်း ဤကဲ့သို့အမည်ပေးရသည်မှာ ထိုဝက်ကိုရိုမီယိုနှင့် ဂျူလီယက် ပြဇာတ်ရေးသားသူဖြစ်သည်ဟု ယုံကြည်ကြရန်
ရည်ရွယ်လိုရင်း မရှိသည်မှာ မှန်ပါသော်လည်း ထိုဝက်၏ အသည်းနှလုံးသည် ရိုမီယို၏အသည်းနှလုံးကဲ့သို့ ဂန္တ၀င်အချစ်ဓါတ်တွေ ပြည့်လျှမ်းမနေနိုင်ဟု တစ်ထစ်ချပြောဆိုရန် ခက်သကဲ့သို့ ၊ ထိုဝက်တွင် သူအသက်ပေး
လောက်ရအောင်ချစ်သော (ဂျူလီယက်ဟု အမည်တွင်ချင်တွင်မည်) ၀က်မလေးတစ်ကောင်မရှိဟု ယတိပြတ်
ပြောဆိုရန်မှာ ကျွန်ုပ်အတွက်သော်လည်းကောင်း၊ သူငယ်ချင်းများအတွက်သော်လည်းကောင်း ခက်ခဲဝန်လေးဖွယ်ရာ ရှိနေသည်မှာမှန်သော်လည်း၊ ရှိတ်စပီးယား၏ ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ်ကို မူရင်းရော
မြန်မာပြန်ပါ မဖတ်ဘူးပါပဲနှင့် သမ္မတရုံတွင် ပြသခဲ့သော ရိုမီယို နှင့် ဂျူလီယက် ရုပ်ရှင်ကို တစ်ကျပ်ခွဲတန်းက
ကြည့်ကာ မေ့မရနိုင်သော စွဲလမ်းစိတ်နှင့် အိုလီဗီယာဟတ်စီ(ထိုရုပ်ရှင်ကားထဲတွင် ဂျူလီယက်အဖြစ်သရုပ်ဆောင်သူ) နှင့် ဘယ်လိုကြည့်ကြည့်လုံးဝ မတူသော ကောင်မလေးတစ်ယောက်အား
ထိုစဉ်က ခေတ်စားနေသည့် ရိုမီယိုနှင့် ဂျူလီယက်ပုံရိုက်နှိပ်ထားသည့် စာအိတ်ထဲတွင် မွှေးပျံ့ကာ ပန်းနုရောင်ရှိသော ရည်းစားစာတစ်စောင်ကို ထည့်ပေးမိသောကြောင့် ပါးရိုက်ခံခဲ့ရသော ကျွန်ုပ်အားမူ ၀က်တစ်ကောင်ကဲ့သို့ ထုံအပါပေသည်ဟု သူငယ်ချင်းများက အလွယ်တကူ မှတ်ချက်ချကြ၍ ကျွန်ုပ်ကိုယ်တိုင်ကမူ ကိုယ့်ဘာသာ ရိုမီယိုကဲ့သို့ မစွံလေခြင်းဟု မှတ်ချက်ချကာ နှစ်ကာလများ အတန်ကြာ
အောင် ကြာလွန်လာသည့်အချိန်အထိ ကျွန်ုပ်သည်ရှိတ်စပီးယား၏ ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ် မူရင်းကိုရော မြန်မာပြန်ကိုပါ မဖတ်ရပဲ ရှိနေဆဲ၊ သူမ(လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က ကျွန်ုပ်၏
ဂျူလီယက်) ကိုဝက်မတစ်ကောင်ကဲ့သို့ ၀ဖီးသော ခန္ဓာကိုယ်နှင့် တွေ့လိုက်ရသဖြင့် ကျွန်ုပ်ကိုယ်တိုင် ရှိတ်စပီးယား၏ဇာတ်ကောင် ရိုမီယို မဖြစ်ခဲ့ရခြင်းအတွက် (သို့မဟုတ်) ၀က် မဖြစ်ခဲ့ရခြင်းအတွက် ၀မ်းအသာကြီးသာကာ ဘီယာသုံးခွက်ဆင့်သောက်၍ ရှိတ်စပီးယားကို ပါးပိတ်ရိုက်လိုက်ပြီး ရိုမီယိုနှင့် ဂျူလီယက် ပြဇာတ်ကို မူရင်းရော မြန်မာပြန်ပါ ဘယ်သောအခါမှ မဖတ်ရန်ဆုံးဖြတ်လိုက်လေသည်။

