ရွေးကောက်ပွဲ ကြော်ငြာ

9 November 2008

( ၁ )

အမေရိကန် သမ္မတရွေးကောက်ပွဲကြီးကတော့ အားလုံးသိကြတဲ့အတိုင်း အိုဘားမားက အနိုင်ရရှိသွားသည်။ အိုဘားမား၏ပုံရိပ်များကလည်း ကမ္ဘာ့မီဒီယာများထက်တွင် တော်တော်လေးနေရာယူနိုင်ခဲ့သည်။ အိုဘားမားနှင့် မက်ကိန်းတို့ စကားစစ်ထိုးပွဲအား rap battle နှင့် သဘောမျိုးတူသည်ဟု ကျွန်တော်စိတ်ရူး ပေါက်ပေါက်နှင့် ရေးခဲ့ဖူးသည်။ ထို့ကြောင့် rap ဂီတနှင့် နီးစပ်သည့်အာဖရိကန် နွယ်သော အိုဘားမားက အနိုင်ရရှိသွားခြင်းလားဟု ထပ်မံတွေးမိပြန်သည်။ ရွေးကောက်ပွဲ နိုဝင်ဘာ လေးရက်နေ့မတိုင်မှီ ထုတ်ဝေသော မော်ဒန်ဂျာနယ်တွင် အမေရိကန် သံရုံးမှတာဝန်ရှိသူအား ဂျာနယ်မှအင်တာဗျူး လုပ်သည့်အကြောင်း
ပါလာသည်။

ကျန်တာတွေထက် ကျွန်တော်မှတ်မိသည့် အကြောင်းမှာ မဲဆွယ်ရန်အတွက် ရန်ပုံငွေများကို အသုံးပြုပုံဖြစ်သည်။ အရင်က ထိုအကြောင်းများကို ကျွန်တော်သိပ်မသိခဲ့..။ ဂျာနယ်၏ အကျိုးကျေးဇူးကြောင့် သိရှိခဲ့ရခြင်းလည်းဖြစ်သည်။ ရန်ပုံငွေအားအလှူရှင်များမှလည်း လှူဒါန်းကြပြီး ထိုငွေများအား ခရီးစရိတ်များ၊ ၀န်ထမ်းခများ၊ မဲဆွယ်ပွဲကျင်းပခြင်းများအတွက် အသုံးပြုကြသည်။ ထိုအထဲတွင် ရုပ်မြင်သံကြားမှ ကြော်ငြာခ များလည်း ပါဝင်သည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံတွင် ရုပ်သံကြေငြာခမှာဈေးအကြီးဆုံးဖြစ်သည်။ သမ္မတလောင်းများသည် မိမိတို့ပုံရိပ်ကို မြှင့်တင်ရန်အတွက် နာမည်ကြီးရုပ်သံများတွင် ကြော်ငြာ
များထည့်ရသည်။ ရုပ်သံကုမ္ပဏီများ ကလည်း သမ္မတလောင်းများဟု၍ ဈေးလျော့ယူသည်မရှိဟု ပြောသည်။ ရုပ်သံကြော်ငြာပုံမှာလည်း အခြားကြော်ငြာများလိုပင် ဇာတ်လမ်းတွဲများထဲတွင်လည်းကောင်း၊အားကစားပွဲများ နားနေချိန်တွင်လည်းကောင်း၊ပုံစံအမျိုးမျိုးဖြင့် ကြော်ငြာကြသည်။ တုံးသည်ဟုပဲဆိုဆို၊ နုံသည်ဟုပဲပြောပြော၊ ကျွန်တော်သည် ထိုအကြောင်းများအားမနေ့တနေ့ကမှ သေသေချာချာသိခဲ့ရခြင်းဖြစ်သည်။ ထို့အတွက်လည်း မော်ဒန်ဂျာနယ်မှ တာဝန်ရှိသူများနှင့် ဖြေကြားပေးသောအမေရိကန်သံရုံးမှ အရာရှိအားလည်း အထူးကျေးဇူးတင်ပါသည်။

