သေးသေးမွှားမွှား ရာဇ၀င်

31 August 2008

ဒီတခါတော့ ရေချိုးခန်းထဲမှာ တွေ့နေကျ ပစ္စည်းတွေထဲက ဆပ်ပြာ နဲ့ သွားတိုက်ဆေးရဲ့ ရာဇ၀င်
လေးကိုပြောချင်ပါတယ်။ သိပြီးတဲ့လူတွေလည်း သိလောက်ပေမယ့် မသိသေးတဲ့သူတွေ ပေါ့ပေါ့ပါးပါးလေး
ဖတ်နိုင်အောင် ရည်ရွယ်ထားတာပါ။

ကဲ ဆပ်ပြာအကြောင်းလေး စပြောရအောင်။ ပထမဆုံး မှတ်တမ်းတင်ထားတာကတော့ ဘီစီ ၂၈၀၀ လောက်
က ဘေဘီလုံမှာတွေ့ရတဲ့ ဆပ်ပြာနဲ့တူတဲ့ အရာပါပဲတဲ့။ ဘီစီ ၂၂၀၀ လောက်က ကျောက်စာတစ်ချပ်ပေါ်
မှာ ရေ၊ အယ်(လ)ကာလီနဲ့ ကာစီရာဆီ တို့နဲ့ဖေါ်စပ်ရတဲ့ ဆပ်ပြာဖေါ်မြူလာ တစ်ခုကို ဘေဘီလုံမှာ
တွေ့ခဲ့တယ်။

အီဂျစ်က ကျူစာတွေအရလည်း ဘီစီ ၁၅၅၀ လောက်ကတည်းက အီဂျစ်တွေဟာ ရေမှန်မှန်ချိုးပြီး ဆပ်ပြာ
တိုက်တတ်နေပါပြီ ။ ဒါကိုကြည့်ခြင်းအားဖြင့် ရှေးလူကြီးတွေဟာ ကျွန်တော်တို့ထင်သလောက် မညစ်ပတ်
ဘူးဆိုတာ သိရပါတယ်။

ရောမခေတ်က ဆပ်ပြာနဲ့တူတဲ့အရာကိုတော့ ပွန်ပေမြို့ဟောင်းတစ်နေရာမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အေဒီ ၇၉ လောက်ကလို့ ခန့်မှန်းထားတော့ ဒီလောက်ထိခံတဲ့ ဆပ်ပြာမျိုးဆို တစ်သက်သုံးရောပဲ။ တိုက်တော့
မတိုက်နဲ့ပေါ့ဗျာ ။ နောင်နှစ်ပေါင်း ၂၀၀၀ လောက်ကြာရင် ပညာရှင်တွေလေ့လာဖို့ ထားခဲ့ကြတာပေါ့။

အင်္ဂလိပ်ဘာသာနဲ့ soap ဆိုတာဟာ လက်တင်ဘာသာ sapo ကဆင်းသက်လာတာလို့ ပြောကြပါတယ်။
ဒါပေမယ့် ဒီ sapo ဆိုတဲ့ soap တွေဟာ ဆပ်ပြာပါလို့ ပြောလို့ရတဲ့ အဆင့်ထိတော့ မရောက်ခဲ့ပါဘူး။
ဒီကနေ့ သုံးနေတဲ့ ဆပ်ပြာတွေဟာ အာရေဗျ ဆပ်ပြာတွေကနေ ဆင်းသက်လာတာပါ ။ အဲ့ဒီတုန်းက
ဆပ်ပြာတွေဟာ အရောင်ကော၊အနံ့ကော ပေါ်နေပါပြီ ။ ဆပ်ပြာတွေကလည်း အရည်အဖြစ်ကော၊ အခဲအဖြစ်
ပါရနေပါပြီ ။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး ရိတ်ဖို့ သီးသန့်ဆပ်ပြာရည်တောင် ပေါ်နေပြီလို့ ဆိုပါတယ်။
လိုအပ်ချက်အရ တီထွင်ကြရတာနေမှာပေါ့။ အေဒီ ၉၈၁ မှာ ဒီဆပ်ပြာတွေကို အာရေဗျ မှာ ရောင်းနေကြ
ပါပြီ ။

ဥရောပမှာတော့ ၁၆ရာစု လောက်မှာ Castile ဆပ်ပြာကိုထုတ်လုပ်ခဲ့ပါတယ် ။ ဒီ့အရင်ကတော့ အိမ်တွင်းဖြစ်အနေနဲ့ ကိုယ့်ဘာသာ လုပ်ပြီးသုံးခဲ့ ကြတာများပါတယ်။
Andrew Pears ဟာ အဆင့်မြင့်ဆပ်ပြာကို ၁၇၈၉ ကလန်ဒန်မှာ တီထွင်ခဲ့ပါတယ်။ ၁၈၆၂ မှာတော့ သူ့ရဲ့
မြေးဖြစ်တဲ့ Francis Pears နဲ့အတူ Isleworth အရပ်မှာ ဆပ်ပြာစက်ရုံ တည်ထောင်ခဲ့တယ်။
William Gossage ဟာ ၁၈၅၀ မှာ အရည်သွေးကောင်းပြီး ဈေးနည်းတဲ့ ဆပ်ပြာကို ထုတ်လုပ်ခဲ့ပါတယ်။
ဆပ်ပြာကို အမှုန့်အဖြစ်နဲ့တော့ . Robert Spear Hudson က ၁၈၃၇ မှာပထမဆုံး တီထွင်ခဲ့ပါတယ်။
၁၈၈၅ မှာ . William Hesketh Lever နဲ့ သူ့အစ်ကို James တို့ဟာ Warrington အရပ်မှာ ရှိတဲ့ ဆပ်ပြာ
လုပ်ငန်းလေးတစ်ခုကို ၀ယ်ပြီးလုပ်ကိုင်လိုက်တာဟာ ဆပ်ပြာကိုဈေးကွက်တစ်ခု ရတဲ့အထိအောင်ဖြစ်
သွားပါတယ်။ အဲ့ဒီကနေစပြီး ဆပ်ပြာဟာ ကမ္ဘာ့အနှံ့အပြားကို ထိုးဖေါက်လာနိုင်ခဲ့ပါတယ်။

အခုဆိုရင် ဆပ်ပြာဟာ လူတိုင်းရဲ့ အခြေခံ အသုံးဝင်ဆုံးပစ္စည်းတွေထဲမှာ ပါနေပါပြီ ။ လူတိုင်းရဲ့
တစ်ကိုယ်ရေ ကျန်းမာရေးကို အထောက်အကူ ပြုတဲ့ ဆပ်ပြာရဲ့ ရာဇ၀င်ကတော့ ကျွန်တော်သိတာ
ဒီလောက်ပါပဲ။

သွားတိုက်ဆေး အကြောင်းဆက်ပြောရရင်တော့ ဒီလိုပါ။
သွားတိုက်ဆေးရဲ့ မူလကိုတော့ အေဒီ ၄ ရာစုလောက်မှာ အီဂျစ်မှာတွေ့ရှိခဲ့ပါတယ်။ ဆားရယ်၊ ပီပါ၊ ပရုတ်ရွက်နဲ့ အိုင်းရစ်ပန်းကိုရောပြီး ဖေါ်စပ်ထားတာပါ။
ရောမတွေကတော့ လူရဲ့ ဆီး ကိုအခြေခံပြီး သွားတိုက်ဆေးဖေါ်မြူလာကို ဖေါ်ထုတ်ခဲ့ပါတယ်တဲ့။ ဘယ်လို
အရသာ ရှိမလဲတော့ မတွေးတတ်ပါဘူး ။

အေဒီ ၉ ရာစုနှစ်မှာတော့ ပါရှန်း ဂီတနဲ့ အနုပညာရှင် Ziryab ဟာ သွားတိုက်ဆေး တစ်မျိုးကိုတီထွင်ခဲ့
ပါတယ်။ ပါဝင်တဲ့ ပစ္စည်းတွေကို မသိရပေမယ့် ဒီသွားတိုက်ဆေးဟာ ကျန်းမာရေးအတွက်ရော အနံ့အတွက်ပါ အသုံးဝင်ခဲ့ပါတယ်တဲ့။

