ပြန်လာချိန်ခဏ

4 December 2009

ဘာကိုဘယ်လို စရေးရမှန်းကို မသိတော့ဘူး ... ဦးရှင်ကြီး နတ်ဖြစ်သွားတဲ့ ကျွန်းနားကရွာတစ်ရွာကို ကိုးလပိုင်းတစ်ဆယ့်တစ်ရက် ကရောက်သွားတယ် .... ဒီနေ့ ဒီဇင်ဘာ လေးရက်နေ့ည ရှစ်နာရီမှာ ရန်ကုန်ကို ခဏပြန်ရောက်တယ်...။ ရေးရမယ်ဆိုရင် ရေးစရာတွေကအများသား ... ဒါပေမယ့်လောလောဆယ်တော့ ခဏပြန်ရောက်ကြောင်းလောက်ပဲ အသိပေးပါရစေ ... ဘလော့ လောကကြီးနဲ့ ဘလော့ဂ်ဂါ ညီအစ်ကိုမောင်နှမ အားလုံးကို ကွန်ပြူတာဆိုတာ သေသေချာချာတောင် မမြင်ဘူး မသိကြတဲ့ အရပ်ကနေ နေ့စဉ်လိုလို သတိရမိပါတယ် ... ။

ခွင့်ရတဲ့ ရက်ကလည်း အရမ်းကိုနည်းလွန်းတော့ ပို့စ်လည်း သေသေချာချာရေးဖြစ်မယ်မထင်ဘူး ...။ ရေးဖြစ်ခဲ့ရင်တော့ ဓနိတော၊ အုန်းတောတွေနဲ့ မိကျောင်းတွေအကြောင်း
အများဆုံးဖြစ်မှာ ကျိန်းသေပဲ.... ။ ဘယ်ပဲသွားသွား ရေလမ်းခရီးဆိုတော့ ... အခုရန်ကုန်ပြန်ရောက်တာ ကားမစီးတတ်သလိုဖြစ်နေတယ် ...။ မြင်မြင်သမျှ ရန်ကုန်သူလေးတွေကလည်း ကျွန်တော်သွားတုန်းကထက် ပိုပြီးချောလာသလိုပဲ ....။ :)

အမှတ်တရ လာလည် ကြသူများ ၊ မလည်ဖြစ်သူများ အားလုးံအားလုံးကို ကျေးဇူးတယ်ပါတယ်ခင်ဗျာ ...။

ပြခန်းထဲက အိပ်မက်များ

2 September 2009


အလင်းရှာခြင်း

မီးအိမ်ငယ်ကို ကိုင်စွဲကာ အမှောင်ထုထဲသို့ ကျွန်တော်တိုးဝင်လာခဲ့သည်။ ပတ်ဝန်းကျင်တွင် မြူခိုးများကျဆင်းနေကြောင်းကို မီးအိမ်ငယ်လေး၏ အလင်းဖျော့ဖျော့မှနေ၍ တွေ့နေရသည် ။ ညလေအေးကလည်း သစ်တောအုပ်များကိုဖြတ်ကာ တစိမ့်စိမ့်နှင့်တိုက်ခတ်နေသည် ။ သစ်တောအုပ်ထဲဖြတ်လျှောက်လာရင်း သစ်ပင်တစ်ပင်အောက်တွင် လူရိပ်တစ်ခုကိုတွေ့လိုက်ရသည်။
တဖြည်းဖြည်းနှင့်နီးကပ်လာသောအခါမီးရောင်မှိန်မှိန်မှတဆင့် ထိုလူရိပ်၏ပုံသဏ္ဍန်ကို ကွဲပြားစွာမြင်လိုက်ရလေ၏ ။

လူစိမ်းသည် ကျွန်တော့်ကိုနှစ်လိုဖွယ်ပြုံးပြလေသည်။ သူ့အပြုံးသည် တည်ငြိမ်သော်လည်း ခင်မင်နွေးထွေးမူ့ရှိသည်ဟု ခံစားလိုက်ရသည်။

"ဘယ်သွားမလို့လဲ မိတ်ဆွေ"

သူက ကျွန်တော့်ကို စမေးလိုက်သည် ။ ကျွန်တော်က သူ့အမေးကိုဖြေလိုက်သည်။

"ကျွန်တော်လား ... အလင်းကိုရှာဖွေဖို့ထွက်လာတာပါ ... ဒီမှာက သိပ်မှောင်လွန်းတယ်မဟုတ်လား ... ဒါနဲ့ ....ခင်ဗျားရော ဘာရပ်လုပ်နေတာလဲ .."

"ကျွန်တော်လဲ ... ခရီးသွားတစ်ယောက်ပါပဲ ... လောလောဆယ်တော့ ခဏနားနေတာပါ ... ဒါနဲ့ခင်ဗျားက အလင်းကိုရှာနေတာလား"

"ဟုတ်ကဲ့ ... အလင်းကိုရှာနေတာပါ... ပြောရရင်တော့ အလင်းတွေကောင်းကင်မှာ အပြည့်တောက်ပနေတဲ့ အရပ်ကိုပဲ ဆိုပါတော့ဗျာ"

"သြော် ... ခင်ဗျားက အလင်းကိုရှာနေတာကိုး ..."

သူရေရွတ်လိုက်သော အသံတွင်ကျွန်တော့်ကို ဂရုဏာသက်ခြင်း သို့မဟုတ် နားမလည်ခြင်း စသည့်အသံများပါနေသည်ဟု ကျွန်တော်ခံစားလိုက်ရသည် ။ တဆက်တည်းပင် သူကဆက်ပြောသည် ။

"ခင်ဗျား အလင်းကိုရှာတာကောင်းပါတယ် ... ဒါပေမယ့် ရှေ့ရောက်ရင်တော့ သတိထားဗျာ .. ခင်ဗျားသွားမယ့်လမ်းဘက်မှာက လေတွေတအားကြမ်းနေတယ်လေ ။ မိုးတွေလည်း အရမ်းရွာနေတယ် ... ခင်ဗျားမီးအိမ်လေးကိုလည်း သတိထားဦး ..."

သူက စေတနာပါသောအသံဖြင့်သတိပေးလိုက်သည်။

"ဟုတ်ကဲ့ ... ကျေးဇူးပါပဲဗျာ... ကျွန်တော့်ကိုသွားခွင့်ပြုပါဦး"

မီးအိမ်ငယ်ကိုဆွဲကိုင်ကာ မှောင်မဲသောတောအုပ်ထဲသို့ ကျွန်တော်ဆက်လက်ထွက်ခွာလာခဲ့သည် ။ မုန်တိုင်းများရှိနေလည်း ဖြတ်ကျော်ရပေဦးမည် ။ အလင်းကိုရှာဖွေဖို့ အတွက်ပေါ့ ..................။

+ + + + + + ။ + + + + + +

ကိုယ့်ဘက်ကိုယ်

လူတစ်ယောက်က ကျွန်တော့်ကိုလာပြောသည်။

"ခင်ဗျားဟာ စကားပြောရင် ကိုယ့်ဘက်ကိုယ်တအားကြည့်တာပဲ ... ခင်ဗျားဟာလိပ်ပဲဗျ"

"ဗျာ... ဘယ်လိုဖြစ်လို့ လိပ်ဖြစ်ရတာလဲ"

"ဟုတ်တယ်လေ ကိုယ့်ဘက်ကိုယ်ပဲ ယက်တတ်လို့"

"ဟင့်အင်း ကျွန်တော်ဟာ လိပ်မဟုတ်ပါဘူး"

"သြော် ခင်ဗျားက ငြင်းချင်တယ်ပေါ့"

"မဟုတ်ဘူးဗျ ကျွန်တော်က လိပ်ထက်ဆိုးတယ်"

"ဟုတ်လား ဒါဖြင့် ခင်ဗျားက ဘာလဲ"

"ကျွန်တော်က ဆောက်လုပ်ရေးလုပ်ငန်းသုံးတဲ့ Backhoe ကြီးလေ"

"ဗျာ"

"ဟုတ်တယ်ဗျ ကျွန်တော်က ကိုယ့်ဘက်ကိုယ်ယက်ရင် လိပ်လောက်မကဘူး backhoe ကြီးလို အားရပါးရကို ယက်တာဗျ"

"သြော် ... တော်တော်ဆိုးတာပဲနော်"

"ဒါပေမယ့်ဗျာ ... တစ်ခါတော့လိပ်လေးတစ်ကောင်နဲ့ ပြိုင်ယက်တာ ကျွန်တော်ရှုံးသွားဖူးတယ်ဗျ"

"ဘယ်လိုဖြစ်လို့လဲ"

"ဒီလိုလေဗျာ သူကကျွန်တော့်ရှေ့က နေလာယက်တဲ့အခါ ကျွန်တော်လည်းသူ့လောက်တော့အေးဆေးပေါ့ဆိုပြီး ပြန်ယက်မယ်လုပ်လိုက်တာ... အား ......လား .......လား ကျွန်တော်က စက်ပဲဗျ ... ဆီလည်းမရှိ...မောင်းတဲ့သူလည်း မရှိရော ကျွန်တော်ခံလိုက်ရတော့တာပေါ့"

"သြော် ... ခင်ဗျားလို Backhoe ကြီးလည်း ခံလိုက်ရသေးတယ်နော်"

+ + + + + + ။ + + + + + +
ဟိုးရှေးရှေးကလို ပုံပြင်


နေသာသော တစ်နေ့တွင် တောအုပ်ထဲသို့ ကျွန်တော်လမ်းလျှောက်ထွက်လာသည်။ တောအုပ်အလယ်တွင် ထိုင်ကာငိုင်နေသော ကျားတစ်ကောင်ကို တွေ့လိုက်ရသောကြောင့် ကျွန်တော်သူ့အနားသို့ချည်းကပ်သွားသည် ။ ကျွန်တော်က ကျားကိုလှမ်းပြောလိုက်သည်။

"ခင်ဗျား ... ဘာဖြစ်လို့ငိုင်နေရတာလဲဗျ ..."

"ရွှေယုန်ဗျာ ကျွန်တော့်အပေါ်လူလည် အဲ ယုန်လည် ကျလွန်းလို့ပါ"

"သြော်ခင်ဗျားက ကိုရွှေကျားကြီးလား"

"ဟုတ်ကဲ့"

"ခင်ဗျားဗျာ ဒီပုံပြင်ထဲမှာပဲ နုံအအနဲ့ ခံလိုက်ရတာပါ ... တခြားပုံပြင်တွေမှာတော့ ခင်ဗျားတို့ဟာ ငစဉ်းလဲကြီးတွေဆိုပဲဗျ"

"ဟုတ်ပါတယ်လေ ... ဒါပေမယ့် အဲ့ဒီပုံပြင်တွေကိုလည်း ခင်ဗျားသေသေချာချာ လေ့လာကြည့်ပါဗျာ .. ကျွန်တော်တို့ ဘယ်လောက်ပဲ ကောက်ကျစ်စဉ်းလဲပါစေဦး နောက်ဆုံးတော့ ယုန်ပညာရှိလေးတွေကပဲ အနိုင်ယူသွားကြတာပါ ..."

"သြော် ... ခင်ဗျားက အခုပုံပြင်မှာတော့နိုင်ချင်တာပေါ့ လေ ... ဒါပေမယ့် ခင်ဗျားမနိုင်ပေမယ့် လူတွေကခင်ဗျားကို သနားကြတယ်လို့ ကျွန်တော်ထင်တယ်"

"သနားတယ်ဟုတ်လား ... အလကားပါဗျာ..ကျွန်တော့်ကိုငတုံးကြီးခံရတာတောင် နည်းသေးတယ်ဆိုပြီး ရယ်ချင်နေကြတာပါ .. သူတို့တကယ်သဘောကျတာက ရွှေယုန်ကိုပါ .. တကယ်တော့ဗျာ .. လောကကြီးဟာ ...."

ကျွန်တော်ရွှေကျားကို ဘာမှဆက်မပြောချင်တော့သောကြောင့် ထွက်ခွာလာခဲ့သည်။ ရွှေကျားကတော့ လောကကြီးဟာ ... ဘယ်လိုဘယ်ဝါ ဆိုပြီး ဒဿနတစ်ခု ထုတ်နေပေလိမ့်မည် ။

+ + + + + + ။ + + + + + +

တစ်ခန်းရပ်မဟုတ်သော

ပိတ်ကားချသွားပြီဖြစ်သော်လည်း ကျွန်တော်ကားထိုင်ခုံတွင်ပင်ဆက်လက် ထိုင်နေသည် ။ ရုံအစောင့်ရောက်လာသည် ။

"ဟေ့လူ မပြန်သေးဘူးလား ... ပြဇာတ်ပြီးသွားပြီလေ"

"ဗျာ .. ဟုတ်လား ကျွန်တော်ကတော့ ပြီးသွားပြီလို့မထင်ပါဘူး ... ဒါဟာ ခဏတာပိတ်ကားချလိုက်တာမဟုတ်လား"

"မဟုတ်သေးဘူးလေဗျာ ... ခင်ဗျားဘာတွေကြောင်နေတာလဲ ... မင်းသားနဲ့မင်းသမီးနဲ့ ပျော်ရွှင်စွာပေါင်းစည်းသွားလို့ ပရိတ်သတ်တွေတောင် လက်ခုပ်တီးလိုက်ကြသေးတယ်လေ"

"သြော်... ခင်ဗျားက အဲ့ဒါကို ဇာတ်သိမ်းလို့ဆိုလိုချင်တာလား .. ကျွန်တော်ကတော့ အဲ့လိုမယူဆဘူး .. ဒါဟာ တမင်သက်သက်လုပ်လိုက်တဲ့ ဇာတ်သိမ်းပဲဗျ ... တကယ့်ဇာတ်သိမ်းဆိုတာ ကျွန်တော်တို့သေမှပဲရှိမယ်ထင်တယ်လေ .."

"ခင်ဗျားက အရူးပဲ .. ဒါဆိုလည်း အဲ့ဒီပိတ်ကားနောက်တစ်ခါ ပြန်ဖွင့်မယ့်အချိန်ခင်ဗျားဘာသာ ခင်ဗျားစောင့်ပေတော့ အပြင်မှာတော့နှင်းတွေကျနေပြီ ... ကျုပ်လည်း ပြန်တော့မယ်..."

"သြော်နှင်းတွေတောင် ကျနေပြီလား ... ဒါဆိုဆောင်းရောက်ပြီပေါ့ ... အေးဗျာ ကျွန်တော်တကယ့်ဇာတ်သိမ်းရောက်တဲ့အထိ ကြည့်ချင်လို့ ဆက်စောင့်လိုက်ဦးမယ် ... ဆောင်းဆိုတာ အိပ်မက်တွေ တကျော့ပြန်ရောက်တတ်တဲ့အချိန်ပဲဗျ ... မကြာခင်ပိတ်ကား ပြန်တက်လာပြီး ပြဇာတ်ကို ကျွန်တော်ကြည့်ရဦးမယ်ထင်တယ် ... ခင်ဗျား ပြန်ရင်လည်းပြန်တော့လေ ကျွန်တော်ကတော့စောင့်လိုက်ဦးမယ် ..."

ကျွန်တော့်ကိုကြည့်၍ ခေါင်းခါကာ ရုံအစောင့်သည်ထွက်ခွာသွားသည်။ ကျွန်တော်ကတော့ ဇာတ်လမ်းများပြီးဆုံးသည်ဟု ဘယ်တော့မှမထင် ... ပိတ်ကားပြန်ပွင့်မည့်အချိန်ကို စောင့်ရဦးမည် ။ နှင်းတွေကျနေပြီဟု ဆိုသည်။ ဆောင်းရာသီကို ရောက်ပြီပေါ့ ...။
ဆောင်းဆိုတာ အိပ်မက်တွေတစ်ကျော့ပြန်လာ တတ်တဲ့ရာသီမဟုတ်လား ............။

Photo credits; flickr.com, wordpress.com, excavators101.com, lawnjock.com, saskschools.com, madehow.com

Sorry, Blame it on me ( 100 th post )

30 August 2009

ကျွန်တော်ဘလော့ဂ်ကို စရေးခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ ...။ ဘယ်လောက်ကျော်ခဲ့လဲဆိုတာတော့ ကျွန်တော့်ထုံးစံအတိုင်းမမှတ်မိတော့ဘူး ။ ဘယ်ရက်က ဘလော့ဂ်ကိုစဖန်တီးလဲဆိုတာနဲ့ ပို့စ်စရေးတဲ့နေ့ ပို့စ်တင်ဖြစ်တဲ့နေ့တွေက လွဲနေပြီး ဘယ်ရက်ကို အတည်ယူရမလဲ ဆိုတာ မသိတာလည်းပါတော့ တစ်နှစ်ပြည့်တွေဘာတွေလည်း အထူးတလည်မရေးနိုင်ခဲ့ပါဘူး ။ ဘလော့ဂ်ဂါတွေ တစ်နှစ်ပြည့်တို့ ပို့စ်တစ်ရာမြောက်တို့ ရေးတာဖတ်ရရင်တော့ ကျွန်တော်အရမ်းအားကျခဲ့ပါတယ် ။ တစ်နှစ်ပြည့်မရေးနိုင်ရင်တောင် ၁၀၀ ပြည့် ပို့စ်တော့ အမှတ်တရအဖြစ်ရေးမယ်လို့လည်း အားခဲထားခဲ့တယ် ။ အရင်ရေးတဲ့နှုန်းနဲ့တုန်းကတော့ ငါလည်း တစ်ရာမကြာခင်ပြည့်တော့မှာဆိုပြီး ဘယ်လိုရေးမယ် ဘာတွေရေးမယ် ဆိုပြီးတွေးခဲ့တာတွေရှိပါတယ်။ တကယ်တမ်းလက်တွေ့မှာတော့ ၁၀၀ပြည့်အောင်ရေးဖို့ဆိုတာက ကျွန်တော့်အတွက် ထင်သလောက်မလွယ်ပါဘူး။

၂၀၀၉ တစ်နှစ်လုံးမှာ ကျွန်တော်ရေးခဲ့တာက ၁၀ ပုဒ်ကျော်ကျော်ရယ်ပဲရှိတယ်။ ဒါနဲ့ dashboard က ပို့စ်အပုဒ်ရေဖေါ်ပြထားတာကို သတိထားမိတော့ ပြီးခဲ့တဲ့ ကဗျာက ၉၉ ပုဒ်မြောက်ဖြစ်နေတယ် ...။ ဒီတော့ နောက်တစ်ပုဒ်ဖြစ်တဲ့ အခုလက်ရှိပို့စ်ဟာ တစ်ရာမြောက်ပေါ့...။
တစ်ရာမြောက်ကို ကျွန်တော်ဘာရေးရင်ကောင်းမလဲ။ တွေးထားတာတွေအကုန်လုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်။ ဒီကြားထဲ အိမ်ကကွန်ပြူတာကလည်း သုံးမရအောင်ပျက်... အင်တာနက်ဆိုင်လာဖို့ကလည်း ခရီးတွေကထွက်နေရတာနဲ့ အလှမ်းဝေး ... မအားတဲ့ကြားက အချိန်လုပြီး မဖြစ်ဖြစ်အောင်ရေးနေကြတဲ့ မိတ်ဆွေ၊သူငယ်ချင်း ဘလော့ဂ်ဂါတွေကိုပဲအားကျစိတ်ဖြစ်နေမိတယ်။ ဒီအတိုင်းတော့မဖြစ်သေးပါဘူးဆိုပြီး တစ်ရာမြောက်ပို့စ်ကို တစ်ခုခုတော့ အမှတ်တရဖြစ်အောင် ရေးမှပါလို့တော့ စိတ်ကအမြဲဖြစ်နေတယ်။

တစ်နေ့က ရုံးကိုကိစ္စတစ်ခုနဲ့သွားတော့ ကားပေါ်ကတီဗီမှာ MTV တစ်ခွေကြည့်ခဲ့ရတယ်။ Akon ရဲ့ ခွေပါ ။ သီချင်းတွေကလည်း ကြာပါပြီ ။ ဒါပေမယ့် AKon ကို ကျွန်တော်အသံအနေနဲ့သာ ဟိုးတုန်းကနားထောင်ဖူးပြီး video ကိုတော့ သေသေချာချာမကြည့်ဖြစ်ခဲ့ပါဘူး ။ အဲ့ဒီအထဲက သီချင်းကိုလည်း အရင်တုန်းကသိခဲ့ပေမယ့် နားထဲသေချာမရောက်ခဲ့ဘူး။ အခု music video အနေနဲ့ကြည့်လိုက်ရမှ ကျွန်တော့်လက်ရှိအဖြစ်တွေနဲ့ တိုက်ဆိုင်နေသလိုဖြစ်ပြီး ရင်ဘတ်ထဲကို ရောက်ခဲ့ပါတယ်။ သီချင်းတစ်ပုဒ်ဟာ ဘယ်လောက်ပဲကြာနေပါစေ ရင်ဘတ်ကိုတွယ်ညိနေသ၍ လတ်ဆတ်နေဆဲပါပဲဗျာ ။

အဲ့ဒီသီချင်းမှာ Akon ကပြောပါတယ်။ အပြစ်အားလုံးဟာ သူ့ကြောင့်ပါတဲ့ ..။ သူ့ကိုသာ အပြစ်တင်ပါတော့လို့ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မြန်မာလေသံလို စိတ်မရှည်တဲ့ပုံနဲ့ အားလုံးငါ့အပြစ်ပဲ ထားပါတော့ဆိုတဲ့ လေသံမျိုးမဟုတ်ပါဘူး ..။ ဖြစ်ခဲ့တာအားလုံးအတွက် သူစိတ်မကောင်းပါဘူး ။ သူ့အပြစ်တွေကိုဝန်ခံပါတယ် ..။ ဆက်ပြီးတော့ ဒီလိုအပြစ်တွေဟာ သူ့မှာတာဝန်ရှိတဲ့လို့ခံယူထားတဲ့ အသံမျိုးပါ ။ ဒါက ကျွန်တော်ခံစားမိတဲ့ အပိုင်းကိုပြောတာပါ ။ သူ့လေသံက ခွင့်လွှတ်ပေးပါ ဆိုတာရယ် နောက်မဖြစ်အောင်တာဝန်ယူပါတယ်ဆိုတဲ့ အသံမျိုးလို့ခံစားမိတယ်။

ကျွန်တော်လူတွေကို ဘယ်လောက်များ စော်ကားမော်ကားပြုခဲ့ပြီးပြီလဲ..။ ကျွန်တော်မြင်ဖူးတဲ့ ပတ်ဝန်းကျင်ရော ကျွန်တော်မမြင်ဖူးပေမယ့် ရှိနေတဲ့ ပတ်ဝန်းကျင်( ဘလော့ဂ် လောက ) က လူတွေအပေါ်မှာ ကျွန်တော်သိလျှက်နဲ့ဖြစ်စေ မသိလျှက်နဲ့ဖြစ်စေ သူတို့စိတ်ပျက်အောင် လုပ်ခဲ့ဖူးမှာပါ ။ အဲ့ဒီအတွက် ကျွန်တော့်ကိုချစ်တဲ့သူတွေ ၊ ကျွန်တော်က ချစ်တဲ့သူတွေ ၊ ကျွန်တော့်အပေါ်မုန်းတဲ့သူတွေ ၊ ကျွန်တော်က မုန်းခဲ့သူတွေအားလုံး စိတ်ကသိကအောက်တော့ ဖြစ်ခဲ့ဖူးမှာပါ ။ Akon လေသံနဲ့ပြောရရင်တော့ စိတ်မကောင်းပါဘူးဗျာ .. အားလုံးကျွန်တော့်အပြစ်တွေပါ လို့ပဲပြောရမှာပါ ။ တကယ်ကို ၀န်ချတောင်းပန်လိုခြင်းဖြစ်ပါတယ် ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကျွန်တော့်ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရရင် ဒီနေရာကနေပဲ ကျွန်တော့်အပြစ်တွေလို့သတ်မှတ်ပြီး နားလည်ခွင့်လွှတ်မူ့ကို မျှော်လင့်ပါတယ်ဗျာ ...။ ကျွန်တော့်ရဲ့ ခံယူချက်ဟာ ကျွန်တော်ကြိုက်တဲ့ သီချင်းအတိုင်းကို ဖြစ်သွားပါတယ်။ အခုတလော အကြိုက်ဆုံးသီချင်းကို ပြောပါဆိုရင်လည်း ဒီသီချင်းပါပဲ ။ လူတွေကိုစိတ်ထဲက တောင်းပန်ရင်း စိတ်ရဲ့အေးချမ်းပေါ့ပါးမူ့ကို ရှာတွေ့ခဲ့ပါတယ်။ Akon ရဲ့ မှော်ဝင်နေတဲ့ ဂရုဏာသံကနေ တဆင့်ပေါ့ ..။ MTV ကိုကြည့်ပြီးသွားရင်လည်း နောက်တစ်ခေါက်လောက် ကြည့်သွားပါဦး ..။ ကျွန်တော့်ရဲ့ ၀န်ချတောင်းပန်မူ့ကို Akon ကတဆင့်ပြောပြပါလိမ့်မယ် :-) ။





Lyrics | Akon Lyrics | Sorry, Blame It On Me Lyrics

ဒီလိုဝန်ချတောင်းပန်မူ့ဟာပဲ ကျွန်တော့်ရဲ့ ၁၀၀ မြောက်အမှတ်တရပို့စ်ဖြစ်ပါစေတော့ ...။ ကျွန်တော့်ပတ်ဝန်းကျင်၊ ကျွန်တော်နဲ့ပတ်သတ်သမျှလူအားလုံး.. ကျွန်တော်နဲ့မပတ်သတ်သမျှလူအားလုံး ... မြေကမ္ဘာပေါ်ကရှိသမျှလူအားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာ ရှိကြပါစေခင်ဗျာ ....။

ကျွန်တော်မသိခဲ့သော ကဗျာ

14 August 2009

တစ်ချိန်တုန်းက ....
မိုးမမြင်လေမမြင်နဲ့
အလင်းတုထဲမှာ ပျော်နေတတ်ခဲ့တာ
ညတွေဘယ်လို စီးဆင်းသွားလဲ
ကိုယ်မသိခဲ့..... ။

နွေးထွေးတဲ့အလင်းနဲ့
ငါ့ရဲ့မနက်ခင်းလေးရယ်
အခန်းကျဉ်းလေးထဲကို တိုးဝင်မလာပါနဲ့
အမှောင်ဆိုတာ အမိုက်ဆုံးများလား
ကိုယ်မသိခဲ့ ..... ။

လျှို့ဝှက်တဲ့နှလုံးသားနဲ့
မှော်ပညာသုံးခဲ့တဲ့ စုန်းမလေးရေ
အဲ့ဒီ သေတ္တာနက်ထဲမှာ
တစ်စုံတစ်ခုတော့ ရှိမှာပေါ့...
ဘာလဲဆိုတာတော့
ကိုယ်.. မသိခဲ့ ....။

နေ့စွဲများ .....
ကိန်းဂဏန်းများ .....
တီးတိုးစကားများ ...
လိုအင်ဆန္ဒများ ...
ရုပ်ဝတ္တုတစ်ခုရဲ့ ဆင့်ကဲဖြစ်စဉ်များ ...
ဇာတ်သိမ်းခန်းရောက်မှ နားမလည်ခြင်းများ ...
တစ်ချိန်မှာ မောပန်းနွမ်းလျ
တိမ်တွေလို ကွယ်ပျောက်သွားနိုင်လည်း ....
နေ၀င်ချိန်တွေ အဲ့ဒီလောက်စောလိမ့်မယ်ဆိုတာ ..
ကိုယ်... မသိခဲ့ ...။

နားမလည်ခဲ့သော သီချင်းများ
ဘယ်သူတွေရေးဖွဲ့ခဲ့ပါသလဲ
ကိုယ်မသိခဲ့ ......

ကွေ့ကောက်သောမြစ်များ
ဘယ်ပင်လယ်ဆီ စီးဝင်ပါသလဲ
ကိုယ်မသိခဲ့ ......

အလိုလိုအသံပျောက်ခဲ့တဲ့ ရေဒီယိုလေး
ဘာကြောင့်များပါလိမ့် ......
ကိုယ်မသိခဲ့ ......

လူနဲ့သက်မဲ့ပစ္စည်းကြား ထပ်တူညီခြင်းသီအိုရီ
ဘယ်သူက ထုတ်ခဲ့တာပါလဲ
ကိုယ်မသိခဲ့.....

