မြို့လေးသို့ လွမ်းချင်း

28 December 2008

တောင်တွေ မြင့်မြင့်မားမား
တိမ်ရောင်စုံတွေ ဖူးပွင့်နေလိုက်တာ
အခိုးအငွေ့တွေနဲ့ မျောနေရသလို
မြို့ကလေး
နေရောင်တွေ ဖြာနေပုံကိုက
တခြားနေရာထက် ပိုလှနေခဲ့...

ကွင်းပြင်တပြန့်တပြော
ဟိုး တောင်ဘက်မှာ
ရိုးမတောနဲ့
ကွေ့ကောက်ကောက် စမ်းချောင်းလေးက
မြို့လေးရဲ့ ရင်ဘတ်ထဲကို ဖြတ်သန်းသွား။

ဒီမှာ ဘာအပူအပင်မှမရှိ
စနစ်တကျ စီးမျောနေတာ
ဆယ်စုနှစ်များစွာ ။
အမေ့အိမ်နဲ့
ယာတောနဲ့
မြို့မဈေးနဲ့
ဘူတာရုံနဲ့
သနပ်ခါးပန်းတွေနဲ့
သတိရတိုင်း
အိမ်မက်ထဲက ငါလန့်နိုးတယ်။

အသက်ရူလို့ မ၀ခဲ့
တစ်ခါတစ်လေ
အဖျားက ၁၀၅
ဟော့ဒီ မြို့ပြတောအုပ်ထဲမှာ
မျက်နှာဖုံးတွေ နဲ့ငါ စကားပြောနေတယ်.....။

မီးခိုးနံ့၊ ညှော်နံ့၊ ကားအေ့ဇောနံ့
မသူတော်တွေရဲ့ အနံ့
ညဉ့်ငှက်တွေရဲ့ အနံ့
မတော်လောဘတွေရဲ့ အနံ့
အဿပြာရနံ့
ရနံ့ပေါင်းစုံ ဖုံးလွှမ်းမွန်းကျပ်
မြို့ပြက ငါ့အခန်းလေး
ဒါဏ်ရာတွေနဲ့ ပေကျံနေရှာတုန်း...။

မနက်ဖြန်ဆိုတာ နေထွက်မယ့်
နောက်တစ်နေ့ ...
ပုံစံခွက်မဟုတ်ပေမယ့်
စီးဆင်းရာ ရှာမတွေ့သေးတဲ့
မြစ်တစ်စင်း ဟာငါပါ....
စိတ်ကိုကြိတ်မှိတ်လို့
နီယွန်မီးရောင် ညထဲမှာ
အိပ်ပျော်အောင်ကြိုးစားလိုက်တော့
ကြယ်ရောင်တွေ မလင်းတဲ့အဲ့ဒီညမှာ
ငါ....
အိမ်ကို တစ်ခေါက် ပြန်ရောက်ခဲ့တယ်....။

ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ချင်ဝင်တယ်

21 December 2008

ကျွန်တော် တက်ခဲ့တဲ့ ကောလိပ် သို့မဟုတ် တက္ကသိုလ်ကနေ သတင်းဆန်းလေး တစ်ခုကြားခဲ့ရလို့ ပြောပြပါမယ်။ ကောလိပ်နာမည်လား အရင်တုန်းကတော့ GTC မှော်ဘီတဲ့ အခုတော့ နည်းပညာတက္ကသိုလ် (မှော်ဘီ) လို့ပြောင်းလိုက်ပါပြီ...။ တက္ကသိုလ် တစ်ခုရဲ့ အဆင့် မှီမမှီကတော့ ကိုယ်တိုင်သွားကြည့်ပြီး ဆုံးဖြတ်ကြပေါ့ဗျာ....။ အဲ့ဒီလို တက္ကသိုလ် ဖြစ်လိုက် ကောလိပ်ဖြစ်လိုက် ကျောင်းကြီးမှာ ကျွန်တော် ခြောက်နှစ်တိတိ ကျောင်းတက်ခဲ့ပါတယ်( တစ်နှစ်က ကျလို့ :) ) ...။

ဒီအတောအတွင်းမှာ အောင်စာရင်းထွက်တော့မယ်ဆို ကျွန်တော်တို့အမြဲရင်ခုန်ခဲ့ရပါတယ်....။ ကိုယ်ဖြေ ထားတဲ့ ရလာဒ်ကလည်းအမြဲလိုလို တစ်ဘာသာ လောက်ကတော့ စည်းပေါ်မှာ ရောက်နေတတ်တာ ကိုး...။ အောင်စာရင်းထွက်ရင် ဖြစ်တတ်တာက စာတော်တယ်လို့ အများက သတ်မှတ်ထားတဲ့ သူတွေလည်း ကျတဲ့သူကျ၊ B.Tech မပါ၊ BE မပါ နဲ့ဖြစ်တတ်ကြပါတယ်။ အရင်တစ်နှစ် နှစ်နှစ်လောက်ကတော့ EC မေဂျာက ROLL ထိပ်ပိုင်းတစ်ယောက် အောင်စာရင်းမှာ မပါလာပါဘူး...။ သူကလည်း အပိုင်ဖြေနိုင်တဲ့ သူတစ်ယောက်
ဆိုတော့ အထက်ကို တက်ကြည့်တဲ့အခါ Code ဖြေတဲ့နေရာလိုသွားလို့ပါဆိုပြီး အောင်စာရင်း ပြန်ထုတ် ပေးပါတယ်..။ သူ့အဖြေလွှာစာရွက်ကို သူများက အကြံအဖန်လုပ်ပြီး လဲတာလို့လည်း မြန်မာပြည် ထုံးစံအရ ကြားခဲ့ရပါတယ်..။ ထားတော့... ဒါတွေက ကျွန်တော်တို့လည်း ရေရေရာရာမသိဘူး ဆိုတော့...။ သြော် ဒီလိုလည်း ဖြစ်တတ်တယ်ဟဆိုပြီး မှတ်ချက်တော့ ချဖြစ်ခဲ့ပါတယ်။

အခု ပြီးခဲ့တဲ့ နှစ်ပတ်က အတန်းစုံ၊ မေဂျာစုံက အောင်စာရင်းတွေထွက်ပါတယ်...။ အောင်စာရင်းထွက်တော့ ထုံးစံအတိုင်းကျတဲ့သူကျ၊ အောင်တဲ့သူအောင်၊ GTI နဲ့ နားသူနား B.Tech နဲ့တစ်ခန်းရပ်သူရပ်နဲ့ပေါ့..။ ဒီအထိလည်း မဆန်းပါဘူးဆိုပေမယ့်ကျွန်တော်တို့ Civil မေဂျာက ကလေးတွေက တစ်ဆယ့်ခြောက်ယောက် လောက် ကျတဲ့အထဲမှာ Roll ထိပ်ပိုင်းက သူတွေ လေးငါး၊ခြောက်ယောက် မကပါနေတော့ သူတို့လည်း မဖြစ်နိုင်ဘူးဆိုပြီး ပြောလာကြပါတယ်။ အကြောင်းကဒီလိုပါ... ကျောင်းကမေဂျာတွေထဲမှာ ကျွန်တော်တို့ Civil မေဂျာက အတွက်အချက်တော်တော်များပါတယ်။ ဒီတော့ မေးတဲ့ပုစ္ဆာတွေက ကိုယ်ရမရ
ဆိုတာ အခန်းပြင်ထွက်တာနဲ့ ခန့်မှန်းလို့ရပါပြီ..။ ပြောရရင် အမှတ်ပြည့်မပြည့်တောင် တွက်ယူလို့ရပါတယ်..။ ဒီတော့ကလေးတွေကလည်း အပြည့်အ၀ အပိုင်ဖြေထားပါလျက်နဲ့ ဒီလိုဖြစ်ရလေခြင်းဆိုပြီး ငိုယိုတိုင်တန်း ကြတော့ အားလုံးစုပြီးအထက်ကို တင်ပြတဲ့ အခါ ထုံးစံအတိုင်း Code ဖြည်တာ လိုသွားပါတယ် ဆိုပဲ..။ အဲ့ဒါနဲ့ အထက်ကဘာလုပ်ပေးလဲ ဆိုတော့ အားလုံးအောင်စေသတည်း ဆိုပြီး ဘဘကြီးရဲ့ တန်ခိုးနဲ့ အောင်စာရင်း နောက်တစ်စောင်ပြန်ထုတ်လိုက်တော့ Civil မေဂျာ BE တန်းက၁၀၀ % အောင်ချက်ရသွားပါတယ်..။ ကလေးတွေနဲ့ မိဘတွေလည်း ပြုံးပျော်သွားနိုင်တာ မုဒိတာ ပွားစရာပါပဲ...။

ဒါပေမယ့် ကျွန်တော်စဉ်းစားလို့မရတာက ကမ္ဘာပေါ်က တက္ကသိုလ်လို့အမည်ခံထားတဲ့ကျောင်းတွေမှာ ဒါမျိုးအဖြစ်များရှိမလားဆိုတာ သိချင်တာပါ...။ ခိုင်လုံတယ်လို့ယူဆရမယ့် ကြားရတဲ့ သတင်းကတော့ ဘဘကြီးက အသေးအဖွဲကအစသူပဲပြောချင်၊ဆိုချင် လုပ်ကိုင်ချင် နေတာတဲ့..။ အဖြေလွှာတွေကိုလည်း သူစစ် ဆိုတဲ့အချိန်ကျမှ စစ် ခိုင်းပါတယ်...။ ပြီးတော့ မေ့နေပြီးမှ ကျောင်းတွေ ပြန်ဖွင့်ဖို့နီးလာတော့ အောင်စာရင်း ထုတ်ရမယ် Code ဖြည် Code ဖြည်ဆိုပြီးလုပ်ပါတယ်ဆိုပဲ...။ ဖြည်ရမယ့် ရက်ကလည်း နှစ်ရက်ပဲ အချိန် ရလိုက်တယ်တဲ့..။ အဲ့ဒီ နှစ်ရက် အတွင်းမှာ မြန်မာတစ်ပြည်လုံးက ကျောင်းပေါင်း ၃၃ လား ၃၄ လား ကျွန်တော်
လည်း မမှတ်မိဘူး .. အဲ့ဒီကျောင်းတွေအားလုံးကို ၀န်ထမ်းတွေခမျာ အပြီးဖြည်ရတာပါ...။ ဘဘကြီးက ရာဇမာန်လည်း ကြီးတာကိုး..။ အဲ့ဒီတော့ ၀န်ထမ်းတွေခမျာ အကုန်အောင်ရင်လည်း မကောင်း ... ပြီးသင့် တာတွေကလည်း မပြီးသေးတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက နောက်ပြောင်ကျသလို ခေါင်း၊ပန်း လှန်ပြီး အောင်မအောင် ဆုံးဖြတ်လိုက်ကြလားမသိ...။ တကယ်ကျတဲ့သူတွေက ကိစ္စမရှိပေမယ့်... စာတော်ကြိုးစားပြီး ဖြေနိုင်တဲ့ ကလေးတွေနဲ့မိဘတွေကတော့ တစ်နှစ်တော့ သွားပြန်ပြီဟဲ့ ဆိုပြီး စိတ်ဆင်းရဲခဲ့ကြရပါတယ်...။ ပြန်အအောင်ပေးလိုက်လို့တော်သေးတာပေါ့လို့ ဆိုပေမယ့် ဒီကိစ္စမျိုးဆိုတာ မဖြစ်သင့်ဘူးလို့ ကျွန်တော်တော့ ထင်တာပဲ..။ ဒါပေမယ့် ဒီမှာက မဖြစ်သင့်တာတွေကလည်း အမြဲဖြစ်နေတာဆိုတော့... ဒါပေမယ့်
ပေါ့လေ... ဒါပေမယ့်ပေါ့ ... ဟဲ... ဟဲ..။

ကဲ ဘိုးတော်တို့၊ အဘတို့ ရေ ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံတော်ကြီး တည်ဆောက်ချင်တယ် ဆိုရင်၊ ပညာတတ်လေးတွေ ထွန်းတော်စေချင်တယ်ဆိုရင်လည်း စာမျက်နှာတွေ၊ မီဒီယာတွေပေါ်မှာ အသံကောင်း ဟစ်နေရုံမကပဲ.. ဒါမျိုးလေးတွေ လည်းသတိထားပေးကြပါလို့အပြုသဘောနဲ့ တင်ပြလိုက်ပါတယ်ဗျာ...။ ကျန်တာတော့မပြောတတ်တော့ဘူး... သား သား အဲလေ ဖား ဖား ကြောက်ကြောက်....။

Cheers !

9 December 2008

ကျောင်းပြီးတာက တစ်နှစ်ကျော်ပြီ...။ ဟိုသွားမယ် ဒီသွားမယ် ဆိုပြီး သင်တန်းတွေတက်သော်လည်း အခုထက်ထိ ဘယ်နိုင်ငံမှ မရောက်သေး ....။ တစ်နေ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်က survey အလုပ်တစ်ခုရှိတယ် လုပ်မလားဟု မေးသည်။ လခက နည်းလွန်းသော်လည်း အတွေ့အကြုံက အဓိကဖြစ်သောကြောင့် လုပ်မည်ဟု ခေါင်းညိတ်လိုက်သည်။ ကျွန်တော့်သူငယ်ချင်းက သူတို့ခေါ်တဲ့ အချိန်အလုပ်စ၀င်ကြမည်ဟု ပြောသောကြောင့် စောင့်ခဲ့ကြသည်။ တစ်ပတ်လောက်ကြာသောအခါ ကျွန်တော်တို့ကို အလုပ် ၀င်ဖို့ခေါ်တော့သည်။ ခေါ်မှာပေါ့.... သူ့အဖေက ပြောပေးတာကိုး... ။ ကျွန်တော့်သူငယ်ချင်း အဖေကောင်းမူ့ဖြင့် အလုပ်တစ်ခုတော့ ရလေပြီ။ ပြီးတော့ survey လုပ်ငန်းဆိုတာက အများစုလုပ်နေကြသော အလုပ်မဟုတ်သည့်အပြင် သင်တန်းတွေဘာတွေလည်း သီးသန့်မရှိ..။ အခြား structure တွေဘာတွေကတော့ သင်တန်းတွေရှိသည်။

အလုပ်က နယ်ကိုအချိန်မရွေးထွက်နေရမည်ဟု ပြောသည်။ နယ်ကိုထွက်ရမည် ဆိုသောကြောင့် ထုံးစံအတိုင်း သူငယ်ချင်းတွေ ဆုံကာ နှုတ်ဆက်ပွဲလုပ်ကြသည်။ ကျွန်တော်တို့က ဒီလိုမျိုး...ဖြစ်သည်။ အမြဲမဟုတ် သော်လည်း သောက်စရာ အကြောင်းပြချက်ကတော့ အမျိုးမျိုးရှာတတ်ကြသည်။ သောက်ပွဲပြီးခါနီး ကြတော့ နောက်ဆုံးတစ်ခွက်ကို ချီးယားစ်က လုပ်ကာ သိမ်းကြသည်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် တိုင်ပေးလိုက်တဲ့ ဆုတောင်းသံကို တော်တော်လေး သဘောကျသွားသည်။ သူလည်း သူ့သူငယ်ချင်း DSA ကကောင်တွေဆီက ကြားတာလို့ပြောပါသည်။ ဟိုဘိုးတော်လေးတွေက ဘယ်ကကြားလာတာလား ထွင်လိုက်တာလားတော့ ကျွန်တော်လည်းမသိ....။ ဆုတောင်းပုံက ဒီလိုပါ...။

နောင်ဘ၀ကို အမေရိကန်စစ်သား
ကိုရီးယား ယောကျာင်္း
မြန်မာလူကြီးသား ဖြစ်ပါစေ...

တဲ့။ ဟုတ်တာပေါ့လေ... ကိုယ်လုံးကိုယ်ထည်၊ရုပ်ရည်ရူပကာနဲ့ ပါဝါလေးက ပါရှိနေတော့ သကောင့်သားတွေခမြာလိုချင်ကြမှာပေါ့....။
ဒါနဲ့ ကျွန်တော်တို့က တွေးမိပြီး ပြောလိုက်သည်။ သူ့ဆုတောင်းအား လေးကြောင်းပြည့်အောင် နောက်ထပ်တစ်ကြောင်း ထပ်ထည့်လျင် ပိုပြီးတော့ ပြီးပြည့်စုံသွားမည် အကြံပြုကြကာ နောက်ထပ်တစ်ကြောင်း ထပ်မံဖြည့်စွက်လိုက်သည်...။

နောင်ဘ၀ကို အမေရိကန်စစ်သား
အင်္ဂလန်ဘောလုံး သမား
ကိုရီးယား ယောကျာင်္း
မြန်မာလူကြီးသား ဖြစ်ပါစေ...

ကဲ... ဘယ်လောက်ပြည့်စုံသွားပြီလဲ...။ ဒီပို့စ်ကို ဖတ်တဲ့ ယောကျာင်္းလေးတွေလည်း ချီးယားစ်လုပ်ချင်ကြလား.....။ ဒါဆိုရင်တော့ တစ်ခွက်လောက်....။

Cheers !

(မှတ်ချက်.... မိန်းကလေးများလည်း နောင်ဘ၀ ယောကျာင်္းလေးဖြစ်လျင် ထိုကဲ့သို့ဖြစ်စေရန် ဆုတောင်း နိုင်ပါသည်)

ဒီဇင်ဘာ အက်ဆေး

3 December 2008

မြူတွေဝေနေတဲ့ ရန်ကုန်မနက်ခင်း

နာဂစ် ၀င်မွှေသွားသော ရန်ကုန်တွင် ဒီနှစ်ဆောင်းက ၀င်နေကျပုံမှန်ဖြစ်သော်လည်း အေးတာကတော့ နောက်ကျသည်။ထိုအကြောင်းသည် ရာသီဥတု ဖေါက်ပြန်မူ့ကြောင့် ဟုတ်မဟုတ်ကို ကျွန်တော် မသိ သော်လည်း နိုဝင်ဘာလတွင် နှစ်ရက် သုံးရက်မျှသာ အေးကာ လကုန်ခါနီးနှင့် ဒီဇင်ဘာ ရောက်သောအခါမှ ဆောင်းရောက်ပြီဟု ပီပီပြင်ပြင်ပြောဆိုနိုင်လေသည်။ အအေးနောက်ကျခြင်း၏ အကျိုးဆက်အဖြစ် ရောင်းရမည်ဟု အားခဲထားသော အနွေးထည်များ ဆိုင်ပေါ်တွင် ကြာရှည်စွာ
နေလိုက်ကြရလေသည်။ ဆောင်းရောက်မည်ကို မျှော်လင့်နေကြသော မြန်မာပြည်မှ ရက်ပ်ပါများကတော့ နိုဝင်ဘာလ ဆန်းမှစတင်ကာ ခေါင်းစွပ်အနွေးထည်များဝတ်ဆင် လမ်းသလားလာကြသည်။ ဒီဇင်ဘာ လတွင်တော့ ဆောင်းသည် ပိုမိုအေးလာသည်။

ငွေကြေးတတ်နိုင်သူများက အပန်းဖြေခရီးများထွက်ကြသော်လည်း မတတ်နိုင်သူများကတော့ မိမိတို့ အိမ်တွင်သာ နေ၍ အအေးဒဏ်ကို အံတုနေကြသည်။ ဆရာငြိမ်းအေးအိမ်ကတော့ ကမ္ဘာပေါ်မှာ အနွေးထည်မလုံလောက်တဲ့ အအေးပိုင်း ဒေသသားတွေ ဘယ်လောက်ရှိလဲလို့ စစ်တမ်းကောက်ယူဖို့ ဘယ်သူမှစိတ်ကူးမပေါ်ဖူးသေးဘူးနဲ့တူတယ်ဟု သူ့ဆောင်းပါး တစ်ပုဒ်ထဲမှာ ရေးဖူးသည်။ ထိုအမြင်ကို ကျွန်တော်သဘောကျပါသည်။ ကျွန်တော်ရောက်ခဲ့ဖူးသော အအေးပိုင်းဒေသမှ ကလေးငယ်တစ်ချို့ အနွေးထည်မလုံလောက်သည်ကို ကျွန်တော်တွေ့မြင်ဖူးပါသည်။ ကလေးငယ်များမှမဟုတ် လူကြီးများသည်
ပင် အနွေးထည်မလုံလောက်သောကြောင့် မီးပုံများဖွဲ့ကာ မီးလှုံ၍ အနွေးဓါတ်ယူကြပါသည်။ မည်သို့ပင်ဖြစ်စေ ဆောင်းသည်အနွေးထည်မရှိသူများအား မီးလှုံခွင့်တော့ ပေးထားမည်ဟု ကျွန်တော်ထင်ပါသည်။ မီးလှုံခွင့်ပင် မရှိသောသူများလည်း ရှိနိုင်မည် ဖြစ်သော်လည်း သူတို့သည်လည်း သူတို့နည်းသူတို့ဟန်ဖြင့် အအေး သက်သာ စေရန် ကြံဖန်ကြပေလိမ့်မည်။

အေးတယ်ဆိုတာ ပူတာထက်အများကြီးကောင်းတယ်ဟု ဆိုသူများအား တောင်ဝင်ရိုးစွန်းတွင် သွားရောက် နေထိုင်ကြရန် ကျွန်တော်အကြံပြုလိုပါသည်။ ဘယ်အရာပဲဖြစ်ဖြစ် အလွန်အကျွံဖြစ်ခြင်းသည် မကောင်းကြောင်း ကျွန်တော်တို့အသိဥာဏ်များက ယေဘူယျလက်ခံထားကြပေသည်။ နွေရာသီတွင် ပူလွန်းသောကြောင့် နေကိုကျိန်ဆဲတတ်ကြသော ကျွန်တော်တို့သည် ဆောင်းမနက်တွင်တော့ နေခြည်ဖျော့ဖျော့ကို မျှော်လင့်တတ် ကြ၏ ။ ထူထဲသော မြူများအား ထိုးထွက်နေရသော နေရောင်မှအနွေးဓါတ်ကို ခံစားရခြင်းသည်လည်း သဘာဝတရားထံမှရသော လက်ဆောင်မွန်တစ်ခုဖြစ်ပေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန်ဆောင်းကတော့ နေလို့ကောင်းရုံမျှသာ အေးပါသည်ဟု ရန်ကုန်သားဖြစ်သော ကျွန်တော်ကဆိုချင်ပါသည်။ နည်းနည်းအေးမည်ဟု ဆိုသည်နှင့် အင်းလျားကန်တွင် အနွေးထည် လှလှ လေးများ ၀တ်ဆင်ထားသောလမ်းလျှောက်သူများ စည်ကားလာသည်။ ယခုဒီဇင်ဘာလတွင် ပိုမိုအစည်ကား ဆုံးဖြစ်ကာ တက်ကြွလန်းဆန်းနေသောရန်ကုန်ဆောင်း ပန်းချီကားအား အင်းလျားကန်ဘောင်တွင် ထင်ရှားစွာတွေ့မြင်နိုင်ပေသည်။ လမ်းလျှောက်သူများထဲတွင်ကျန်းမာရေးအတွက် လမ်းလျှောက်သူများသာမက ဖက်ရှင်ပြရန်အတွက် လမ်းလျှောက်သူလူငယ်များလည်း ပါဝင်ပေသည်။ ကျွန်တော့်သူငယ်ချင်း အချို့ဆို ဆောင်းမနက်ခင်းလမ်းလျှောက်ရန်အတွက် သီးသန့်အ၀တ်အစားများပင် ၀ယ်ကြလေသည်။ မနက်ခင်း လမ်းလျှောက်မည်ဆိုလျင် အားကစားဖိနပ်လေးလည်း ၀တ်မှရှိုးကျမည်ဟု အများစုကယူဆကြသည်။ ၀ယ်နိုင်သူများက Addidas၊ Niki အစရှိသော ဖိနပ်များနှင့် မတတ်နိုင်သူပင်လျင် စက်မူ့(၁) ကထုတ်သော ကင်းဘတ်ဖိနပ်အဖြူများတော့ ၀တ်ဆင်တတ်ကြသည်။ ကြည့်တတ်မယ်ဆိုပါက အင်းလျားကန်ဘောင် ကြီးသည်လည်း ဆောင်းရာသီဖက်ရှင်ကျင်းပရာCatwalk လျှောက်လမ်းကြီးဖြစ်နေလေသည်။ ကန်ဘောင်တွင် လမ်းလျှောက်ကြသော ကောင်မလေးများ အလွန်လှကြပါပေသည်။

ဆောင်းသည် စိတ်ကူးယဉ်တတ်သူများအတွက်လည်း စိတ်ကူးဥာဏ်ကွန့်မြူးရာအချိန်သမယ ဖြစ်ပေသည်။ ကျွန်တော်သိသောသီချင်းရေးဆရာ တစ်ယောက်ကတော့ ဆောင်းအကြောင်းသီချင်းရေးရန် မနက်ဖက် စောစောထက လမ်းလျှောက်သည်ဟုဆိုသည်။ ဆောင်းအကြောင်း၊ နှင်းအကြောင်း ရေးဖွဲ့ကြသော သီချင်းများသည် လည်း ဒီဇင်ဘာတွင် နားထောင်၍ ပိုကောင်းနေသည်။ ကော်ဖီတစ်ခွက်သည်လည်း ဆောင်းမနက်အတွက် ကောင်းမွန်သော အဖေါ်ဖြစ်သည်ဟု ဆိုကြသော်လည်း နှစ်နှစ်ကာကာ ကြိုက်ခြင်းမရှိသော ကျွန်တော့်အတွက်မူ လက်ဖက်ရည်ကြမ်းတစ်ခွက်က ပိုမိုသင့်လျော်သည်ဟုထင်သည်။
မနက်ဖက်ထပြေးပြီး အိမ်အပြန်တွင် လမ်းမှာတွေ့သော ခေါင်းထိုးသည်ထံမှ ဆီထမင်းနှင့် ရေနွေးကြမ်းသည် ကျွန်တော်နှစ်သက်သော ဆောင်းဓလေ့တစ်ခုလည်းဖြစ်သည်။ အိမ်မှ ငါးရံ့ခြောက်ဖုတ်၊ ဆတ်သားခြောက်ဖုတ် အစရှိသည်တို့နှင့်သာတွဲစားလိုက်ပါက ပိုမိုပြည့်စုံသောဆောင်းတွင်း မနက်စာ ဖြစ်သွားတတ်သည်။ တစ်ခါတစ်ရံ အမေက မနက်စောစောထကာဆီထမင်းထိုး ပေးတတ်သည်။ နှမ်းထောင်းများများ၊ ဆီသန့်သန့်၊ ငါးခြောက်ဖုတ် သို့မဟုတ် ဆတ်သားခြောက်ဖုတ်နှင့်အမေစီစဉ်ပေးသော ဆီထမင်းအား စားရလျင် ကျွန်တော်သည် ထိုမနက်စာအား မည်သည့်နတ်သုဒ္ဓါနှင့်မှ မလဲဟု အခိုင်အမာ ဆိုဝံ့ပါ၏ ။