သွားတိုက်ဆေးကို တီထွင်ခဲ့ပေမယ့် သွားပွတ်တံနဲ့ ဘယ်အချိန်မှာ တွဲသုံးခဲ့လည်းဆိုတာတော့ မသိပါဘူး ။ တံပူလိုမျိုး သစ်ပင်ကထွက်တဲ့ သဘာဝသွားပွတ်တံတွေကိုတော့ ရှေးဟောင်းအိန္ဒိယ
မှာ အသုံးပြုခဲ့တာ ကြာပါပြီ ။
ခေတ်သစ်သွားပွတ်တံတွေကိုတော့ တရုတ်ပြည်မှာ ၁၄၀၀ ခုနှစ်လောက်ကတည်းက တီထွင်ခဲ့ပါတယ်။
ဒါပေမယ့် အနောက်တိုင်းမှာတော့ ၁၈၀၀ ခုနှစ်တိုင်အောင် တွင်တွင်ကျယ်ကျယ် အသုံးမပြုသေးပါဘူး။
သွားတိုက်ဆေးကို ပထမတော့ အမှုန့်ပုံစံမျိုးတွေနဲ့ပဲ အိမ်တွင်းသုံးရုံ ထုတ်လုပ်ခဲ့ကြတာပါ။ဆားတို့
မီးသွေးတို့လို အရောအနှောမျိုးတွေပေါ့။

ခရင်(မ်) အဖြစ်ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေးတွေကို ၁၉ရာစုနှစ်တွေလောက်ကတည်းက ဈေးကွက်
ထဲတင်ပို့ ခဲ့ပေမယ့် ပထမကမ္ဘာစစ် ဖြစ်တဲ့အထိကို တွင်တွင်ကျယ်ကျယ် အသုံးမပြုခဲ့သေးပါဘူး ။
ဒီကနေ့ ခေတ်သုံးနေတဲ့ သွားတိုက်ဆေးမျိုးကိုတော့ ဒေါက်တာ Washington Sheffield က ၁၈၉၂ မှာ
တီထွင်ခဲ့ပါတယ် ။ သူဟာ ပြင်သစ်ကို သွားလည်တဲ့ သူ့သားစီကနေ ဒီအကြံကို ရခဲ့တာပါ ။ သူ့သား
ဟာ ပြင်သစ်မှာ ပန်းချီဆရာတွေသုံးတဲ့ ဆေးကို ဘူးနဲ့ထည့်ထားတာကို တွေ့ခဲ့ရကနေ စတာပါ။

၁၈၉၆ မှာတော့ Sheffield ရဲ့ အကြံကို အသုံးချပြီး Colgate ဟာပထမဆုံး သွားတိုက်ဆေး company
ကို နယူးယောက်မြို့ မှာတည်ထောင်ခဲ့ပါတယ်။
Flouride ပါတဲ့ သွားတိုက်ဆေးကိုတော့ ၁၉၁၄ မှာတီထွင်ခဲ့ပြီး ၁၉၃၇ ရောက်မှ အမေရိကန်သွားဘက်
ဆိုင်ရာအသင်းက လူထုကို သုံးစွဲစေခဲ့ပါတယ်။
အဲ့ဒီကနေ လိုအပ်တာတွေကို အဆင့်ဆင့် ဖြည့်စွက်ပြီးတီထွင်လာခဲ့တာဟာ ဒီကနေ့ သုံးနေကြတဲ့
သွားတိုက်ဆေး အဆင့်ကို ရောက်လာခဲ့ပါတယ်။
ဆပ်ပြာနဲ့ သွားတိုက်ဆေး၊သွားပွတ်တံတွေဟာ နေ့စဉ်ဘ၀မှာတော့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ
ဖြစ်လာခဲ့ပါတယ် ။ ဒီအဆင့်ကို ရောက်ဖို့ကို ရှည်လျားတဲ့ သမိုင်းကြီးကို ဖြတ်သန်းလာရတာပါ ။
လူသားတွေဟာ ဘယ်အရာကိုမှ လွယ်လွယ်ရခဲ့တာ မဟုတ်ဘူးဆိုတာ သေချာပါတယ် ။ ဒီလို အသေးအဖွဲ
လို့ ထင်ထားတာလေးတွေက အစပေါ့။ ကျွန်တော်တို့က တိုးတက်နေအောင် ဆက်လုပ်သွားရပါမယ်။

အတိတ်ကို လွမ်းခြင်း

29 August 2008

ကုန်ဈေးနှုန်းပြ ဂရပ်
ပြောရမယ်ဆိုရင်တော့ အဘတို့ငယ်ငယ်တုန်းကလို့ပဲစရတော့မှာပဲ ။ အေး အဲဒီအဘတို့ ငယ်ငယ်တုန်းကပေါ့
ပရိတ်သတ်ကြီးရယ် ။ ဟာ.... လိုင်းတွေရောကုန်ပါပြီ ။ ဒီလိုပါခင်ဗျာ မရိုးနိုင်တဲ့ ကုန်ဈေးနှုန်းအကြောင်းလေး
ပဲ ပြောချင်လို့ပါ ။
ကုန်ဈေးနှုန်းအကြောင်းပြောရအောင် မင်းအသက်ကဘယ်လောက်တောင် ကြီးနေလို့လည်းမေးရင် ဟုတ်ကဲ့
ကျွန်တော့် အသက်က အခုမှ နှစ်ဆယ်ကျော်သက်ကလေးပဲ ရှိပါသေးတယ်ခင်ဗျာ ။ ဒါပေမယ့် အဲ့ဒီ အသက်
လေးမှာတင် အဘတို့ငယ်ငယ်တုန်းကပေါ့ ဆိုပြီး ပြောစရာမလိုအောင် ပြောင်းလဲသွားတဲ့ ဈေးနှုန်းတွေကို
ဆင်ခြင်မိလို့ ဒီစာကိုရေးချင်စိတ်ပေါ်လာတာပါ။
တကယ်တော့ ကျွန်တော်အတိတ်ကို ပြန်လွမ်းနေတာ မဟုတ်ပါဘူး ။ ပြောင်းသွားပြီးမှတော့ ဘာမှလည်းမတတ်နိုင်တော့ပါဘူး။ ဒါပေမယ့် အတိတ်ဆိုတာက သေချာခဲ့တာတွေနဲ့
ဖွဲ့စည်းထားတာ မဟုတ်လား ။ အဲဒီတော့အတိတ်ကို ပြန်သတိရတယ်ဆိုတာလည်း တခါတလေ ကြည်နူးဖို့ကောင်းပါတယ်။ ၀ူး ........ လေရှည်ရတာမောလိုက်တာဗျာ ။

ကဲ ကဲ အခြေခံကျဆုံးကားခကနေပဲ စပြောပြမယ်။ ကျွန်တော်တို့ ကျောင်းစတက်ရတဲ့ ပထမနှစ်၊ဒုတိယနှစ်
တွေတုန်းက ကျောင်းကို ကားစီးရင် မြန်မာငွေ၃၀ကျပ်ပဲ ကျပါတယ်။ တိတိကျကျပြောရရင်တော့ လွန်ခဲ့တဲ့
ခြောက်နှစ်လောက်ကပေါ့။ အဲ့ဒီ သုံးဆယ်ကျပ်ဆိုတာ နိုင်ငံတကာငွေကြေးနဲ့တွက်ရင် ဆင့် ၃ပြား လောက်ပဲ
ကျမယ်ထင်ပါတယ်။ဒါတောင်ကျောင်းသားပီပီတခါတလေပိုက်ဆံပေးစီးချင်မှပေးတာပါ။စပါယ်ယာတွေကလည်း ကိုယ်နဲ့ အကုန်လုံးနီးပါး ခင်နေကြတော့ ကိစ္စတော့မရှိပါဘူး။

အဲ့ဒီတုန်းက ကျောင်းသွားရင် ပိုက်ဆံ၅၀၀ လောက်ဆိုလောက်လောက်ငှငှ သုံးလို့ရပါတယ်။ပိုက်ဆံမရှိလည်း
ကားခ ၃၀ နဲ့သာကျောင်းသွား ဟိုရောက်ရင်ကျွေးမယ့်သူငယ်ချင်းတွေကလည်းပေါပါတယ်။ ကားခဆိုရင်လည်း
၇ နှစ်ယောက် ၈ယောက်ခ ကတော့ တစ်ယောက်တည်းက ဒိုင်ခံပေးလိုက်တာပဲ ။ ပေါတာကိုး ဗျ ။

ဟော .... အခုနှစ်တွေကြတော့ ကားခက မှော်ဘီထိဆို အနည်းဆုံး ၃၀၀၊ တခါတလေ မြို့တွင်းကဆို လေး၊ငါး
ရာကတော့ သာသာလေးပဲ ။ ဒီတော့ တစ်ယောက်တည်းကပဲ ကျွန်တော်တို့တုန်းကလို ၇ယောက် ၈ယောက်
ခ ကားခပေးရမယ်ဆိုရင် တော်တော်မလွယ်ပါဘူး။ ဒီတော့လည်း ကိုယ့်စရိတ်ကိုယ်ရှင်းကြရတော့တာပေါ့။

အခုခေတ်ကျောင်းတက်ရင်က အနည်းဆုံး တစ်နေ့ ၃၀၀၀ လောက်မှမပါရင် တော်တော်ကိုကျပ်တည်းပါတယ်။
အဲ ကျောင်းပြီးလို့ အလုပ်စ၀င်ရင်တော့ တစ်နေ့ ၂၀၀၀ နူန်းလောက်ပဲရပါတယ်။ အဲ့လိုဆိုရင် ကျောင်းတက်
ပြီး မိဘဆီက မုန့်ဖိုးတောင်းနေရတာကမှ များဦးမယ်။

