ဓါတ်ဆီရောင်းသူလေးများ

25 June 2009

ဖုန်းလာသည်ဆိုသောကြောင့် အိပ်ယာမှလူးလဲထကာ သွားနားထောင်တော့ ထင်သည့်အတိုင်းပင် အဖေဖြစ်နေသည်။ အချိန်ကို ကြည့်တော့ မနက်ရှစ်နာရီခွဲသာသာ ... ။ ၀န်ထမ်းတစ်ယောက်ဖြစ်သော အဖေသည် သင်္ကြန်တွင်းကြီးဖြစ်သော်လည်း မလွန်ဆန်နိုင်သော အကြောင်းတွေကြောင့် ဂေါက်ကွင်းမှာ stand by သွားနေရသည်။ ယခုလည်း တာဝန်ချိန်ပြီးသွားသောကြောင့် ကျွန်တော့်ကို လာကြိုခိုင်းတာ ဖြစ်သည်။ အိပ်ချင်မူးတူးနှင့် ဆိုင်ကယ်ကိုယူကာ အပြင်ကိုထွက်တော့ မိုးက ဖွဲဖွဲလေးလေးရွာနေသည်။ ဒီနှစ်သင်္ကြန် က မိုးနှင့်စဖွင့်သောကြောင့် မိုးဦးစောကာ မိုးကောင်းမည်ဟု လူကြီးတွေက ပြောကြသည်။ ရန်ကုန်မှာလည်း မိုးရွာမှာပဲဟု တွေးမိသော်လည်း အတွေးတွေကို ဖျောက်ပစ်လိုက်သည်။ ကျွန်တော်သည် ရန်ကုန်သင်္ကြန်ကို ထားခဲ့ကာ အိပ်ပြန်အနားယူသူ မဟုတ်လား...။ ပိုင်ပိုင်နိုင်နိုင်ချခဲ့သော ဆုံးဖြတ်ချက်တို့အတွက် မလွမ်းချင်သော်လည်း ရန်ကုန်သင်္ကြန်ကို မမေ့နိုင်ဆိုသည်ကိုကား ၀န်ခံရပေမည်။

မနက်ကလည်း သုံးနာရီခွဲလောက်ထကာ အဖေ့ကိုဂေါက်ကွင်းလိုက်ပို့ရသေးသည်။ အဖေသည် တစ်ခါတစ်လေမှ ပြန်လာသော ကျွန်တော့်အတွက် ဆိုင်ကယ်ကိုတစ်နေ့လုံးယူမထားချင်သောကြောင့် လိုက်ပို့ခိုင်းခြင်းဖြစ်သည်။ သားကြီးဖြစ်သော ကျွန်တော်ပျင်းနေမှာ စိုးသောကြောင့်လည်း ဖြစ်သည်။ ကျွန်တော့်ညီများနှင့် သူငယ်ချင်းများမှာ သင်္ကြန်တွင်း ဒီမှာ တစ်ယောက်မှမရှိကြ...။ ရန်ကုန်၊ မန္တလေး အစရှိသဖြင့် မြန်မာပြည်ပတ်ကာ သင်္ကြန်ကျနေကြသည်။ ကျွန်တော်ကတော့ တန်ဖိုးရှိသော ပိတ်ရက်လေးအတွင်း မပြန်တာကြာပြီဖြစ်သော အိမ်ကိုသာပြန်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဖေ့ကိုလိုက်ပို့တုန်းက အချိန်သည် နေအလင်းရောင် မရှိသေးသော်လည်း ဒီမြို့က မီးရောင်တွေ ထိန်ထိန်လင်းလှသည်။ညဦးပိုင်းက ရွာထားသော မိုးကြောင့်ညဥ့်လေကလည်းအေးလှသည်။

ဂေါက်ကွင်းနားရောက်တော့ အဖေ့လိုပင် မလွန်ဆန်နိုင်သူများကို တွေ့ခဲ့ရသည်။
သူတို့လည်း အစောကြီးထကာ ရောက်အောင်လာကြရခြင်း ဖြစ်သည်။ ရာထူးတွေကလည်း စုံမှစုံပင်..။ တကယ်တော့ မနက်မိုးလင်းခါနီးအချိန်သည် အိပ်လို့အကောင်းဆုံးအချိန် ဖြစ်မည်ဟုထင်သည်။ သို့သော် နှစ်ပေါင်းများစွာ အသားကျလာသော စိတ်ဓါတ်တို့က အငြိမ်မနေနိုင်ပေ...။ စေတနာမပါသော တာဝန်ကျေစိတ်များတွင် ကျိန်ဆဲတတ်သောနှုတ်ခမ်းများ ရှိမလားဟု ကျွန်တော်တွေးမိလိုက်သည်။ လာချင်တဲ့ အချိန်မှရောက်လာသော လူများကို မနက်သုံးနာရီခွဲလောက်ကတည်းက စောင့်ရသောဒုက္ခသည် ဘယ်လောက်စိတ်ညစ်ဖို့ ကောင်းမလဲဟုပါ စဉ်းစားမိလိုက်သေးသည်။