ရန်ကုန်မှ ခရီးထွက်သူအများစုသည် ရန်ကုန်တွင်အေးသော်လည်း ပို၍အေးသော ကျိုက်ထီးရိုးဘုရားသို့ ခရီးထွက်ကြခြင်းမှာ စဉ်းစားကြည့်လျင်ဆန်းကြယ်သည်။ ကျိုက်ထီးရိုးသည် ပိုမိုအေးသော်လည်း တောအရိပ် တောင်အရိပ်က သာယာသည်။ ရန်ကုန်မှနေ၍ ခရီးလမ်းကလည်း နီးသည်။ သို့သော် ကျိုက်ထီးရိုး မရောက်ဖူးသော ရန်ကုန်သားအများအပြား ရှိကြောင်း ကျွန်တော်သိပါသည်။ ကျွန်တော့်အားလည်း ဆောင်းတွင်းတွင် မည်သည့်နေရာသို့ခရီးထွက်လိုပါသနည်းဟုမေးပါက ကျိုက်ထီးရိုးဟုပင်ဖြေပေလိမ့်မည်။ ရန်ကုန်နှင့်နီးသောကြောင့် လမ်းစရိတ်ကလည်း သင့်လျော်သည်။ ပြီးတော့ ကျိုက်ထီးရိုးမှ ဆောင်းမနက် ခင်းများကို ကျွန်တော်အလွန်နှစ်ခြိုက်ပါသည်။ ရင်ပြင်တော် တောင်စောင်းပေါ်ရှိ ခုံတန်းပေါ်တွင် ထိုင်ကာ အဝေးတစ်နေရာသို့ စိတ်ကူးများရွက်လွင့်နေရခြင်းကို ကျွန်တော်ကြည်နှုးပါသည်။ လတ်ဆတ်သော
လေအား ရှုသွင်းရင်း မလတ်ဆတ်သော နီကိုတင်းများအား အဆုတ်ထဲဖြည့်သွင်းကာ အတွေးထဲမြော နေရခြင်းဖြင့် ကျွန်တော် ပိတီတစ်ခု ရရှိတတ်ပါသည်။

ဒီဇင်ဘာက နေလို့ထိုင်လို့၊ အိပ်လို့ကောင်းတယ်ဗျာဟု ဆိုက်ဘေးရီးယားသား တစ်ယောက်အားသွားပြောပါက စိတ်ဆိုးကောင်း ဆိုးမည်ဖြစ်သော်လည်း ရန်ကုန်သားဖြစ်သော ကျွန်တော့်အားလာပြောပါမူ ဟုတ်ပါပေ သည်ဟု ထောက်ခံမိပေမည်။ဒီဇင်ဘာသည် အေးချမ်းခြင်းနိမိတ်ပုံများဖြင့် ပြည့်နေပါသည်။ နေရထိုင်ရတာ သက်တောင့်သက်သာရှိသောကြောင့် ရန်ကုန်သူ၊ ရန်ကုန်သားများ လန်းဆန်းနေကြသည်။ ဒီဇင်ဘာဟု အမှတ်ရစေသော အချက်မှာ ရှော့ပင်းမောများ စတိုးဆိုင်ကြီးများ တွင် ခရစ်စမတ်နှင့် သက်ဆိုင်သော ပစ္စည်းများ အနီရောင်လွှမ်းကာ ခင်းကျင်းရောင်းချနေကြခြင်းဖြစ်သည်။ မြန်မာနှစ်ကူး၊ ကရင်နှစ်ကူး၊ ရှမ်းနှစ်ကူး၊ ယုတ်စွအဆုံး တရုတ်နှစ်ကူးသည်ကိုပင် လိုက်ပျော်နေကြသော ကျွန်တော်တို့မြန်မာလူမျိုး
များသည် ခရစ်နှစ်ကူးအတွက်လည်း မည်သို့ပျော်ကြမည်ဟု စဉ်းစားကြပြန်သည်။ ဟုတ်တာ၊ မဟုတ်တာထား ကျွန်တော်တို့သူငယ်ချင်းများသည်လည်း ချမ်းချမ်းအေးအေး ဒီဇင်ဘာတစ်ညအား နှစ်ကူးအကြောင်းပြကာ အယ်လကိုဟောနွေးနွေး ဖြင့် ဖြတ်သန်းခွင့်ရလေသည်။

ထိုအရာများထက်ပို၍ ဒီဇင်ဘာတွင် အကောင်းဆုံးရရှိသော လက်ဆောင်တစ်ခုမှာ အေးအေးချမ်းချမ်းနှင့် အိပ်နိုင်ခြင်းဖြစ်သည်။ ယခုလက်ရှိအချိန်တွင် အချိန်များပိုလျှံနေသော ကျွန်တော်သည် ငယ်ငယ်တုန်း ကလိုလည်း ကျန်းမာရေးအတွက် လမ်းလျှောက်တာတွေဘာတွေ လုပ်မနေတော့ပဲ မနက် ခုနှစ်နာရီ၊ ရှစ်နာရီကျော်သည်အထိ အိပ်ယာထဲတွင်ကွေးနေလိုက်သည်။ တကယ်လို့ သင့်တင့်တဲ့ အနွေးဓါတ်ရတဲ့ စောင် တစ်ထည်လည်းရှိမယ်၊ ခင်ဗျား စိတ်ထဲမှာလည်း အပူအပင်တွေနည်းနေမယ်၊ မနက်စောစော ထစရာ အကြောင်း လည်း မရှိဘူးဆိုရင်တော့ ဒီဇင်ဘာ မနက်ခင်းတစ်ခုခုမှာ နေမြင့်တဲ့အထိ ကွေးနေကြည့်ပါ ဟုအကြံပြုလိုပါသည်။ အရေးပါသော မဟာလူသားများ၊ တာဝန်ယူရမူ့ကြီးကျယ်သော လူများနှင့် အလုပ်တာဝန်များပိနေသော သူများကတော့ ဒီဇင်ဘာမနက်တွင်လည်း အလုပ်များနေဦးမည် ဖြစ်ပါသည်။
ဘာမှမဟုတ်သော၊ အပျင်းထူသော၊ သာမာန်ထက်ပင် အပျင်းထူသော၊ ဖျင်းသော ကျွန်တော်လို အညတြ ရလူသားကတော့ဒီဇင်ဘာ မနက်ခင်းတစ်ချို့တွင် နေဖင်ထိုးသည်အထိ အိပ်ပျော်ခွင့်ရနေပါသည်။ ထိုအတွက် လက်ရှိအချိန်အား ပိုင်ဆိုင် နေသော ဘ၀အား ကျေးဇူးတင်ပါသည်။ တကယ်တော့ ဒီဇင်ဘာသည် မြန်မာပြည်တွင် အိပ်ပျော်၍ ကောင်းသော လများထဲတွင် တစ်ခုအပါအ၀င်လည်း ဖြစ်လေသည်။

အဆိပ်မခတ် ကြပါနဲ့ ...

29 November 2008


အင်တာနက်ပေါ်က စာရေးသူ ဘလော့ဂ်ဂါတွေ မှားရင်တော့ ၀ိုင်းတွယ်လိုက်ကြတာ သောက်သောက်လဲပါပဲ။ အခုလိုစာမူခွင့်ပြုချက်တွေ၊ စာပေစိစစ်ရေးတွေနဲ့ ထုတ်ဝေတဲ့ မီဒီယာတွေက မှားရင်တော့ ဘယ်သူတွေက တာဝန်ယူမလဲဆိုတာ စိတ်ဝင်စားမိပါတယ်။ဒီစာက နိုဝင်ဘာ ၂၈ ရက်နေ့ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ်မှာပါလာတာပါ။ ပုံကတော့ အားလုံးသိကြတဲ့ အတိုင်းကျွန်တော့် တူမတော်ကြီး Dream ကပျော်စေပျက်စေ ဆိုပြီး သူ့ဘလော့ဂ်မှာ ဖေါ်ပြခဲ့တဲ့ ပုံတွေပါ။ ဒီကတည်းက ဘလော့ဂ်ဂါအားလုံးက photo effect ဆိုပြီး နားလည်မှတ်ချက် ချထားတဲ့ပုံပါ။ သာမာန်လူပြိန်းတွေတောင် မဖြစ်နိုင်ဘူးလို့ သတ်မှတ်
ထားတဲ့ ပုံတွေကို တကယ်ပဲရှိသယောင်ယောင်ရေးပြီး ဘာသာရေးရှု့ထောင့်ကနေပါ လိုရာဆွဲသွင်းသွားတဲ့ စာရေးသူ မြနန်းရှင်ဆိုသူကို တကယ်ပဲ အံသြမိပါတယ်။ ပြီးတော့ ဂျာနယ်တိုက်က တာဝန်ရှိ လူကြီးမင်းများအားလုံး....။ ကျွန်တော်တို့နဲ့က အဆင့်ခြင်း မိုးနှင့်မြေ မကကွာခြားပါတယ်။ ကျွန်တော်တို့က ၀ါသနာအရ ဘလော့ဂ်ပေါ်တက်ကာ သတင်းတွေ၊ ရသတွေ၊သုတတွေ ရေးကြသော်လည်း တာဝန်ယူမူ့ခြင်းက ကွာတယ် ထင်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ထမင်းကိုယ်စားပြီး၊ ကိုယ့်စာကိုယ်ရေးနေကြတာပါ။ စာမူခတို့ဘာတို့လည်းမရှိ၊ ဖတ်တဲ့သူကလည်း တစ်စုံတစ်ရာ အခကြေးငွေပေးစရာမလိုပဲ ဖတ်လို့ရတဲ့
ဘလော့ဂ်တွေပါ။ ဒါပေမယ့် ဘလော့ဂ်ဂါ တော်တော်များများဟာ အသိဥာဏ် အမှားတွေ မပေးမိအောင်လို့ သတိထားကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ တစ်ယောက်တည်းကရေးနေရပေမယ့် ကိုယ့်စာကိုယ်တော့ အတတ်နိုင်ဆုံး မှန်ကန်အောင်တာဝန်ယူကြရပါတယ်။

အခုတော့ ပရိတ်သတ်ဆီက ပိုက်ဆံလည်းယူတယ်။ ၀ိုင်းဝန်း တည်းဖြတ် လုပ်ဆောင်နေသူတွေကလည်း တစ်ပုံကြီး၊ တာဝန်ခံအယ်ဒီတာများကလည်း စာနယ်ဇင်းလောကမှ သိက္ခာနဲ့ နေလာသူတွေက ဒီလိုစာမျိုးကို သူတို့ဂျာနယ်မှာ တင်ခွင့်ပေးလိုက်တာဟာ တကယ်တော့ ပရိတ်သတ်ကို အဆိပ်ခတ်လိုက်တာပါပဲ။ တစ်နည်းပြောရရင် ဖွလိုက်တယ်လို့ပဲ ပြောရမှာပါ..။ကွန်ပြူတာနဲ့ photo effect အကြောင်းနားလည်တဲ့ မြို့ပြလူတန်းစားအတွက် အရေးမကြီးပေမယ့် ဒီပညာရပ်တွေ၊ သဘောတရား တွေကို နားမလည်တဲ့ နယ်ကလူတွေအတွက်ဆို ဒီဓါတ်ပုံနဲ့ စာတွေကိုပဲ အတည်ကြီးမှတ်သွားပြီး စာပေအဆိပ်သင့်သွားမယ်
ထင်ပါတယ်။ ဒီစာပိုဒ်ကို သတင်းလိုရေးတဲ့ စာရေးသူရဲ့ ရည်ရွယ်ချက်ကတော့ ကံစွမ်းအားကြောင့် ရုပ်၊နာမ်တွေဟာအမျိုးမျိုး ဖြစ်နိုင်ကြောင်းကို ရေးသားတဲ့အတွက် ရည်ရွယ်ချက်က ကောင်းပါတယ်လို့ ဆိုချင်ပေမယ့် ဒီလို ပုံမျိုးနဲ့တော့ ပရိတ်သတ်ကို မလိမ်ညာသင့်ပါဘူး....။ ကြည့်ရတာ ဂျာနယ်က လူကြီးမင်းတွေကလည်း မရှိဘူးဆိုတာ သိသိကြီးနဲ့ထည့်ပေးပြီး၊ နောက်တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ထုတ် ဂျာနယ်ကြမှ ရှင်းလင်းချက်တွေ ဘာတွေဆိုပြီး သတင်းတစ်ပုဒ်ထပ်ရေးမလို့နဲ့ တူပါတယ်....။ ကောင်းပါတယ်ဗျာ... ပိုက်ဆံလည်းပေးရသေးတယ်...။ အဆိပ်လည်း ခပ်ခံရသေးတယ်..။
ကျွန်တော်တို့မှားရင်တော့ ၀ိုင်းအာကြပေါ့...။ ခင်ဗျားတို့မှားတော့ .... တောင်းပန်ခြင်း၊ရှင်းလင်းခြင်းဆိုပြီး သတင်းတစ်ပုဒ် ထပ်ရေးပေါ့...။ ဂျာနယ်စာမျက်နှာမှာ.... စာတွေပြည့်ဖို့ မပူရတော့ဘူး။ ကိုယ့်မျက်ချေးလေး လည်း ကိုယ်မြင်အောင် ကြည့်ကြဦး ဆရာတို့ရေ...။

သြော် ဒါနဲ့ တူမကြီး ဒရင်းရေ ညည်းမေးတဲ့ သူက ဘယ်ကလဲဆိုတဲ့ အဖြေကိုလည်း ဒီစာရေးသူက ပဲဖြေထားတယ်ကွယ့်။စာထဲက စာလုံးပေါင်းအတိုင်းကတော့ အီရှန်နိုင်ငံသား၊ ပါရှန်းလူမျိုးဆိုပဲ။ ဒါပေမယ့် အီရှန်နိုင်ငံဆိုတာကိုလည်း မောင်ဖားကြီးအနေနဲ့ တစ်ခါမှ မကြားဖူးတာကြောင့် စာပြင်ဆရာတွေလက်စွမ်း ပြလို့ အီရန်ကနေ အီရှန်ဖြစ်သွားတာ တူပါတယ်ကွယ်။ဒီလိုအီရှန် အဲလေ အီရန်နိုင်ငံသား တစ်ယောက် ရှိနေတာကို အမာဒီနီဂျက် တို့တော့ ဂုဏ်ယူနေမလား ဒါမှမဟုတ် အလ္လာရဲ့ အပြစ်ပေးမူ့လို့ တွေးနေလေမလားပဲ...။ တကယ်ရှိတယ်ဆိုရင်တော့ အလီခါမန်နိုင်း တောင် နာမည်ကျသွားဖို့ အလားအလာ
ရှိနေတယ်....။ ကိုအီရန်သားရေ.... ခင်ဗျားလည်း solid ဂီတာတွေ၊ ကီးဘုတ်တွေ၊ ကွန်ပြူတာတွေနဲ့ပဲ အချိန်ကုန်မနေနဲ့ဦး၊ကိုယ့်နိုင်ငံအခြေအနေနဲ့ လည်းလိုက်လျောညီထွေအောင်နေဦးဗျ...။ ခင်ဗျားကိုတော့ အိမ်သာ ကမုတ်ခွက်ပေါ် ကပုံကိုကြည့်ပြီး တရားယူတတ်တဲ့သူတွေက သနားစရာဝဋ်ကောင်လို့ ပြောနေကြလေရဲ့ ဗျို့.......။

Ten Things I Hate About Myself

26 November 2008

တစ်နေ့တစ်၌ ကျွန်ုပ်သည် မိမိ၏ ဘလော့ဂ်ကိုဝင်ခိုက် အလွန်တရာ အငြိမ်မနေသော ဟန်သစ်ငြိမ်ဟု အမည်ရသည့်ဘလော့ဂ်ဂါ အစ်ကိုကြီး ဟန်သစ်ငြိမ်သည် မိမိကိုယ်ကို မုန်းသည့်အချက် ၁၀ ချက်ဟူသော အကြောင်းဖြင့် tag ရာတွင်ကျွန်ုပ်သည် မိမိကိုယ်ကို အမှန်တကယ်အားဖြင့် မုန်းတီးလွန်းလှ ခြင်းမရှိသော် လည်း တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုမကြိုက်သော အချက်များအား စဉ်းစားမိပြီးလျှင် ၁၀ ချက်မက များပြားလှသော်လည်း tag ခြင်းထုံးဓလေ့အရ ပိုပြီးစကားရှည်ရန် မသင့်လျော်သဖြင့် ကိုယ့်ကိုယ်ကို မုန်းတီးသော အချက်များထဲမှ ၁၀ ချက်အား selection ထုတ်နှုတ်ကာ Ten things I hate about myself ဟူသော အမုန်းစာရင်းကို ပြုစုလိုက်လေသည်။

ကျွန်ုပ်သည် ငယ်စဉ်က လူအများက အနည်းငယ်မျှ ပြစ်တင်ပြောဆိုရုံလောက်ဖြင့် ငိုကြွေးတတ်ပြီး၊ အရွယ်ရောက်လတ်သော်ထိုအကျင့်မှာ လျော့ပါးပျောက်ကွယ်သွားသော်လည်း၊ လူတို့၏ စကားသံများအား တစ်ခါတစ်ရံ မိမိကို အပြစ်တင်ပြောလေသည်လားဟု အထင်ရောက်မိပါသည်။ တကယ်တော့ ထိုအရာသည် ကျွန်ုပ်ကိုယ်ကျွန်ုပ် သံသယ ကြီးလွန်းခြင်းသာ ဖြစ်လေသည်။ကိုယ့်ကိုယ်ကိုယ် သံသယကြီးတတ်သော ကျွန်ုပ်၏ စိတ်ကို မုန်းတီးလှပါသည်။

သူငယ်ချင်း မိတ်ဆွေများထံမှ ပိုက်ဆံချေးတတ်သော ကျွန်ုပ်သည် ပြန်ဆပ်ရာတွင်မူ အလွန်နှမြော တွန့်တိုတတ်ပါသည်။တကယ်တော့ ကိုယ့်ကိုယုံကြည်၍ ချေးသောသူကို ထိုကဲ့သို့စိတ်မျိုးထားရန် မသင့်လျော်ကြောင်းသိသော်လည်း ကျွန်ုပ်သည်ပြန်ဆပ်ခါနီးတိုင်း ထိုကဲ့သို့စိတ်မျိုးဖြစ်ပေါ်တတ်ပါသည်။ ထိုအကျင့်ကိုလည်း မုန်းပါသည်။( ထိုအကျင့်ကို မုန်းသောကြောင့် ပြင်မည်ဟု ယတိပြတ် ဆုံးဖြတ် နေသောကြောင့် ကျွန်ုပ်အား ပိုက်ဆံချည်းလိုသူများ ဤနေရာတွင် စာရင်းပေးသွင်းနိုင်ပါသည်။
ဤကား.... စကားချပ်)

လူအများသည် မိမိထက် အသက်အရ၊ ၀ါအရ ကြီးသော သူများနှင့် စကားပြောဆိုဆက်ဆံရာတွင် အရိုအသေ ကောင်းများပေးမည်ဖြစ်သော်လည်း၊ မလွှဲမရှောင်သာ၍ ကိုယ်မကြည်ညိုသူများအား လေးစားသမူ့ပြုရရာတွင် စိတ်ညစ်ညူးကြမည် အမှန်ဖြစ်ပါသည်။ ကျွန်ုပ်သည်လည်း ထိုအချိန်မျိုးတွင် မျက်နှာကြီးအား ဖြီးထား၍ အလွန်ပင် ဟန်ဆောင်နေရသော်လည်း၊ တကယ်တမ်းတော့ ထိုကဲ့သို့ ဟန်ဆောင်ရခြင်းမျိုးကို မုန်းပါသည်။ ထိုအချိန်တွင် ဖြစ်နေသည့် ကျွန်ုပ်၏ မျက်နှာစပ်ဖြီးဖြီး ကြီးအားလည်း တွေးမိသည်နှင့် အော့နှလုံးနာကာ အလွန်မုန်းတီးမိပါသည်။ သို့သော် ကျွန်ုပ် မည်သို့မျှ မတတ်နိုင်ပါ။ ဘ၀သည် ဟန်ဆောင်ခြင်းများဖြင့် ဖုံးအုပ်ထားသော ကပွဲတစ်ခုလည်း ဖြစ်ပေသည်။

သူငယ်ချင်းများနှင့် အောင်ပွဲခံလျှင် ယမကာသည်လည်း ကျွန်ုပ်တို့အသိုင်းအ၀ိုင်းကြားတွင် မပါမဖြစ် ဖြစ်လာသည်။ အလွန်အကျွံသောက်မိသောကြောင့် အရက်နာကျကာ အရက်ကိုမုန်းတီးသွားသော်လည်း ထိုစိတ်မှ ခဏပင်ဖြစ်လျှက် နောက်နေ့နောက်နေ့များတွင် ပွဲလမ်းတစ်ခုရှိသည်နှင့် ပြန်လည်သောက်ရန် လက်မနှေးသောကြောင့် မုန်းတီးရမည့်အရာမှာ မပြတ်သားသော ကျွန်ုပ်၏ စိတ်သာဖြစ်လေသည်။

ကျွန်ုပ်ဘ၀တွင် ကျွန်ုပ်အား သန့်စင်သော စေတနာဖြင့် မေတ္တာထားသူများရှိသော်လည်း ကျွန်ုပ်စိတ် အလိုမကျသည်နှင့် ထိုသူများအား ပြစ်တင်ပြောဆိုလိုစိတ်များဖြစ်တတ်ပါသည်။ ထိုနောက်ပိုင်းတွင်လည်း အမြဲနောင်တရ၍ ပြစ်မှားမိသော ကျွန်ုပ်ကိုယ်ကျွန်ုပ်အား မုန်းတီးမိပါတော့သည်။

မိုးနည်းနည်းအေးသည်နှင့် သို့မဟုတ် အကြောင်းတိုက်ဆိုင်သည်နှင့် ကျွန်ုပ်၏ ကျောက်ကပ်သည်
အမြဲလိုလို ဒုက္ခပေးလေ့ ရှိသည်။ တစ်နေ့တစ်၌ ရည်ရွယ်ထားသော မိန်းကလေးတစ်ယောက်အား ကားမှတ်တိုင်တွင် စကားပြောနေခိုက် သူမကလည်း ကျွန်ုပ်အား ထို့နေ့တွင်မှ ထူးထူးခြားခြား မျက်နှာသာ ပေးကာ ရွှင်လန်းဖွယ်စကားများ ပြန်လည်ပြောကြားနေတုန်း ကျွန်ုပ်သည် ဆီးအလွန်သွားချင်လာလေသည်။ ထို့ကြောင့် ခဏနော်ဆိုကာ အနီးအနားမှ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ကိစ္စဖြေရှင်း ပြီးနောက် ကားမှတ်တိုင်သို့ ပြန်လာရာတွင် သူမကို မတွေ့ရတော့ပေ။ မှီရာ ကားတစ်စင်းနှင့် ထွက်သွားခြင်းဖြစ်ပေသည်။
ဇာတ်လမ်းကောင်းချိန်မှ ဒုက္ခပေးတတ်သော ကျွန်ုပ်၏ ကျောက်ကပ်အား မုန်းတီးမိပါတော့သည်။

ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသောကြောင့် မကြာခဏဆိုသလိုပင် အရှုံးများနှင့်ရင်ဆိုင်ရလေ့ရှိသော ကျွန်ုပ်သည် အရှုံးများကို မုန်းတီးခြင်း မရှိသော်လည်း အထင်ကြီးတတ်သော ကျွန်ုပ်၏ စိတ်ကိုမူ အလွန်မုန်းတီးမိပါသည်။

ကာလသုံးပါး၊ အရိပ်သုံးပါး၊ လောကသုံးပါး အစရှိသော သုံးပါးသော တရားများကို နားမလည်ပဲ ၀င်လျှာရှည် တတ်သောကြောင့် အလွဲလွဲအချော်ချော် များဖြစ်ရာတွင် လျှာရှည်မိသော ကိုယ့်ပါးစပ်အား ကိုယ်ပိတ်ရိုက်ချင် စိတ်ပင်ဖြစ်ပေါ်လာပြီး ထိုပါးစပ် အားပြောခွင့်ပေးသော ကျွန်ုပ်၏ ဦးနှောက်သေးသေးကိုလည်း မုန်းတီးပါသည်။

အချိန်ကို အကောင်းစား ၀ိုင်တစ်ခွက်လို ဇိမ်ခံသောက်သုံးတတ်သော ကျွန်ုပ်သည် ထိုအကျင့်ကြောင့်ပင် ရထားများတစ်စင်းပြီးတစ်စင်း ၀င်လာကာ လူအများကလိုရာထွက်သွားကြသော်လည်း ကျွန်ုပ်မှာမူ ဘူတာရုံထဲတွင်သာ ရပ်လျက် ကျန်ခဲ့ပါသည်။ အချိန်ဖြုန်းတီးမိသည်ဟု နောင်တများရလာသောအခါ ယနေ့ကျွန်ုပ်သည် မနေ့ကကျွန်ုပ်ကို မုန်းတီးမိပါ တော့သည်။ သို့သော် ထိုအချိန်ဖြုန်းသော အကျင့်ကတော့ ယနေ့အထိ မပျောက်နိုင်သေးပေရာ ယနေ့အချိန်ဖြုန်းမိသော ကျွန်ုပ်ကို မနက်ဖြန်တွင် ကျွန်ုပ်က မုန်းတီးကောင်းမုန်းတီးမိပေလိမ့်မည်။