ကုန်ဈေးနူန်းက သိသိသာသာ ဆယ်ဆလောက်ပြောင်းလဲသွားပေမယ့် မပြောင်းလဲသလောက်လို့ ပြောရမယ့်
အရာလည်းရှိပါတယ်။ အဲ့ဒါကတော့ ခုနကပြောတဲ့ အခြေခံလစာပါပဲ။ ကျွန်တော်တို့ ပထမနှစ်၊ဒုတိယနှစ်
လောက်က B.E(Civil) တစ်ယောက်ရဲ့ အခြေခံလခက အနည်းဆုံး ၅၀,၀၀၀ လောက်ရပါတယ်။ သူ့ခေတ်နဲ့သူ
တော့ လူငယ်တစ်ယောက်သုံးလို့ရသေးတဲ့ ငွေကြေးပါပဲ ။ အဲ့ဒီတုန်းက တစ်နေ့ ၅၀၀ နဲ့ဆိုကျောင်းတက်လို့
ရတယ်လို့ ပြောပြီးပြီနော်။

ဟောအခု နှစ်ထောင်၊သုံးထောင်လောက်ပါမှ ကျောင်းတက်ရတဲ့ ခေတ်ကျတော့ လခက ဘယ်လောက်ဖြစ်
သွားလဲ သိလား ။ အခြေခံ လစာ ၆၀,၀၀၀ တဲ့ ။ တော်တော်လေးကို တိုးပေးရပါတယ်ပေါ့ ။ အဲ့ဒါကြောင့်ပဲ
ကျွန်တော့် သူငယ်ချင်းတွေလည်း ထိုက်ထိုက်တန်တန်လေးပေးတဲ့ ခြင်္သေ့မြို့တော်ကို သွားနေကြတာ။
ဟိုမှာ ပင်ပန်းလည်း အင်ဂျင်နီယာဘွဲ့နဲ့ ခွက်တော့မဆွဲရလောက်ဘူးဟ ဆိုပြီး စွန့်စားကြတာပါ။

တိုင်းပြည်ကိုမချစ်လို့တော့ မဟုတ်ပါဘူး ။ မိမိကိုယ်ကို ကောင်းအောင်အရင်ကြိုးစားကြမလို့ပါ။ ကျွန်တော်
တို့လို သာမာန်လူတွေကတော့ အာတကေလေး ရွှင်မှလည်း စိတ်ကလေးတွေ လန်းဆန်းကြတာကိုးဗျ။
ဒါပါပဲဗျာ တစ်ခါတစ်လေ ကျတော့လည်း အတိတ်အကြောင်းလေးတွေ ပြန်စဉ်းစား ပြန်ပြောရတာ
တယ်အရသာ ရှိတာပဲ ။ သြော် ငါးနှစ်၊ ငါးနှစ် သိပ်တောင်မကြာသေးပါလား ။

ဒီအတိုင်း သတိရပြီး ညည်းနေမယ့် အစား လုပ်သင့်တာလေး တော့ လုပ်ဦးမှ။

ရောက်တတ်ရောက်ရာ ဒိုင်ယာရီ

26 August 2008

ကျွန်တော် မူကြိုကျောင်းသားဘ၀ ကလက်ရေးစသင်တော့ စာအုပ်ကိုထားတာပြောင်းပြန်ကြီးလို့ဆရာမ ကပြော
ပါတယ်။ ကျောင်းသားအများစုက စာရေးမယ်ဆိုရင် သိကြတဲ့အတိုင်း စာအုပ်ကို အနည်းငယ်စောင်းပြီး လက်အနေအထား
နဲ့ အဆင်ပြေအောင်ထားပြီးရေးတတ်ကြပါတယ်။ ကျွန်တော်ကတော့ စာအုပ်ကိုဖတ်ရတဲ့အတိုင်းထားပြီး လက်က
ဘေးကနေကန့်လန့်ထားပြီးရေးပါတယ်။
မူကြိုဆရာမလေးက အစ်မသား စာရေးတာပြောင်းပြန်ကြီးဆိုပြီးအမေ့ကို ခေါ်ပြောပါတယ်။ အမေက ကျွန်တော့်
ကို နင်စာအုပ်ကိုတည့်တည့်ထားရေးဆိုတော့ ကျွန်တော်အတည့်ပဲရေးတာဆိုပြီး သူတို့ဆိုလိုတဲ့ သဘောကို
နားမလည်ခဲ့ပါဘူး ။ အကျိုးဆက်ကတော့ ကျွန်တော်ဟာ လက်ရေးလက်သားညံ့တဲ့သူဖြစ်လာခဲ့ပါတယ်။ အမှန်ကို
ဘယ်လိုမှမမြင်ခဲ့တာလည်း ပါမှာပေါ့ ။ သိလိုက်တဲ့ အချိန်ကြတော့လည်း ကျွန်တော်က အသားတကျဖြစ်နေပြီ။
ဒီလက်ရေးနဲ့ပဲ ကျောင်းတက်လာခဲ့တာ သူငယ်ချင်းတွေကတော့ ဖတ်လို့ရသားပဲလို့ ပြောပါတယ်။ အားနာလို့လည်း
နေမှာပေါ့။ တစ်ခါတစ်လေ ကိုယ့်ဘာသာမှန်တယ်လို့ ထင်ထားတာတွေဟာ အမှားတွေဖြစ်နေတတ်တယ်။
_______________________________________________________________________________

တစ်နေ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ငါ့ဘလော့လေးဆိုပြီး ခေါ်ကြွားလိုက်တာ ကိုယ်တော်ချောက
မင်းအခုအသက်အရွယ်ထိ အက်ဆေးတွေရေးနေသေးလားလို့ ပြောပါတယ်။ ဒီနေရာမှာ သူဆိုလိုတာက
ကျောင်းသားဘ၀တုန်းက အက်ဆေးတွေကိုပြောချင်တာပါ ။ စာဖြင့်သေချာမဖတ်ရသေးပဲ sidebar က
အကြောင်းအရာတူ အောက်မှာ အက်ဆေးလို့ မြင်လိုက်တာနဲ့ ငတိက ရမ်းတုတ်လိုက်တာပါ ။ ဘာပြန်ပြော
ရမှန်းမသိအောင် ကျွန်တော်နှုတ်ဆိတ်သွားခဲ့တယ်လို့ မထင်ပါနဲ့။ ပြောမနာဆိုမနာ သူငယ်ချင်းဆိုတော့
သောက်တုံးရဲ့ မင်းဒီလောက်တောင် အရသလားဟဆိုပြီး ထဆဲလိုက်ပါတယ်။ ဟုတ်တယ်လေ သူလုပ်တာနဲ့
ပဲ ကိုယ်က ၉တန်း၊၁၀ တန်းလောက်ပြန်သွားပြီး ကျွန်တော်၏နာမည်မှာဘာဖြစ်ပါသည်၊ညာဖြစ်ပါသည် တွေ
ရေးရမလိုဖြစ်နေတယ်။
_______________________________________________________________________________

သင်္ကြန်ဆိုရင် ရန်ကုန်မြို့က လူစည်ကားတဲ့ လမ်းတွေမှာ ကားလမ်းတွေပိတ်တာ လူတိုင်းလိုလိုသိကြ၊ ကြုံဖူး
ကြမှာပါ ။ အရင် သုံးမိနစ်မောင်းရင်ရောက်တဲ့ နေရာကို သုံးနာရီ မပြောနဲ့ ခြောက်နာရီလောက်တောင်ကြာချင်ကြာ
သွားနိုင်ပါတယ်။
လွန်ခဲ့တယ် သုံးနှစ်သင်္ကြန်တုန်းက ကျွန်တော်တို့တွေ ကားနဲ့လည်ဖို့ လုပ်တော့ အင်းလျားလမ်းဝင်ဖို့ကိုတိုင်ပင်
ကြပါတယ်။ ဘယ်နှစ် နာရီဝင်မယ်ဆို ဘယ်လောက်ကြာမလဲ ဆိုတာမျိုးပေါ့။ ဒီလမ်းက ၀င်တာနောက်ကျရင်
ရေဆိုဖို့မပြောနဲ့ မဏ္ဍပ်တွေနားတောင်မရောက်ပဲ တစ်နေကုန်သွားတတ်လို့ပါ။ ရှေ့ကကားတွေကပိတ်၊ နောက်
ကားတွေက ထွက်မရနဲ့ စိတ်ညစ်ရပါတယ်။
အဲဒီလို တိုင်ပင်နေရင်းနဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကပြောပါတယ်။ ဟေ့ကောင် နောက်ကကားတွေ
တိုးလို့မရတာ ရှေ့ကကားတွေက မသွားပဲဘာလုပ်နေကြလို့လည်းကွတဲ့ ။ ဟာသူတို့လည်း ရောက်တုန်းရောက်ခိုက်
မဏ္ဍပ်နားက မခွာနိုင်ဖြစ်နေကြလို့နေမှာပေါ့ကွာလို့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။
တကယ်တော့ သူပြောတာ ဟုတ်ပါတယ်။ အချိန်တန်ရင် သူ့ဘာသာရှင်းသွားတယ်ဆိုကတည်းက အရှေ့က
ကားတွေက ရောက်တဲ့နေရာလေးကို မခွာနိုင်ဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်နေကြလို့ပါ။ ကျွန်တော်တို့လည်း
အပါအ၀င်ပေါ့။
အင်း .......... အရှေ့က ကားတွေမထွက်ပဲ တစ်ကိုယ်ကောင်းဆန်နေကြလို့ နောက်ကကားတွေ ရေလေးတောင်
မစိုလိုက်ရတဲ့ ဒုက္ခကလည်းမသေးပါလားနော်။ သင်္ကြန်မှာ .... ပြောပါတယ်။

