23 September 2008

ဘ၀.......
ကိုယ် မပိုင်ပေမယ့်
ကိုယ်နဲ့ ဆိုင်နေတယ်၊
အဲ့ဒါနဲ့ပဲ
ငါတို့ ဆန္ဒတွေ
သေဆုံးသွားတယ်
မလျှော်ဖွပ် လိုက်ပါနဲ့
ငါ.....
ညစ်ညစ်ပတ်ပတ်ပဲ နေချင်လို့၊

သူငယ်ချင်းယဉ်မင်းသွင် ကျောင်းတုန်းကရေးထားတဲ့ကဗျာလေးအား တင်ပြထားပါသည်။

ရောက်တတ်ရောက်ရာ ဒိုင်ယာရီ(၂)

19 September 2008

မိုးကုတ်သားတွေ စာဖတ်တာရှမ်းတဲ့ အကြောင်းကလည်း တကယ်ကိုစာတင်လောက်ပါတယ်။ မိုးကုတ်သား တစ်ယောက်နဲ့ ကျွန်တော်နယ်မှာခင်တာပါ။ တစ်နေ့ ကျွန်တော်တို့ စားသောက်ဆိုင် မှာသွားစားတော့ ကိုယ်တော်လေးက ဗွီနိုင်းပေါ်မှာ ရေးထားတဲ့ စားသောက်စရာ
နာမည်တွေကို ဖတ်ပါတယ်။ ပြီးတော့ အံ့သြတဲ့လေသံနဲ့ ကျွန်တော့်ကိုမေးပါတယ်။ ကိုဖားကြီး
ကက .... တစ်ကောင်လုံးကျော်ဆိုတာ ဘာဟင်းလဲဗျတဲ့ ။ ရုတ်တရက် ကျွန်တော်ကြောင်သွားပါတယ် ။
ပြီးတော့မှ သူဖတ်နေတဲ့ စာကိုလှမ်းကြည့်ပြီး သဘောပေါက်သွားပါတယ်။ ဆိုင်က ရေးထားတာက
နေရာမလောက်လို့ ကကတစ်ကောင်လုံးကြော်လို့ တစ်ဆက်တည်းရေးထားတာပါ။ ကကတစ် ငါးကိုဆိုလို
ပါတယ်။ ဒါကိုမိုးကုတ်သားက ခပ်တည်တည်နဲ့ ဖတ်လိုက်တာ ကက...တစ်ကောင်လုံးကြော်တဲ့ ။
သူဖတ်လိုက်မှပဲ ကကလို့ မြန်မာပြည်မှာခေါ်ကြတဲ့ တက္ကစီတွေကို ထည့်ကြော်ရမလိုဖြစ်နေတယ်။
မိုးကုတ်သားတွေ အဲ့ဒီလိုပဲဗျ ။ ရိုးလည်းရိုးတယ်၊ ရယ်လည်းရယ်ရတယ်၊ ခင်ဖို့လည်းကောင်းပါတယ်။

တစ်နေ့ ကျွန်တော့် ညီမ၀မ်းကွဲလေးကျောင်းက ပြန်လာတော့ သူတို့ကျောင်းက အဖြစ်အပျက်လေးကို
ပြောပြပါတယ်။ သူက စမ်းချောင်း(၂) မိန်းကလေး ကျောင်းကပါ ။ သူတို့ အဌမတန်းမှာ သိပ္ပံ အချိန်
စာသင်တော့ ဆရာမကမေးခွန်းတစ်ခုမေးပါတယ် ။ ကောင်းကင်ပေါ်က ကြယ်ကလေးတွေဟာ ညဘက်ဆို
ဘာလို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေရတာလဲတဲ့။ ဒီမှာတင် ကျောင်းသူလေးတစ်ယောက်က ဖြေလိုက်ပါတယ်။
အကြောဆွဲ နေတာပါ တဲ့
ကလေးက ရွတ်တွတ်တွတ်ဖြေလိုက်တာလား ။ တကယ့် စိတ်ကူးလားဆိုတာတော့ သူပဲသိမှာပါ ။ ကြားရတဲ့
ကျွန်တော်တို့ကတော့ တော်တော်လေးရယ်ချင်သွားပါတယ်။ အဖြေပေးပုံက တစ်ထပ်တည်းကို ကျနေတာပဲ။ ကောင်မလေးလည်း ဆရာမ ဆုချတဲ့ကျိန်လုံးစာလေး မိသွားပါတော့တယ်။

ကျွန်တော်တို့ တစ်ရက်မှာ တိရစ္ဆာန်ရုံသွားလည်ကြပါတယ်။ သူငယ်ချင်းတွေနဲ့ ဟိုဒီလျှောက်ကြည့်
နေတုန်း private မူကြိုတစ်ကျောင်းက ကလေးတွေ ကျောင်းလိုက်ကြီးလေ့လာရေး ထွက်လာတာကို
တွေ့လိုက်ပါတယ်။ ကလေးလေးတွေက ချစ်စရာလေးတွေပါ ။ အင်္ဂလိပ်စကားလည်း နားလည်ကြပုံပဲ။
မိဘတွေမပါပဲ ဆရာတွေကပဲ ဦးဆောင်ခေါ်လာတာပါ ။ ကလေးတွေကွဲကုန် မှာစိုးလို့ထင်တယ်။
ကြိုးတန်းရှည်ကြီးတစ်ခုကို တန်းထားပြီး အတန်းလိုက်ကိုင်ထားခိုင်းပြီး သွားကြပါတယ် ။
ဒီမှာတင် ရွှေဥာဏ်တော် စူးရှတဲ့ ကျွန်တော့်သူငယ်ချင်းမလေးက မှတ်ချက်ပေးပါတယ်။ သနားစရာ
လေးတွေနော် ရုပ်ကလေးတွေ ကချစ်ဖို့ကောင်းပြီး မျက်စိမမြင်ရှာဘူးထင်တယ် တဲ့။ ရုတ်တရုက်
တွေးလိုက်ရင်တော့ ကြိုးတန်းကြီးကိုင်ခိုင်ထားပြီး သွားနေရတော့ သူပြောတာ ဟုတ်သလိုလိုပေါ့။
ပြီးတော့မှ ဟာ နင်ကလည်း မျက်စိမမြင်မှတော့ တိရစ္ဆာန်ရုံခေါ်လာပြီး ကလေးတွေကို အသံနားထောင်
ခိုင်းမလို့လား ဆိုပြီး ၀ိုင်းဟားပါတော့တယ်။ အေးလေ ဒါကကျားသံ၊ ဒါကမျောက်သံလို့ ပြောမှ တကယ်
မမြင်ရင် ကလေးတွေပိုအားငယ်နေတော့မယ်။
ဒီအဖြစ်ပျက်လေးက ဒီမှာတင်ပြီးသွားပေမယ့် ကျွန်တော့်မှာတော့ တွေးစရာတွေကျန်ခဲ့ပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့မျက်စိတွေ ကိုကန်းနေအောင် အမှောင်ကဖုံးထားပါတယ် ။
မျက်စိမြင်နေရတဲ့ သူတွေကတော့ ကျွန်တော်တို့ကို ဒါက ဘာကောင်အသံ
ညာကောင်အသံ လို့ပြောကြပါတယ်။ ကျွန်တော်တို့က မမြင်ရတော့ ငြင်းခွင့်လည်းမရှိပါဘူး ။ ဒီတော့
သူတို့ပြောတဲ့ အကောင်တွေကိုပဲ စိတ်ကူးထဲကပုံဖေါ်ရတော့တာပေါ့ ။ သြော်ကျားဆိုတာတော့ ဒီလိုထင်တယ် ။ ဆင်ဆိုတာတော့ အကောင်ကြီးတယ်ပေါ့။ ဟော ရုတ်တရက်ကျွန်တော်တို့ မျက်စိ
တွေလည်းပြန်ကောင်းလာရော ထင်ထားတာတွေ တော်တော်များများက အမှားတွေပဲဆိုတာသိလိုက်
ရပါတယ် ။ မျက်စိကန်းနေတဲ့ သူတွေ မျက်လုံးပြန်ကောင်းရင် အမှန်ကို နားလည်ဖို့ သိပ်မကြာဘူး
လို့ထင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့လို အသိကန်းနေတဲ့ သူတွေ မျက်စိပြန်မြင်ရင်တော့
အမှန်ကိုမြင်နိုင် ဖို့ အချိန်ဘယ်လောက်ယူရမယ်လဲ ဆိုတာ သိကြသလားဟင်။

မြန်မာဝီကီကို ကူညီကြပါစို့

13 September 2008

မြန်မာဝီကီ ကိုကျွန်တော်စိတ်ဝင်စားနေသည်မှာ ကြာပြီ။ ဘလော့တစ်ချို့ မှာလည်းမြန်မာဝီကီကို ကူညီကြပါ
ဟု လင့်တွေကိုတွေ့ရသည်။ တကယ်တော့ အင်္ဂလိပ် ၀ီကီပေါ်လာချိန်မှာစ၍ မြန်မာစာနှင့် ၀ီကီပေါ်လာစေရန်
ကျွန်တော် စိတ်ကူးယဉ်ခဲ့ဖူးသည်။ နောက်အင်္ဂလိပ် ၀ီကီမှ မြန်မာစာနှင့် ၀ီကီကိုခွဲပေးသည်ဟု ကြား
ရသည်။ ကျွန်တော်ဝင်ဖတ်ကြည့်တော့ ဘာမှဖတ်လို့မရ ။ ထားတော့ ယူနီကုဒ်ပြဿနာတွေ ဘာတွေကို
ကျွန်တော်နားမလည် ဒါတွေက တတ်သိတတ်ကျွမ်းသော လူကြီးများ ဖြေရှင်းပေးလိမ့်မည်။