နှုတ်ဆက်လမ်းခွဲစကားအတွက်
အလှပဆုံးဝေါဟာရက ဘာပါလဲ
ကိုယ်မသိခဲ့...

အဝေးပျံငှက်ကလေး
ဘယ်အပင်မှာ ခိုနားဦးမှာလဲ
ကိုယ်မသိခဲ့....

ကိုယ့်မာနများအတွက်
အကောင်းဆုံးဆင်ခြေက ဘယ်လိုပါလဲ
ကိုယ်မသိခဲ့......

ကိုယ်တိုင်နားမလည်သော ဒီကဗျာကို
ဘာကြောင့်ရေးခဲ့ပါသလဲ
ကိုယ်မသိခဲ့....

မေးခွန်းများရဲ့ တစ်ခုတည်းသောအဖြေက
ဘာကိုမှ.....................
ကိုယ် ..... တကယ် ..... မ ..... သိ ..... ခဲ့ ..... ပါ .....။


( 14 . 8 . 09 , 00:55 A.M )

မောင်အေးနှင့်ခွေး

6 August 2009

မောင်အေးက သွက်လက်ချက်ချာသည်။ လူကြီးတွေအမြင်နဲ့ပြောရလျှင်တော့ ဖင်ပေါ့တယ်ပေါ့။ သူ့ပုံစံကလည်း အများတကာအလယ်တွင်ထင်ပေါ်လေသည်။ အသားကမည်းမည်း၊ ပိန်ခြောက်ခြောက်၊ မျက်လုံးပြူးပြူး နှင့် လူကောင်သေးသောမောင်အေးသည် တစ်ခါမြင်လျှင်မှတ်မိလွယ်သော ရုပ်မျိုးဖြစ်သည်။ မောင်အေးကို ကျွန်တော်သတိထားမိတာကလည်း သူသည်လူတစ်ကာ ပါးစပ်ဇျားတွင်ရေပန်းစားသောကြောင့်ဖြစ်သည်။

မောင်အေးရေ ဟိုဟာလေးလုပ်ပါဦး၊ ဒီဟာလေးလုပ်ပါဦးဆိုသည်နှင့် မောင်အေးက ညီးညူလေ့မရှိ... ပါးစပ်ကတော့အပြောင်အပြက်တွေ ပြောတတ်သည်။ သူများတွေက ကျောက်လောင်းရလျှင် ပင်ပန်းတယ်ဆိုကာ နောက်နေ့အလုပ်မဆင်းသော်လည်း မောင်အေးကတော့ ဘာမှမဖြစ်သလိုပင် အလုပ်ကိုပုံမှန်လာသည်။ တကယ်တော့ ထိုနေ့မျိုးဆိုလျှင် မောင်အေးက သူများထက်ပို၍ ပင်ပန်းပါသည်။
အလုပ်ကိုခိုကပ်လေ့မရှိသောသူ့ကို အိမ်ရှင်များက သဘောကျသလို၊ သူ့ ကန်ထရိုက်ကလည်း လက်စွဲဖြစ်သည်။ တစ်ခုခုဆိုလျှင် မောင်အေးနာမည်ကို ပါးစပ်ကမချတော့... ယုတ်စွအဆုံး mixer စက်နှိုးတာကိုပင် မောင်အေးလုပ်မှဖြစ်လေသည်။ ထိုသို့အလုပ်ကိုသွက်သွက်လက်လက်လုပ်တတ်သော မောင်အေးကို ကျွန်တော်ကလည်းခင်ပါသည်။ ခင်မင်ခြင်းနှင့် အတူသူ့အကြောင်းကိုပါ စိတ်ဝင်စားမိလေသည်။

တစ်နေ့ slab လောင်းဖို့ အထပ်သားပြားတွေကို မောင်အေး ဆေးသုတ်နေတုန်း ကျွန်တော်သူ့နားကိုရောက်သွားသည်။ ဒီဆိုဒ်ကို ကျွန်တော်ရောက်တာမကြာသေးသဖြင့် မောင်အေးသည် ကျွန်တော့်ကိုတော့ ခပ်တန်းတန်းပင်နေတတ်သည်။

"မောင်အေး မင်းဒီနေ့ပြီးပါ့မလား"

ကျွန်တော်က သူ့ကိုခပ်ရွှင်ရွှင်နောက်ကာ ခင်မင်မူ့ကိုစယူလိုက်သည်။

"ဒီလောက်ကတော့ ကျွန်တော်အေးဆေးပါ "

သူကလည်း ခပ်ပြုံးပြုံးပင် ပြန်ပြောသည်။

ရပြီ... သူနှင့်ကျွန်တော်စကားဆက်ပြောလို့...

"မောင်အေး မင်းအသက်ဘယ်လောက်ရှိပြီလဲ"

"ဗျာ... ဆယ့်ရှစ်နှစ်ရှိပြီ အစ်ကို"

'သြော်....'

တကယ်တော့ မောင်အေးခန္ဓာကိုယ်သည် သူ့အသက်နှင့်နှိုင်းယှဉ်လျှင် ပိန်လှီလွန်းလှသည်ဟု ကျွန်တော်ထင်သည်။ သူ့ခန္ဓာကိုယ်ကြည့်၍ သူ့အသက်ကို ကျွန်တော်မှန်းခဲ့တုန်းက ဆယ့်လေး၊ဆယ့်ငါးနှစ်ထက်ပိုစရာမရှိ...။ မောင်အေး ဘာဖြစ်လို့ ဒီလောက်လူကောင်ညှက်ရတာလဲ...။ ပင်ပန်းမူ့ဒဏ်ကြောင့်လား.. ငယ်ငယ်လေးကတည်းက ဆင်းရဲမူ့ဒဏ်ကြောင့် အာဟာရ မပြည့်ခဲ့တာလား...။
ကျွန်တော်မမေးဖြစ်ခဲ့........။ ထားတော့ဒီကိစ္စက မောင်အေးတို့လို့ လူငယ်ကလေးများ ကျွန်တော်ကြုံခဲ့ဖူးတာ များပြီမဟုတ်လား....။

"မောင်အေး မင်းအရင်တုန်းကရော ဘယ်မှာလုပ်ခဲ့သေးလဲ"

သူက ဆေးသုတ်နေရင်းနဲ့ပြန်ဖြေသည်။

"လက်ဘက်ရည်ဆိုင်မှာ "

"သြော် မင်းအဆင်မပြေလို့ထွက်လာတာလား"

အဆင်မပြေသောကြောင့်ထွက်တာပဲ ဖြစ်ရမည်ကိုသိသော်လည်း ကျွန်တော်က စကားဖေါ်ကမေးလိုက်သည်။

"အင်းဟုတ်တယ်အစ်ကိုရ.. ပင်ပန်းလွန်းလို့ပါ... နေ့တိုင်းလည်းဆင်းရတယ်.. အဝေးပြေးကားဂိတ်ကဆိုင်ဆိုတော့ ညဆိုရင်လည်းနောက်ကျမှအိပ်ရတယ် မနက်ဆို သုံးနာရီခွဲပြန်ထရတယ်.."

"ဒီမှာရော မင်းမပင်ပန်းဘူးလားကွ... ကျောက်လောင်းရင် ထမ်းရတာတွေက ငါဆိုရင်တောင် မထမ်းနိုင်ပါဘူးကွာ"

"အာ... လူပင်ပန်းပေမယ့် စိတ်မပင်ပန်းဘူးအစ်ကိုရ... ကျွန်တော်နားချင်ရင်နားလို့ရတယ်.. ပိုက်ဆံမရတာပဲရှိတယ်..ပြီးတော့ ကျွန်တော့်အခုကန်ထရိုက်ကလည်း သဘောကောင်းပါတယ်"

"အေး အဲ့ဒါတော့ ဟုတ်တယ်ကွ မင်းတို့ကန်ထရိုက်က အေးလွန်းလို့ ငါတောင်တွန်းပေးနေရတယ်"

မောင်အေးပြောလိုက်တော့ သူ့ကိုကျွန်တော်ပို၍ သဘောကျသွားသည်။ သူသည်စိတ်ပင်ပန်းမူ့ထက် ခန္ဓာကိုယ်သာအပင်ပန်းခံ၍ လွပ်လပ်မူ့ကို ကြိုက်သူတစ်ယောက်ဖြစ်လေသည်။ သူက ဆက်ပြောသည်။

"ဒါပေမယ့် အစ်ကိုရာ.. ပိုက်ဆံမရတဲ့နေ့ဆို ကျွန်တော့်အစ်ကိုမိန်းမက ထမင်းမကျွေးချင်ဘူးဗျ"

ကျွန်တော့်ဆုံးဖြတ်ချက်တို့စောသွားသည်ထင်သည်။ စိတ်လွပ်လပ်မူ့တစ်ခုမှ လွတ်မြောက်ခဲ့သော်လည်း တစ်ခုက ရှိနေပြန်သည်။

"သြော် အင်း... ဟုတ်လား... အေးကွာ ဒီတော့ မင်းနေ့တိုင်း ဆင်းနေရတာပေါ့"

"ကျွန်တော့်အကြောင်းကလည်း စုံတယ်အစ်ကိုရ... ကျွန်တော်နေရာအများကြီးမှာ လုပ်ဖူးတယ်"

သူကကျွန်တော်နှင့်စကားပြောရတာ စိတ်ပါလာတယ်ထင်သည်။ ကျွန်တော့်ကိုပြောချင်စိတ် ပေါက်လာသောကြောင့် ဆေးသုတ်နေရာမှ ခဏနားကာ ဆေးပေါ့လိပ်ကိုမီးညှိလိုက်လေသည်။ မောင်အေးသည် ဆေးပေါ့လိပ်ကိုလည်း ကောင်းကောင်းသောက်တတ်နေပြီဖြစ်သည်။

"ကျွန်တော်လက်ဘက်ရည်ဆိုင်မှာမလုပ်ခင်တုန်းက ရွှေတောင်ကြားထဲက အိမ်တစ်အိမ်မှာ ခြံစောင့်၊မာလီ လုပ်ခဲ့ဖူးတယ်"

"ဟုတ်လား ... အဲ့ဒီမှာကော ဘယ်လိုလဲ နေရထိုင်ရတာ၊ စားရသောက်ရတာ"

"ဒီလိုအစ်ကိုရ .. အဲ့ဒီကိုလိုက်ပို့တာက ကျွန်တော့်အစ်ကိုလေ စားဖို့သောက်ဖို့နေဖို့က အဆင်ပြေတယ်ဆိုပြီး ပို့ပေးတာ သူကလည်း ၊ ကျွန်တော့်ကို တိုက်နဲ့ထားတာ ၊ အိပ်ယာကလည်း မွေ့ယာတွေနဲ့ စားတာကလည်း သူတို့စားသလိုပဲ ကျွေးတာ..."

"သြော်... ကောင်းရှာသားပဲကွ..."

"ပြီးတော့ ကော်ဖီတို့၊ လက်ဘက်ရည်တို့ မုန့်တို့ကလည်း တစ်နေ့ကို သုံးခါလောက် လာလာကျွေးတယ်။
အိမ်မကြီးဘက်တော့ ကျွန်တော်တို့မသွားရဘူးအစ်ကို"

"ကားဂိုထောင်အပေါ်ထပ်လိုမျိုးမှာ နေရတာလား"

"အင်းဟုတ်တယ်အစ်ကို..."

ကျွေးတာမွေးတာ ရှယ်ဆိုသော၊ သူတို့စားသလို ကျွေးတာဆိုသော မောင်အေးစကားကို ကျွန်တော်နည်းနည်းသဘောပေါက်သွားသည်။ သို့သော် ကျွန်တော်မောင်အေးကို ဘာမှမပြောဖြစ်...။ သူနေထိုင်ရသော ဘ၀လေးသည် သူ့ရွာကအိမ်လေးနှင့်တော့ လူနေမူ့အဆင့်ချင်းများစွာ ကွာပေလိမ့်မည်။
ခေတ်ကလည်း လက်ဝဲတွေဘာတွေ ပစ္စည်းမဲ့လူတန်းစားတွေဟု ပြောနေရမည့်ခေတ်မဟုတ်တော့သောကြောင့် မောင်အေးကို ဒီလောက်ထားတာကိုပင် သူ့အိမ်ရှင်များသည် မဆိုးဟု ဆိုရပေမည်။

"ဒါဆိုရင် မင်းအဲ့ဒီမှာ ဆက်မနေပဲ ဘာလို့ထွက်လာရတာလဲ"

"သူတို့က ခွေးတွေမွေးထားတယ်အစ်ကို"

"အေးလေ အဲ့ဒီတော့ မင်းခွေးကျောင်းရတယ်ပေါ့"

"အဲ့ဒါက ကိစ္စမရှိဘူး အစ်ကိုရ... သူတို့ခွေးတွေက အကောင်အကြီးကြီးတွေပဲ ဘာအမျိုးအစားလဲတော့ ကျွန်တော်လည်း မသိဘူး ..။ အဲ့ဒီခွေးတွေက လူတကာကို ကိုက်မယ်ဆိုတာချည်းပဲ... သူတို့အိမ်ကြီးပေါ်က လူတွေကလွဲရင်လေ"

"သြော် မင်းကိုခွေးကိုက်လို့လား"

"အား ကိုက်ခံရတာပေါ့ အစ်ကိုရ နှစ်ခါတောင်... ဒါပေမယ့် ကိုက်တာထက်ဆိုးတာက... ကျွန်တော်တို့ ခြံထဲမှာအလုပ်လုပ်နေတုန်းတို့၊ ခြံတံခါးဆင်းဖွင့်ပေးရတာတို့ လုပ်နေတုန်း အဲ့ဒီခွေးတွေက လိုက်တယ်နော်...
ခွေးကို ပြန်ပြီး မလှန့်ရဘူး၊ မပြေးရဘူး ပုံမုန်ပဲ လမ်းဆက်လျှောက် ၊ ကိုက်ရင်မင်းတို့ကို ဆေးထိုးပေးမယ် ပြောထားတယ်အစ်ကို"

"ဟင် ဘယ်လိုကြီးလဲကွ မင်းဟာက"

"ဆေးတော့ တကယ်ထိုးပေးတာအစ်ကိုရ... ဒါပေမယ့် အဲ့လိုကိုက်တိုင်းသာ ခံနေရရင်တော့ သေမှာပဲဆိုပြီး စိတ်ညစ်ပြီးထွက်လာတာ..။ ကျွန်တော်ပြေးတဲ့နေ့ကဆို နေ့လည်တစ်နာရီကတည်းက အဲ့ဒီအိမ်က ထွက်လာတာ ညနေခြောက်နာရီလောက်မှ ပြည်လမ်းကိုရောက်တယ်... ရယ်ရတယ်နော် ဟီး ဟီး"

မောင်အေးစကားတို့ ကျွန်တော့်နားထဲမှတဆင့် ဦးနှောက်ကို အလုပ်ပေးနေသည်။ ထိုသို့အကြောင်းမျိုး အရင်က ကျွန်တော်မကြားဘူး.....။ မောင်အေးပြောမှ ကျွန်တော်သိရသည်။ သူထွက်ပြေးလာသည်မှာ အကောင်းဆုံးလုပ်ရပ်ဖြစ်ကြောင်း ကျွန်တော်လေးလေးနက်နက်ထောက်ခံလိုက်မိသည်။

မောင်အေးအကြောင်း ကျွန်တော့်သူငယ်ချင်းတွေကို ပြောပြတော့ သူတို့တွေကလည်းအံ့သြကြသည်။

"ဘယ်လိုဖြစ်လို့ မပြေးရ၊ မခြောက်လှန့်ရတာလဲကွ ခွေးတွေကို"

သူတို့က ကျွန်တော့်ကို ဆက်မေးသည်။

"ငါ့အထင်တော့... ခွေးတွေစိတ်ပျက်သွားပြီး ... အားငယ်စိတ်ဝင်သွားမှာစိုးလို့ထင်တာပဲကွ"

ကျွန်တော်ကကျွန်တော့်အမြင်ကို ပြောပြလိုက်တော့ သူတို့စုတ်တသပ်သပ်ဖြစ်သွားကြသည်။

မယုံမရှိပါနှင့်...။ လောကတွင် လူကိုခွေးတစ်ကောင်ထက်ပင် ပို၍နိမ့်ကျသည်ဟု မြင်သူများရှိပါသည်။ ခွေးလောက်တောင် သစ္စာမရှိ၊ ခွေးလောက်တောင် ကျေးဇူးမသိတတ်၊ ခွေးတိရစ္ဆာန်ကောင်ဟု ယုတ်မာသော သူများအား နှိုင်းပြောတတ်သော်လည်း .. သာမာန်လူတစ်ယောက်သည် ခွေးတစ်ကောင်ထက် သို့မဟုတ် တိရစ္ဆာန်တစ်ကောင်ထက် ဘယ်လိုနည်းနှင့်မှနိမ့်မကျနိုင်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော်ဖတ်ဖူးသော ဆရာနေမျိုး၏ မြည်နေတဲ့ထရမ်းပက်ဝတ္တုတိုငယ်စုထဲမှ ကျွန်ုပ်၏ဇနီးကလေး စာစုငယ်ကို သတိရမိသည်။ ထိုအထဲမှ ဇာတ်ကောင်တစ်ချို့သည် အပြင်ကမ္ဘာလောကထဲတွင် အမှန်တကယ်ပင် တည်ရှိပါသည်။

သင်လည်း ဘယ်လိုအမြင်ရှိပါသလဲမိတ်ဆွေ... ဆရာနေမျိုးဝတ္တုထဲကလိုပင် လူသည် တိရစ္ဆာန် တစ်ကောင်ထက်နိမ့်ကျရန် မဖြစ်နိုင်ပါ ဟုပင် မြင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည် မိတ်ဆွေ........။

မှတ်ဥာဏ်

1 August 2009

တစ်နေ့က အလုပ်ကိုသွားတော့ ကားကတော်တော်ပင်ကျပ်သည်။ ဒီကြားထဲတစ်မှတ်တိုင်တစ်မှတ်တိုင်ကို ရပ်လိုက်ရင်လည်း တော်တော်နှင့်မထွက်တော့...။ ရာသီဥတုကလည်း မိုးကသာအုံ့မှိုင်းနေသည် မိုးကတော့တစ်စက်မှမရွာသောကြောင့် လှောင်အိုက်အိုက်ကြီး ဖြစ်နေ၏ ။ မှတ်တိုင်တစ်ခုမှာ အကြာကြီးရပ်နေတုန်း လူတစ်ယောက်ကျွန်တော့်ဘေးလာရပ်သည်။ ရာသီဥတုပူတာရော.. အလုပ်နောက်ကျမှစိုးလို့စိတ်မရှည်တာရော ရောပြီးတော့ ကျွန်တော့်ထုံးစံအတိုင်းဒေါသကမ္မဌာန်းပွားများနေခဲ့မိသည်။ ဒါကိုထိုလာရပ်သော လူသည်မရိပ်မိဘူးထင်သည်။ ကျွန်တော့်ကိုပြုံးပြပြီး

"အလုပ်အခုမှသွားမလို့လား ဘယ်ကစီးလာတာလဲ "

ဟုလာမေးသည်။ ကျွန်တော်သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ကျွန်တော်မသိ.........ထို့ကြောင့်

"ဘယ်ကလဲ.. လူမှားနေပြီထင်တယ်နော်..."

ကျွန်တော့်လေသံတို့ ကျွတ်ဆတ်ဆတ်နိုင်သွားကြောင်း ကိုယ်တိုင်သတိထားလိုက်မိသည်။ သို့သော်မတတ်နိုင် ကျွန်တော်ဒီလိုပင် တုံ့ပြန်မိလိုက်သည်။ ပြီးတော့သူ့ကို ဘယ်လိုပင်စဉ်းစားစဉ်းစားကျွန်တော်မသိ...။ ပုံစံကလည်း တစ်မျိုးပင်......။ အနည်းငယ်နွမ်းနယ်ပုံသူ့မျက်နှာနှင့် အ၀တ်အစားပေါ်တွင်မြင်နေရသောကြောင့် ရုတ်တရက်သံသယ၀င်တတ်သည့်စိတ်က ကျွန်တော့်ကိုကြီးစိုးသွားခြင်းဖြစ်နိုင်လေသည်။ ကျွန်တော်သူ့ကို မသိပါ ( သို့မဟုတ် ) ဘယ်သူမှန်းမမှတ်မိပါ ။ သူကလည်းကျွန်တော်ပြောလိုက်သည်နှင့် ရုတ်ချည်းပင်

"ဆောရီးနော်.. လူမှားသွားတယ် "

ဟုပြောလေသည်။ သူ့လေသံတွင်လည်း မာနများနှင့် အောက်သက်သက်ဖြစ်သွားသောကြောင့် မခံနိုင်သော အသံတစ်မျိုးထွက်လာသည်။ ကျွန်တော်လည်း ဘာမှဆက်မပြောဖြစ် ကားပြတင်းပေါက်မှသာအပြင်ကို ငေးနေလိုက်သည်။

ကားကဆက်လက်ထွက်ခွာလာသည်။ သတိထားမိ၍ ဟိုလူ့ကိုကြည့်လိုက်တော့ အခုထက်ထိကားပေါ်က မဆင်းသေး... ။ ကျွန်တော်စဉ်းစားကြည့်သည်...။ ကျွန်တော်စားနေကျ ထမင်းဆိုင်ကလူများလား...။ ကျွန်တော်မမှတ်မိ။ ကွမ်းယာဆိုင်က လူများလား ..။ ဒါလည်းမသေချာ...။ ကျွန်တော့်site နားကတစ်ယောက်ယောက်များလား..။ ဒါဆိုလည်း ကျွန်တော်က သတိမထားမိပေမယ့်... ကျွန်တော့်ကိုမျက်မှန်းတမ်းမိသူတစ်ယောက်ဖြစ်နိုင်သည်..။ ဘယ်လိုပင် စဉ်းစားသော်လည်း အဖြေမထွက်လာသဖြင့် ကျွန်တော်ဆက်မတွေးတတ်တော့..။

ကျွန်တော်ဆင်းရမည့် ကားမှတ်တိုင်ရောက်တော့.. ထိုလူကကျွန်တော့်ရှေ့ကအရင်ဆင်းသည်..။
ကျွန်တော့်ရှေ့ကပင်ခပ်သုတ်သုတ်လျှောက်ကာ နောက်ကိုတစ်ချက်မှလှည့်မကြည့်။ သူဘယ်ကမှန်းသိရန် ကျွန်တော်နောက်ကနေ အသာလိုက်ကြည့်သည်။ သူနှင့်ကျွန်တော်ကလည်း လမ်းကြောင်းကတူနေသည်။ သူသည်ကျွန်တော့်ရှေ့ကနေ ကျွန်တော်သွားနေကြလမ်းအတိုင်းသွားသည်..။ ထမင်းဆိုင်တွေနားရောက်သည် ။ သူမကွေ့......။ ကွမ်းယာဆိုင်ထဲလည်း သူဝင်မသွား..။ site နားကအိမ်တွေစီကလည်းမဟုတ်..။ တဖြည်းဖြည်းနှင့်site နားရောက်တော့ ကျွန်တော့်site ဘက်ကွေ့သည့်လမ်းကို ကွေ့သွားသည်။
ဟုတ်တော့ဟုတ်နေပြီ.........။ site ထဲကအလုပ်သမားတစ်ယောက်ယောက်ပင်ဖြစ်လိမ့်မည်။ ထင်သည့်အတိုင်းပင် သူသည် site ထဲကိုတည့်တည့်မတ်မတ်ပင်ဝင်သွားလေသည်။

သူသည်ကျွန်တော့်site ထဲမှဆေးသုတ်လူကြမ်းတစ်ယောက်ဖြစ်သည်။ ကျွန်တော် တော်တော်ပင်အားနာသွားသည်။ ကျွန်တော်သူ့ကိုဆက်ဆံလိုက်ပုံက ရင့်သီးသွားသည်ဟုထင်သည်။ သူကလည်း ကျွန်တော်က မခေါ်ချင်မပြောချင်သောကြောင့် သက်သက်မဲ့ လုပ်လွှတ်လိုက်သည်ဟု ထင်သွားနိုင်သည်။ တကယ်တော့ ကျွန်တော့်ရုပ်သည်မမှတ်မိစရာသိပ်တော့မရှိ..။ သူ့ကိုကျွန်တော်ချက်ချင်းပင် တောင်းပန်လိုက်သည်။

"အာ...ဦးလေး ဆောရီးဗျာ... ကျွန်တော်က ဆေးသုတ်တဲ့အ၀တ်အစားနဲ့ပဲမြင်နေကျဆိုတော့ ရုတ်တရက်စဉ်းစားမရလို့ပါ ဟီး ဟီး ဦးလေးကလည်းကျွန်တော်ကဘယ်ကလည်း မေးတော့ဒီကလို့ပြောရင်ရတာကို..."