ကိုယ့်ကိုယ်ကို မုန်းတီးသော ကိစ္စများတွင် ကျွန်ုပ်ကိုယ်ကျွန်ုပ် နောင်တများအပြည့်ဖြင့် မုန်းတီးသော ကိစ္စမှာ ရိုးသားမူ့ကို သစ္စာဖေါက်မိခြင်းဖြစ်သည်။ နာမည်အတွက်၊ ဂုဏ်သိက္ခာအတွက်၊ ကျော်ကြားမူ့အတွက် ရိုးသားခြင်းကို သစ္စာဖေါက် မိခဲ့သော ကျွန်ုပ်သည် ထိုအပြုအမူအတွက် လွန်စွာရှက်ရွံ့သည့်အပြင် ထိုအကျင့်ဆိုးကြီးအားလည်း အလွန်မုန်းတီး ပါသည်။ သစ္စာဖေါက်ခဲ့သမျှ အဖြစ်များတွင် အနုပညာအား သစ္စာဖေါက်ချင်သော စိတ်ဓါတ်ဆိုးကြီးအားလည်းအမုန်းတီးဆုံးပင် ဖြစ်ပါတော့သည်။

ဤကား ကျွန်ုပ်ကိုယ်ကျွန်ုပ် မုန်းတီးသော အချက်များထဲမှ ၁၀ ချက်အား ရွေးချယ်ဖေါ်ပြခြင်း ဖြစ်ကာ tag တို့၏ ထုံးစံဓလေ့ အရ မည်သူ့ကို ဆက်လက် tag ရမည်နည်းဟု စဉ်းစားမိလတ်သည်ရှိသော် ကျွန်ုပ်သည် အောက်ပါသူတို့အား တွေးတောမိလေသည်။

ပလွေအိပ်မက်

25 November 2008


"ရော့၊ ဒီမှာ" ကျွန်တော့်အဖေက ဆင်စွယ်ပလွေငယ်တစ်ချောင်းကို ပေးရင်းပြောပါသည်။

"ဒီဟာကိုယူ ဒီပလွေကိုမှုတ်ပြီးရပ်ဝေးမြေခြားက လူတွေကိုဖျော်ဖြေတဲ့အခါမှာတော့ အဖေအိုကြီးကို မမေ့နဲ့ပေါ့ကွာ။ မင်းကမ္ဘာလောကကြီးကို ထွက်ကြည့်ပြီး အသိပညာရရှိဖို့အချိန်တန်ပြီကွယ်။ ငါဟာမင်းအတွက် ဒီပလွေကို ပြုလုပ်ထားတာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မင်းကတခြားဘယ်အလုပ်ကိုမှ မကြိုက်နှစ်သက်ဘူး။ အမြဲတမ်းသီချင်းတွေကို ရွေးချယ်ဖို့သာ သေချာပါစေ။ ဒီလိုမှ မဟုတ်ရင်တော့ ဘုရားသခင်က မင်းကိုပေးလိုက်တဲ့လက်ဆောင်မွန်ဟာ ၀မ်းနည်းစရာဖြစ်သွားလိမ့်မယ်"

ကျွန်တော့်အဖေသည် ဂီတအကြောင်းကို သိပ်နားမလည်ပါ။ သူသည် ပညာရှင်တစ်ယောက်သာ ဖြစ်ပါ၏ ။ သူကကျွန်တော်လုပ်စရာရှိသမျှမှာ လှပသောဤပလွေငယ်ကို မှုတ်ရန်နှင့် ဒါဆိုလျှင်ပင် အားလုံးပြီးဆုံးသွားပြီ ဟု ထင်မြင်ယူဆထားလေသည်။ကျွန်တော်သည် သူ့ကိုလှည့်ဖြားလိုစိတ်မရှိပါချေ။ ထို့ကြောင့်ပင် ကျေးဇူးတင်စကားများပြောဆိုပြီးနောက် ပလွေငယ်ကိုအိတ်ထဲ ထည့်ကာ ခရီးထွက်လာခဲ့ပါတော့သည်။

ကျွန်တော်တို့၏ တောင်ကြားရပ်ဝန်းဒေသထဲမှာ လယ်တောစက်ရုံကြီးအထိသာလျှင် ကျွန်တော်ကျွမ်းဝင်မူ့ ရှိခဲ့သည်။ ထို့ကြောင့်ပင် ဤမှအလွန်၌ ကမ္ဘာလောက စတင်ပါတော့သည်။ ကျွန်တော်သည်အကြီးအကျယ် ပျော်ရွှင်ခဲ့ပါ၏ ။ ပျားငယ်လေး တစ်ကောင်သည် ပျံသန်းလာရာမှ ညောင်းညာလာသဖြင့် ကျွန်တော့်အင်္ကျီလက်ပေါ်မှာလာနားသည်။ ကျွန်တော်ကလည်း သူ့ကိုခေါ်လာခဲ့သည်။ ဤသို့အားဖြင့် နောင်အခါ ပထမ ဦးဆုံးရပ် နားသည့် နေရာရောက်ရှိလျှင် ကျွန်တော်နှုတ်ခွန်းဆက်စကားကို အိမ်သို့ပြန်ပို့ ပေးမည့် သံတော်ဆင့်တစ်ဦး ရရှိမည်ဖြစ်လေသည်။

တောအုပ်များနှင့် မြက်ခင်းများက လမ်းခရီးတွင် ကျွန်တော့်ကိုအဖေါ်ပြုကြသည်။ မြစ်ပြင်ကလည်း ကျွန်တော့်ဘေးမှာရွှင်မြူးစွာ ပြေးလွှားနေလေသည်။ သစ်ပင်များ နှင့် ပန်းများ၊ ကောက်နှံများ၊ သီးပင်ချုံပုတ်များက ကျွန်တော့်ကိုစကားဆိုကြသည်။ကျွန်တော်က သူတို့ တေးသီချင်းကိုပင် သူတို့နှင့်အတူ လိုက်ဆိုခဲ့ကြသည်။ ဇာတိမြေမှာကဲ့သို့ပင် သူတို့သည်ကျွန်တော့်ကိုနားလည်ကြပေသည်။ သီချင်းဆိုမူ့ကြောင့် ပျားငယ်နိုးလာသည်။ သူသည် ကျွန်တော့်ပုခုံးပေါ်သို့ ဖြည်းဖြည်းတွားတက်လာ၏ ။ထို့နောက် ပျံတက်ကာ နက်ရှိုင်းချိုမြသော တ၀ီဝီမြည်သံဖြင့် ကျွန်တော့်ကို နှစ်ကြိမ်တိုင်ပတ်ပြီးဝဲသည်။ ပြီးမှ အိမ်ရှိရာဆီသို့
မြားတစ်စင်း ပမာ တန်းတန်းမတ်မတ်ဦးတည်သွားလေတော့သည်။

ဤအချိန်မှာပင် သစ်တောအတွင်းမှ မိန်းကလေးငယ် တစ်ယောက်လမ်းလျှောက်ထွက်လာသည်။ သူမ၏ လက်မှာ ခြင်းတောင်းတစ်လုံး ကိုင်ထားပြီး ဆံပင်နီနီ ဦးခေါင်းတွင် ကောက်ရိုးဦးထုပ် အပြန့်ကြီး ဆောင်းထားလေသည်။

"ဘုရားသခင်စောင့်ရှောက်ပါစေ"

ကျွန်တော်က သူမကိုပြောလိုက်သည်

"မင်းဘယ်ကိုသွားမလို့လဲ"
"ကျွန်မကောက်ရိတ်သမားတွေအတွက် ညနေစာယူလာတာပါ"

သူမကကျွန်တော့်ဘေးမှ လျှောက်ရင်းပြောသည်။

"ရှင်ကရော ဒီနေ့ဘယ်ကို သွားမှာလဲ"

"ကိုယ်က ကမ္ဘာလောကထဲကို သွားနေတာပါ။ ကိုယ့်ရဲ့အဖေက စေလွှတ်လိုက်တာပေါ့၊ ကိုယ်ဟာ ဒီပလွေနဲ့ဂီတပွဲတွေကိုတင်ဆက်ပေးသင့်တယ်လို့ သူကယူဆထားတယ်လေ။ ဒါပေမယ့် တကယ်တမ်း ဘယ်လိုလုပ်ရမယ်ဆိုတာ ကိုယ်မသိသေးဘူး၊ အရင်ဆုံးအားဖြင့်တော့ ကိုယ်သင်ယူရဦးမှာပေါ့လေ"

"ကောင်းပါပြီ ရှင်ဘာကိုတကယ်လုပ်နိုင်သလဲ လူတိုင်းဟာ တစ်စုံတစ်ခုတော့ စွမ်းဆောင်နိုင်ရမှာပေါ့"

"အထူးအထွေတော့ ဘာမှမရှိပါဘူး၊ ကိုယ်ဟာ သီချင်းတွေတော့ ဆိုနိုင်ပါတယ်"
"ရှင်ကဘယ်လို သီချင်းမျိုးတွေ ဆိုတာလဲ"
"သိတဲ့ အတိုင်းသီချင်းက တော့အမျိုးမျိုးပါပဲ၊ မနက်ခင်းနဲ့ ညခင်းအတွက်ရယ်၊ သစ်ပင်ပန်းမန် တိရစ္ဆာန်တွေအားလုံးအတွက်ရယ်၊ အခု ဥပမာ တစ်ခုအားဖြင့် ကောက်ရိတ်သမားများအတွက် ညစာယူပြီး သစ်တောထဲက ထွက်လာတဲ့ မိန်းမပျိုလေး တစ်ယောက်အကြောင်း သီချင်းလှလှပပလေး တစ်ပုဒ်ကိုယ်ဆိုပြနိုင်ပါတယ်"
"ရှင်တကယ်ပဲ ဆိုနိုင်သလား၊ ဒါဖြင့် ဆိုပြစမ်းပါ"
"ကောင်းပြီလေ၊ နို့ မင်းနာမည်က ဘာတဲ့လဲ"
"ဘရစ်ဂျစ်"

ထို့နောက်ကျွန်တော်သည် ကောက်ရိုးဦးထုပ်ဆောင်းထားသော အလှပျိုဘရစ်ဂျစ် အကြောင်းနှင့် ခြင်းတောင်းထဲမှာပစ္စည်းများယူဆောင်လာပုံ၊ ပန်းပွင့်များအားလုံးက သူမကို ၀ိုင်းပြီးကြည့်နေကြပုံ၊ ဥယျာဉ်ခြံစည်းရိုးမှာ အပြာရောင်ကန်စွန်းပန်းနွယ်များက သူမနောက်သို့ ကိုင်းညွှတ်လိုက်ကြပုံနှင့် အခြားထွေထွေရာရာများကို သီချင်းတစ်ပုဒ်ဆိုပြလိုက်သည်။သူမက အလွန်မှပင်အာရုံစူးစိုက်ပြီးနောက် ကောင်းသည်ဟုဆိုလေသည်။ ထို့နောက် ကျွန်တော်က ဆာလောင်နေကြောင်းပြောပြသည့်အခါ သူမက ခြင်းတောင်းအဖုံးကို လှပ်ပြီး ပေါင်မုန့်တစ်စ ထုတ်ပေးလေသည်။ ကျွန်တော်က တစ်ဖဲ့ကိုက်စားပြီး
လမ်းမြန်မြန်လျှောက်သောအခါ သူမကဤသို့ဆိုသည်။

"ရှင်စားနေတုန်း ပြေးလို့မဖြစ်ဘူးလေ။ တစ်ခုပြီးမှ တစ်ခုပေါ့"
သို့နှင့် ကျွန်တော်တို့မြက်ခင်းပေါ်မှာ ထိုင်ကြပြီး ကျွန်တော်က ပေါင်မုန့်စားသည်။ သူမက အညိုရောင် လက်များကို ဒူးနှစ်ဘက်မှာ ပိုက်ထားကာ ကျွန်တော့်ကိုကြည့်နေ၏ ။

"ကျွန်မအတွက် ရှင် အခြား တစ်ခုခု ဆိုပြဦးမလား" ကျွန်တော်စားအပြီးတွင် သူမကပြောလိုက်သည်။

"ဆိုပြရမှာပေါ့လေ... ဒီတစ်ခါ ဘာအကြောင်းဖြစ်မလဲ"
"ချစ်သူအဝေးကို ပြေးထွက်သွားလို့ ပူဆွေးနေတဲ့ မိန်းကလေး တစ်ယောက်အကြောင်း"
"ဟင့်အင်း၊ အဲ့ဒါတော့ မဆိုနိုင်ဘူး။ အဲဒါ ဘယ်လိုနေမလဲ ဆိုတာကို မသိဘူး။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ဟာ သိပ်ပြီးပူဆွေးမနေသင့်ဘူး။ ကိုယ်ဟာ တောက်ပတဲ့ ပျော်ရွှင်ဖွယ်ရာ သီချင်းတွေကိုသာ သီဆိုရမယ်။ ကိုယ့်အဖေက အဲဒီလိုမှာထားတယ်။ ကိုယ်ဟာ ဥသြငှက်လေးအကြောင်း ဒါမှမဟုတ် လိပ်ပြာလေး အကြောင်း သီဆိုပြနိုင်ပါတယ်"

"ဒါဖြင့် ရှင်ဟာ အချစ်အကြောင်း ဘာမှမသိဘူးပေါ့" သူမကမေးသည်။
"အချစ်အကြောင်း ဟုတ်စ၊ ကိုယ်သိပါတယ်။ အဲဒါဟာဖြင့် အားလုံးထဲမှာ အလှပဆုံးအရာပေပဲ"

ကျွန်တော်က ပေါ်ပီ ပန်းနီနီများနှင့် ချစ်ကျွမ်းဝင်နေသော နေရောင်ခြည်တန်းများအကြောင်းနှင့် ပျော်ရွှင်ခြင်း ပြည့်လျှမ်းလျက်ကစားမြူးတူးကြပုံများ အကြောင်း ကောက်ကာငင်ကာ ဆိုပြလိုက်သည်။ ထို့ပြင် ငှက်ပုတီး မလေးတစ်ကောင်က ငှက်ဖိုကိုစောင့်နေသည့် အကြောင်းနှင့် ငှက်ဖိုရောက်ရှိလာသည့်အခါ ငှက်မလေးက ထွက်ပြေးပြီးကြောက်ဟန်ဆောင်နေသည့် အကြောင်းထို့ပြင် ဆက်လက်၍ မျက်ဝန်းညိုရှိသော မိန်းကလေး တစ်ယောက်အကြောင်းနှင့် လူငယ်တစ်ဦးရောက်ရှိလာပြီး သီချင်းဆိုပြသည့်အခါ ပေါင်မုန့်တစ်စ ဆုချခံ ရသည့်အကြောင်း ယခုတော့ လူငယ်သည်ပေါင်မုန့်မလိုချင်တော့ဘဲ မိန်းကလေးထံမှအနမ်း တစ်ခုကိုသာ လိုချင်နေပြီး မျက်ဝန်းညိုများကို စိုက်ကြည့်ချင်နေကြောင်း သူသည်သီချင်းကို ဆက်ပြီးဆိုနေမည်ဖြစ်ကာ သူမကပြုံးလျက် သူ့ပါးစပ်ကို သူမ၏ နှုတ်ခမ်းအစုံဖြင့် ပိတ်မပေးမချင်း ဆက်ဆိုနေမည်ဖြစ်ကြောင်း။

ဤတွင် ဘရစ်ဂျစ်က ကျွန်တော့ပါးစပ်ကို သူမ၏နှုတ်ခမ်းလွှာဖြင့် ပိတ်ပေးလေသည်။ သူမသည် မျက်လုံးကို မှိတ်ထားပြီးနောက်ဖွင့်ခဲ့ပြန်၏ ။ ကျွန်တော်သည် ရွှေညိုရောင်ကြယ်ပွင့်များကို စိုက်ကြည့်ပြီး ၎င်းတို့တွင် ကျွန်တော့်ပုံရိပ်နှင့် မြက်ပွင့်ဖြူဖြူများရောင်ပြန်ဟပ်လျှက် ရှိခြင်းကို မြင်တွေ့ခဲ့ရပါပြီ။

"ကမ္ဘာကြီးဟာ သိပ်ကိုလှပါတယ် ။ ကျွန်တော်က ပြောလိုက်သည်။ ကိုယ့်အဖေပြောတာမှန်တယ်၊ အခုမင်းခြင်းတောင်းကိုကိုယ်ကူသယ်ပေးမယ်၊ မင်းလူတွေဆီကို သွားကြစို့"

ကျွန်တော်သည် ခြင်းတောင်းကို ကောက်ယူပြီး လမ်းဆက်လျှောက်ခဲ့ပြီး သူမ၏ ခြေလှမ်းများသည် ကျွန်တော် နှင့် ပြိုင်တူ ဖြစ်ကာ သူမ၏ရွှင်လန်းမူ့သည်လည်း ကျွန်တော်နှင့် လိုက်ဖက်ညီနေပေသည်။ တောင်တန်းမြင့် ကြီးဆီမှ သစ်တောများကလည်း အေးချမ်းညင်သာစွာ တီးတိုးစကားများဆိုနေကြသည်။ ကျွန်တော်သည် ဤမျှများပြားသော ကြည်နူးစရာများနှင့်ခရီးမသွားခဲ့ဖူးချေ။ ကျွန်တော်သည် ပျော်ရွှင်ပေါ့ပါးစွာနှင့် အတန်ကြာမျှ သီချင်းများဆိုနေခဲ့၏ ။ နောက်တော့ အလွန့်အလွန် အလျှံပယ် ဖြစ်လာခြင်းကြောင့် ရပ်ပစ်လိုက်ရတော့သည်။ သစ်ပင်ရေမြေတောတောင် သြကာသလောကကြီးမှ လာနေသော အင်္လကာ တေးသီချင်းတွေက များလွန်းနေ၏ ။

ထို့နောက် ကျွန်တော်ဆင်ခြင်တွေးတောကြည့်မိ၏ ။ အကယ်၍သာ ကျွန်တော်သည် ကမ္ဘာလောကကြီး၏ တေးသီချင်းထောင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်းမှာ နားလည်သီဆိုနိုင်ခဲ့ပါလျှင် မြက်ခင်း၊ ပန်းပွင့်၊ လူ၊ တိမ်တိုက်နှင့် အရာအားလုံးတို့ ၏အကြောင်း အရွက်သိပ်သည်းသော သစ်တောများ၊ ထင်းရူးတောများနှင့် တိရစ္ဆာန်အားလုံးတို့၏ အကြောင်း၊ အဝေးပင်လယ်ပြင်တောင်စဉ်တောင်တန်းများနှင့် လမင်း ကြယ်စင်တို့၏ အကြောင်းများသည် ကျွန်တော့်ကိုယ်တွင်းမှာ တေးသံများ မြည်လာ နိုင်မည်ဆိုပါလျှင် ကျွန်တော်သည် စေတစ်လုံးပိုင်ရှင်ဖြစ်လာပါလိမ့်မည်။ တေးသီချင်း တစ်ပုဒ်တိုင်းသည်လည်း ကောင်းကင်မှာ ကြယ်တစ်စင်း အဖြစ်နေရာ ယူလာပါလိမ့်မည်။

ဤအကြောင်းအရာကို စဉ်းစားနေစဉ် ကျွန်တော်၏ အတွင်းပိုင်းထဲမှာ လုံးဝပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့၏ ။ ကျွန်တော့်စိတ်ထဲမှာ ဤသို့ ယခင်က တစ်ကြိမ်မှ မဖြစ်ပေါ်ခဲ့ဖူးသဖြင့် အံ့သြခြင်းလည်း ပြည့်လျှမ်းနေခဲ့၏ ။ ဘရစ်ဂျစ်က ရပ်ပြီးခြင်းတောင်းလက်ကိုင်ကို ဆွဲလျက် ကျွန်တော့်ကိုတားသည်။

"ကျွန်မ ဒီလမ်းက သွားရတော့မယ်" သူမကပြောလိုက်သည်။ "ကျွန်မလူတွေက ဟိုအထက်က လယ်ကွင်းထဲမှာ ရှင်ကကောဘယ်ကိုသွားမှာလဲ၊ ကျွန်မနဲ့ အတူလိုက်ခဲ့မလား"

"ဟင့် အင်း... ကိုယ်မင်းနဲ့လိုက်လို့ မဖြစ်ဘူး။ ကိုယ်ကမ္ဘာကြီးထဲကို သွားရမယ်၊ ဘရစ်ဂျစ်ရေ ... ပေါင်မုန့်အတွက်ရောအနမ်းအတွက်ပါ သိပ်ပြီးကျေးဇူးတင်ပါတယ်ကွယ်။ ကိုယ် မင်းအကြောင်း စဉ်းစားနေမှာပါ။"

သူမက ညနေစာ ခြင်းတောင်းကိုယူသည်။ ထို့နောက် ၎င်းကိုကျော်၍ သူမ၏ မျက်လုံးများက ညိုမှောင်သော အရိပ်အာဝါသထဲတွင် ကျွန်တော့်အပေါ်သို့ ကိုင်းညွတ်လာကြပြန်သည်။ သူမ၏ နှုတ်ခမ်းများက ကျွန်တော့်ကို တွယ်ကပ်ထားကြသည်။သူမ၏ အနမ်းမှာ အလွန်ချိုမြ ကောင်းမွန်လွန်းလှသဖြင့် ကျွန်တော့်မှာ ၀မ်းသာမူ့ သက်သက်အတွက်ကြောင့်ပင် စိတ်မကောင်း ဖြစ်ခဲ့ရပါ၏ ။ နောက်တော့ ကျွန်တော်သည် မြန်မြန်ပင် ခွဲခွာနှုတ်ဆက်ပြီး လမ်းအတိုင်း မြန်မြန်လျှောက်ခဲ့လေသည်။

မိန်းကလေး တောင်စောင်းအတိုင်း ဖြည်းဖြည်းတက်သွားသည်။ တောအစပ်ရှိ သစ်ဖြူပင်ကြီး၏ အရိပ် အောက်မှာ ရပ်ပြီးကျွန်တော့်ကို ကြည့်နေသေး၏ ။ ကျွန်တော်က ဦးထုပ်ကို ခေါင်းပေါ်ရမ်းပြီး အချက်ပြ သည့်အခါ သူမကခေါင်းတစ်ချက်ညိတ် ပြပြီး သစ်ပင်ရိပ်ထဲမှာ ကွယ်ပျောက်သွားလေတော့သည်။ရုပ်ပုံကားချပ် တစ်ခုလို အသံတိတ်ပင်ဖြစ်လေ၏ ။

ကျွန်တော်သည် လမ်းအကွေ့တစ်ခုရောက်သည်အထိ ကိုယ့်အတွေးထဲမှာ နစ်မြုပ်ရင်းဆက်လာခဲ့သည်။ ထိုနေရာတွင် စက်ရုံတစ်ရုံရှိနေသည်။ စက်ရုံနံဘေးတွင် ရေထဲမှာ လှေတစ်စင်းဆိုက်ကပ်ထားပြီး လူတစ်ယောက် ရှိနေသည်။ ထိုလူသည် ကျွန်တော့်ကိုစောင့်နေဟန်ရှိသည်။ အကြောင်းမူ ကျွန်တော်က ဦးထုပ်ကို ကိုင်လျက် လှေပေါ်တက်လိုက်လျှင်ပင် လှေက ချက်ချင်း ထွက်ခွာပြီး ရေစုန်အတိုင်း သွားလေတော့သည်။ ကျွန်တော်က လှေအလယ်မှာထိုင်ပြီး ထိုလူက ပဲ့နေရာမှာထိုင်သည်။ကျွန်တော်က ဘယ်သွားကြမလဲဟု မေးသောအခါ သူကရီဝေသော မျက်လုံးပြာဖြင့် ကျွန်တော့်ကို စိုက်ကြည့်သည်။

"ခင်ဗျားကြိုက်တဲ့ ဘယ်နေရာဖြစ်ဖြစ်ပေါ့ သူကလေသံတိုးတိုးဖြင့် ပြောပြသည်။ ရေစုန်အတိုင်း သမုဒ္ဒရာ ထဲကို သို့မဟုတ်မြို့ပြကြီးတွေဆီကို ခင်ဗျားရွေးချယ်ပေါ့။ အားလုံးကို ကျုပ်ပိုင်ဆိုင်ပါတယ်။"

"အားလုံးကို ခင်ဗျားပိုင်တယ် ဟုတ်လား။ ဒါဖြင့် ခင်ဗျားဟာ ရှင်ဘုရင်ပေါ့"

"ဖြစ်နိုင်ပါတယ်" သူကဆိုသည်။ "ခင်ဗျားကတော့ ကဗျာဆရာတစ်ယောက်ပဲ။ အဲသလိုထင်ရတယ်။ ကျုပ်တို့ခရီးသွားကြရင်း သီချင်းတစ်ပုဒ်လောက် ဆိုပြပါဦး"

ကျွန်တော်သည် စိတ်ခံစားချက်ကို ထိန်းချုပ်ထားရပြီ။ တည်ကြည်ခန့်ညားသော ဤလူကြီးကြောင့် လည်းကောင်း၊ ကျွန်တောတို့လှေ မြစ်အတွင်း တိတ်ဆိတ်စွာ အမြန်သွားနေခြင်းကြောင့် လည်းကောင်း ကျွန်တော်ကြောက်ရွံ့လာသည်။ ကျွန်တော်သည်မြစ်အကြောင်းကို သီချင်းဆိုလိုက်၏ ။ မြစ်သည် လှေနာဝါ များကို သယ်ဆောင်လျက် နေရောင်ခြည်ကို ကြေးမုံပြင် ထင်ဟပ်ကာ ကျောက်ဆောင်ဆိပ်ကမ်းတွင် ပွက်ထနေ၏ ။ ၎င်းသည်ခရီးလှည့်လည် ခြင်းများပြီးဆုံးခြင်း ရောက်ရှိသည့်အခါ ပျော်ရွှင် နေလေ၏ ။