နောက်တော့ ဇော်ဂျီဖောင့်ရှိလျင်ဖတ်နိုင်သော မြန်မာဝီကီပေါ်လာသည်။ နာမည်ပေးရေး ကိစ္စများကြောင့်
Myanmar Online Encyclopedia (MOE) ဟုပြောင်းလဲ လိုက်ကြောင်းသိရသည်။
ထို MOE တွင်ကျွန်တော့် နာမည် ဖားကြီးနှင့် account တစ်ခုစတင်ယူလိုက်သော်လည်း ကျွန်တော်ဘာမှ
စမရေးဖြစ်ခဲ့။ ၀ီကီနှင့် စိမ်းသောကြောင့်အချိန်စတင်ယူခဲ့ရတာလည်းပါသည်။ ဘာရေးရမှန်း မတွေးမိသော
ကြောင့်ပျင်းနေတာလည်းပါသည်။

တစ်နေ့ကတော့ ကျွန်တော် မြန်မာဝီကီထဲ ၀င်၍ စာများကိုဝင်ဖတ်သည်။ တစ်ချို့ခေါင်းစဉ်များအောက်တွင်
မြန်မာဝီကီနှင့် မည်သို့မှမဆိုင်သော စာများကိုတွေ့ရသည်။ ဥပမာ-ဆေးလောကဟာသများဆိုပြီး ကျွန်တော်
တို့ရေးနေကြပုံစံမျိုးနှင့် ဟာသတစ်ပုဒ်ကိုတွေ့လိုက်ရသည်။ စွယ်စုံကျမ်းသဘောနှင့် ဘယ်လိုမှမသက်ဆိုင်
ပါ။ ရေးသောသူသည် သိ၍ရေးတာလားမသိ၍ ရေးတာလားတော့ ကျွန်တော်လည်းမသိပါ။ သို့သော်ထိုကိစ္စ
နှင့်ပတ်သတ်၍ ဖြေရှင်းရန်မှာ အက်ဒမင်များနှင့်သက်ဆိုင်သည်ဟုကျွန်တော်ထင်ပါသည်။

နောက်မြန်မာဝီကီနှင့် အင်္ဂလိပ်ဝီကီတို့၏ဘာသာစကားအသုံးပြုပုံကွာခြားခြင်းကိုကျွန်တော်ပြောလိုပါသည်။
အင်္ဂလိပ်ဘာသာက ကမ္ဘာသုံးစကားဖြစ်၍ မြန်မာဘာသာက မြန်မာပြည်မှာသာ သုံးသည်ဆိုတာကို လူတိုင်း
သိပါသည်။ ထို့ကြောင့် အချက်အလက်ပြည့်စုံမူ့၌ အင်္ဂလိပ်ဘာသာနှင့်ရေးသော ၀ီကီက ပိုမိုမြန်ဆန်စွာ
ပြည့်စုံလာမည်ဆိုတာကို သံသယဖြစ်စရာမလိုပေ။ အကြောင်းမှာ သူတို့နိုင်ငံသားများသည် သူတို့ဘာသာ
စကားဖြင့်သာရေးသောကြောင့် ပိုမိုလွယ်ကူနီးစပ်ပေသည်။ မြန်မာနိုင်ငံမှာတော့ ကျွန်တော်ထင်သည်
အင်တာနက်သုံးစွဲသူ၏ ၈၀ % လောက်သည် Myanglinsh ဟုခေါ်သော မြန်မာမဟုတ် အင်္ဂလိပ်မဟုတ်
ဘာသာဖြင့် အချင်းချင်းဆက်သွယ်နေကြသည်။ အင်္ဂလိပ်စကား ကျွမ်းကျင်သော လူငယ်တစ်ချို့ကလည်း
မြန်မာလက်ကွက် ကျင့်ရမှာပျင်းနေကြ၍ လား၊ မြန်မာစာကိုအထင်မကြီး၍လား မသိ အင်္ဂလိပ်လိုပင်ဆက်
ကစ်နေကြသည်။ ထို့ကြောင့် ၀ီကီ၏ အဓိကရည်မှန်းချက်ဖြစ်သော လူတိုင်းပါဝင်ရေးသားနိုင်သော
စွယ်စုံကျမ်းမှာ အလှမ်းဝေးနေဆဲ ဖြစ်မည်ဟုထင်သည်။

ထိုအခါ မြန်မာစာနှင့်ရေးရာတွင် မည်သူတွေလောလောဆယ်ပါဝင်သင့်သနည်းဟုမေးစရာ ရှိလာသည်။
ကျွန်တော့်အမြင်ကို ပြောပါမည် မြန်မာစာနှင့်ရေးထားသော ဘလော့ဂါအားလုံးပါဝင်သင့်သည်ဟုထင်ပါသည်။
တကယ်တော့ ဘလော့ဂါများသည် မြန်မာစာသုံး၍အင်တာနက်အသုံးပြုသောလူတန်းစားတွင် ထိပ်ဆုံး၌ ရှိ
သည်ဟုထင်သည်။ သို့သော် ဘလော့ဂါအများစုမှာလည်း ကိုယ့်ဘလော့မှာ ပို့(စ်)တစ်ပုဒ်ရေးဖို့ပင်
အချိန်ရကြသူများ မဟုတ်ကြ။ ၀ါသနာပါလွန်းသောကြောင့်သာ ရေးနေရသော်လည်း အားလုံးကျောင်းတက်၊
အလုပ်လုပ်နှင့် ကိုယ့်ကိစ္စကိုယ်ရှိနေကြသူများဖြစ်ကြသည်။

ဒီနေရာမှာ ကျွန်တော့်အမြင်ကို တင်ပြလိုပါသည်။ ဆရာလုပ်သည်ဟုလည်း မထင်မှတ်ကြစေလိုပါ။
ကျွန်တော်က ဒီဘလော့ဆိုတာကို မနေ့၊တစ်နေ့ကမှ စတင်ရေးသားသူသာဖြစ်သည်။ မြန်မာဝီကီကို
ကျွန်တော်ဝင်ကြည့်တော့ ရေးသားရန်လိုအပ်နေသော လိပ်စာများကိုတွေ့ရသည်။ ကျွန်တော်လည်း
ကျောက်ခေတ်ခေါင်းစဉ်အောက်မှာ လက်လှမ်းမှီရာများစွဲ၍ စတင်ရေးသားလိုက်သည်။ သို့သော်ကျွန်တော်
အားမရ ။ အင်္ဂလိပ် ၀ီကီမှလည်း မှီငြမ်းရသောအခါ အင်္ဂလိပ်စာ သိပ်မကျွမ်းကျင်သောကျွန်တော့် ဘာသာပြန်
မူ့များသည် အဆင်မပြေဖြစ်နေသည်ဟု ခံစားရသည်။ ပညာရှင်တွေကပါ မှီငြမ်းကိုးကားဖို့အထိ ရည်ရွယ်
ထားသည်ဆိုလျင် အချက်အလက်များသည် အမြဲသစ်ဆန်းနေ၍ ပြည့်စုံသောပမာဏ ရှိရမည်ဟုထင်ပါသည်။
ထိုအခါကျွန်တော်ဘလော့ဂါတွေကို သတိရလာသည်။ ဘလော့ဂါသုံးလေးယောက်အဖွဲ့လေးတွေစုပေါင်း၍
ခေါင်းစဉ်တစ်ခုချင်းစီ စုပေါင်းရေးသားကြလျင် မည်မျှခရီးရောက်လိမ့်မည်နည်းဟု ကျွန်တော်တွေးကြည့်
သည်။

အဖွဲ့အချင်းချင်း ပြိုင်ဆိုင်၍ ငါ့တို့ခေါင်းစဉ်ကတော့ ဘယ်လောက်ပြည့်စုံနေပြီ၊မင်းတို့ကောဆိုတာမျိုးလေး
တွေ ဖြစ်လာရင်လည်းပျော်ရွှင်ဖို့ကောင်းမယ် ထင်သည်။ ဆုလာဒ်အဖြစ်ကတော့ ပီတိသာရပါလိမ့်မည်။
ကိစ္စရှိမည်မထင်ပါ ထိုအရာသည်မည်သည့် ငွေကြေးနှင့်မှလဲမရသော ခံစားချက်မျိုးဖြစ်ပါလိမ့်မည်။
နောက်ထပ်တစ်မျိုးလည်းတွေးမိသည် တစ်လောက tag သည် tag သည်ဆို၍ ဘလော့ဂါများကြား
ပျော်စရာ personal file လေးတွေပျံ့နှံ့သွားဖူးသည်။ tag သည်ဆိုသော စကား၏ သဘောကို ကျွန်တော်
သေချာနားမလည်ပါ။ သို့သော် ယခု MOE အတွက်ကိစ္စတွင်လည်း ထိုကဲ့သို့ သဘောမျိုးပြန်သုံးလျင်
ကောင်းမည်ဟု ကျွန်တော်စိတ်ကူးယဉ်ကြည့်သည်။ ဥပမာ- ဟေ့လူ ခင်ဗျားကို ကျွန်တော်ရေးနေတဲ့
ရေခဲခေတ် ခေါင်းစဉ်ကိုဆက်ရေးဖို့ tag လိုက်တယ်ဆိုတာမျိုးပေါ့။ ဒါလည်း ပျော်စရာကောင်းလိမ့်မယ်လို့
ကျွန်တော်ထင်ပါသည်။