လေပြေကလည်း သွေးလိုက်ရသေးသည်။ သူကလည်း ကျွန်တော့်ကိုပြန်အားနာသွားသည်ထင်သည်။
ကျွန်တော်လည်း တကယ်လူမှားနေတယ်ထင်လို့ပါ ဟုပြန်ပြောသည်။

တကယ်တော့ကျွန်တော့်လိုအပ်ချက်သာဖြစ်သည်။ ကျွန်တော်သည် လူမျက်နှာများကိုမှတ်ရာတွင် တော်တော်ညံ့ဖျင်းပါသည်။ သူအလုပ်လုပ်နေသည်ကို အာရုံစိုက်ပြီး သူ့မျက်နှာကို သတိမထားမိခြင်းမှာ လူတစ်ယောက်ကိုအသိအမှတ်မပြုသည်နှင့်တော်တော်ပင် ဆင်တူပါလိမ့်မည်။ သူသည်ကျွန်တော်ထိုသို့ဆက်ဆံမိသဖြင့် စိတ်မကောင်းလည်းဖြစ်သွားနိုင်လောက်သည်..။ ထို့ကြောင့်ကျွန်တော်သည် လူမူ့ဆက်ဆံရေးညံ့ဖျင်းသူတစ်ယောက်ဟုပင် သူထင်သွားနိုင်လေသည်။

ကျွန်တော်ကလည်းကျွန်တော်ပင် လူတွေရဲ့မျက်နှာကိုဆိုသိပ်ပြီးဂရုတစိုက်ကြည့်မိလေ့မရှိ..။ ခြွင်းချက်အနေနဲ့ ကောင်မလေးချောချောလေးများကိုတော့ တစ်ခါမြင်ဖူးရင် တစ်သက်မှတ်မိတတ်သည် :P ။ သူငယ်ချင်းကောင်မလေးတစ်ယောက်ကတော့ လူမျက်နှာတွေကို တော်တော်ပင်မှတ်မိသည်။ ယုတ်စွအဆုံးသူသည် ကားစပါယ်ယာများကိုပင် မှတ်မိလေသည်။ သူသည်လမ်းတွေကိုတော့ မမှတ်မိတတ်...။ ကျွန်တော်ကတော့ လမ်းများ၊တည်နေရာများနှင့်ပတ်သတ်လျှင် ကျွန်တော့်သူငယ်ချင်းများ ထက်ပို၍မှတ်မိသည်ဟုထင်သည်။

ကျွန်တော့်သူငယ်ချင်း ပြူးကတော့ မွေးနေ့များ၊ ဖုန်းနံပါတ်များကို သူများထက်ပို၍မှတ်မိသည်။ မွေးနေ့နှင့်ပတ်သတ်လျှင်လည်း ကျွန်တော်သည် ညံ့ဖျင်းသူတစ်ယောက်သာဖြစ်သည်။ ကျွန်တော့်မွေးနေ့မှလွဲ၍ ကျန်သောမွေးနေ့ဆိုလျှင် တစ်ခုကိုသာ မှတ်မိသည်။ ဒါတောင်ကျွန်တော်နှင့် ရက်လောက်ပဲကွာသောကြောင့်ဖြစ်သည်။ မွေးနေ့များကို မမှတ်မိသောကြောင့် သြော် ဟုတ်သားပဲ ဘာညာဆိုပြီး အလိုက်သင့်ပြောခဲ့ရသည်လည်းများပြီ။

လူသည်တစ်နေရာတွင် မှတ်ဥာဏ်ကောင်းသော်လည်း တစ်နေရာတွင် မကောင်းနိုင်ဟုထင်ပါသည်။ ကျွန်တော်သည်လည်း ထိုကဲ့သို့ပင် လမ်းများနှင့်ပတ်သတ်လျှင် မှတ်ဥာဏ်ကောင်းသော်လည်း လူ့မျက်နှာများ၊ ဖုန်းနံပါတ်များ၊ မွေးနေ့ နေ့စွဲများနှင့်ပတ်သတ်လျှင် ညံ့ဖျင်းပါသည်။ ထိုအကျင့်ကို အတတ်နိုင်ဆုံးပြင်ရပေဦးမည်။ မျက်နှာပူခဲ့ရ၊ မျက်နှာပျက်ခဲ့ရပေါင်း များခဲ့ပြီမဟုတ်လား....။

အသုံးလုံး ပုံပြင်

18 July 2009

ရှေးသရောအခါက ဗာလာဏသီပြည်တွင် မဟာဗာလာနံမင်း မင်းပြု၏ ။ ထိုမင်းတွင် ၀န်မင်း ၃၃ ပါးရှိသည်။ ထိုဝန်မင်းများထဲမှာ တစ်ပါးဖြစ်သောစက်မူ့ပါလ၀န်မင်းသည် တစ်နေ့သောအခါတိုင်းပြည်အတွင်း လှည့်လှည့်ကာ မိမိလက်အောက်တွင်ရှိသောအရာရှိ၊အရာခံများအား စစ်ဆေးတော်မူ၏ ။ ထိုဝန်မင်းယူရသောတာဝန်မှာကား တိုင်းပြည်တွင် ဗိသုကာများ၊ စက္ကောမပညာရှင်များ၊ လက်သမားများ၊ လောကဓါတ်ပညာရှင်များ ၊ အစရှိသည့် ပညာရှင်များပေါ်ထွန်းစေရန် အသက်မွေးဝမ်းကျောင်းပြုရသည့် တက္ကသီလာများအား အုပ်ချုပ်ရခြင်းဖြစ်လေသည်။ ( ထိုခေတ်ကအင်္ဂလိပ်စာသည် ယခုခေတ်လောက်မတွင်ကျယ်သေးသဖြင့် အင်ဂျင်နီယာဟူသော အသုံးအနှုံးမပေါ်သေးကြောင်း သမိုင်းအထောက်အထားများအရသိရှိရလေသည်။ ဤကားစကားချပ် )

ဝန်မင်းသည်ယခုခေတ်ပေါ်တူဂီလူမျိုးဖီလစ်တိုဒီဘရစ်တိုအုပ်စိုးခဲ့သောပါဒတိုင်းအရပ်ရှိတက္ကသိုလ်ကျောင်းတစ်ခု သို့ ရောက်ရှိလေသည်။ ထိုကျောင်းသို့ရောက်လတ်သော် ကျောင်းသား၊ကျောင်းသူများသည် သတင်းစာလည်းမဖတ်၊ရုပ်မြင်သံကြားလည်း ချိုဆင်ပြည်မှကားများကလွဲ၍မကြည့်ကြသဖြင့် ၀န်မင်းအား ၀န်မင်းမှန်းမသိပဲ ဘယ်ကဘဲကြီးလဲဟုပုခုံးချင်းတိုက်သွားသည်ကတစ်မျိုး ၊ အတွဲလေးများသည်လည်း လက်တွဲမပျက်၊ပုခုံးဖက်မပျက် ၀န်မင်းရှေ့ကဖြတ်လျှောက်သွားကြသည်ကတစ်ဖုံရှိသော် ၀န်မင်းသည် အလွန်ပင်ဒေါသအမျက်ထွက်ရှိတော်မူ၏ ။ ထို့ထက်ပို၍ဆိုးသည်ကား ကျောင်းသားတစ်ယောက်သည် ၀န်မင်းအား

"ဦးလေး မီးခြစ်ပါရင် တစ်တို့လောက်"

ဟုဆိုလေလျှင် ၀န်မင်းသည်အယောင်ယောင်အမှားမှားဖြင့် ထုတ်ပေးမည်ပြုပြီးမှမိမိအဖြစ်ကိုသတိရပြီး

သြော် ကျောင်းသား၊ကျောင်းသူများကား ငါ့ကိုပင်သောက်ဂရုမစိုက်ကြပါလား ဟုဆင်ခြင်မိလေသည်။

ဤသည်မှာလည်း အပြစ်မဆိုသာချေ ။ ကျောင်းသား၊ကျောင်းသူများသည် ၀န်မင်းအားဝန်မင်းဟု
မသိခြင်းကြောင့်သာဖြစ်ပြီး ၀န်မင်းဟုသာသိပါက တောကောင်ငယ်လေးများသည် ကေသရာဇခြင်္သေ့မင်းကိုမြင်သောအခါထွက်ပြေးကြသကဲ့သို့လည်းကောင်း၊ အမှောင်တိုက်သည် ဘာဏုရာဇာနေမင်းကြီးထွက်ပေါ်လာပါက စကြ၀ဠာမဟာတံတိုင်းမှဝေးရာသို့ပြေးသကဲ့သို့လည်းကောင်း၊ လူကောင်းတို့သည်ခွေးရူးလာသောအခါ ချက်ကို ၁၄ လုံးထိုးဆေးထိုးရမှာစိုး၍ ဝေးရာသို့ပြေးသကဲ့သို့လည်းကောင်း၊ လမ်းဘေးဈေးသည်တို့သည် စည်ပင်သာယာရဲလာပါက ကိုယ်လွတ်ရုန်း၍ပြေးကြသကဲ့သို့လည်းကောင်း ရှောင်ရှားကြမည်မှာမလွဲတည်း ။ ( ကျန်သော ဥပမာအများအပြားပေးနိုင်သေးသော်လည်း ဘလော့ဂ်စာမျက်နှာမီဂါဗိုက်ကို ငဲ့ကွက်သောအားဖြင့် ဤမျှသာဖေါ်ပြထားပေသည် )

ဝန်မင်းသည်သူ၏ ကျောင်းသား၊ကျောင်းသူများအား လွန်စွာချစ်မြတ်နိုးတော်မူသောကြောင့် စာမှစာသာသင်စေလိုလေသည်။ ကျောင်းသား၊ ကျောင်းသူများ၏ရှိသမျှအချိန်များ အားလည်း စာသာပထမ၊ စာသာဒုတိယ၊ စာသာလျှင်ထာဝရစသည်ဖြင့်ကုန်ဆုံးစေလိုသည်။ထိုအခါဝန်မင်းသည် အဘယ်အတွက်ကြောင့် ဤကျောင်းသား၊ကျောင်းသူများသည် စာသင်ချိန်အတွင်း အပြင်၌လတ်လျားလတ်လျားဖြစ်နေကြသနည်းဟု သူ၏တပည့်အရာရှိ၊အရာခံ ပါမောက္ခများအား မေးမြန်းစုံစမ်းလေသည်။

ဝန်မင်းကအမိန့်တော်ရှိလေလျှင် ချိုလိမ်လေးပါးစပ်မှာငုံလျှက်သားရှိသော ၀န်မင်း၏တပည့်ကျော် မဟာပါရဂူဒိသာပါမောက္ခချုပ်ကြီးသည် ပြင်းစွာသောတုန်လှုပ်ခြောက်ခြားခြင်းဖြင့်

"မှန်..မှန်ရာ့ပါ ၀န်မင်းဖုလား..."

"ဟေ့ မယ်မင်း နင့်ချိုလိမ်ကြီးချွတ်ပြီး ကိုယ်တော့်ကိုမှန်ရာမြန်မြန်လျှောက်တင်စမ်း"

ထိုအခါမှ မဟာပါရဂူဒိသာပါမောက္ခချုပ်ကြီးသည် မိမိအဖြစ်ကိုသတိရပြီး ချိုလိမ်ကိုချွတ်ကာစိတ်ကိုတင်း၍ ၀န်မင်းအားလျှောက်တင်လေသည် ။

"မှန်လှပါ့ ဘုရား... အရှင့်တပည့်ကျော်များဟာ မဟာစာချုပ်တော်ကြီးများကို ဖေါက်ဖျက်၍ စမ လမ်းကိုထွက်သွားကြကြောင်းပါဘုရား"

"ဟေ ထွက်ရပ်လမ်းကို မြန်းကြတာလားကွယ့် ဒါဖြင့်ရင်တော့သူတော်ကောင်းကြီးများပေပဲ"

"မဟုတ်ရကြောင်းပါဘုရား.......... စမလမ်းဆိုတာ တကယ်တော့ စလုံးပြည်၊ မလေးပြည် အစရှိတဲ့အိမ်နီးချင်းနိုင်ငံများမှာ သွားရောက်အလုပ်လုပ်ကိုင်ကြတာကို ပြောတာပါဘုရား..."

"ဟေ... ဒါဆိုငါ့ရဲ့သား၊ သမီးကဲ့သို့ ချစ်ရသောတပည့်ကျော်များဟာ ငါ့ရင်ကိုစုံကန်ထွက်ခွာသွားခဲ့ကြတာပေါ့... ဒါဆိုလည်း ဒီကောင်တွေပြန်လာတာနဲ့ ထောင်သွင်းအကျဉ်းချစေ၊ ကျောတစ်ရာ၊ရင်တစ်ရာ ကြိမ်ဒဏ်ခတ်စေ၊ ယခုပင်လျှင်အမိန့်တော်ထုတ်၍ မတရားစာရင်းသွင်းစေ"

ဟုလူကြီးပီသစွာဆုံးဖြတ်တော်မူလေသည်။

ထိုသို့ ဆရာ၊ဆရာမများလိုအပ်နေသောကြောင့် ကျောင်းသား၊ကျောင်းသူများ လတ်လျားလတ်လျားဖြစ်ရခြင်း အကြောင်းကို သိတော်မူလေလျှင်ဝန်မင်းသည် ဤကဲ့သို့အမှတ်တမဲ့မိန့်ကြားတော်မူလေသည်။

"အလို ... ဒီလိုဆိုလျှင်ဖြင့် မဟာသစ်စည်း လုပ်ကြမဲ့ ကျောင်းသား၊ကျောင်းသူတွေက အငယ်တန်းတွေကို လုပ်အားပေးသဘောနဲ့သင်ကြားပေးရင်ဖြင့် ကောင်းကြပေလိမ့်မယ် မောင်မင်း၊ မယ်မင်းတို့ရဲ့"

(သစ်စည်းဆိုသည်မှာ ယခုခေတ်အခေါ် သီးဆစ်(Thesis ) နှင့် အဓိပ္ပါယ်တူမတူအား ဘာသာဗေဒပညာရှင်များ သုတေသနပြုလုပ်သင့်ပေသည်။ ဤကား... စကားပြား......)

ဝန်မင်းကထိုကဲ့သို့ မိန့်တော်မူလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ထွာပြလျှင် တစ်လံ၊တစ်မိုင်မျှမက တစ်ဆုံးထိပင်မြင်ကြသောနောက်လိုက်၊နောက်ပါ ပါချုပ်၊ ဘာချုပ်တို့သည်လည်း

"သင့်မြတ်လှကြောင်းပါ ဘုရာ့...၊ မှန်ကန်လှကြောင်းပါ ၀န်မင်းဘုရာ့၊ ၀န်မင်းအတွေးက လန်းတယ်ဗျာ"

အစရှိသဖြင့် အဆင်းဘီးတပ်လုပ်ကြလေသည်။

ဝန်မင်း၏ကိုယ်ရေးအရာရှိတော်မင်းကလည်း ၀န်မင်းပြန်လည်ကြွခါနီးတွင် တက္ကသီလာမှတာဝန်ရှိသူများအား

"လုပ်အားမပေးရင်ဘာဖြစ်မယ်၊ ညာဖြစ်မယ်... သစ်စည်းပေးမလုပ်ဘူးလို့ ခြောက်လုံးလေးလှန့်လိုက်ဦးနော် ပါချုပ်ကြီးတို့"

ဟုလက်တော်တို့ပြီးပြောခဲ့လေရာ..... နောက်လိုက်၊နောက်ပါတို့သည်လည်း ၀န်မင်းသဘော နောကြေနေပြီ ဖြစ်သောကြောင့်ပြောစရာမလိုပါဟု ပြန်လည်ပဏ္ဏာလုပ်ကြလေသည်။

ထိုခေတ်သည်ယခုခေတ်ကဲ့သို့ ဆိုရှယ်လစ်စနစ်၊ ဒီမိုကရေစီစနစ် အစရှိသောစနစ်များ၊ နီယိုကွန်၊ဘာကွန်ညာကွန်များ၊ လစ်ဘရယ်၊ ဘာဘရယ်ညာဘရယ်အစရှိသော ဂိုဏ်းဂဏများလည်း မကွဲပြားသေးပဲ ပဒေသရာဇ်စနစ်သာလျှင်ထွန်းကားပေရာ ၀န်မင်းနှုတ်ထွက်စကားတစ်လုံးသည် စာရွက်များပေါ်တွင်ရေးထားသော ဥပဒေတစ်ရာထက်ပင်လွန်စွာအရာရောက်လေသည်။ ထို့ကြောင့် ၀န်မင်းအမိန့်တော်ရှိတော်မူသည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာတော်ချုပ်ကြီးသည် အမိန့်စာတစ်စောင်ကိုသက်ဆိုင်ရာတက္ကသီလာ အသီးသီးသို့ဖြန့်ချီတော်မူလေသည်။

စာရွက်ပေါ်မှအမိန့်တော်တို့သည် ဖတ်လို့ကောင်းအောင်စကားအလှတန်ဆာဆင်ထားသော်လည်း လိုရင်းမှာကား စာသင်ရမည်၊ လုပ်အားပေးဆိုသော်လည်း အမြဲတမ်းဆရာများလိုပင်စာသင်ရမည်၊ အပြင်မှာ ကျိတ်ဝိုင်း၊ဘာဝိုင်း မလုပ်ရ၊ အမြဲတမ်းသင်ရသောဆရာများကဲ့သို့ပင် ၀န်မင်းထုတ်သမျှ အမိန့်တော်တို့ကိုလိုက်နာရမည်ဟု ပါရှိလေသည်။ သို့သော် ထိုကဲ့သို့သင်ကြားပေးသောကြောင့်တက္ကသီလာသို့ လာရသောမြင်းရထားစရိတ်တို့ကို ပြန်ပေးမည်ဟူ၍သော်လည်းကောင်း၊ လုပ်အားပေးကာလအတွင်း သုံးစွဲရန်အဿပြာငွေချီးမြှင့်မည်ဟူ၍ လည်းကောင်း တစ်စိုးတစ်စိမျှမပါလာခဲ့ပေ...။

သက်ဆိုင်ရာတက္ကသီလာများမှပါချုပ်ကြီးများသည်လည်း အမိန့်တော်ပြန်တမ်းကိုရလေလျှင် လုပ်အားပေးဟု အမည်ခံသော်လည်း သက်ဆိုင်သူများအားသဘောထားကိုမျှမမေးပဲ သစ်စည်းလုပ်ရမည့်သင်တန်းသား များအား တစ်ယောက်လျှင်တစ်စောင်ဖြန့်ဝေကာလက်မှတ်များထိုးခိုင်းလေတော့သည်။

............................................. ။ .............................................

ထိုအခါ သင်တန်းသား၊သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူများသည် စိတ်ညစ်ညူးကြပြီးလျှင် ဘာလုပ်ရမည်မှန်းမသိသဖြင့် မဟာဘလော့ဂ်ဂါအကျော် ပညာရှိဆရာက၀ိဖားကြီးအား ဤသို့မြည်တွန်တိုင်ပင်ကြလေ၏ ။

"အို... ဆရာဖား ငါတို့ကား သစ်စည်းလုပ်ရင်း တစ်ဖက်ကလည်းလုပ်ငန်းခွင်ဝင်မည်ဟု အားခဲထားကြ၏ ။ အချို့ဆိုလျှင် အလုပ်ပင်ရနေကြပြီဖြစ်သည်..။ ယခုဝန်မင်းက ဤသို့အမိန့်ထုတ်သော် ငါတို့ဘာလုပ်ရမည်မှန်းမသိတော့"

ဟု ကျောင်းသားတစ်ယောက်ကပြောလေသည်။ ကျောင်းသူတစ်ယောက်ကလည်း

"ဟုတ်ပေသည်ဆရာဖား ... ငါတို့သည်လည်း သစ်စည်းလုပ်ရင်းအခြား အတ်တိုကော်၊ အတ်စတီမိတ် စသောသင်တန်းများတက်နေကြသည်..။ ၀န်မင်းခိုင်းသလို စာသင်ရလျှင် ငါတို့အဖို့သင်တန်းများပျက်လျှက်အဿပြာငွေများစွာ ဆုံးရှုံးပေတော့မည်။"

ဟုတစ်ယောက်တစ်ပေါက်တိုင်ကြားကြလေသည်။

နည်းနည်းထက်မြက်သော ကျောင်းသားတစ်ယောက်ကမူ

"ဆရာဖား ထိုကိစ္စသည်အဓမ္မမူ့နှင့်ဆင်တူ၏ ကာလသမ္မဂု သို့တင်ပြလိုက်လျှင်အသို့ဖြစ်မည်နည်း"

ထိုအခါ မျက်စိမှိတ်၍ သေသေချာချာနားထောင်နေသောဆရာဖားသည်လည်း မျက်လုံးကိုဖွင့်ကာထိုကျောင်းသားအား

"ထို့သို့မလုပ်လင့် အမောင်... ၀န်မင်းကားငါ့ထက်ပင်ဥာဏ်အရာ၌များစွာသာလေသည်... သင်ကထိုသို့တိုင်ကြား၍ ကာလသမ္မဂု ကစုံစမ်းလေသည်နှင့် ၀န်မင်းမဆိုထားဘိ၊ ၀န်မင်း၏နောက်လိုက်များကပင် ငါတို့ဗာလာဏသီသည် ရှေးအခါကတည်းကတစ်ဦးကိုတစ်ဦးကူညီခြင်း၊ ရိုင်းပင်းခြင်းကို မင်္ဂလာတရားအဖြစ်သတ်မှတ်သောကြောင့် စေတနာအလျှောက်သာ လုပ်အားပေးကြခြင်းဖြစ်သည်ဟု ရှေးကလိုပင်ပြောကြပေလိမ့်မည်။ ထိုအခါသင့်အတွက်ပင်လျှင် လွန်စွာအန္တာရာယ်များလှပေသည်။"

"သို့ဆိုလျှင်... ငါတို့အဘယ်အမူ့ပြုရပေမည်နည်း"

ကျောင်းသား၊ကျောင်းသူများက တစ်ညီတစ်ညွတ်တည်းမေးလျက်သည်ရှိသော် ပညာရှိဆရာဖားလည်းဤသို့မွက်ကြားလေသည်။

"အမောင်တို့၊မယ်တို့ သင်တို့သည် အ သုံးလုံးကိုကျင့်ကြပေတော့"

"အ သုံးလုံးဆိုသည်မှာဘာကိုဆိုလိုသနည်း ဆရာဖား"

"အမောင်တို့သင်တို့သည် သစ်စည်းကိစ္စပြတ်မှသာ အတန်းအောင်မြင်ကြမည် မဟုတ်လော"

"ဟုတ်ပေသည်ဆရာဖား"

"သင်တို့အားလုံး အောင်မြင်လိုကြသည်မဟုတ်လော"

"အောင်မြင်လိုပေသည် ဆရာဖား"

"ဒါဖြင့်လျှင်ယခုလိုအချိန်အခါ၌ သင်တို့စွဲစွဲမြဲမြဲမှတ်ထားရမှာကား အ သုံးလုံးဖြစ်သည့်
အောင် ချင်လျှင် ချင်ယောင်ဆောင်ပြီး အင်း ဟုသာခေါင်းငြိတ်လိုက်ကြပေတော့"

ဟုမိန့်ကြားတော်မူလေလျှင် ကျောင်းသား၊ ကျောင်းသူများသည်လည်း ဟုတ်ပါပေသည်၊ ပညာရှိခေါ်ဆိုထိုက်ပါပေသည်ဟု ၀ိုင်းဝန်းချီးမွမ်းချွန်တွန်းလုပ်ကြလေတော့သည်..။

ထို့နောက် သစ်စည်းလုပ်ရမည့်ကျောင်းသား၊ကျောင်းသူများသည်လည်း ဆရာဖားစကားကိုနားထောင်ကာ မိမိထက်အတန်းငယ်သောသူများအား စာသင်ကြားပေးလေတော့သည်။ ဤသို့ဖြင့် ချိုလိမ်မပြတ်သေးသော ပါရဂူများကလမ်းလျှောက်တတ်စ မဟာကျောင်းသားများကိုစာသင်၊ လမ်းလျှောက်တတ်စမဟာကျောင်းသားများက လေးဘက်ထောက်ကျောင်းသားများကိုစာသင်၊ လေးဘက်ထက်ကျောင်းသားများက ၀မ်းလျားမှောက်ကျောင်းသားများကို စာသင်၊
ဝမ်းလျောက်မှောက်ကျောင်းသားများက အမိဝမ်းတွင်းမှသန္ဓေသားများကို စာသင်လေလျှင် တိုင်းသူပြည်သားများလည်း အမိဝမ်းမှမကျွတ်မှီပင် ပညာတတ်များဖြစ်လျှက် တိုင်းကားပြည်ရွာမှာအရင်ကထက်ပင် အေးချမ်းသာယာပြီးခေတ်မှီဖွံ့ဖြိုးတိုးတက်ကုန်လေသတည်း...........။ သာဓု... သာဓု...သာဓု..
............................................. ။ .............................................

တစ်လောက ကျွန်တော်ဖတ်ဖြစ်တဲ့စာအုပ်က ဆရာမောင်ထင်ရဲ့ လူကြီးများဖတ်ဖို့ပုံပြင် ဆိုတဲ့စာအုပ်ပါ... ဆရာ့စာက သရော်စာတွေဆိုတော့လောကကို ကိုးလန့်ကန့်လန့်မြင်တတ်တဲ့ကျွန်တော် တော်တော်လေးကြိုက်သွားခဲ့ပါတယ်..။ ဒီကြားထဲ ဇာတ်လမ်းတစ်ပုဒ်ကလည်းကြားလိုက်ရတော့ စိတ်ကူးရပြီး ဆရာကြီးမောင်ထင်ပုံစံလိုက်ရေးကြည့်တာပါ..။ အကြောင်းအရာတွေနဲ့ပတ်သတ်လို့ကတော့ လွန်တာရှိလျှင်ဝန္ဒာမိပါ အာစရိအပေါင်းတို့................။

ငါ့ဒေါသများ

13 July 2009


( အ )

ဒီနေ့ အလုပ်လုပ်ရတာ အဆင်မပြေဖြစ်သည်။ အထက်လူကြီးများသည် ငါ့စကားကို အရာမသွင်းသကဲ့သို့ အောက်လူများကလည်း ငါ့စကားကို နားမထောင်ကြ..။ ထို့ကြောင့် ငါသည် စိတ်ပျက်ခြင်းများဖြစ်ပေါ်ကာ ဒေါသများ အလိုလိုထွက်နေသည်။ ဒေါသ ထွက်ခြင်းသည် မကောင်းဟု ငါ့စိတ်ကနားလည်သော်လည်း တကယ့်တကယ်တမ်းတွင် ငါ့စိတ်ကိုငါ ကောင်းစွာထိန်းချုပ်နိုင်ခြင်းမရှိသေးပေ..။

အလုပ်မှနေ၍ ကားမှတ်တိုင်ကို လမ်းလျှောက်ရသောခရီးသည် ခါတိုင်းထက်ပိုရှည်လျားသည်ဟု ထင်သည်။ အကယ်၍ ဘူးခွံအလွတ်တစ်ခုခု သို့မဟုတ် ကန်၍ကောင်းသော အရာတစ်ခုခုကိုတွေ့လျှင် ရုပ်ရှင်များထဲမှ ဇာတ်လိုက်များကဲ့ ငါကန်မိမည်ဖြစ်သော်လည်း လမ်းဘေးတွင်အုတ်ခဲများသာတွေ့သောကြောင့် ဘာကိုမကန်ဖြစ်ခဲ့...။


ငါစီးချင်သော ဘတ်စကားက စောင့်ရတာတော်တော်ကြာသည်။ ထိုမျှရှားပါးလှသော ဘတ်စ်ကားလိုင်းအား မည်သည့်အတွက်ကြောင့် ဆက်ထားနေရသလဲဆိုတာ ငါစဉ်းစားလို့မရ...။

ပျင်းရိငြီးငွေ့ဖွယ်ကောင်းလောက်အောင်စောင့်ဆိုင်းပြီးနောက် လိပ်၏လျှင်မြန်ခြင်းမျိုးရှိသော ဘတ်စ်ကားသည် ငါစောင့်နေသောမှတ်တိုင်သို့ တဖြည်းဖြည်းချည်းကပ်လာလေသည်။ ကားပေါ်ငါတက်တော့ ခရီးသည်က ခုံအပြည့်ပါလာသည်။ ပင်ပန်းလာသော ငါသည်ထိုင်ခုံမရသောကြောင့် အလွန်ပင်စိတ်ပျက်လှသည်။ ခါတိုင်းဆိုလျှင် ငါစီးသောမှတ်တိုင်မှတက်ပါက ခုံတစ်ခုံလောက်တော့ ငါ့အတွက်ရမည် ဖြစ်သော်လည်း ဒီနေ့တွင် လူတွေအားယားနေကြသည်ထင်သည်။ အားအားယားယား အပြင်ထွက်ကြသော သူများတွင် မည်သည့်အရေးကြီးကိစ္စများရှိနေမလဲဟု ငါတွေးမိသည်။

လိုချင်သလောက် ခရီးသည်မရသောကြောင့် ကားကမှတ်တိုင်တစ်ခုချင်းစီမှာ အကြာကြီးရပ်သည်။ ခရီးသည်ရရမရရ ကားကို မြန်မြန်သာထွက်စေချင်သည်..။ ငါပင်ပန်းလှပြီ။ အိမ်သို့သာ မြန်မြန်ပြန်ရောက်ချင်နေသည်။ ကားတစ်စီး မှတ်တိုင်တွင် ကြာခြင်းမကြာခြင်းမှာ စပါယ်ယာပေါ်မှာ များစွာ မူတည်သည်။ လိုက်ရင်လာ... လိုက်ရင်လာဟု အာပေါက်မတတ်အော်နေသော စပါယ်ယာကို ငါမုန်းတီးသည်။ လိုက်ပါစီးနင်းလိုသော ခရီးသည်များအားလုံး ကားပေါ်ရောက်နေပြီဖြစ်သော်လည်း အနှီစပါယ်ယာကောင်သည် ကားကွက်ချသည်ဟုဆိုကာ လိုက်စရာမလိုသောသူများကိုပါ ကားပေါ်ဆွဲတင်ချင်နေသည့် ပုံပေါက်နေလေသည်..။ ငါအလွန်မုန်းလာသောကြောင့် ငါသိသမျှဆဲနည်းပေါင်းစုံဖြင့် ထိုစပါယ်ယာအား စိတ်ထဲမှနေ၍ ဆဲဆိုလေသည်။

ကားသည်ဆက်လက်ထွက်ခွာလာပြီး မီးပွိုင့်မိသွားသည်။ ငါစိတ်ရှည်မှ ဖြစ်မည်..။ ဒါက စည်းကမ်းအရဖြစ်သည်..။ မီးပွိုင့် ဘယ်လောက်ကြာကြာနီမလဲဟု သိရန်ငါ့စိတ်ထဲကရေတွက်သည်။
တစ်စက္ကန့် ...............
နှစ်စက္ကန့် .............
သုံးစက္ကန့် ............
ငါး ဆယ့်လေး ......
တစ်မိနစ် ......
နှစ်မိနစ် ......
သုံးမိနစ် .......
လေးမိနစ် ......
ရှစ်မိနစ် .....

