ငိုချင်း

10 October 2008

ကျောင်းတက်တုန်းက ကောင်မလေးတစ်ယောက်ပြောသံစကားကို အခုထိမှတ်မိနေသေးတယ်။ ကျောင်းကား
ပေါ်မှာပါ သူ့သူငယ်ချင်းကောင်လေးက ကိုဖီအာနန်ကို သိလားလို့မေးတော့ ဟင့်အင်းတဲ့။ အဲ့ဒီ ကျောင်းသူ
ကမရှိဘူးဆိုရင်တောင် ဒုတိယနှစ်လောက်တော့ အနည်းဆုံးရောက်နေပါပြီ။ ဒီတုန်းက ကုလအတွင်းရေးမှူး
ချုပ်က ကိုဖီအာနန်ပါ။ အဲ့ဒါကို မသိဘူးလို့ပြောလို့ ကျွန်တော်အံ့အားသင့်သွားပေမယ့် ကျွန်တော့်သူငယ်ချင်း
ကတော့ ဒီထက်ဆိုးတာတောင်ရှိတယ်ကွ လို့အားပေးခဲ့ပါတယ်။ မိန်းကလေးတွေမပြောနဲ့ ယောကျာင်္းလေးတွေ
ထဲမှာတောင် သိသင့်သလောက်တောင် မသိကြတဲ့ သူတွေအများကြီးပဲကွလို့ပြောပါတယ်။ မျက်စိပွင့် နားပွင့်
နေရတဲ့ရန်ကုန်မြို့ကြီးက တက္ကသိုလ်ကျောင်းသား၊ကျောင်းသူလေးတွေပါ။ ကျွန်တော်လည်း ကိုယ့်ကိုကိုယ်
နားလည်ပြည့်ဝနေတယ် လို့မခံယူထားပါဘူး။ တစ်ခုခုကို အမှန်အတိုင်းသိလာဖို့ အတွက်ကြိုးစားနေဆဲပါ။

သာမန်တွေးရင်တော့ ကျောင်းစာနဲ့လည်း မဆိုင်တဲ့အကြောင်းသိရလို့ကော ဘာအရေးလဲ လို့မေးခွန်းထုတ်စရာရှိပါတယ်။ ဒါပေမယ့် အဲ့ဒီကောင်မလေးကို ကိုရီးယားမင်းသား၊မင်းသမီး တွေနဲ့ သူတို့ကြိုက်တတ်တဲ့ လူငယ် အဆိုတော်၊မင်းသား တွေအကြောင်းတော့ သွားမမေးလိုက်နဲ့ ကလေးဘ၀ကနေ လက်ရှိအချိန်ထိ အကြောင်းတွေ ကရားရေလွှတ်ပြောပြပါလိမ့်မယ်။

လူငယ်တွေဟာ ဘာတွေကိုစိတ်ဝင်စားနေလဲ၊ ကမ္ဘာမှာကော ဒီလိုပဲလား။ ဒါမှမဟုတ် ကျွန်တော်တို့ နိုင်ငံမှာပဲလား ဆိုတာတော့ ကျွန်တော်သေသေချာချာ မသိပါဘူး။ ဒါပေမယ့် လူငယ်တစ်ယောက်ဟာ တစ်ချိန်မှာသူကိုယ်တိုင် ပတ်သတ်လာရမယ့် ကမ္ဘာကြီးအကြောင်းကိုတော့ အနည်းအကျဉ်း သိရမယ်လို့ကျွန်တော်ထင်ပါတယ်။ ကျွန်တော့် အမြင်ပြောရရင်တော့ ကျွန်တော်တို့နှစ်တွေက မျိုးဆက်တွေဟာ အရင်မျိုးဆက်တွေလိုမဟုတ်ပဲ တစ်ခုခုနဲ့အဆက်အသွယ်ပြတ်သွားတယ်လို့ထင်ပါတယ်။ အဲ့ဒါကလည်းတဖြည်းဖြည်းနဲ့ ပိုပြီးဆိုးဆိုးလာတယ်လို့ထင်တယ်။