ကြောက်တတ် တဲ့ စိတ်

24 August 2008


ပုထုဇဉ် လူသားမှန်ရင် ကြောက်စိတ်ရှိကြပါတယ်။ သတ္တ၀ါတိုင်း ကြောက်စိတ်နဲ့ မကင်းနိုင်လို့ အပြစ်တော့
မဟုတ်ပါဘူး ။ ဒါပေမယ့် အကြောက်လွန်အားကြီးရင်လည်း ဆင်ခြင်ဥာဏ် ကင်းမဲ့သွားတတ်ပါတယ်။
စိတ်ပညာမှာတော့ အကြောက်လွန်တတ်တာကို ရောဂါတစ်ခု လို့သတ်မှတ်ထားပါတယ်။ ကြောက်တတ်
တဲ့ ရောဂါတွေကို phobia နဲ့ဆုံးတဲ့ နာမည်မျိုးတွေ ပေးတတ်ပါတယ်။ စိတ္တဇ ရောဂါအနုစားတစ်မျိုးပဲလို့
ထင်ပါတယ်။

သိသလောက် phobia တွေကိုပြောရရင်တော့ ဒီလိုပါ ။ ကလော်စထရို ဖိုဘီးယား (Claustrophobia) ဆိုတာ
လုံနေတဲ့ နေရာမျိုးတွေကိုကြောက်တာပါ။ ဥပမာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ လုံနေတဲ့ ဓါတ်လှေကားမျိုးတွေပေါ့။
အဲ့ဒီ လိုလူမျိုးတွေ အထပ်မြင့်အဆောက်အဦး တွေမှာ နေရလို့ကတော့ မသက်သာလောက်ဘူးနော်။

အဂိုယာ ဖိုဘီးယား (Agoraphobia) ဆိုတာကတော့ ခုနက ပြောသွားတဲ့ ကလော်စထရို ဖိုဘီးယားနဲ့ ဆန့်ကျင်
ဖက်ပေါ့။ ဟင်းလင်းဖြစ်နေတဲ့ သဘောကို ကြောက်တဲ့စိတ်ပါ။ တံခါးတွေပိတ်ထား လည်းဂျက်မှထိုးမိရဲ့ လား
ဆိုပြီး ခဏခဏ ထကြည့်နေတဲ့ အကြောက်မျိုးပေါ့ ။ ဥစ္စာခြောက်နေတာ လည်းဖြစ်နိုင်တယ်။

အယ်(လ်)ရို ဖိုဘီးယား (Ailourophobia) ဆိုတာက အမွှေးပွ အိမ်မွေးတိရစ္ဆာန် တွေကိုကြောက်တာမျိုးကို
ပြောတာပါ ။ ဗြိတိလျှဗိုလ်ချုပ် ကြီးတစ်ယောက်ဆို ကြောင်မပြောနဲ့ ကြောင်ရုပ်တောင် ရဲရဲ မကြည့် ရဲဘူးတဲ့။
အဲဒီ့ လိုလူမျိုးကိုတော့ စသလိုနောက်သလိုနဲ့ တိရစ္ဆာန်တစ်ကောင်လောက် လက်ထဲသွားမထည့်လိုက်နဲ့။
တော်ကြာ စကားမေးတောင်မရတော့မှ ရှင်းမရဖြစ်နေလိမ့်မယ်။

လေပြင်းတွေ တိုက်ရင် သစ်ပင်တွေလဲမှာ၊ ဓါတ်တိုင်တွေလဲမှာ ကြောက်ပြီး အပြင်တွေဘာတွေ မထွက်ရဲ
တာကို အက်(စ)ထရာ ဖိုဘီးယား (Astraphobia) လို့ခေါ်ပါတယ် ။ နာဂစ်တိုက်ပြီး နောက်ပိုင်းဒီရောဂါ
ရသူ တော်တော်များလာပါတယ်။

သွေးမြင်ရင်လန့်တာမျိုးကိုတော့ ဟီမတို ဖိုဘီးယား (Hematophobia) လို့ပြောပါတယ်။ ဒါမျိုးကတော့
မိန်းကလေးတွေ ပိုသိမှာပါ ။ ဟုတ်ဟုတ် မဟုတ်ဟုတ် သူများကြောက်လို့ မှကိုယ်လိုက်မကြောက်ရင်
မိန်းမကြမ်းကြီး လို့မြင်သွားမှာစိုးလို့ ထင်ပါတယ်။

တချို့ကတော့ အမြင့်တက်ရမှာကို တော်တော်လေးကြောက်ကြပါတယ်။ တော်ရုံတန်ရုံ အမြင့်မဟုတ်ဘူးနော်။
ကုလားထိုင်လောက် အမြင့်ပေါ်မှာကို မတ်တပ်မရပ်ရဲတာ။ ဒါကြောင့်လည်း ရောဂါစာရင်းထဲမှာ ထည့်လိုက်တာ
ထင်ပါတယ်။ ဒီလိုအကြောက်မျိုးကိုတော့ အက်ခရို ဖိုဘီးယား( Acrophobia) လို့ခေါ်ပါတယ်။

ရေကိုကြောက်တာမျိုးကြတော့ ဟိုက်ဒရိုဖိုဘီးယား (Hydrophobia) လို့ခေါ်တယ်။ သာမန် ရေကြောက်တာမျိုးမဟုတ်ပဲ ရေထဲက တစ်စုံတစ်ခုက ဆွဲခေါ်သွားမလား၊ ခေါ်သံနဲ့ အတူ ရေနက်ထဲဆင်းခဲ့ ဖို့ဖိတ်ခေါ်သံမျိုး ကြားရမလားဆိုပြီး တွေးကြောက်နေတာမျိုးပါ ။ ကမ်းခြေတွေ ဘာတွေ သွားအပန်းမဖြေရဲတာ သနားစရာပေါ့။

အမှောင်ကိုကြောက်တာကိုတော့ နစ်တို ဖိုဘီးယား(Nyctophobia) လို့ပြောကြပါတယ်။ အမှောင်ထဲမှာ
မနေ၀ံ့ကြတဲ့ လူမျိုးတွေပါ။ အနောက်မှာ တစ်ယောက်ယောက်ရှိနေလား ဆိုပြီး သံသယ တွေများနေတတ်ပါတယ်။

ဒီအကြောက်တရားတွေက အခြေအနေကို လိုက်ပြီးလူတိုင်းမှာ အနည်းနဲ့အများ ရှိတတ်ပါတယ်။
ထူးထူးခြားခြား အသားလွတ်ကြောက်နေရင်တော့ ဒါဟာ ဖိုဘီးယား ဖြစ်နေပါပြီ။ ကျွန်တော်ဆိုရင် ငယ်ငယ်
တုန်းက အမှောင်ကိုကြောက်ခဲ့တယ်။ ကူးတတ်ရုံပဲလို့တောင် ပြောမရလို့ ရေဆိုရင်လည်းကြောက်ပါတယ်။
ဒါပေမယ့် သဘောင်္စီးရရင်တော့ ပျော်တယ်။
နာဂစ်ခံ ရပြီးတော့ လေသံကြားရင် သတိထားတက်လာပါတယ်။ ခွေးကိုက်ခံရဖူးတော့ ခွေးတွေနဲ့ဆိုရင်
သတိထား ဆက်ဆံပါတယ်။

ကျွန်တော်ပြောချင်တာက သတ္တ၀ါ ဆိုတော့ ကြောက်သင့်တဲ့နေရာမှာ ကြောက်ရမှာပါပဲ။ သူများထက်
ထူးထူးခြားခြား သဘာဝက ကင်းပြီးကြောက်နေရင်တော့ စိတ်ရောဂါကုတဲ့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။
တချို့ တွေက ကလေးဘ၀တုန်းက အကြောက်တရားကို ပိုစွဲမြဲပြီး အရိပ်မည်းကြီး လိုတစ်သက်လုံး
ခြောက်လှန့်နေတတ်လို့ပါ။