ကျွန်တော်တို့နိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ ရွေးကောက်ပွဲများ ကျင်းပတော့မည်။ နိုင်ငံရေးပါတီများအပြင်၊ တသီးပုဂ္ဂလများလည်းပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်ဟု အစိုးရကကြေငြာထားသည်။ ထိုရွေးကောက်ပွဲများပြီး၍ နောက်ပိုင်းနှစ်များတွင် ကျင်းပသောရွေးကောက်ပွဲများ၌ အသက်လေးဆယ်မျှ ဖြစ်လာသော ကျွန်တော်လည်း ပါဝင်အရွေးခံလျင်ကောင်းမလားဟု စဉ်းစားမိသည်။ထိုအခါကျွန်တော့် ပုံရိပ်ကို မြှင့်တင်ရန်အတွက် ရန်ပုံငွေများလည်း လိုအပ်လာပါလိမ့်မည်။ ယခုလာဖတ်နေသော ခင်ဗျားကိုလည်းကျွန်တော်မဲဆွယ်လိုပါသည်။ ကျွန်တော်သာ သမ္မတဖြစ်ခဲ့လျင် ဘလော့ဂ်များအား လွတ်လပ်စွာ အသုံးပြုခွင့်ပေးပါမည်။
(စိတ်ဝင်စားသူများ နှုတ်ကတိဖြင့် လှူဒါန်းမည့် ငွေပမာဏအား ဒေါ်လာဖြင့်လည်းကောင်း၊ ယူရိုငွေဖြင့်လည်းကောင်း ပေးသွင်းသွားနိုင်ပါသည်။ဤကား....စကားချပ်။) ရရှိလာသော ရန်ပုံငွေများဖြင့် ရုပ်မြင့်သံကြားလိုင်းများတွင် ကြေငြာကာ ကျွန်တော့်ပုံရိပ်ကို မြှင့်တင်ရန်၊ လူထုနှင့်ရင်းနီးချစ်ခင်မူ့ ရရှိရန် လုပ်ဆောင်ရပါမည်။(ထိုအချိန်လောက်တွင် ရုပ်မြင်သံကြားလိုင်းများ အနည်းဆုံး သုံး၊လေးဆယ်လောက်တော့ ရှိမည်ဟုခန့်မှန်းထားပါသည်) ထိုအချိန်တွင် ဘယ်လိုကြော်ငြာမျိုးများဖြင့် ဆွဲဆောင် လျင်ကောင်းမည်နည်းဟု ယခုခေတ်အခြေအနေနှင့် နှိုင်းကာစိတ်ကူးနှင့် ဒါရိုက်တာလုပ်ကြည့်ပါသည်။ သရုပ်ဆောင်သူသည်
ကျွန်တော်နှင့် ရုပ်ခြင်းဆင်သူသာ ဖြစ်ရမည်၊သို့မဟုတ် ဒီဂျစ်တယ်နည်းပညာဖြင့် ရေးဆွဲထားသော သရုပ်ဆောင်သာဖြစ်ရမည်။ကျွန်တော်ကိုယ်တိုင်တော့ သရုပ်ဆောင်၍ မဖြစ်၊ ကျွန်တော်က သမ္မတလောင်းဆိုတော့ ကလေးကလားဆန်တာတွေသိပ်လုပ်လို့ မကောင်း၊ ထို့ကြောင့် အခြားသူများကိုသာ သရုပ်ဆောင်ခိုင်းရမည်။ လောလောဆယ် တွေးထားသည့် စိတ်ကူး များကတော့ ဒီလိုဖြစ်သည်။

( ၂ )

ရုပ်မြင်သံကြားမှ ကိုရီးယားကားများ လွှင့်နေတုန်း ကြော်ငြာဝင်လာသည်။ ဒါရိုက်တာရင်၊ ဂျွန်စော ၊ထယ်စောက်တို့နှင့်တူပါသည်ဟု ဘယ်လိုမှပြောလို့မရသော ကျွန်တော်သည် ကိုရီးယားမင်းသားများ ၀တ်ဆင်သော ပုံစံဖြင့် ပေါ်လာသည်။ကျွန်တော့်ပုံစံ ဇာတ်ကောင်က ညှို့မျက်လုံးအပြည့်ဖြင့် ပရိတ်သတ်ကို ကြည့်လိမ့်မည်။ ထိုအချိန်တွင် ကိုရီးယားမှ မင်းသမီးလေးများပေါ်လာပြီး.... ချစ်စဖွယ်ပုံစံလေးများဖြင့်...