ဂေါက်ကွင်းဘက်ဆီ လမ်းလျှောက်လာကြသော မိန်းကလေး အုပ်စုများကိုပါတွေ့၍ အဖေ့ကို မေးကြည့်တော့ ကယ်ဒီလုပ်တဲ့ မိန်းကလေးတွေဟု ပြောသည်။

"သူတို့က ဒီနားကရွာကကောင်မလေးတွေလား အဖေ"

"အေး.. ဟုတ်တယ် ဒါပေမယ့် လူကြီးတွေအတွက်တော့ သီးသန့် ချောချောလေးတွေ ရွေးထားတာရှိတယ်ကွ
သူတို့ကတော့ သာမန်လူတွေလောက်ကိုပဲ ကယ်ဒီလိုက်ရတာ.."

"သြော်... သြော်... ကယ်ဒီလေးတွေလည်း ချောဖို့က လိုသေးတာပဲနော်.."

ဒီလိုဆိုတော့လည်း ဒီဂေါက်ကွင်းသည် အနီးအနားမှာနေသောသူများအား အလုပ်တော့ပေးနိုင်သားဟု တွေးမိသည်။ ပေးဆပ်တာနှင့် ရယူတာတွင် အချိုးမည်မျှရှိမည်ဆိုတာကိုတော့ ကျွန်တော် ဆက်မတွေးတတ်တော့ပါ ။ သူတို့၏ အားလပ်ရက်ဖြစ်ရမည့် သင်္ကြန်ရက်ကို ပေးလိုက်ရသောကြောင့် ရမည့်ငွေပမာဏကိုလည်း ကျွန်တော်မသိပါ ။ ရောင့်ရဲတတ်သော သူတို့ သည် ဤကဲ့သို့သော အခမ်းအနားမျိုးတွင် ပါဝင်ခွင့်ရသည်ကိုပင် ကျေနပ်နေပုံပေါ်လေသည်။ တကယ်တော့လည်း သူတို့မြို့သည် အရှင်မွေး၍ နေ့ချင်းကြီးခဲ့ရသည် မဟုတ်ပါလား ......။

ဟိုတယ် တစ်ခုတွင် အလုပ်လုပ်သော ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောသည့်စကားများကို အမှတ်ရမိသည်။ တစ်ချို့ ညစာစားပွဲများသည် သိန်းရာနှင့်ချီကုန်သည်ဟု သူကပြောသည်။ ကျွန်တော့်မျက်ခုံးတို့ လှုပ်သွားခဲ့ရသည်။ ထိုညစာစားပွဲပြီးသွားသည်အထိ မတို့လိုက်မထိလိုက်သည့် စားစရာများကလည်း ပါသေးသည် ဆိုပဲ... တစ်ယောက်စာ ပန်းကန်တစ်စုံပင်လျှင် သိန်းချီ ရှိသည်ဟု ဆိုသည်။

မလိုအပ်ပါပဲနှင့် အပိုဖြုန်းတီးနေကြသော ငွေများအား လိုအပ်နေသော နေရာများကိုထောက်ပံ့လျှင် ဘယ်လောက်ကောင်းမလဲဟု တွေးမိလိုက်သေးသည်။

ဆရာငြိမ်းအေးအိမ်၏ တီခုံရိုက်ချက်များ ၀တ္တုတိုကို သတိရမိသည်။ ဂေါက်ကွင်းထဲက ဘ၀များကို အဖွဲ့အနွဲ့များနှင့် အချိုးချပြသွားသော ဆရာ့ဝတ္တုကို ကျွန်တော် အလွန်ပင် ကြိုက်ပါသည်။

...............................................။......။.......။.............................................................

ဂေါက်ကွင်းဆီရောက်တော့ အဖေချိန်းထားသည့် ကန်တင်းမှာ သွားရှာသည်။ မနက်စာစား၊ အဖေ့မိတ်ဆွေတွေနှင့် စကားပြောပြီးနောက်ထွက်လာတော့ ကိုးနာရီခွဲကျော်ပြီ...။ မိုးကလည်း တဖွဲဖွဲနှင့် ရွာနေတုန်း...။ လေနှင့်အတူ မိုးစက်များက မျက်နှာကို လာရိုက်တာ တော်တော်ပင်အေးသည်။