ဘလော့ဂါတွေဟာ ပြောပြီးတဲ့အတိုင်း ကိုယ့်ပို့(စ်)အတွက်တောင် မနည်းအချိန်ပေးနေရလို့ ဘယ်အချိန်
MOE အတွက်ရေးရမှာလဲလို့ ပြောစရာရှိလာပါတယ်။ ကျွန်တော်ဆိုလိုချင်တာက ကိုယ့်post အတွက်
သုံး၊လေးပုဒ် လောက်ရေးပြီးရင် MOE အတွက်တစ်ပုဒ်လောက် စဉ်းစားပေးစေချင်ပါသည်။
အချက်အလက်အတွက်ကလည်း အင်္ဂလိပ်ဝီကီကို ဘာသာပြန်ပြီး ကိုးကားလို့ရပါတယ်လို့ ဆိုထားလေတော့
အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်သူတွေအတွက်ဆို ပိုတောင်အဆင်ပြေနိုင်သည်။ ရေးသားတဲ့ ခေါင်းစဉ်
တွေရဲ့ ဘာသာရပ်တွေကတော့ ကိုယ်လည်းစိတ်ဝင်စား၊ ကျွမ်းလည်းကျွမ်းကျင်တဲ့ဘာသာရပ်မျိုးဆို
ဖတ်တဲ့သူတွေအတွက်လည်း အရမ်းအကျိုးရှိနိုင်ပါသည်။

ဘလော့ဂါတွေ ကျွန်တော်ပြောတာလေးကိုစဉ်းစားပေးကြဖို့ မေတ္တာရပ်ခံ လိုပါသည်။

MOE ဟာအခုမှ စိုက်ပျိုးကာစ သစ်ပင်လေးပါ ။ သူ့စီက အရိပ်ရဖို့ဆို အချိန်များစွာလိုပါဦးမယ်။ လိုအပ်ချက်
ကတော့ ပြောပြီးတဲ့ အတိုင်းမြန်မာများ မြန်မာ font ကိုအသုံးမပြူကြချင်း၊ အင်တာနက်သုံးစွဲသူများမှာ
လူငယ်များ အများဆုံးဖြစ်ကြ၍ ပညာရှင်ပိုင်းမှ ပါဝင်မူ့အားနည်းနေခြင်း၊ ၀ီကီဆိုသည်ကိုပင် သေချာမသိသေး
သောလူများ မြန်မာပြည်အင်တာနက်သုံးစွဲသူများကြား၌ များပြားနေသောကြောင့်ဖြစ်ပါလိမ့်မည်။
ထို့ကြောင့်မြန်မာ font ကိုကျွမ်းကျင်မြန်ဆန်စွာရိုက်နိုင်သော သူများမှ ပါဝင်ရန်လိုအပ်နေပါသည်။ စာရေး
သားရာတွင်လည်း စွယ်စုံကျမ်းဖြစ်သောကြောင့် စာစကားဆန်စွာ ရေးသားနိုင်ရန်လိုအပ်သည်။ သို့သော်
ထိုကဲ့သို့ရေးသားနိုင်ရန်လည်း အခက်အခဲရှိသည်ဟု ၀ါရင့်ဘလော့ဂါကြီးများကိုယ်တိုင်ကပြောထားသည်။
စကားပြောပုံစံမျိုးတွေ အတတ်နိုင်ဆုံးဖျောက်၍ စွယ်စုံကျမ်းကို စွယ်စုံကျမ်းနှင့်တူအောင်ရေးနိုင်ရန်
ကျွန်တော်လည်း ကျင့်ရဦးမည်။ မရေးတတ်၊မရေးနိုင်သေးလည်းကိစ္စတော့သိပ်မရှိ၊ နားလည်သူများက
အဆင့်ဆင့် ပြင်ဆင်သွားကြမည်ဟုထင်သည်။ လောလောဆယ်တော့ အချက်အလက်တွေပြည့်စုံမှန်ကန်စွာ
များပြားလာဖို့ အဓိကဖြစ်နေသည်ဟု ယူဆပါသည်။

လမ်းသာလျင် လူတွေလျှောက်လာပါလိမ့်မည်။ လောလောဆယ်ကျွန်တော်တို့က စတင်ရေးသားပေးရန်သာ
ဖြစ်ပါသည်။ တချိန်ချိန် ယူနီကုဒ်ပြဿနာတွေ အဆင်ပြေသွား၍ လူတွေအားလုံးမြန်မာစာ စနစ်ကို သုံးလာ
သောအခါတွင် ကျွန်တော်တို့ရေးသားထားသော အကြောင်းအရာများသည် မြန်မာပြည်ပညာရေးအတွက်
အထောက်အကူဖြစ်လာလိမ့်မည်ဟု ကျွန်တော်ယုံကြည်ထားပါသည်။

MOE ကဲ့သို့သော online encyclopedia တွင်ပါဝင်ရေးသားခြင်းသည် သမိုင်းတစ်ခုကို ကျွန်တော်တို့ပါဝင်
ရေးသားခြင်း ဖြစ်သည်ဟု ခံယူထားပါသည်။ အင်တာနက်ဆိုသော လူထုကိုယ်တိုင်ပါဝင်နိုင်သည့် media
သည်ပေါ်ပေါက်သည်မှာ မကြာသေးဖြစ်၍ မြေပြင်ပေါ်မှရှေးရိုးစွဲ သူများသည် ကျွန်တော်တို့ကို အမြင်မကြည်
ကြသေးဟု ကျွန်တော်ထင်သည်။ သူတို့ထင်သလိုကျွန်တော်တို့သည် ပေါ်ချင်တိုင်းပေါ်လာသော
အလေအလွင့်များမဟုတ်ကြောင်းသက်သေပြချိန်တန်ပြီ ဟုကျွန်တော်ပြောချင်ပါသည်။

ဘာကြောင့်အချိန်ဆွဲနေရပါသလဲခင်ဗျာ။ အခုစာဖတ်နေတဲ့ ခင်ဗျားဟာ မြန်မာစာ ကိုရေးသားဖို့စိတ်ဝင်စား
နေသူတစ်ယောက်ပါလား။ ဒါမှမဟုတ်မြန်မာစာကို ကွန်ပြူတာပေါ်မှာရေးသားတတ်သူတစ်ယောက်ပါလား။
ကျွန်တော့်တို့ရဲ့ အနာဂတ်အတွက်၊နောက်လာမယ့် မျိုးဆက်တွေအတွက် MOE ပျိုးထောင်ပွဲလေးမှာပါဝင်ဖို့
ကျွန်တော်ဖိတ်ခေါ်လိုက်ပါရစေ။

ဘလော့ဂါတစ်ယောက်ဆိုလျင်တော့ အခုခင်ဗျားကိုကျွန်တော် tag လိုက်ပါပြီ။ လိုအပ်နေသောလိပ်စာများကို
အမြန်ရေးပေးကြပါလို့ အားလုံးကိုတောင်းဆိုလိုက်ရပါတော့သည်။

ညလက်ဘက်ရည်ဆိုင်

11 September 2008


မြို့လေးထဲကို သူရောက်တော့ အချိန်က သန်းခေါင်ကျော် တစ်ချက်ထိုးပဲရှိသေးသည်။ အဝေးကိုပြေးသော
အဝေးပြေးကားသည် သူ့ကိုမီးရောင်မှိန်ပျပျရှိသော လက်ဘက်ရည်ဆိုင်နား၌ ချထားခဲ့သည်။ ကားပေါ်က
ဆင်းလိုက်သည်နှင့် လတ်ဆတ်သောလေပြည်အေးကိုရူလိုက်ရသည်။ သူနှင့်နှစ်ပေါင်းများစွာရင်းနီးနေခဲ့သော
ရနံ့များ၊ သူအတိတ်ကိုလွမ်းတိုင်း စိတ်ကူးထဲက ထင်ဟပ်လာသောရနံ့များ၊ အခုတော့ နောက်တစ်ကြိမ်ပြန်
ဆုံရပြန်ပြီ။

သူ့အဆုတ်တွေအေးမြသွားတဲ့အထိ အားရပါးရ ရူလိုက်သည်။ ယာခင်းများကိုဖြတ်သန်းလာသော၊ စိမ်းစိုသော
မြက်တို့၏ရနံ့ပါသော လေသည် ဒီမြို့လေးမှာသာရနိုင်သည်ဟု သူထင်သည်။ ဘေးဘီကိုကြည့်လိုက်တော့
လက်ဘက်ရည်တစ်ဆိုင်ကို တွေ့လိုက်သည်။ အဝေးပြေးကားမှ ဆင်းလာသောခရီးသည်များအတွက် ဖွင့်ထား
သောဆိုင်လေးဖြစ်သည်။ သူတို့မြို့လေးက အဝေးပြေးလမ်းပေါ်မှ မြို့ငယ်လေးသာဖြစ်သည်။

မြို့လေးနှင့် မြို့တော်ကြီးကိုဆက်သွယ်ထားသော ကားလိုင်းဟူ၍လည်းမရှိ။လမ်းခုလတ်မှ မြို့ငယ်လေးတစ်ခု
သာဖြစ်သော သူတို့မြို့လေး၌ ဆက်သွယ်ရေးဆို၍ အိပ်ငိုက်တတ်သော ဘူတာရုံလေးတစ်ခုသာရှိလေသည်။