"အိုပါး၊ အိုမား၊ အိုပုကျိ....... မဲပေးမယ်ဆို ကိုကိုဖားကြီးကိုသာ ပေးကြနော်"

ဒါက မိန်းကလေးများနှင့် အမျိုးသမီးကြီးများကို အဓိကထားသည်။ ကံကောင်းလျင်အသက်ခြောက်ဆယ်ကျော် အဖိုး၊အဖွားများပင် ထိုကြော်ငြာအား ခိုက်သွားနိုင်သည်။ အဓိကအချက်မှာ ကိုရီးယားကားများ ပြသချိန်တွင် လွှင့်နိုင်ရန်ဖြစ်သည်။
- - - - - ။ - - - - -

ဘောလုံးပွဲ တ၀က်တွင် ၁၅ မိနစ်နားကြသည်။ လူတစ်ယောက်၏ အသံပေါ်လာမည်။

"ငယ်ရွယ်သော၊ လျင်မြန် တက်ကြွသော"

ထိုအချိန်တွင် အဝေးရိုက်ချက်ဝါးဝါးဖြင့် ကျွန်တော်နှင့် ကိုယ်လုံးကိုယ်ပေါက်ဆင်တူသည့် ဘောလုံးဝတ်စုံ အပြည့်ဖြင့် လူတစ်ယောက် ကစားကွင်းထဲသို့ဝင်လာရမည်။နောက်ခံစကားပြောသူက ဆက်ပြောရမည်။

"ပါးနပ်မူ့"

ထိုအချိန်တွင် ကျွန်တော့်ပုံရိပ်က ပီပီပြင်ပြင်ပေါ်လာပြီး တဖက်နောက်တန်းအား ကျော်ဖြတ်ကာ ဘောလုံးယူဖို့ကြိုးစားနေသည်။ အားလုံးသည် အနှေးပြကွက်များဖြင့် တင်ဆက်နေရမည်။ ကင်မရာကလည်း ဒီဂျစ်တယ်စနစ်ဖြင့် အရောင်စိုစိုဖြစ်နေသည်။
"အလိမ်အခေါက် ကောင်းမူ့"

ဟာ... ဒီစကားတော့ ထည့်ပြောလို့မဖြစ်၊ တစ်မျိုးအဓိပ္ပါယ်ပေါက်သွားနိုင်သည်။ ထို့ကြောင့် ဤကဲ့သို့သာ ဆက်ပြောခိုင်းမည်။

"ပရိယာယ်ကြွယ်ဝမူ့၊ အဆုံးသတ်သေချာမူ့"

ထိုစကားလုံးများ ပြောနေချိန်မှာပင် ကျွန်တော်သည် တဖက်နောက်တန်း ခြောက်ယောက်လောက်အား တစ်ကိုယ်တော်ဖြတ်ကျော်သွားပြီး ဂိုးပေါက်ထဲသို့ ဂိုးသွင်းယူလိုက်သည်။ ဘောလုံးဂိုးထဲဝင်သွားချိန်တွင် ပရိတ်သတ်ထံမှ အော်ဟစ်သံကြီးအား ထည့်ရမည်။ ထို့နောက် ဂိုးထဲဝင်သွားပုံပြကွက်အား အနှေး၊ အမြန် ပြကွက်များဖြင့် လေး၊ငါးကြိမ်ထက်မနည်းပြမည်။ နောက်ခံစကားပြောသူ၏ အသံဆက်လက် ထွက်ပေါ်လာရမည်။

"ဒီလို အားကစား သမားတစ်ယောက်ရဲ့ စွမ်းရည်မျိုးတွေ အပြည့်ရှိတဲ့ ဖားကြီးကို သင်ဘာ့ကြောင့် မဲမပေးရတာလဲ။ဖားကြီးကို မဲပေးဖို့အတွက် ယခုပဲဆုံးဖြတ်လိုက်ပါတော့။ "

ထို့နောက်အနက်ရောင် နောက်ခံတွင် ကျွန်တော့် official website ပုံပေါ်လာပြီး။ နောက်ခံစကားပြောသူက အင်္ဂလိပ်သံ ကောင်းကောင်းဖြင့် ဆက်ပြောရမည်။

"ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ ဖားကြီး ဒေါ့ ကွမ်း"
- - - - - ။ - - - - -

"သမီးရေ ဦးဖားကြီး အကြောင်းရေးတဲ့ ဂျာနယ်တစ်စောင် မြန်မြန်သွားဝယ်စမ်း"