မိုးရွာနေသော်လည်း သင်္ကြန်ကားတွေက လမ်းပေါ်ဥဒဟို ထွက်လာကြသည်။ တတီတီ၊ တပွမ်ပွမ် ဟွန်းသံတွေပေးလိုက်၊ နောက်လိုက်ပြောင်လိုက်အသံတွေနှင့် လမ်းမပေါ်မှာ အပျော်တွေ လျှံကျနေသည်။ ကားပေါ်က ၀တ်စားဆင်ယင်ပုံ၊ နေပုံထိုင်ပုံတွေကလည်း ရန်ကုန်ကို အတုခိုးကာ ရန်ကုန်ပုံစံတွေပင် ဖြစ်နေကြသည်။ ရန်ကုန်လိုပင်မူးကာ ရန်ကုန်လိုပင်ရူးနေကြလေသည် ။ ဆက်သွယ်ရေးနည်းပညာ ပေါက်ကွဲသော ခေတ်ကြီး၌ မြန်မာသင်္ကြန် စစ်စစ်သည် သင်္ကြန်မိုးကဲ့သို့သော ရုပ်ရှင်ကားများကို ကြည့်၍သာ ခံစားနိုင်တော့မည် ထင်သည်။ အပြင်မှာကတော့ တို့ရွာသားတွေအားလုံး တောဂေါ်လီ တွေဖြစ်ကုန်ကြ၏ ။

ဆိုင်ကယ်မောင်းလာရင်း လမ်းဘေးကို သတိထားမိတော့ ဓါတ်ဆီရောင်းနေသူများကို တွေ့ရသည်။ မိုးရွာနေသော်လည်း ထီးကလေးများဆောင်းကာ ၀ယ်သူကိုမျှော်နေကြသည်။ သင်္ကြန်ဆိုသည်မှာ သူတို့နှင့် မဆိုင်သလိုပင်...။ သူတို့သည် ငွေရင်းနိုင်သောကြောင့် ရောင်းချသူများ မဟုတ်ပဲ... ရင်းနိုင်သောသူထံမှာ တဆင့်ယူကာ တစ်ဂါလံကို တစ်ရာစား၊ နှစ်ရာစား နှင့် ရောင်းရခြင်းဖြစ်သည်။ ဒီနှစ် ဆီဈေးကလည်း ကျသွားတော့ သူတို့လည်း အရင်လောက်ရတော့မည် မထင်...။

ဆီရောင်းနေသူများသည် သူတို့စီးပွားရေး သူတို့လုပ်နေကြခြင်း ဖြစ်သောကြောင့်မဆန်းသော်လည်း ထိုဆီရောင်းသူများထဲတွင် ကိုးနှစ်၊ ဆယ်နှစ်အရွယ် ကလေးငယ်များကိုပါတွေ့လိုက်ရသောအခါ ကျွန်တော့်စိတ်ထဲမကောင်းဖြစ်သွားသည်။ တဆက်တည်းမှာပင် ရန်ကုန်မှာနေသော ကျွန်တော့်ညီဝမ်းကွဲလေးများကို သတိရမိသည်။ သူတို့ကတော့ ဒီအချိန်ဆို ၀တ်ကောင်းစားလှအသစ် ၊ ရေပြွတ်ပိုက်အသစ်၊ ခွက်အသစ် စသည်ဖြင့် ပျော်နေကြပေမည်။ ကျွန်တော်တွေ့ရသည့် ဓါတ်ဆီရောင်းသူကလေးငယ်များကတော့ ထိုအရာများထက် ၀ယ်သူတစ်ယောက် သူ့ဆိုင်ကိုရောက်လာဖို့သာ လိုမည်ဟုတွေးကောင်းတွေးနေပေလိမ့်မည်။ နေ့တွက်ကိုက်မှသာ စောစောသိမ်း၍ အိမ်ပြန်နိုင်မည်မဟုတ်လား....။ ပျော်ဖို့ပါးဖို့ထက် မိသားစု စားဝတ်နေရေးက ပိုအရေးကြီးနေပေသည်။

ကလေးငယ်သည် ကျောင်းပိတ်ချိန်ဖြစ်သော သင်္ကြန်တွင်းမှာပဲ ဓါတ်ဆီရောင်းရတာ ဟုတ်ပါရဲ့လား...။ နောက်နှစ်လဆိုရင် ကျောင်းတွေဖွင့်တော့မည်...။ ထိုအချိန်ဆိုလျှင်ရော ကလေးငယ်သည် စာသင်ခန်းဆီသွားနိုင်ပါ့မည်လား။ ငါတို့ကတော့ ငတ်ရင်ငတ်ပစေ ကိုယ့်ကလေးကိုတော့ အလုပ်မခိုင်းရက်ဘူး.. ကျောင်းပဲထားမယ်ဟု အဆင်ပြေနေသော မိဘများပြောသံကို ကြားဖူးသည်။ ကိုယ်တိုင်ကြုံမှ ကိုယ်ချင်းစာပေလိမ့်မည်။ တကယ်တော့ လက်တွေ့ဘ၀သည် ပြောသလောက်မလွယ်ကြောင်း တစ်ချို့လူများသိရန် လိုအပ်ပေသည်။

