ကိုးခွဲ

17 May 2016

အလှပြမော်ဒယ်မင်းသမီးက
ရေဒီယိုအစီအစဉ်ထဲမှာ
လျှာဖျားလောက်ကနေ စက်သေနတ်ပစ်သလိုအသံမျိုးနဲ့
အနုပညာ ဆိုတဲ့ စကားလုံးကို
ဗွက်ထလောက်အောင် မုဒိန်းကျင့်တယ်

ကိုယ့်ရွေးချယ်ခွင့်နဲ့ကိုယ်မှာ
ငါဟာ အကုသိုလ်ကိုပဲ လိုင်းမပြောင်းဘာမပြောင်းနဲ့
ထိုင်နားထောင်နေခဲ့တာ
ချွေးသီးလုံးတွေကျစေတဲ့ နေပူစုတ်ပျင်းအောက်မှာ

နွေရဲ့အပူဟာ
ဘ၀အပူတွေထက်တော့ ပိုပြီးမပူနိုင်ဘူးတဲ့
ဘ၀သရုပ်ဖေါ်ဆရာကြီးတွေ
လက်သရမ်းခဲ့ကြတာ
ကိုးမိုင်ခွဲကွေ့နားမှာ
ညဥ့်ငှက်မလေးတွေ
လူသုံးနဲတဲ့ မှတ်တိုင်မှာ
ဘယ်တော့မှမလာတဲ့
ဘတ်(စ)ကားကိုစောင့်ရင်း
နေ့ငှက်ဖြစ်နေခဲ့ကြတာဟာ
အာဏာသိမ်းပြီးစ ခေတ်ကတည်းကပဲ

အခုခေတ်ရောက်တော့လဲ
ဒီမိုကရေစီဆိုတာကြီးဟာ
တစ်ရှော့ဘယ်လောက်လဲလို့
တက္ကစီဆရာကမေးတယ်။

အဲယားကွန်းနဲ့ဆိုတစ်ဈေး
ရိုးရိုးဆိုတစ်ဈေးတဲ့

ဘာပဲပြောပြော ဒီလိုနွေပူပူမှာတော့
မီးမပျက်ပါစေနဲ့လို့
ရောင်းသူဝယ်သူ ဆုတောင်းတွေတူခဲ့ကြဖူးလိမ့်မယ်

ကိုယ်တိုင်မသောက်ဘူးတဲ့
တစ်ဘူးသုံးရာတန်
ရေသန့်ဘူးစိမ်းတွေ မှာ တံဆိပ်ကပ်ထားတာ
(Life)
ဘဝ

ဘ၀ဆိုတာ
တကယ်တော့
မှန်လုံပိတ်ကားထဲက
အဲယားကွန်းတွေပါလို့

စံပယ်ပန်းဖြူလေးတွေ
ရောင်းမကောင်းလို့
ကိုးမိုင်ခွဲကွေ့နားမှာ
မှန်လုံကားတွေလာအခေါ်ကို
သွားစောင့်နေတဲ့
စံပယ်ပန်းဖြူလေးက ပြောသွားတယ်။