တစ်ဖက်ယာဉ်ကြောကို မျက်နှာလိုက်လွန်းသည်ဟု ထင်လာသည်။ ဟေ့..... ဒီမှာ ငါလာတဲ့လမ်းဖက်က မီးကို စိမ်းပေးဖို့ သတိရကြသေးရဲ့လား...။ ကမ္ဘာမြေကြီးကို ဖေါက်ခွဲပစ်ချင်နေသူ တစ်ယောက်တော့ဒီကားပေါ်မှာ စိတ်ရှည်ရှည်နဲ့စောင့်စားနေလေရဲ့..........။

မီးပွိုင့်က ငါလာတဲ့ယာဉ်ကြောဖက်ကို သွားခွင့်ပြုလိုက်သည်။ နောက်တစ်မှတ်တိုင်ရပ်..... ခရီးသည်ချ ....ခရီးသည်တင်....ကားကွက်ချ.... စပါယ်ယာကို အရင်အတိုင်းကျိန်ဆဲ...ကားကဆက်လက်ထွက်ခွာ........။ မှတ်တိုင်က ထွက်ခွာ၍ အရှိန်ရရုံရှိသေး ကားကရုတ်တရက်ရပ်လိုက်ပြန်သည်...။မိန်းမအိုကြီးတစ်ယောက် တားသည်ကိုမမြင်ချင်ယောင်ဆောင်သည့် ဒရိုင်ဗာသည် စကဒ်တိုတိုကောင်မလေးတစ်ယောက်တားသည်ကို
ရုတ်ချည်းပင်ရပ်တန့်ပေးသည်။ အလွန်ပင်ငမ်းကြောထလှသည့် ထိုဒရိုင်ဗာအား နှာဗူးကြီးဟု စိတ်ထဲမှနေ၍ ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲလိုက်သည်။ မှတ်တိုင်မဟုတ်ပဲ ခရီးသည်တင်သည့် ထိုဒရိုင်ဗာနှင့်စပါယ်ယာ ဆရာတပည့်တွေအား ရဲဖမ်းစေချင်သည်။ မှတ်တိုင်မဟုတ်ပဲ ကားတားစီးသည့် ထိုစည်းမဲ့ကမ်းမဲ့ ကောင်မလေးအားလည်း သက်ဆိုင်ရာက အရေးယူစေချင်သည်။ ဘာအမူမှ ခေါင်းစဉ်တပ်မရရင် စကဒ်တိုတိုဝတ်မူ့နှင့် အရေးယူသင့်သည်။ ကားတွေအတွက် အန္တာရယ်ရှိလှသောကြောင့်ဖြစ်သည်။

ကားကငါဆင်းရမည့်မှတ်တိုင်ရောက်တော့ လမ်းမီးများပင်လင်းစပြုနေပြီ။ ပတ်ဝန်းကျင်အား အမှောင်ထုကကြီးစိုးနေလေပြီ။ ငါနေထိုင်ရာတစ်ဖက်ခြမ်းသို့ ကားလမ်းကူးရပေဦးမည်။ ဒီနေ့မှ ကားတွေကရှုတ်ထွေးလွန်းလှသည် ထင်သည်..။ ဘတ်စ်ကားတစ်စင်းကွယ်နေသည်ကိုငါဂရုမစိုက်တော့ အိမ်ကိုမြန်မြန်ပြန်ရောက်ရန်သာ စိတ်ကစောနေသည်။ ဘတ်စ်ကားအကွယ်မှနေပြီး ငါကားလမ်းဖြတ်ကူးလိုက်ချိန်တွင်..................။

တီ...တီ..တီ................တီ...............................................................

အသံရှည်တစ်ခုကို ကြားလိုက်ရသည်...။

မျက်လုံးများကျိန်းစပ်သွားသောကြောင့် ဘာမှပြင်ဆင်ချိန်မရတော့ .....။ ငါ့ရင်ဘတ်တစ်ခုလုံးလစ်ဟာသွားသည်။ နောက်ဆုံးငါမြင်လိုက်ရသည်က အလင်းရောင်စူးစူးကြီးဖြစ်သည်။ ဟုတ်သည်.....။ အလင်းရောင်ကို ငါမြင်လိုက်ရသည်...။ အ...လင်း..ရောင်..ကို...ငါ..မြင်လိုက်ရသည်။
အ............လ.........င်း........ေ....ရ.....ာ....င်......ကို....ငါ.......မြင်လိုက်ရသည်..........။

................................................................. ။ .......................................................................

( က )

ထိုမျှမိုက်မဲ၍ အသုံးမကျသော ဒရိုင်ဘာကို ငါအလွန်မုန်းတီးသည်။ မြို့လယ်ခေါင် လမ်းမီးထိန်ထိန်များကြားထဲတွင် ကားကိုမီးမချပဲ မီးထိုးမောင်းလာသော ထိုဒရိုင်ဘာ၏ဦးနှောက်ထဲတွင် ဘာတွေရှိနိုင်မလဲဟု ငါသိချင်လှသည်...။ သူ့ကားမှထိုးသော မီးအလင်းရောင်သည်ငါ့ကိုတွေဝေစေခဲ့သည်။

အချိန်ဘယ်လောက်မှ မလိုပါ။ လူတစ်ယောက်အိမ်ပြန်မရောက်ရန်အတွက် တစ်မိနစ်သို့မဟုတ် ထို့ထက်အနည်းငယ်မျှသာပိုသောအချိန်က ဆုံးဖြတ်ပေးလိုက်သည်။ အိမ်သို့မရောက်ပဲ ဘယ်ဆီမှန်းမသိသည့် ချောက်ကမ်းပါးနက်ကြီးထဲ ငါရောက်သွားသည်။ ထိုသောက်သုံးမကျသော ဒရိုင်ဘာနှင့် သံသရာမှာငါနောက်ထပ်မတွေ့လိုတော့.......။ တိတိကျကျပြောရလျှင် ထိုဒရိုင်ဘာထက် ပိုမိုက်မဲ၍ ဒေါသကြီးတတ်သောလူ့အန္ဓငါကိုယ်တိုင်နှင့်လည်း ထပ်မံမကြုံတွေ့ချင်တော့။ ဒေါသကြောင့် အိမ်အပြန်လမ်းနဲ့ ငါဝေးခဲ့ရပြီမဟုတ်လား..............။

ဓါတ်ဆီရောင်းသူလေးများ

25 June 2009

ဖုန်းလာသည်ဆိုသောကြောင့် အိပ်ယာမှလူးလဲထကာ သွားနားထောင်တော့ ထင်သည့်အတိုင်းပင် အဖေဖြစ်နေသည်။ အချိန်ကို ကြည့်တော့ မနက်ရှစ်နာရီခွဲသာသာ ... ။ ၀န်ထမ်းတစ်ယောက်ဖြစ်သော အဖေသည် သင်္ကြန်တွင်းကြီးဖြစ်သော်လည်း မလွန်ဆန်နိုင်သော အကြောင်းတွေကြောင့် ဂေါက်ကွင်းမှာ stand by သွားနေရသည်။ ယခုလည်း တာဝန်ချိန်ပြီးသွားသောကြောင့် ကျွန်တော့်ကို လာကြိုခိုင်းတာ ဖြစ်သည်။ အိပ်ချင်မူးတူးနှင့် ဆိုင်ကယ်ကိုယူကာ အပြင်ကိုထွက်တော့ မိုးက ဖွဲဖွဲလေးလေးရွာနေသည်။ ဒီနှစ်သင်္ကြန် က မိုးနှင့်စဖွင့်သောကြောင့် မိုးဦးစောကာ မိုးကောင်းမည်ဟု လူကြီးတွေက ပြောကြသည်။ ရန်ကုန်မှာလည်း မိုးရွာမှာပဲဟု တွေးမိသော်လည်း အတွေးတွေကို ဖျောက်ပစ်လိုက်သည်။ ကျွန်တော်သည် ရန်ကုန်သင်္ကြန်ကို ထားခဲ့ကာ အိပ်ပြန်အနားယူသူ မဟုတ်လား...။ ပိုင်ပိုင်နိုင်နိုင်ချခဲ့သော ဆုံးဖြတ်ချက်တို့အတွက် မလွမ်းချင်သော်လည်း ရန်ကုန်သင်္ကြန်ကို မမေ့နိုင်ဆိုသည်ကိုကား ၀န်ခံရပေမည်။

မနက်ကလည်း သုံးနာရီခွဲလောက်ထကာ အဖေ့ကိုဂေါက်ကွင်းလိုက်ပို့ရသေးသည်။ အဖေသည် တစ်ခါတစ်လေမှ ပြန်လာသော ကျွန်တော့်အတွက် ဆိုင်ကယ်ကိုတစ်နေ့လုံးယူမထားချင်သောကြောင့် လိုက်ပို့ခိုင်းခြင်းဖြစ်သည်။ သားကြီးဖြစ်သော ကျွန်တော်ပျင်းနေမှာ စိုးသောကြောင့်လည်း ဖြစ်သည်။ ကျွန်တော့်ညီများနှင့် သူငယ်ချင်းများမှာ သင်္ကြန်တွင်း ဒီမှာ တစ်ယောက်မှမရှိကြ...။ ရန်ကုန်၊ မန္တလေး အစရှိသဖြင့် မြန်မာပြည်ပတ်ကာ သင်္ကြန်ကျနေကြသည်။ ကျွန်တော်ကတော့ တန်ဖိုးရှိသော ပိတ်ရက်လေးအတွင်း မပြန်တာကြာပြီဖြစ်သော အိမ်ကိုသာပြန်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဖေ့ကိုလိုက်ပို့တုန်းက အချိန်သည် နေအလင်းရောင် မရှိသေးသော်လည်း ဒီမြို့က မီးရောင်တွေ ထိန်ထိန်လင်းလှသည်။ညဦးပိုင်းက ရွာထားသော မိုးကြောင့်ညဥ့်လေကလည်းအေးလှသည်။

ဂေါက်ကွင်းနားရောက်တော့ အဖေ့လိုပင် မလွန်ဆန်နိုင်သူများကို တွေ့ခဲ့ရသည်။
သူတို့လည်း အစောကြီးထကာ ရောက်အောင်လာကြရခြင်း ဖြစ်သည်။ ရာထူးတွေကလည်း စုံမှစုံပင်..။ တကယ်တော့ မနက်မိုးလင်းခါနီးအချိန်သည် အိပ်လို့အကောင်းဆုံးအချိန် ဖြစ်မည်ဟုထင်သည်။ သို့သော် နှစ်ပေါင်းများစွာ အသားကျလာသော စိတ်ဓါတ်တို့က အငြိမ်မနေနိုင်ပေ...။ စေတနာမပါသော တာဝန်ကျေစိတ်များတွင် ကျိန်ဆဲတတ်သောနှုတ်ခမ်းများ ရှိမလားဟု ကျွန်တော်တွေးမိလိုက်သည်။ လာချင်တဲ့ အချိန်မှရောက်လာသော လူများကို မနက်သုံးနာရီခွဲလောက်ကတည်းက စောင့်ရသောဒုက္ခသည် ဘယ်လောက်စိတ်ညစ်ဖို့ ကောင်းမလဲဟုပါ စဉ်းစားမိလိုက်သေးသည်။

ဂေါက်ကွင်းဘက်ဆီ လမ်းလျှောက်လာကြသော မိန်းကလေး အုပ်စုများကိုပါတွေ့၍ အဖေ့ကို မေးကြည့်တော့ ကယ်ဒီလုပ်တဲ့ မိန်းကလေးတွေဟု ပြောသည်။

"သူတို့က ဒီနားကရွာကကောင်မလေးတွေလား အဖေ"

"အေး.. ဟုတ်တယ် ဒါပေမယ့် လူကြီးတွေအတွက်တော့ သီးသန့် ချောချောလေးတွေ ရွေးထားတာရှိတယ်ကွ
သူတို့ကတော့ သာမန်လူတွေလောက်ကိုပဲ ကယ်ဒီလိုက်ရတာ.."

"သြော်... သြော်... ကယ်ဒီလေးတွေလည်း ချောဖို့က လိုသေးတာပဲနော်.."

ဒီလိုဆိုတော့လည်း ဒီဂေါက်ကွင်းသည် အနီးအနားမှာနေသောသူများအား အလုပ်တော့ပေးနိုင်သားဟု တွေးမိသည်။ ပေးဆပ်တာနှင့် ရယူတာတွင် အချိုးမည်မျှရှိမည်ဆိုတာကိုတော့ ကျွန်တော် ဆက်မတွေးတတ်တော့ပါ ။ သူတို့၏ အားလပ်ရက်ဖြစ်ရမည့် သင်္ကြန်ရက်ကို ပေးလိုက်ရသောကြောင့် ရမည့်ငွေပမာဏကိုလည်း ကျွန်တော်မသိပါ ။ ရောင့်ရဲတတ်သော သူတို့ သည် ဤကဲ့သို့သော အခမ်းအနားမျိုးတွင် ပါဝင်ခွင့်ရသည်ကိုပင် ကျေနပ်နေပုံပေါ်လေသည်။ တကယ်တော့လည်း သူတို့မြို့သည် အရှင်မွေး၍ နေ့ချင်းကြီးခဲ့ရသည် မဟုတ်ပါလား ......။

ဟိုတယ် တစ်ခုတွင် အလုပ်လုပ်သော ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောသည့်စကားများကို အမှတ်ရမိသည်။ တစ်ချို့ ညစာစားပွဲများသည် သိန်းရာနှင့်ချီကုန်သည်ဟု သူကပြောသည်။ ကျွန်တော့်မျက်ခုံးတို့ လှုပ်သွားခဲ့ရသည်။ ထိုညစာစားပွဲပြီးသွားသည်အထိ မတို့လိုက်မထိလိုက်သည့် စားစရာများကလည်း ပါသေးသည် ဆိုပဲ... တစ်ယောက်စာ ပန်းကန်တစ်စုံပင်လျှင် သိန်းချီ ရှိသည်ဟု ဆိုသည်။

မလိုအပ်ပါပဲနှင့် အပိုဖြုန်းတီးနေကြသော ငွေများအား လိုအပ်နေသော နေရာများကိုထောက်ပံ့လျှင် ဘယ်လောက်ကောင်းမလဲဟု တွေးမိလိုက်သေးသည်။

ဆရာငြိမ်းအေးအိမ်၏ တီခုံရိုက်ချက်များ ၀တ္တုတိုကို သတိရမိသည်။ ဂေါက်ကွင်းထဲက ဘ၀များကို အဖွဲ့အနွဲ့များနှင့် အချိုးချပြသွားသော ဆရာ့ဝတ္တုကို ကျွန်တော် အလွန်ပင် ကြိုက်ပါသည်။

...............................................။......။.......။.............................................................

ဂေါက်ကွင်းဆီရောက်တော့ အဖေချိန်းထားသည့် ကန်တင်းမှာ သွားရှာသည်။ မနက်စာစား၊ အဖေ့မိတ်ဆွေတွေနှင့် စကားပြောပြီးနောက်ထွက်လာတော့ ကိုးနာရီခွဲကျော်ပြီ...။ မိုးကလည်း တဖွဲဖွဲနှင့် ရွာနေတုန်း...။ လေနှင့်အတူ မိုးစက်များက မျက်နှာကို လာရိုက်တာ တော်တော်ပင်အေးသည်။

မိုးရွာနေသော်လည်း သင်္ကြန်ကားတွေက လမ်းပေါ်ဥဒဟို ထွက်လာကြသည်။ တတီတီ၊ တပွမ်ပွမ် ဟွန်းသံတွေပေးလိုက်၊ နောက်လိုက်ပြောင်လိုက်အသံတွေနှင့် လမ်းမပေါ်မှာ အပျော်တွေ လျှံကျနေသည်။ ကားပေါ်က ၀တ်စားဆင်ယင်ပုံ၊ နေပုံထိုင်ပုံတွေကလည်း ရန်ကုန်ကို အတုခိုးကာ ရန်ကုန်ပုံစံတွေပင် ဖြစ်နေကြသည်။ ရန်ကုန်လိုပင်မူးကာ ရန်ကုန်လိုပင်ရူးနေကြလေသည် ။ ဆက်သွယ်ရေးနည်းပညာ ပေါက်ကွဲသော ခေတ်ကြီး၌ မြန်မာသင်္ကြန် စစ်စစ်သည် သင်္ကြန်မိုးကဲ့သို့သော ရုပ်ရှင်ကားများကို ကြည့်၍သာ ခံစားနိုင်တော့မည် ထင်သည်။ အပြင်မှာကတော့ တို့ရွာသားတွေအားလုံး တောဂေါ်လီ တွေဖြစ်ကုန်ကြ၏ ။

ဆိုင်ကယ်မောင်းလာရင်း လမ်းဘေးကို သတိထားမိတော့ ဓါတ်ဆီရောင်းနေသူများကို တွေ့ရသည်။ မိုးရွာနေသော်လည်း ထီးကလေးများဆောင်းကာ ၀ယ်သူကိုမျှော်နေကြသည်။ သင်္ကြန်ဆိုသည်မှာ သူတို့နှင့် မဆိုင်သလိုပင်...။ သူတို့သည် ငွေရင်းနိုင်သောကြောင့် ရောင်းချသူများ မဟုတ်ပဲ... ရင်းနိုင်သောသူထံမှာ တဆင့်ယူကာ တစ်ဂါလံကို တစ်ရာစား၊ နှစ်ရာစား နှင့် ရောင်းရခြင်းဖြစ်သည်။ ဒီနှစ် ဆီဈေးကလည်း ကျသွားတော့ သူတို့လည်း အရင်လောက်ရတော့မည် မထင်...။

ဆီရောင်းနေသူများသည် သူတို့စီးပွားရေး သူတို့လုပ်နေကြခြင်း ဖြစ်သောကြောင့်မဆန်းသော်လည်း ထိုဆီရောင်းသူများထဲတွင် ကိုးနှစ်၊ ဆယ်နှစ်အရွယ် ကလေးငယ်များကိုပါတွေ့လိုက်ရသောအခါ ကျွန်တော့်စိတ်ထဲမကောင်းဖြစ်သွားသည်။ တဆက်တည်းမှာပင် ရန်ကုန်မှာနေသော ကျွန်တော့်ညီဝမ်းကွဲလေးများကို သတိရမိသည်။ သူတို့ကတော့ ဒီအချိန်ဆို ၀တ်ကောင်းစားလှအသစ် ၊ ရေပြွတ်ပိုက်အသစ်၊ ခွက်အသစ် စသည်ဖြင့် ပျော်နေကြပေမည်။ ကျွန်တော်တွေ့ရသည့် ဓါတ်ဆီရောင်းသူကလေးငယ်များကတော့ ထိုအရာများထက် ၀ယ်သူတစ်ယောက် သူ့ဆိုင်ကိုရောက်လာဖို့သာ လိုမည်ဟုတွေးကောင်းတွေးနေပေလိမ့်မည်။ နေ့တွက်ကိုက်မှသာ စောစောသိမ်း၍ အိမ်ပြန်နိုင်မည်မဟုတ်လား....။ ပျော်ဖို့ပါးဖို့ထက် မိသားစု စားဝတ်နေရေးက ပိုအရေးကြီးနေပေသည်။

ကလေးငယ်သည် ကျောင်းပိတ်ချိန်ဖြစ်သော သင်္ကြန်တွင်းမှာပဲ ဓါတ်ဆီရောင်းရတာ ဟုတ်ပါရဲ့လား...။ နောက်နှစ်လဆိုရင် ကျောင်းတွေဖွင့်တော့မည်...။ ထိုအချိန်ဆိုလျှင်ရော ကလေးငယ်သည် စာသင်ခန်းဆီသွားနိုင်ပါ့မည်လား။ ငါတို့ကတော့ ငတ်ရင်ငတ်ပစေ ကိုယ့်ကလေးကိုတော့ အလုပ်မခိုင်းရက်ဘူး.. ကျောင်းပဲထားမယ်ဟု အဆင်ပြေနေသော မိဘများပြောသံကို ကြားဖူးသည်။ ကိုယ်တိုင်ကြုံမှ ကိုယ်ချင်းစာပေလိမ့်မည်။ တကယ်တော့ လက်တွေ့ဘ၀သည် ပြောသလောက်မလွယ်ကြောင်း တစ်ချို့လူများသိရန် လိုအပ်ပေသည်။

ဆိုင်ကယ်မောင်းနေရင်း အခိုက်အတန့်ခဏလေးမှာပင် ကျွန်တော့်အတွေးတို့ တော်တော်စုံသွားသည်။
ကျွန်တော်သည် ဂေါက်ကွင်းများ သို့မဟုတ် ညစာစားပွဲများကို မတတ်ရောက်နိုင်ပါ..။ ထိုနေရာများတွင် ဖြုန်းတီးနေသော ငွေများအား ကလေးဘယ်နှစ်ယောက် ကျောင်းထားနိုင်မည်နည်းဟု အချိုးချရန် ကျွန်တော်အလှမ်းမမှီပါ..။ အချိန်ရ၍ survey တစ်ခုပြုလုပ်လျှင်တော့ အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းသည့် ရလာဒ်များ ရလာမည်ဟု ထင်သည်။

မတတ်နိုင်သည်များကို လုပ်မည့်အစား တတ်နိုင်တာတစ်ခုတော့လုပ်မည်ဟု ကျွန်တော်ဆုံးဖြတ်ချက် ချလိုက်သည်။ ကျွန်တော့်ဆိုင်ကယ်ကို မျှော်ကြည့်နေသော ဓါတ်ဆီဆိုင်လေး ရှေ့၌ ရပ်လိုက်သည်။
အုတ်ခဲတစ်လုံးပေါ်၌ ရေသန့်ဘူးတင်ထားသော ဆိုင်ဆိုသည့် အမှတ်အသားနောက်တွင် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် ကလေးမလေးတစ်ယောက်နှင့် သူ့မောင်လေး တို့ မိုးဖွဲဖွဲများကို အံ့တုကာ ၀ယ်သူကို ဇွဲရှိရှိနှင့်စောင့်နေကြလေသည်။

"သားကြီး ဘာလုပ်မလို့ ရပ်တာလဲ..."

အဖေက အံသြဟန်နှင့်မေးသည်။

"ဆီထည့်မလို့လေ.. တစ်ထောင်လောက်ပေးစမ်းပါ..အဖေ ။ သားပိုက်ဆံ ယူမလာမိဘူး ကပျာကယာထွက်လာလို့"

"ဆီကပြည့်နေတာပဲကို အိမ်မှာလဲ ဆီတွေရှိနေတာပဲ"

"အာ... အဖေကလည်း ညနေ သား အပြင်ထွက်ချင်ထွက်ဦးမှာ.. ကြုံတုန်းထည့်ထားမလို့ပါဗျာ... တစ်ပုလင်းထဲပါ....။"

အဖေသည် ဘာမှဆက်မပြောတော့...။ ပိုက်ဆံတစ်ထောင်တန် တစ်ရွက်ကိုသာ ကျွန်တော့်ကိုပေးလိုက်သည်..။ ကလေးငယ်၏ မျှော်လင့်ချက်အပြည့်ပါသည့် မျက်ဝန်းများကို အဖေလည်း မြင်တွေ့သွားပေလိမ့်မည်။

ကလေးငယ်က အဆင်သင့်ပင် ကတော့ကိုင်ကာ ကျွန်တော့်နားလာပြီး သေချာအောင်မေးသည်။

"ဆီထည့်မလို့လား ကိုကြီး"

"အေး... ညီမလေး တစ်ပုလင်း ထည့်လိုက်"

ဆီတစ်ပုလင်းမှ သူရသော ကော်မရှင်ခသည် ငါးဆယ်၊ တစ်ရာ ထက်မပိုနိုင်ပါ..။ သို့သော် သူ့ရည်မှန်းချက်ကလေးတော့ ပိုမိုနီးစပ်သွားပေလိမ့်မည်။ ဆိုင်ကယ်ကိုစက်နှိုးကာ အိမ်ဘက်ဆက်ထွက်လာတော့ မိုးဖွဲဖွဲတို့က စဲမည့်ပုံမပေါ်သေး......။ သို့သော် မိုးသည်တစ်သက်လုံးတော့ ရွာမနေနိုင်ပါ..။ နေသာသောနေ့ရက်များလည်း ရှိရဦးမည် မဟုတ်လား ။ ဒီနှစ်သင်္ကြန်သည် ခါတိုင်းသင်္ကြန်တွေထက် ပိုအဓိပ္ပါယ်ရှိသည်ဟု တွေးမိတော့ လေနုအေးအေးလေး တစ်ချက်က ကျွန်တော့်ရင်ထဲကို လာရောက်တိုက်ခိုက်လေတော့သည်။

တစ်ချိန်တုန်းက စာမေးပွဲ ရာသီ

9 May 2009


ဟိုတုန်းကတော့ ပူဖေါင်းလေးတွေလို ဖြူမွေ့ပါးလျား
အဲဒီ နွေရာသီလေးကို ဘယ်သူမှခိုးမစားခဲ့ကြဘူး။

- ပူဖေါင်းကွဲသူ
( တာရာမင်းဝေ )

-----------------------------------------------------------------------------
( ၁ )
စာမေးပွဲ ဖြေနေကြတဲ့ ကျောင်းက ကျောင်းသားလေးတွေကို မြင်ရတော့ ကျွန်တော်တို့ စာမေးပွဲဖြေခါနီး အချိန်တွေကို ပြန်သတိရလာတယ်။ ကျွန်တော်တို့က ပုံမှန်အနေနဲ့ စာကြည့်လေ့မရှိပါဘူး ။ စာမေးပွဲဖြေခါနီး နှစ်လ လောက်လိုတဲ့အချိန်ရောက်မှ လိုတဲ့စာတွေစုပြီး အသည်းအသန်လုပ်ခဲ့ကြတာပါ ။ အဲဒီအကျင့်က မကောင်းတာကြောင့် နှစ်စကတည်းက စာလုပ်မယ်လို့ စိတ်ကဆုံးဖြတ်ထားပေမယ့် အတန်းသစ် တက်ရင်တော့ အပျော်အပါးတွေနဲ့ပဲ အချိန်ကုန်ခဲ့တာက ခပ်များများပါ။ ဒီတုန်းက ကျွန်တော်တို့သူငယ်ချင်း တွေက စာလုပ်ရင် စုလုပ်ကြတာများပါတယ်။ ကမာရွတ် သံလမ်းထဲက သူငယ်ချင်းအိမ်ကတော့ ကျွန်တော်တို့ ဒဏ်ကို အခံနိုင်ဆုံးပဲ..။ ကျွန်တော့်တို့ သူငယ်ချင်းရဲ့ အဖေနဲ့အမေကလည်း သဘောကောင်းပါတယ် ။..စာမေးပွဲဖြေဖို့ စာလုပ်မယ်ဆိုရင် ကျွန်တော်တို့ အတွက်လိုလိုသေးမရှိ... စားချင်တာစား၊ ကော်ဖီတွေ အအေးတွေလည်း ကိုယ့်စိတ်ကြိုက်ဖျော်သောက်နိုင်တယ်..။ ပြီးတော့ ဒီကောင်တွေက ညီအစ်ကို နှစ်ယောက်တည်း ... သူ့အစ်ကိုကလည်း ကျွန်တော်တို့နဲ့ အသက်ကမတိမ်းမယိမ်း အပြင် သူငယ်ချင်းပေါင်းပဲ ပေါင်းခဲ့ကြတော့ ဒီအိမ်မှာ ကျွန်တော်တို့ ပျော်တာလည်းမဆန်းပါဘူး...။

စာလုပ်မယ်ဆိုရင် ကျွန်တော်တို့ မေဂျာက အတွက်အချက်တွေက များတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း အနှောက်အယှက် ဖြစ်စရာ မရှိဘူး..။ ပြီးတော့ ကျွန်တော်တို့က တစ်ယောက်မသိတဲ့စာကို တစ်ယောက်ကသိနေတာဆိုတော့ စာရှင်းပြရတာလည်း လွယ်အောင် တစ်နေရာတည်း စုပြီး စာတွေ တွက်ချက်ခဲ့ကြတာပါ ။ စာကလည်း နီးမှကြည့်ဖြစ်တာဆိုတော့ အသည်းအသန်ကို ညည့်နက်အောင် ကြည့်ရပါတယ်..။ ပုစ္ဆာတွေကလည်း ပုံသေနည်းက ခပ်များများ အဲ့ဒီတုန်းကတော့ ပုံသေကြီး မဖြစ်မနေ စာကြည့်ခဲ့ရတာကို တော်တော်စိတ်ညစ်ခဲ့ပါတယ်..။ ဒါပေမဲ့ မလုပ်ချင်ပေမယ့် မဖြစ်... ကျွန်တော်တို့အပေါ် မှာ မျှော်လင့်ချက်တွေထားတဲ့ မိဘတွေက ရှိသေးတာကိုး...။
---------------------------------------------------------------------------

( ၂ )

တစ်ညတော့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် စာကြည့်ရင်းနဲ့ ဗိုက်ဆာလာကြပါတယ် ။ အချိန်ကို ကြည့်လိုက်တော့ သန်းခေါင်သန်းလွဲ တစ်နာရီခွဲ နှစ်နာရီ လောက်ရှိနေပြီ ။ အိမ်ရှင် သူငယ်ချင်းကတော့ အဲ့ဒီနေ့က စောစော အိပ်ယာဝင်သွားပါတယ်။