မာနကြီးသောရထားများသည် အလုပ်များနေသလိုပုံစံမျိုးနှင့် ဘူတာရုံလေးရှေ့မှခပ်တည်တည်ပင် ဖြတ်သွား

တတ်ကြလေသည်။ဒီပုံစံသည် သူတို့ငယ်ငယ်လေးကတည်းကအသားကျနေသော ဘူတာရုံ၏ပုံပြင်ပင်

ဖြစ်သည်။ ယခုလည်းထိုအတိုင်းပင်ဖြစ်မည်ဟု သူတွေးမိသည်။


ဆောင်းတွင်းဆိုတော့ ညသည် တဖြည်းဖြည်းနှင့်အေးလာသည်။ သူလက်ဘက်ရည်ဆိုင်ထဲသို့ဝင်လိုက်သည်။

ဟိုနားတစ်ယောက်စ၊ ဒီနားတစ်ယောက်စနှင့် စားပွဲဝိုင်းလေးများ၌ သူ့လိုပင် အာရုံတက်ချိန် သို့မဟုတ်

ဆိုင်ကယ်ကယ်ရီဟု ခေါ်ကြသော အခပေးဆိုင်ကယ်များလာချိန်ကိုစောင့်နေသူများကိုတွေ့လိုက်ရသည်။

သူ့လိုပင် အချိန်မတော်အိမ်ပြန်လာကြသော သူများဖြစ်နိုင်သည်။ အာရုံတက်ဖို့ကလိုသေးသည်။ ထို့ကြောင့်

အချိန်တော်တော်ကြာကြာ ဒီဆိုင်လေးမှာထိုင်၍ သူစောင့်ရဦးမည်။


ကိစ္စတော့မရှိပါဘူးလို့သူတွေးမိသည်။ လာမှာမဟုတ်တဲ့ သူတစ်ယောက်ကိုတောင်စောင့်ခဲ့ရပြီးသည့်

နောက်ပိုင်း သူသည်စောင့်ဆိုင်းခြင်း ကိစ္စများ၌တော်တော် စိတ်ရှည်တတ်လာသည်။ သူ့ဘ၀သည် တစ်ခုခု

ကိုစောင့်ဆိုင်းနေရခြင်းဟု သူခံယူထားသည်။


ချောင်ကျကျစားပွဲတစ်လုံးကိုရွေးထိုင်လိုက်သည်။ ဒါကလည်းသူ့အကျင့် တစ်ခုဖြစ်သည်။ စားပွဲထိုးလေး

တစ်ယောက်အိမ်မှုံစုံမွှား နှင့် ဘာသောက်မလဲအစ်ကိုဟုလာမေးသည်။ စားပွဲထိုးလေးကိုကြည့်ပြီး ဘာရယ်

မဟုတ်သူ ညီလေးကိုသတိရမိသည်။ သူအိမ်ကထွက်လာကာစက ဒီကောင်ဒီအရွယ်လောက်ပဲရှိသေးမည်။

ခုတော့ ဘယ်လိုပုံစံပြောင်းသွားပြီလည်းသူမသိတော့။


အိပ်ချင်စိတ် ပျောက်သွားအောင် ကျဆိမ့်တစ်ခွက်မှာလိုက်သည်။ ကျဆိမ့်တစ်ခွက်သောက်၍ သူသည်

အိပ်ချင်သော ညများကိုကျော်ဖြတ်ဖူးသည်။ သူအထက်တန်းကျောင်းသားဘ၀က အစ်ကိုကြီးတစ်ယောက်က

အိပ်ချင်ရင် ကျဆိမ့်လေးသောက် လန်းသွားမယ်ဟုပြောရမှာ သူထိုအကျင့်ရလာခဲ့သည်။


လက်ဘက်ရည်က သူသောက်ခဲ့သောမြို့တော်ကြီးကလောက် သိပ်မကောင်း။ ဒါပေမယ့် ဒီညမှာတော့

သူအိပ်ချင်စိတ် ဒီလောက်မများကြောင်းသူသိသည်။ အာရုံတက်ချိန်အတွက်သူ့စိတ်တွေလန်းဆန်းနေပါသည်။

တစ်ခြားလူတွေကတော့ ဆိုင်ထဲမှပြနေသော ရုပ်ရှင်ဇာတ်လမ်းကို စိတ်ဝင်တစားကြည့်နေကြသည်။ မြို့လေး

သူထွက်သွားခဲ့ပြီးနောက်ပိုင်း ပြောင်းလဲသွားသောအရာများတွင် လက်ဘက်ရည်ဆိုင်များ၌ တီဗွီ၊ဒီဗီဒီ

နှင့် ဂြိုလ်တုစလောင်းများ ရှိလာခြင်းလည်းပါမည်ဟု သူတွေးမိသည်။


ဇာတ်လမ်းကစိတ်ဝင်စားစရာမကောင်းလှ သို့မဟုတ် သူ့ကိုမစွဲဆောင်နိုင်ပါ။ ညဆိုတော့ အသံကိုလည်း

တိုးတိုးပင်ဖွင့်ထားသည်။ ကြည့်ချင်စိတ်လည်းမရှိသောကြောင့် အတွေးများထဲ၌သာ သူဆက်နေထိုင်သည်။

ငြိမ်ငြိမ်လေးပင် သူအတွေးတွေကိုရွက်ဖွင့်ထားသည်။ ထိုအတွေးများသည် ဖြစ်ခဲ့ပြီးသော အတိတ်များ

အကြောင်းအများဆုံးဖြစ်နေသည်။ ဒီညဖို့တော့သူသည် အတိတ်ကိုပြန်စဉ်းစားခြင်းဖြင့်အချိန်ကို ဖြုန်းရ

ပေဦးမည်။


လမ်းဘေးက ဆိုင်ဖြစ်သောကြောင့် အရေးတကြီးမောင်းနှင်သွားသော ကားကြီးများအသံကို တစ်ချက်

တစ်ချက်ကြားရသည်။ ပြီးရင်တော့ ညက ပုဇဉ်းရင်ကွဲသံ၊ ပိုးကောင်သံလေးများဖြင့် တိတ်ဆိတ်သွားပြန်သည်။

တဖြည်းဖြည်းပိုအေးလာသည်ဟုထင်ရသည်။ ငိုက်မြည်းနေသော စားပွဲထိုးလေးသည် သူ့အင်္ကျီပါးလေးဖြင့်

ဆောင်းတွင်းကို အံတုနေသည်။


ဒါကိုမြင်တော့ ရင်ထဲမကောင်းဖြစ်သွားသည်။ သူလူငယ်ဘ၀တုန်းက ဒီလိုကလေးငယ်တွေ တစ်ခုခုသူလုပ်

ပေးနိုင်ရမည်ဟုဆုံးဖြတ်ခဲ့ဖူးသည်။ တကယ်တမ်း လက်တွေ့ဘ၀ကျတော့ သူသည်ပင်လျင် ထိုမျှသော

အ၀တ်အထည်ပါးများနှင့် ဆောင်းညများစွကို ဖြတ်သန်းခဲ့ရလေသည်။ သို့သော် လက်ရှိအချိန်၌သူ

အကောင်းဆုံးလုပ်ပေး နိုင်သည်မှာ ထိုကလေးငယ်အရွယ် စားပွဲထိုးလေးအတွက် စိတ်မကောင်းဖြစ်ပေး

ခြင်းပင်ဖြစ်ပေသည်။ ထို့ကြောင့်သူသည် စိတ်ပါလက်ပါပင် ကလေးငယ်အတွက် စိတ်မကောင်းဖြစ်ပေး

လိုက်ပါသည်။

အာရုံတက်ချိန်နီးလာသောကြောင့် နှင်းစက်များကျသံပါကြားလာရသည်။ ဒီလိုမျိုးအေးစက်သောညတစ်ည၌
သူသည်မြို့လေးကို စွန့်ခွာ၍ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သူယုံကြည်သော အနုပညာအတွက် သူ၏မာန
များက မြို့ကလေးမှာ ဆက်မနေဖို့ သူ့ကိုပြောပြခဲ့သည်။ လူငယ်တစ်ယောက်၏ တက်ကြွသောစိတ်များကလည်း
အရာရာကို ရင်ဆိုင်ပစ်ဖို့သူ့ကို တွန်းအားပေးခဲ့သည်။

သူမြို့ကလေးကို စွန့်ခွာပြီးထွက်လာခဲ့သည်။ မြို့တော်ကြီး၏ အပြောင်းအလဲများသော မာယာများကြားတွင်
နေသားကျအောင်ကြိုးစားပြီး သူပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့သောကြောင့်
သူဘာမှဖြစ်မလာခဲ့သေးပါ။ သို့သော်ထို့အတွက်လည်း သူဘယ်တော့မှနောင်တမရခဲ့ပါ။ ပြင်းပြင်းထန်ထန်
ကြိုးစားသော်လည်း မရနိုင်သည့်အရာများလောကတွင် ရှိသည်ဟု သူယုံကြည်ထားပါသည်။