(၂)
ကျွန်ုပ် ရှိတ်စပီယားကို ပါးရိုက်လိုက်မိခြင်းမှာ ဘီယာသုံးခွက် ဆင့်သောက်ကာ မူးရစ်နေသောကြောင့်ဟု
သူငယ်ချင်းများက စွပ်စွဲသော်လည်း ကျွန်ုပ်ကမူ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်က သမ္မတရုံတွင်ပြသခဲ့
သော ကျွန်ုပ်တစ်ကျပ်ခွဲပေးကာ ကြည့်ခဲ့သည့် ရိုမီယိုနှင့် ဂျူလီယက် ရုပ်ရှင်ဇာတ်လမ်းကို ရှိတ်စပီးယားရေး
ခဲ့သောကြောင့်သာ ဖြစ်သည်ဟု အပြန်အလှန်ငြင်းခုန်ခဲ့ပါလျက် ကျွန်ုပ်အားထုံအအ၀က်တစ်ကောင်ဟု မှတ်ချက်အချခံရခြင်းမှာ ရှိတ်စပီးယား၏ ရိုမီယိုနှင့် ဂျူလီယက် ပြဇာတ်ကို မူရင်းရော မြန်မာပြန်ပါ မဖတ်ခဲ့
ဖူးခြင်းနှင့် မသက်ဆိုင်ဘဲ အိုလီဗီယာဟတ်စီနှင့် ဘယ်လိုကြည့်ကြည့် လုံးဝမတူသောကောင်မလေး (၀က်မမဟုတ်)ကို ကျွန်ုပ်က ရေမွှေးဆွတ်ထားသော ပန်းနုရောင်စာရွက်တွင် ရည်းစာစာရေး၍ ထိုခေတ်က
ခေတ်စားတွင်ကျယ်နေသည့် ရိုမီယိုနှင့် ဂျူလီယက် ဓါတ်ပုံရိုက်နှိပ်ထားသော စာအိတ်ထဲတွင်ထည့်ကာ ပေးခဲ့မိ
ခြင်းအတွက်ကြောင့်လားဟု ကျွန်ုပ်ကိုယ်တိုင် ဆုံးဖြတ်ရခက်ခဲ့သော်လည်း ၀က်တစ်ကောင်၏ အသဲနှလုံး
တွင် ဂန္တ၀င် အချစ်စိတ်တွေ ပြည့်လျှမ်းမနေနိုင်ဟုလည်းကောင်း၊ ထိုဝက်တွင် အသက်ပေးချစ်ရမည့်
ဝက်မလေး(ဂျူလီယက်) တစ်ကောင်ရှိမနေနိုင်ဟုလည်းကောင်း၊ ယတိပြတ်ဆုံးဖြတ်ပြောဆိုရန်အတွက်မူ
မလွယ်ကူလှခြင်းကြောင့် လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်က ကျွန်ုပ်ကို ငြင်းဆန်ခဲ့သည့် ဂျူးလီယက်(သူမ
နာမည် အမှန်မဟုတ်ပါ) ကို ၀က်မတစ်ကောင်ကဲ့သို့ ၀ဖြိုးသော ခန္ဓာကိုယ်နှင့် အမှတ်မထင် ပြန်လည်တွေ့ဆုံ
လိုက်ရသောအခါ ကျွန်ုပ်သည် ထိုစဉ်က ရိုမီယို(သို့မဟုတ်) ၀က်တစ်ကောင်မဖြစ်ခဲ့ရခြင်းအတွက် ၀မ်းသာ
အားရနှင့် ၀က်တစ်ကောင်ကိုမွေးမြူကာ ထိုဝက်အား ရှိတ်စပီးယားဟု အမည်ပေးလိုက်ခြင်းဖြင့် ထိုဝက်က
ရိုမီယို နှင့် ဂျူလီယက် ပြဇာတ်ကို ရေးသားသူဟုဆိုလိုရာ မရောက်ကြောင်း သူငယ်ချင်းများကလည်း သဘော
ပေါက်ကြသဖြင့် ကျွန်ုပ်သည် ယခုထက်တိုင် ရှိတ်စပီးယား၏ ရိုမီယို နှင့် ဂျူလီယက် ပြဇာတ်ကို ယခုထက်တိုင်
မူရင်းရော၊ မြန်မာပြန်ပါ မဖတ်ဖူးပဲရှိလေသည်။