အမေဖြစ်သူက ကလေးသရုပ်ဆောင် ချုမေ လေးအားခိုင်းသည်။ ကလေးငယ်က မမေ့စေရန် နှုတ်မှ အထပ်ထပ်အော်သွားသည်။

"ဖားကြီး... ဖားကြီး... ဖားကြီး... ဖားကြီး.... ဖားကြီး"

ဆိုင်သို့ရောက်သောအခါ ဂျာနယ်ရောင်းသည့် အဒေါ်ကြီးကနှုတ်ဆက်သည်။

"ဟိုင်း"
"ဟိုင်း... ဟိုင်း"
"သမီးဟိုင်းတီး(Hi-Tea) ဆိုရင်ဆိုင်မှားနေပြီကွယ့်၊ အန်တီတို့က ဂျာနယ်ပဲရောင်းတာ"

ကလေးမလေးက စိတ်ရှုတ်သွားသည့်ပုံဖြင့် ခေါင်းကုတ်သည်။ ထိုအချိန်တွင် အုံးအွမ်ဆိုသော၊ အုံးအွမ်ဆိုသော ဖားအော်သံကြားလိုက်ရသည်။ ကလေးမလေး သတိရသွားသည့်ပုံစံဖြင့် လက်ညှိုးလေးထောင်ပြီး..

"ဖား.... ဖား"
"သြော် ဦးဖားကြီးအကြောင်းပါတဲ့ ဂျာနယ်လား ရော့.... ရော့"

ထိုကဲ့သို့သော ကြော်ငြာမျိုးဖြင့် ကလေးများပါးစပ်ဖြားတွင်လည်း ရေပန်းစားနေစေရန် လုပ်ရမည်။ ထိုကြော်ငြာကိုပင်ပွား၍ ထပ်မံရိုက်နိုင်သေးသည်။ ချုမေ နှင့် ကလေးများ အခန်းထဲတွင် ခုန်ပေါက်ကစား နေကြသည်။ ပါးစပ်ကလည်း....

"ဖားကြီး... ဖားကြီး...ဖားကြီး"

ကလေးအမေ၀င်လာပြီး ပြောသည်။

"ဆူလှချည်လား"

ကလေးတွေကဆက်၍ ပင်အော်ဟစ်နေသည်။

"ဖားကြီး... ဖားကြီး... ဖားကြီး"

ဒီစိတ်ကူးလည်း မဆိုး လူတိုင်းစိတ်ထဲတွင် ကျွန်တော့်နာမည်ကို ဆွဲနေပေလိမ့်မည်။

- - - - - ။ - - - - -

Gentlemen ၀တ်စုံအပြည့်ဝတ်ထားသော ကျွန်တော်သည် ခေါင်းတွင် rapper များစည်းသော ခေါင်းစည်းကြီးဖြင့်စင်မြင့်ထက်တွင်ပေါ်လာပြီးနောက်....

"ဖားကြီး မင်းတို့ရှေ့မှာရောက်နေပြီ.... မဲပေးမယ်ဆို.. မင်းတို့လက်တွေမြှောက်ထားလိုက်
ဘယ်ညာ... ဘယ်... ညာ... ကချင်ကကြ
မဲပေးမယ်ဆို လက်တွေလေထဲ.............မြှောက်ထားလိုက်"

အောက်မှ ဆယ်ကျော်သက်လေးများက ခုန်ပေါက်အရူးအမူးဖြစ်နေပုံရိုက်ပြမည်။ ကိုးရိုးကားယားတော့နိုင်သည်။
သို့သော် ထိုဒီဇိုင်းသည် ယခုခေတ်အနေအထားနှင့်ဆို မဆိုး ဆယ်ကျော်သက်များ နိုင်ငံရေးကို စိတ်ဝင်စားကာ
ကျွန်တော့် ပရိတ်သတ်များဖြစ်သွားနိုင်သည်။

- - - - - ။ - - - - -

ပန့်ခ်လူငယ်များအားလည်း စည်းရုံးနိုင်ရန် ဤကဲ့သို့ရိုက်ရမည်။ အဆိုတော် ဖားပေါက် မှ ဆံပင်ထောင်ထောင် မောကြီး၊ပန်းကြီးဟန်ဖြင့် တီဗီဖန်သားပြင်တွင် ပေါ်လာသည်။ထို့နောက် ဂီတာကြီးကို တီးခတ်ကာ အော်ဟစ်
လေတော့သည်။

"အဖိုးကြီးလည်း ဖား.......... အဖွားကြီးလည်း ဖား
မွေးကင်းစ ..............အာပြဲလေးလည်း ဖား၊ .........မင်းကလည်း ဖား
ငါကလည်းဖား၊........... ရပ်ကွက်ထဲ လျှောက်သွားတော့လည်း ဖား..
အကယ်ဒမီမင်းသမီးကလည်းဖား... ဗယာကြော်ကုလားကြီး အော်လည်းဖား
အလှူခံ မဏ္ဍပ်ကလည်းဖား... နေရာတကာ တွင်ကျယ်နေတဲ့ဖား....."