ဘာမှဖြစ်မလာသေးပါဆိုသည်မှာလည်း လူတို့၏ ရုပ်ဝတ္တုပစ္စည်းပိုင်ဆိုင်မူ့နှင့် တိုင်းတာခြင်းသာဖြစ်သည်။
တကယ်တော့သူသည် သူ့အနုပညာကို ရိုးသားစွာ ယုံကြည်သူတစ်ယောက်ဖြစ်လေသည်။ သူဆက်လက်၍
ဖန်တီးနေပေလိမ့်မည်။ မည်သူ့အတွက်မှမဟုတ်ပါ ။ သူ့ကိုယ်သူရှာဖွေနေရန်အတွက်သာဖြစ်သည်။

သို့သော်ယခုတလော သူအိမ်ကိုသတိရလာသည်။ သူအိမ်မှ ထွက်လာခဲ့သည်မှာ သုံးနှစ်ကျော်လေးနှစ်ပင်
ရှိတော့မည်။ သားအကြီးဆုံးဖြစ်သော သူ့အတွက် သူသည်တာဝန်မကြေသော သားတစ်ယောက်ဖြစ်သည်
ဟု ပတ်ဝန်းကျင်ကပြောကြပါလိမ့်မည်။ သို့သော် အမေကတော့ ဒါကို ဘယ်တော့မှမတွေးပါ။

အမေသည် သားကြီးဖြစ်သောသူ့ကို နားအလည်နိုင်ဆုံးသူတစ်ယောက်ဖြစ်သည်။ သူအိမ်မှထွက်ခွာမည့်
ညနေက အမေ့ပုံရိပ်တွေကို သူပြန်တွေးမိသည်။ မျက်ရည်ဝဲနေသော်လည်း မငိုအောင်ထိန်းရင်း
အဆင်မပြေတာနှင့် အမေတို့ဆီပြန်လာခဲ့ဟုပြောသည်။ အဖေကလည်း သူ့စိုက်ခင်းလေးစီမှ ထွက်လာပြီး
သားကြီး လိမ်လိမ်မာမာ နေနော်ဟုမှာသည်။ အဖေက စကားနည်းသည်။ သို့သော်အဖေ့အသံများ၌ ၀မ်းနည်း
သံများအပြည့်ပါနေသည်ဟု သူခံစားခဲ့ရသည်။

အားလုံးရဲ့ မျက်ရည်များကိုသူကျောခိုင်းခဲ့သည်။ မြို့ကလေးက ထွက်ခွာခဲ့သည့်ညက သူ၏အဖေါ်သည်
ကျောပိုးအိတ်တစ်လုံးသာ ဖြစ်လေသည်။ သူငယ်ချင်းများကို အသိမပေးဖြစ်ခဲ့ပါ။ သူတို့ စိတ်မကောင်း
ဖြစ်နေမှာစိုး၍ ဖြစ်သည်။တကယ်တော့ သူသည်အရှုံးများစီမှ ထွက်ပြေးခဲ့သူတစ်ယောက်လည်းဖြစ်ပေသည်။
နှင်းကျသံများ ပိုစိတ်လာသည်။ သြော် နှင်း နှင်း သူ့ဘ၀မှာ အရေးကြီးဆုံးဖြစ်ခဲ့တဲ့နှင်း။ သူ့ကိုကဗျာတွေ
စာတွေ ရေးဖြစ်စေခဲ့တယ်နှင်း။ ခုတော့ ဘယ်ကမ္ဘာမှာ သွားဝေနေပြီလဲ နှင်းရယ်။
သူဆက်မတွေးချင်တော့ ။ တွေးစရာအကြောင်းလည်းမရှိတော့။ သူတို့နှစ်ယောက်၏ အဖြစ်သည် မြန်မာ
ရုပ်ရှင်ကားများအတိုင်းသာဖြစ်သည်။ မတူသောအကြောင်းမှာ ဇာတ်သိမ်းခန်း၌ သူတို့မပေါင်းခဲ့ရခြင်း
ဖြစ်သည်။
ဆိုင်ကယ်ကယ်ရီ သမားများရောက်လာသံများကြားရသည်။ တချို့လူများလည်းစားသောက်ထားသည်များ
ရှင်း၍ ထွက်ခွာသွားကြလေပြီ။ သူလည်းဒီမှာဆက်မနေချင်တော့ အချိန်က လေးနာရီထိုးနေပြီဖြစ်သည်။
သူ့အိမ်ကို ဆက်ပြီးခရီးဆက်ရဦးမည်။ အဆင်မပြေရင်ပြန်လာခဲ့ဟု အမေမှာလိုက်သော်လည်း အဆင်
မပြေ၍ပြန်လာခြင်း မဟုတ်ကြောင်း အမေ့ကိုသူပြောပြရမည်။ အဖေကတော့ သူ့ထုံးစံအတိုင်း ပြုံးပြုံးနှင့်
ပဲ နားထောင်နေလိမ့်မည်။ သူစိတ်ထဲကတွေးရင်း လန်းဆန်းလာသည်။ စားပွဲထိုးလေးကို ခေါ်၍ကျသင့်ငွေ
ရှင်းပြီးနောက် ဆိုင်ကယ်သမားများစီ သူထွက်လာခဲ့သည်။ သူတို့ကိုပြော၍ ကျန်သောခရီးတိုလေးကို
သူဆက်သွားရဦးပေမည် ။ ထာဝရတံခါးဖွင့်ထားတဲ့ အမေ့ရဲ့ အိမ်လေးစီကိုပေါ့။

9 September 2008

performance art ဆိုတာဒီလို

တကယ်ရေးခဲ့တာလား ကိုဗန်ဂိုးရယ်

တွေးနေလိုက်တာ

တောင်ပေါ်ကိုတက်ခြင်း

တောင်ပေါ်ကိုကျွန်တော်တက်ခဲ့ပါသည်။ တောင်ပေါ်ကိုကျွန်တော်တက်ရခြင်းမှာ တကယ်
တက်ချင်သောကြောင့်မဟုတ်ပါ။ တောင်များကို တက်ရန်ကျွန်တော့် ဘ၀က ညွှန်ကြားချက်
များပါလာသောကြောင့်ဖြစ်ပါသည်။ ထိုညွှန်ကြားချက်များသည် ကျွန်တော့်မိဘများကသော်
လည်းကောင်း၊ အတိတ်ကံဟု ပြောကြသော ကျွန်တော်မမှတ်မိသည့် အရင်ဘ၀က အရိပ်
များကလည်းကောင်း ထည့်ပေးလိုက်ခြင်းဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ကျွန်တော်တောင်ပေါ်ကို ဆက်တက်ခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ကျွန်တော်လမ်းတ၀က်တွင် ရပ်နေ၍မဖြစ်ပါ ။ လမ်းတ၀က်တွင်ရပ်နေခြင်းသည် ကျွန်တော့်
ကိုတွေဝေ ထိုင်းမှိုင်းစေပါသည်။ လမ်းတ၀က်တွင်ရပ်၍ အချိန်များကို ကျွန်တော်ထိုင်ဖြုန်း
ခဲ့ဖူးပါသည်။ ယစ်မူးတတ်သော နွေညများ၌ ကျွန်တော်သည် အချိန်ကို ၀ိုင်တစ်ခွက်လို
ဇိမ်ခံသောက်ခဲ့ပါသည်။

တဖြည်းဖြည်းနှင့် ကျွန်တော်သည် အာရုံငါးပါး၏ကျေးကျွန်ဖြစ်မှန်းမသိဖြစ်လာပါသည်။
သတိရလို့ ကျွန်တော်လန့်နိုးလာတော့ အချိန်သည် သန်းခေါင်သို့ပင်ရောက်လုပြီဖြစ်သည်။
ကျွန်တော်လန့်သွားပါသည်။ ထိုအတိုင်းသာ ဆက်နေပါက ကျွန်တော်သည် တောင်အောက်
ကိုပင်ပြုတ်ကျ သွားနိုင်ပါသည်။ တောင်အောက်ကိုရောက်ပြီး နောက်တစ်ခေါက်ပြန်တတ်
ရမှာကို ကျွန်တော်အလွန်ပျင်းပါသည် သို့မဟုတ် စိတ်ညစ်ပါသည်။

ထို့ကြောင့်ရောက်နေသည့်နေရာမှ ကျွန်တော်ဆက်တက်ခဲ့ပါသည်။ တောင်တွေသည်
ဘယ်တော့မှ ဆုံးသည်ဟုမရှိပါ။ သို့သော် ကျွန်တော်သည်တောင်ပေါ်ကရူ့ခင်းများကို
ကြိုက်ပါသည်။ ဆုံးသည်ဖြစ်စေ မဆုံးသည်ဖြစ်စေ အမြင့်မှာနေ၍လောကကြီးကို
ကြည့်ရသည်မှာ တစ်မျိုးလှမှန်း တောင်ပေါ်ကိုရောက်ဖူးသူတိုင်းသိပါသည်။ တကယ်
တော့တောင်တွေ၏ အဆုံးသည် ကျွန်တော်တို့စိတ်ထဲမှာပဲ ရှိနေမှန်းကို ကျွန်တော်တို့
မေ့နေကြခြင်း ဖြစ်ပါသည်။