(၃)
ရှိတ်စပီယား၏ ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ်ကို မူရင်းရော မြန်မာပြန်ပါ မဖတ်ဖူးသည့် ၀က်တစ်ကောင်က
ကျွန်ုပ်ကို ပါးရိုက်ခဲ့ခြင်းမှာ ထိုစဉ်ကသောက်စားတွင်ကျယ်နေသည့် ၀က်နှစ်ကောင်ပုံ (၀က်ထီးနှင့် ၀က်မ) ရိုက်
ှနှိပ်ထားသော စာအိတ်ထဲတွင် ကျွန်ုပ်က ပန်းနုရောင် ရည်းစားစာရွက်ကိုထည့်ကာ ဘီယာရောင်းသည့် ကောင်တာမှ အိုလီဗီယာဟတ်စီနှင့် ရွေးမရအောင် စွတ်စွတ်တူသည့်( လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က
သူမသည် ၀က်တစ်ကောင်ကဲ့သို့ ၀ဖြိုးသော ခန္ဓာကိုယ်ရှိသည်) အရောင်းစာရေးမ ဂျူလီယက်အား ဇွတ်လက်
ဆွဲကာ ပေးခဲ့မိသည့်အတွက် ဖြစ်သည်ဟုဆိုရန် ခက်ခဲသော်လည်း သမ္မတရုံတွင် ရုပ်ရှင်ကြည့်စဉ်က ထိုဝက်သည် ဂျူလီယက်နှင့် ယှဉ်တွဲကာ ထိုင်ခဲ့သည်ဟု(ထိုဝက်၏ အမည်သည် ရိုမီယို ဖြစ်မဖြစ်မှာ မသေချာပါ)ကျွန်ုပ်၏ သူငယ်ချင်းများအား ယတိပြတ် ပြောပြခဲ့သည့်အတွက် ထုံအအနိုင်လှသော ရှိတ်စပီးယားကို ဂုဏ်ပြုသောအနေဖြင့် ကျွန်ုပ်က ၀က်တစ်ကောင်အား ဘီယာသုံးခွက်ဆင့်တိုက်ခဲ့ခြင်းမှာ ရှိတ်စပီယား၏ ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ်ကို မူရင်းရော မြန်မာပြန်ပါ မဖတ်ရသေးခြင်းနှင့် ဆိုင်မဆိုင် မသိရဘဲ ရှိလေတော့သည်။

rap battle နှင့်အမေရိကန်ရွေးကောက်ပွဲ

2 October 2008

လူသည် သမိုင်းတွင် ဂုဏ်ရောင်ပြောင်ချင်သည်။
မည်သူက စပြောမှန်းတော့ ကျွန်တော်လည်းမသိ အတွေ့များတာကတော့ ဆရာကျော်ဝင်းစာအုပ်မှာ ဖြစ်ပါတယ်။ ဒီစကားကိုယေဘူယျအားဖြင့်တော့ ကိစ္စတော်တော်များများ မှန်တယ်လို့ပြောလို့ရပါတယ်။ နပိုလီယံဟာ ရုရှားကို တိုက်ခဲ့တာဂုဏ်ရောင်ပြောင်ချင်လို့ပါ။ ဟစ်တလာရဲ့ ရူးသွပ်မူ့တွေရော ၊ နောက်နိုင်ငံရေးသမားတော်တော်များရဲ့ပေါ်လစီတွေဟာလည်းကိုယ့်ဂုဏ်ရောင်ကိုပြောင်စေချင်လို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် မာသာထရီဆာတို့လို တကယ်မွန်မြတ်တဲ့ သူတော်စင်တွေရှိတာလည်း မေ့ထားလို့တော့မရပါဘူး။

