အာဟာရ ပြတ်နေတဲ့ လူငယ်

13 January 2009


အာဟာရ ပြတ်နေတဲ့ လူငယ်တစ်ယောက် ဒီကမ္ဘာပေါ်မှာရှိပါတယ်။ သူအိမ်ပြန်လာတဲ့အချိန်တိုင်း သူဟာ မောပန်း နွမ်းနယ်လာပြီး နှစ်ပေါင်းများစွာ ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းလာရသလိုခံစားမိတယ် ။ သူ့ရင်ထဲမှာ တစ်စုံတစ်ရာ စိတ်ပျက်ခြင်းတွေနဲ့ ပြည့်လျှံနေပါတယ် ။ အမျိုးအမည်မရှိတဲ့ နာဖျားခြင်းတွေကသူ့တစ်ကိုယ်လုံး ကိုလွှမ်းခြုံထားတယ်လို့ သူခံစားမိတယ်။ သူ့မျက်လုံးတွေက အနီရောင်ပေါက်နေပြီလား...။ ဒါဆို သူသိပ်ပင်ပန်း
လွန်းလို့ပေါ့...။ ဘာမှမလုပ်နိုင်ပဲနဲ့ စိတ်ဓါတ်တွေ အာဟာရငတ်မွတ်နေတာ အချိန်ဘယ်လောက်ကြာခဲ့ပြီလဲ။ လမ်းမတွေဟာ တကယ်တော့ ရှည်လျားလွန်းလှပါတယ်။ လောကကြီးအကြောင်း နားမလည်ပဲ မသိခြင်း အမှောင်တိုက်ကို တိုးဝင်ခဲ့တာလည်း တကယ်တော့ နှစ်တွေကြာလှပြီပဲ...။

ညရောက်ပြီလား....။ အာဟာရ ပြတ်နေတဲ့ လူငယ်ဟာညကိုလည်း မုန်းတီးနေတယ်..။ ငွေကြေးတတ်နိုင်သူ
တွေက ၀ယ်ယူသွားတဲ့ညကို လူငယ်ဟာ မနာလိုဖြစ်မိတယ်။ အရင်တုန်းကတော့ ညဟာ နီယွန်နဲ့ မာကျူရီ
မီးရောင်တွေ အောက်မှာယိမ်းထိုးလှပခဲ့ဖူးတယ်။ ဒါဏ်ရာတွေကို ရပြီးနောက်ပိုင်းမှာတော့ ညဟာနေရောင် ကိုဝါးမြိုပစ်လိုက်တယ်လို့ သူခံစားမိလာတယ်...။ တကယ်တော့ နေရောင်ဟာ ညဆီကို စနစ်တကျ ပျော်ဝင်သွားတာပါ။ သူအိမ်ပြန်ချိန်ဆို မျှော်လင့်ချက်ဆိုတဲ့ အရာတွေက ၀င်သွားတဲ့ နေမင်းနဲ့အတူ ပါသွားလို့လေ ။ မနက်ဖြန်ဆိုရင် နေထွက်မှာပါလို့ ဆိုကြပေမယ့် သူ့အတွက်တော့ ဒီတစ်ညကုန်ဆုံးသွားတဲ့ နောက်တစ်မနက်ဟာလည်း အသက်တစ်ရက် ပိုကြီးသွားတာက လွဲလို့ဘာမှ မထူးခြားလာခဲ့ပါဘူး...။