ထိုလူ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့လျက်ပင်ရှိနေလေသည်။ ကျွန်တော်သီချင်း ဆိုပြီးသွားသောအခါသူက အိပ်မက်မက်နေသူတစ်ယောက်ပမာ တိတ်ဆိတ်စွာခေါင်းညိတ်ပြသည်။ ထို့နောက် ရုတ်တရက်ပင် ကျွန်တော်အံ့သြသွားရအောင် သူကိုယ်တိုင်ကစတင်သီချင်းဆိုလေတော့သည်။ သူသည် မြစ်အကြောင်းနှင့် တောင်ကြားမြစ်ဝှမ်းအတွင်း မြစ်၏ခရီးစဉ်အကြောင်းကိုပင်သီချင်းဆိုခြင်းဖြစ်၏ ။ သူ့သီချင်းသည် ကျွန်တော့် ထက်ပိုပြီးလှပ ပိုပြီးအားမာန်ပါလှပေသည်။ သို့သော်သူ့သီချင်းထဲမှာတော့ အရာရာတိုင်းသည် တစ်မျိုးတစ်ဖုံ ခြားနားစွာ အသံထွက်နေကြ၏ ။

သူဆိုနေပုံအရ မြစ်သည်ရိုင်းစိုင်းကြမ်းတမ်းဆူညံသော လက်သရမ်းသူ တစ်ယောက်ကဲ့သို့တောင်ကုန်းများပေါ်မှ အမြန်ပြေးဆင်းလာနေသည်။ ထက်လှစွာသော သွားများဖြင့် စက်ရုံများ၊ တံတားခုံးများကို ဆန့်ကျင်တိုက်ခိုက် နေသည်။ ၎င်းသည်သယ်ဆောင်ရမည့် လှေမှန်သမျှကို ရွံ့ရှာမုန်းတီးသည်။ ၎င်း၏ လှိုင်းများနှင့် ရှည်လျားသော ရေမှော်ပင် စိမ်းများထဲတွင် ရေနစ်သူတို့၏ အလောင်းဖြူဖြူ ဖွေးဖွေးများကို ပြုံးလျက် ထွေးပိုက်ထားသည်။

ယင်းတို့အားလုံးကို ကျွန်တော်မည်သို့မှ မနှစ်သက်ပါ။ သို့သော် ၎င်း၏ အသံက အလွန်လှပပြီး အသိခက် နက်နဲနေလေရာကျွန်တော့်မှာ အကုန်လုံးရှုပ်ထွေးနေပြီး ကိုယ့်စိတ်ညစ်ညူးမှု့တွင်ပင် ငြိမ်ကြနေခဲ့လေသည်။ သိမ်မွေ့ လိမ္မာသော ဤသီချင်းသည်ကြီး ဆိုနေတာတွေသာ အမှန်တွေဖြစ်ခဲ့လျှင် ကျွန်တော့်သီချင်းများ အားလုံးသည် အဓိပ္ပါယ်မဲ့ပြီး ရူးမိုက်သော ကလေးကစားခြင်းမျှသာ ဖြစ်သွားပါတော့မည်။ ဤသို့ဆိုလျှင် ကမ္ဘာလောကသည် အောက်ခြေ၌ ကောင်းမွန်ခြင်းမရှိ၊ ဘုရားသခင်၏ နှလုံးတော်ကဲ့သို့ တောက်ပခြင်းမရှိ၊ မှောင်မိုက် မျှော်လင့်ချက်မဲ့ကာ မကောင်းဆိုးဝါး စိတ်အားငယ်စရာမျှသာ ဖြစ်ပါတော့မည်။ သစ်တောများ လှုပ်လှုပ်ရွရွ ဖြစ်ကြခြင်းများသည် ပျော်ရွှင်မူ့ကြောင့် မဟုတ်နာကျင်မူ့ကြောင့်သာ ဖြစ်ပါတော့မည်။

ကျွန်တော်တို့ရေလမ်းခရီးဆက်ခဲ့ကြသည်။ အရိပ်များ ရှည်လျားလာ၏ ။ ကျွန်တော်သီချင်းဆိုလိုက်သည့် အခါတိုင်းပင်သေချာရေရာမူ့ လျော့နည်းလာသည်။ ကျွန်တော့်အသံမှာလည်း တိမ်လာသည်။ အကြိမ်တိုင်း မှာပင် ဤထူးဆန်းသော သီချင်းသည်က တစ်ပုဒ်ပြန်လှန် ဆိုပြသည်။ ထိုအခါများ၌ ကမ္ဘာလောက သည် ပို၍ပဟေဠိဆန်လာကာ ၀မ်းနည်းစရာကောင်းလာ၏ ။ ကျွန်တော့်မှာလည်း ယခင်ကထက် ပိုပြီးစိတ်ဖိစီးလျက် ကြေကွဲလာလေ၏ ။

ကျွန်တော့်ဝိညာဉ် နာကျင်လာ၏ ။ လှပသော ဘရစ်ဂျစ်နှင့် အတူ သို့မဟုတ် ပန်းပွင့်များနှင့်အတူ ကမ်းပေါ်မှာ မနေခဲ့မိသည့်အတွက် ကျွန်တော်နောင်တရမိသည်။ မှောင်ရီပျိုးလာနေချိန်မှာ မိမိကိုယ်မိမိ ဖြေသိမ့်သည့် အနေနှင့် အသံကျယ်ကျယ်သီချင်းဆိုလိုက်ပြန်၏ ။ ကျွန်တော်သည် ညနေ၏ နီရဲသော အလင်းများကြားတွင် ဘရစ်ဂျစ်အကြောင်းနှင့် သူမ၏ အနမ်းများ အကြောင်း သီဆိုခဲ့၏ ။

ထို့နောက် ဆည်းဆာအချိန်ရောက်ရှိလာကာ ကျွန်တော်ငြိမ်ကျသွားသည်။ ပဲ့ပိုင်းမှ လူကတော့ သီချင်းဆိုနေ၏ ။ သူသည်လည်း အချစ်နှင့် အချစ်၏ သာယာမူများအကြောင်းဆိုနေလေသည်။ မျက်ဝန်းညိုနှင့် မျက်ဝန်းပြာများအကြောင်း စိုထိုင်းနီရဲသော နှုတ်ခမ်းများအကြောင်း မှောင်မဲနေသောရေပြင်လွှာ၏အထက်မှ သူ၏လှိုက်လှဲသော သီဆိုမှု့သည် လှပပြီးလှုပ်ရှားဖွယ် ဖြစ်နေလေသည်။ သို့သော် သူ့သီချင်းထဲမှ အချစ်သည်မှောင်မိုက်ပြီး ကြောက်စရာ ကောင်းနေ၏ ။ အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်ပြီး ၎င်းကိုပင် လူတို့က စမ်းတ၀ါးဝါး ရှာဖွေနေကြ၏ ။ လူတို့သည် ရူးသွပ်နေကြပြီး ဒုက္ခထဲမှာ သွေးယိုစီးနေကြ၏ ။ ၎င်းနှင့်ပင် သူတို့သည်ညှင်းပန်းခံနေကြကာ အချင်းချင်းသတ်ဖြတ်နေကြ၏ ။

ကျွန်တော်သည် နားထောင်ရင်းနှင့် ပင်ပန်းနွမ်းရိလာ၏ ။ နှစ်ကာလနှင့်ချီ၍ ၀မ်းနည်းမှု့နှင့် ဒုက္ခနယ်အတွင်း ခရီးနှင်လာခဲ့ရသလိုဖြစ်နေလေ၏ ။ လူစိမ်းထံမှ ၀မ်းနည်းခြင်းနှင့် နာကျင်ခြင်းဝေဒနာသည် နွယ်ပင်သဖွယ် ကျွန်တော့်ကို လာပတ်ပြီးနှလုံးသားအတွင်း ဖောက်ဝင်နေ၏ ။
"ဒီလိုဆိုတော့ ဘ၀ဟာ အမြင့်မားဆုံးနဲ့ အကောင်းဆုံးမဟုတ်ပေဘူးပေါ့" ကျွန်တော်ကခါးသီးစွာ အော်ပြောလိုက်မိသည်။

"မရဏကသာ အမြင့်မားဆုံး ဖြစ်နေသပေါ့။ ကျွန်တော်တောင်းပန်ပါရစေ။ ၀မ်းနည်း နေတဲ့ဘုရင်ကြီး မရဏတေးတစ်ပုဒ်လောက် ဆိုပြစမ်းပါ။"

ပဲ့ကိုင်နေရာမှ ပုဂ္ဂိုလ်က မရဏအကြောင်း သီဆိုပြသည်။ သူဆိုပြပုံမှာ ကျွန်တော်ကြားဖူးသမျှ တို့ထက်ပို၍ လှပနေ၏ ။သို့သော် မရဏသည်ပင်လျင် အမြင့်မားဆုံးနှင့် အကောင်းဆုံးမဟုတ်သေး။ မရဏမှာ ပင်လျှင် သက်တောင့်သက်သာဖြစ်မူ့မရှိသေး။ မရဏသည် ဘ၀၊ ဘ၀သည် မရဏ၊ သူတို့သည် ထာဝရဖြစ်သော ရူးသွပ်သော မေတ္တာတရားတိုက်ပွဲထဲတွင်အတူတကွ ပိတ်မိနေကြသည်။ ဤသည်ကို အကြောင်းခံ၍ပင် ဒုက္ခအားလုံးကိုဂုဏ်တင်ပေးနိုင်သော အလင်းရောင်ပေါ်ထွက်လာသည်။ ဤသည်မှပင် ပျော်ရွှင်မှု့နှင့် အလှတို့ကိုဖျက်စီးသော ၎င်းတို့ကို အမှောင်ထဲတွင် ဖုံးအုပ်ထားသောအရိပ်မည်း ပေါ်ထွက်လာသည်။ သို့သော် ဤအမှောင်တိုက်ထဲမှပင်လျှင် ပျော်ရွှင်မှု့သည် ပိုမိုကျွမ်းဝင်စွာ ပိုမိုလှပစွာ လောင်မြိုက်နေသည်။ ဤညအတွင်းတွင် မေတ္တာတရားသည် ပို၍ နက်ရှိုင်းသော အလင်းကိုဆောင် နေလေ၏ ။

ကျွန်တော်နားထောင်သည်။ ထို့နောက် လုံးဝပင် တည်ငြိမ်လာ၏ ။ ဤလူစိမ်းနှင့် ပတ်သက်ပြီး ကျွန်တော့်မှာ နောက်ထပ်စိတ်ဆန္ဒများမရှိတော့ပါ။ သူ့အကြည့်က ကျွန်တော့်အပေါ်မှာ အေးဆေးစွာ ကျရောက်နေသည်။ တစ်စုံတစ်ရာ ကြေကွဲသောကြင်နာမှု့ပင် ပါလိုက်သေးသည်။ သူ၏ ပြာမှိုင်းသော မျက်လုံးထဲမှာ ကမ္ဘာလောက ကြီး အလှအပနှင့် ၀မ်းနည်းမှု့များအပြည့်ရှိနေသည်။ သူက ကျွန်တော့်ကို ပြုံးပြသည်။ ဤတွင် ကျွန်တော်က ဒုက္ခထဲမှပင် အားတင်းပြီးတောင်းပန်လိုက်သည်။

"ဒီမှာဗျာ၊ ကျွန်တော် ဒီအမှောင်ထဲမှာ ကြောက်လာပြီဗျ။ ကျွန်တော်နောက်ကြောင်း ပြန်လှည့်ချင်တယ်။ ဘရစ်ဂျစ်နဲ့တွေ့နိုင်တဲ့နေရာ၊ ဒါမှမဟုတ် ကျွန်တော့်အဖေ ရှိတဲ့အိမ်ကို ပြန်ချင်တယ်"

ထိုလူက မတ်တပ်ရပ်ပြီး ညထဲသို့ ညွှန်ပြသည်။ မီးအိမ်၏ အလင်းက သူ၏ သေးသွယ်ပြတ်သားသော မျက်နှာအပေါ်မှာ ၀င်းလက်နေ၏ ။

"ပြန်လမ်း မရှိဘူး " ထိုလူက တည်ငြိမ်ညင်သာစွာ ပြောလိုက်သည်။

"လူတစ်ယောက်ဟာ ကမ္ဘာလောကကို ထောက်မှီကြည့်ချင်တယ်ဆိုရင် ရှေ့ကိုပဲ ဆက်သွားရမယ်။ ခင်ဗျားမှာ မျက်လုံးညိုရှိတဲ့ မိန်းကလေးဆီက အကောင်းဆုံးကို ရရှိခဲ့ပြီးပြီ။ ဒီတော့ ခင်ဗျား သူနဲ့ဝေးလေ ကောင်းလေပဲ။ ခင်ဗျား ဘယ်လိုပဲဆန္ဒရှိရှိ ဆက်ပြီးသာ ရွက်လွှင့်ပေတော့။ ခင်ဗျားကို ပဲ့ကိုင်နေရာ ကျုပ်ပေးမယ်"

ကျွန်တော်သည် အလွန်ပင် စိတ်ညစ်ညူးနေ၏ ။ သို့တိုင် သူမှန်ကြောင်းကိုလည်း သိနေ၏ ။ ကျွန်တော့်မှာ တမ်းတခြင်းများပြည့်လျှမ်းနေလေသည်။ ဘရစ်ဂျစ်အကြောင်း၊ ကျွန်တော့်အိမ်အကြောင်းနှင့် မကြာသေးမီကမှ ကျွန်တော့်အနီးအနားမှာကျွန်တော်ပိုင်များ ဖြစ်ခဲ့ကြသည့်အရာအားလုံး အကြောင်းကို ကျွန်တော်တွေးမိသည်။ ယခုအခါ ၎င်းတို့ကို ကျွန်တော်ဆုံးရှုံးခဲ့ပြီ။ ကျွန်တော် သူစိမ်း၏နေရာမှာ ၀င်ပြီး ပဲ့ကိုင်ရတော့မည်။ ဤအတိုင်းမုချ ဖြစ်ရတော့မည်။

ထို့ကြောင့် ကျွန်တော်သည် တိတ်ဆိတ်စွာပင်ထပြီး ပဲ့ကိုင်နေရာသို့လှမ်းခဲ့၏ ။ ထိုသူက ကျွန်တော့်ထံ ခပ်မဆိတ်ပင်လာသည်။ ကျွန်တော်တို့ ရှောင်တိမ်းကြခိုက်မှာ သူကကျွန်တော့် မျက်နှာကိုစိုက်ကြည့်ပြီး မီးအိမ်ပေးသွားသည်။ ပဲ့ကိုင်နေရာမှာ ကျွန်တော်ထိုင်၍ မီးအိမ်ကို ဘေးမှာချပြီးသောအခါ လှေထဲမှာ ကျွန်တော်တစ်ယောက်တည်းသာ ရှိတော့သည်။ ထိုလူ ပျောက်ကွယ်သွားကြောင်း နက်ရှိုင်းသော တုန်ခါမှု့နှင့်အတူ ကျွန်တော်သိလိုက်သည်။ သို့တိုင်အောင် ကျွန်တော် မအံ့သြ။ ကြိုတင်သိခြင်း က ရှိနှင့်ပြီးဖြစ်သည်။ ကျွန်တော့်အတွက် ခရီးလှည့်နေခဲ့သော လှပသည့်နေ့ရက်၊ဘရစ်ဂျစ်၊ ကျွန်တော့်အဖေနှင့် ကျွန်တော့်ဇာတိမြေတို့မှာ အိပ်မက်လိုဖြစ်နေကြ၏ ။ ကျွန်တော်သည် အိုမင်းကာ ၀မ်းနည်းပူဆွေးလျက် ဤည၏ မြစ်ပြင်မှာ အစဉ်ထာဝရ ရေလမ်း ခရီးထွက်နေခဲ့သလိုလည်း ဖြစ်နေ၏ ။

ထိုလူကို လှမ်းခေါ်၍ မဖြစ်မှန်း ကျွန်တော်သိသည်။ အမှန်ကို သိခြင်းသည် အေးစိမ့်ခြင်းကဲ့သို့ ကျွန်တော့်ကို လွှမ်းခြုံသွားခဲ့၏ ။ ကျွန်တော်စောစောက သင်္ကာမကင်း ဖြစ်နေခဲ့ခြင်းကို သေချာစေရန် ရေပြင်ပေါ်ငုံ့ပြီး မီးအိမ်ကို မြှောက်လိုက် သည်။ နက်မှောင်သော ရေလွှာကြေးမုံထဲမှ မျက်နှာတစ်ခုက ကျွန်တော့်ကို ကြည့်နေသည်။ လေးနက်ခက်ထန်သောသွင်ပြင်နှင့် မှိုင်းပြာပြာ မျက်လုံးများရှိသော မျက်နှာ။ ယင်းမှာ ကျွန်တော်ပင် ဖြစ်လေသည်။

နောက်ကြောင်းသို့ ဦးတည်သော လမ်းမရှိတော့သဖြင့် မှောင်မည်းသော ရေပြင်ကျယ်တွင် ညထဲသို့ ပိုမိုနက်ရှိုင်းစွာ ကျွန်တော်ခရီးဆက်ခဲ့ပါတော့သည်။
____________________________________________________________________

(ဂျာမန်စာရေးဆရာကြီး Hermann Hesse ၏ Flute Dream ကိုဆရာ မောင်ရဲခိုင်မှ ဘာသာပြန်ကာ ၂၀၀၄ ခုနှစ် နိုဝင်ဘာလထုတ်၊ ဟန်သစ်မဂ္ဂဇင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ဆရာကြီး Hermann Hesse ၏ သိဒ္ဓတ္ထမှာ ဆရာပါရဂူ ကျေးဇူးကြောင့် ကျွန်တော်ဖတ်ခွင့်ရခဲ့သည်။ သိဒ္ဓတ္ထကို ဖတ်ပြီးနောက် အရှေ့တိုင်း ဒဿနနှင့် နှီးနွယ်သော Hermann Hesse ၏ ၀တ္တုများကို ပိုမိုနှစ်သက်လာခဲ့သည်။ ယခုဝတ္တုတိုသည်လည်း ကျွန်တော် အကြိုက်ဆုံး ၀တ္တုတိုများထဲမှ တစ်ပုဒ်ဖြစ်ပြီး၊ မူရင်းဖတ်ဖူးသူများ ရှိနိုင်သော်လည်း ဆရာမောင်ရဲခိုင်ဘာသာ ပြန်သည်ကို ဖတ်ဖူးသူ ရှားမည်ဟု ထင်သောကြောင့် မျှဝေခံစားလိုက်ပါသည်။ )

ရန်ကုန်

16 November 2008

သူများတွေ အလုပ်များလို့ ဘလော့ဂ်မရေးနိုင်သေးဘူးဆိုတုန်းကတော့ ရေးပါဗျို့တို့ဘာတို့ လျှောက်ကျပ်ဖူးသည်။ ကိုယ့်အလှည့်ကျတော့မလွယ်လှ.....။ တကယ်ပင်ပန်းလာလျင် ပို့စ်အသစ်ရေးဖို့မပြောနှင့် ဘလော့ဂ်တွေစီလည်ဖို့တောင်မရောက်ခဲ့...။ အခုတလော ဘာမှလည်းတွေးချိန်သိပ်မရှိပါ...။ ထို့ကြောင့် ပို့စ်အသစ်မရေးနိုင်သော်လည်း ဘလော့ဂ်ဂါ အမကြီး မ၀ါ စကားနှင့် ပြောရလျင် ဆားချက်လိုက်ပါသည်။
သို့သော် ကျွန်တော်သည် ဂဠုန်မဟုတ်ပါ။ အကြောင်းမှာ စနေသား ဖြစ်သောကြောင့်ဖြစ်ပါသည်။ အောက်က ပုံတွေကတော့ နိုင်ငံခြားကသူငယ်ချင်းတွေ ရန်ကုန်အလွမ်းပြေမယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ အကြံကုန်လျင် နဂါးလည်း ဆားချက်တတ်ပါသည်....။


အဝေးက ဖူးတွေ့ရတဲ့ ရွှေတိဂုံစေတီတော်(16-Nov-2008)


အနီးကပ်ဆွဲကြည့်တော့ မြူတွေက၀ါးတားတား စေတီတော်ကြီးကို ပြန်လည်မွမ်းမံနေတယ်....(16-Nov-2008)

မြန်မာ့အသံက တာဝါတိုင်ကြီး(16-Nov-2008)


အင်္ဂလိပ် စစ်င်္သချိုင်း(16-Nov-2008)

အရင်လိုတိုးဝှေ့ နေဆဲ ရန်ကုန်


နေညိုချိန်ဆို ...


အိပ်ပြန်ချင်နေပြီ.....

13 November 2008

"လေနှင်ရာကို ... သွားပါမည်"

ဒီည အတွက်တော့
ကျွန်တော် ကဗျာတွေမရေးချင်တော့ပါ
လေနှင်ရာကို ကျွန်တော်သွားပါမည်
ကျွန်တော်သည် ရော်ရွက်ကြွေလေး မဟုတ်ပါ
သို့သော်
ဒီညတော့
လေနှင်ရာကို ကျွန်တော်သွားပါမည်....

ဘ၀ ....
ခြေစုံပစ် ၀င်လိုက်ကတည်းက
နေ့ရက်တွေက ကွေ့ကောက်လွန်းလှသည်
ဦးတည်ရာကို သိနေသော်လည်း
ဒီညတော့
လေနှင်ရာကို ကျွန်တော်သွားပါမည်
ကျွန်တော်သည် အလေ့ကျ ပန်းလေးတစ်ပွင့်
မဟုတ်ပါ.....
သို့သော် ... ဒီညတော့
လေနှင်ရာကို ကျွန်တော်သွားပါမည်......

ညက မဲမှောင်လွန်းလှသည်
ဝံပုလွေများ၏ အူသံသည် ခြောက်ခြားဖွယ်
ထိုအရာများကို ကျွန်တော်နှစ်သက်ပါသည်
ကဗျာဆန်ခြင်း မဆန်ခြင်းထက်
အရိုင်းဆန်ခြင်းကိုလည်း ကျွန်တော်မြတ်နိုးပါသည်
ထို့ကြောင့်....
ဒီညတွင်
လေနှင်ရာကို ကျွန်တော်သွားပါမည်......

လမ်းများက ကျွန်တော့်ကိုသယ်ဆောင်ပါ
သက္ကရာဇ်များက ကျွန်တော့်ကိုထမ်းထားပါ
လ.. မထွက်သော်လည်း
ကြယ်တွေစုံနေပါပြီ...
ဒီင်္အလင်းလောက်နဲ့ဆိုရင်
လေနှင်ရာကို ကျွန်တော်သွားပါမည်.....

အေးစက်လှချည်ရဲ့
ကျွန်တော် တအားချမ်းတာပဲ မေမေ....
အလင်းရောင်တွေက စိမ်းစိမ်းကားကား
သံစဉ်ချိုချိုတွေက ၀ိုးတ၀ါး
တောနက်ထဲမှာ ရောက်နေသော်လည်း
ဒီညတော့
လေနှင်ရာကို ကျွန်တော်သွားပါမည်....

ကောင်းမြတ်ခြင်း ...
နွေးထွေးခြင်း ...
ကြည်လင်သန့်စင်ခြင်း ...
မေတ္တာတရားများသည်
ကျွန်တော့်အတွက် ရှိကောင်းရှိနေပေဦးမည်
သို့သော် ဒီညအတွက်တော့
လေ .....
နှင် ....
ရာ ....
ကို ....
ကျွန်တော် သွားပါမည်......

စကြာဝဠာ ရဲ့ ဟိုးတစ်ဖက်စွန်းအထိ
ရောက်လိမ့်ပါစေ.....
လေနှင်ရာကို.......
ကျွန်တော်.....
သွား ...
ပါ ...
မည် ....