ကျွန်တော်နဲ့နောက်နှစ်ယောက်ကတော့ တွက်ကောင်းကောင်းနဲ့ တွက်နေရင်းက ပြိုင်တူလိုလို ဗိုက်ဆာလာကြပါတယ်..။ ဒါနဲ့ အိမ်သော့ယူပြီး ခြံတံခါးဖွင့် ပြီးတော့ တံခါးကို အတွင်းက ပြန်ခတ်ပြီး ထွက်လာခဲ့ကြတယ်။ ဟိုကောင်နိုးနေရင်တော့ ကားကိုအသာလေး ဘီးလှိမ့် လမ်းထိပ်လောက်ရောက်မှ စက်နှိုးပြီး လှည်းတန်းလောက်မှာ ညလုံးပေါက် ဖွင့်တဲ့ ဆိုင်တွေမှာ သွားစားဖြစ်နေဦးမှာ ..။ အခုဒီကောင်က အိပ်ပျော်နေပြီ ဆိုတော့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ပဲ လမ်းလျှောက်ထွက်လာခဲ့တယ်..။

သံလမ်းထဲမှာက အခုလို နှစ်နာရီ အချိန်လောက်ထိဖွင့်တဲ့ လက်ဘက်ရည်ဆိုင် ဒါမှမဟုတ် ထမင်းကြော်ဆိုင် ရှိမရှိ ကျွန်တော်တို့ မသိကြပါဘူး..။ ဆိုင်လိုက်ရှာရင်းနဲ့ စန္ဒာမြိုင်ရုပ်ရှင်ရုံ ဘေးလမ်းထဲ တော်တော်ဝင်လိုက်ရပါတယ်..။ အဲ့ဒီလမ်းထဲက လက်ဘက်ရည်ဆိုင်မှာ ထမင်းကြော်စားလိုက်မှပဲ ဗိုက်ဆာပြေပြီး လူတွေလည်း ပြန်ပြီးလန်းဆန်းလာပါတယ်..။ အစာလေး ရှိမှ အသံထွက်လာတဲ့ ကျွန်တော်လည်း ပါးစပ်က နောက်တီးနောက်တောက်တွေ ပြန်ပြောလာနိုင်တော့တယ်...။
-----------------------------------------------------------------------------

( ၃ )

ဆိုင်က ပြန်ထွက်လာတော့ အချိန်ကနှစ်နာရီကျော်ကျော်လောက်ရှိပြီ...။ သံလမ်းထဲကနေ ထွက်လာတာ အင်းစိန်လမ်းမကြီးနား ရောက်ခါနီးကျတော့ တက္ကစီလေး တစ်စင်း လမ်းမကြီးပေါ်မှာ ထိုးရပ်သွားတာ ကျွန်တော်တို့လှမ်းတွေ့လိုက်တယ်...။ မျက်လုံးနဲ့ ခန့်မှန်းပြောရရင်တော့ ကိုက်လေးဆယ်လောက်...။ ပြီးတော့ တဆက်တည်းမှာပဲ တက္ကစီပေါ်က ဆင်းလာတဲ့ ခြေသလုံးဖြူဖြူလေးကို
တွေ့လိုက်ကြတယ်..။

ဒီအချိန်ကျမှ ပြန်လာတယ် ဆိုရင်တော့ အချိန်လွန်ငှက်လေးတွေလား မသိဘူး..။ ဒီကနေ မြင်ရတာတော့
ဖြူဖြူချောချောလေးတွေ...ငါတို့ ကံများကွာ စာမေးပွဲဖြေခါနီး အချိန်နဲ့မှ လာတိုးနေရတယ် လို့

တစ်ယောက်နဲ့ တစ်ယောက်မချိတင်ကဲ အသားယူပြောလိုက်ကြတယ်..။ ပြီးတော့ လမ်းမဘက် ကျွန်တော်တို့ ဆက်လျှောက်အလာ တက္ကစီခ ရှင်းနေတဲ့အဲ့ဒီနှစ်ယောက်နဲ့လည်း တဖြည်းဖြည်းနီးလာတယ်..။ မီးမှိန်မှိန်ကနေ လှမ်းမြင်လိုက်ရတဲ့အလှကလေးကို အနီးကပ်မြင်ချင်တဲ့ ဇောတွေကလည်း မြင့်လာတာပေါ့လေ...။ ပြီးတော့ သူတို့နဲ့လည်း နီးလာရော လမ်းမလွတ်တဲ့ ကျွန်တော့်သူငယ်ချင်း နှစ်ယောက်က ကျွန်တော့်ကို အလယ်မှာထားပြီး ဘေးတစ်ဖက်တစ်ချက်က ရှောင်ထွက်အသွား ကျွန်တော်က သူတို့နှစ်ယောက်ထဲက တစ်ယောက်နှင့် ထိပ်တိုက်တိုးမိသလို ဖြစ်ခါနီး သူ့လက်ထဲက လက်ကိုင်ပုဝါဖြူဖြူလေးက ရုတ်တရက် ကျွန်တော့်အရှေ့ဝေ့၀ဲ ကျလာတယ်...။

ဒါကို ကျွန်တော်က ကောက်ပေးမလို့ လှမ်းလိုက်တဲ့ အချိန်မှာ သူကလည်း ပြန်အကောက် သူ့လက်ကလေးကို ကျွန်တော့်လက်က ကိုင်မိသလိုဖြစ်သွားတယ်။ အဲ့ဒီမှာတင် သူကရှက်သွားပြီ လက်အရုတ်မှာ ကျွန်တော်က သူ့ကို အားနာသလိုကြည့် သူကလည်း ရှက်ကိုးရှက်ကန်းတွေ ဖြစ်သွားတယ်..။ ဒီနောက်မှာတော့ ကျွန်တော်နဲ့သူနဲ့........။
-----------------------------------------------------------------------------
( ၄ )

ဒါက မြန်မာဇာတ်ကား တော်တော်များများ သုံးခဲ့သော နည်းလမ်းဟောင်းတွေပါ...။ လက်တွေ့မှာတော့ သူ့လက်ထဲက လက်ကိုင်ပုဝါကျသွားတဲ့ အခါ ထွက်လာတဲ့ အို ဆိုတဲ့ အသံကြီးကို ကြားလိုက်ရပြီး ကျွန်တော် လန့်သွားပါတယ်။ အသံကြီးက အောက်ဂလိအာကြီး... ပြီးတော့ သူက မျက်ဝန်းနက်တွေနဲ့ မော့ကြည့်တဲ့အချိန်မှာ ကျွန်တော်မြင်လိုက်ရတာက... ဘုရားရေ ဒီမိန်းမမှာ လည်ဇလုတ်ကြီး နဲ့ပါလားဗျာ...။ တကယ်တော့ ညကလပ် မှာလန်းပြီးပြန်လာတဲ့ မာမီတွေက အရှိန်မသေသေးတာလား လိုအင်မပြည့်ခဲ့တာလား မသိဘူး ကျွန်တော်တို့ကိုလည်း မြင်ရော ရိုမန်တစ်ဇာတ်လမ်းရိုက်တော့တာပါပဲ..။ ဒါကြောင့်ကျွန်တော်လည်းတစ်ချက်ကလေးတောင် လှည့်မကြည့်ပဲ ရှောင်ထွက်လာခဲ့ရတယ် ။ ကျွန်တော်ကလည်း gayphobia ဒါမှမဟုတ် Mummiesphobia လို့ပဲကိုယ့်ဘာသာ နာမည်ပေးရမလား အဲ့လိုဗျာ ဂျော်တကီးတွေ ဆိုတော်တော်လန့်တာဗျ..။ ဟိုနှစ်ကောင်ကတော့ တခွီးခွီး နဲ့ ရီပြီး ကျွန်တော့်ကို ပြောပါတယ်..။

"ငါတို့က တော်တော်လေးနီးကတည်းက သိတယ်ကွ... အဲ့ဒါကြောင့် ရှောင်လိုက်တာ.. မင်းကတော့ အမြဲရာဇ၀င်နဲ့ပဲနော်.. အခြောက်တွေက မင်းဆို တော်တော်ကြည်ကြတယ်"

ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော်ဟာ ကောင်မလေးတွေ ကြွေလောက်တဲ့ ရုပ်ရည်မျိုးလုံးဝမရှိပေမယ့် မာမီတွေနဲ့ကတော့ဘယ်ဘ၀က ရေစက်လည်း မသိဘူး နောက်ကြောင်းလေးတွေ ရှိခဲ့တာကိုး ( ကြုံရင် ထပ်ရေးပါဦးမယ်ခင်ဗျာ ) ။ နောက်နေ့ ကျောင်းတက်တော့ ဖားကြီး ညတုန်းက စွံချက်ကတော့ ဆိုပြီး ဟိုနှစ်ကောင်က လိုက်လံမောင်းထုနေပါတယ် ။ ကျွန်တော့်မှာ စပ်ဖြီးဖြီးနဲ့ အားလုံးကို
လိုက်ရှင်းပြရတယ်..။ ရှင်းပြရမှာပေါ့ ဒီကောင်တွေက ကျွန်တော်ကပဲ စာမေးပွဲ ဒီလောက်နီးနေတာတောင်မှ တဏှာဇောကြွပြီး မာမီတွေကို သွားညုတယ်လုပ်နေကြတာကိုး..။

အခုကျတော့လည်း ဒါတွေကအမှတ်ရစရာတွေ ဖြစ်သွားပြီ..။ လက်ဘက်ရည်ဆိုင်မှာပဲဖြစ်ဖြစ် ဘီယာဆိုင်မှာပဲဖြစ်ဖြစ် တစ်နေရာရာမှာ တွေ့တာနဲ့ လွတ်လပ်ပေါ့ပါးခဲ့တုန်းက နေ့တွေကို ကျွန်တော်တို့ ပြန်ပြောပြီးရယ်မောကြစမြဲ...။ အတိတ်ဆိုတာကလည်း ဒါဏ်ရာတွေနဲ့ပဲ
အမြဲဖွဲ့စည်းထားတာမဟုတ်ဘူး မဟုတ်လား...။ သေချာပါတယ်ဗျာ ကျွန်တော်တို့ ရယ်မောခဲ့ကြဘူးပါတယ်လေ....။

အညတြရ

3 May 2009

တစ်ခွက် နှစ်ခွက်နဲ့ ဒါဏ်ရာတွေကို
မော့သောက်နေခဲ့ရတာ
ဘယ်နှစ်ရက် ရှိခဲ့ပြီလဲ.....

တစ်လိပ်နှစ်လိပ်နဲ့ အိပ်မက်တွေကို
ရူထုတ်လိုက်တာ
ကိုယ်တိုင်တောင် ပျောက်ဆုံးသွားခဲ့

လူဆိုတာ....
ဘ၀ဆိုတာ...
ဘာဆိုတာ...
ညာဆိုတာ....
ဒဿနတွေ ခေါင်းထဲမှာပြည့်နေတော့
ငါဟာ ဖျားနာတတ်တဲ့ စက်ရုပ်တစ်ရုပ်များလား..

ဒီလိုနဲ့ပဲ....
မနက်ဖက်ဆို နေထွက်ပြီး
ညဖက်ဆို နေ၀င်တယ်
ရူလိုက်သွင်းလိုက်နဲ့
ရင်ခုန်သံတွေ ကြားထဲမှာ
ငါ.... ဒီအတိုင်းတော့ မပြီးဆုံးသွားချင်သေးဘူး...

ပြန်လာချိန်

9 April 2009

ဘလော့တွေနဲ့ အချိန်အနည်းငယ် ဝေးကွာခဲ့တဲ့ ကျွန်တော် အခု ပြန်ရေးဖို့အတွက် ပြန်လာပါပြီ...။ ပြန်ရေးမယ် ဆိုပေမယ့် ကျွန်တော်ဘာကိုရေးရမလဲ မစဉ်းစားရသေးပါဘူး...။ ဒါပေမယ့် အကြောင်းအရာ တစ်ခုခုကိုတော့ ရေးနိုင်အောင်ကြိုးစားသွားမှာပါ။ ဘလော့ဂ်ကို ပိတ်ထားလိုက်ရတဲ့ အကြောင်းကတော့ template ကလိတာ လွန်ပြီး ရှင်းနေရတာရယ်.. ရေးချင်စိတ်လျော့ နည်းသွားလို့ရယ်ပဲ ဖြစ်ပါတယ်...။ ဒါပေမယ့် နားနေတဲ့ အချိန်အတွင်းမှာ ကျွန်တော် ပြောစရာတွေ၊ ရေးချင်စရာတွေ အများကြီးရလာပါတယ်..။ ကျွန်တော့် ဘလော့ဂ်ပိတ်ထားတုန်းက ဘာကြောင့် ဖတ်လို့မရတော့တာလဲ.... ဘလော့ဂ်က ဘာဖြစ်သွားတာလဲဆိုပြီး သူငယ်ချင်းတွေက လာမေးကြပါတယ်...။ ဟုတ်တော့လည်း ဟုတ်တယ် google လုပ်ပုံက သူတို့ နိုင်ငံက ယဉ်ကျေးမူ့အရဆိုရင် ဘယ်လိုနေမလဲ မသိပေမယ့်ကျွန်တော်တို့ အနေနဲ့ ဘာသာပြန်ကြည့်ရင်တော့ ကိုယ့်ကိုပဲ မဖတ်စေချင်လို့ ပိတ်လိုက်သလိုမျိုးဖြစ်နေတာကိုး...........။ ရေးပုံကလည်း ကြည့်လေ..

"This blog is open to invited readers only
http://phargyi.blogspot.com/
It doesn't look like you have been invited to read this blog. If you think this is a mistake, you might want to contact the blog author and request an invitation. "

ဆိုတော့က ဒီစာကို ဖတ်ကြည့်ရင် အောင့်သီးအောင့်တောက် ဖြစ်ရသလိုပါပဲ....။ ဘလော့ဂ်နဲ့ မစိမ်းတဲ့သူတွေ အထူးသဖြင့် ဘလော့ဂ်ဂါတွေကတော့ ကိစ္စမရှိပေမယ့် အပြင်က သူငယ်ချင်းတွေကိုတော့ ကျွန်တော်ရှင်းပြလိုက်ရပါတယ်..။ တကယ်တော့ ကျွန်တော်က ဒီဘလော့ဂ်ကို ကျွန်တော်တစ်ယောက်တည်း ဖတ်လို့ရအောင် ကန့်သတ်ပြီး ပိတ်လိုက်တာပါ...။
အခုတော့ google တို့ရေးပုံက ဒီလိုဆိုတော့ ကျွန်တော့်မှာ သူငယ်ချင်းတွေကို ရှင်းပြနေရပါတယ်။ တကယ်ဆို ဒီဘလော့ဂ်ဟာ စာရေးသူတစ်ယောက်တည်း ဖတ်နိုင်ပါတယ် ဘာညာဆိုပြီး
သတိပေးသင့်တာပေါ့... ။ ခုတော့ လုပ်ပုံက..။ အဲ့ဒီအတွက် ကျွန်တော့်ကို အားပေးကြတဲ့ သူငယ်ချင်းများ၊ မိတ်ဆွေများကို အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ..။ ဘာပဲဖြစ်ဖြစ် ကျွန်တော်
ပြန်ရေးနိုင်အောင် ကြိုးစားသွားပါမယ်..။ ပြန်ရေးဖို့အတွက် မြှောက်ထိုးပင့်ကော် အဲ အဲ နောက်တာ :) တိုက်တွန်းကြတဲ့ သူငယ်ချင်းများကိုလည်း အရမ်း အရမ်းကို ကျေးဇူးတင်ပါတယ် ခင်ဗျာ..။

ဟစ်ဟော့သီချင်း ဆိုခဲ့တုန်းက

25 January 2009

အချိန်တွေကို ပြန်ကြည့်တော့ လွန်ခဲ့တဲ့ လေးနှစ်လောက်က ။ ကျွန်တော် စတုတ္တနှစ်ကျောင်းသားဘ၀၊ ကျောင်းမှာထုံးစံအတိုင်း Fresher welcome ပွဲလုပ်ဖြစ်ပါတယ်။ အရင်နှစ်တွေလိုမဟုတ်တာက အမြင့်နှစ်ပေ အလျား ၁၂ ပေနဲ့အနံ ၆ ပေလောက်ရှိတဲ့ စင်မြင့်လေးကို ကိုယ့်မေဂျာရဲ့ ၀ပ်ရှော့ထဲမှာပဲ ယာယီလုပ်ပြီး ကျင်းပဖြစ်ခဲ့ကြတယ်။ အခမ်းအနား အစအဆုံးကို တာဝန်ယူတာကတော့ အမြဲတမ်းပါနေကြ ကျွန်တော်တို့ ငပွကြီးအဖွဲ့ပါ။ ကျွန်တော်တို့ကလည်း တခြားအချိန်ဆို ရင်သာ ဌာနကို မရောက်ရင် မရောက်မယ် ဒီလိုပွဲမျိုးနီးလာပြီဆိုရင်တော့ အစာသုံးရက်လောက် မစားရတဲ့ ကြောင်နာရုပ်လေးတွေနဲ့ ဆရာတွေ ဘာပြောပြော ဘာခိုင်းခိုင်း ဟုတ်ကဲ့ ခင်ည ဟုတ်ကဲ့ ခင်ည သွားသွားလုပ်ကြပါတယ်။ အလုပ်တာဝန်ခွဲယူဖို့၊
တစ်ယောက်နဲ့ တစ်ယောက်မတွယ်ကပ်ဖို့ဆိုတာကလည်း ရင်းနှီးနေကျလူတွေပဲကောင်းတာကိုး။ ဒီတော့ နှစ်တိုင်းတာဝန်ယူနေကြ အဖွဲ့တွေပဲစုပြီးလုပ်ရတော့တာပေါ့။

ခုနကပြောခဲ့တဲ့ စင်လေးကလည်း မကြီးပေမယ့် ခမ်းနားအောင်လုပ်ထားပါတယ်။ ကျောင်းသားရေးရာက အမတွေကို သွားပြောပြီး ကျောင်းက ကျောက်ခက်ပန်းအိုးကြီးတွေကို ခုံရဲ့ရှေ့မှာထား မီးချောင်းတွေနဲ့ အလင်းပေး၊ ပူဖေါင်းတွေ ဘာတွေနဲ့အလှဆင်လိုက်တော့ ဟုတ်တော့ ဟုတ်နေတာပဲဗျ...။ ကိုယ်ဆောက်တဲ့ ဇာတ်စင် ကိုယ်ဂုဏ်ယူခဲ့ကြတာပေါ့လေ..။

စင်လေးက ဘာလုပ်ဖို့လဲဆိုတော့ Fresher welcome ပွဲတွေမှာ ပါနေကျ King နဲ့ queen ရွေးဖို့၊ ပြီးတော့ အဲ့လိုရွေးဖို့အတွက်ကို ကျောင်းသား ကျောင်းသူလေးတွေကို စင်ပေါ်တက်ပြီး တစ်ယောက်ချင်း အကြမ်းအား ဖြင့် မိတ်ဆက်ခိုင်း ဖို့ပါ။ အရင်တုန်းကတော့ civil မေဂျာဆိုရင် အများဆုံးမှ တစ်နှစ်ကို ကျောင်းသား ကျောင်းသူ ပေါင်း ၁၀၀ ကျော်မခေါ်လို့ဒီလို မိတ်ဆက်ခိုင်းတာအဆင်ပြေပေမယ့် အခုနောက်ပိုင်းနှစ်တွေသာ ဒီလိုလုပ်ရရင် Fresher welcome ကို လေးရက်လောက်ခွဲလုပ်ရမယ်ထင်တယ်။ ကျောင်းသားခေါ်ချက်က civil ဆိုလျှောက်သလောက် ပေးလိုက်လို့ အမိန့်တော်မြတ်ချမှတ်ထားတာကိုး...။ ထားတော့ ဒါတွေက။ ကျွန်တော်ကဒီလိုပဲဗျ ပြောရင်းနဲ့လမ်းကချော်ချော်ထွက်သွားတတ်တယ်။

အဲ့လိုမျိုး မိတ်ဆက်ခိုင်း၊ ဂိမ်းတွေ ကစားခိုင်းတာအပြင် အဓိကကျတဲ့ တစ်ချက်ကတော့ သီချင်းဆိုကြဖို့ပါ ။ ဒီနှစ်မှာ စင်မြင့်နဲ့ သီချင်းဆိုရမယ် လည်းကြားရော စာရင်းလာပေးလိုက်ကြတာ ဗလာစာအုပ်တစ်အုပ် စာလောက် ရှိမယ်ထင်တယ်။ဒီတော့ လာသမျှလူတိုင်းကိုလည်း ဆိုခိုင်းဖို့ရာ က မဖြစ်တော့ ပထမဦးစားပေး အနေနဲ့ ကျောင်းသူကျောင်းသား အသစ်လေးတွေ၊ ပြီးမှ နောက်ကျန်တဲ့ အတန်းတွေကိုတော့ မီးစင်ကြည့် ကကြမယ် ဟ ဆိုပြီး စီစဉ်လိုက်ရပါတော့တယ်။ သူမဆိုနဲ့ သူဆို လို့ပြောလိုက်ရင်လည်း အကုန်လုံးက ပွဲဖြစ်မြောက်ရေးအဖွဲ့နဲ့ တစ်နည်းမဟုတ်တစ်နည်း မျက်နှာနာနေကြတော့ နောင်ခါလာနောင်ခါဈေးထား လိုက်ရတော့တယ်။

"မင်း ဒီနှစ်ဘာသီချင်းဆိုမှာလဲ ဖားကြီး" ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကမေးလာပါတယ်။

"အရင် နှစ်တွေနဲ့ မတူအောင်တော့ ဆိုမယ်ကွာ"

"ဘာ မတူအောင်လည်း မင်းက ဟစ်ဟော့ပဲ ဆိုပေါ့... မြူးမြူးကြမ်းကြမ်း သာဆိုကွာ အဲ့ဒါမှ ပွဲစည်မှာပေါ့"
"ဟာ... မင်းကလည်း အခု ကာရာအိုကေ ထွက်ထားတဲ့ ဟစ်ဟော့တွေကို ငါအားမရဘူးကွာ"
"ဖားကြီးကလည်း ရှိတာဆိုပေါ့ကွာ... ကြီးကျယ်မနေပါနဲ့"
" ငါကဟစ်ဟော့ဆို eminem တို့ Dr.Dre တို့လောက်မှ rapper ထင်တာကွ"
"ဖြစ်ရမယ်... မင်းကတော့ လူကသာ ဘာမှသောက်သုံးမကျတာ"
"အေး သောက်သုံးမကျသေးရင် ကြည့်လိုက်ကွာ အဲ့ဒီ့နေရောက်ရင် ငါဘာဆိုမလဲဆိုတာကို"

ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်က စိန်ခေါ်သလိုလိုနဲ့ ပြောလိုက်ပါတယ်။ ဒီတုန်းက ကျွန်တော်က ဟစ်ဟော့သီချင်းတွေအပေါ် ရင်ခုန်မူ့မကုန်ဆုံးသေးတဲ့အချိန်။ ပြောရရင် အမေရိကန်က ဟစ်ဟော့ သီချင်းတွေကိုမှ ဆိုချင်နေတာ။ ဒါပေမယ့် စာရွက်ကြည့်ဆိုတာတောင် လျှာက မလိုက်နိုင်လို့ စိတ်လျှော့လိုက် ရတယ်။ ဒီနှစ်တော့ ထူးထူးခြားခြား ဖြစ်အောင်ကိုယ့်ဘာသာ သီချင်းရေးပြီး ဆိုမယ်လို့စဉ်းစားလိုက်တယ်။ ရက်ကလည်း အရမ်းနီးနေပြီ ဆိုတော့ တီးလုံးကတော့ ကျွန်တော့်ညီ သူငယ်ချင်း rapper လေးဆီက အကူအညီတောင်းရပါတယ်။ ရမယ့်ရတော့ မနက်ဖြန် ပွဲတော်ရက်ဆိုရင် ဒီနေ့လို ညမှ တီးလုံးက ကျွန်တော့် လက်ထဲရောက်ပါတယ်။ ပွဲတစ်ခုလုပ်ရင် ကျောင်းမှာနေတဲ့ အဖွဲ့နဲ့ ရန်ကုန်က ကိစ္စ တွေစီစဉ်တဲ့ အဖွဲ့ဆိုပြီး နှစ်ပိုင်းခွဲလိုက်တော့ ကျွန်တော်က ရန်ကုန်အဖွဲ့ထဲမှာပဲ နေလိုက်ပါတယ်။ ဘာမှတော့ မဟုတ်ပါ
ဘူး စားသောက်စရာကိစ္စတွေ စီစဉ်ပြီးရင် အိမ်ပြန်လို့ရတော့ ကျွန်တော်သီချင်းရေးမလို့ပါ။ ကျောင်းမှာ နေရတဲ့ အဖွဲ့တွေကတော့ ပင်ပန်းလားဆိုရင်တော့ ဒီလိုပါပဲ..။ သူတို့လည်း စင်ကို ဟိုပြင်ဒီပြင် လုပ်ပြီးရင် တစ်ညလုံး သောက်ပွဲတော် ကျင်းပကြပါတယ်။

သီချင်းကို တစ်ညတည်းနဲ့ အပြီးရေးလို့ မင်းတို့ဟစ်ဟော့ သီချင်းတွေက လွယ်လှချည်လားကွလို့ အထင်တော့ မသေးလိုက်နဲ့ဗျ ။ အဲ့ဒီတုန်းက ကျွန်တော်က ဆိုချင်ဇောရယ်၊ ပွဲတော်အတွက် ပျော်နေတဲ့ စိတ်ရယ်နဲ့ပေါင်းပြီး ကာရံတွေကိုထပ်လိုက်တာ အချိန်တွေ နာရီတွေတောင်မေ့သွားတယ် ။ အကုန်လုံးအိပ်နေတဲ့ အချိန်ရောက်မှ သီချင်းရေးတာပြီးသွား ပါတယ်။ ပြီးတော့ စာသားတွေ ပြန်ကျက်၊ headphone တပ်ပြီး တီးလုံးနဲ့ flow နဲ့ အဆင်ပြေအောင် လေးငါးခေါက်လောက်ပြန်ဆိုကြည့်တယ်။ စိတ်ချရပြီ ဆိုမှ အိပ်ရာထဲဝင်ခဲ့တယ်..။ ဒီတုန်းက ကျွန်တော်အတွေးတွေနဲ့ ပျော်ခဲ့တဲ့အချိန်ဟာ ဂီတသမားတွေ သီချင်းတစ်ပုဒ် ဖန်တီးလို့ရတဲ့ ပီတိနဲ့ ဘာကွာလဲလို့ အခုကျွန်တော်သိချင်နေမိတယ်။ သြော်.. ကျောင်းသားဘ၀တုန်းက နေ တောင်ဒီလောက်မှ မပူသေးတာကိုး..........။

မနက်ဖက် ကျောင်းရောက်တော့ ကျွန်တော်ကတောင် နောက်ကျနေပြီ။ ကျောင်းသား၊ ကျောင်းသူတွေရော ၊ organizer တွေရော တော်တော်စုံနေလို့ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို ကောင်းချီးဝိုင်းပေး ကြပါတယ်။

"ဟေ့ကောင် ဘယ် ဘိခ်ျ မှာသွားသေနေလို့ ဒီအချိန်မှ ရောက်တာလဲကွ"

ကျွန်တော် ဘာမှ မပြောပဲ ပြုံးရုံသာ ပြုံးလိုက်တယ် ။ သူငယ်ချင်းတစ်ယောက်က ထပ်ပြောတယ်။

"ဟေ့ကောင် မင်းကိုပြုံးပြခိုင်းနေတာမဟုတ်ဘူး.. ဘယ်လိုဖြစ်လို့နောက်ကျတာလဲလို့မေးနေတာ။
ဒီမှာငါတို့ လုပ်နေရတာ တော်တော် ပင်ပန်းနေပြီ။ "
"အေးလေ ပင်ပန်းရင်လည်း နားလိုက်ကြတော့ပေါ့ကွာ..။ အကုန်လုံးလည်း ပြီးနေပြီပဲ။
ငါညက သီချင်းရေးနေလို့ နောက်ကျ သွားတာပါကွာ"
"ဟာ... ဟုတ်လား ။ လုပ်စမ်းပါဦး... ငါတို့ကြည့်ရအောင်...။"
"နေပါဦး မင်းတို့ကလည်း ။ ငါဆိုရင်နားထောင်ရမှာပါ.. အေးဆေးပေါ့ ။"
"အေးပါ... အေးပါ.... ဒါနဲ့ အစားအသောက်ထုတ်တဲ့ တိုကင်ပြားတွေ မင်းပဲဝေပေးလိုက်တော့ကွာ ။ အဲ့ဒါမင်းလာရင် လုပ်ဖို့ဆိုပြီး ငါတို့ချန်ထားတာ..။"

ဒီကောင်တွေက ဒီလိုပဲ။ သူတို့ဘာသာ သူတို့လုပ်လိုက်လည်း ပြီးနေမယ့်ကိစ္စကို ကျွန်တော့်တာဝန်လေး ဘာလေးဆိုပြီး ကျန်တာတွေ လျှောက်ခိုင်းနေတာ ။ ကျွန်တော်လည်း ကဒ်ပြားတွေယူပြီး နာမည်၊ အတန်း ရေးခိုင်း၊ လက်မှတ်ထိုးခိုင်းပြီး တစ်ယောက်ချင်းစီကဒ်တွေကို ထုတ်ခိုင်းရပါတယ်။ အတန်းထဲက သူငယ်ချင်း ကောင်မလေးတွေလည်း ကျွန်တော့်ကို ၀ိုင်းကူကြတယ်။ ကျောင်းသား၊ကျောင်းသူတွေက များတာကိုး ။ အောင်မယ်... ဒီအလုပ်ကလည်း မျက်နှာ ပွင့်တယ်ဗျ..။ ကဒ်ပြားပေးလို့မဟုတ်ပါဘူး..။ ကောင်လေးတွေက သူတို့သိချင်တဲ့ကောင်မလေးတွေရဲ့ နာမည်ကိုလာစုံစမ်းကြလို့ပါ ။

"ဖားကြီး.. အဲ့ဒီကောင်မလေးကွာ နာမည်ရေးရင် မှတ်ထားလိုက်စမ်းပါ"
"ဟား... ငါ အလုပ်ရှုတ်နေတယ် သူငယ်ချင်းရေ.. နာမည်မှတ်ထားဖို့ဆိုတာ
လူအများကြီးကို လွယ်မှမလွယ်တာ"
"လုပ်ပါကွာ မင်းကလည်း... ငါလန်ဒန် တစ်ဘူးပေးပါ့မယ်"
"အေးလေ... ငါမှတ်မိရင်တော့ မှတ်ထားပြီး မင်းကိုပြောပါ့မယ်။ လန်ဒန်ကြောင့်မဟုတ်ဘူးနော် မင်းနဲ့ငါ အတန်းတူနေလို့.."