ကျွန်တော် ကမ္ဘာ့အဖြစ်အပျက်တွေကို သတင်းတွေမှာဖတ်ဖြစ်ရင်မကြာခဏစဉ်းစားမိပါတယ်။ လူတော်တော်များများလည်း ကျွန်တော့်လိုတွေးမိကြမှာပါ ။ ဒါပေမယ့် ကျွန်တော့်အတွေးတွေကိုတော့ ခေတ်စကားနဲ့ ပြောရင် ခပ်ပိန်းပိန်းတွေပါလို့ ပြောလို့ရပါတယ်။ တွေးမိတာကဒီလိုပါ ။ နိုင်ငံကြီးတွေကို ကြည့်လိုက်ရင် ရပ်ကွက်ထဲကလူတွေရဲ့ အဖြစ်တွေနဲ့ တော်တော်တူပါတယ်။ ချုံ့ပြီးစဉ်းစားကြည့်ရင်ပေါ့ဗျာ။
ဒီ့ထက်ပိုချုံ့စဉ်းစားရင်တော့ဂေါ်လီရိုက်တဲ့အရွယ်ကလေးတွေလို၊ဈေးထဲကဈေးသည်တွေလိုစဉ်းစားနိုင်သလောက်ကို ချုံ့ပြစ်လိုက်လို့ရပါတယ်။

ပထမကမ္ဘာစစ်ကြီး နဲ့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခဲ့တာကိုပဲ ပြန်စဉ်းစားလိုက်ရင် ကျွန်တော်ဆိုလိုတာကို ကွက်ကွက်ကွင်းကွင်းမြင်သွားမှာပါ။ ကိုလိုနီနယ်မြေ အပြိုင်ရှာခြင်းတဲ့ဗျာ ။ တွေးကြည့်လိုက် ရင် မင်းကတော့များနေပြီ၊ ငါကနည်းနည်းလေးတို့ဘာတို့မစ္ဆိရိယစိတ်တွေ ပွားနေတဲ့ ရပ်ကွက်ထဲကလူတွေလိုပေါ့ ။ ဂုဏ်ရောင်ပြောင်ချင်တာကလည်း အဓိကလို့ပြောလို့ရတာပေါ့။ ဘယ့်နှယ်ဗျာကိုယ့်နိုင်ငံသားတွေကြီးပွားဖို့ကို တစ်ခြားနိုင်ငံကနေမတရားယူမယ်တဲ့။ လူတွေ၊လူတွေ အလိုဆန္ဒတွေက မွေးကင်းစကလေးလို
ကိုယ်နဲ့ဆိုင်တာကို ကိုယ်မသိပဲ၊ မုန့်မြင်တာနဲ့ လက်ညိုးထိုးချင်တော့တာပဲ။နောက်လက်နက်အပြိုင်တပ်ဆင်ခြင်း တို့ဘာတို့ ဆိုတာတွေပေါ့။ ကမ္ဘာစစ်ကြီးတွေဖြစ်စေခဲ့တဲ့ အကြောင်းတွေပေါ့ဗျာ။ ကြည့်လိုက်ရင်
ဒီလိုသဘောတွေပဲ။ မဟာမိတ်တွေဖွဲ့တော့လည်း မင်းက ငါနဲ့အမျိုးနည်းနည်းတော်တယ် ငါ့ကိုခေါ် ဆိုတာတွေ၊ ငါ့ဘက်ပါရင်ဘယ်နိုင်ငံက ဘယ်ကျွန်းကို မင်းယူလိုက်ဆိုတာတွေက တွေးလိုက်ရင် ရယ်ဖို့လည်းကောင်းတယ်ဗျ။
ဟောပြီးတော့ ခပ်တည်တည်နဲ့ရန်တွေဖြစ်ကြ ကြားထဲကသောက်သောက်လဲသေကြတာက အပြစ်မဲ့အရပ်သားတွေ။ တိုင်းပြည်နဲ့လူမျိုး
အတွက်ဆိုတဲ့ လူကြီင်္းတွေကတော့ စင်ပေါ်ကနေခပ်တည်တည်ပဲ။ သြော်ဂုဏ်ရောင်ပြောင်ချင်တဲ့ စိတ်များပြောပါတယ်။ သမိုင်းမှာကျန်ခဲ့ချင်တာလည်းပါမှာပေါ့ ။ ဟစ်တလာလိုတော့မဖြစ်ဖို့အရေးကြီးတယ်နော်။ ဟစ်တလာလောက်တော့ မဆိုးပါဘူး ဆိုပြီးစိတ်ထင်
တိုင်းလည်းလျှောက်မလုပ်ကြနဲ့။တော်ကြာဟစ်တလာကအဖေမခေါ်ရတောင်ဟစ်တလာ့သားအဖြစ်လောက်တော့ မှတ်တမ်းဝင်နေဦးမယ်။ကြားလား ..... ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကိုပြောတာပါ ။ သြော်ဒီစာဖတ်နေတဲ့ ခင်ဗျားလည်းပါတယ်ဗျ ။