ရွေးကောက်ပွဲ ကြော်ငြာ

9 November 2008

( ၁ )

အမေရိကန် သမ္မတရွေးကောက်ပွဲကြီးကတော့ အားလုံးသိကြတဲ့အတိုင်း အိုဘားမားက အနိုင်ရရှိသွားသည်။ အိုဘားမား၏ပုံရိပ်များကလည်း ကမ္ဘာ့မီဒီယာများထက်တွင် တော်တော်လေးနေရာယူနိုင်ခဲ့သည်။ အိုဘားမားနှင့် မက်ကိန်းတို့ စကားစစ်ထိုးပွဲအား rap battle နှင့် သဘောမျိုးတူသည်ဟု ကျွန်တော်စိတ်ရူး ပေါက်ပေါက်နှင့် ရေးခဲ့ဖူးသည်။ ထို့ကြောင့် rap ဂီတနှင့် နီးစပ်သည့်အာဖရိကန် နွယ်သော အိုဘားမားက အနိုင်ရရှိသွားခြင်းလားဟု ထပ်မံတွေးမိပြန်သည်။ ရွေးကောက်ပွဲ နိုဝင်ဘာ လေးရက်နေ့မတိုင်မှီ ထုတ်ဝေသော မော်ဒန်ဂျာနယ်တွင် အမေရိကန် သံရုံးမှတာဝန်ရှိသူအား ဂျာနယ်မှအင်တာဗျူး လုပ်သည့်အကြောင်း
ပါလာသည်။

ကျန်တာတွေထက် ကျွန်တော်မှတ်မိသည့် အကြောင်းမှာ မဲဆွယ်ရန်အတွက် ရန်ပုံငွေများကို အသုံးပြုပုံဖြစ်သည်။ အရင်က ထိုအကြောင်းများကို ကျွန်တော်သိပ်မသိခဲ့..။ ဂျာနယ်၏ အကျိုးကျေးဇူးကြောင့် သိရှိခဲ့ရခြင်းလည်းဖြစ်သည်။ ရန်ပုံငွေအားအလှူရှင်များမှလည်း လှူဒါန်းကြပြီး ထိုငွေများအား ခရီးစရိတ်များ၊ ၀န်ထမ်းခများ၊ မဲဆွယ်ပွဲကျင်းပခြင်းများအတွက် အသုံးပြုကြသည်။ ထိုအထဲတွင် ရုပ်မြင်သံကြားမှ ကြော်ငြာခ များလည်း ပါဝင်သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံတွင် ရုပ်သံကြေငြာခမှာဈေးအကြီးဆုံးဖြစ်သည်။ သမ္မတလောင်းများသည် မိမိတို့ပုံရိပ်ကို မြှင့်တင်ရန်အတွက် နာမည်ကြီးရုပ်သံများတွင် ကြော်ငြာ
များထည့်ရသည်။ ရုပ်သံကုမ္ပဏီများ ကလည်း သမ္မတလောင်းများဟု၍ ဈေးလျော့ယူသည်မရှိဟု ပြောသည်။ ရုပ်သံကြော်ငြာပုံမှာလည်း အခြားကြော်ငြာများလိုပင် ဇာတ်လမ်းတွဲများထဲတွင်လည်းကောင်း၊အားကစားပွဲများ နားနေချိန်တွင်လည်းကောင်း၊ပုံစံအမျိုးမျိုးဖြင့် ကြော်ငြာကြသည်။ တုံးသည်ဟုပဲဆိုဆို၊ နုံသည်ဟုပဲပြောပြော၊ ကျွန်တော်သည် ထိုအကြောင်းများအားမနေ့တနေ့ကမှ သေသေချာချာသိခဲ့ရခြင်းဖြစ်သည်။ ထို့အတွက်လည်း မော်ဒန်ဂျာနယ်မှ တာဝန်ရှိသူများနှင့် ဖြေကြားပေးသောအမေရိကန်သံရုံးမှ အရာရှိအားလည်း အထူးကျေးဇူးတင်ပါသည်။

ကျွန်တော်တို့နိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ ရွေးကောက်ပွဲများ ကျင်းပတော့မည်။ နိုင်ငံရေးပါတီများအပြင်၊ တသီးပုဂ္ဂလများလည်းပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်ဟု အစိုးရကကြေငြာထားသည်။ ထိုရွေးကောက်ပွဲများပြီး၍ နောက်ပိုင်းနှစ်များတွင် ကျင်းပသောရွေးကောက်ပွဲများ၌ အသက်လေးဆယ်မျှ ဖြစ်လာသော ကျွန်တော်လည်း ပါဝင်အရွေးခံလျင်ကောင်းမလားဟု စဉ်းစားမိသည်။ထိုအခါကျွန်တော့် ပုံရိပ်ကို မြှင့်တင်ရန်အတွက် ရန်ပုံငွေများလည်း လိုအပ်လာပါလိမ့်မည်။ ယခုလာဖတ်နေသော ခင်ဗျားကိုလည်းကျွန်တော်မဲဆွယ်လိုပါသည်။ ကျွန်တော်သာ သမ္မတဖြစ်ခဲ့လျင် ဘလော့ဂ်များအား လွတ်လပ်စွာ အသုံးပြုခွင့်ပေးပါမည်။
(စိတ်ဝင်စားသူများ နှုတ်ကတိဖြင့် လှူဒါန်းမည့် ငွေပမာဏအား ဒေါ်လာဖြင့်လည်းကောင်း၊ ယူရိုငွေဖြင့်လည်းကောင်း ပေးသွင်းသွားနိုင်ပါသည်။ဤကား....စကားချပ်။) ရရှိလာသော ရန်ပုံငွေများဖြင့် ရုပ်မြင့်သံကြားလိုင်းများတွင် ကြေငြာကာ ကျွန်တော့်ပုံရိပ်ကို မြှင့်တင်ရန်၊ လူထုနှင့်ရင်းနီးချစ်ခင်မူ့ ရရှိရန် လုပ်ဆောင်ရပါမည်။(ထိုအချိန်လောက်တွင် ရုပ်မြင်သံကြားလိုင်းများ အနည်းဆုံး သုံး၊လေးဆယ်လောက်တော့ ရှိမည်ဟုခန့်မှန်းထားပါသည်) ထိုအချိန်တွင် ဘယ်လိုကြော်ငြာမျိုးများဖြင့် ဆွဲဆောင် လျင်ကောင်းမည်နည်းဟု ယခုခေတ်အခြေအနေနှင့် နှိုင်းကာစိတ်ကူးနှင့် ဒါရိုက်တာလုပ်ကြည့်ပါသည်။ သရုပ်ဆောင်သူသည်
ကျွန်တော်နှင့် ရုပ်ခြင်းဆင်သူသာ ဖြစ်ရမည်၊သို့မဟုတ် ဒီဂျစ်တယ်နည်းပညာဖြင့် ရေးဆွဲထားသော သရုပ်ဆောင်သာဖြစ်ရမည်။ကျွန်တော်ကိုယ်တိုင်တော့ သရုပ်ဆောင်၍ မဖြစ်၊ ကျွန်တော်က သမ္မတလောင်းဆိုတော့ ကလေးကလားဆန်တာတွေသိပ်လုပ်လို့ မကောင်း၊ ထို့ကြောင့် အခြားသူများကိုသာ သရုပ်ဆောင်ခိုင်းရမည်။ လောလောဆယ် တွေးထားသည့် စိတ်ကူး များကတော့ ဒီလိုဖြစ်သည်။

( ၂ )

ရုပ်မြင်သံကြားမှ ကိုရီးယားကားများ လွှင့်နေတုန်း ကြော်ငြာဝင်လာသည်။ ဒါရိုက်တာရင်၊ ဂျွန်စော ၊ထယ်စောက်တို့နှင့်တူပါသည်ဟု ဘယ်လိုမှပြောလို့မရသော ကျွန်တော်သည် ကိုရီးယားမင်းသားများ ၀တ်ဆင်သော ပုံစံဖြင့် ပေါ်လာသည်။ကျွန်တော့်ပုံစံ ဇာတ်ကောင်က ညှို့မျက်လုံးအပြည့်ဖြင့် ပရိတ်သတ်ကို ကြည့်လိမ့်မည်။ ထိုအချိန်တွင် ကိုရီးယားမှ မင်းသမီးလေးများပေါ်လာပြီး.... ချစ်စဖွယ်ပုံစံလေးများဖြင့်...

"အိုပါး၊ အိုမား၊ အိုပုကျိ....... မဲပေးမယ်ဆို ကိုကိုဖားကြီးကိုသာ ပေးကြနော်"

ဒါက မိန်းကလေးများနှင့် အမျိုးသမီးကြီးများကို အဓိကထားသည်။ ကံကောင်းလျင်အသက်ခြောက်ဆယ်ကျော် အဖိုး၊အဖွားများပင် ထိုကြော်ငြာအား ခိုက်သွားနိုင်သည်။ အဓိကအချက်မှာ ကိုရီးယားကားများ ပြသချိန်တွင် လွှင့်နိုင်ရန်ဖြစ်သည်။
- - - - - ။ - - - - -

ဘောလုံးပွဲ တ၀က်တွင် ၁၅ မိနစ်နားကြသည်။ လူတစ်ယောက်၏ အသံပေါ်လာမည်။

"ငယ်ရွယ်သော၊ လျင်မြန် တက်ကြွသော"

ထိုအချိန်တွင် အဝေးရိုက်ချက်ဝါးဝါးဖြင့် ကျွန်တော်နှင့် ကိုယ်လုံးကိုယ်ပေါက်ဆင်တူသည့် ဘောလုံးဝတ်စုံ အပြည့်ဖြင့် လူတစ်ယောက် ကစားကွင်းထဲသို့ဝင်လာရမည်။နောက်ခံစကားပြောသူက ဆက်ပြောရမည်။

"ပါးနပ်မူ့"

ထိုအချိန်တွင် ကျွန်တော့်ပုံရိပ်က ပီပီပြင်ပြင်ပေါ်လာပြီး တဖက်နောက်တန်းအား ကျော်ဖြတ်ကာ ဘောလုံးယူဖို့ကြိုးစားနေသည်။ အားလုံးသည် အနှေးပြကွက်များဖြင့် တင်ဆက်နေရမည်။ ကင်မရာကလည်း ဒီဂျစ်တယ်စနစ်ဖြင့် အရောင်စိုစိုဖြစ်နေသည်။
"အလိမ်အခေါက် ကောင်းမူ့"

ဟာ... ဒီစကားတော့ ထည့်ပြောလို့မဖြစ်၊ တစ်မျိုးအဓိပ္ပါယ်ပေါက်သွားနိုင်သည်။ ထို့ကြောင့် ဤကဲ့သို့သာ ဆက်ပြောခိုင်းမည်။

"ပရိယာယ်ကြွယ်ဝမူ့၊ အဆုံးသတ်သေချာမူ့"

ထိုစကားလုံးများ ပြောနေချိန်မှာပင် ကျွန်တော်သည် တဖက်နောက်တန်း ခြောက်ယောက်လောက်အား တစ်ကိုယ်တော်ဖြတ်ကျော်သွားပြီး ဂိုးပေါက်ထဲသို့ ဂိုးသွင်းယူလိုက်သည်။ ဘောလုံးဂိုးထဲဝင်သွားချိန်တွင် ပရိတ်သတ်ထံမှ အော်ဟစ်သံကြီးအား ထည့်ရမည်။ ထို့နောက် ဂိုးထဲဝင်သွားပုံပြကွက်အား အနှေး၊ အမြန် ပြကွက်များဖြင့် လေး၊ငါးကြိမ်ထက်မနည်းပြမည်။ နောက်ခံစကားပြောသူ၏ အသံဆက်လက် ထွက်ပေါ်လာရမည်။

"ဒီလို အားကစား သမားတစ်ယောက်ရဲ့ စွမ်းရည်မျိုးတွေ အပြည့်ရှိတဲ့ ဖားကြီးကို သင်ဘာ့ကြောင့် မဲမပေးရတာလဲ။ဖားကြီးကို မဲပေးဖို့အတွက် ယခုပဲဆုံးဖြတ်လိုက်ပါတော့။ "

ထို့နောက်အနက်ရောင် နောက်ခံတွင် ကျွန်တော့် official website ပုံပေါ်လာပြီး။ နောက်ခံစကားပြောသူက အင်္ဂလိပ်သံ ကောင်းကောင်းဖြင့် ဆက်ပြောရမည်။

"ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ ဖားကြီး ဒေါ့ ကွမ်း"
- - - - - ။ - - - - -

"သမီးရေ ဦးဖားကြီး အကြောင်းရေးတဲ့ ဂျာနယ်တစ်စောင် မြန်မြန်သွားဝယ်စမ်း"

အမေဖြစ်သူက ကလေးသရုပ်ဆောင် ချုမေ လေးအားခိုင်းသည်။ ကလေးငယ်က မမေ့စေရန် နှုတ်မှ အထပ်ထပ်အော်သွားသည်။

"ဖားကြီး... ဖားကြီး... ဖားကြီး... ဖားကြီး.... ဖားကြီး"

ဆိုင်သို့ရောက်သောအခါ ဂျာနယ်ရောင်းသည့် အဒေါ်ကြီးကနှုတ်ဆက်သည်။

"ဟိုင်း"
"ဟိုင်း... ဟိုင်း"
"သမီးဟိုင်းတီး(Hi-Tea) ဆိုရင်ဆိုင်မှားနေပြီကွယ့်၊ အန်တီတို့က ဂျာနယ်ပဲရောင်းတာ"

ကလေးမလေးက စိတ်ရှုတ်သွားသည့်ပုံဖြင့် ခေါင်းကုတ်သည်။ ထိုအချိန်တွင် အုံးအွမ်ဆိုသော၊ အုံးအွမ်ဆိုသော ဖားအော်သံကြားလိုက်ရသည်။ ကလေးမလေး သတိရသွားသည့်ပုံစံဖြင့် လက်ညှိုးလေးထောင်ပြီး..

"ဖား.... ဖား"
"သြော် ဦးဖားကြီးအကြောင်းပါတဲ့ ဂျာနယ်လား ရော့.... ရော့"

ထိုကဲ့သို့သော ကြော်ငြာမျိုးဖြင့် ကလေးများပါးစပ်ဖြားတွင်လည်း ရေပန်းစားနေစေရန် လုပ်ရမည်။ ထိုကြော်ငြာကိုပင်ပွား၍ ထပ်မံရိုက်နိုင်သေးသည်။ ချုမေ နှင့် ကလေးများ အခန်းထဲတွင် ခုန်ပေါက်ကစား နေကြသည်။ ပါးစပ်ကလည်း....

"ဖားကြီး... ဖားကြီး...ဖားကြီး"

ကလေးအမေ၀င်လာပြီး ပြောသည်။

"ဆူလှချည်လား"

ကလေးတွေကဆက်၍ ပင်အော်ဟစ်နေသည်။

"ဖားကြီး... ဖားကြီး... ဖားကြီး"

ဒီစိတ်ကူးလည်း မဆိုး လူတိုင်းစိတ်ထဲတွင် ကျွန်တော့်နာမည်ကို ဆွဲနေပေလိမ့်မည်။

- - - - - ။ - - - - -

Gentlemen ၀တ်စုံအပြည့်ဝတ်ထားသော ကျွန်တော်သည် ခေါင်းတွင် rapper များစည်းသော ခေါင်းစည်းကြီးဖြင့်စင်မြင့်ထက်တွင်ပေါ်လာပြီးနောက်....

"ဖားကြီး မင်းတို့ရှေ့မှာရောက်နေပြီ.... မဲပေးမယ်ဆို.. မင်းတို့လက်တွေမြှောက်ထားလိုက်
ဘယ်ညာ... ဘယ်... ညာ... ကချင်ကကြ
မဲပေးမယ်ဆို လက်တွေလေထဲ.............မြှောက်ထားလိုက်"

အောက်မှ ဆယ်ကျော်သက်လေးများက ခုန်ပေါက်အရူးအမူးဖြစ်နေပုံရိုက်ပြမည်။ ကိုးရိုးကားယားတော့နိုင်သည်။
သို့သော် ထိုဒီဇိုင်းသည် ယခုခေတ်အနေအထားနှင့်ဆို မဆိုး ဆယ်ကျော်သက်များ နိုင်ငံရေးကို စိတ်ဝင်စားကာ
ကျွန်တော့် ပရိတ်သတ်များဖြစ်သွားနိုင်သည်။

- - - - - ။ - - - - -

ပန့်ခ်လူငယ်များအားလည်း စည်းရုံးနိုင်ရန် ဤကဲ့သို့ရိုက်ရမည်။ အဆိုတော် ဖားပေါက် မှ ဆံပင်ထောင်ထောင် မောကြီး၊ပန်းကြီးဟန်ဖြင့် တီဗီဖန်သားပြင်တွင် ပေါ်လာသည်။ထို့နောက် ဂီတာကြီးကို တီးခတ်ကာ အော်ဟစ်
လေတော့သည်။

"အဖိုးကြီးလည်း ဖား.......... အဖွားကြီးလည်း ဖား
မွေးကင်းစ ..............အာပြဲလေးလည်း ဖား၊ .........မင်းကလည်း ဖား
ငါကလည်းဖား၊........... ရပ်ကွက်ထဲ လျှောက်သွားတော့လည်း ဖား..
အကယ်ဒမီမင်းသမီးကလည်းဖား... ဗယာကြော်ကုလားကြီး အော်လည်းဖား
အလှူခံ မဏ္ဍပ်ကလည်းဖား... နေရာတကာ တွင်ကျယ်နေတဲ့ဖား....."

ဒါဆိုရင် ကျွန်တော့် နာမည်သည် လူတိုင်းပါးစပ်ဖျားတွင် ရှိနေသည်ဟုသော နိမိတ်ပုံဆောင်သွားပေမည်။
- - - - - ။ - - - - -
နောက်ထပ်စိတ်ကူးများစွာ ရှိသော်လည်း ဘလော့ဂ် စာမျက်နှာကို ငဲ့ညာသော အားဖြင့် ဆက်လက်မဖေါ်ပြတော့ပါ။ အဆိုပါအကြံဥာဏ်များဖြင့် ရွေးကောက်ပွဲကြော်ငြာရိုက်မည်ဖြစ် ပါသဖြင့် ရန်ပုံငွေလိုပါက ကျွန်တော့်အား လှူဒါန်းကြပါရန် အခုကတည်းက မေတ္တာရပ်ခံအပ်ပါသည်။ အရေးကြီးတာ တစ်ချက်တော့ ရိုးသားစွာ သတိပေးထားပါမည်။ ကြော်ငြာသည် ကြော်ငြာသာ ဖြစ်ပါသည်။ တကယ် ကောင်းမကောင်းကိုမူ သုံးစွဲ ပြီးမှသာ ဆုံးဖြတ်ကြပါကုန်........။ (ခု ကတည်းက စကားကြိုခံထားတာ)

(၀န်ခံချက် ။ ။ဆရာ မင်းလူ၏ စာပေကြော်ငြာ စတိတ်ရှိုးကို ပြန်လည်ခံစား ရေးဖွဲ့ပါသည် )

ရောက်တတ်ရောက်ရာ ဒိုင်ယာရီ (၃)

5 November 2008

ပြည်တွင်းထုတ်ဂျာနယ်တွေထဲမှာ ကျွန်တော်ပုံမှန်ဖတ်ဖြစ်တဲ့ ဂျာနယ်လေးငါးစောင်လောက်ရှိပါတယ်။ ဒီထဲမှာ သောကြာနေ့တိုင်းထုတ်တဲ့ မော်ဒန်ဂျာနယ်လည်းပါပါတယ်။ အရင် ကုမုဒြာဂျာနယ်ကို နာမည်ပြောင်းလိုက်တာ လို့လည်း ပြောကြတယ်။ဒီဂျာနယ်ကို ကြိုက်ရတဲ့အကြောင်းက မူဝါဒတွေနဲ့ ရပ်တည်ချက်တွေကို သဘောကျလို့ပါ။ ပရိတ်သတ်ကို အကျိုးရှိတဲ့အကြောင်းတွေလည်း အများကြီးပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့အပတ် အောက်တိုဘာ ၃၁ ၂၀၀၈ ထုတ်ဂျာနယ်ကိုဖတ်ရင်းနဲ့ စာမျက်နှာ ၅ မှာတွေ့လိုက်ရတဲ့ ခေါင်းစဉ်ကိုတွေ့ပြီး စိတ်ထဲမှာတော်တော်လေး ထူးဆန်းသွားတယ်။ ခေါင်းစဉ်ကဒီလိုပါ....

"သားအိမ်ခေါင်း ကင်ဆာ အမျိုးသမီးထုမှာ အဖြစ်များဆုံး"

ဖတ်လိုက်ရပြီး တော်တော်အူကြောင်ကြောင်ဖြစ်သွားပါတယ်။ ဘယ်လိုကြီးလဲဟ သားအိမ်ခေါင်းကင်ဆာ ဖြစ်တဲ့အမျိုးသားဆိုတာကော ရှိများရှိလားဆိုပြီး စာတစ်ပိုဒ်လုံးကို အဆုံးထိဖတ်ပေမယ့် အမျိုးသားများ မှာဖြစ်တဲ့အကြောင်းတော့ ရေးထားတာမတွေ့ရပါဘူး။ ကျွန်တော်ဆေးပညာ အကြောင်းသေချာမသိလို့ ယောကျာင်္းတွေမှာဖြစ်မဖြစ်ကို ငြင်းဆိုနိုင်ခြင်းမရှိပါဘူး။ သိတဲ့လူတွေရှိရင် ကျွန်တော့်ကို ရှင်းပြပေးပါဦး။ ဘာပဲဖြစ်ဖြစ်ခေါင်းစဉ်ရဲ့ ဆွဲဆောင်မူ့ကြောင့် ကျွန်တော်ကတော့ အဆုံးထိကိုဖတ်ဖြစ်သွားပါတယ်။ ဘလော့ဂ်ဂါတွေအနေနဲ့ ခေါင်းစဉ်ဘယ်လိုပေးလဲဆိုတာ အတူယူဖို့ကောင်းတဲ့ စာတစ်ပိုဒ်လို့ထင်ပါတယ်။
ဒီဂျာနယ်ကို ဖတ်ချင်စိတ်ကုန်သွားတယ်လို့တော့ မဖြစ်ပါဘူးဗျာ။ သူတို့ခေါင်းစဉ်ပေးတာလေး သဘောကျလို့ပါ။ ဒီဂျာနယ်ရဲ့ မူဝါဒတွေက လောလောဆယ်တော့ ရှင်းလင်းပြတ်သားတုန်းပဲဗျ....။ သြော်... ယောကျာင်္းတွေ သားအိမ်ခေါင်းကင်ဆာ ဖြစ်တတ်တယ် ဆိုတာသိတဲ့လူရှိရင်လည်း ကျွန်တော့်ကို ရှင်းပြဦးနော်.... :)
-------------------------------------------------------------------------------------------------
တွေးတတ်ပုံက

မှတ်မှတ်ရရ လွန်ခဲ့တဲ့လေးနှစ်လောက်ကပေါ့ဗျာ။ ကျွန်တော်စတုတ္တနှစ်ကျောင်းသား ဘ၀တုန်းက အစ်ကိုအရွယ်သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ကျောင်းမှာပျော်နေတဲ့ ကျောင်းပျော်ကြီးတစ်ယောက်ပေါ့။ သူနဲ့ကျွန်တော်ခင်ပြီးနောက်ပိုင်းသိလာရတာကသူလည်း ကျွန်တော့်လို့ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်ပါ။ ရုပ်ရှင်ဆိုလို့ မြန်မာကားတွေကိုပြောတာ မဟုတ်ပါဘူး။ ဘ၀င်မြင့်တယ်ပဲပြောပြော၊ ၀ံသာနုစိတ် မရှိဘူးပဲပြောပြော ကျွန်တော်တို့ကလည်း ရုပ်ရှင်ဆိုရင် ဟောလီးဝုဒ်ကားမှ ရုပ်ရှင်ထင်တာကိုးဗျ...။
တစ်နေ့တော့ နေပြည်တော်ရုပ်ရှင်ရုံမှာ အလက်ဇန္ဒား ဘ၀အကြောင်းရိုက်ထားတဲ့ Alexander,the great ရုံတင်ပါတယ်။မင်းသားက ကောလင်းဖာရဲပါ၊ အင်ဂျလီနာ ဂျိုလီ က အလက်ဇန္ဒားရဲ့အမေအဖြစ် သရုပ်ဆောင်ပါတယ်။

ကျွန်တော်၊ သူငယ်ချင်းအစ်ကိုကြီးနဲ့ နောက်တစ်ယောက်ရယ် ကျောင်းကအပြန်မှာ အဲ့ဒီရုပ်ရှင်ကို သွားကြည့်ကြပါတယ်။ရုပ်ရှင်ကားပြီးလို့ ရုံထဲကလည်း ထွက်လာရော ကျွန်တော်တို့မှာအီလည်လည်ကြီးဖြစ်ပြီး ကျန်ခဲ့ပါတယ်။ အလက်ဇန္ဒားအကြောင်းဆိုလို့ တိုက်ဟ၊ခိုက်ဟ ဆိုပြီး ဆင်တွေ၊မြင်းတွေ၊လူတွေအများကြီးနဲ့ တိုက်ပွဲခန်းဆက်တင်ကြီးတွေလုပ်ပြီးရိုက်ပြမယ်လို့ထင်ထားတာပါ။ ရုပ်ရှင်ပြလို့ကြည့်လည်း ကြည့်ရော တိုက်ပွဲခန်းတော့ပါပါတယ် တစ်ခန်း၊နှစ်ခန်းရယ်နဲ့ကျန်တဲ့အပိုင်းတော်တော်များများက သူ့ရဲ့အချစ်တော် gay တစ်ယောက်နဲ့ပတ်သတ်ပုံတွေ၊ သူ့ရဲ့ ဒေါသ၊မောဟ၊ သံသယစိတ်တွေကို အဓိကရိုက်ပြသွားတာ များပါတယ်။ အနုပညာအရ ကြည့်ရင်တော့ အလက်ဇန္ဒားရဲ့ ဘ၀ကို လူအများစုမမြင်တဲ့ ရူ့ထောင့်ကနေရိုက်ကူး တင်ဆက်သွားတာပါ။ ဒါရိုက်တာ အနေနဲ့လက်ရာ ပြောင်မြောက်ပါပေတယ်လို့လည်း ပြောလို့
ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မြန်မာပြည်မှာတော့ ပေါက်ရောက်အောင်မြင်ခဲ့ခြင်း မရှိဘူးလို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့ ကိုယ်တိုင်လည်း အီလည်လည်ကြီးဖြစ်ကျန်ခဲ့တာကိုး......။

ဒါနဲ့ရုံထဲကလည်း ထွက်ရော လမ်းပေါ်မှာတင် ကျွန်တော်ကစပြောပါတယ်။

"ကျွန်တော်တို့ဆီက ကျန်စစ်မင်းတို့ဘာတို့ကိုလည်း ဟောလီးဝုဒ်က ဒါရိုက်တာတွေကိုရိုက်ခိုင်းရင် မတူတဲ့အမြင်တွေ ထွက်လာမယ် ထင်တယ်ဗျ၊ နော် .... အစ်ကို"
"အေး ဖြစ်နိုင်ပါတယ်ကွာ၊ ဒါပေမယ့် ဒီကောင်တွေ ဆင်ဆာကိစ္စကျတော့ မလွယ်လောက်ဘူးထင်တယ်ကွ"
"ဘာဖြစ်လို့လဲ အစ်ကိုရ"
"ဟာ ဖားကြီးကလည်း... ဒီကောင်တွေက ဘာပဲလုပ်လုပ် စနစ်တကျစဉ်းစားပြီး မှ လုပ်ကျတာလေကွာ"
"အင်း... ဒီတော့"
"သြော် ... မင်းကြည့်လေ... ပုဂံခေတ် တကယ့်ပန်းချီကားတွေက အမျိုးသမီးအ၀တ်အစားတွေကို၊ ဒီခေတ်နဲ့မတူဘူးကွ၊ဗိုက်ပေါ်၊ ဘာပေါ်နဲ့။ တော်ကြာ ဒါရိုက်တာက ဒီခေတ်မှာဒီလိုဝတ်တာ
အဲ့ဒီအတိုင်းဝတ်ဆိုရင် တို့မင်းသမီးတွေ ရှက်နေပါ ဦးမယ်ကွာ"
"အင်းဟုတ်တယ်ဗျ... တော်ကြာ အောက်ခံအ၀တ်အစားတွေကိုပါ ပုဂံခေတ်တုန်းက ဒီလိုမ၀တ်ဘူးဆိုရင် ညှိမရဖြစ်နေဦးမယ်"

ငြိမ်နားထောင်နေတဲ့ ကျွန်တော့်သူငယ်ချင်းကလည်း ဒီလိုဝင်ပြောပါတယ်။

"အေး .. ဒါပေမယ့် အဲ့လိုရိုက်ခွင့်လည်းရ၊ ရိုက်လည်းရိုက်ကြမယ်ဆို ဒီမှာတော့ အောင်မြင်မှာကျိန်းသေတယ်ကွ"
"ဘာဖြစ်လို့လဲ..ဟ"
ကျွန်တော်က စိတ်ဝင်တစားမေးလိုက်တယ်။