ကျွန်တော့် ညီဝမ်းကွဲလေးတစ်ယောက်က ဒီနှစ်မှ ဆယ်တန်းအောင်တာပါ။ သူဒေါက်တာသန်းထွန်းကို မသိဘူးပြောပါတယ်။ ကိစ္စမရှိဘူး ကျွန်တော့်မှာ ဒေါက်တာသန်းထွန်း ရေးတဲ့စာအုပ်အနည်းအပါးရှိတော့ သူ့ကိုပေးဖတ်လိုက်ပါတယ်။ ကျောင်းစာအုပ် တွေထဲက မနေ့တစ်နေ့ကမှ ထွက်လာရရှာတော့ ကျွန်တော်သူ့ကို နားလည်ပေးနိုင်ပါတယ်။ ဒါနဲ့ သူစာအုပ်ကိုကျွန်တော့်နားမှာတင် အမြည်းဖတ်တော့ ရှေ့ဆုံးမှာ ဒေါက်တာသန်းထွန်း ရဲ့ အတ္ထုပ္ပတိ ကိုသူစဖတ်ပါတယ်။ ကျွန်တော်လည်းသူ့ကို စိတ်ဝင်စားလို့ ဆက်ကြည့်နေမိတယ်။ သူက ဆရာကြီးရဲ့ ဇာတိကိုကြည့်ပြီး တောမှာပဲမွေးတာနော်လို့ပြောပါတယ်။
တောမှာမွေးပြီး ဒီလိုကမ္ဘာသိ ပုဂ္ဂိုလ်ကြီးဖြစ်နေတာကိုလည်း သူအံ့အားသင့်ပုံပေါ်တယ်။ ဒီခေတ်မှာက တောရွာမပြောနဲ့ ရန်ကုန်မြို့ကြီးမှာတောင် ကြိုးစားတိုင်းလည်း မဖြစ်ဘူးဆိုတာကို ကလေးတွေကသဘောပေါက်ကြတယ်။

ဒီလိုနဲ့သူဆက်ဖတ်နေရင်း တစ်နေရာအရောက်မှာ ဆရာကြီးက ငသိုင်းချောင်းဖဆပလ ရဲ့ပထမဆုံးဥက္ကဌ ဆိုတာတွေ၊ ၁၉၄၇ မှာ ဗကသ ဥက္ကဌ ဆိုတာတွေဖတ်ရင်း အဲ့ဒီစာပိုဒ်ရဲ့ အဆုံးမှာ ၁၉၄၈ တွင် လွပ်လပ်ရေးရပြီးနောက် နိုင်ငံရေးကို စွန့်လွှတ်၍ သမိုင်းနှင့် စာပေဘက်ကိုသာ အာရုံစိုက်ခဲ့ဆိုတာကို သူတွေ့သွားပါတယ်။ ဒီမှာတင် ကျွန်တော့်ဘက်ကို လှည့်ပြီး နိုင်ငံရေး လည်းလုပ်တယ်လို့ ပြောပါတယ်။ သူ့ပုံကြည့်ရတာ နိုင်ငံရေး ဆိုတာ ဒီလိုဆရာကြီးတွေနဲ့မဆိုင်ဘူး သီးသန့်လူတွေက ရာဇ၀တ်မူ့ ကျူးလွန်နေတာလို့ ပြောချင်ပုံရပါတယ်။ ဟုတ်ပါတယ် သူ့ရဲ့အတွေး၊ သူ့ရဲ့အမြင်က နိုင်ငံရေး ဆိုတာအပြစ်ကျူးလွန်ခြင်းလို့စွဲနေပုံရပါတယ်။ သူ့ခေါင်းထဲကို ဒီအတွေးတွေဝင်နေတဲ့ ကလေးတစ်ယောက်ဟာ ဘယ်အချိန်မှာ နိုင်ငံရေး ဆိုတာကို သဘောပေါက်လာမလဲဆိုတာ ကျွန်တော်သေသေချာချာ မသိပါဘူး ။ အကြောင်းကတော့ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံရေး ဆိုတဲ့ စကားကို သုံးနှုန်းမိရင်ပဲ အပြစ်တစ်ခုတော့ လုပ်မိပြန်ပြီလို့ ခုထိစိတ်ထဲဆွဲနေသေးလို့ပါ ခင်ဗျာ။

2 ယောက် မှတ်ချက်ပေးခဲ့သည်:

Han Thit Nyeim said...

ကျွန်တော်ကတော့ `နိုင်ငံရေးလုပ်တာ´ နဲ့ `နိုင်ငံအရေးလုပ်တာ´ ဆိုပြီး ကတ်သီးကတ်သတ် ခွဲခြားလိုက်မယ်ဗျာ။

တားမြစ် ထားသော... said...

ဒါကခေတ်ကို ထင်ဟပ်ပြတဲ့ စာတစ်ပုဒ်လည်းဖြစ်တယ်။

စာကောင်းတွေအများကြီးပဲ။ ဒီနေရာရောက်တော့ ကွန်မန့်မရေးမနေနိုင်အောင် ဖြစ်ရပါတယ်။

ကျွန်တော်လည်း အပြစ်တစ်ခုခုလုပ်လိုက်သလို ခံစားမိတယ်။ ဒါပေမဲ့ အပြစ်မဟုတ်တာကို အပြစ်လို့ပြောနေပြန်ပြီလို့ ခံစားတတ်နေတယ်လည်း ထင်တယ်။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)