ရောက်တတ်ရောက်ရာ ဒိုင်ယာရီ(၂)

19 September 2008

မိုးကုတ်သားတွေ စာဖတ်တာရှမ်းတဲ့ အကြောင်းကလည်း တကယ်ကိုစာတင်လောက်ပါတယ်။ မိုးကုတ်သား တစ်ယောက်နဲ့ ကျွန်တော်နယ်မှာခင်တာပါ။ တစ်နေ့ ကျွန်တော်တို့ စားသောက်ဆိုင် မှာသွားစားတော့ ကိုယ်တော်လေးက ဗွီနိုင်းပေါ်မှာ ရေးထားတဲ့ စားသောက်စရာ
နာမည်တွေကို ဖတ်ပါတယ်။ ပြီးတော့ အံ့သြတဲ့လေသံနဲ့ ကျွန်တော့်ကိုမေးပါတယ်။ ကိုဖားကြီး
ကက .... တစ်ကောင်လုံးကျော်ဆိုတာ ဘာဟင်းလဲဗျတဲ့ ။ ရုတ်တရက် ကျွန်တော်ကြောင်သွားပါတယ် ။
ပြီးတော့မှ သူဖတ်နေတဲ့ စာကိုလှမ်းကြည့်ပြီး သဘောပေါက်သွားပါတယ်။ ဆိုင်က ရေးထားတာက
နေရာမလောက်လို့ ကကတစ်ကောင်လုံးကြော်လို့ တစ်ဆက်တည်းရေးထားတာပါ။ ကကတစ် ငါးကိုဆိုလို
ပါတယ်။ ဒါကိုမိုးကုတ်သားက ခပ်တည်တည်နဲ့ ဖတ်လိုက်တာ ကက...တစ်ကောင်လုံးကြော်တဲ့ ။
သူဖတ်လိုက်မှပဲ ကကလို့ မြန်မာပြည်မှာခေါ်ကြတဲ့ တက္ကစီတွေကို ထည့်ကြော်ရမလိုဖြစ်နေတယ်။
မိုးကုတ်သားတွေ အဲ့ဒီလိုပဲဗျ ။ ရိုးလည်းရိုးတယ်၊ ရယ်လည်းရယ်ရတယ်၊ ခင်ဖို့လည်းကောင်းပါတယ်။

တစ်နေ့ ကျွန်တော့် ညီမ၀မ်းကွဲလေးကျောင်းက ပြန်လာတော့ သူတို့ကျောင်းက အဖြစ်အပျက်လေးကို
ပြောပြပါတယ်။ သူက စမ်းချောင်း(၂) မိန်းကလေး ကျောင်းကပါ ။ သူတို့ အဌမတန်းမှာ သိပ္ပံ အချိန်
စာသင်တော့ ဆရာမကမေးခွန်းတစ်ခုမေးပါတယ် ။ ကောင်းကင်ပေါ်က ကြယ်ကလေးတွေဟာ ညဘက်ဆို
ဘာလို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေရတာလဲတဲ့။ ဒီမှာတင် ကျောင်းသူလေးတစ်ယောက်က ဖြေလိုက်ပါတယ်။
အကြောဆွဲ နေတာပါ တဲ့
ကလေးက ရွတ်တွတ်တွတ်ဖြေလိုက်တာလား ။ တကယ့် စိတ်ကူးလားဆိုတာတော့ သူပဲသိမှာပါ ။ ကြားရတဲ့
ကျွန်တော်တို့ကတော့ တော်တော်လေးရယ်ချင်သွားပါတယ်။ အဖြေပေးပုံက တစ်ထပ်တည်းကို ကျနေတာပဲ။ ကောင်မလေးလည်း ဆရာမ ဆုချတဲ့ကျိန်လုံးစာလေး မိသွားပါတော့တယ်။