တောင်ပေါ်တက်ရခြင်းကို ကျွန်တော်ပျင်းသော်လည်း တောင်ပေါ်မှနေ၍ ကြည့်ရခြင်းကို
ကျွန်တော်ဘယ်တော့မှ မပျင်းခဲ့ပါ။ လောကသည် စနစ်တကျပင် လှပနေပါသည်။ နေ၀င်
တော့မည်။ ငှက်ငယ်အချို့ အိပ်တန်းပြန်ကြလေပြီ။ လေကဖြေးဖြေးလေးတိုက်နေသသည်။
ဖတ်ခဲ့ဖူးသော ၀တ္တုများထဲမှာ သရုပ်ဖေါ်ပုံများကို မှတ်မိကြပါသလား။ သဘာဝသည်
ထို့ထက်ပင်ပို၍ လှပါသည် ။

ရောက်သောနေရာမှ ပိုမြင့်လွန်းလျင်လည်း လောကကိုမမြင်နိုင်တော့ပါ။ သို့သော်
ကျွန်တော်သည်ထိုမျှမြင့်သော နေရာသို့လည်း မရောက်ဖူးပါ ။ သိဖူး၊ကြားဖူးသော
အရာများဖြင့် ပုံဖေါ်ကြည့်ခြင်းသာဖြစ်ပါသည်။

လောကကို မမြင်နိုင်လောက်အောင် မြင့်သောတောင်များကိုလည်းကျွန်တော်မတက်ချင်ပါ။
တောင်အောက်မှာပဲ တစ်သက်လုံးနေပြီး တောင်ပေါ်ကိုလည်းမော့ကြည့်မနေချင်ပါ။
လောကတွင် ကျွန်တော့် လိုလူတွေပေါ ပါလိမ့်မည်။ ကျွန်တော့် ကို လူပျင်းစာရင်းထဲ
ထည့်လို့ ခင်ဗျားကိုစိတ်ဆိုးမှာမဟုတ်ပါဘူး။ ဒါပေမယ့် လောလောဆယ်ဆယ်တော့
ကျွန်တော်အလိုရှိတဲ့ အမြင့်ကိုမရောက်သေးပါ ။ ထို့ကြောင့် ဆက်ပြီးတော့....
တောင်ပေါ်ကို ကျွန်တော်တက်ခဲ့ပါသည်။

ကျွန်တော်နှင့် Safety-factor များ

7 September 2008

လူတိုင်းဟာအနာဂတ်ကို အနည်းနဲ့အများတော့ ယုံကြည်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ အနာဂတ်ဟာ
မရောက်သေးတဲ့ နေရာတစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့အသက်ရှင်နေသ၍ သွားနေရမယ့်ခရီးတစ်ခုပေါ့။
ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းတက်၊စာကျက် ပျင်းရင်မိဘတွေပြောတာလေးသတိရမိပါတယ်။နင်တို့
အခုကတည်းကမကြိုးစားရင် ကြီးရင်ဒုက္ခရောက်မယ်နော်ဆိုတာမျိုးတွေပေါ့။ တကယ်တော့ ဒါတွေဟာ အနာဂတ်မှာ ကျွန်တော်တို့ကိုလုံခြုံစိတ်ချတဲ့ ဘ၀တစ်ခုကိုရစေချင်တဲ့ စေတနာနဲ့ပါ။
ငယ်ငယ်တုန်းကစိတ်နဲ့ကတော့ နောင်ဖြစ်မှနောင်ရှင်းတို့၊မီးစင်ကြည့်ကကြတာပေါ့ ဆိုတဲ့စကားတွေထည်လဲ
သုံးခဲ့ကြပါတယ်။ ဒါပေမယ့် လူ့ဘ၀ဆိုတာလေးကို သုညကနေစပြီးတဖြည်းဖြည်းသိလာတဲ့ အချိန်ကြတော့
ဒီလိုစကားတွေဟာ နေရာတိုင်းမှာ အသုံးမတည့်တော့ဘူးဆိုတာသိလာပါတယ်။

အနာဂတ်မှာ ဖြစ်တန်ရာဆိုတဲ့ကိစ္စတွေကိုလည်း ထည့်သွင်းစဉ်းစားလာရပါတယ်။ ဗိုလ်ချုပ်ပြောခဲ့သလို
အကောင်းဆုံးကိုမျှော်လင့်ပြီး အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားလာခဲ့ရပါတယ်။ ဒီစကားဟာ အခုခေတ်
လိုအပြောင်းအလဲတွေ အရမ်းမြန်တဲ့အချိန်မှာ အသုံးတည့်ဆုံးပေါ့။ ဒီကနေ့အသစ်ဖြစ်တဲ့ အိုင်ဒီယိုလော်ဂျီ
တွေဟာ မနက်ဖြန်ဆိုအကုန်ဟောင်းသွားနိုင်တာကိုး။

ကျွန်တော်တို့ ဒုတိယနှစ်လောက်ကစပြီး ကျောင်းမှာပုစ္ဆာတွေတွက်ရတော့ safety factor ဆိုတဲ့စာလုံးတစ်
လုံးနဲ့စတင်ရင်းနှီးခဲ့ပါတယ်။ အဆောက်အဦးတစ်လုံးဆောက်ရင် သူ့အပေါ်ကိုသက်ရောက်တဲ့အားနဲ့သူက
ခံနိုင်တဲ့အားဆိုတာရှိပါတယ်။ ဒါတွေကိုတွက်ချက်တဲ့နေရာမှာ သက်ရောက်တဲ့အားကိုအဆတိုးပြီးယူရတဲ့
ကိန်းဂဏန်းတွေရှိပါတယ်။ဥပမာ သက်ရောက်အားကတကယ်တမ်း ၆၀၀၀၀ ပေါင်လောက်ပဲရှိပေမယ့် သူ့ကို
၁.၄ဆတို့ ၁.၇ ဆတို့နဲ့မြှောက်ပြီးတိုးယူရပါတယ်။ ပြီးတော့မှ အဆောက်အဦးကတိုးပြီးသား အားကိုယူပြီး
ပုံစံထုတ်ရတာမျိုးပေါ့။


လမ်းတွေဖေါက်လုပ်ရာမှာလည်း ဒီသဘောမျိုးတွေရှိတာလူတိုင်းသိကြမှာပါ။ ဒီအချိန်မှာလူဦးရေနဲ့ ယာဉ်တွေ
ဒီလောက်ပဲရှိပေမယ့် နောက်နှစ်၅၀၊ ၁၀၀ လောက်ကြာရင်ဘယ်လောက်ဖြစ်လာမလဲဆိုတဲ့ ဖြစ်တန်စွမ်းတွေပါ။
ရန်ကုန်မြို့ရဲ့ လက်ရှိမြို့ကွက်နဲ့လမ်းတွေရဲ့ ဒီဇိုင်းအများစု ဟာအင်္ဂလိပ်ခေတ်လောက်ကတည်းက ပုံစံထုတ်
ခဲ့ကြတာပါ။ သူ့ခေတ်နဲ့သူတော့ သန့်ရှင်းတဲ့မြို့တော်ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မိုးနည်းနည်းရွာရင်
မြောင်းတွေဘယ်လိုဖြစ်ကုန်တယ်ဆိုတာ ရန်ကုန်ရောက်ဖူးသူတိုင်းသိပါတယ်။

ဒီနေရာမှာ ပြောချင်တာက safety factor တွေရဲ့ ပြောင်းလဲမူ့နဲ့ သက်တမ်းတွေကိုပါ။ safety factor တစ်ခုဟာ
မတူညီတဲ့ ခေတ်တွေကိုဖြတ်လာရတဲ့အချိန်မျိုးကြတော့ သက်တမ်းကုန်လာတတ်ပါတယ်။ အဆောက်အဦး
တစ်ခုကို ဒီဇိုင်းလုပ်ရင် လေတိုက်နှုန်းကြောင့်အဆောက်အဦး ယိုင်လဲနိုင်တာကိုထည့်စဉ်းစားရပါတယ်။
လေတိုက်နှုန်းကိုလည်း safety factor အရ ၁၃၀ km/hr နဲ့ထည့်စဉ်းစားထားပေမယ့် အခုနောက်ပိုင်းတိုက်
တဲ့ လေတွေကသိကြတဲ့အတိုင်း ၁၃၀ km/hr ကိုကျော်ချင်လာပါတယ်။ ဒါကြောင့် အခြေအနေကြည့်ပြီး
ကိန်းဂဏန်းကိုတိုးဖို့ သက်ဆိုင်ရာစံသတ်မှတ်တဲ့ အဖွဲ့တွေကစဉ်းစားလာကြပါတယ်။

တကယ်တော့ safety factor ကိုထည့်စဉ်းစားတယ်ဆိုတာ အနာဂတ်အတွက်ပါပဲ။ မမျှော်မှန်းနိုင်တဲ့ အခြေနေ
တွေကြောင့်ပေါ့ဗျာ ။ Back-up system နဲ့လည်းခပ်ခပ်ဆင်ဆင်တူပါတယ်။ ကျောထောနောက်ခံစနစ်လို့
ပြောလို့ရတဲ့ Back-up system ဆိုတာဟာလည်း စီးပွားရေး၊စစ်ရေး မဟာဗျူဟာတွေရဲ့ safety factor တစ်မျိုး
ပါပဲ။ နပိုလီယံရဲ့ တပ်ကြီး ရုရှားကဆုတ်ခွာခဲ့ရတာဟာ နောက်တန်းနဲ့အဆက်ပြတ်သွားလို့ပါတဲ့။

ရှေ့တန်းစနစ်(Front-line system)တိုင်းမှာ ကျောထောက်နောက်ခံစနစ်တွေရှိတတ်ကြပါတယ်။ ကွန်ပြူတာ
တွေကို back-up လုပ်တယ်ဆိုတာတော့ ကွန်ပျူတာသမားတွေကပိုသိကြမှာပါ။