ဒီလိုမျိုးက တစ်မျိုး..။ ကျွန်တော့်ထက် အတန်ငယ်သော ကောင်လေးတစ်ယောက်ကလည်း ကျောင်းသူအသစ် လေးနာမည်ကို သိချင်လို့ လာမေးပြန်တယ်..။ သူကကျတော့ နာမည်မေးရုံသာမက တစ်ခြားအကူအညီ ပါတောင်းလာပြန်တယ်။

"ကိုဖားကြီး ဒါလေးပါ ပေး ပေးပါလားဗျာ"
"ဘာလဲကွ မင်းဟာက"
"ဟာ တိုးတိုးပြောပါဗျ...အစ်ကိုကလဲ"
"အေး ပြောပြော ဘာပေး ပေးရမှာလဲ"
"ဒီနှင်းဆီပွင့်လေးနဲ့ စာအိတ်လေးကိုပါ"
"ဟာ.. ဟေ့ကောင် ဟေ့ကောင် အဲ့ဒါတော့ မင်းဘာသာ မင်းပေးဟေ့ကောင်ရေ..
ငါ ပြဿနာတက်သွားလိမ့်မယ်"
"လုပ်ပါဗျ အစ်ကိုရ.. အဆင်ပြေရင် အစ်ကိုတို့ သူငယ်ချင်းတွေကို တစ်ဝိုင်းဗျာ.."
"တော်တော် ဟေ့ကောင်... နာမည်မှတ်ထားရင် တော်ပြီပေါ့ကွာ.. ငါသေသေချာချာ မှတ်ထားပါ့မယ်
ဟုတ်ပြီလား... ကျန်တာတော့ မင်းဘာသာ မင်းပဲကြိုးစားပေါ့ကွာ"
"ဟင်း... ရပါတယ်ဗျာ..ရပါတယ်... ခင်ဗျားကလည်း ဒါလေးအကူအညီတောင်းတာကို... ကိုယ်ချင်း
စာစိတ်လည်းမရှိဘူး.. "
"အေး မင်းထင်ချင်သလိုထင်ကွာ ... ငါဒီမှာ အလုပ်ရှုတ်နေတယ်မင်းတွေ့လား.. နာမည်သိချင်ရင် ခဏနေ
လူရှင်းရင်လာခဲ့... အခုတော့ မင်းသုတ်တော့.. အာရုံနောက်တယ်ကွာ"

ကောင်လေးတွေကလည်း ဒီလိုမျိုး အပူကပ်ကြတယ်။ ဘာပဲ ပြောပြော အဲ့ဒီနေ့က ကျွန်တော် လန်ဒန်တွေ၊ အအေးတွေ အပြင် အနောက်ဝိုင်းအတွက်ပါ ရိက္ခာတွေ ရသွားတယ်။ အနောက်ဝိုင်း ဆိုတာက ၀ပ်ရှော့ရဲ့ နောက်ဘက်မှာ ကြိတ်ပုန်း ကစ်ကြတဲ့ ၀ိုင်းလေးကို ပြောတာပါ။ ဆရာ၊ ဆရာမတွေ လုံးဝမသိအောင် အရက်ကို ပျော့ပျော့စပ်ပြီး စပါကလင်တို့ လီမွန်နံ့တို့ရောလိုက်တယ်။ ပြီးရင်ဆရာတွေစားဖို့ချက်တဲ့ ဟင်းကျန်တွေနဲ့ မြည်းကြတဲ့ ၀ိုင်းလေးပေါ့။ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်တော့ အလုပ်မခံဘူး။ အားလုံးကို နိုင်သလောက်သာ သောက်ခိုင်းပါတယ်။ မနိုင်လို့ ကွဲတော့လည်း ၀ပ်ရှော့နောက်ကတိုက်ပျက်လေးထဲ သွားသိပ်ထားလိုက်တယ်။ ခန်းမထဲတော့ လုံးဝ မ၀င်ခိုင်းတော့ပါဘူး။

ကဒ်ပြားတွေ ဝေတဲ့ ကိစ္စတွေပြီးတော့ ကျွန်တော်လည်း အနောက်ဝိုင်းကို သွားသတင်းပို့လိုက်ပါတယ်။ တကယ်တော့အနောက်ဝိုင်းဆိုတာကလည်း ကန့်လန့်ကာ နောက်က စီမံနေတာနဲ့ တူပါတယ်။ Oragnizer ယောကျာင်္းလေးတွေ အကုန်လုံးနဲ့ ပြဿနာ မဖြစ်လောက်ဘူးထင်တဲ့ ကလေးတွေကို ခေါ်တိုက်နေတဲ့နေရာပေါ့..။ ကျွန်တော်ဝင်လာတာ မြင်တော့..

"ဟာ ဖားကြီး မင်းကဟိုမှာနေလေကွာ.. ပွဲစတော့မယ် မဟုတ်လား...။ announcer ကောင်မလေးတွေရော အဆင့် သင့်ဖြစ်ပြီလား"
"ဖြစ်ပါပြီကွာ.. သူတို့ဘာသာ သူတို့လုပ်တတ်ပါတယ်.."
"ဟာ.. မင်းကသိပ်မသောက်နဲ့ လေကွာ.. သီချင်းလည်းဆိုဦးမယ် မဟုတ်လား... ပြီးတော့ လိုရင်လည်း
တစ်ယောက်တစ်လှည့် စင်ပေါ်တက်ပြီး announcer ၀င်လုပ်ပေးဦးလေကွာ"
"အေးပါ.. ငါသိပါတယ်.. နည်းနည်းလေး ရဲဆေးတင်တာပါ"

ဒီလိုအကြောင်းပြလိုက်တော့ ဘာမှတော့ မပြောကြတော့။ ဟုတ်တော့လည်း ဟုတ်တယ်။ ဒီလို announcer လုပ်တယ်ဆိုတာ မျက်နှာလည်းပြောင်ရဲဦးမှ။ အတည်ကြီးလုပ်လို့မရသလို၊ မလိုအပ်သေးဘဲလည်း ဟာသ ပေါပေါတွေမပြောရ..။စင်အောက်ကလူတွေက ကိုယ့်ကို သွပ်ချောင်ချောင်လို့ထင်သွားနိုင်တယ်...။ ပြောရရင် ပေါရဲ၊ ပြောင်ရဲမှ ဖြစ်မယ့်ကိစ္စ။ ဒီလိုကိစ္စမျိုးဆိုတော့ အစကတည်းက ပေါတောတော၊ ပြောင်တောင်တောင် (မျက်နှာ) နေရဲတဲ့ ကျွန်တော့်ကို ၀ိုင်းမကြတယ်။

"ဟေ့ကောင်တွေ ငါသီချင်းဆိုရင် နည်းနည်းပွဲစည်အောင် မင်းတို့ပန်းတွေဘာတွေ တက်ပေးပါလားကွ"
"အင်း... လုပ်ရမှာပေါ့"

ပန်းတွေ ဆိုတာက ဒီလိုပါ ..။ ကျွန်တော်တို့က သီတင်းကျွတ်ရင်လုပ်မယ့် ဆရာကန်တော့ပွဲအတွက် ရန်ပုံငွေ အနေနဲ့ နှင်းဆီပန်းတွေကို အနီရောင်ပါကင်အိတ်လေးတွေနဲ့ ထုတ်ပြီး တစ်ပွင့် ငါးရာ နဲ့ရောင်းပါတယ်။ ပေးချင်တဲ့သူက ၀ယ်ပြီးပေးပေါ့..။ ဒါပေမယ့် ကျွန်တော်တို့ တွေက စီစဉ်သူတွေဆိုတော့ နှင်းဆီ သုံးလေးပွင့် လောက်တော့ ကျွန်တော့်အတွက် ချန်ထားဟု ကျွန်တော်ကပြောလိုက်တာပါ..။ သူတို့ကလည်း အတည်ပင်..

"အေးပါ... ဒါမှ မင်း ပိုမိုက်သွားတာပေါ့..။ လက်ခုပ်သံလည်း မပူနဲ့ဟေ့ကောင် ငါတို့ တီးတာနဲ့တင်
တော်တော်ကျယ်နေပြီ"
"မင်းတို့နားထောင်လိုက်ပါဦး.. ငါ့သီချင်းကို မင်းတို့တီးချင်စိတ်ကို ပေါက်လာမှာပါ..."

ကျွန်တော်ကလည်း အကြောမခံ ပြန်ပြောလိုက်တယ်..။

အဲ့ဒါနဲ့ ကျွန်တော် ခန်းမထဲဝင်ပြီး announcer ၀င်လုပ်လိုက် အနောက်ဝိုင်းကို သွားလိုက်နဲ့ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နေတော့တယ်..။ ရှေ့မှာ မအားရင်လည်း သူငယ်ချင်းတွေက ချစ်ဖို့ကောင်းပါတယ်... ဟေ့ကောင် ဖားကြီး ကလေးတွေပြီးရင် မင်းဆိုရမှာ နည်းနည်းကစ်ချင်ကစ်လိုက်ဆိုပြီး အရောင်မရှိတဲ့ စပါကလင်နဲ့ အရောင်မရှိတဲ့ ဘီအီး လေးတွေ ကျွတ်ကျွတ်အိတ်ထဲ ထည့်ပြီး ပိုက်လေးတပ်လို့ လာလာပို့ပေး ရှာတယ်..။ ဒါကို မြင်ရတဲ့ ဆရာမတွေနဲ့ ကျောင်းသူလေးတွေကတော့ ဒီကောင်တွေဘာလဲဟ အအေးသောက် ပြီးတာနဲ့ မရမ်းပြားလေးစုပ်လိုက် ပြန်သောက်လိုက်နဲ့ ဆိုပြီး အံသြနေကြမှာ ကျိန်းသေတယ်။ ဒါပေမယ့် ဘာမှတော့ စပ်စပ်စုစု မေးမနေကြပါဘူး..။ ကျွန်တော်တို့ကလည်း သောက်ပြီး ပွဲပျက်ခဲ့တယ်လို့ အခုထိကို မရှိခဲ့တာပါ ။ ရုပ်ပျက်ဆင်းပျက်နဲ့ ဌာန သိက္ခာကျအောင်လည်း ဘယ်တော့ မှ မလုပ်ခဲ့ကြဘူးလေ..။

နည်းနည်းလေး ရီဝေလာတော့ ကျွန်တော်လည်း သီချင်းဆိုရမှာကို မေ့လာပြီး သူများတွေဆိုတာ အားပေးရင်း ပျော်လာပါတယ်။ နှင်းဆီပန်းတွေကလည်း ကောင်လေးတွေကသာမက၊ ကောင်မလေးတွေကပါ ၀ယ်ပြီး သူတို့ သူငယ်ချင်းတွေသဘောကျတဲ့ သူတွေကို တက်ပေးကြတော့ အားလုံးပွဲကျနေကြတာပေါ့။ ရှေ့တန်းကို ရိက္ခာမလာ လို့ ကျွန်တော်လည်းနောက်တန်းကို လိုက်သွားပြီး ကစ်နေတုန်း ကျွန်တော့်နာမည်ကို မိုက်နဲ့ ကြေငြာတာ ကြားရပါတယ်။

"အခု ဆိုမယ့်သူကတော့ B.Tech second က ကျွန်တော်တို့ သူငယ်ချင်း ဖားကြီး ဖြစ်ပါတယ်"

သိတဲ့ လူတွေရော မသိတဲ့သူတွေရော လက်ခုပ်တီးကြလို့ ထင်ပါတယ် အသံကျယ်ကြီးကြားလိုက်ရတယ်။ ကျွန်တော်တို့ ပွဲတွေက ဘယ်သူပဲ ဆိုဆိုလက်ခုပ်သံက မြိုင်ပြီးသား..။ အသံမကောင်းလည်း ကိစ္စမရှိ နာမည် ကြီးတဲ့ သီချင်းဆို အားလုံး ကလိုက်ဆိုကြတော့ ကိုယ့်အသံတောင် မြုပ်မြုပ်သွားတတ်တယ်။ ကျွန်တော့်အလှည့် ဆိုတော့ သူငယ်ချင်းတစ်ယောက်က လာပြောတယ်။ ကျွန်တော်လည်း နာမည်ကြားကတည်းက ငါ့ကိုတော့ ခေါ်နေပြီဟဆိုပြီး ထွက်လာတော့ ချက်ချင်းဆိုသလို စင်ပေါ်ရောက်သွားတယ်။

ပြီးတော့ ကျွန်တော်ဆိုမယ့်တီးလုံးစီဒီ ခွေကိုပေး၊ မိုက်ကရိုဖုန်းကို ကိုင်ပြီး ဟန်ပါပါနဲ့ ဆိုပါတော့တယ်..။ ပြောရဦးမယ်အဲ့ဒီတုန်းက ကျွန်တော်တို့က အပေါ်အဖြူ၊ အောက်က အပြာပုဆိုးကို ၀တ်နေရပြီဗျ..။ အဲ့ဒီတော့ fresher welcome လည်း uniform ပဲဝတ်ရမယ်ဆိုတော့ ဟစ်ဟော့သီချင်းကို ဆိုတဲ့ ကျွန်တော်က ပုဆိုးအပြာ ကြီးနဲ့ ဖြစ်နေတော့တာပေါ့။ စဉ်းစား သာကြည့်ပေတော့ ကျွန်တော့်စတိုင်ကို..။ ဒါပေမယ့် ဆင်တူတာတော့ ရှိတယ်ဗျ ။ တစ်ချို့ rapper တွေ သီချင်းဆိုရင် ဘောင်းဘီခွလေး ကိုင်ကိုင်ပြီးဆိုသလို ကျွန်တော်လည်း ပုဆိုးစလေး ကိုင်ကိုင်ဆိုတော့တာပေါ့..။ သီချင်းကတော့ fresher လေးတွေရောက်လာတာကို အပြောင်အပြက် ဆိုထားတဲ့ သီချင်းပါ..။ မိန်းကလေးတွေကိုလည်း အကူအညီလိုရင် ပြော၊ ယောကျာင်္းလေးတွေကိုလည်း ဒီကျောင်းမှာ ဆောင်ရန် ရှောင်ရန်တွေပြောပြတဲ့ သီချင်း..။

ဆိုနေရင်းနဲ့ ဟိုကောင် တွေကို သတိထားမိတော့ စင်ပေါ်ကို တစ်ယောက်တက်လာပြီး ပန်းတစ်ပွင့်လာပေး သွားပါတယ်။ ကောင်မလေး တစ်ယောက်ယောက်က သူ့ကိုယ်စားပေးခိုင်းတဲ့သဘောပေါ့..။:)

ပန်းမှ တစ်ကယ့်ကို ပန်းကြီးပါ ။ နှင်းဆီပွင့် မဟုတ်ပဲ ဂန္ဓာမာ ပန်းကြီးဖြစ်နေတာပဲ နည်းနည်းထူးဆန်းတာ ။ ဒီကောင်တွေဘယ်က ရလာတာလဲဟ ။ ပန်းကတော့ နည်းနည်းနွမ်းနေပြီလို့ သီချင်းဆိုရင်း မသိစိတ်က မှတ်ချက်ချလိုက်ပါတယ်။ ပြီးတော့ တစ်ယောက်ပြီး တစ်ယောက်လာပြီး အဲ့ဒီပန်းမျိုးတွေပဲ တက်ပေးပါတယ်။ အောင်မယ်.. ကိုင်ပုံကလဲ ကဗျာဆန်ဆန်လေး ပန်းပွင့်ရဲ့အောက်ခြေ အရိုးထိပ်ကနေ ကိုင်ပြီးတော့ကိုပေးတာ..။ အတန်းထဲက သူငယ်ချင်းကောင်မလေး တွေကိုလည်း စင်ပေါ်တက်ပြီး ပေးခိုင်းပါတယ်။လေးခေါက် ငါးခေါက် လောက်ပေးပြီးတော့ ဂန္ဓမာပန်းတွေတင် မဟုတ် တော့ပဲ စိန်ခြယ်တွေပါ ပါလာတယ်။ ဘာပဲ ဖြစ်ဖြစ်စင်ပေါ် တက်ပေးနေတာ ဆိုတော့ အကုန်ယူလိုက်ပါတယ်။ စင်အောက်က ကျောင်းသူ၊ ကျောင်းသားတွေကလည်း ကျွန်တော့် သီချင်းကို သဘောကျပြီး လက်ခုပ်တီးလိုက်ရယ်လိုက် ဖြစ်နေကြတာကိုး။ ပန်းတွေလာပေးရင်သာ ကိုင်ရတာစိုစီစိုစီ ဖြစ်နေတာ..။ သီချင်းကိုပဲ ကြိုက်တာလား... ဂန္ဓမာ တွေ စိန်ခြယ်တွေနဲ့ ပုဆိုးကြီးဝတ်ပြီး ဟစ်ဟော့မြူးမြူးဆိုနေတဲ့ ကျွန်တော့်ကိုပဲ ရယ်ချင်ကြတာလားမသိဘူး.. ကျွန်တော်ဆိုတဲ့ အတွက်ပွဲကတော့ တော်တော်စည်သွားတယ်လို့ ပြောကြပါတယ်။ အများစုက ကောင်လေး၊ကောင်မလေးတွေ ကြွေအောင် အချစ် သီချင်းအေးအေလေးလေး တွေ ဆိုတဲ့အချိန်မှာ ကျွန်တော်က ပေါက်တီးပေါက်ချာ ပြောင်စပ်စပ်ဆိုပြလိုက်လို့လဲ ဆိုင်မယ်ထင်ပါတယ်။

သီချင်းဆိုပြီးလို့ စင်ပေါ်က ဆင်းတာနဲ့ ဟိုကောင်တွေကို သွားမေးပါတော့တယ်..။

"ဟေ့ကောင်တွေ မင်းတို့ပန်းတွေက ဟုတ်တော့မဟုတ်သေးဘူးကွ ... နှင်းဆီပန်းတွေက
ဘယ်ရောက်သွားလို့လဲ"
"နှင်းဆီပန်းတွေက မင်းရှေ့က ဆိုသွားတဲ့ သူတွေကို ပေးဖို့ဝယ်သွားတာ ကုန်သွားတယ်လေ"
"အေး ... အဲ့ဒါနဲ့ ဒီပန်းတွေက ဘယ်ကရလာတာလဲ.."
"ငါတို့လည်း မင်းကပွဲစည်မှ ကြိုက်တယ်ဆိုတာနဲ့ မဖြစ်ဖြစ်အောင်ကြံလိုက်တာပေါ့"
"အင်း... လုပ်ပါဦး မင်းတို့အကြံကို"
"ဘုရားပန်းအိုးကနေ စွန့်လာတာကွ"
"အင်.. "
"မအင်နဲ့ ငါတို့မှာ ဌာနမှူး ရုံးခန်းထဲက ဘုရားပန်းအိုးတွေရော.. ကျောင်းခန်းတွေထဲက
ဘုရားပန်းအိုးတွေထဲကရော အလတ်ဆုံးလို့ထင်ရတဲ့ ပန်းတွေစွန့်လာရတာကွ"
"အေး .. အဲ့ဒါကြောင့် ကိုင်လိုက်ရင် စိုစိစိဖြစ်နေတာ"
"ဟဲ.. ဟဲ ညှီလဲညှီနေပြီ"

ကျွန်တော်လက်ကို နမ်းကြည့်လိုက်တယ်။ ဟုတ်ပါရဲ့ ကျွန်တော့်လက်လည်း တော်တော်ကိုညှီနေပြီ။

"သြော် ဒါကြောင့်မင်းတို့က ပန်းပွင့်အခြေကနေ ကိုင်ကိုင်ပေးကြတာပေါ့"
"အေးလေ... ဟဲ.. ဟဲ..ဟဲ.. ဟား ဟား ဟား"
"မိုက်တယ်ကွာ ငါလည်းတော်တော်စတိုင်မိသွားမှာပေါ့..။"

ကျွန်တော်လည်း ဒီကောင်တွေပေါက်ကရာလုပ်တာကို စိတ်မဆိုးတဲ့အပြင် တော်တော်ပျော်သွားပါတယ်။ တတ်လည်း တတ်နိုင်တဲ့ကောင်တွေ..။ ဒါတောင် သူတို့က ထပ်ပြောလိုက်သေးတယ်..။

"သပြေပန်းတွေ ရှိသေးတယ်ကွ.. မင်းသီချင်းပြီးတာ စောသွားလို့ နို့မို့အဲ့ဒါတွေပါ ထပ်ပေးတယ်"
"အေး.. ကောင်းတယ်ကွာ.. အဲ့လိုသာ ပေးမယ်ဆိုရင်တော့.. ဆရာမတွေအဆောင်က နတ်အုန်း ဗောင်းတော်ပါ
စွန့်ပြီး ငါ့ကိုချည်ပေးလိုက်ကြ.. ငါလည်း ဟစ်ဟော့ beat နဲ့ တစ်ခါတည်း နတ်ကနားပါပေးလိုက်မယ်.."
"အေးကွာ... အဲ့ဒီ့အကြံကို ငါတို့မေ့သွားတယ်.. မင်းရုပ်ကလည်း နတ်ကတော်မာမီတွေနဲ့ တူတော့ တော်တော်
လူကြိုက်များကြမှာ..."
"ခွေးကောင်တွေ... မင်းတို့လုပ်လိုက်ရင်တော့ ပေါက်ကရာတွေချည်းပဲ.. ဟား...ဟား..."

"ဟား...ဟား...ဟား"

အဲ့ဒီနေ့က ရယ်သံတွေခန်းမထဲမှာ ပြည်လျှံပြီး fresher welcome ပွဲ အောင်အောင်မြင်မြင်ပြီးသွားပါတယ်။ ကျွန်တော့်လက်က ပန်းတွေရဲ့ ညှီနံ့ကတော့ ညနေထိတောင် မပျောက်သေး..။ ဘုရားပန်းအိုးက ပန်းတွေကို မြင်တိုင်း ကျွန်တော့်လက်က ပန်းညှီနံ့တွေကို သတိရမိနေတယ်။ ညှီတော့ညှီတယ် ဒါပေမယ့် ဘုရားပန်းအိုးက စွန့်လိုက်လို့လား မသိဘူး .... သန့်စင်နေတယ်လို့ ထင်တယ်။ အခုတော့ အရာရာ ဟာ အတိတ်မှာ စနစ်တကျပဲ ကျန်ရစ်ခဲ့တယ်..။ ညှီနံ့အသစ်တွေရှိမှန်းလည်း ကျွန်တော်သိလာခဲ့တယ်..။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်း တွေ ပေးခဲ့တဲ့ ပန်းပွင့်က ညှီနံ့တွေလောက် တော့ ဖြူစင်သန့်ရှင်းမူ့ လုံးဝမရှိတော့။

သြော်...ကျောင်းသားဘ၀တုန်းက နေ ကလည်းဒီလောက်မပူသေးတာကိုး..။

Cyclone shelter နှင့် နားထောင်ခဲ့သော စာတမ်းဖတ်ပွဲ

17 January 2009

မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းရဲ့ နှစ်ပတ်လည်အသင်းသားစုံညီပွဲ နဲ့ စာတမ်းများဖတ်ပွဲကို ၈ ရက်နေ့နဲ့
၉ရက်နေ့ ဇန်န၀ါရီ ၂၀၀၉ မှာကျင်းပခဲ့ပါတယ်။ အားအားယားယားဖြစ်နေတဲ့ ကျွန်တော်မောင်ဖားကြီးလည်း အခြေအနေ အခွင့်အရေး ရှိနေတုန်းအချိန်မို့ စာတမ်းတော်တော်များများကို သွားရောက်နားထောင် ဖြစ်ခဲ့ပါတယ်။ စာတမ်းတော်တော်များများကတော့ ပြီးခဲ့တဲ့ ၂၀၀၈ မှာ အထူးခြားဆုံးဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းနဲ့ သဘာဝဘေးအန္တာရာယ် တွေအကြောင်းကို တင်ပြဖတ်ကြားသွားခဲ့ကြတာပါ။ ဒီစာတမ်းဖတ်ပွဲမှာ ကျွန်တော်ပိုမိုသိလာတဲ့ အကြောင်းကတော့ Cyclone Shelter လို့ ခေါ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကျရင် လူတွေခေတ္တသွားရောက် နေနိုင်တဲ့ စခန်းရိပ်သာတွေအကြောင်းပါ..။ သိပြီးတဲ့သူတွေလည်း သိပြီးဖြစ်ပေမယ့် ကျွန်တော့်လိုပဲ သိပ်မသိသေးတဲ့ တစ်ယောက်တစ်လေများရှိမလားဆိုပြီး ၀င်လျှာရှည်တယ်လို့ပဲ သဘောထားကြပါကုန်....။

Cyclone Shelter နဲ့ပတ်သတ်လို့ အဓိကဟောပြောသွားသူကတော့ YTU က ဒေါက်တာဥာဏ်မြင့်ကျော်ပါ ...။ သူက Design Concept of Cyclone Shelter ဆိုတဲ့ စာတမ်းကိုတင်သွင်းဖတ်ကြားသွားပါတယ်...။ အများသိတဲ့ အတိုင်းပဲမနှစ်က နာဂစ်မုန်တိုင်း ၀င်မွှေတော့ သေဆုံးတဲ့သူတွေက အစိုးရထုတ်ပြန်ချက်အရ ၁၄၀ ၀၀၀ ကျော်ပါတယ်။ဒီလိုသောက်သောက်လဲ သေကြပြီဆိုတော့ သင်ခန်းစာတွေလည်း ရသင့်သလောက် ရလာကြာပြီပေါ့။ ဒီတော့ နောက် တစ်ခါဖြစ်ရင် လူတွေဒီလိုမျိုး အဓိပ္ပါယ်မဲ့ မသေရအောင် ဘာတွေပြင်ဆင် သင့်လည်းဆိုပြီး ၀ိုင်းစဉ်းစားလာပါတယ်...။ ဒီနေရာမှာ အဓိပ္ပါယ်မဲ့ သေရတယ်ဆိုတဲ့ စကားရပ်ကို ကျွန်တော် သုံးလိုက်ရတာက အကြောင်းရှိပါတယ်။