ဒါဆိုရင် ကျွန်တော့် နာမည်သည် လူတိုင်းပါးစပ်ဖျားတွင် ရှိနေသည်ဟုသော နိမိတ်ပုံဆောင်သွားပေမည်။
- - - - - ။ - - - - -
နောက်ထပ်စိတ်ကူးများစွာ ရှိသော်လည်း ဘလော့ဂ် စာမျက်နှာကို ငဲ့ညာသော အားဖြင့် ဆက်လက်မဖေါ်ပြတော့ပါ။ အဆိုပါအကြံဥာဏ်များဖြင့် ရွေးကောက်ပွဲကြော်ငြာရိုက်မည်ဖြစ် ပါသဖြင့် ရန်ပုံငွေလိုပါက ကျွန်တော့်အား လှူဒါန်းကြပါရန် အခုကတည်းက မေတ္တာရပ်ခံအပ်ပါသည်။ အရေးကြီးတာ တစ်ချက်တော့ ရိုးသားစွာ သတိပေးထားပါမည်။ ကြော်ငြာသည် ကြော်ငြာသာ ဖြစ်ပါသည်။ တကယ် ကောင်းမကောင်းကိုမူ သုံးစွဲ ပြီးမှသာ ဆုံးဖြတ်ကြပါကုန်........။ (ခု ကတည်းက စကားကြိုခံထားတာ)

(၀န်ခံချက် ။ ။ဆရာ မင်းလူ၏ စာပေကြော်ငြာ စတိတ်ရှိုးကို ပြန်လည်ခံစား ရေးဖွဲ့ပါသည် )

18 ယောက် မှတ်ချက်ပေးခဲ့သည်:

:P said...

ကြော်ငြာတိုင်းကိုမြင်ယောင်ကြည့်မိတယ်....
:))))

ဖိုးဂျယ် said...

သဘာပတိပါ ကောင်းပါ၏ ပေါပါ၏

ဇင်ယော် said...

အဟီး အပြည့်အ၀ကို ထောက်ခံပြီး မဲပေးမယ်။ ကြော်ငြာတွေကို မျက်လုံးထဲ မြင်ကြည့်မိတာ ကောင်းမှကောင်း။ ဟေဟေ. ဘလော့ဂါတွေလည်း ဖားကြီးပါပဲ။ သမ္မတဖြစ်ရင် မမေ့သွားနဲ့ နော်။ မြေကွက်နဲ့ တိုက်ခန်းလေးရရင် တော်ပါပြီ။

Han Thit Nyeim said...

အရေးအသား တယ်လန်းပါလားဗျို့...။

မိုက်တယ်။

puluque said...

ဖားကြီး အားအပြည့်အဝထောက်ခံ ကာ ထောက်ခံမဲပေးသွားပါတယ်။ လူကြီးဖြစ်ရင် ကျတော်တို့ကို သတိရနော်။ ဂွင်ကောင်းကောင်းလေးတွေ ရှိရင် လဲကိုယ်လူတွေကို သတိတရရှိပေါ့ဗျာ..ဟီးဟီး

Apprenticeship said...

ဟိ 2010 အတွက်လား.. ဖားကြီး ဖားကြီး မဲပေးတယ်ဗျို့ :D :) :P

ရွှေပြည်သူ (ShwePyiThu) said...

မျက်လုံးထဲမှာ ကြော်ငြာတွေကို မြင်လာတဲ့အထိ ရေးတတ်ပါပေတယ် မောင်လေးဖားကြီးရယ်း))) အစ်မလည်း မဲပေးဖို့ စိတ်ထဲမှာ စွဲသွားပါပြီး)))

Anonymous said...