ဒါနဲ့ ကိုယ့်အကြောင်းတွေကို သူများသိမှာ ကြောက်ပြီး ၊ ကိုယ်တိုင်လည်းမကြည့်ရဲ သူများကိုလည်း မမြင်စေ
မကြည့်စေချင်တဲ့ အကြောက်တရားမျိုးလည်းရှိပါတယ်။
အဲ့ဒါကိုတော့ ဘလိုဂို ဖိုဘီးယား(Bloggophobia) လို့ခေါ်ပါတယ်။ လိုက်မမှတ်ကြနဲ့ဦး ။ ဘယ်ကျမ်းမှာ မှ
မပါဘူး။ ကျွန်တော့် ဘာသာအတွေးပေါက်ပြီးပေးလိုက်တာ ။

ပေါက်ကရာတွေသာ လျှောက်ရေးရတာ ကျွန်တော်လည်းတစ်ခါတစ်လေ ကြောက်တတ်တယ်ဗျ။
သိတယ်မဟုတ်လား
ကလော်စထရို ဖိုဘီးယား ရောဂါလေ။ ဟုတ်တယ် ...... တကယ်ပြောတာဗျ ။
အလုံပိတ်ထားတဲ့ အခန်းတွေဆို ကျွန်တော်တအား ကြောက်တာပဲ။

ဆန်းကြယ် တံတား

23 August 2008

နယူးရော့(ခ်) မြို့က မက်ဟက်တန်နဲ့ ဘရွတ်ကလင်း ကိုဆက်သွယ်ထားတဲ့ ဘရွတ်ကလင်း တံတားဟာ
ရိုးရှင်းပေမယ့် လှပတဲ့ တံတားတစ်ခု ဖြစ်ပါတယ်။ ဘရွတ်ကလင်း တံတားမှာ လူပြောများတဲ့ ရာဇ၀င်တစ်ခု
လည်းရှိပါတယ်။

၁၈၇၇ ပန်းချီဆရာ စိတ်ကူးထဲက ဘရွတ်ကလင်း တံတား

၁၈၆၀ ခုနှစ်ဝန်းကျင်မှာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ ဂျွန်ရိုဘလင်း ဟာ ဘရွတ်ကလင်း တံတားကို တည်ဆောက်ဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမယ့် တံတားတည်ဆောက်ရာမှာ ကျွမ်းကျင်သူတွေကတော့ မဖြစ်နိုင်ဘူးဆိုပြီး သူ့ကိုတားမြစ်ခဲ့ကြပါတယ်။ ရိုဘလင်း ဟာ သူ့ရဲ့သား ၀ါရှင်တန်နဲ့ တံတားတည်ဆောက်ရင် ဖြစ်နိုင်မယ့်အကြောင်းကို သေချာဆွေးနွေးခဲ့ကြတယ်။ ၀ါရှင်တန် ရိုဘလင်း ဟာ ဂျွန်ရိုဘလင်း ရဲ့ မျိုးဆက် အင်ဂျင်နီယာတစ်ယောက်ပါပဲ။ သားအဖ နှစ်ယောက်ဟာ သူတို့ရဲ့ အမြင်တွေကို သေသေချာချာ စိစစ်ပြီးတော့ အခက်အခဲ တွေကို ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာတွေပါ တွက်ချက်ခဲ့ကြပါတယ်။

တစ်ဖက်တစ်လမ်းကလည်း လုပ်ငန်းရှင်တွေနဲ့ ဘဏ်သူဌေးတွေကို သူတို့ လုပ်ငန်းမှာ ပါဝင်ဖို့ လှုံ့ဆော်
ခဲ့ပါတယ်။ သူတို့ရဲ့ စိတ်အားထက်သန်မူ့ကြောင့် အိမ်မက်ထဲကတံတားဟာ လက်တွေ့ဆောက်လုပ်ဖို့အထိ
ဖြစ်လာပါတော့တယ်။

စီမံကိန်းစပြီး လအနည်းငယ်အကြာမှာ ကြောက်ဖို့ကောင်းတဲ့ မတော်တဆ မူ့တစ်ခု လုပ်ငန်းခွင်
ထဲမှာ ဖြစ်ပွားခဲ့ပါတယ်။ ၀မ်းနည်းစရာကောင်းတဲ့ ဒီအဖြစ်ဆိုးမှာ ဂျွန်ရိုဘလင်းဟာ အသက်ဆုံးရုံး ခဲ့ရပါတယ်။
ဝါရှင်တန်ကတော့ ဒါဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။ သူ့ရဲ့ ဦးနှောက်ကို ထိခိုက်သွားတဲ့အတွက်
လမ်းလျှောက်ဖို့ရော ၊ စကားပြောဖို့ရော မဖြစ်နိုင်တော့ပါဘူး။

လူတိုင်းကတော့ ဂျွန်သေသွားတဲ့ အတွက် တံတားတည်ဆောက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ထင်
ကြပါတယ်။ ဒီတံတားတည်ဆောက်ရေး ကိုကောင်းကောင်းသိတာဆိုလို့ ဂျွန်တစ်ယောက်ထဲ ရှိတာကိုး။
ဝါရှင်တန်ရိုဘလင်းဟာ အကြောတွေ သေသွားတယ်ဆိုပေမယ့် သူ့ရဲ့ စိတ်ကတော့ အမြဲတမ်း ထက်မြက်
နေပါတယ်။

တစ်နေ့ ဆေးရုံပေါ်ကခုတင်ပေါ်မှာ လှဲနေရာကနေ သူဟာ လူတွေနဲ့ ဘယ်လိုဆက်သွယ်ရင်ရမလဲ ဆိုတာ
ကိုတွေးမိပါတယ်။ သူ့တစ်ကိုယ်လုံးမှာ လှုပ်နိုင်တာဆိုလို့ လက်ချောင်းလေးတစ်ချောင်းပဲ ရှိပါတယ်။
အဲ့ဒီ လက်ချောင်းလေးနဲ့ပဲ သူဟာသူ့မိန်းမကို သင်္ကေတ စနစ်သဘောမျိုးဆက်သွယ်နိုင်ခဲ့တယ်။ သူ့မိန်းမ
ကနေ တစ်ဆင့် တံတားတည်ဆောက်တဲ့ အင်ဂျင်နီယာတွေကို အကြံဥာဏ်တွေပေးခဲ့တယ်။
သူဟာ ၁၃ နှစ်လုံးလုံး လက်ချောင်း လေးတစ်ချောင်းနဲ့ပဲ ညွှန်ကြားခဲ့တာဟာ လှပတဲ့ ဘရွတ်ကလင်းတံတား
ကြီး လုံးဝပြီးဆုံး သွားတဲ့အထိပါပဲ။

ဒီကနေ့ ခေတ်ဘရွတ်ကလင်း တံတား

( Chicken soup for the soul မှ The Miracle Bridge ကို ဘာသာပြန်ထားပါသည်။ )
တံတားအကြောင်း အသေးစိတ်ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

လက်ကျန် ဒိုင်နိုဆောများ

20 August 2008

မနက်မိုးလင်း လို့ လမ်းပေါ်ကို ကြည့်လိုက်တော့ ကားမောင်းသွားတဲ့ ဒိုင်နိုဆောကိုတွေ့ လိုက်ပါတယ်။
တကယ်ပြောတာပါ ။ ဒါဟာ ယုံတမ်းစကားလည်း မဟုတ်သလို နားထောင်လို့ ကောင်းတဲ့ ပုံပြင်တစ်ပုဒ်လည်း
မဟုတ်ပါဘူး။ ရှေးဟောင်းသုတေသန ပညာရှင်တွေ ပြောသလို ဒိုင်နိုဆောတွေ မျိုးတုန်းသွားတယ် ဆိုတာ
လည်း မမှန်ပါဘူး။

ဒိုင်နိုဆောဟာ အကောင်ကြီးပါတယ် ။ ဒါ့အပြင် သူဟာ အမြီးလည်းရှည်ပါတယ်။ အကောင်ကြီးပြီး အမြီးရှည်တဲ့
ဒိုင်နိုဆော ရုပ်ကြွင်းတွေကို ရှေးဟောင်းပြတိုက်တွေထဲမှာ မြင်ဖူးကြမှာပါ။ အခု ဒိုင်နိုဆော ကလည်း
အဲဒီလိုပဲ အကောင်ကြီးပြီး အမြီးရှည်ပါတယ်။