နာဂစ်မုန်တိုင်း တိုက်ပြီးတော့ အဓိကသေရတဲ့အကြောင်းက မုန်တိုင်းဒီရေတိုးလာလို့ သေရတယ်ဆိုတာ အားလုံးသိကြပါတယ်။ မိုး/ဇလ ကဦးထွန်းလွင်ကလည်း MES ဥက္ကဌ ရဲ့ဖိတ်ကြားချက်နဲ့ ပထမနေ့က သူ့စာတမ်းကို လာဖတ်သွားတော့ ဒီလိုပြောသွားပါတယ်..။ သူတို့အနေနဲ့ ဒီလိုဖြစ်လာနိုင်တာကို သိပါတယ်တဲ့.... ဒါပေမယ့် အဲ့ဒီအချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ ဘာလုပ်ရမှန်းကို မသိတာတဲ့...။ Early Warning အားနည်း တာကြောင့်လို့လည်း သူကဆက်လက်ဝန်ခံသွားပါတယ်...။ ကြိုတင်သတိပေးချက်တွေ ရှိခဲ့ပေမယ့် ဘယ်အထိအကျိုးသက်ရောက်မူ့ရှိသလဲ ဆိုတာတော့ပြောကြားသွားခြင်းမရှိခဲ့ဘူးထင်ပါတယ်..။

ပြီးတော့ မြစ်ဝကျွန်းပေါ်ရဲ့ သဘောသဘာဝကိုလည်း ဦးထွန်းလွင်က ဆက်လက်ရှင်းလင်းပြပါတယ်။ မြစ်ဝကျွန်းပေါ်မှာက ပင်လယ်ထွက်ပေါက်မြစ်တွေက များတော့ မုန်တိုင်းဒီရေ ဟာမြစ်ကြောင်းတွေက တဆင့်ကုန်းတွင်းပိုင်းကိုဆောင့်ဝင်လာပြီးတော့ ကမ်းရိုးတန်းနဲ့ မိုင်နှစ်ဆယ်၊သုံးဆယ် အကွာလောက်လည်း ရောက်ရော ကုန်းတွင်းရေတိမ်နဲ့တွေ့ပြီး အရမ်းမြင့်တဲ့လှိုင်းတွေအဖြစ်နဲ့ ကုန်းတွင်းပိုင်းကို တိုးဝင်ပါတော့ တယ် .. ။ ဒီမှာတင် ရေတက်ချက်ကပေ ၂၀ လောက်ရှိလာပြီး လူတွေသောက်သောက်လဲ သေကြပါတော့တယ်..။ တဖြည်းဖြည်းတက်လာတာ မဟုတ်ပါဘူး..။ အချိန်တိုအတွင်းမှာတင် တိုးပြီးတက်လာတာပါ..။ အရင်တုန်းက လည်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒီထက်မကတဲ့ကိန်းဂဏန်းတွေ အသေအပျောက်ရှိခဲ့ဖူးပေမယ့် ခုလိုသတင်းနဲ့နည်းပညာ ခေတ်ကြီးထဲမှာ ဖြစ်သွားတာကြောင့်ရင်ထုမနာ ဖြစ်ကြရပါတယ်။ နောက်ပြီးတော့ ၂၄ နာရီအတွင်းမှာ တယ်လီဖုန်းတွေ၊ အင်တာနက်တွေ နဲ့အဆက်အသွယ် ပြတ်သွားတာလည်း နောင်ဆိုမဖြစ်သင့်ကြောင်း မိုး/ဇလ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာထွန်းလွင် ကပဲပြောကြားသွားခဲ့ပါတယ်။

Cyclone Shelter အကြောင်းပြန်ဆက်ပါမယ်။ မုန်တိုင်းတွေကျရောက်ရင် လူတွေအရေးပေါ် သွားရောက်နေထိုင် ရမယ့် နေရာတွေပါ ။ သာမန်အချိန်မှာ စာသင်ကျောင်း၊ ဆေးခန်း၊ ကျေးရွာ အုပ်ချုပ်ရေးကောင်စီ ရုံးတွေအဖြစ်အသုံးပြုပြီး၊မုန်တိုင်းကာလ မှာ လူတွေခိုနားတဲ့ နေရာအဖြစ်အသုံးပြုလို့ရတဲ့ အဆောက်အဦးအမြင့်ကြီးတွေပေါ့..။ လူတစ်ရာအတွက် ငါးရာအတွက်၊ ဆိုပြီး အသီးသီး ဒီဇိုင်းလုပ်ထားတဲ့ အဆောက်အဦးကြီးတွေဖြစ်ပါတယ်။ အိမ်နီးချင်း ဘင်္ဂါလားဒေ့ရှ် ကတော့ လူငါးသိန်းလောက် သေခဲ့တဲ့ မုန်တိုင်းကြီးခံခဲ့ဖူးတော့ နိုင်ငံအ၀န်းမှာ Cyclone Shelter ပေါင်း ၄၀၀၀ ကျော် ၅၀၀၀ နီးပါးရှိပါတယ်။ ကျွန်တော်တို့ဒီမှာတော့ ကနဦးအနေနဲ့ အစိုးရက ၁၈ လုံးဆောက်ဖို့လမ်းညွှန်ထားပါတယ်။
အခု ဇန်န၀ါရီလ အလယ်ရောက်နေပါပြီ...။ ဦးထွန်းလွင်ကတော့ ဧပြီ ၁၅ ရက်နေ့ကနေ မေ ၁၅ ရက်ထိကို မိုးလေ၀သ သတင်းကို ဂရုစိုက်ပြီးနားထောင်ကြပါလို့ အဲ့ဒီနေ့ကပဲ ပြောကြားသွားပါတယ်...။ နောက်မဖြစ်နိုင် ဘူးလို့ ဘယ်သူမှအာမခံမပြောနိုင်ပါဘူးတဲ့...။ သြော်... Cyclone Shelter တွေက အခုမှ စလုံး ရေစ နေတုန်း...။

Cyclone Shelter မှာ အရေးပေါ်အခြေအနေအတွက် အစားအစာ၊ရေ၊ ဆေးဝါး တွေပြည့်စုံရပါမယ်။ လူအများကြီးက ခိုနားကြမှာဆိုတော့ ရေအိမ်စနစ်၊ လေ၀င်လေထွက် စနစ်တွေကလည်း ကောင်းမွန် လုံလောက်ရပါမယ်။ ဒီနေရာမှာ လူတစ်ရာ၊ လူငါးရာ အတွက်ဆိုတဲ့ ဒီဇိုင်းကိစ္စနဲ့ ပတ်သတ်ပြီး အထက်လူကြီး တွေနဲ့ ဆရာနဲ့ ငြင်းနေရတုန်းဆိုတာကိုလည်း ရှင်းပြသွားပါတယ်။ လူကြီးတစ်ချို့က လူငါးရာ ဆိုရင် သာမာန်အခြေအနေမှာ ကျောင်းသားငါးရာ ဆန့်ကျောင်းဆောင်တို့ဘာတို့ တွေးနေပေမယ့် ဆရာတို့ ဆိုလိုတာက အရေးပေါ်အခြေအနေအတွက်ပါ ။ အရေးပေါ်အခြေ အနေမှာလည်း လူငါးရာ ဆိုပေမယ့် ပြည့်သွားပြီ ဆိုပြီး နှင်လွှတ်လို့ရတာမဟုတ်ပါဘူး။ အဲ့ဒါကိုပဲ တစ်ချို့တွေက Maximum ၅၀၀ ဆိုတာနဲ့ သာမာန်အခြေအနေ လူငါးရာ ဆန့်အဆောင်ကြီးလို့တွေးတတ်ကြတယ်လို့ ဆရာက ပြောကြား သွားပါတယ်။

ဒီဇိုင်းအယူအဆနဲ့ ပတ်သတ်ရင် အဓိကကျဆုံးအချက်က ကြိုတင်သတိပေးစနစ်နဲ့ ဆက်သွယ်ရေး စနစ်တို့ပဲဖြစ်ကြပါတယ်။ Cyclone Shelter တစ်ခုဟာ ပြည့်စုံလုံလောက်တဲ့ကြိုတင်သတိပေးစနစ်ရှိနေရပြီး လူထုကလည်း ဒီစနစ်နဲ့အကျွမ်းတ၀င်ရှိနေရပါမယ်။ ဒီအတွက်လည်း နားလည်အောင်လို့ လူထုကို ပညာပေးသင့်တယ်လို့ စာတမ်းရှင်တွေနဲ့ လာရောက်နားထောင်သူများ အားလုံးက မှတ်ချက်ချကြပါတယ်။ ဟုတ်ပါတယ်... တကယ်လို့ ဒီစနစ်တွေ၊ ဒီအကြောင်းတွေဟာ လူထုဆီကိုသေသေချာချာ မရောက်ခဲ့ရင် ဒီစာတမ်းတွေဟာ စာတမ်းတွေအဖြစ်နဲ့ပဲ စည်းဝေးခန်းမထဲမှာ ကျန်နေတော့မှာကိုး။ ဒီတော့ လူထုကို ပညာပေးရေး ဟာလည်း အရေးကြီးပါတယ်။ ဘာတွေကို ပညာပေးရမလဲဆိုတာကတော့ တာဝန်ရှိ လူကြီးမင်းများပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။

လူထုပညာပေးရေး နဲ့ပတ်သတ်ပြီး YTU ဘူမိဗေဒဌာနက ဦးကျော်ထွန်းကလည်း သူ့စာတမ်းမှာ ပြောကြားသွားပါတယ်။ သီရိလကာင်္က ကလေးတစ်ယောက်ဟာပင်လယ်ရေ ရုတ်တရက်ကျသွားတာကို သတိထားမိတဲ့အတွက် သူ့မိသားစုကိုခေါ်ပြေးတာ သေဘေးကလွတ်မြောက်ခဲ့ပါတယ်တဲ့။ မြန်မာနိုင်ငံမှာတော့ မြေကြီးထဲက ရေတွေစိမ့်ထွက်နေတာကို သတိမထားပဲနေကြတော့ Landslide ဖြစ်ပြီး ရွာလုံးကျွတ်တွေ မြေပြို ပျောက်ကွယ်ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒါမျိုး သတင်းတွေက ခေတ်အခြေအနေရဲ့ပေါ်လစီကြောင့်ပဲလားမသိဘူး သတင်းစာတွေဘာတွေထဲမှာ အရေးတယူဖေါ်ပြခြင်းမရှိခဲ့ ဘူးလို့ ဆရာကသူ့ရဲ့ Landslide Hazards Mitigation Measures in Myanmar စာတမ်းမှာ စကားဦးအဖြစ် ပြောကြားသွားပါတယ်။ ကျွန်တော်တို့ ဆီမှာက ဒီလိုမျိုး လူထုပညာပေးရေးအစီအစဉ်တွေ တော်တော်အားနည်း နေတယ်ထင်ပါတယ်။

ဆရာ ဥာဏ်မြင့်ကျော် တို့ကတော့ တွက်သင့်တာတွေကို တွက်ချက်ပြီး နောက်ထပ်ဒီလိုအဖြစ်ဆိုးမျိုးမဖြစ်အောင်
Cyclone Shelter တွေကို ဒီဇိုင်းလုပ်နေပါပြီ။ ဒီဇိုင်းပြိုင်ပွဲတွေလည်း လုပ်ပြီး MES ကနေ Cyclone Shelter တွေကိုအတည်ပြုလက်ခံပေးနေပါတယ်။ ဆရာပြောသလိုပဲ အဆောက်အဦးတွေက တစ်နှစ်၊ နှစ်နှစ်ဆို ယိုယွင်းသွားတဲ့ ကိစ္စကိုလည်း တာဝန်ရှိသူတွေက စီစစ်သင့်ပါတယ်။ ကန်ထရိုက်ရတဲ့ ကုမ္ပဏီတွေကပဲ ခိုတာလား၊ နောက်ပိုင်းထိန်းသိမ်းမူ့ပဲ ညံ့သလားဆိုတာတော့ လုပ်နေတဲ့သူတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ စာတမ်းတွေကို ပညာရှင်တွေ အသိုင်းအ၀ိုင်းထဲမှာပဲ ငြင်းခုံဆွေးနွေးနေစရာ တစ်ခုမဖြစ်စေချင်ပါဘူး ။ အဲ့ဒါကြောင့် ခင်ဗျားမှာ မြန်မာပြည်က ဆွေမျိုးမိတ်ဆွေတွေရှိရင် တစ်ဆင့်စကား တစ်ဆင့် ပြောလိုက်ပါ။ Cyclone Shelter ကတော့ ၁၈ လုံးဆောက်ဆောက်နေပြီလို့ လိုတာကတော့ ၄၀၀၀ ကျော် လောက်ရှိမယ်။ ဦးထွန်းလွင်ကလည်း ဧပြီ ၁၅ ကနေ မေ ၁၅ အတွင်းနဲ့ ပြီးတော့ အောက်တိုဘာ လဆန်းကနေ နိုဝင်ဘာလဆန်းကိုတော့ သတိထားပါလို့ပြောသွားလေတယ်။ ဒီတော့ Cyclone Shelter တွေ
မပြီးသေးရင်လည်း ကိုယ့်ဘာသာ ကိုယ်ကာကွယ်နိုင်အောင် လုပ်ထားဖို့လိုမယ် ထင်တယ်..။ သြော်နောက်ပြီး
နောက်နှစ်ဆယ်လောက်ရောက်ရင် မြန်မာပြည်ဟာ ငလျင်ဒါဏ်ခံရနိုင်ကြောင်းလည်း သူကပြောသွားလေရဲ့..။ ကြိုတင်ပြင်ဆင်မူ့တွေ လုပ်ထားသင့်မသင့်တော့ ကိုယ်တိုင်ပဲ စဉ်းစားကြပါတော့ဗျာ...။

အာဟာရ ပြတ်နေတဲ့ လူငယ်

13 January 2009


အာဟာရ ပြတ်နေတဲ့ လူငယ်တစ်ယောက် ဒီကမ္ဘာပေါ်မှာရှိပါတယ်။ သူအိမ်ပြန်လာတဲ့အချိန်တိုင်း သူဟာ မောပန်း နွမ်းနယ်လာပြီး နှစ်ပေါင်းများစွာ ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းလာရသလိုခံစားမိတယ် ။ သူ့ရင်ထဲမှာ တစ်စုံတစ်ရာ စိတ်ပျက်ခြင်းတွေနဲ့ ပြည့်လျှံနေပါတယ် ။ အမျိုးအမည်မရှိတဲ့ နာဖျားခြင်းတွေကသူ့တစ်ကိုယ်လုံး ကိုလွှမ်းခြုံထားတယ်လို့ သူခံစားမိတယ်။ သူ့မျက်လုံးတွေက အနီရောင်ပေါက်နေပြီလား...။ ဒါဆို သူသိပ်ပင်ပန်း
လွန်းလို့ပေါ့...။ ဘာမှမလုပ်နိုင်ပဲနဲ့ စိတ်ဓါတ်တွေ အာဟာရငတ်မွတ်နေတာ အချိန်ဘယ်လောက်ကြာခဲ့ပြီလဲ။ လမ်းမတွေဟာ တကယ်တော့ ရှည်လျားလွန်းလှပါတယ်။ လောကကြီးအကြောင်း နားမလည်ပဲ မသိခြင်း အမှောင်တိုက်ကို တိုးဝင်ခဲ့တာလည်း တကယ်တော့ နှစ်တွေကြာလှပြီပဲ...။

ညရောက်ပြီလား....။ အာဟာရ ပြတ်နေတဲ့ လူငယ်ဟာညကိုလည်း မုန်းတီးနေတယ်..။ ငွေကြေးတတ်နိုင်သူ
တွေက ၀ယ်ယူသွားတဲ့ညကို လူငယ်ဟာ မနာလိုဖြစ်မိတယ်။ အရင်တုန်းကတော့ ညဟာ နီယွန်နဲ့ မာကျူရီ
မီးရောင်တွေ အောက်မှာယိမ်းထိုးလှပခဲ့ဖူးတယ်။ ဒါဏ်ရာတွေကို ရပြီးနောက်ပိုင်းမှာတော့ ညဟာနေရောင် ကိုဝါးမြိုပစ်လိုက်တယ်လို့ သူခံစားမိလာတယ်...။ တကယ်တော့ နေရောင်ဟာ ညဆီကို စနစ်တကျ ပျော်ဝင်သွားတာပါ။ သူအိမ်ပြန်ချိန်ဆို မျှော်လင့်ချက်ဆိုတဲ့ အရာတွေက ၀င်သွားတဲ့ နေမင်းနဲ့အတူ ပါသွားလို့လေ ။ မနက်ဖြန်ဆိုရင် နေထွက်မှာပါလို့ ဆိုကြပေမယ့် သူ့အတွက်တော့ ဒီတစ်ညကုန်ဆုံးသွားတဲ့ နောက်တစ်မနက်ဟာလည်း အသက်တစ်ရက် ပိုကြီးသွားတာက လွဲလို့ဘာမှ မထူးခြားလာခဲ့ပါဘူး...။

အာဟာရပြတ်နေတဲ့ လူငယ်ဟာ လူတွေပြောနေကြတဲ့ ဗီတာမင်တွေ ငတ်မွတ်နေတာ မဟုတ်ပါဘူး။ သူဟာ စိတ်အဟာရတွေ ငတ်မွတ်နေရှာတာပါ။ သူဟာ သူ့ကိုယ်သူလည်း အထင်ကြီးနေလေရဲ့...။ ထူးအိမ်သင်ရဲ့ အမေ့ရဲ့ဒုက္ခအိုးလေးဟာသူ့အကြောင်းနဲ့ တိုက်ဆိုင်လွန်းလှချည်ရဲ့လို့လည်း သူတစ်ခါတစ်လေ တွေးမိတယ်။ ယုံကြည်ရာ ဆိုတာ ဈေးကွက်တင်ရောင်းလို့ မရတဲ့ ပစ္စည်းတစ်ခုမဟုတ်မှန်းတော့ သူယုံကြည်ထားတယ်။ သူ့မှာ ဦးထုတ်အနက်ရောင်တစ်လုံးလည်းရှိတယ်။ ဦးထုတ် အနက်ရောင်ဟာ နေရောင်ခြည်ကသာမကဘူး လူတွေရဲ့ အပြုံးတွေကပါ ကာကွယ်နိုင်တယ်လို့ သူယုံကြည်ထားတယ် ။ ဟန်ဆောင်ပြီးပြုံးပြတဲ့ မျက်နှာ တွေကို ပြန်ပြုံးပြ ရမှာထက် ဦးထုတ်အနက်ရောင် တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး မမြင်ချင်ယောင် ဆောင်လိုက်ရတာက သူ့အတွက် ပိုအဆင်ပြေတယ်လို့လည်း သူ........ ဒီနေ့အထိ ယုံကြည်ထားတုန်းပဲ။

သင်မြင်တတ်မည့် ဆိုပါက အာဟာရပြတ်နေတဲ့ လူငယ်ရဲ့ ကျောပိုးအိတ်အနက်ရောင်ထဲမှာ အောက်ပါတို့ကို မြင်နိုင်ပါတယ် ။

၁ ။ စိတ်ပျက်ခြင်း
၂ ။ စိတ်ဓါတ်ကျခြင်း
၃ ။ စိတ်အားငယ်ခြင်း
၎ ။ စိတ်ဓါတ်မခိုင်မာခြင်း
၅ ။ စိတ်ညစ်ခြင်း
၆ ။ စိတ်.............
၇ ။ စိတ် .........

အာဟာရပြတ်နေတဲ့ လူငယ်ရဲ့ စိတ်တွေဟာ အခုလောလောဆယ်တော့ သုံးမရအောင် ပျက်စီးနေတယ်။ ဒါဟာ ကိုယ်တိုင်ကြောင့်လား ပတ်ဝန်းကျင်ကြောင့်လား ဆိုတာ ဘယ်သူပြောနိုင်ပါသလဲ။ လူတစ်ယောက် ပျက်စီးခြင်း ဆိုးခြင်း၊ကောင်းခြင်းတွေဟာ ပတ်ဝန်းကျင်ကြောင့်လား ဗီဇကြောင့်လားဆိုပြီး သိပ္ပံပညာရှင်များ ငြင်းလို့ကောင်းနေဆဲပါ ။ အာဟာရပြတ်နေတဲ့ လူငယ်ကတော့ သူတို့ငြင်းလို့ ကောင်းနေဆဲမှာပဲ စနစ်တကျကို ယိုယွင်းနေပါတယ်။

သင်မမြင်တတ်ဘူး ဆိုပါကလည်း ကျောပိုးအိတ်အနက်ရောင်ထဲမှာ အောက်ပါပစ္စည်းတို့ကို မြင်နိုင်ပါတယ် ။

၁ ။ အသုံးမ၀င်တော့တဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်
၂ ။ တွန့်ကြေနေတဲ့ ပီကေဗူးခွံတစ်ခု
၃ ။ မင်ကုန်နေပေမယ့် မလွှတ်ပစ်ရသေးတဲ့ တစ်ခါသုံးဘောလ်ပင်
၎ ။ လူဖြစ်ကြောင်း သက်သေခံကဒ်ပြားတစ်ခု
၅ ။ မကြည့်ဖြစ်လိုက်တဲ့ ရုပ်ရှင်လက်မှတ်တစ်စောင်
၆ ။ ခေါက်ရိုးကျိုးနေတဲ့ အပေါစားမာနများ
၇ ။ .............................................

အဟာရပြတ် နေတဲ့လူငယ်မှာ ပိုင်ဆိုင်တာဆိုလို့ ဘာမှမရှိဘူး ။ သူဟာ မွေးလာကတည်းက သူ့အသက် ကိုတောင် မပိုင်ဆိုင်ခဲ့ဘူး ။ တကယ်တော့ ဒီလိုရှုတ်ထွေးတဲ့ မြို့ပြမှာနေထိုင်တဲ့ သူ့အတွက် သေဆုံးလိုက်ဖို့ နည်းလမ်းတွေကလည်း အများသား မဟုတ်လား ။ သူ့အသက်ကိုမှ မဟုတ်ပါဘူး ။ သူ့စိတ်တွေကိုတောင် ဇီဝိန်ခြွေဖို့ ဖြစ်လာပြီကိုး။ ဒီတော့ သူဟာ အာဟာရပြတ်ပြီး သေဆုံးလိုက်ဖို့ အသင့်ဖြစ်လာပါတော့တယ်...။ အာဟာရပြတ် နေတဲ့လူငယ်တစ်ယောက်ကို သင်တွေ့ခဲ့ရင် သူအလိုချင်ဆုံး သို့မဟုတ် အဖြစ်ချင်ဆုံး ဆန္ဒဟာ ဘာလဲလို့ မေးကြည့်လိုက်ပါ ။ သူလိုချင်တာဟာ ဘာလဲဆိုတာ စိတ်ဝင်စားမိပါရဲ့ ...။ မာကျူရီမီးတွေ လင်းပြီး ရီဝေကခုန်နေတဲ့ ညမဟုတ်ဘူးလို့တော့ ကျိန်ပြောရဲပါတယ်.......။

သူဟာ တကယ်တော့ စိတ်အာဟာရတွေကိုပဲ ငတ်မွတ်နေတာပါ....။

မော်ဒန် ရီနေဆွန်းလူသား မောင်ဖားကြီး

4 January 2009



ရောင်စုံမီးရောင်များ ဖြိုးဖြိုးဖျက်ဖျက် အောက်တွင် ပွဲတော်က စည်ကားသိုက်မြိုက်ကာ ဆူညံလွန်းလှသည်။ ပွဲတော် ကျင်းပရာစင်မြင့်ထက်တွင်တော့ turntable ခေါ် Dj စက်များနှင့် ကျွန်တော် အလုပ်ရှုတ်နေသည်။ ကျွန်တော်သည် ပရိတ်သတ်များကိုဖျော်ဖြေတင်ဆက်နေခြင်း ဖြစ်သည်။ နေရာကတော့ ကမ္ဘာ့ခေတ်ပေါ် ယဉ်ကျေးမူ့များ အများဆုံးစတင်ပေါ်ပေါက်ရာ အမေရိကန်နိုင်ငံတွင်ဖြစ်သည်။ ပရိတ်သတ်များက ကျွန်တော် ဖန်တီးသမျှ ဂီတများကို အလွန်အကျွံပင်နှစ်ခြိုက်ကာ ခုန်ပေါက်ရူးမူးနေကြသည်။ကျွန်တော်က မိုက်ကရိုဖုန်းမှ တဆင့် ပရိတ်သတ်ကို တိုင်ပေးလိုက်သည်။
"People....... If you like this music star, say Dj Phar"
"Dj Phar... Dj Phar"

လူလေးသောင်းလောက်ရှိသော အသံများက ဂီတပွဲအတွင်း ဆူညံသွားသည်။ ဘုန်းကြီးရူးနှင့် လှေလူး တွေ့တယ်ပဲပြောပြော ပရိတ်သတ်နှင့် ကျွန်တော်မှာ အလွန်ပင် သဟဇာတ ဖြစ်နေလေသည်။ ကျွန်တော် ကလည်း ကြုံတုန်းကြုံခိုက် မြန်မာ့ဂီတကို ကမ္ဘာကို ပြချင်သော သဘောဖြင့် Dj သားစိုး မေ့ကျန်ခဲ့သော တွံတေးသိန်းတန် သီချင်းများ၊ တွံတေးစိုးအောင် သီချင်းများ သာမက ယိုးဒယား ပတ်ပျိုးများကိုပါ Dj remix လုပ်ပြလိုက်လေရာ ပရိတ်သတ်များမှာ အကြိုက်တွေ့မဆုံးဖြစ်အောင်ပင် Dj Phar...Dj Phar ဟု ကျွန်တော့်နာမည်ကိုဟစ်အော်ကာ ကခုန်နေကြလေသည်။

ထိုအချိန်တွင် ကျွန်တော့်အဖွဲ့မှ ၀န်ထမ်းတစ်ယောက် စင်ပေါ်သို့တက်လာကာ ကျွန်တော့်ကို အရေးတကြီးလာပြောလေသည်။

"ဆရာ... နယူးယောက်က ဖုန်းလာတယ်။ မနက်ဖြန် ဆရာ အရေးတကြီး ခရီးထွက်စရာရှိတယ်... ဖြစ်နိုင်ရင် ဂီတပွဲကို စောစောသိမ်းလိုက်ပါတဲ့.....။ "

( ကျွန်တော့် ၀န်ထမ်းသည် အင်္ဂလိပ်လူမျိုးတစ်ယောက်ပင် ဖြစ်သောကြောင့် ကျွန်တော်တို့သည် နိုင်ငံတကာ သုံးအင်္ဂလိပ်စကားပင် ပြောနေကြသော်လည်း စာဖတ်သူများ မျက်စိမနှောက်စေခြင်းငှာ မြန်မာဘာသာဖြင့်သာ တင်ပြပါမည်..ရှေ့ဆက်၍လည်း တိုင်းတစ်ပါးသားများနှင့် ပြောသောစကားမှာ အင်္ဂလိပ်ဘာသာဖြင့်သာ ပြောသည်ဟု မှတ်ယူပါလေကုန်... ဒန်တန့်တန် ......။ ဤကား...စကားချပ်)

သူလာပြောသော စကားကြောင့် ကျွန်တော်သည် ချက်ခြင်းသဘောပေါက်သွားသည်။ ဒါဆိုရင် ဟိုအဖိုးကြီး ဘန်ကီမွန်းပဲဖြစ်ရမည်။ ဘယ်ဒေသကို ကျွန်တော့်ကိုလွှတ်ဦးမည် မသိသေး။ ထို့ကြောင့် ပရိတ်သတ်ကို...

"ခင်ဗျားတို့ကို ကျွန်တော်ဖျော်ဖြေနေတာ အခုဆိုရင် တော်တော်များနေပါပြီ... ဒီတော့ ကျွန်တော်နောက်ဆုံးတစ်ပုဒ် လုပ်ပြမယ် အကုန်လုံး လိုက်ကကြမယ်မဟုတ်လား"

"ဟား....ဟေး ......"