ကျွန်တော်တို့ တစ်ရက်မှာ တိရစ္ဆာန်ရုံသွားလည်ကြပါတယ်။ သူငယ်ချင်းတွေနဲ့ ဟိုဒီလျှောက်ကြည့်
နေတုန်း private မူကြိုတစ်ကျောင်းက ကလေးတွေ ကျောင်းလိုက်ကြီးလေ့လာရေး ထွက်လာတာကို
တွေ့လိုက်ပါတယ်။ ကလေးလေးတွေက ချစ်စရာလေးတွေပါ ။ အင်္ဂလိပ်စကားလည်း နားလည်ကြပုံပဲ။
မိဘတွေမပါပဲ ဆရာတွေကပဲ ဦးဆောင်ခေါ်လာတာပါ ။ ကလေးတွေကွဲကုန် မှာစိုးလို့ထင်တယ်။
ကြိုးတန်းရှည်ကြီးတစ်ခုကို တန်းထားပြီး အတန်းလိုက်ကိုင်ထားခိုင်းပြီး သွားကြပါတယ် ။
ဒီမှာတင် ရွှေဥာဏ်တော် စူးရှတဲ့ ကျွန်တော့်သူငယ်ချင်းမလေးက မှတ်ချက်ပေးပါတယ်။ သနားစရာ
လေးတွေနော် ရုပ်ကလေးတွေ ကချစ်ဖို့ကောင်းပြီး မျက်စိမမြင်ရှာဘူးထင်တယ် တဲ့။ ရုတ်တရုက်
တွေးလိုက်ရင်တော့ ကြိုးတန်းကြီးကိုင်ခိုင်ထားပြီး သွားနေရတော့ သူပြောတာ ဟုတ်သလိုလိုပေါ့။
ပြီးတော့မှ ဟာ နင်ကလည်း မျက်စိမမြင်မှတော့ တိရစ္ဆာန်ရုံခေါ်လာပြီး ကလေးတွေကို အသံနားထောင်
ခိုင်းမလို့လား ဆိုပြီး ၀ိုင်းဟားပါတော့တယ်။ အေးလေ ဒါကကျားသံ၊ ဒါကမျောက်သံလို့ ပြောမှ တကယ်
မမြင်ရင် ကလေးတွေပိုအားငယ်နေတော့မယ်။
ဒီအဖြစ်ပျက်လေးက ဒီမှာတင်ပြီးသွားပေမယ့် ကျွန်တော့်မှာတော့ တွေးစရာတွေကျန်ခဲ့ပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့မျက်စိတွေ ကိုကန်းနေအောင် အမှောင်ကဖုံးထားပါတယ် ။
မျက်စိမြင်နေရတဲ့ သူတွေကတော့ ကျွန်တော်တို့ကို ဒါက ဘာကောင်အသံ
ညာကောင်အသံ လို့ပြောကြပါတယ်။ ကျွန်တော်တို့က မမြင်ရတော့ ငြင်းခွင့်လည်းမရှိပါဘူး ။ ဒီတော့
သူတို့ပြောတဲ့ အကောင်တွေကိုပဲ စိတ်ကူးထဲကပုံဖေါ်ရတော့တာပေါ့ ။ သြော်ကျားဆိုတာတော့ ဒီလိုထင်တယ် ။ ဆင်ဆိုတာတော့ အကောင်ကြီးတယ်ပေါ့။ ဟော ရုတ်တရက်ကျွန်တော်တို့ မျက်စိ
တွေလည်းပြန်ကောင်းလာရော ထင်ထားတာတွေ တော်တော်များများက အမှားတွေပဲဆိုတာသိလိုက်
ရပါတယ် ။ မျက်စိကန်းနေတဲ့ သူတွေ မျက်လုံးပြန်ကောင်းရင် အမှန်ကို နားလည်ဖို့ သိပ်မကြာဘူး
လို့ထင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့လို အသိကန်းနေတဲ့ သူတွေ မျက်စိပြန်မြင်ရင်တော့
အမှန်ကိုမြင်နိုင် ဖို့ အချိန်ဘယ်လောက်ယူရမယ်လဲ ဆိုတာ သိကြသလားဟင်။

2 ယောက် မှတ်ချက်ပေးခဲ့သည်:

ရွှန်းမီ said...

:-) ရိုးသားစွာ ၀န်ခံရရင် မသိပါဘူး။ ဒီတော့ စမ်းကြည့်သင့်တယ်။

ဇင်ယော် said...

အဟဲ အစပိုင်းဖတ်နေတုန်း တခွိခွိနဲ့ ။ ပြီးခါနီးမှ ခေါင်းစားထားတယ်။ လုပ်ပါကိုဖားကြီးရယ် ခင်ဗျားတို့ ခေတ်ပဲ။ အပေါ်က ရွှန်းမီပြောသလိုပါပဲ။ မသိပါဘူးခင်ဗျာ။