ဒါကြောင့် တစ်ချို့ကလည်း ဒိုင်နိုဆောကို အကောင်ကြီးလို့ ခေါ်ကြပါတယ်။ ဒိုင်နိုဆောရဲ့ သား သမီး
တွေကိုဆိုရင် သူတို့ဟာ အကောင်ကြီးရဲ့သား သမီးတွေလို့ ညွှန်းကြပါတယ်။ အကောင်ကြီးရဲ့ သား သမီး
တွေဟာလည်း သူတို့အဖေ ခြေရာကိုလိုက်ပြီး အမြီးတိုလေးတွေ ထွက်နေကြပါပြီ။

ကမ္ဘာဦးက ဒိုင်နိုဆောတွေ ဘာ့ကြောင့်မျိုးတုန်းသွားလဲ ဆိုတဲ့ သီအိုရီ တွေအများကြီးရှိပါတယ် ။ သီးသန့်
သီအိုရီ တစ်ခုအနေနဲ့ပြောရရင်တော့ ဒိုင်နိုဆောတွေ စားတာအရမ်းများနေလို့ လောကကြီးက ကိစ္စတုံး
လိုက်တာပါ ။ ဒိုင်နိုဆော တစ်ကောင်ဗိုက်ပြည့်ဖို့ တစ်နေ့အစာ ဘယ်လောက်လိုတယ်လို့ ထင်ပါသလဲ။

ဒိုင်နိုဆော တစ်ကောင်ရဲ့ အစာအိမ် ဘယ်လောက်ကျယ်ပါသလဲ ဆိုတာ ပညာရှင်တွေ ခန့်မှန်းပြီးပါပြီလား။
အခု ဒိုင်နိုဆောကတော့ ကမ္ဘာ ဦးဒိုင်နိုဆောတွေထက် ပိုပြီးစားပါတယ် ။ အနီးအနားက အသီးအရွက်တွေရော
သားငါးတွေရော ဒိုင်နိုဆောစားလိုက်ရင် ဘယ်သက်ရှိသတ္တ၀ါအတွက်မှ မကျန်တော့ဘူးတဲ့။

ဒါပေမယ့်ဒီ ဒိုင်နိုဆောက evolution အရ ဦးနှောက်နည်းနည်း ဖွံ့ဖြိုးလာတော့ လောကကြီးလည်း ဘာမှ
မတတ်နိုင်ဘူးကွယ်။
တကယ်တော့ ဒိုင်နိုဆောတိုင်း အစားကျူးတာမဟုတ်ပါဘူး ။ သူ့မှာလည်း မျိုးကွဲတွေရှိသေးတာကိုး ။
ဒိုင်နိုဆောတွေရဲ့ အစာအိမ်အရ အနည်းအများတော့ အစာလိုတာပေါ့ ။

မယုံမရှိကြပါနဲ့ ။ ဒီကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေ ရှိကြပါသေးတယ် ။ သူတို့ဟာ ဆင့်ကဲဖြစ်စဉ်အရ လူတွေ
ဖြစ်ကုန်ကြပါတယ်။
ခင်ဗျားမယုံရင် လမ်းပေါ်ကို တစ်ချက်လောက်ကြည့်လိုက် ပါလား ။ ကားမောင်းသွားတဲ့ ဒိုင်နိုဆော
တစ်ကောင်ကို တွေ့ရလိမ့်မယ်။

အတောင်ပံလေး ပေါက်တဲ့နေ့

18 August 2008

အတောင်ပံလေး စပေါက်တဲ့နေ့က
ကျွန်တော်တအား ပျော်တာပဲ မေမေ
လေထဲကိုဝဲပျံ သွားပြီး
လောကကြီးကို ငုံ့ကြည့်ရတာ
အရာရာဟာ ဆန်းကြယ်လှပစွာ

တစ်ချို့ လင်းယုန်ကြီးတွေက
ခန့်ခန့် ညားညားနဲ့ ၀ဲပျံနေတာ
သူတို့လို အမြင့်မှာပျံဖို့ဆို
ကျွန်တော် ကြိုးစားရဦးမယ် မေမေ

သူတို့ ခေါင်းတစ်ချက်ညိမ့်လို့
အသိအမှတ် ပြုခဲ့ရင်တောင်
ကျွန်တော်က ၀မ်းသာမဆုံး

ပျော်ပါတယ် မေမေ
ကျွန်တော် တစ်ယောက်တည်းမဟုတ်မှန်း
သိလိုက်ရတော့
သူတို့က လက်တွဲခေါ်ကြတယ်။

ကျွန်တော်တို့ ကမ္ဘာကြီးအကြောင်း
လောကသုံးပါးအကြောင်း
ဆစ်ဂမန်ဖရိုက် အကြောင်း
ပဲရစ်ဟီတန် အကြောင်း
နောက်ဆုံးပေါ်နည်းပညာ အကြောင်း
ဗင်ဂိုးရဲ့ နားရွက်တစ်ဖက်အကြောင်း
ငရဲဘုံ အကြောင်း
သံသရာ မကြောက်တဲ့ ပန်းပွင့်တွေအကြောင်း
မရိုးနိုင်တဲ့ အကြောင်းတွေဆွေးနွေးကြတယ်

ကောင်းကင်ကြီးက လွတ် လပ် ပွင့် လင်း
စိတ်ရှိသလောက် ပျံနိုင်တယ်
ယုံကြည်ချက်တော့ လိုတာပေါ့

ဒါပေမယ့်သူတို့ မကြိုက်ဘူး မေမေ
အမှောင်ထဲက မျက်လုံးတွေ
အခွင့်သာတာ နဲ့ မုန်တိုင်းဆင်ဖို့
ကျွန်တော်တို့ကို စောင့်ကြည့်နေတယ်။

အတောင်ပံ လေးပေါက်တဲ့ နေ့က
ကျွန်တော်ပျံတက် လိုက်တော့
ကောင်းကင်ကြီးက အကျယ်ကြီး
ကျွန်တော်မသိတာတွေက လည်းအများကြီး

ကျွန်တော်သိတဲ့ နေရာမှာပဲ
ရပ်မနေချင်ဘူး မေမေ
ဘ၀ဟာ တစ်ခုတစ်ခုကိုသိဖို့
အသက်ရှင်နေရတာ မဟုတ်လား

အဲဒါကြောင့်
ကျွန်တော်ဆက်ပျံသန်းနေတာ
အတောင်ပံ လေးပေါက်တဲ့
နေ့ကတည်းပေါ့ မေမေ ။

(ဘလော့ဆိုတာကို သိပြီး စတင်ရေးဖြစ်သော နေ့သို့ အမှတ်တရ)





ဒီကာတွန်းတွေကို www.offthemark.com ကနေယူထားတာပါ ။ သူတို့ကတော့ သုံးချင်ရင်ခွင့်ပြုချက်တောင်းတဲ့
ဒါပေမယ့် ဘယ်ကို ရေးရမှန်းမသိတာနဲ့ မြန်မာမူ့ ပြုပြီး တင်လိုက်ပါတယ်။

အမှောင်ထဲက သူရဲကောင်း


ဟောလီးဝုဒ် ရုပ်ရှင်တွေမှာ စူပါဟီးရိုးတွေ ကြီးစိုးလာတာဟာ အခုဆယ်စုနှစ်အတွင်းမှာ အများဆုံး
ထွက်ရှိလာတယ် လို့ထင်ပါတယ်။

Marvel ကထုတ်တဲ့ comic တွေကို အသက်သွင်းပြီး ရိုက်လာလိုက်တာ စူပါဟီးရိုး ဘယ်နှစ်ယောက်
ရှိပြီလဲ ဆိုတာမနည်းစဉ်းစား ယူရမလောက်ကို များပြားလာပါတယ်။

ထုံးစံအတိုင်းပဲ ထွက်သမျှကားတွေက အပျော်ကြည့်တွေပါ။ ဒီထဲကမှ spiderman ကိုတော့နည်းနည်း
သဘောကျပါတယ်။ နောက်ဒီနှစ်ထဲမှာပဲ ရုံတင်သွားတဲ့ Jumper ကိုလည်း ကြိုက်တယ် ။ Camera effect
တွေနဲ့ လည့်စားထားပေမယ့် သမားရိုးကျ ဟီးရိုးတွေလို ကမ္ဘာကြီးကို ကယ်တင်ဖို့ကြိုးစားနေတဲ့ သူရဲကောင်း
မဟုတ်ပဲ ကိုယ့်ရဲ့ ဖြစ်တည်မူ့ကို လိုက်ရှာနေတဲ့၊ ၀ိရောဓိတွေ ဖြစ်နေတဲ့ ပင်ကိုယ်အစွမ်းရှိသူ Jumper
မို့လို့ပါ ။ လူငယ်အနေနဲ့ စိတ်ကူးယဉ်ဖို့က လည်းကောင်းတာကိုး ။ ဗီဇာမလိုပဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို
မျက်စိတစ်မှိတ် အတွင်းသွားနေရတာကိုလေ ။