"ရုပ်ရှင်ကားတွေမှာကွာ မင်းသမီး ရေကူးဝတ်စုံနဲ့ပုံကိုကြော်ငြာရင်တောင် ဇာတ်လမ်းကောင်းမကောင်း ငါတော့
မစဉ်းစားတော့ဘူး..... ဘာပဲဖြစ်ဖြစ်ကြည့်မယ်လို့ဆုံးဖြတ်လိုက်တာပဲ"
"အေး .. ဖြစ်ရမယ်.. မင်းကတော့"
"မဟုတ်ပါဘူးကွာ... ငါတို့မြန်မာ မင်းသမီးတွေလည်း ကမ္ဘာကိုမှီတဲ့ အလှရှိလားလို့သိချင်လို့ပါ"
"မင်းလိုကောင်တွေများရင်တော့ အဲ့ဒီကားက ကျိန်းသေပေါက်မှာ ငါ့ကောင်ရေ... တကယ်လာရိုက်ပါစေလို့သာ ဆုတောင်းပေတော့"

စိတ်ပေါက်ပေါက်နဲ့ ကျွန်တော်ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း ... ဒါပေမယ့်ပေါ့လေ... သူတို့
စီက နည်းစနစ်တွေ၊ အယူအဆတွေကိုသာ အခြေခံပြီး ကျွန်တော်တို့ရဲ့ ခမ်းနားခဲ့တဲ့ သမိုင်းဇာတ်လမ်းကြီးတွေကို ရုပ်ရှင်အဖြစ်ရိုက်ကူးပြနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ ကျွန်တော် မရဲတရဲလေး မျှော်လင့်နေမိခဲ့တယ်။
-------------------------------------------------------------------------------------------------
ဘန်းစကားနဲ့ ဗေဒင်

ကျွန်တော်ဗေဒင်ကို တော်ရုံတန်ရုံမေးခဲပါတယ်။ မယုံလို့တော့ မဟုတ်ပါဘူး။ မေးစရာအကြောင်းလည်း ကြီးကြီးမားမားမရှိသေးလို့ထင်ပါတယ်။ မဂ္ဂဇင်း၊ဂျာနယ်တွေ ထဲတော့ အပျင်းပြေသဘော ဖတ်လေ့ရှိပါတယ်။ ကျွန်တော့် အမျိုးတွေကတော့ ဗေဒင်ကို တော်တော်လေးယုံကြည်တယ်လို့ပြောလို့ရပါတယ်။ အဲ့ဒါကြောင့်လည်း အိမ်ကဦးလေးနေမကောင်းတော့အဖွားက သူ့မြေး၊ ကျွန်တော်ညီဝမ်းကွဲ နှစ်ယောက်ကို ယတြာချေဖို့ ဗေဒင်သွားမေးခိုင်းပါတယ်။ ဗေဒင်ဆရာမ စီက သူတို့မေးပြီးလည်း ပြန်လာရော ကျွန်တော့်ကို သူတို့ ကြုံလာတဲ့ အဖြစ်ကို ပြောပြပါတယ်။

"ကျွန်တော်တို့ နှစ်ယောက်လည်း ဟိုရောက်ရော အရှေ့မှာ အဒေါ်ကြီးတစ်ယောက်က ဗေဒင်မေးနေတယ်"
"အေး... ဘာအကြောင်းလဲ.. မင်းတို့ကြားရလို့လား"
"ကြားရတာပေါ့ဗျာ... အဲ့ဒါကြောင့် အစ်ကို့ကိုပြောပြချင်နေတာ"
"လုပ်စမ်းပါဦး"
"သူ့သမီးက... သူ သဘောမတူတဲ့ ကောင်လေး တစ်ယောက်နဲ့ကြိုက်နေလို့ ကွဲအောင်လုပ်ပေးပါဆိုပြီး ဗေဒင်လာမေးတာဗျ။"
"အဲ့ဒီတော့ ဗေဒင်ဆရာမက ဘာပြောလဲ"
"သူ ယတြာပေးမယ် အဲ့ဒါကိုသေသေချာချာယုံယုံကြည်ကြည်လုပ်တဲ့"
"ဘယ်လိုယတြာ မို့လို့လဲကွ"
"ကောင်လေး ဓါတ်ပုံရှိလားဆိုတော့ အဒေါ်ကြီးက ရှိတယ်တဲ့။ အဲ့ဒါဆို အဲ့ဒီကောင်လေး ဓါတ်ပုံကို နံရံမှာကပ်ထားပြီးသတိရတိုင်း သားရေပင်းနဲ့ နာနာသာပစ်တဲ့"
"ဟား... ဟား......ဟား...... ဖြစ်မှဖြစ်ရလေကွာ"

ရယ်နေရင်းနဲ့လည်း ကျွန်တော်တွေးမိပါသေးတယ်။ ဘုရား၊ဘုရား ကိုယ့်ယောက္ခမလောင်းကြီးသာ အဲ့လိုမျိုးဆိုဒုက္ခပါပဲ။တွေးရင်းနဲ့ ကျွန်တော်မျက်နှာတစ်ခုလုံးလဲ စပ်ဖြင်းဖြင်းဖြစ်လာပါတယ်။ သားရေပင်သံက ရွှတ်ကနဲ......။

"မပြီးသေးဘူး အစ်ကိုရ ဗေဒင်ဆရာမက ဆက်ပြောသေးတယ်"
"ဟမ် ဘယ်လိုဆက်ပြောတာလဲကွ"
"များများသာပစ်ပေးတဲ့၊ မြန်မြန်ဒိုးအောင်လို့ ဖြစ်နိုင်ရင် ဒိုးကွင်းကြီးနဲ့သာ ဆော်ပေးတဲ့"

ကျွန်တော် ရယ်ချင်လွန်းအားကြီးလို့ ရုတ်တရက်တောင်ကြောင်သွားပါတယ်။ ဗေဒင်ဆရာမကလည်း တော်ပါပေတယ်၊ ခေတ်နဲ့အညီ ပညတ်တွေ၊ဓါတ်တွေညှိတတ်လိုက်တာ။ ဘေးဘယာကျော်အောင် ဗယာကြော်စားတို့၊ ကြာကြာစံရအောင် ကြာဆံကြော်စားတို့တင်မကပဲ၊ မြန်မြန်ဒိုးအောင် ဒိုးကွင်းကြီးနဲ့ဆော်ပေးတဲ့။ ဟိုကောင်လေး ခင်ဗျာ ကိုယ့်ရည်းစား အလွမ်းပြေကြည့်ရအောင် ဓါတ်ပုံလေး ပေးမိကာမှ နံရံမှာကပ်ပြီး ဒိုးကွင်းနဲ့ဆော်ခံနေရတယ်။ အဲ့ဒီတော့ ယောကျာင်္းလေးတွေ
အားလုံးလဲ ရည်းစားကို ဓါတ်ပုံတွေဘာတွေပေးမယ်ဆိုရင် ယောက္ခမကြီးအကြောင်းစုံစမ်းပြီးမှ ပေးကြဗျို့၊ တော်ကြာ ဒီလိုဗေဒင်ဆရာမ မျိုးနဲ့တွေ့လို့ သားရေပင်နဲ့ပစ်၊ ဒိုးကွင်းနဲ့ အဆော်ခံနေရဦးမယ်။

Suicide လုပ်ခြင်း

31 October 2008


ကိုယ့်ကိုကိုယ် သတ်သေခြင်းဟာ လူ့ယဉ်ကျေးမူ့ပေါ်ပေါက်ထွန်းကားလာပြီးမှ ပေါ်လာတဲ့ဓလေ့တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဆရာ သစ္စာနီရေးတဲ့ အတ်ဆေးတစ်ပုဒ်မှာတော့ လူဟာ ကိုယ့်ကိုယ်ကို သတ်သေတတ်တဲ့တစ်မျိုးတည်းသော သတ္တ၀ါလို့ဖတ်ဖူးပါတယ်။ ဂုဏ်သိက္ခာအတွက်၊စိတ်ဓါတ်ကျတဲ့အတွက်၊ အရှက်အတွက်၊ စိတ်ဖိစီးမူ့အတွက်၊မူးယစ်ဆေးကြောင်သွားတဲ့အတွက် အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ လူ့သမိုင်းတစ်လျှောက်လုံးမှာ သတ်သေခဲ့ကြတဲ့ သူတွေမနည်းပါဘူး။ တစ်လောက ဂျာနယ်တစ်စောင်မှာ ကိုရီးယားမင်းသမီး choi jin sin ကိုယ့်ဘာသာ အဆုံးစီရင်သွားတယ်ဆိုတာ ဖတ်လိုက်ရပါတယ်။ သူသေဆုံးချိန်မတိုင်မှီ နှစ်ပတ်အလိုက ကိုယ့်ဘာသာသတ်သေသွားတဲ့ မင်းသားသေရတာဟာ သူ့ကြောင့်လို့အင်တာနက်ကအတင်းအဖျင်းတွေက ဖေါ်ပြတဲ့အတွက်စိတ်ဓါတ်ကျပြီးအဆုံးစီရင်သွားတာလို့ သတင်းတွေမှာ ပါပါတယ်။ ဒီ့ထက်ပိုနက်နဲတဲ့ အကြောင်းတွေရှိမယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကိုရီးယားနိုင်ငံရဲ့ မိမိကိုယ်ကို အဆုံးစီရင်မူ့တွေကတော့ လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ ကမ္ဘာမှာထိပ်ဆုံးရောက်လာတယ်လို့ ပြောကြတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကလည်း ကိုရီးယား သရုပ်ဆောင်၊အဆိုတော် အစရှိတဲ့ အနုပညာရှင်တွေရဲ့ ကိုယ့်ကိုကိုယ် သတ်သေတဲ့ သတင်းတွေက တစ်နှစ်မှာ အနည်းဆုံး တစ်ခါကနေနှစ်ခါ လောက်တော့ကြားရပါတယ်။ ကိုရီးယားလို ဖွံ့ဖြိုးပြီးကို သွားတဲ့အဆင့်မှာ အစဉ်လာယဉ်ကျေးမူ့တွေနဲ့ ဂလိုဘယ်ယဉ်ကျေးမူ့တွေ တိုးတိုက်မိခြင်းလားလို့ ကျွန်တော်တွေးမိပါတယ်။ ဒီမင်းသမီးသေဆုံးရတာလည်း single mother ဆိုတဲ့အယူအဆကြောင့် ဖြစ်နိုင်ကြောင်း တချို့ကသုံးသပ်ကြတယ်။ လက်ရှိကိုရီးယားနိုင်ငံ
ရဲ့ လူသေဆုံးမူ့အကြောင်းတွေမှာ ကိုယ့်ကိုကိုယ်သတ်သေခြင်းကြောင့် သေဆုံးရခြင်းက အဆင့် ၄ မှာရှိနေပါတယ်တဲ့။တော်တော်ကြောက်ဖို့ကောင်းတဲ့ ပြဿနာ ဖြစ်နေပါပြီ။ ကိုရီးယားဆို အရမ်းအထင်ကြီးတဲ့ ကျွန်တော်တို့ မြန်မာတွေ ဒါမျိုးတော့ လိုက်မတုကြပါနဲ့လို့ ဆုတောင်းပါတယ်ဗျာ။

တကယ်တော့ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုတဲ့ အကြောင်းကို ဘာသာရေးတွေအားလုံးက တားမြစ်ထားတာပါ။ အစွန်းရောက်ဘာသာရေးယုံကြည်သူတွေကတော့ တစ်မျိုးပေါ့။ ဆာမူရိုင်းခေတ်က ဂျပန်တွေကတော့ ဟာရာကိရိဆိုပြီး ဂုဏ်သိက္ခာအတွက် သတ်သေကြပါတယ်။ အခုခေတ် ဘာသာရေးအစွန်းရောက်တွေကတော့ ဂုဏ်သိက္ခာအတွက်ဆိုပြီး ကိုယ့်ကိုကိုယ်တင်
အားမရပဲ သူများပါခေါ်သွားဖို့ အသေခံဗုံးခွဲတယ်တို့ဘာတို့လုပ်ကြပါတယ်။ တော်တော်ဆိုးတဲ့ အပြုအမူပါ။ အရှက်အတွက်၊စိတ်ဖိစီးမူ့များတဲ့အတွက် သတ်သေနေကြတာဟာ သာမန်လူတွေတင်မကပဲ နာမည်ကျော်တွေကပါ လုပ်နေကြတဲ့ ကိစ္စတစ်ခုပေါ့။ သမိုင်းတစ်လျှောက် ကိုယ့်ကိုကိုယ် သတ်သေခဲ့ကြတဲ့ လူတွေစာရင်းကို ရှာလိုက်တာ မရေနိုင်လို့ ဒီအတိုင်းပဲထားလိုက်ရတယ်။ ဗန်ဂိုး၊ ကတ်ကိုဘိန်း တို့လို ကျွန်တော်အရမ်းလေးစားတဲ့ အနုပညာရှင်တွေလည်း ကိုယ့်ဘာသာ အဆုံးစီရင်ပြီး ဇာတ်သိမ်းသွားကြတယ်။ အနုပညာနဲ့ ကိုယ့်ဘာသာအဆုံးစီရင်ခြင်းဟာ ဘယ်လိုပတ်သတ်နေလည်း ကျွန်တော်မတွေးတတ်
ပါဘူး။

ကိုယ့်ကိုကိုယ် သတ်သေတဲ့နှုန်းကအမေရိကမှာလည်း တိုးလာတယ်လို့ပြောကြပါတယ်။ သက်ဆိုင်ရာ စစ်တမ်းတွေအလိုက်ကြည့်လိုက်ရင် အမေရိက၊အာရှ၊ဥရောပ စတဲ့တိုက်ကြီးတွေမှာ အများဆုံးတွေ့ရပြီး အာဖရိကဒေသကိုတော့ စစ်တမ်းမရလို့ဖေါ်ပြကြပါတယ်။ သတ်သေတဲ့လူ မရှိသလောက်နည်းတာလား၊ တကယ်ကို အချက်အလက်မရတာလားတော့ မသိပါဘူး။စဉ်းစားကြည့်ရင်တော့ ကိုယ့်ကိုကိုယ်သတ်သေခြင်းဟာ ဆင်းရဲတာနဲ့မဆိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အမြင်
ပြောရရင်တော့ ဆင်းရဲလွန်းတာမခံနိုင်လို့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုတာ မကြားဖူးသလောက်ပါပဲ။ ယဉ်ကျေးမူ့မြင့်ပါတယ်၊ ဖွံ့ဖြိုးတိုးတက်ပါတယ် ဆိုတဲ့နိုင်ငံကြီးတွေမှာသာ ကြားနေရတာပါ။ အဲ့ဒီတော့ အဆုံးစီရင်တယ်ဆိုတာ ယဉ်ကျေးမူ့မြင့်မားလာခြင်းရဲ့ ၀ိသေသလက္ခဏာတစ်ရပ်ပဲ ဖြစ်နေမလား။

သတ်သေတဲ့ နည်းတွေကလည်း မျိုးစုံသလားတော့ မမေးနဲ့။ ကိုယ့်ဘာသာ သတ်သေနည်းများ suicide method ဆိုပြီးgoogle မှာရှာကြည့်လိုက် အကြံပေးမယ့် site တွေတောင်ရှိသေးတယ်။ တကယ်ကို ဆိုးတယ်ဗျာ။ အလွယ်ဆုံးနဲ့ အထင်ရှားဆုံးနည်းကတော့ ကြိုးဆွဲချနည်းပဲတဲ့။ ကျွန်တော်ကတော့ လည်ပင်းနည်းနည်းအစ်ရင်တောင် ခံနိုင်တဲ့ကောင်မဟုတ်ဘူး။လက်ကောက်ဝတ် သွေးကြောဒါးနဲ့ဖြတ်တဲ့နည်း၊ အဆိပ်တွေ၊အိပ်ဆေးတွေသောက်တဲ့နည်း၊ တိုက်ပေါ်က ခုန်ချတဲ့နည်း၊ကားရှေ့ဝင်တိုးတဲ့နည်း၊ သေချင်ရင်တော့ လွယ်လွယ်လေးပါ...... အခုချက်ခြင်းထပြီး ပလပ်ပေါက်ထဲသာ လက်ထိုးထည့်လိုက် တကယ်ကို လွယ်ပါတယ်။ အရေးကြီးတာက အရှုံးမပေးပဲ ဘ၀ကို ရအောင်ရှင်သန်နိုင်ဖို့ပါ။ ဘာအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို သတ်သေဖို့ကို ကြောက်ပါတယ်။ ခံစားရမယ့် ဝေဒနာတွေကို ကြောက်တာနဲ့တင် ဒီတသက်တော့ကိုယ့်ဘာသာ သတ်သေ၀ံ့မယ် မထင်ပါဘူး။

လက်ကောက်ဝတ်ဓါးနဲ့ဖြတ်တဲ့ နည်းလား၊ ကိုယ့်ဘာသာ ဓါးလေးပဲရှကြည့်ဦး၊ တိုက်ပေါ်ကခုန်ချရင်လည်း အလောင်းတွေကဖွဲအိတ်ကြီးလိုဖြစ်သွားတာဆိုပဲ၊ တခြားနည်းတွေလည်း ဝေဒနာကိုသာတွေးကြည့် မလုပ်ဝံ့စရာကြီးပဲ။ ပြီးတော့ အယူအဆအနေနဲ့ပြောရင် ကိုယ့်ဘာသာ သတ်သေသူများဟာ တစ်ကိုယ်ကောင်းဆန်သွားကြတာပါ။ သေရင် အရာရာပြီးသွားမယ်လို့ယူဆနေကြလား မသိပါဘူး။ နောက်ကျန်ခဲ့မယ့်သူတွေက ရှင်းရမှာတွေ၊ ကလေးငယ်တွေကျန်ခဲ့ရင်လည်း သူတို့နားလည်အောင်
ပြောရမှာတွေကို မတွေးပဲ ကိုယ်လွတ်ရုန်းသွားကြတာပါ။ ဒါပေမယ့် သူတို့လွတ်မြောက်သွားတယ်လို့ ကျွန်တော်ဘယ်တော့မှ မတွေးမိပါဘူး။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ကိုယ့်ကိုကိုယ်သတ်သေနှုန်းက သိပ်မရှိဘူးလို့ထင်ပါတယ်။ ဘာသာရေးအရလည်းဆုံးမထိန်းချုပ်မူ့တွေ ရှိနေလို့လည်းပါမှာပါ။ ဒါတောင် ဒီဘက်နှစ်တွေထဲမှာ အနီးအနားက သတင်းတွေကြားခဲ့ရသေးတယ်။ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ သူနှစ်ယောက်အကြောင်း နီးနီးစပ်စပ်ထဲက ကြားဖူးတာပါ။ တစ်ယောက်ကငွေကြေး အရှုပ်အရှင်းကြောင့် ဆေးတွေသောက်ပြီးသေသွားတာပါ၊ တစ်ယောက်ကတော့ ဘာဖြစ်လို့လဲမသိဘူး၊ ကျွန်တော်တို့ကျောင်းသွားတဲ့ ကားလမ်းဘေးက ၀ါးရုံပင်မှာ ဆွဲကြိုးချပြီးလာသေသွားတာပါ။ နှစ်ယောက်လုံးကတော့ အစိုးရ အရာရှိတွေပဲ။ သာမန်အားဖြင့်တော့ ကျွန်တော်တို့နိုင်ငံမှာ ကြားရခဲပါတယ်။

တကယ်တော့ ကျွန်တော်လည်းစိတ်ညစ်စရာတွေ၊ သောကတွေနဲ့ ကြုံခဲ့ရဖူးပါတယ်။ အဓိက ကတော့ နားလည်တတ်တဲ့အရွယ်မှာပေါ့။ အဲ့လို ဖြစ်တဲ့အချိန်တိုင်း ကိုယ့်ကိုကိုယ် သတ်သေလိုက်ပါတယ်။ ဘ၀ကို မဟုတ်ပါဘူး ကျွန်တော့်ရဲ့ပျက်စီးသွားတဲ့ စိတ်ဓါတ်တွေကိုပါ။ ဘာနဲ့လဲဆိုတော့ အနုပညာနဲ့ပေါ့။ တကယ်ပြောတာပါ။ ကျွန်တော်စိတ်ဓါတ်ကျတုန်းကအသုံးပြုခဲ့တဲ့ အနုပညာက ဂီတပါ။ အယ်နောင်းရဲ့ အနောက်တောင်မုတ်သုံလေခရီး ခွေကိုနားထောင်ဖူးသူတိုင်း အိပ်ဆေးသီချင်းကို သိကြမှာပါ။ ကျွန်တော် စိတ်ဓါတ်အရမ်းကျတဲ့အချိန်တိုင်း အဲ့ဒီသီချင်းကို နားထောင်ပြီး လက်ရှိဘ၀ထဲကနေ
အလွတ်ရုန်းဖို့ကြိုးစားပါတယ်။ ဘ၀ကို စိတ်ပျက်စရာ၊ ဘာမှအသုံးမကျတဲ့အရာအဖြစ် ဂီတရဲ့မှော်နယ်မြေထဲမှာ ကျွန်တော်ရူ့ မြင်လိုက်ပါတယ်။ ပြီးရင် ကျွန်တော့်စိတ်တွေအသစ်ပြန်မွေးဖွားပြီး ပေါ့ပါးလာပါတယ်။ နောင်တတွေ၊သောကတွေဟာကျွန်တော့်စီကနေထွက်ပြေးသွားပြီး ဘ၀သစ်ကိုပြန်စဖို့ အားအင်တွေဖြစ်လာပါတယ်။ အဲ့ဒီတော့ ကျွန်တော်စိတ်ဖိစီးမူ့တွေ
အရမ်းများနေရင် အနုပညာတစ်ခုခုနဲ့ ကိုယ့်ကိုကိုယ်သတ်သေပစ်လိုက်ပါတယ်။ အနုပညာက ဖန်တီးပေးတဲ့ ကမ္ဘာထဲမှာကျွန်တော်သေဆုံးသွားပြီးရင် အပြင်ကမ္ဘာမှာ ရှင်သန်ခြင်းအသစ်တွေနဲ့ ခရီးဆက်သွားပါတယ်။ ဒါဟာအနုပညာဖန်တီးသူက ခံစားတဲ့သူကိုပေးချင်တဲ့ မွန်မြတ်သောလက်ဆောင်တစ်ခုပေါ့။ သူတို့ဘ၀တစ်ခုလုံးကို ရင်းပြီးပေးခဲ့ရတာလေ။ စိတ်ညစ်နေလားဗျာ... ဒီသီချင်းကို နားထောင်ပြီး ကျွန်တော့်တို့ရဲ့
သုံးမရတဲ့စိတ်တွေကို သတ်ပစ်လိုက်ကြပါစို့။ အနုပညာကို ခံစားတတ်ခြင်းဟာလည်း လူသားရဲ့မြင့်မြတ်တဲ့ ဂုဏ်သိက္ခာတစ်ခုပါပဲ။

အိပ်ဆေး
သီချင်းနားထောင်ရန် ဒီနေရာတွင် click နှိပ်ပါ။ မြန်မာMP3 လင့်မှ ချိတ်ပေးထားပါတယ်။ သီချင်းစာသားကိုလည်း ဖေါ်ပြလိုက်ပါတယ်။

အိပ်ဆေးပြားများ ငါမြိုချလိုက်
ပွန်းပဲ့ခဲ့တဲ့ ငါ့နှလုံးသားလေး
ငါ့ဦးနှောက်ပြည့် အညစ်အကြေး အမှိုက်တွေ.....