ဒါနဲ့ စကားမစပ် hip-hop ယဉ်ကျေးမူ့နဲ့ ပတ်သတ်တဲ့ကားတွေကြည့်ဖူးလားဗျ ။ ဟင် ဘာဆိုင်လို့လဲဆိုပြီး ဆန္ဒမစောနဲ့ဦး။ကျွန်တော်ပြောချင်တာလေး ဆုံးအောင်နားထောင် ။ hip-hop ရဲ့ ဘရိတ်ဒန့်စ် အကကို ရုပ်ရှင် အဖြစ်ဖန်တီးထားတဲ့ Step Upလိုကားမျိုးကြည့်ဖူးလား ။ မကြည့်ဘူးရင် ကျွန်တော်ပြောပြမယ်။ အကပြိုင်တဲ့ ရုပ်ရှင်ကားပါ ။ လမ်းပေါ်မှာ ချာတိတ်တွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြိုင်ကြတာပေါ့။ ကမ္ဘာ့စိတ်လှုပ်ရှားစရာအကောင်းဆုံး အကတွေလိုပြောလို့ရတဲ့ underground အကတွေလည်းပါတယ်။
နောက် Eminem ရဲ့ 8mile ရုပ်ရှင်ကောကြည့်ဖူးလား ။ အင်း...ဒါလည်းမကြည့်ရသေးရင်တော့ ပြောပြမယ်ဗျ ။ အမေရိကန် rapperEminem ရဲ့ဘ၀ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ဖန်တီးထားတာပါ။ အဲ့ဒီဇာတ်လမ်းမှာ Eminem ဟာအောင်မြင်မူ့ကို မရခင်လူမည်းတွေအများဆုံးလာတဲ့ကလပ်တွေမှာပရိတ်သတ်အားပေးမူ့ရအောင် သီချင်းဆိုပြိုင်ရပါတယ်။တစ်ခြားသီချင်းဆိုပြိုင်ပွဲတွေလိုမဟုတ်ဘူးနော်။တစ်ယောက်နဲ့တစ်ယောက်သီချင်းစာသားတွေ ကိုကာရံညီဆန်းသစ်အောင်ဖန်တီးပြီးပုတ်ခတ်လှောင်ပြောင်ရတဲ့ပုံစံမျိုးတွေပါ။rap battleတွေလို့လည်းခေါ်ကြပါတယ်။