အခုနောက်ဆုံး ထွက်လာပါပြီ။ DC က comic ကို ရုပ်ရှင်အဖြစ်ပြောင်းလိုက်တဲ့ Batman;The Dark Knight
တဲ့ ။ ထုံးစံအတိုင်း လူ့အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် ကမ္ဘာကြီးကို ကယ်ဖို့ကြိုးစားနေတဲ့ စူပါဟီးရိုးပါပဲ။
ဒါဖြင့် ဘာကွာလို့လဲ ဆိုတော့ ဒီရုပ်ရှင်ကားက လူသားသဘာဝကို အတတ်နိုင်ဆုံး သရုပ်ဖေါ်သွားလို့ပါပဲ။
သရုပ်ဆောင် အတတ်ပညာနဲ့ ကြည့်ရင်လည်း ဇာတ်ကောင် Batman ထက် ဗီလိန် Joker ကပိုပြီး
ခက်ခက်ခဲခဲ လုပ်ပြသွားပါတယ်။
Joker သရုပ်ဆောင် Heath Ledger ကတော့ january 22 ရက်နေ့က ဆုံးသွားပါပြီ ။ သူဟာ ဒီဇာတ်ရုပ်
ကို သရုပ်ဆောင်ဖို့ ဟိုတယ်မှာ တစ်ယောက်တည်းနေပြီး စိတ္တဇ ဆန်တဲ့ အပြုအမူတွေကို လေ့ကျင့်ယူ
ခဲ့ပါတယ်။ သူလေ့ကျင့်ရကြိုးနပ်သွားတယ် လို့ဆိုရမှာပါ ။ ပိတ်ကားပေါ်မှာ လည်းပြရော သူဟာတကယ်
ကိုကြောက်စရာကောင်းတဲ့ ဗီလိန်တစ်ယောက် ဖြစ်သွားပါတယ်။

ဇာတ်လမ်းအကျဉ်းကိုတော့ ကိုယ့်ဘာသာပဲ ကြည့်ကြမှာမို့ မပြောတော့ပါဘူး ။ ကျွန်တော်တစ်ယောက်တည်း
အနေနဲ့ ပြောရရင်တော့ Joker ကလူထုနဲ့ ထောင်သားတွေ တစ်ဖက်နဲ့ တစ်ဖက် ဦးသူက သဘောင်္ကို ဖေါက်ခွဲ
ခိုင်းတဲ့ အခန်းပါပဲ။ ဇာတ်သိမ်းပိုင်းဖြစ်ခါနီးတာနဲ့ အညီတကယ်ကို Tempo မြင့်တဲ့ အခန်းပါပဲ။
တစ်ဖက်နဲ့ တစ်ဖက် ဦးတဲ့သူက သဘောင်္ကို မဖေါက်ခွဲနိုင်ရင် ၁၂ နာရီထိုးတာနဲ့ Joker က နှစ်ဘက်လုံး
ကသဘောင်္တွေကို ဖေါက်ခွဲပစ်မှာပါ ။

ဒါပေမယ့် လူတိုင်းကိုသူ့လိုပဲလို ထင်တဲ့ Joker အတွက်လွဲသွားပါတယ်။ ထောင်သားတွေကလည်းမလုပ်
သလို လူထုကလည်းမလုပ်ပါဘူး ။ ဒါဟာလူ့သဘာဝကို အကောင်းဆုံး ပြသွားတဲ့ အခန်းပဲလို့ထင်ပါတယ်။
လူထုက အဖြူရောင်သူရဲကောင်းလို့ ထင်ထားတဲ့ Harvey Dent ကိုတော့ Joker ကသူ့လိုပဲ အောက်ဆုံး
အဆင့်ရောက်အောင်ဆွဲချသွားနိုင်ပါတယ်။ Joker က Batman ကိုပြောသွားပါတယ် ရူးသွပ်ဖို့ဆိုတာ
သိပ်မခက်ပါဘူးတဲ့ တွန်းအားလေးတစ်ခုပဲလိုတာပါတဲ့ ။

ဗီလိန်အသစ် Joker ဟာ သမားရိုးကျ စူပါဟီးရိုး ကားတွေကလို နည်းပညာမျိုးစုံ တတ်ကျွမ်းနေတဲ့
ပညာရှင်မဟုတ်ပါဘူး ။ ဒီကနေ့ ခေတ်မှာတင် ရှိနေတဲ့ ဖေါက်ခွဲရေးပစ္စည်းတွေကိုပဲ သုံးသွားတာပါ။
Joker ဇာတ်ကောင်သရုပ်ဆောင်တဲ့ Heath Ledger ကိုဂုဏ်ပြုတာလားမသိဘူး ဒီကားကိုAmerica ထက်
Austrila မှာ နှစ်ရက်စောပြသွားပါတယ်။

အခုဝင်ငွေအကောင်းဆုံးကားမှာ နံပါတ်၁ ချိတ်နေပါတယ်။ Batman အဖြစ် Christian Bale ၊ Joker အဖြစ်
Heath Ledger ၊ D.A Harvey Dent အဖြစ် Aaron Eckhart နဲ့ Rachel Dawes အဖြစ် Maggie Gvllenhaal
တို့ကသရုပ်ဆောင်ထားပါတယ်။

Director ကတော့ Christopher Nolan ပါ ။ စူပါဟီးရိုးကားထဲမှာ အနုပညာ ပြကွက်တစ်ချို့ ကိုပါရောနှော
ပြထားတဲ့ ဒီကားကို အချိန်ရရင် ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါ ဦး။

အင်ဂျင်နီယာ ဆိုတာ

စက်မူ့အင်ဂျင်နီယာ နဲ့ မြိုပြအင်ဂျင်နီယာ ဘာကွာလဲ ???
စက်မူ့အင်ဂျင်နီယာက လက်နက်တွေလုပ်တယ်။ မြို့ပြအင်ဂျင်နီယာက ပစ်မှတ်တွေလုပ်တယ်။

အကောင်းမြင်သမားက ခွက်ဟာ တစ်ဝက်ပြည့်နေတယ်လို့မြင်တယ်။
အဆိုးမြင်သမားက ခွက်ဟာ တစ်ဝက်လျော့နေတယ်လို့ မြင်တယ်။
အင်ဂျင်နီယာတစ်ယောက်ကတော့ ခွက်ဟာ လိုအပ်တာထက် နှစ်ဆကြီးနေတယ်လို့ မြင်တယ်။

ဆေးကျောင်းမှာ တောင် ဆပ်ဗလီ ရှိပြီး အင်ဂျင်နီယာကျောင်း မှာဘာလို့ မရှိရတာလဲ ???
ဆရာဝန်တစ်ခါမှားရင် တစ်ယောက်ပဲသေနိုင်တယ်။ အင်ဂျင်နီယာ တစ်ခါမှားရင် တစ်တိုက်လုံးသေ
နိုင်လို့။