ကိုဖားကြီးကို တစ်မဲပေးလိုက်ပြီဗျို့ အဟီး
အဲ့ ဖြစ်သွားရင်တော့ မမေ့နဲ့ဗျို့ ...
အထူးသဖြင့် ဘလော့ဂါတွေပေါ့ဗျာ ဟဲဟဲ ..

Dr Phyo Wai Kyaw said...

တယ်ကောင်းတဲ့ သရော်စာပဲဗျိုး
အကယ်ဒမီမင်းသမီလည်း"ဖား"..ဘလော့ရေးတဲ့ သူတွေလည်း .."ဖား"ပေါ့လေ

ဒါပေမဲ့ အဲဒါက အဓိပ္ပါယ်ပြောင်းသွားတယ်နော..
သဘောကျတယ်။

NangNyi said...

ရူးလည်းရူးတယ် ပေါလည်းပေါတယ် မဆိုးပါဘူး စံချိန်မီသား.. ပြင်ပဆောင်းပါးရှင်အဖြစ် ငပေါဘလော့မှာ ၀င်ရေးပါလား
ပုံ/
နန်းညီ
(စည်းရုံးရေးအမှုရှောင်)
ရူးပေါဂိုဏ်းကြီး

Chaos said...

ရေးလဲရေးတတ်ပ
ဖတ်ရင်း ပြုံးလိုက်၊ ရီလိုက်နဲ့
အေးတဲ့ရာသီဥတုမှာ ပါးစပ်တောင် တော်တော်လေးခဲလာတယ်။ အဟတ်။
ဖားကြီ...ဖားကြီး.........ဖားကြီ...........
အော် တစ်ခုပြောရဦးမယ်
ဖီးကြား.....ဖီးကြား လို့အော်ခိုင်းမယ့် ကြော်ငြာလေးလဲ ထည့်ပါလား။
ဖီးကြမ်းနဲ့တွဲပြီး ကြေငြာလေ။ ဒါဆို ပိုစွဲသွားမယ်။ အဟတ်။

khin oo may said...

မဲဆွယ်ပွဲကို နားထောင်သွားတယ်။ :P

ဟန်လင်းထွန်း said...

လန်းတယ်ဗျာ။ ဖားကြီး ဖားကြီး :)

GreenGirl said...

အရမ်းသဘောကျသွားပြီ။ အစ်မလည်း မဲပေးတယ်နော် :P

တားမြစ် ထားသော... said...

ဒီက တစ်မဲလည်း သေချာပြီသာမှတ်ပါ ဆရာဖားရယ်။
ကြွေးကြော်သံလေးတွေ ပါထည့်ရင်ပိုကောင်းမယ်...
“ဖား-ဖား... ဖား-ဖား.. တို့အနာဂတ်အတွက် ဖား”
“”မှတ်ချက် နောက်ဆုံးဖားအား အသံမြှင့်၍ သံပြိုင်အော်ရန်။ :P

ကောင်းတဲ့ အရေးအသားပါပဲ။ တတကယ်သဘောကျကြောင်းပါ ခင်ဗျာ။

သုခမိန်(E-Journal)

mabaydar said...

မသိလို့နော်.. အမေရိကန်သမ္မတတွေမဲဆွယ်တဲ့ ကြော်ငြာတွေကရော အဲလိုပုံစံမျိုးတွေနဲ့ ဆင်တူလို့လား.. ထင်ထားတာ မိန့်ခွန်းပြောနေတဲ့ပုံတွေဘာတွေနဲ့ ကြော်ငြာမယ်ထင်နေတာ..
ကိုဖားကြီးရေ.. ၂၀၁၀ မတိုင်ခင် အနှစ် ၂၀နဲ့ မတွေ့ပါစေနဲ့လို့ဆုတောင်းပေးလိုက်မယ်နော်..
မတွေ့ခဲ့ဘူးဆိုရင်တော့.. ဖားကြီး.. ဖားကြီးပဲ အော်ပေးမယ်မှတ်လိုက်တော့နော်..

monsoon said...

ဖားကြီး.....ဖားကြီး
ဖားကြီး.........ဖားကြီး..

ဆွေလေးမွန် said...

ခောတ်သစ်မယ်ဆွဲပွဲအား အထူးအားပေးသွားပါတယ်
ကိုဖားကြီး ရေ...တစ်ကယ်ရွေး ကောက်ပွဲဝင်ရင်ပြောနော်...
ဆွေမျိုးတွေပါ မဲပေးခိုင်းမလို့..