အားလုံးရဲ့ အဝေး တိတ်တဆိတ်နဲ့ပြေး
တဖြည်းဖြည်းနှေးကွေး တွေးပြီးတို့တတွေ.....ဟေ .. ဟေး

ဘ၀တွေ ဘ၀တွေ ထွက်ပြေးပြီဟေ့
ဘ၀တွေ ဘ၀တွေ ငါကျောခိုင်းပြီ
ဘ၀တွေ ဘ၀တွေ ငါရူးသွပ်ဆဲ
ဘ၀တွေ ဘ၀တွေ ငါကျောခိုင်းပြီ....။

သမိုင်းပညာရှင် ကျွန်ုပ်

29 October 2008

ကျွန်ုပ်သည် သရေခေတ္တရာဟု အမည်ရှိသော မြို့ဟောင်းအကြောင်းအား ၀ီကီမြန်မာတွင် ရေးသားရင်း ကျွန်ုပ်ကိုယ်တိုင်မြင်တွေ့လာသော အချက်အလက်များအား ထည့်သွင်းရေးသားလိုသော်လည်း ၀ီကီမြန်မာတွင် မီဒီယာတစ်ခုခု၌ ပုံနှိပ်ဖေါ်ပြထားခြင်းမရှိသေးသော အကြောင်းများအား တင်ခွင့်မပေးသဖြင့် ကျွန်ုပ်တွေးတော စဉ်းစားမိသော အချက်အလက်များအား ကိုယ်ပိုင်ဘလော့ဂ်တွင်သာ တင်ပြအပ်ပေသည်။ ကျွန်ုပ် အပန်းတကြီး ကူးချ အဲလေတည်းဖြတ်ထားသော သမိုင်းပညာရှင်များ၏ သရေခေတ္တရာ အကြောင်းကို ဤလင့်တွင် နှိပ်၍ ကြည့်ရူ့နိုင်ပါသည်။ အောက်ဖေါ်ပြပါ အကြောင်းအရာတို့မှာမူ သမိုင်းဝါသနာရှင်မျှသာ ဖြစ်သော ကျွန်ုပ် မောင်ဖားကြီး၏ ယူဆချက်များသာဖြစ်ပေသည်။ ဖတ်ရူ့ကာ သဘောတူ၊ မတူ စဉ်းစားဆုံးဖြတ်ကြပါနိုင်ပါသည်။

သရေခေတ္တရာသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်အကွာတွင် တည်ရှိသော ရှေးဟောင်းပျူလူမျိုးတို့၏ မြို့တော်ဖြစ်ပေသည်။ မျက်မြင်အထောက်အထားများအရ တချိန်ကကြီးကျယ်ခမ်းနားခဲ့သော မြို့ဖြစ်ကြောင်း သိသာ ထင်ရှားလှပေသည်။ ကြွင်းကျန်ရစ်သော အထောက်အထားများနှင့် တရုတ်ပြည်မှ မှတ်တမ်းများအရ သရေခေတ္တရာမြို့သည် ရှေးပျူဟောင်းတို့၏ မြို့ဖြစ်ကြောင်း သမိုင်းပညာရှင်များက ခန့်မှန်းထားကြပေသည်။ ထို့ကြောင့် မိမိနိုင်ငံသမိုင်းသာမကသူများအတွက်ပင် တကူးတက မှတ်တမ်းရေးပေးတတ်သော ဆွေမျိုးပေါက်ဖေါ် တရုတ်တို့အား ကျေးဇူးတင်သင့်ပေသည်။

မြန်မာပြည်တွင် လက်ရှိတွေ့ရှိချက်အရ ပျူတို့၏ အထင်ကရမြို့တော်သုံးမြို့ရှိပြီး ထိုအထဲတွင် သရေခေတ္တရာသည် အစည်ကားဆုံးဖြစ်သည် ဟုသမိုင်းပညာရှင်များက ခပ်တည်တည်နှင့် မှတ်ချက်ချခဲ့ကြသည်။ အကြောင်းမှာ ကြွင်းကျန်ရစ်သော ရုပ်ဝတ္တုများတွင် အကောင်းအတိုင်းနီးပါးဟူ၍ သရေခေတ္တရာမှပင် အများဆုံးတူးဖေါ်တွေ့ရှိခဲ့သောကြောင့်သမိုင်းပညာရှင်များပြောသည်မှာ ဟုတ်ပါပေသည်ဟု လက်ခံရန်သာ ရှိလေသည်။

၁၈၇၇ တွင် ရန်ကုန်-ပြည်မီးရထားလမ်းအား ဖေါက်လုပ်ခဲ့ရာတွင် မှော်ဇာအရပ်မှ ရထားလမ်းပိုင်းနေရာအား သရေခေတ္တရာမြို့ဟောင်း မှ အုတ်များအား အသုံးပြုစေခဲ့သည်ဟု ဆိုသည်။ ထိုအချက်မှာ အင်္ဂလိပ်အစိုးရကိုယ်တိုင်က အသုံးပြုခိုင်းခြင်းပေလော သို့မဟုတ် ကန်ထရိုက်တာ၊ အင်ဂျင်နီယာမှ ဖို့မြေအတွက်အပိုစရိတ်တင်ကာ ဘုံးပစ်ပေခြင်းလောဟူ၍ ခိုင်မာသော သက်သေပြချက်များ မတွေ့ရှိရသေးပေ။

သရေခေတ္တရာမြို့ဟောင်းအား အင်္ဂလိပ်လက်ထက်မှ စတင်ကာတူးဖေါ်ခဲ့သည်ဟု ဆိုကြပေသော်လည်း ကျွန်ုပ်
အမြင်အရမူ ပျူတို့နောက်ပိုင်း လာရောက်နေထိုင်သော မြန်မာများမှ စတင်ခဲ့သည်ဟု ထင်သည်။ ထိုအခြေချ
နေထိုင်သူများသည် ရေတွင်း၊ရေကန်အတွက်သော်လည်းကောင်း၊ မိလ္လာကျွင်း အတွက်သော်လည်းကောင်း၊
ဝမ်းစာအတွက် ဂဏန်းကျွင်း၊ဖားကျွင်းများကို သော်လည်းကောင်း တူးဖေါ်ခဲ့ကြပြီး ပျူလက်ရာပစ္စည်းများ ရရှိနိုင်ခဲ့သော်လည်း မြန်မာမင်းများလက်ထက်တွင် ရှေးဟောင်းသုတေသနဌာန မရှိသေးသဖြင့် ထိုပစ္စည်းများသည် ကလေးကစားစရာအဖြစ်လည်းကောင်း၊ အိုးခြမ်းပဲ့အဟောင်းများအဖြစ် လွင့်ပစ်ခံရခြင်း အဖြစ်သို့ရောက်ရှိခဲ့ပေမည်ဟုခန့်မှန်းနိုင်ပေသည်။ ထို့ကြောင့် သရေခေတ္တရာမြို့ဟောင်းအား စတင်တူးဖေါ်သူများမှာ အင်္ဂလိပ်တို့မဟုတ်ပဲကျွန်ုပ်တို့ သကျသာကီ မြန်မာများသာ ဖြစ်ပေမည်ဟု ကျွန်ုပ်သည် ၀ံသာနုစိတ်ဓါတ်အပြည့်ဖြင့် အခိုင်အမာ ပြောဆိုအပ်ပေသည်။( အမြင်မတူသူများရှိနိုင်ပါသည်။ တာဝန်ရှိသူများမှ ဤယူဆချက်ကြောင့် ကျွန်ုပ်အား ဆုတံဆိပ်တစ်ခုခု ချီးမြှင့်သင့်ပေသည်...ငှဲ...ငှဲ။ဤကား စကားချပ်)

သမိုင်းကြောင်း
သရေခေတ္တရာမြို့ဟောင်းအား သာသနာသက္ကရာဇ် ၁၀၁ ခုနှစ်တွင် ဒွတ္တဘောင်မင်းကြီးက တည်ထောင်ခဲ့သည်ဟု ရာဇ၀င်များတွင် ဖေါ်ပြပါရှိလေသည်။ မြို့တော်အား သိကြားမင်း၊ဂ၀ံပတိ၊ ရသေ့၊ နဂါး၊ဂဠုန်၊စန္ဒီ နှင့် ပရမေသူရာတို့ အကူအညီဖြင့်တည်ဆောက်ခဲ့သည်ဟု အဆိုပါရာဇ၀င်များတွင် ဖေါ်ပြထားသောကြောင့် ထိုခေတ်က မြို့ပြအင်ဂျင်နီယာများ ရှိနိုင်သော်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိခဲ့ဟု ယူဆနိုင်လေသည်။ မြို့ကွက်အား ပန္နက်ချရာတွင်လည်း နဂါးအမြီးဖြင့် စက်ဝိုင်းပုံသဏ္ဍာန်မြို့ကွက်ကို ပုံစံချခဲ့သည်ဟုဆိုလေရာ ထိုမျှကြီးမှားသော နဂါးအမြီးအား ဆွဲကိုင်ကာ စက်ဝိုင်းအဖြစ်ဆွဲသောသူသည် မည်မျှကိုယ်ခန္ဓာကြီးမားသူဖြစ်ကြောင်း ခန့်မှန်းရန်ခဲယဉ်းပေသည်။ သို့သော် ဤအကြောင်းအရာများမှာရာဇ၀င်လာ ဒဏ္ဍာရီသာ ဖြစ်သဖြင့် သိပ္ပံနည်းကျ သမိုင်းသုတေသီများက အတည်ယူခြင်းမရှိပေ။

ရှေးမြို့တော်အား တူးဖေါ်ခြင်း
မြို့ဟောင်းအား မြန်မာများက စတင်တူးဖေါ်ခဲ့သည်ဟု ကျွန်ုပ်ကယူဆသော်လည်း သမိုင်းပညာရှင် အများစု၏ အဆိုအရမြို့ဟောင်း တူးဖေါ်ခြင်းအား အင်္ဂလိပ်လက်ထက် ၁၉၀၇ တွင်စတင်ခဲ့သည်ဟု ဆိုကြသည်။ တူးဖေါ်တွေ့ရှိရသော အချက်များမှ ကျွန်ုပ်တို့သည် သရေခေတ္တရာနေ ပျူလူမျိုးတို့၏ ယဉ်ကျေးမူ့၊ စီးပွားရေး၊လူမူ့ရေးတို့ကို ခန့်မှန်းခွင့်ရကြလေသည်။သမိုင်းပညာရှင်များသည် ထိုတွေ့ရှိချက်များမှ ခန့်မှန်းချက်များစွာ ထုတ်နိုင်ခဲ့သော်လည်း ကျွန်ုပ်သည် ၎င်းတို့မေ့ကျန်ခဲ့မည်ဟုထင်ရသော ယူဆချက်များအား ထပ်မံတွေးတောမိလေသည်။

၁၉၁၈ နှင့် ၁၉၂၀ တွင်တူးဖေါ်ရာမှ ရရှိသော ရွှေပေချပ်များတွင် ပါဠိ၊သက္ကတ၊ ပျူဘာသာစကား များဖြင့်ရေးထိုးထားကြောင်းတွေ့ရပေသည်။ ထို့ကြောင့် မည်သည့်အတွက်ဘာသာစကား တစ်မျိုးတည်းကို မသုံးပဲ သုံးမျိုးအထိသုံးခဲ့သနည်းဆိုသည်ကိုလေ့လာဆန်းစစ်ရန်လိုပေသည်။ ထိုခေတ်က လူများသည် ဘာသာစကားသုံးမျိုးလုံးအား အသုံးပြုနိုင်သောကြောင့်လော..။
ဤသို့ဆိုလျင် ထိုခေတ်မှပျူလူမျိုးတို့သည် ကျွန်ုပ်တို့ထက်ပို၍ပင်တော်ကြောင်း သိသာနေပေမည်။ သို့မဟုတ်ပါကရေးသားသူ ပညာရှင်ကပင် မိမိတော်ကြောင်းသိသာလို၍ သုံးဘာသာဖြင့် ထိုးခဲ့ကြောင်းပေလော။ ယူဆက်ချက်များ အများအပြားရှိနိုင်ပေသည်။ ဘာသာစကားတစ်မျိုးစီ သုံးသော လူမျိုးသုံးမျိုးနေထိုင်ခဲ့ခြင်းလော။ ဤသို့ဆိုလျင် တစ်ယောက်ဘာသာစကား တစ်ယောက်နားလည်စေရန်ပါဠိစကားပြောသင်တန်း၊သက္ကတစကားပြောသင်တန်း၊ပျူစကားပြောသင်တန်းဟူ၍
ဘာသာစကား သင်တန်းကျောင်းများလည်း တည်ရှိနိုင်ပေသည်။

အထက်ပါသင်တန်းကျောင်းများသာ ရှိပါက သင်တန်းဆရာအတတ်ဖြင့် အသက်မွေးသူများလည်း ရှိမည်ဟု ဆက်စပ်တွေးခေါ်နိုင်လေသည်။ မြို့ရိုးတည်ဆောက်ရာတွင်အသုံးပြုသော အုတ်များတွင်စပါးခွံများကို တွေ့သောကြောင့် စိုက်ပျိုးရေးသည်ပင် အဓိကစီးပွားရေးဖြစ်သည်ဟု သမိုင်းပညာရှင်များက မှတ်ချက်ချခဲ့သည်။ ထိုအုတ်များကိုဖုတ်ရန်အတွက် အုတ်ဖုတ်လုပ်ငန်းဖြင့် အသက်မွေးသူများလည်း တစ်ခေတ်ကောင်းခဲ့ကြောင်း ကျွန်ုပ်က မှတ်ယူသည်။ သံထည်ပစ္စည်းများကို နိုင်နင်းစွာ
အသုံးချနိုင်ခဲ့ကြပြီး အိန္ဒိယတောင်ပိုင်းနှင့်လည်း အဆက်အသွယ်ရှိခဲ့သည်ဟူသော သမိုင်းပညာရှင်များ၏ ယူဆချက်အရထိုခေတ်က သံဟောင်းများကိုပြန်လည်ဝယ်သည့် ယခုခေတ်အခေါ်ဘော်တယ်ကုလားများလည်း ရှိနိုင်သည်ဟု မှတ်ချက်ချနိုင်ပေသည်။

ပုတီးများ၊ လက်ဝတ်လက်စား ပစ္စည်းများလည်း တူးဖေါ်ရရှိခဲ့သည်။ ထိုပစ္စည်းများမှာ မိမိကိုယ်တိုင်အိမ်တွင်လုပ်ကာဝတ်ဆင်ခြင်းလော၊ တတ်ကျွမ်းသည့် ပညာရှင်ကပြုလုပ်ပေးသည်ကို ၀ယ်ယူဝတ်ဆင်ခြင်းလောဟူ၍ သမိုင်းပညာရှင်များ သက်သေမပြနိုင်သေးပေ။ တတ်ကျွမ်းသည့်သူများက ပြုလုပ်ခဲ့သည်ဆိုပါက ထိုခေတ်တွင် ယခု ယုဇနပလာဇာရှိ ဖန်စီ ဆိုင်လေးများကဲ့သို့ ဆိုင်များလည်းရှိနိုင်ကြောင်း ထပ်ဆင့်တွေးတောနိုင်ပေသည်။ ထိုမှတဆင့် အီမို၊ပန့်ခ် ကဲ့သို့သော် ဖက်ရှင်များသည်ထိုခေတ်ကလည်း ရှိနိုင်လောက်သည်ဟု ကောက်ချက်ချနိုင်လေသည်။ မျက်မြင်တွေ့ရသော စေတီ၊ပုထိုးများနှင့် တူးဖေါ်တွေ့ရှိချက်များကိုခန့်မှန်း၍ ဗိသုကာပညာ၊ပန်းထိမ်ပညာ၊ ကျောက်ဆစ်ပညာ၊ ပန်းပုပညာ၊ပန်းချီပညာဖြင့် အသက်မွေးသူများလည်းရှိမည်ဟု သမိုင်းပညာရှင်များက ရဲရဲဝံ့ဝံ့ကြီးပင် ပြောဆိုလေသည်။ တွေ့ရှိရသော အိုးခြမ်းပဲ့၊ခွက်ပဲ့များသည် အရက်ထည့်သောက်သော ခွက်များဖြစ်မဖြစ်ကိုမူ ဆက်လက်သုတေသနပြုလုပ်ရန်လိုနေသေးသည်။ ထိုခေတ်တွင်လည်း ယမကာ
မည်သော အရက်ရှိမည်မှာ အမှန်ပင်ဖြစ်သော်လည်း ဘုံဆိုင်ကဲ့သို့သော စီးပွားဖြစ်အရက်ဆိုင်များ ရှိခဲ့ခြင်းရှိမရှိကိုမူသမိုင်းပညာရှင်များသည် ပြောဆိုရန်ခက်ခဲနေလေသည်။

တရုတ်မှတ်တမ်းများအရ သရေခေတ္တရာတွင် ကချေသည်များလည်း ရှိခဲ့ကြောင်းသိရပေသည်။ တူးဖေါ်ရရှိသော အုတ်ကြွရုပ်တုများမှာလည်း တီးဆိုကခုန်ဟန် အရုပ်များကိုကြည့်ခြင်းဖြင့် သရေခေတ္တရာတွင် အဆင့်အတန်းမြင့်သော အနုပညာများထွန်းကားခဲ့လေသည်။ ထိုသူများသည် free show ဖျော်ဖြေခြင်း သို့မဟုတ် ဟော်တယ်များတွင် ရုံသွင်းဖျော်ဖြေခြင်းဟူသည်ကိုမူ သမိုင်းပညာရှင်များ ပြောဆိုနိုင်ခြင်းမရှိပေ။ တွေ့ရှိရသော ရုပ်လုံးရုပ်ကြွများမှ တဆင့် သရေခေတ္တရာမှ အမျိုးသားအမျိုးသမီးတို့သည် အောက်ပိုင်းတွင်သာ အ၀တ်ဝတ်ကြသည်ဟု ခန့်မှန်းနိုင်ပြီး ထိုခေတ်က ဖက်ရှင်ဆိုင်များမရှိနိုင်ကြောင်း ယေဘူယျ ကောက်ချက်ချနိုင်ပေသည်။ အရေပြားကင်ဆာလည်းကြောက်စရာမလိုကြောင်း ခန့်မှန်းနိုင်ပြီး Body lotion ကဲ့သို့သောအလှဆီများ လိမ်းမလိမ်းကိုမူ သက်သေပြနိုင်ခြင်းမရှိသေးပေ။

စစ်သည်ရဲမက်သုံး ဓါးလည်းတူးဖေါ်တွေ့ရှိခဲ့ပြီး၊ သေနတ်ကိုမူ တူးဖေါ်တွေ့ရှိခြင်းမရှိသေးသောကြောင့် ထိုခေတ်က သေနတ်မပေါ်သေးကြောင်းနှင့် သေနတ်အန္တာရာယ်ကို ကြောက်စရာမလိုကြောင်း ကျွန်ုပ်အခိုင်အမာ ဆိုဝံ့ပေသည်။ အေသင်၊စပါတာအစရှိသည့် ရှေးရောမမြို့များကဲ့သို့ လူထုစည်းဝေးရာနေရာများလည်း မတွေ့ရသေးသဖြင့် လူထုဆန္ဒကောက်ခံပွဲကဲ့သို့
ပွဲများလည်း ပျူလူမျိုးများတက်ရောက်စရာမလိုပဲ သက်ဦးဆံပိုင်ပဒေသရာဇ်ကသာ အုပ်ချုပ်သွားကြောင်း သိသာပေသည်။အရိုးအိုးများနှင့် ပြာအိုးများကို တွေ့ရသောကြောင့် သရေခေတ္တရာမှ ပျူလူမျိုးတို့သည် မြေနေရာကို တန်ဖိုးထားခဲ့ကြောင်းခန့်မှန်းနိုင်လေသည်။ အရိုးအိုးများမှာမူ အဆင့်အတန်းအလိုက် တန်ဆာဆင်ပုံနှင့် အသုံးပြုသော အမျိုးအစား ကွဲပြားကြလေသည်။ အရိုးအိုးများအား တစ်နေရာတည်းမှာပင် အစုလိုက်အပြုံလိုက်တွေ့ရှိရသောကြောင့် ဆွေစု၊ မျိုးစုအလိုက်မြုပ်နှံသောဓလေ့သည် ပျူတို့၏ယဉ်ကျေးမူ့ တစ်ရပ်ဖြစ်ကြောင်း သိရှိရပေသည်။

သရေခေတ္တရာခေတ်သည် မည်သည့်ခုနှစ်တွင် ပျက်စီးသွားကြောင်း သမိုင်းပညာရှင်များက အခိုင်အမာပြဆိုနိုင်ခြင်းမရှိသေးပေ။ ဖြစ်နိုင်သော အကြောင်းများမှာ သက်၊ကမ်းယံစသော လူမျိုးများက လာရောက်တိုက်ခိုက်ခဲ့ခြင်း အစရှိသည့် အဆိုပြုချက်များရှိသော်လည်း သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း၏ ပျူတွေဘယ်ရောက်သွားလဲ စာအုပ်တွင်မူ ငါဒီမှာဟေ့လို့အော်ပြောလိုက်ချင်သည်ဟု ဆရာကြီးကဆိုထားသဖြင့် ပျူများသည် မြန်မာများနှင့်ရောနှောကာ လူမျိုးတိမ်ကောသွားသည်ဟု
ဆိုနိုင်ပေသည်။ ကျွန်ုပ်သည်ထိုအချက်ကို များစွာဖြစ်နိုင်ကြောင်းလက်ခံထားလေသည်။ မူလနေထိုင်သော ပျူလူမျိုးတို့သည်နောက်ပိုင်းမြန်မာများကိုတွေ့ကာ ၊ ပျူထီးများက မြန်မာမလေးများအား အွန်စော၊ဟာဂျီဝန်အစရှိသည့် ကိုရီးယားမလေးများလိုပင်ချောပါပေသည်ဟု ကျွန်ုပ်တို့လက်ရှိအမြင်ကဲ့သို့ လည်းကောင်း၊ ပျူမလေးများက မြန်မာထီးများအား အဲ အဲ မြန်မာကောင်လေးများအား ရိန်း၊ဂျွန်စော၊ ထယ်စောက် တို့နှင့်တူပါသည်ဟုသော ကျွန်ုပ်တို့လက်ရှိအမြင်ကဲ့သို့ပင် အထင်ကြီးအားကျကာမြန်မာများနှင့် သွေးရော၍ ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်ကြောင်း ကျွန်ုပ်မှတ်ချက်ချမိလေတော့သည်။

တံခါးများရဲ့ နောက်ကွယ်

26 October 2008

(၁)

တံခါးများ၏ နောက်တွင်ဘာတွေရှိမှန်း ငယ်ငယ်တုန်းက ကျွန်တော်မသိခဲ့ပါ။ တံခါးများ၏ နောက်တွင်ရှိသော
အရာများကို ကျွန်တော်ကြောက်ရွံ့ခဲ့ပါသည်။ မမြင်ရသောအရာကို စိတ်ကူးယဉ်ပြီးကြောက်ရခြင်းသည် လောကတွင် ကြောက်စရာအကောင်းဆုံး ဖြစ်သည်ကိုကြောက်တတ်သူတိုင်း သိကြပါလိမ့်မည်။

ကျွန်တော်ပြောချင်တဲ့ တံခါးတွေဆိုတာ ခွဲခွာခြင်းကိုသင်္ကေတပြုနေတယ်လို့ ကျွန်တော်ထင်တဲ့ မီးင်္သဂြိုလ်စက်
အခန်းတံခါးကြီးတွေပါ။ အခန်းထဲကို ၀င်သွားတဲ့ အသက်မဲ့ရုပ်ခန္ဓာတွေကို နောက်ထပ်ဘယ်တော့မှ မမြင်ရအောင်ဝါးမြိုလိုက်တဲ့ တံခါးကြီးတွေပေါ့...။ ကျွန်တော်အလွန်ပင် ထိတ်လန့်ကြောက်ရွံ့ခဲ့ပါသည်။ မှိန်ဖျော့ညစ်ထေးသည့်အရောင်ရှိသော ထိုသစ်သားတံခါးကြီးများတွင် ၀မ်းနည်းမူ့ပေါင်းများစွာ တွယ်ကပ်နေမည်ဟု ကျွန်တော်ထင်ပါသည်။တခါတရံ ငိုကြွေးသံများ၊ စိတ်ဆင်းရဲမူ့များ နှင့် မျက်ရည်များသည် တံခါးကို ကျော်ဖြတ်၍ ဟိုတဖက်ခြမ်းထိ လိုက်ပါသွားတတ်လေသည်။

(၂)

ကျွန်တော်ကလေးဘ၀ ခြောက်တန်းနှစ်တွင် သူငယ်ချင်းကောင်မလေး တစ်ယောက်ဆုံးပါးသွားပါသည်။ ပြည်ထောင်စုပွဲတော်မှ စက်ဘီးဖြင့်အပြန်တွင် မဆင်မခြင်မူးမူးရူးရူးနှင့် မောင်းလာသည့်ကားမှ နောက်က၀င်တိုက်သွားသည်။စက်ဘီးနင်းလာသည့် သူ့အစ်ကိုမှာ ဒါဏ်ရာအကြီးအကျယ်ရသွားပြီး၊ နောက်ကထိုင်လိုက်လာသည့် သူကတော့ ဆေးရုံအရောက်တွင် သေဆုံးခဲ့ရရှာသည်။ ကျွန်တော့်ဘ၀တွင် သေခြင်းဖြင့်ခွဲခွာသွားခဲ့သော ပထမဆုံးသူငယ်ချင်းဖြစ်သည်။ငယ်ဘ၀ဖြစ်သောကြောင့် ထိုစဉ်ကအလွန်ပင် ထိတ်လန့်တုန်လှုပ်ခဲ့ပါသည်။ ထို့အတူ သူသေဆုံးသွားပြီ၊ မရှိတော့ဘူး ဆိုတာကိုလည်း စိတ်ထဲမှာ လက်ခံချင်စိတ်မရှိဖြစ်ခဲ့သည်။

ကျောင်းတက်နေစဉ်ကာလဖြစ်သောကြောင့် သူ့ဈာပနကို တစ်ကျောင်းလုံးလိုက်ပို့ဖြစ်ကြသည်။ အတန်းတူဖြစ်သောကျွန်တော်တို့က ပိုပြီးဝမ်းနည်းမဆုံးဖြစ်ခဲ့ကြသည်။ ကျောင်းကပွဲတွင် သူဝတ်ဆင်ခဲ့သော အဖြူရောင်ဂါဝန်လေးကိုပင် သူ့ကိုဆင်ပေးထားပြီး၊ မိတ်ကပ်များ၊ ပန်းများလည်း ခြယ်သပန်ဆင်ပေးထားသည်။ လူကြီးတွေကတော့ တော်တော်ရုပ်ပျက်ဆင်းပျက် ဖြစ်သွား၍ မိတ်ကပ်အစွမ်းနှင့် ပြန်လည်ပြုပြင် ထားကြောင်းပြောသည်။ ထိုစဉ်က ကျွန်တော့်အမြင်ကတော့ ဇာပုဝါအဖြူအောက်မှာ မြင်နေရသော သူ့ရုပ်အလောင်းအား အိပ်ပျော်နေတာများလားဟု သံသယ၀င်ခဲ့သည်။ထိုအချိန်တွင် ကျွန်တော်အဖြစ်ချင်ဆုံး တွေးမိသည့် ဆန္ဒမှာ ဖတ်ဖူးသည့်သေရွာပြန်ဇာတ်လမ်းများထဲကလို သူရုတ်တရက်ထထိုင်လာပြီး ငါဘာဖြစ်သွားတာလဲဟု ထပြောလျင်ကောင်းမည်ဟူသော ဆန္ဒဖြစ်သည်။ သတိလစ်အိပ်ပျော်နေတာများလား
ဟု ကလေးအတွေးနှင့် မျှော်လင့်ခဲ့သော်လည်း အချိန်တန်သည်အထိ သူနိုးမလာခဲ့ပါ။ အားလုံးငိုကြွေးနေချိန်မှာပင်ဝန်ထမ်းများရောက်လာပြီး သူ့ခန္ဓာကိုတွန်းလှည်းပေါ်သို့ ပြောင်းရွေ့လိုက်ကြသည်။