ဆိုင်ကယ်မောင်းနေရင်း အခိုက်အတန့်ခဏလေးမှာပင် ကျွန်တော့်အတွေးတို့ တော်တော်စုံသွားသည်။
ကျွန်တော်သည် ဂေါက်ကွင်းများ သို့မဟုတ် ညစာစားပွဲများကို မတတ်ရောက်နိုင်ပါ..။ ထိုနေရာများတွင် ဖြုန်းတီးနေသော ငွေများအား ကလေးဘယ်နှစ်ယောက် ကျောင်းထားနိုင်မည်နည်းဟု အချိုးချရန် ကျွန်တော်အလှမ်းမမှီပါ..။ အချိန်ရ၍ survey တစ်ခုပြုလုပ်လျှင်တော့ အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းသည့် ရလာဒ်များ ရလာမည်ဟု ထင်သည်။

မတတ်နိုင်သည်များကို လုပ်မည့်အစား တတ်နိုင်တာတစ်ခုတော့လုပ်မည်ဟု ကျွန်တော်ဆုံးဖြတ်ချက် ချလိုက်သည်။ ကျွန်တော့်ဆိုင်ကယ်ကို မျှော်ကြည့်နေသော ဓါတ်ဆီဆိုင်လေး ရှေ့၌ ရပ်လိုက်သည်။
အုတ်ခဲတစ်လုံးပေါ်၌ ရေသန့်ဘူးတင်ထားသော ဆိုင်ဆိုသည့် အမှတ်အသားနောက်တွင် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် ကလေးမလေးတစ်ယောက်နှင့် သူ့မောင်လေး တို့ မိုးဖွဲဖွဲများကို အံ့တုကာ ၀ယ်သူကို ဇွဲရှိရှိနှင့်စောင့်နေကြလေသည်။

"သားကြီး ဘာလုပ်မလို့ ရပ်တာလဲ..."

အဖေက အံသြဟန်နှင့်မေးသည်။

"ဆီထည့်မလို့လေ.. တစ်ထောင်လောက်ပေးစမ်းပါ..အဖေ ။ သားပိုက်ဆံ ယူမလာမိဘူး ကပျာကယာထွက်လာလို့"

"ဆီကပြည့်နေတာပဲကို အိမ်မှာလဲ ဆီတွေရှိနေတာပဲ"

"အာ... အဖေကလည်း ညနေ သား အပြင်ထွက်ချင်ထွက်ဦးမှာ.. ကြုံတုန်းထည့်ထားမလို့ပါဗျာ... တစ်ပုလင်းထဲပါ....။"

အဖေသည် ဘာမှဆက်မပြောတော့...။ ပိုက်ဆံတစ်ထောင်တန် တစ်ရွက်ကိုသာ ကျွန်တော့်ကိုပေးလိုက်သည်..။ ကလေးငယ်၏ မျှော်လင့်ချက်အပြည့်ပါသည့် မျက်ဝန်းများကို အဖေလည်း မြင်တွေ့သွားပေလိမ့်မည်။

ကလေးငယ်က အဆင်သင့်ပင် ကတော့ကိုင်ကာ ကျွန်တော့်နားလာပြီး သေချာအောင်မေးသည်။

"ဆီထည့်မလို့လား ကိုကြီး"

"အေး... ညီမလေး တစ်ပုလင်း ထည့်လိုက်"

ဆီတစ်ပုလင်းမှ သူရသော ကော်မရှင်ခသည် ငါးဆယ်၊ တစ်ရာ ထက်မပိုနိုင်ပါ..။ သို့သော် သူ့ရည်မှန်းချက်ကလေးတော့ ပိုမိုနီးစပ်သွားပေလိမ့်မည်။ ဆိုင်ကယ်ကိုစက်နှိုးကာ အိမ်ဘက်ဆက်ထွက်လာတော့ မိုးဖွဲဖွဲတို့က စဲမည့်ပုံမပေါ်သေး......။ သို့သော် မိုးသည်တစ်သက်လုံးတော့ ရွာမနေနိုင်ပါ..။ နေသာသောနေ့ရက်များလည်း ရှိရဦးမည် မဟုတ်လား ။ ဒီနှစ်သင်္ကြန်သည် ခါတိုင်းသင်္ကြန်တွေထက် ပိုအဓိပ္ပါယ်ရှိသည်ဟု တွေးမိတော့ လေနုအေးအေးလေး တစ်ချက်က ကျွန်တော့်ရင်ထဲကို လာရောက်တိုက်ခိုက်လေတော့သည်။