ဒီတော့ safety-factor ဆိုတာ ကျွန်တော်တို့ဘ၀တွေနဲ့တိုက်ရိုက်သတ်ဆိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့
လောကမှာတော့ အသင့်ရှိပြီးသားကိန်းဂဏန်းတွေနဲ့ အစားသွင်းတွက်ထုတ်လို့ရအောင် မလွယ်ကူလှပါဘူး။
များပြားပြီး ပိုရှုပ်ထွေးတဲ့ ဘ၀ပုစ္ဆာတွေအတွက် safety-factor အမျိုးမျိုးကို ကိုင်စွဲထားရပါမယ်။

အနာဂတ်ကိုအဝေးကြီးပါလို့မယုံကြည်ချင်တဲ့သူတွေအတွက်တော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့်နေ့စဉ်နေ့တိုင်း
မှာ အနာဂတ်ငယ်လေးတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ နားလည်ဖို့လိုပါမယ်။ အယ်(လ)ဗင်းတော်ဖလာကို
အနာဂတ်လှိုင်းနဲ့ပတ်သတ်ပြီး အင်တာဗျူးလုပ်တော့ ဖြေသွားတဲ့စကားတစ်ခွန်းကို သဘောကျမိပါတယ်။
ခင်ဗျားဟာ ခွက်တစ်ခွက်ကိုလှမ်းယူလိုက်တယ် ဆိုပါတော့ မယူခင်အချိန်လေးမှာ ခွက်ဟာ ဒီနေရာမှာပဲ
ရှိနေမယ်ဆိုတဲ့ အနာဂတ်မှန်းဆချက်တစ်ခုရှိနေပါတယ် လို့ပြောပါတယ်။

ကျွန်တော်က ဆက်ပြီးတွေးမိပါတယ်။ ခွက်ဟာပူနေတယ်ဆိုပါတော့ ။ ခွက်ကိုမကိုင်ခင်လေးမှာ ခင်ဗျားဟာ
ကိုင်းကိုပဲ ကိုင်ဖို့စဉ်းစားမိလိုက်မှာပါ။ အမှတ်တမဲ့နဲ့ မြန်လွန်းအားကြီးတော့ ဒီလိုအသိလေးကိုမတွေးမိ
ပါဘူး။ တကယ်တော့ ဒါဟာ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက အသားကျလာတဲ့ safety-factor လေးပါပဲ။
ဒီလိုမှမဟုတ်ပဲ သတိလက်လွတ်ဖြစ်ပြီး ခွက်ရဲ့ပူနေတဲ့ အပိုင်းကို သွားကိုင်မိရင်တော့ အပူလောင်
ရင်လောင် ဒါမှမဟုတ် လန့်ဖြန့်ပြီးခွက်ကိုလွှတ်ချမိသွားနိုင်ပါတယ်။ safety-factor မေ့သွားတဲ့သဘောပဲပေါ့။

ကဲဘ၀ အတွက်အဖြေထုတ်ဖို့ safety-factor အမျိုးမျိုးတွေ အသင့်ရှိနေကြပြီလား။ ကျွန်တော်ကတော့
ထည့်တွက်လိုက်တဲ့ safety-factor တွေက မှားမှားနေတတ်လို့ ဘ၀မှာ ခဏခဏ ရှုံးနိမ့်ခဲ့ဘူးပါတယ်ဗျာ။

(ဆရာကျော်ဝင်းရေးသော အတောင်ပါသောစကားလုံးများနှင့် အယ်ဗင်းတော်ဖလာနှင့်စကားစမြည်
စာအုပ်များကို မှီငြမ်းထားပါသည်။)

ကာတွန်းလည်းဖတ် ရယ်လည်းရယ်

6 September 2008

ဒါလေးပဲ ခိုးတာပါ
အမူ့သည်တစ်ယောက် ရှေ့နေထံ လာပြီးအမူ့အပ်သည်။ ရှေ့နေက အမူ့လိုက်ပေးရန်သဘောတူ
လိုက်ပြီးနောက်မေးသည်။
"ခင်ဗျားမှာ အမူ့လိုက်ခနဲ့ ရုံးစရိတ်အတွက် ပိုက်ဆံကော လုံလုံလောက်လောက် ရှိလား"
"ကျွန်တော့်မှာ နောက်ဆုံးပေါ် ကာဒီလက် ကားတစ်စီးပဲရှိပါတယ်"
"အို..ဒီလောက်ဆိုရပါတယ်ဗျာ။ ကဲပြော ...ခိုးမူ့ဆိုတော့ ခင်ဗျားကဘာကို သွားခိုးမိလို့
တရားစွဲခံရတာလဲ"
" ခုနကပြောတဲ့ ကာဒီလက်ကားကြီး ခိုးမိလို့ပါ"



စိတ်ဓါတ်ကျမှာ စိုးလို့
ဆေးရုံတစ်ရုံတွင် ခွဲစိတ်ထားသောလူနာတစ်ယောက် ပြန်သတိရလာသည်။ သူ့ဘေးမှ ပြတင်းပေါက်
အားလုံးအား လိုက်ကာ ကာထားသဖြင့် သူနာပြုဆရာမလေးအား ခေါ်မေးသည်။
"ဘယ်လိုဖြစ်လို့ ပြတင်းပေါက် ခန်းဆီးတွေအားလုံး ချထားရတာလဲဗျာ"
" ဒီလိုပါရှင် ဆေးရုံရှေ့က လမ်းတစ်ဖက်ခြမ်းမှာ မီးအကြီးအကျယ်လောင်နေတော့ ရှင်သတိရလာရင်
ငါတော့ခွဲစိတ်လည်း ဘာမှမထူးဘူးဆိုပြီး စိတ်ဓါတ်ကျသွားမှာ စိုးလို့ပါ"



ပိုကြိုက်တာပြော
လူတစ်ယောက်စိတ်ရောဂါကု ဆရာဝန်ထံလာပြသည်။ ဆရာဝန်က ဘာဖြစ်နေလို့လဲဟုမေးသည်။
"ဒီလိုပါဆရာ ကျွန်တော်ရိုးရိုးရှုးဖိနပ်တွေကို တောစီးဖိနပ်ရှည်တွေထက် ပိုကြိုက်နေလို့ပါ"
" ဟာ လူတိုင်းဒီလိုပါပဲဗျာ။ ကျွန်တော်လည်း ရိုးရိုးရှုးဖိနပ်တွေကို ပိုသဘောကျတာပဲ"
" ဒါဆိုကျွန်တော်နဲ့ တူတာပေါ့။ ကဲ.. ဆရာရော ပြုတ်ထားတာနဲ့ ကြော်ထားတာကို ဘယ်ဟာ
ပိုကြိုက်သလဲ"


ရှင်တို့ ယောကျာင်္းတွေ

ကောင်မလေးအတွက် လက်ဆောင်

ကောင်မလေးရေ ...
ယုံကြည်လိုက်စမ်းပါကွယ်
ဒီအမှောင်တိုက်ကိုလည်း
ငါတို့ ဖြတ်ရဦးမယ်ဆိုတာ...
ဝင်္ကပါဆိုတာ
ချောက်ထဲလိမ့်ကျတဲ့
ဆောင်းအိမ်မက်လိုပဲ
ရင်ခုန်သံတွေ ဆက်ရှင်သန်ဖို့ဆို
လွယ်လွယ်လေး မတွေးနဲ့ကွာ ...။

ကောင်မလေးရေ
လူသားကို ချစ်ပါ
မင်းရဲ့ ဥာဏ်ပညာနဲ့
ရိုးသားခြင်း အလင်းရောင်ကို
ဟောဒီ... ကမ္ဘာကြီးတစ်ခုလုံးအတွက်
ထွန်းလင်းလိုက် စမ်းပါ...
မင်းထက်လှတဲ့သူ
ငါရှာတွေ့တော့မှာ မဟုတ်တော့ပါဘူး...။

ကောင်မလေးရေ...
လောကရဲ့ နေ၀င်ချိန်တွေမှာ
ကောက်ကျစ်ခြင်းတွေ ကြီးစိုးကြတယ်
အမှောင်ဘက်ခြမ်းကို မြင်ချင်ရင်တော့
မင်းမျက်လုံးတွေလည်း
အရိပ်ထဲရောက်နေဖို့တော့ လိုမယ်...။

ကောင်မလေးရေ...
ယုံကြည်တာတွေ မတူတာနဲ့ပဲ
သူတို့တွေမှားတယ်လို့
မပြောလိုက်ပါနဲ့ကွာ
မတရားမူ့ကို တိုက်ခိုက်ဖို့ဆို
ငါတို့ရဲ့ လက်ထဲမှာ
ရဲရင့်တဲ့ ချိုးငှက်တွေရှိကြတယ်...။

ကောင်မလေးရေ
ရင်ခုန်လိုက်စမ်းပါကွာ
ဒီဂြိုလ်ပြာကြီးထဲမှာ
ငါတို့အတူနေထိုင် ကြမယ်။
သံလွင်ခက်တွေရဲ့ ရနံ့နဲ့
ဝိုင်ချိုချိုတွေကို သောက်သုံးရင်း
ရိုးရိုးသားသား ယုံကြည်ကြတာပေါ့
" မနက်ဖြန်မှာ နေထွက်ဦးမယ်" ဆိုတာကို.......။