ငိုကြွေးသံသည် ကြေးစည်သံနှင့် ပေါင်းစပ်လိုက်သောအခါ ပိုမိုဝမ်းနည်းကြေကွဲစရာ ကောင်းလာသည်ဟု ကျွန်တော်ထင်ပါသည်။ အလောင်းတင်သည့် လှည်းကို တဖြည်းဖြည်းနှင့် တွန်းလာရင်း မီးင်္သဂြိုလ်စက်အခန်းဝ တံခါးနားသို့ရောက်လာသည်။ မိသားစုဝင်များ အခန်းထဲထိလိုက်နိုင်ကြောင်းပြောသောအခါ သူ့အစ်ကိုနှစ်ယောက်လိုက်ဝင်သွားကြသည်။ သူ့ရုပ်ခန္ဓာအား ဤကမ္ဘာမြေပေါ်တွင် နောက်ဆုံးအကြိမ် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး တံခါးကြီးကိုဖွင့်ပြီး အတွင်းသို့ယူသွားကြသည်နှင့် သူသည် ကျွန်တော်တို့မျက်စိရှေ့မှ ထာဝရကွယ်ပျောက်သွားတော့လေသည်။ ဆက်လက်၍ကျွန်တော်မြင်ခဲ့ရသောအရာမှာ နှစ်ဖက်ဖွင့်သစ်သား တံခါးကြီးသာဖြစ်လေသည်။ သူသည်တံခါး၏ ဟိုဘက်တွင်လောင်ကျွမ်းခံရန် ထွက်ခွာသွားလေပြီ။ သူမရှိတော့ပါဆိုသော အတွေးအား လက်မခံချင်သော်လည်း မရတော့ပါ။ ရင်ဘတ်တစ်ခုလုံးပူလာပြီး ကျွန်တော်တို့နှင့် သူ့ကိုတွေ့ရှိရခြင်းအမြင်ကို ထာဝရခွဲလိုက်သော တံခါးကြီးကိုသာကြောက်ရွံ့စွာ ငေးမောမိပါသည်။

ခွဲခွာခြင်း နိမိတ်ပုံဖြစ်သော တံခါးကြီးသည် ငယ်ရွယ်သော ကျွန်တော့်နှလုံးသားတွင် အရိပ်မည်းကြီးတစ်ခု အဖြစ်စိုးမိုးခြောက်လှန့်ခဲ့ပါသည်။ ထိုနောက်ပိုင်း လေး၊ငါး လလောက် ကျွန်တော်သည် င်္သချိုင်းမြေအကြောင်းအိပ်မက်များ မက်တတ်ပြီး ထိုအိပ်မက်တိုင်းတွင် တံခါးကြီးသည် အဓိကနေရာမှာ ပါဝင်ခြောက်လှန့်ခဲ့ပေသည်။ ကျွန်တော်အလွန်ပင်ကြောက်ရွံ့ထိတ်လန့်ခဲ့ပါသည်။

(၃)

ဆွေမျိုးသားချင်း၊ မိတ်ဆွေများ၏ အသုဘများကိုလိုက်ပို့ခဲ့ပြီး င်္သချိုင်းနှင့်ပတ်သတ်သော အတွေ့အကြုံလည်း
အတန်အသင့် ရပြီဟုဆိုနိုင်သော်ငြား ကျွန်တော်သည် တံခါးကြီးကို မြင်လျင်ကြောက်ရွံ့စိတ်က လုံးဝပျောက်
ပျက်သွားခြင်းမရှိပါ။ တံခါးအတွင်းသို့လိုက်ကြည့်လိုလျင် လိုက်နိုင်သည့် အခွင့်အရေးများ ရရှိခဲ့သော်လည်း
ကျွန်တော်ဘယ်တော့မှ လိုက်ဝင်သွားခြင်းမရှိခဲ့ပေ။

ပျော်လွန်းသောကြောင့် စတုတ္တနှစ်ကို ဒုတိယအကြိမ်ပြန်တတ်သော နှစ်တွင် သူငယ်ချင်းတစ်ယောက်၏အဖိုး
ဆုံးပါသည်။ သူ့အဖိုးနေထိုင်သောနေရာက ကွန်ဒိုတိုက်ခန်းများဖြစ်သောကြောင့် ရပ်ကွက်များကဲ့သို့ လူစည်ကားခြင်းမရှိပါ။ အမျိုးများသာ ဖြောက်ကြားဖြောက်ကြား လာတတ်ပြီးအသုဘအိမ်တွင် လူနည်းပါသည်။ ထို့ကြောင့်ကျွန်တော်တို့ ကျောင်းကသူငယ်ချင်းများ ကုလားကားသွားကြည့်ရင်း နေပေးကြပါသည်။ သူတို့ကလည်း သဘောကောင်းသည်၊ တရုတ်အစားအစာ၊ ဟမ်ဘာဂါ၊အာလူးချောင်းကြော် လိုလိုသေးမရှိ ကျွန်တော်တို့ကို ဒါနပြုသည်။

အဖိုးဈာပနနေ့ရောက်တော့ ကျွန်တော်တို့သူငယ်ချင်းများလိုက်ပို့ကြသည်။ ထုံးစံအတိုင်းပင် မီးင်္သဂြိုလ်မှာဖြစ်ပြီး
ထုံးစံအတိုင်းပင် မီးင်္သဂြိုလ်စက်အခန်း ထဲသို့ လိုက်ဝင်လိုလျင် လိုက်နိုင်ကြောင်း ၀န်ထမ်းများကပြောသည်။
ကျွန်တော့်သူငယ်ချင်းများ လှစ်ကနဲ လိုက်ဝင်သွားကြသော်လည်း ကျွန်တော်နှင့် နောက်သူငယ်ချင်း တစ်ယောက် မှာ ယောင်ပေပေနှင့်ကျန်ခဲ့လေသည်။ ကျွန်တော်က တံခါးကြီးကိုကြောက်ရွံ့သောကြောင့်ဖြစ်ပြီး၊ ကျွန်တော့်သူငယ်ချင်းကတော့ သူရဲအလွန်ကြောက်တတ်သောကြောင့်ဖြစ်သည်။

အပြင်မှာ ၁၀ မိနစ်ခန့်စောင့်နေသော်လည်း အထဲဝင်သွားသည့် သူငယ်ချင်းများပြန်မထွက်လာ သေးသဖြင့် ကျွန်တော်တို့နှစ်ယောက်စိတ်မရှည်ဖြစ်လာသည်။ ဒီကောင်တွေကိုပါ ရောပြီး တခါတည်းင်္သဂြိုလ်လိုက်ပြီလားဟု ကျွန်တော်ညည်းမိသည်။ ကျွန်တော့်သူငယ်ချင်းကလည်း စိတ်မရှည်တော့သောကြောင့် လိုက်သွားရင်ကောင်းမလားဟုတိုင်ပင်ကြသည်။ ပြီးတော့ကျွန်တော်တို့ နှစ်ယောက်တည်းသာ ကျန်ပါက အထဲမှာသူတို့ကြုံခဲ့တာတွေကိုဖေါင်ဖွဲ့အောင်ပြောပါလိမ့်မည်၊ ပြီးလျင် ငကြောက်ကြီးများ ဆိုသော ဘွဲ့ကိုလည်း ပေးမည်မှာ ကျိန်းသေသည်။ဒီကောင်တွေပြောတာတော့ မခံနိုင်ပါ၊ စိတ်ကလည်း သူတို့နှင့်ဆိုလျင် ငရဲပြည်သွားရင်တောင်ပျော်ဖို့ကောင်းမည်ဟု အမြဲတွေးမိသည်။ ထို့ကြောင့် အေးလေ..... မင်းဝင်ရင် ငါလည်းဝင်မယ်လေဆိုကာ နှစ်ယောက်သား အထဲသို့ဝင်လိုက်သည်။ တံခါးကြီးကို တွန်းဖွင့်၍ အထဲသို့ရောက်သွားသည့်အခါ ကျွန်တော်မြင်လိုက်ရသည့်အရာမှာ.........။

(၄)

ကျွန်တော်တွေးနေကြ ဘာမှန်းမသိသည့်ကြောက်စရာများ မတွေ့ရပဲ အပြင်မှာမြင်နေသလိုပင် အုတ်နံရံကြီးတစ် ခုကိုတွေ့လိုက်ရသည်။ အောက်ခြေ သုံးပေအမြင့်လောက်တွင်တော့ ခေါင်းတလားထည့်ရန် အပေါက်နှစ်ပေါက်ကိုတွေ့ရသည်။ ကျွန်တော်တို့ဝင်သည့်အခန်းမှာ ဘယ်ဘက်အစွန်ဆုံးအခန်းဖြစ်ပြီး၊ ထိုဘက်ဘက်ခြမ်းတွင် အနောက်ဘက်သို့ သွားနိုင်သည့် လျှောက်လမ်းကိုတွေ့ရသည်။ပြတင်းပေါက်များလည်း လုံလုံလောက်လောက်ရှိပြီး အလင်းရောင်ကလည်း အခန်းပြည့်ရသည်။ အနောက်ဘက်ကိုရောက်တော့ မီးပေးသည့်စက်နားတွင် ကျွန်တော့်သူငယ်ချင်းမောင်မင်းကြီးသားများက ၀ိုင်းအုံကြည့်နေကြသည်။

စက်ပျက်ကာ မီးအရှိန်လျော့သွားသောကြောင့် ပြင်နေရခြင်းဖြစ်သည်။ အဖိုး၏ သားများကလည်း တခါတည်း
မင်္သဂြိုလ်မှာစိုး၍ စောင့်နေကြခြင်းဖြစ်သည်။ ဆီပေးသည့် ပိုက်က ချို့ယွင်းတာလား၊ မည်သည့်နေရာက ချို့ယွင်း တာလည်းဟု ၀န်ထမ်းများအဖြေရှာနေကြသည်။ ခွတွေ၊ဂွင်းတွေနှင့် စက်ဆီတွေလည်း ပေကျံနေသော အလုပ်သမားများကိုကြည့်ရသည်မှာ စက်ရုံတစ်ခု၏ အသွင်အပြင်တိုင်းပင်ဖြစ်သည်။ သူတို့ကိုကြည့်ငေးနေရင်း ကျွန်တော်ကြောက်ရွံ့ခဲ့သော သံသယများလည်း ပျောက်ကွယ်သွားပါသည်။

အခန်းကိုလည်း ကျွန်တော်လေ့လာကြည့်ရှု့မိသည်။ ကော်ဖီခွက်၊ လဘက်ရည်ခွက်များ၊ ရေနွေးကြမ်းအိုးနှင့်၊
ဖတ်လက်စ ၀တ္တုစာအုပ်ကိုပါတွေ့ရသည်။ တစ်ယောက်တစ်လှည့်စီ မီးအတိုးအလျော့ ထလုပ်ကြရင်း လဘက်ရည်သောက်၊ စာအုပ်ဖတ်လုပ်ကြခြင်းဖြစ်ပေလိမ့်မည်။ ကျွန်တော့်သူငယ်ချင်းများကလည်း လူတွေကသာ civil တွေစက်ကိုကြည့်ပြီး ဟိုနားကဖြစ်တာထင်တယ်၊ဒီနားကဖြစ်တာထင်တယ်ဆိုပြီး ဆရာလုပ်ချင်နေကြသေးသည်။စောင့်နေရခြင်းကလည်း အကြောင်းရှိသည်။ အလောင်းများအား ချက်ခြင်းမီးမရှို့ပဲ ညနေရောက်မှ ပေါင်းင်္သဂြိုလ်ကာ ဆီပိုအောင်လုပ်ကြသည်ဟု ကောလဟာလ ကြားဖူးသောကြောင့်ဖြစ်သည်။

ကျွန်တော်တို့အား အထဲကိုကြည့်ချင်လား မီးလျှော့ပေးမယ် ငါးရာပေးရင်ကြည့်ရမယ်ဆိုလို့ ငါးရာပေးပြီး တစ်ယောက်ကိုစက္ကန့်ပိုင်းလောက်စီကြည့်ကြသည်။ မီးအပူကြောင့် အမြင်ကမှုန်ဝါးဝါးနှင့် ဘာမှတော့ သဲသဲကွဲကွဲသိပ်မမြင်ရ၊တစ်ယောက်တစ်လှည့်ကြည့်ပြီး ပါးစပ်ကလည်း အငြိမ်မနေကြ အဖိုးကိုချစ်ရင် မင်းလိုက်သွား၊ငါလိုက်သွားဟုနောက်ပြောင်နေကြသည်။ အဲ့ဒါကြောင့် ဒီကောင်တွေနှင့်ဆိုလျင် ငရဲပြည်ရောက်လည်း ကျွန်တော်မကြောက်ဟုတွေးမိခြင်းဖြစ်သည်။

ထို့နောက်ဘာမှန်းမသိ ကြောက်ရွံ့ခဲ့ခြင်းများသည် ကျွန်တော့်စီတွင်မရှိတော့ဟု ထင်မိပါသည်။ တံခါးကြီး၏
နောက်ကွယ် ဒီအခန်းသည်တကယ်တော့ ဘာမှမဟုတ်ပါ။ လူအများမလုပ်ချင်သည့်၊ မလုပ်ရဲသည့် အလုပ်များကိုတာဝန်ယူလုပ်ဆောင်ပေးနေသည့် လူတစ်စု၏ အလုပ်ခန်းတစ်ခုသာဖြစ်ပေသည်။ ပုံမှန်လည်ပတ်နေသောစက်က ဒုက္ခပေးသည့်အတွက် သူတို့အားကြိုးမာန်တက် ပြင်နေကြသည်မှာ ကျွန်တော့်အတွက်တစ်မျိုးပင်ကြည့်ကောင်းနေပါသည်။ ရင်ထဲကမွန်းကျပ်မူ့များလည်း လွင့်ပါးသွားလေသည်။ ဟုတ်ပါသည်... အခန်းထဲတွင်လူသားများ အလုပ်လုပ်နေကြခြင်းဖြစ်သည်။ ထိုနေရာသည် တကယ်တော့ ဘာမှမဟုတ်ပါ၊ အလုပ်သမားတစ်စု၏ အလုပ်ခန်းတစ်ခုသာ ဖြစ်လေသည်။

တံခါးများကိုကြောက်ရွံ့ခဲ့သော စိတ်များလည်း ထိုအချိန်မှစ၍ ပျောက်ကွယ်သွားကာအိပ်မက်များထဲတွင်လည်း ခြောက်လှန့်ခြင်းမျိုး မရှိတော့ပါ။

ထို့နောက်မှ စတင်ကာ ကျွန်တော်သည် တံခါးများကို အကြောင်းမဲ့ကြောက်ရွံ့စိတ်များ ပျောက်သွားပါသည်။
တံခါးများနောက်တွင် ဘာပဲရှိရှိ ရင်ဆိုင်တွန်းဖွင့်လိုက်ရန်လည်း သတ္တိများရှိလာသည်။ တကယ်တော့ တံခါး
များ၏နောက်မှ အဖြစ်များသည် ကျွန်တော်တို့ ထင်နေသလောက်ဆိုးချင်မှ ဆိုးပေမည်။ တံခါးများကိုဖွင့်ပြီး
ရင်ဆိုင်လိုက်ခြင်းသည် ဘာမှန်းမသိကြောက်ရွံ့နေရခြင်းထက်ပိုပြီး လွတ်လပ်ပေါ့ပါးသည်။ လှောင်ပိတ်ခြင်း၊
မွန်းကျပ်ခြင်း၊ သောကများ၊ သံသယများမှ ကင်းလွတ်စေရန် တံခါးများ၏ နောက်ဘက်မှ အရာများကို
တတ်နိုင်သမျှ မကြောက်မိပဲ ထိပ်တိုက်ရင်ဆိုင်လိုက်ဖို့ ကျွန်တော်ကြိုးစားနေပါတော့သည်။

ပိုလျှံနေသော ၀ါကျများ

24 October 2008

(၁)
ငါးဟာ. . .
ရေကို မသိသလို၊
လူတွေဟာ. . .
မသိတာကလွဲလို့
အားလုံး သိခဲ့ကြတယ်။

(၂)
ကြည့်ပါ
တခမ်းတနား နေထိုင်ဖို့
ဘုရားသခင်က အစ
တစ်ခါသုံး ဘောလ်ပင်အထိ
ကျွန်တော်တို့. . .
ဖန်ဆင်းခဲ့ကြ။

ဘာသာစကား ကနေ
ဆင်ဖိုနီဓာတ်ပြား အထိ၊
အင်တာနက်ကနေ
ထရိုဂျန်းနစ် မြင်းရုပ် အထိ၊
အေပ်ာ္စီး သေဘာၤ ကေန
ငရဲကြီး ရှစ်ထပ် အထိ၊
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။

စည်သွပ်ဘူး ကနေ
ဆိုကရေးတီး အဆိပ်ခွက် အထိ
အိတ်ခ်ျအိုင်ဗီပိုး ကနေ
အင်္ဂါဂြိုဟ်သွားယာဉ် အထိ၊
မိုးတိမ်အတု ကနေ
ခေါင်းဖြတ်စက် အထိ၊
ကျွန်တော်တို့ ဖန်ဆင်းခဲ့ကြ။

ပိရမစ် ကနေ
စက္ကူနဲ့လုပ်တဲ့ ပန်းအထိ၊
ဆံပင်ဆိုးဆေး ကနေ
အာဏာရှင်စနစ်အထိ၊
လူကနေ. . .
ပုံတူမျိုးပွား အထိ၊
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။

(၃)
ကျွန်တော်တို့ဟာ
သစ်ပင်ပေါ်က ဆင်းပြီး
အချင်းချင်း လက်ဆွဲနှုတ်ဆက်
´ဟဲလို၊ဟိုင်း၊ဟေး´
ယဉ်ကျေးခဲ့ကြပါတယ်။

လေးနဲ့မြှားကို တင်တက်အောင်
ကောက်တဲ့အခွန် ဆောင်တတ်အောင်
ထီးဖြူမိုးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့
နေ၀င်ရင် မီးဖွင့်တတ်အောင်
တိုက်ပုံအင်္ကျီဝတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

ဒါဝင်က သင်မပေးရအောင်
ရေချိုးခန်းနဲ့ ရေချိုးတတ်အောင်
ကဗျာရေးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

တံတားဆောက်တတ်အောင်
ဥပဒေပြုတတ်အောင်
ကွန်ဒုံး သုံးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

ဖဲကစားတတ်အောင်
ဘုရားဖူးသွားတတ်အောင်
နျူကလီယားဗုံး လုပ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

လပေါ် လမ်းလျှောက်တတ်အောင်
ကာကွယ်ဆေး ထိုးတတ်အောင်
ကိုယ့်အိမ်တံခါးကို လုံခြုံစွာ ပိတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

(၄)
ဒီလိုနဲ့. . .
ကျွန်တော်တို့ဟာ
စားဖို့အတွက်
ပန်းကန်နဲ့ ချက်ပြုတ်နည်းတစ်ထောင်နဲ့
သူများ အသက်နဲ့၊

သောက်ဖို့အတွက်
အိုအေစစ်နဲ့ မိုးခါးရေနဲ့
ရေသန့်ဘူးစက်ရုံနဲ့။

နေဖို့အတွက်
လေအေးပေးစက်နဲ့
ပြက္ခဒိန်နဲ့
ရေလိုက်ငါးလိုက် အတွေးအခေါ်နဲ့။

ကြည့်ဖို့အတွက်
ရုပ်ရှင်ရုံနဲ့ ပန်းချီပြတိုက်နဲ့
တတ်ယောင်ကား မျက်စီနဲ့။

နားထောင်ဖို့အတွက်
ရေဒီယိုနဲ့ ဓာတ်ပြားနဲ့
နီရိုးဘုရင်ရဲ့ ဗျတ်စောင်းသံနဲ့။

ရူရှိုက်ဖို့အတွက်
ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့
မသူတော် ၇ ပါး ကိုယ်နံ့နဲ့။

စီးပွားရှာဖို့အတွက်
မတော်လောဘနဲ့ ချိန်ခွင်နဲ့
မာကင်တိုင် ၀ါဒနဲ့။

စစ်တိုက်ဖို့အတွက်
လက်နက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့
နိုင်လိုမင်းထက် ၀ါဒနဲ့။

အပျင်းဖြေဖို့အတွက်
စီးကရက်နဲ့ အလေလိုက်စရာနဲ့
အမဲပစ်ရိုင်ဖယ်နဲ့။

ငါမှန်ကြောင်း၊သူမှားကြောင်း
ပြောဖို့အတွက်
ပါးစပ်နဲ့ ကိုးကားစရာစာအုပ်နဲ့
မိုးတစ်လုံး လေတစ်လုံး ဘ၀င်နဲ့။

ဖျားနာဖို့အတွက်
အထူးကုဆေးခန်းနဲ့ ရုပ်ခန္ဓာနဲ့
ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့။

သေဆုံးဖို့အတွက်
သံသရာနဲ့ သင်္ချိုင်းနဲ့
(သေပြီးမှ). . .
သတိရကြမယ့် လူတွေနဲ့။

(၅)
ကျွန်တော်တို့မှာ
ဂေါတမဗုဒ္ဓ ရှိတယ်
နစ်ရှေး ရှိတယ်
မဟတ္တမဂန္ဒီ ရှိတယ်
စတာလင် ရှိတယ်
မိုးဇတ်ရှိတယ်
ဗာဂျီးနီးယားဝုဖ် ရှိတယ်
သောမတ်အက်ဒီဆင် ရှိတယ်
ဂျက်ဆင်ပိုးလော့ ရှိတယ်
အက်တလက်ရှိတယ်
ပီတာဝိုင်ယာ ရှိတယ်။

ဆစ်ဂမန်ဖရွိုက် ရှိတယ်။
ကိတ်ဝင်းဆလက် ရှိတယ်။
ဖူကူယားမား ရှိတယ်။
ယူတူးက ဘိုနိုရှိတယ်။
စတီဖင်ဟော့ကင်း ရှိတယ်။
အိုစမာဘင်လာဒင် ရှိတယ်။

ကျွန်တော်တို့မှာ
တိရစ္ဆာန်ရုံရှိတယ်။
ဘေးမဲ့တော ရှိတယ်။
ဂေါက်ကွင်း ရှိတယ်။
အကျဉ်းထောင် ရှိတယ်။
စိတ်ပုတီး ရှိတယ်။
ဆန့်ကျင်ဘက်လိင် ရှိတယ်။
စီးနေတဲ့မြစ်တွေ ရှိတယ်။
ပေါက်ကွဲမယ့်မီးတောင် ရှိတယ်။
ဗိုင်အိုလက်ပေါင်ဒါ ရှိတယ်။
အနျူမြူဓာတ်ပေါင်းဖို ရှိတယ်။
သစ်ခွပန်းရောင်စုံ ရှိတယ်။
အသားကြိတ်တဲ့စက် ရှိတယ်။
စားမရတဲ့ သစ်သီးတွေရှိတယ်။
လကွယ်ည ရှိတယ်။
ကျေးပိုင် ကျွန်ပိုင်စံနစ် ရှိတယ်။
ချွေးနံ့ပျောက်ဆေး ရှိတယ်။

(၆)
ဒီလိုနဲ့. . .
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ဘယ်တော့ မိုးရွာမယ်ဆိုတာ
ကြိုတင်ပြောလို့။

ယုန် မြေမနင်းသားကို
ဓားနဲ့လှီးကာ
အရသာခံ ၀ါးလို့။
အလင်းနှစ်တစ်သန်းက ကြယ်ကို
နက္ခတ်ကြည့်မှန်ပြောင်းနဲ့ကြည့်လို့။
အပါယ်လေးဘုံကို
ဓါတ်လှေကား အလုအယက် ဆင်လို့။
ပိုတမ်ကင်သဘောင်္ပေါ်က အမြှောက်သံကို
စပျစ်ဝိုင်စုတ်ရင်း နားထောင်လို့။
ဧဒင်ဥယျာဉ်ကို
မပုတ်သိုးအောင် ဖော်မယ်လင်စိမ်လို့။
ထိုဝါဒ၊ဟိုဝါဒတွေကို
ကိုယ်နဲ့တော်သလို အင်္ကျီချုပ်ဝတ်လို့။

ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
စစ်ကြေငြာလို့
စစ်ပြေငြိမ်းလို့။
သစ်ပင်တွေကို ခုတ်လို့
သစ်ပင်တွေကို စိုက်လို့။
လက်ထပ်ကြလို့
ကွာရှင်းကြလို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
သရုပ်ဆောင်လို့
သရုပ်မဆောင်လို့၊
ရေကိုစုန်လို့
ရေကို ဆန်လို့
တစ်ဝက်ကိုစားလို့
တစ်ဝက်ကိုထွေးလို့။

ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ငါးတွေကို မျှားလို့
ငါးတွေကို လွှတ်လို့၊
မှားတာတွေ မှန်လို့
မှန်တာတွေ မှားလို့၊
သေရမှာ ကြောက်လို့
သေရမှာ မကြောက်လို့။

(၇)
သမိုင်းနဂုံးချုပ်ခဲ့ပြီ
ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့
မြစ်တမြစ်ထဲကို နှစ်ခါပြန်မဆင်းနိုင်
စိတ်မလုံရင် တိတ္ထုံကြည့်
အိုဇုန်းလွှာကို ကယ်တင်ကြပါ
အားလုံးဟာ လိုင်ဒိုဘီညာဉ်မှာ အခြေခံတယ်
ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်
ဘုရားသခင်ဟာ ကြွေအန်မကစားဘူး
စပါးတားကတ်ဆိုတာ ဘယ်သူလဲဟေ့
ဖြစ်တည်မူဟာ အနှစ်သာရထက် ရှေးကျတယ်။

(ဂ)
သင်. . .
နေထိုင်ဖို့ရာ
ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ရာ
ဒါမှမဟုတ်
မပျော်မရွှင် နေထိုင်ဖို့ရာ
ဘာမှ
မလိုပါ။
ဥပမာ,
ဒီဝါကျတွေအစ၊ မလိုသလိုပေါ့။

သစ္စာနီ

ဆရာသစ္စာနီ ရဲ့လက်ရာဖြစ်ပြီး ၂၀၀၄ နိုဝင်ဘာလ ဟန်သစ်မဂ္ဂဇင်းမှာ ပါခဲ့တာပါ။ ယနေ့အထိ ကျွန်တော်အကြိုက်ဆုံးကဗျာများထဲမှ တစ်ခုဖြစ်ပြီး ကျွန်တော့်ကို အလွှမ်းမိုးဆုံးကဗျာလည်းဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ပြန်မြင်လာစေတဲ့ ဆရာ့ရဲ့ ကဗျာကို အားလုံးခံစားနိုင်အောင် (ရှားမယ်လို့လည်း ထင်လို့) အမှတ်တရ အဖြစ်ကျွန်တော့်ဘလော့ဂ်မှာ တင်ထားခြင်းဖြစ်ပါတယ်။ မည်သည့်ကိစ္စနှင့် အသုံးပြုသည် ဖြစ်စေ ရေးသားသူ ဆရာသစ္စာနီ၏ အမည်ကိုထည့်သွင်းဖေါ်ပြကြရန် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ.....။