အာဟာရပြတ်နေတဲ့ လူငယ်ဟာ လူတွေပြောနေကြတဲ့ ဗီတာမင်တွေ ငတ်မွတ်နေတာ မဟုတ်ပါဘူး။ သူဟာ စိတ်အဟာရတွေ ငတ်မွတ်နေရှာတာပါ။ သူဟာ သူ့ကိုယ်သူလည်း အထင်ကြီးနေလေရဲ့...။ ထူးအိမ်သင်ရဲ့ အမေ့ရဲ့ဒုက္ခအိုးလေးဟာသူ့အကြောင်းနဲ့ တိုက်ဆိုင်လွန်းလှချည်ရဲ့လို့လည်း သူတစ်ခါတစ်လေ တွေးမိတယ်။ ယုံကြည်ရာ ဆိုတာ ဈေးကွက်တင်ရောင်းလို့ မရတဲ့ ပစ္စည်းတစ်ခုမဟုတ်မှန်းတော့ သူယုံကြည်ထားတယ်။ သူ့မှာ ဦးထုတ်အနက်ရောင်တစ်လုံးလည်းရှိတယ်။ ဦးထုတ် အနက်ရောင်ဟာ နေရောင်ခြည်ကသာမကဘူး လူတွေရဲ့ အပြုံးတွေကပါ ကာကွယ်နိုင်တယ်လို့ သူယုံကြည်ထားတယ် ။ ဟန်ဆောင်ပြီးပြုံးပြတဲ့ မျက်နှာ တွေကို ပြန်ပြုံးပြ ရမှာထက် ဦးထုတ်အနက်ရောင် တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး မမြင်ချင်ယောင် ဆောင်လိုက်ရတာက သူ့အတွက် ပိုအဆင်ပြေတယ်လို့လည်း သူ........ ဒီနေ့အထိ ယုံကြည်ထားတုန်းပဲ။

သင်မြင်တတ်မည့် ဆိုပါက အာဟာရပြတ်နေတဲ့ လူငယ်ရဲ့ ကျောပိုးအိတ်အနက်ရောင်ထဲမှာ အောက်ပါတို့ကို မြင်နိုင်ပါတယ် ။

၁ ။ စိတ်ပျက်ခြင်း
၂ ။ စိတ်ဓါတ်ကျခြင်း
၃ ။ စိတ်အားငယ်ခြင်း
၎ ။ စိတ်ဓါတ်မခိုင်မာခြင်း
၅ ။ စိတ်ညစ်ခြင်း
၆ ။ စိတ်.............
၇ ။ စိတ် .........

အာဟာရပြတ်နေတဲ့ လူငယ်ရဲ့ စိတ်တွေဟာ အခုလောလောဆယ်တော့ သုံးမရအောင် ပျက်စီးနေတယ်။ ဒါဟာ ကိုယ်တိုင်ကြောင့်လား ပတ်ဝန်းကျင်ကြောင့်လား ဆိုတာ ဘယ်သူပြောနိုင်ပါသလဲ။ လူတစ်ယောက် ပျက်စီးခြင်း ဆိုးခြင်း၊ကောင်းခြင်းတွေဟာ ပတ်ဝန်းကျင်ကြောင့်လား ဗီဇကြောင့်လားဆိုပြီး သိပ္ပံပညာရှင်များ ငြင်းလို့ကောင်းနေဆဲပါ ။ အာဟာရပြတ်နေတဲ့ လူငယ်ကတော့ သူတို့ငြင်းလို့ ကောင်းနေဆဲမှာပဲ စနစ်တကျကို ယိုယွင်းနေပါတယ်။

သင်မမြင်တတ်ဘူး ဆိုပါကလည်း ကျောပိုးအိတ်အနက်ရောင်ထဲမှာ အောက်ပါပစ္စည်းတို့ကို မြင်နိုင်ပါတယ် ။

၁ ။ အသုံးမ၀င်တော့တဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်
၂ ။ တွန့်ကြေနေတဲ့ ပီကေဗူးခွံတစ်ခု
၃ ။ မင်ကုန်နေပေမယ့် မလွှတ်ပစ်ရသေးတဲ့ တစ်ခါသုံးဘောလ်ပင်
၎ ။ လူဖြစ်ကြောင်း သက်သေခံကဒ်ပြားတစ်ခု
၅ ။ မကြည့်ဖြစ်လိုက်တဲ့ ရုပ်ရှင်လက်မှတ်တစ်စောင်
၆ ။ ခေါက်ရိုးကျိုးနေတဲ့ အပေါစားမာနများ
၇ ။ .............................................