အသံများ အစုံထွက်လာသည်။ သတ်မှတ်ထားသော အချိန်က စေ့နေပြီဖြစ်သော်လည်း တစ်ခါတစ်လေတွင် ကျွန်တော်သည်ပရိတ်သတ်က ပွဲတောင်းလွန်းသောကြောင့် နာရီဝက်၊ တစ်နာရီမျှ ပိုမိုအချိန်ယူကာ ဖျော်ဖြေရသည်။ သို့သော် ဒီနေ့ပွဲကတော့ မနက်ဖြန် ခရီးထွက်စရာ ရှိသည် စောစောနားပါ ဟုတောင်းပန် လာသောကြောင့် ရပ်လိုက်ရခြင်းဖြစ်သည်။ နောက်ဆုံးတစ်ပုဒ်အနေနှင့် စိန်ခြူးကြာညောင် သီချင်းအား remix လုပ်ထားသည့် သီချင်းနှင့် ဖြေဖျော်ကာ ရုပ်သိမ်းလိုက်လေသည်။

ပွဲပြီးသည်နှင့် ကားနှင့်ပြန်ရန် စိတ်ကူးထားသော်လည်း စောစောနားချင်သောကြောင့် ကျွန်တော့် ကိုယ်ပိုင် ရဟတ်ယာဉ်ကိုသာလှမ်းခေါ်ကာ အိမ်ပြန်ခဲ့သည်။ ရဟတ်ယာဉ်စီးရသည်မှာ ဇိမ်မကျလှသော်လည်း လိုရာခရီးတော့ မြန်မြန်ရောက်သည်။သို့သော် လောင်စာဆီရှားပါးလာသောကြောင့် ဒီရဟတ်ယာဉ်ကိုလည်း CNG ပြောင်းရဦးမည်။ ကိုယ်က မီလျံနာဆိုပေမယ့်အလကား ထိုင်ဖြုန်းနေ၍ မဖြစ်...။ ဒီတစ်ခေါက် မြန်မာပြည်ပြန်ဖြစ်ရင်တော့ ကျွန်တော်ပိုင်သမျှ ရဟတ်ယာဉ်တွေ CNGပြောင်းပစ် ရမည်ဟု စိတ်ကူးမိသည်။ ကြက်ဆူတွေ Bio ဒီဇယ်ထွက်ရင်တော့ ဒီရဟတ်ယာဉ်တွေကိုပါ Bio ဒီဇယ်နှင့် မောင်းနိုင်အောင် တီထွင်ကြပါဟု ကမ္ဘာ့မီဒီယာများမှ တဆင့်လှုံ့ဆော်ပေးရဦးမည်...။ ကျွန်တော့် အလုပ်တာဝန်တွေက တကယ်ကို
များလွန်းသည်။ ဒီညကတော့ ပင်ပန်းလွန်းသောကြောင့် အိမ်ရောက်ရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ရဦးမည်။

x x x x x x x x x x x x x x x x ။ x x x x x x x x x x x x x x x x x x x


အိမ်သို့ရောက်သည်နှင့် ရေနွေးနွေးလေးဖြင့် စိမ်ချိုးကာ စကော့ခ်ျဝီစကီတစ်ခွက်ကို ချလိုက်သည်။ ကျွန်တော့်စားဖိုမှုးသည်မြန်မာစာ၊ တရုတ်စာ၊ ဥရောပစာ၊ အာရှစာ စသည်ဖြင့် အစုံချက်ပြုတ်တတ်သူဖြစ်သည်။ ဒီနေ့တော့ ကျွန်တော်ကြိုက်သောဝက်သားမွှကြော်နှင့် ချဉ်ပေါင်ဟင်းကို ပြင်ဆင်ပေးထားသည်။ အမေရိကန် တွင် နေရစဉ်တွင်လည်း ကျွန်တော်သည် သူတို့အစားအစာ များထက် နှစ်ပေါင်းများစွာ စားသုံးလာသော ကိုယ့်အစားအစာကိုသာ နှစ်သက်လေသည်။

ညစာ စာပြီးနောက် အိမ်ရှေ့ဝရံတာတွင် ထွက်ထိုင်ကာ မအိပ်ခင် ထမင်းလုံးစီရင်း ကျွန်တော့်ဘ၀ အကြောင်းကို ထိုင်တွေးမိလေသည်။ကျွန်တော်သည် ကျွန်တော်ရိုက်ချင်သော ရုပ်ရှင်ကားဟူ၍ မိမိဘလော့ဂ် တွင်ရေးလိုက်ရာ မြန်မာစာဖတ်တတ်သော ဥရောပတိုက်သားမှ ကျွန်တော့် ပို့စ်ကိုတွေ့သားပြီး သူ၏ ဘလော့ဂ်တွင် ဖေါ်ပြရာမှ ကျွန်တော့်အကြောင်းကို ဟောလီးဝုဒ်မှ ရုပ်ရှင်ထုတ်လုပ် သူများက သိသွား ကြလေသည်။ ထို့ကြောင့် ကျွန်တော့်အကြောင်းကို စုံစမ်းပြီးနောက် အမေရိကန်သို့ခေါ်ကာ ဒီလောက်တောင်
ဆန္ဒပြင်းပြနေရင် ဒီကားကို ဦးဆောင်ရိုက်ကူးမလားဟု မေးလေသည်။ ကျွန်တော်ကလည်း မိမိမှာ အနုပညာဆန္ဒများသာ ပြင်းပြသော်လည်းနည်းပညာပိုင်းတွင် မကျွမ်းကျင်ပါသေးဟု ဆိုသဖြင့် သူတို့သည် ကျွန်တော့်အား ရုပ်ရှင်ဒါရိုက်တာများဖြစ်သော ပိုလန်စကီးတို့၊စတီဗင်စပီးဘတ် စသူတို့ထံတွင် သင်ကြား စေလေသည်။ သူတို့ထံတွင် ခဏမျှသင်ကြားပြီးနောက် ကျွန်တော်သည် အနုပညာအရရော ငွေကြေးအရပါ အလွန်အောင်မြင်မည့် ကျန်စစ်သား ဆိုသော ဇာတ်ကားကြီးအား ရိုက်ကူးလေတော့သည်။ ( ဤနေရာ
တွင် ခဏမျှသင်ရုံဖြင့် ဒါရိုက်တာဖြစ်သည်ကို မဖြစ်နိုင်ဟု သံသယမဖြစ်စေလိုပါ။ မြန်မာပြည်တွင် မည်သည့်နေရာတွင်မှ သင်ကြားခြင်းမရှိပဲ အနုပညာစွမ်းရည်ပြည့်ဝ နေကြသော လူငယ်ဒါရိုက်တာလေးများ ရှိသည်ကို သတိချပ်စေလိုပါသည်။ )

ဇာတ်ကားမှာ မြန်မာဇာတ်ကားဖြစ်သောကြောင့် မြန်မာသရုပ်ဆောင်များထဲမှ မင်းသား၊ မင်းသမီးသစ်များကို သုံးရာတွင်မင်းသမီးများမှာ အဆင်ပြေမူ့ရှိသော်လည်း ၊ အဓိက မင်းသားနေရာတွင် သရုပ်ဆောင်ရန်အတွက်မူ စိတ်တိုင်းမကျသဖြင့်ဆက်လက်ရှာဖွေလေရာ အစမ်းသရုပ်ပြရာတွင် တော်လွန်းသော ကျွန်တော့်ကိုသာ မင်းသားလုပ်ပါတော့ဟု ရုပ်ရှင်ထုတ်လုပ်သူများက အကြံပြုလာသဖြင့် ကျွန်တော်သည် မင်းသားနေရာက သရုပ်ဆောင်ရလေတော့သည်။ သို့သော် ကျွန်တော်သည်ရှေ့ကလူများ ရိုက်ကူးခဲ့သော ပုဂံဇာတ်လမ်း ရုပ်ရှင်များမှ သင်ခန်းစာယူကာ မယားလှည့်ပတ်ယူနေသော ကားမဖြစ်စေရန် ဇာတ်ညွှန်းကို သေချာခွဲလေရာ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ မင်းသား ဖားကြီး ရိုက်သော ကျန်စစ်သားဇာတ်ကား ကြီးမှာ နိုင်ငံတကာ ဆုကြီးများကို ဆွတ်ခူးနိုင်ခဲ့လေတော့သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်ခဲ့သောကြောင့် ကျွန်တော်သည်လည်း မီဒီယာများထက်တွင် နေရာရကာ ကမ္ဘာကျော်တစ်ယောက်ဖြစ်တော့လေသည်။ ထိုမျှသာမကသေး ကျွန်တော်သည် hip-hop သီချင်းနှင့် Dj လုပ်ရခြင်းကိုလည်း ၀ါသနာပါသည်ဟုအင်တာဗျူးတစ်ခုတွင် ဖြေမိရာမှ Dj တစ်ယောက်လည်း ဖြစ်လာလေသည်။ Eminem၊ 50 Cent အစရှိသော နာမည်ကြီး rapperများသည်လည်း ကျွန်တော်နှင့် တွဲဖက်ကာ ဂီတဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ကြသည်။ နာမည်ကြီးလာသော ကျွန်တော့်အားကုလသမဂ္ဂမှလည်း သတိပြုမိကာ ကုလသမဂ္ဂငြိမ်းချမ်းရေး အထူးသံအဖြစ်ခန့်အပ်လိုက်လေသည်။ ထိုရာထူးအားလက်ခံပြီးနောက် ကျွန်တော်သည် ကိုယ်ပိုင်အားလပ်ချိန်များအား ငြိမ်းချမ်းရေး ခရီးစဉ်များ၊ ရန်ပုံငွေပွဲများအတွက် ပေးအပ် လိုက်ပါသည်။ ထိုအတွက်လည်းကျွန်တော်ပျော်ပါသည်။ တစ်ခါကလည်း ရောဂါသည်များ ရန်ပုံငွေ အတွက် ကမ္ဘာ့လက်ရွေးစင် ဘောလုံးအသင်းနှင့်ကျွန်တော်တို့ ကုလသံတမန်များအသင်း နာမည်ကျော် နူးကမ့် အားကစားကွင်းကြီးတွင် ချစ်ကြည်ရေးဘောလုံးကန်ကြလေသည်။

လီဗာပူးအသင်း နည်းပြ ဟူလီယာမှ လာကြည့်ပြီးနောက် ကျွန်တော်သည် လီဗာပူးအသင်းအား အားပေး သူဖြစ်သူဟု သိသွားသောအခါ ထိုနေ့က ကစားခဲ့သော ကျွန်တော့်ခြေကို အလွန်သဘော ကျသောကြောင့် ကျွန်တော်သာ ဆန္ဒရှိပါက သူ့အသင်းတွင်လာရောက်ကစားကာ အင်္ဂလန်ဘောလုံးလောကတွင် ကျင်လည်ပါဟု လာရောက်ကမ်းလှမ်းလေသည်။ ကျွန်တော်တို့ နိုင်ငံအသင်းမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ အဆင့် သတ်မှတ်ချက်အရ ကျွန်တော့်အနေနှင့် ၀င်ကစားခွင့်မရှိသော်လည်း အမေရိကန်နိုင်ငံသား အဖြစ်ဖြင့် ၀င်ကစားမည် ဆိုပါက ဖြစ်နိုင်မည်ဟုဆိုသော်လည်း ကျွန်တော်သည် ကိုယ့်နိုင်ငံအသင်း မည်သို့ပင်ဖြစ်ပါစေ
ဆဲကာမှ ဆဲမည် ထိုကဲ့သို့တော့ သစ္စာမဖေါက်ဟု စိတ်ကို ဆုံးဖြတ်လိုက်လေသည်။ထို့ကြောင့် ကျွန်တော်မှာ တစ်ခြား အနုပညာ အလုပ်များနှင့် မအားမလပ်အောင် ရှိနေပါသဖြင့် သူ့ကမ်းလှမ်းချက်ကို လက်မခံ နိုင်သည်မှာ စိတ်မကောင်းဖြစ်မိပါကြောင်း အားနာနာနှင့်ငြင်းခဲ့ရလေသည်။

ထို့အပြင် ကျွန်တော့်ဘလော့ဂ်မှ ၀တ္တုတိုများအားလည်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကြပြီး နာမည်ကျော် စာအုပ်တိုက်များမှ ထုတ်ဝေခဲ့သဖြင့် ကျွန်တော်သည် ဆိုင်းဘုတ်ချိတ်စရာမလိုပဲ နာမည်ကြီးသထက် ကြီးလာလေတော့သည်။

ထို့ကြောင့် ကျွန်တော်သည် အကျိုးပေးထူးသော ကံကြမ္မာကို ဆန်းကြယ်လှပေတကားဟု အထင်ကြီး အတွေးပေါက်မိလေတော့သည်။ ကျွန်တော်သည် စာရေးဆရာ၊ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ မင်းသား၊ တေးရေး၊ အဆိုတော်၊ Dj Phar ဖြစ်နေပေပြီ..။ ဒါတောင် ဘောလုံးကန်ရတာ ပင်ပန်းလွန်း၍ ငြင်းပယ်ခဲ့ခြင်းကြောင့်
ဖြစ်သည်။

ပြန်စဉ်းစားနေရတာလည်း ကြာသွားပြီဖြစ်သည်။ မနက်ရောက်လျင် စောစောထရပေဦးမည်။ ထို့ကြောင့်အတွေးကို ဖြတ်ပြီး ကျွန်တော်သည် အိပ်ယာဆီသို့လှမ်းခဲ့ပါတော့သည်။ အိပ်ယာမရောက်ခင် ပြတင်းပေါက်မှ အမှတ်တမဲ့ကြည့်လိုက်တော့ Hollywood ဆိုသော ဆိုင်းဘုတ်ကြီးကို နီယွန်မီးရောင်အောက်မှာ တွေ့လိုက်ရသည်။ ဒီမှာနေရသည်မှာလူနေမူ့ အဆင့်အတန်းမြင့်ပါပေသည်။ သို့သော် LA ကို ကျွန်တော် မြန်မာပြည်လောက်သဘောမကျ....။ မီးက အမြဲလာနေသဖြင့်တစ်ရေးနိုး အပြင်ဘက်ကြည့်လိုက်လည်း လင်းထိန်နေပေသည်။ ကိုယ့်ပြည်ကိုယ်မြေမှာတော့ ညရဲ့သဘာဝအလင်းရောင်ကို ခံစားနိုင်သဖြင့် ကိုယ့်မြေကိုသာ သတိရနေမိသည်။ ကဲ ကဲ..... အတွေးတွေကို တကယ်ဖြတ်ပြီး အိပ်လိုက်ဦးမှ...။

x x x x x x x x x x x x x x x x ။ x x x x x x x x x x x x x x x x x x x


"မစ္စတာ ဖား အရှေ့အလယ်ပိုင်းကို ချစ်ကြည်ရေး သံတမန်ကိစ္စနဲ့ သွားနိုင်မလား"

သာမန်အားဖြင့် ထိုကိစ္စသည် ရုံးမှ တာဝန်ရှိသူများနှင့် သာစီစဉ်လေ့ရှိသော်လည်း ကျွန်တော့်ကိုတော့ အတွင်းရေးမှူးချုပ်ကိုယ်တိုင်က လက်ခံစကားပြောနေရသည်။ အရှေ့အလယ်ပိုင်းကိုတော့  ကျွန်တော်ကြောက်သည် ။ ထိုနေရာက မီးသည်ဘယ်အချိန်မှ ငြိမ်းမည်ကို မည်သူမျှ မသိသေး... ။ ထို့ကြောင့်.

"အင်း...အဲ... ကျွန်တော်အရေးကြီး ကိစ္စလေးတွေက ရှိသေးတယ်"
"တစ်ခြား ကမ္ဘာကျော်တွေလည်း ပါမှာပါဗျာ"
"အို... ကျွန်တော် အခုတစ်လော အလုပ်တွေအရမ်းများနေတယ်ဗျာ..
တစ်ခြားလူတွေလည်း အများကြီးပါတာပဲ ကျွန်တော်မလိုက်လို့ မဖြစ်ဘူးလား"
"မလိုက်လို့လည်းရပါတယ် ခင်ဗျားတို့က စေတနာ့ ၀န်ထမ်းတွေပဲ... ဒါပေမယ့် ပါလက်စတိုင်းလူငယ်တွေက ခင်ဗျား ဖန်တီးတဲ့ တီးလုံးတွေ ဂီတတွေကို တော်တော်လေး ကြိုက်ကြတယ်ဗျ...ဂီတဟာ အရာရာကို ငြိမ်းချမ်း စေတယ် မဟုတ်လား"
"သူတို့ကြိုက်ရင်လည်း ကျွန်တော် စီဒီခွေ တစ်သောင်းလောက်ကို လက်မှတ်ထိုးပြီးထည့်ပေးလိုက်မယ်လေ။ လိုက်တော့ မလိုက်ချင်ဘူး"
"ဒါဆိုလည်း ခင်ဗျားသဘောပါပဲ။ ဂျက်စီကာအယ်ဘာ၊ အီမာဝပ်ဆန် နဲ့ ကျွန်တော်တို့ ကိုရီးယားက ဟာဂျီဝန်တို့ကတော့ ခင်ဗျားလိုက်မယ့် လေယာဉ်မှာ ပါမယ်ထင်တယ်"
ကျွန်တော်ရုတ်တရက် တွေဝေသွားသည်။ ထိုအချက်ကို ဘန်ကီမွန်းကလည်း ရိပ်မိသည်ထင်သည်။

"ခင်ဗျား မလိုက်ဘူးဆိုလည်း ခင်ဗျားအစား ထိုးဖို့ တစ်ယောက်ထည့်လိုက်လို့ ပြောလိုက်တော့မယ်.
ကျေးဇူးတင်ပါတယ် မစ္စတာဖား ကျွန်တော်လည်း တခြားဟာလေးတွေ လုပ်လိုက်ဦးပါမယ်"

"ဟာ... တကယ်တော့ ကျွန်တော့်အလုပ်တွေက ငြိမ်းချမ်းရေးခရီးစဉ်လောက်တော့ အရေးမကြီးဘူးထင်တာပဲ...မစ္စတာ ဘန်ကီမွန်းရယ် ။ ကျွန်တော့်ကိုစောင့်မျှော်နေတဲ့ သူတွေကို ကျွန်တော်မလေးမစားမလုပ်ချင်ဘူးဗျာ... ဒီတော့ ... ကဲ... ကဲ လိုက်မယ့်အထဲသာ ထည့်လိုက်ပါဗျာ...။ "
"အို... ခင်ဗျား မအားရင်လည်း မလိုက်ပါနဲ့ဗျာ.... "
"ဟား... ရပါတယ် ရပါတယ်... ကျွန်တော် ကျန်တဲ့အစီအစဉ်တွေ ဖျက်လိုက်မယ်... ငြိမ်းချမ်းရေး လောက်တော့ ဘယ်ဟာ က အရေးကြီးမလဲ နော"
ကျွန်တော် တကယ်လိုက်မည်ဟု အတည်ပြုပြီးတော့သူ့ရုံးခန်းထဲက ထွက်မယ်လုပ်တုန်း ကျွန်တော့်ကို
လှမ်းခေါ်လိုက်သည်။

"မစ္စတာဖား... ခဏဗျာ"
"ဟုတ်ကဲ့"
"ခင်ဗျား ဘလော့ဂ်မှာ ရေးထားတဲ့ ကမ္ဘာသစ်သီအိုရီကို ဟားဗတ်က ပါမောက္ခတွေ သီအိုရီတွေ
တွက်ထုတ်နေကြတယ်လို့ ကျွန်တော်ကြားတယ်... တစ်ယောက်ယောက် ဖေါ်ထုတ်နိုင်ရင်တော့
သူနဲ့ ခင်ဗျားနဲ့ ရူပဗေဒ နိုဘယ်လ ဆုကို အတူတူ ပူးတွဲယူရဦးမယ်ထင်တယ်ဗျ"
" ဟုတ်လား... အတည်ပြုနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ.. ကျွန်တော်က တွေးပဲတွေးတတ်တာ သီအိုရီ တွေဘာတွေတော့ သိပ်နားမလည်ဘူး၊ ဖြစ်နိုင်ခြေ ရောဘယ်လောက်ရှိလဲဗျ"
"အပုံ သန်းတစ်ရာ ပုံ တစ်ပုံလို့တော့ ကြားတာပဲ"

ဒီလောက်ဆိုမဆိုး ကျွန်တော့်ဂုဏ်သတင်းများကြားတွင် ရူပဗေဒနိုဘယ်လဆုရှင် ဟူသော နာမည်တစ်ခု
ပါထပ်တိုးလာနိုင်သည်။ ထိုသတင်းကြားပြီးနောက် ကျွန်တော်မြောက်ကြွမြောက်ကြွနှင့် ထွက်လာသည်။ ဆုရနိုင်မည် ဆိုသောကြောင့်မဟုတ်တန်ရာ... ကောင်မလေးများနှင့် ခရီးသွားရမည် ဖြစ်သောကြောင့်သာ
ဖြစ်နိုင်လေသည်။

x x x x x x x x x x x x x x x x ။ x x x x x x x x x x x x x x x x x x x


လေယာဉ်ပေါ်တွင်ဖြစ်သည်။ ကျွန်တော်သည် နာမည်ကျော်မင်းသမီး တစ်သိုက်နှင့် အဖွဲ့ကျနေလေသည်။ သူတို့က ကျွန်တော့် အနုပညာဖန်တီးမူ့များကိုအလွန်ပင်သဘောကျကြောင်း ဖြစ်နိုင်လျှင် ကျွန်တော်နှင့်ရုပ်ရှင်တစ်ကားလောက် တွဲရိုက်ချင်ကြောင်းပြောဆိုကြလေသည်။ကျွန်တော်သည် ထိုကဲ့သို့ မိန်းကလေးများသဘောကျစေရန် လုပ်ဆောင်ခဲ့ခြင်းမဟုတ်သော်လည်း သူတို့က ချီးကျူးပြော
ဆိုလာရာတွင် သာယာကြည်နှုးမိသည်ကတော့ အမှန်ဖြစ်သည်။

အရှေ့အလယ်ပိုင်းသို့ရောက်ပြီ...။ ကျွန်တော်တို့သည် နှစ်ရက်နေထိုင်ခဲ့ပြီးနောက်ဖျော်ဖြေမူ့များ ပြုလုပ်ခဲ့ကြသည်။ ထို့နောက်ကျွန်တော်က သူတို့အား အချိန်ရသေးလျှင် ကျွန်တော်တို့မြန်မာပြည်သို့ တစ်ရက်မျှလိုက်လည်ရန် ဖိတ်ကြားလေရာ သူတို့က လည်း ကျွန်တော်နှင့်အတူ ခရီးသွားရမည် ဆိုပါက ငရဲပြည်သို့ပင် လိုက်မည်ဟူသော မျက်နှာထားမျိုးနှင့် လွယ်လင့်တကူပင် လိုက်မည်ဟု ဆုံးဖြတ်ကြလေသည်။

သြော် ... မောင်ဖားကြီး... မောင်ဖားကြီး ယခုကြတော့လည်း ကံဇာတာများက အလွန် စန်းပွင့်လှ ပေသည်။ကျွန်တော်ငယ်စဉ် မြန်မာပြည်မှာ နေထိုင်စဉ်တုန်းက ကြောင်ခဲ့သော ကောင်မလေးများအား အခု အခြေအနေ ကို မြင်စေချင်လှသည်။ သူတို့နောင်တ ရကောင်းရနိုင်မည်ဟု ကျွန်တော်ထင်သည်။ မြန်မာ ပြည်သို့ အစ္စရေးလေဆိပ်မှ တစ်ဆင့် ဆက်လက်ထွက်ခွာလာရာ တစ်နေရာ အရောက်တွင် ကျွန်တော်တို့ နောက်မှ လေယာဉ်တစ်စင်းကပ်လိုက်လာကာ အထူးလေ့ကျင့်ထားသော အယ်ကေဒါ အကြမ်းဖက်အဖွဲ့မှန်း သူတို့လက်ထဲ ကျွန်တော်တို့ ပြန်ပေးဆွဲခံရသော အခါမှ သိရလေသည်။ ပျံသန်းနေသော လေယာဉ်ထဲသို့ သူတို့ဝင်ရောက်လာသည်မှာ ရုပ်ရှင်ကားများထဲကလိုပင်ဖြစ်သည်။

သူတို့စခန်းသို့ ကျွန်တော်တို့အား ခေါ်ဆောင်သွားပြီးနောက် ကမ္ဘာသို့ကြေငြာကာ သူတို့လိုချင်သည်များကို တောင်းဆိုတော့လေသည်။ သို့သော် စူပါ့ စူပါ ဟီးရိုးဖြစ်သော ကျွန်တော်သည် ကျွန်တော့်တစ်ဖွဲ့လုံးကို ပြန်လည်ကယ်တင်နိုင်ခဲ့သည် သာမက အယ်လကေဒါခေါင်းဆောင် ဘင်လာဒင်ကိုပင် လက်ရ ဖမ်းဆီးပေးနိုင်ခဲ့လေတော့သည်။ ( အသေးစိတ်ကို မရေးပြ နိုင်တော့ပါ။ စိတ်ကူးယဉ်ရသည်မှာ ပျင်းလာပြီဖြစ်သည်။ )ဂျိန်းစဘွန်းကားများ ကိုပင်မျက်စိထဲ မြင်ယောင်ကာ မှန်းကြည့်နိုင်ပါသည်။ ကျည်ဆံများ ဘယ်လောက်ပစ်ပစ်ကျွန်တော်လွတ်မြောက်ပါသည်။ ကံတရားကလည်း ကျွန်တော့်ဘက်မှာသာ အမြဲနေ လေသည်။ ကျွန်တော် ရုတ်တရက်စွန့်စားလိုက်သမျှလည်း အောင်မြင်သည်။

တစ်ရက်မျှ မြန်မာပြည်ကို အလည်ခေါ်သော်လည်း မထင်မှတ်ပဲ ဘင်လာဒင်တို့ လက်ထဲတွင် လေး၊ငါး ရက်လောက် နေခဲ့ရသဖြင့် ကောင်မလေးများလည်း ကျွန်တော်နှင့် အလည်မလိုက်နိုင်တော့ပါ။ သူတို့ကတော့ အခွင့်ရလျှင် တစ်ခေါက်တော့လာလည်ပါမည် ဟုပြောကြသည်။ တိတိကျကျ ပြောရလျှင် ကျွန်တော်နှင့် ဟန်းနီးမွန်းခရီးမျိုးဖြစ်သည်ဟု နောက်သလိုလိုနှင့် ရေလာမြောင်းပေး ပြောဆိုကြလေသည်။ သို့သော် မြန်မာလူမျိုးဖြစ်သော ကျွန်တော်သည် သူတို့ကို ကြိုက်သော်လည်း မချစ်နိုင်ပါ။ ကျွန်တော်ချစ်သည်မှာ မြန်မာမလေးပင် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် သူတို့မပါသော်လည်း အမိနိုင်ငံသို့သာ ပြန်လာပါတော့သည်။ အရာရာပြည့်စုံနေပြီဟု ထင်သော ကျွန်တော့်အားလည်း ကျွန်တော့်ယောက္မများက
ငြင်းစရာ မရှိတော့ဘူးဟုထင်သည်။ ဘယ်လိုပင်ဖြစ်ဖြစ် ကျွန်တော်လက်ထပ်မည့်သူမှာ မြန်မာမလေး တစ်ယောက်သာ ဖြစ်ပေတော့သည်။

x x x x x x x x x x x x x x x x ။ x x x x x x x x x x x x x x x x x x x

ကိုဟန်သစ်ငြိမ်တက်လိုက်တဲ့ စိတ်ကူးယဉ်ခြင်းဆိုတဲ့ ခေါင်းစဉ်ပါ။ ကျွန်တော်က ကိုဟန်သစ်ငြိမ် ကြိုက်တဲ့ ကာတွန်းရုပ်ရှင် shark taleထဲက ငါးလေးလိုပင် nobody ထက် somebody ဖြစ်ဖို့ပဲ စဉ်းစားနေသူဖြစ်သည်။ ထို့ကြောင့် ဤစိတ်ကူးယဉ်ခြင်း ဆိုသောခေါင်းစဉ်အား လူသောက်ညင်ကပ်လောက်အောင်ပင် ကမ္ဘာ့ ဒိတ်ဒိတ် ကျဲအဖြစ် စိတ်ကူးယဉ်ရေးသားလိုက်ပေသည်။တော်တော်များများလည်း ရေးပြီး ဖြစ်နေသောကြောင့် မည်သူ့ကိုမှ ဆက်လက် မ tag တော့ပါ ။