ကောင်မလေးရေ.......
မောပန်းနေရင်တော့
အိပ်ပျော်အောင် အိပ်လိုက်ကွာ.......။

1 September 2008

ဆိုရှယ်လစ်ဝါဒဆိုသည်မှာ
ပိုလန်နိုင်ငံမှ ဆရာမတစ်ယောက်သည် ကျောင်းသားများအား မေးခွန်းတစ်ခုမေးသည်။
"ဆိုရှယ်လစ်ဝါဒ ဆိုတာဘာလဲ တပည့်တို့"
"ပြည်သူလူထုရဲ့ အတောက်ပဆုံးမိုးကုတ်စက်ဝိုင်းပါဆရာမ"
"အဲ့ဒီမိုးကုတ်စက်ဝိုင်းဆိုတာ ကရော"
"စိတ်ကူးနဲ့မြင်ရတဲ့ အရာဖြစ်ပြီး ၊ ရောက်အောင်သွားလေ ပိုဝေးလေ ဖြစ်စေတဲ့ နေရာပါ"

ဝင်ချင်လို့ပါ
နိုင်ငံတစ်နိုင်ငံ ၌ ရွေးကောက်ပွဲများ ကျင်းပခါနီး လူတစ်ယောက်သည် သူ့အားမဲပေးရန် အိမ်တစ်အိမ်အား
မဲဆွယ်နေသည်။
"လက်ရှိအစိုးရဟာ အခွန်တွေတိုးကောက်ပြီး၊ ဘဏ္ဍာငွေတွေကိုလည်း အလွဲသုံးစားလုပ်နေပါတယ်။
အဲ့ဒီအတွက် ကျွန်တော့်ကိုမဲပေးကြပါ ။"
အိမ်ရှင်က ပြန်ပြောသည်။
"သြော်... ခင်ဗျားက ဒါမျိုးတွေ သဘောမကျလို့ ဖြုတ်ချမလို့ပေါ့"
"ဟာ ... မဟုတ်ပါဘူးဗျာ ၊ ကျွန်တော်က အဲ့ဒီလို အစိုးရ အဖွဲ့ထဲ ၀င်ချင်လို့ပါဗျ ။"

အကောင်းဆုံး ခေါင်းစည်း
သတင်းစာတိုက်ပိုင်ရှင်သည် သူ၏လုပ်ငန်းအား သားသုံးယောက် ရှိသည့်အနက် မည်သူ့ကို အမွေပေးခဲ့
ရမှန်းမသိ ဖြစ်နေသည်။ ထို့ကြောင့် သူ့သားများအားခေါ်၍ ...
"မင်းတို့ ထဲက တစ်ယောက်တစ်မျိုးစီ ခေါင်းကြီးသတင်းအတွက် ခေါင်းစည်းရေးခဲ့ကြ။ အကောင်းဆုံး
ရေးနိုင်တဲ့ သူကို ငါ့သတင်းစာတိုက် အမွေပေးခဲ့မယ် ဟုပြောလေသည်။"
ပထမသား ရေးလာသည်။ ဂျော့ဘု(ရှ်) ကွန်မြူနစ် ဖြစ်သွားပြီ
ဒုတိယသားက ဤသို့ရေးသည်။ ဘင်လာဒင် ခရစ်ယာန် ဘာသာပြောင်းသွားပြီ
တတိယသား ရေးလာသည်မှာ ....... ပုပ်ရဟန်းမင်းကြီး မိန်းမခိုးပြေးခြင်း
အမွေကို တတိယသားရသွားသည်။

မြင်သွားပြီ
ပုရွက်ဆိတ်နှင့် ဆင်တို့ ကင်းထောက်ထွက်လာကြသည် ။ တောထဲ၌လှည့်နေရင်း တစ်နေရာ အရောက်တွင်
ပုရွက်ဆိတ် အလန့်တကြား ထအော်သည်။
"ဟေ့ကောင် ဆင် မြန်မြန်ဝပ်လိုက်။ ငါ့ကို ရန်သူတွေ့သွားပြီ"

တရားပွဲ
ယုန်နှင့် မြေခွေးတို့ တောထဲ၌တွေ့ကြသည် ။ မြေခွေးကပြောသည်။
"ဟေ့ကောင် ယုန် မင်းနဲ့ငါနဲ့ နိုင်ငံရေးတရားဟောပွဲ တမ်းကစားရအောင်။ ငါကတရားဟောမယ်"
"ဒါဆို ငါကရော"
"မင်းက ပရိတ်သတ်လုပ်ပေါ့ကွာ"
ယုန်ကသဘောတူသောကြောင့် မြေခွေး တရားစတင်ဟောသည်။ အာဘောင်အာရင်း သန်သန်နှင့်
ဟောနေတုန်း မြေခွေးကို ခဲတစ်လုံးလာမှန်သည် ။ မြေခွေး ယုန်ကိုလှမ်းကြည့်လိုက်သည်။
ယုန်က စိတ်ဝင်တစား နားထောင်နေပုံ ပြသည်။ ထို့ကြောင့် မြေခွေးတရားဆက်ဟောသည်။ ဒုတိယခဲလုံး
မှန်သောအခါ မြေခွေးသီးမခံ နိုင်တော့။ ထို့ကြောင့်ယုန်ကို မေးလိုက်သည်။
"ဟေ့ ယုန်မင်းငါ့ကို ခဲနဲ့ပေါက်တာလား"
"ငါမပေါက်ပါဘူး"
"မင်းမပေါက်ရင် ဘယ်သူပေါက်မှာလဲ"
"ငါလည်းဘယ်သိမှာလဲ။ ပရိတ်သတ်ထဲက နေမှာပေါ့"

တွေးမိလို့
လေယာဉ်တစ်စင်း ကောင်းကင်ပေါ်ရောက်ပြီးနောက် လေယာဉ်မှုးသည် တဟားဟားနှင့်
ရယ်နေလေသည်။ အဆက်မပြတ်ရယ်နေသောကြောင့် ခရီးသည်များလည်း စိတ်ဝင်စားလာပြီး လေယာဉ်မှူး
ကိုမေးလေသည်။
"ဘာတွေသဘောကျလို့ ဒီလောက်တောင် ရယ်နေရတာလဲဗျ"
"သြော်.... ကျုပ်ထွက်ပြေးတာကိုသာ စိတ္တဇဆေးရုံက ကောင်တွေသိသွားလို့ကတော့ ဘယ်လောက်တောင်
ခေါင်းမီးတောက်နေကြမလဲလို့ တွေးမိလို့ပါ"

အရေးကြီး ပုဂ္ဂိုလ်
ပုပ်ရဟန်းမင်းကြီး ကယ်လီဖိုးနီးယားကို အလည်ရောက်သွားသည်။ တာဝန်ရှိသူများက သွားရလာရ
လွယ်ကူစေရန် နောက်ဆုံးပေါ် မာစီဒီးကား ကိုစီစဉ်ပေးသည်။ ဒရိုင်ဘာနှင့် သွားနေရင်းပုပ်ရဟန်းမင်းကြီး
ကားကိုမောင်းကြည့်ချင်လာသည်။ ထို့ကြောင့် ဒရိုင်ဘာကို ကားကိုမောင်းလို့ရမလားမေးသည် ။
ဒရိုင်ဘာက ဖယ်ပေးလိုက်သည်။ ပုပ်ရဟန်းမင်းကြီး ကားကိုမောင်းသည်။ မည်မျှပြေးမှန်း သိချင်သဖြင့်
အရှိန်ကို တင်ကြည့်သည်။ ကားက ငြိမ်ငြိမ်ဆိမ်ဆိမ် ပင်ဆက်သွားနေသည်။ ထို့ကြောင့် အရှိန်ထပ်တင်
ကြည့်သည်။ သတ်မှတ်မိုင်နှူံးကို ကျော်သွားသောကြောင့် ယာဉ်ထိန်းရဲ ဆိုင်ကယ်က လိုက်ဖမ်းသည်။
ကားကို လမ်းဘေးချပြီးသောအခါ ယာဉ်ထိန်းရဲ ကားထဲကြည့်ပြီး မျက်လုံးပြူးသွားသည်။ ထို့ကြောင့်
ရဲမင်းကြီးဆီ ဖုံးလှမ်းဆက်သည်။
"ဆရာ ဒီမှာ အရေးကြီး ပုဂ္ဂိုလ်တစ်ယောက် သတ်မှတ်မိုင်ထက်ပိုမောင်းလာတာ ကျွန်တော်အရေးယူရ
ခက်နေလို့ ဆရာ့ကို အစီရင်ခံတာပါ။"
"ဘယ်သူလဲကွ ပြည်နယ်အုပ်ချုပ်ရေးမှူးလား"
"မဟုတ်ဘူးဆရာ အဲ့ဒီထက်မြင့်တယ်"
"ဒါဆိုကာကွယ်ရေးဝန်ကြီးလား"
"အဲ့ဒီထက်လည်း မြင့်တယ်"
"ဒါဖြင့် သမ္မတကြီးလား"
"မဟုတ်သေးဘူး ဆရာ"
"ဘယ်သူလဲကွ ပုပ်ရဟန်းမင်းကြီးပဲ ကျန်တော့တယ်"
"ဘယ်သူလဲတော့ ကျွန်တော်လည်းမသိဘူးဆရာ ပုပ်ရဟန်းမင်းကြီးကတော့
သူ့ကားမှာ ဒရိုင်ဘာလုပ်ပေးနေရတယ်"