အဟာရပြတ် နေတဲ့လူငယ်မှာ ပိုင်ဆိုင်တာဆိုလို့ ဘာမှမရှိဘူး ။ သူဟာ မွေးလာကတည်းက သူ့အသက် ကိုတောင် မပိုင်ဆိုင်ခဲ့ဘူး ။ တကယ်တော့ ဒီလိုရှုတ်ထွေးတဲ့ မြို့ပြမှာနေထိုင်တဲ့ သူ့အတွက် သေဆုံးလိုက်ဖို့ နည်းလမ်းတွေကလည်း အများသား မဟုတ်လား ။ သူ့အသက်ကိုမှ မဟုတ်ပါဘူး ။ သူ့စိတ်တွေကိုတောင် ဇီဝိန်ခြွေဖို့ ဖြစ်လာပြီကိုး။ ဒီတော့ သူဟာ အာဟာရပြတ်ပြီး သေဆုံးလိုက်ဖို့ အသင့်ဖြစ်လာပါတော့တယ်...။ အာဟာရပြတ် နေတဲ့လူငယ်တစ်ယောက်ကို သင်တွေ့ခဲ့ရင် သူအလိုချင်ဆုံး သို့မဟုတ် အဖြစ်ချင်ဆုံး ဆန္ဒဟာ ဘာလဲလို့ မေးကြည့်လိုက်ပါ ။ သူလိုချင်တာဟာ ဘာလဲဆိုတာ စိတ်ဝင်စားမိပါရဲ့ ...။ မာကျူရီမီးတွေ လင်းပြီး ရီဝေကခုန်နေတဲ့ ညမဟုတ်ဘူးလို့တော့ ကျိန်ပြောရဲပါတယ်.......။

သူဟာ တကယ်တော့ စိတ်အာဟာရတွေကိုပဲ ငတ်မွတ်နေတာပါ....။

8 ယောက် မှတ်ချက်ပေးခဲ့သည်:

ခေါင်ခေါင် said...

ငါတို့လည်း တစ်ခါတစ်ရံ စိတ်အဟာရတွေ ငတ်မွတ်ဖူးပါတယ်........

တောင်ပေါ်သား said...

လူသားတိုင်း လိုအပ်ချက်တွေ ရှိပါတယ်အကိုရေ။ သူတို့လိုအပ်နေတဲ့ စိတ်အဟာရလေးတွေ ပြည့်စုံနေရင် ကမ္ဘာကြီးက အကောင်းဖက်က ကြည့်ရင်သာယာနေမှာပါ.. ဒါပေမဲ့ အဆိုးကို စဉ်းစားမိရင်တော့.........


လေးစားလျက်
တောင်ပေါ်သား

Apprenticeship said...

အင်းကွာ... အာဟာရငတ်နေတဲ့ လူငယ်တွေ ဘယ်လောက်များ သေဆုံးသွားပြီလဲ။ တစ်ခါတစ်လေ ဒီအကြောင်းတွေးမိရင် အိပ်လို့တောင်မရဘူး။ အားမလျှော့နဲ့ကွားးးးး :(

Saing Khan Tun said...

သိပ်ဖတ်သင့်တဲ့ Post ပဲ

poemflower said...

လူတိုင်းမှာ ပြည့်စုံတယ်ဆိုတာမရှိပါဘူး ကိုဖားကြီး စိတ်အာဟာရရော ရုပ်အာဟာရရော လိုအပ်ချက်တွေရှိပါတယ် စိတ်အာဟာရလိုအပ်ချက်က ပိုဆိုးတယ်ဆိုတာသိပါတယ် ဒါပေမယ့် လက်ရှိရောက်နေတဲ့ နေရာလေးမျာ ကိုယ့်ရဲ့စိတ်အာဟာရ ကို အကောင်းဆုံးဖြေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်.

Anonymous said...

ကိုဖားကြီးရေ ဘာပြောရမှန်းမသိလို့ ဘာမှကို
မပြောတော့ဘူးဗျာ ဖတ်ရုံလေးဖတ်ပြီးစဉ်းစား
သွားတယ်ဗျာ

ဇင်ယော် said...

ကိုဖားကြီးရေ ဒီပို့ စ်လေးတော့ သဘောကျလွန်းလို့  ခွင့်မတောင်းပဲ အရင်ကူးယူသွားပြီဗျို.။ စိတ်အာဟာရတွေ ပြည့်ဝနိုင်ပါစေဗျာ။

Nyi Maung said...

ဖတ်လို့တော်တော်ကောင်းတယ်ဗျာ။ ဖတ်ရင်း ကျနော် ကိုယ်တိုင်လဲ တချိန်ကအဲလိုဖြစ်ခဲ့ဖူးတော့ ကိုယ့်ကိုကိုယ်မြင်ယောင်လာတယ်။