ကဲစကားလေးပြန်ဆက်ရအောင်။ဟိုတစ်နေ့ကဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်ကြောင့်ဒီအကြောင်းတွေခေါင်းထဲဝင်လာတာပါ။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာပထမဆုံးအကြိမ်အဖြစ်ဂျွန်မက်ကိန်းနဲ့အိုဘားမားတို့စကားစစ်ထိုးပွဲပြုလုပ်ခဲ့ကြတယ်တဲ့။
ထုံးစံအတိုင်းတစ်ယောက်ပေါ်လစီတစ်ယောက်ဝေဖန်ကြတော့ပေါ့ဗျာ။ဒါပေမယ့်ပညာရှိအမျက်အပြင်မထွက်ဆိုတော့လည်း
ပွဲပြီးတော့ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်ကြပါတယ်။ rapper တွေလိုတော့ပြန်မပြောနိုင်တော့ရင် မိုက်ကရိုဖုန်းကြီးပစ်ချသွားတာတွေ ဘာတွေတော့မလုပ်ပါဘူး ။ ဒါပေမယ့် အတွင်းစိတ်က လောင်နေတဲ့မီးတွေကတော့ ဘယ်လိုနေမလဲလို့ကျွန်တော်တွေးမိပါတယ်။ rapper တွေလို ကာရံတွေ စာသားတွေနဲ့ ပြိုင်ကြရင်လည်း ဘယ်လိုဖြစ်မလဲလို့စဉ်းစားမိပါတယ်။
ဟုတ်တယ်လေ တစ်ယောက်အားနည်းချက်တစ်ယောက်ထောက်ပြနေတော့rap battleတွေသဘောမျိုးလို့ကျွန်တော်လိုနလပိန်းတုံးက ဒီလိုပဲတွေးမိပါတယ်။ အဲ့ဒီတော့ စင်ပေါ်တက်ခိုင်းပြီး သူတို့တွေကို ဒီလိုစာသားတွေရွတ်ပြီးပြိုင်ခိုင်းရင်ကောင်းမယ်။

ငါ့နာမည် မက်ကိန်း ဘုရှ်ပေါ်လစီကိုထောက်ခံခဲ့တာ ဒီနေ့ထက်ထိ တစ်ချက်မယိမ်း
ရီဗတ်ပလီကင်ဖြစ်ရတာ ငါ့ဘ၀မှဝမ်းသာမဆုံး ဒီမိုကရက်တစ်အဆင့်မရှိပါ ငါတို့နောက်က နောက်ချီးကျုံး

ဒါဆိုရင် အိုဘားမားကလည်း ဒီင်္လိုစာသားမျိုးတွေကို ပြန်ဆိုပါလိမ့်မယ်ထင်တယ်။

အဖိုးကြီးမက်ကိန်း အသက်ကြီးမှ မီးတောက်ချင်သေး
ဒုသမ္မတကို ရွေးတဲ့သဘော ဘာလဲသိချင်တယ်မြန်မြန်ပြော

ဒီလိုစာသားတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ကြပေါ့ဗျာ။ အကောင်းဆုံးရွတ်နိုင်တဲ့သူကို ပရိတ်သတ်က ပိုပြီးကွဲကွဲပြားပြားသိလာလိမ့်မယ် ။ ဂီတလည်းပါတော့ မြူးတာကိုးဗျ ။ ဒီသဘောကိုပဲ နိုင်ငံအချင်းချင်းတင်းမာနေရင်လည်း သုံးလို့ရသေးတယ်။စစ်သားတွေကို သေနတ်တွေပစ်နေမယ့်အစား အကတွေပြိုင်ခိုင်းလိုက် ။ နိုင်တဲ့အဖွဲ့က အဲမှားလို့ နိုင်တဲ့ နိုင်ငံက ဆွေးနွေးတာကို
အဓိကလက်ခံစဉ်းစားလိုက်ပေါ့ ။ ဘယ်လောက်များ ပျော်ဖို့ကောင်းလိုက်တဲ့ ကမ္ဘာကြီးလဲဗျာ ။ မနက်ဖြန်တိုင်းမှာ ငြိမ်းချမ်းစွာ နိုးထလာနိုင်ကြလိမ့်မယ်။