17 August 2008

ဘာလုပ်ရမှာ လဲ
တရားသူကြီးက တရားခံကို မေးသည်။
"လွန်ခဲ့ တဲ့ ၁၅ နှစ်ကလည်း မောင်မင်းရာဇ၀တ် မူ့တစ်ခုနဲ့ ထောင်ကျဖူးတယ်နော်"
" ဟုတ်ပါတယ်"
"အဲဒီနောက် မောင်မင်း ဘာဆက်လုပ်ခဲ့လဲ"
" ဘာလုပ်ရမှာလဲ ထောင်ထဲမှာပဲ နေခဲ့ရတာပေါ့"
----------------------------------------------------------------------------------------------------
တတ်နိုင်သလောက်
အသက် ၈၀ ရှိပြီဖြစ်သော ဂျူးအဖိုးကြီး အီဗန်နိုဗစ် သည်အာလူးစိုက်ရန်အတွက် မြေတူးရာ မည်သို့မှ
မတူးနိုင်ပဲ ရှိလေသည်။ ထို့ကြောင့် ထောင်ထဲရှိသူ၏ သားထံသို့ စာလှမ်းရေးလိုက်သည်။
သား
မင်းထောင်ကျတာ အဖေတော်တော်လေး ဒုက္ခရောက်သွားတယ်။ အာလူးစိုက်ဖို့ တောင်မြေမတူးနိုင်တော့
ဘူး ။ မင်းသာ ကူညီနိုင်ရင် အဖေ ပင်ပန်းမှာမဟုတ်ဘူး။
တစ်ရက် နှစ်ရက်လောက် ကြာတော့ ထောင်ထဲရှိသားထံမှ စာပြန်လာသည်။
အဖေ
ဥယာဉ်ထဲမှာ ဘာမှလျှောက်မလုပ်ပါနဲ့ ။ ကျွန်တော် မြှပ်ထားတဲ့ လက်နက်တွေကို သူတို့တွေ တွေ့သွားလိမ့်မယ်။
စာပို့ပြီးနောက်နေ့ ချက်ချင်းအစိုးရမှ လူများ အဘိုးကြီး ခြံထဲကိုလာရှာသွားသည်။ အဘိုးကြီး မှသားဖြစ်သူ
ထံသို့ စာရေးအကြောင်းကြားလိုက်သည်။
သား
အစိုးရဘက်က လူတွေတစ်ခြံလုံး လာတူးဆွသွားတယ်။ ဒါပေမယ့် သူတို့ လိုချင်တာတွေ ရမသွားပါဘူး။
ထောင်ထဲရှိသား ထံမှပြန်စာလာသည်။
အဖေ
အာလူးတွေစ စိုက်ပေတော့။ အခုအချိန်မှာ ကျွန်တော်အကောင်းဆုံး လုပ်ပေးနိုင်တာ အဲဒီလောက်ပါပဲ။
----------------------------------------------------------------------------------------------------
ကျွန်တော်ပဲ
အရက်မူးနေသော လူတစ်ယောက်အိမ်ရှေ့၌ ယောင်တောင်တောင်နှင့် မတ်တပ်ရပ်နေ၍ ရဲကမေးသည်။
"ဟေ့လူ ခင်ဗျားဒီအိမ်ရှေ့ မှာ ဘာရပ်လုပ်နေတာလဲ"
" ဘာလုပ်ရမှာလဲ ဒါကျွန်တော့် အိမ်ဗျ။ ခင်ဗျား မယုံရင်အိမ်ထဲ လိုက်ခဲ့"
ပြောရင်းနှင့် အရက်သမား ရဲကိုအိမ်ထဲသို့ခေါ်သွားသည် ။တစ်ခန်းဝင် တစ်ခန်းထွက်လိုက်ပြသည်။
"ဒါက ဧည့်ခန်း၊ ဒါက စာကြည့်ခန်း၊ ဒါက ရေချိုးခန်း၊ ဟိုအခန်းတွေ့လား အဲဒါ ကျွန်တော်တို့ လင်မယား
အိပ်တဲ့အခန်း ၊ ခုတင်ပေါ်က မိန်းမကို တွေ့လား အဲ့ဒါ ကျွန်တော့် မိန်းမ ၊ သူ့ဘေးက ယောကျာင်္းကိုရော
တွေ့လား"
"ဟုတ်ကဲ့ တွေ့ပါတယ်"
"အေး အဲဒါက ကျွန်တော်ပဲ"

မထိန်လင်းရှာသော ထိန်လင်း

16 August 2008


ထိန်လင်းအသက်ဘယ်လောက်ရှိပြီလဲလို့မေးတော့သားမသိဘူးလို့ထိန်လင်းကဖြေပါတယ်။ထိန်လင်းက
သနပ်ခါးပါးကွက်ကျားလေးနဲ့ ချစ်စဖွယ်ကလေး လေးပါ။

ထိန်လင်းက သွက်လက်ချက်ချာပါတယ်။ ကျွန်တော် ထိန်လင်းကိုသတိထားမိတဲ့ အချိန်က ကျွန်တော်တတိယ
နှစ်လောက်မှာပါ။ထိန်လင်းက ကြီးဒေါ်လို့ ကျွန်တော်တို့ခေါ်တဲ့ ဆိုင်ရှင်အဒေါ်ကြီးတို့ဆိုင်က စားပွဲထိုးလေးပါ။ ထိန်လင်းနဲ့ကြီးဒေါ်တို့ နည်းနည်းပါးပါးတော့ ဆွေမျိုးမကင်းဘူးလို့ ကျွန်တော်တို့သိရပါတယ်။

ထိန်လင်းစရောက်ကာစက ကိုးနှစ်၊ဆယ်နှစ်သား အရွယ်လောက်ရှိပြီလို့ထင်ပါတယ်။အခုလေးနှစ်ကြာလည်း
ဒီအရွယ် ဒီပုံလေးကနေပြောင်းမသွားပါဘူး။
ထိန်လင်းမနက်ဆို ဘယ်အချိန်ထရလဲမသိပေမယ့် အစောဆုံးကျောင်းကား ဆိုက်တဲ့ ၇နာရီ လောက်ဆို
သနပ်ခါးလေးနဲ့ အဆင်သင့်ဖြစ်နေပါပြီ။


၆:၃၀ ကနေ ၉:၃၀ အထိကတော့ ထိန်လင်းရဲ့ မနက်ပိုင်းအလုပ်ခွင်ပေါ့။ ၈:၀၀ နာရီလောက်ဆို ကြီးဒေါ်
ရဲ့ ကလေးသုံးယောက် ကျောင်းသွားပါတယ်။
ထိန်လင်းစိတ်ထဲ ဘယ်လိုရှိမှန်းမသိပေမယ့် ဘ၀ပေးကံခြားနားတဲ့ ကလေးတွေရဲ့ ဘ၀ကို ကျွန်တော်
ကတော့ မျက်စိရှေ့မှာတင် တွေ့နေရပါတယ်။

ကျွန်တော်အတန်း မတက်ပဲ သူတို့ဆိုင်မှာ ဂျာနယ်တွေဘာတွေ ဖတ်နေရင်ထိန်လင်းရောက်လာပါတယ်။
ကိုကြီးအသစ် လားဆိုပြီး ပုံတွေ၊စာတွေ လာကြည့်ပါတယ်။အဓိက ကတော့ ပုံတွေပါ။ ဒါပေမယ့် ထိန်လင်း
စာဖတ်ချင်တယ် ဆိုတာကျွန်တော် သိပါတယ်။ ဘယ်နှစ်တန်းထိကျောင်းနေခဲ့ရပြီး ဘယ်လောက်ဖတ်တတ်
လဲတော့ ကျွန်တော်လည်းမသိပါဘူး။

မိုးတွေရွာနေလည်း ထိန်လင်းက ရှန်အင်္ကျီပါးလေးနဲ့ အလုပ်လုပ်ပါတယ်။ ထိန်လင်းမချမ်း ဘူးလားလို့
ကျွန်တော်တို့ မေးတော့ ပြုံးပြပြီး သားမချမ်းဘူးလို့ ပြောပါတယ်။

ထိန်လင်းက ဥာဏ်ကောင်းပါတယ်။ တစ်ယောက်တစ်မျိုးမှာ ကြတဲ့ ကျောင်းသားတွေရဲ့ အစားအစာတွေကို
အမှားအယွင်းမရှိအောင် လုပ်ပေးနိုင်တယ်။ အတွက်အချက်တော်ပါတယ် ဆိုတဲ့ အင်ဂျင်နီယာ ကျောင်းသား
တွေထက်ဦးအောင် ကျသင့်ငွေကိုတွက်ချက် နိုင်ပါတယ်။ ဘ၀က သင်ပေးလိုက်တဲ့ သချာင်္ဥာဏ်ပဲ ထင်ပါတယ်။
မှားလို့လည်းမဖြစ်ပါဘူး။ စိတ်အခန့်မသင့်ရင် ကြီးဒေါ်ကဆူမှာပါ။

ထိန်လင်းအတွက်ကတော့ ကြီးဒေါ်ကမဆိုးရှာပါဘူး။ နေ့စဉ် ထမင်း၊ဟင်း ကျွေးတဲ့အပြင် ထိန်လင်းအတွက်
တစ်လ တစ်သောင်းခွဲ၊ နှစ်သောင်းလောက်တော့ ပေးမှာပေါ့။ ဒါပေမယ့် ထိန်လင်းကျောင်းတက်ချင်လို့ တော့
မရပါဘူး။

ထိန်လင်းမှာ မိဘနှစ်ပါးလုံးရှိသေးပေမယ့် သူတို့ဟာသူတို့ လုံးလည်ချာလည် လိုက်နေတဲ့ဘ၀ထဲမှာ ထိန်လင်း
ကိုဘယ်လိုမှ ကျောင်းမထားပေးနိုင်ပါဘူး။

ဒါကြောင့် စာသင်ခန်းထဲမှာ ရှိနေရမယ့် ကလေးလေးတစ်ယောက် ဟာသူ့အသက်နဲ့မလိုက်တဲ့ အလုပ်တွေ
လုပ်နေရတာပါ။

ကမ္ဘာ့ ကုလသမဂ္ဂတို့၊ကလေးသူငယ်နဲ့ ပတ်သတ်တဲ့ NGO တို့ကပြောတဲ့ အရွယ်မရောက်သေးသူ ကလေး
အလုပ်သမား ဆိုတာ ဘယ်အသက်အရွယ် အခြေအနေကို ပြောတာလဲဆိုတာ ကျွန်တော် တိတိကျကျ
မသိပါဘူး။ ဒီအထဲမှာ ထိန်လင်းတို့လို ကလေးတွေပါသလားလဲ ကျွန်တော်မသိပါဘူး။

ထိန်လင်းလေးကတော့ စာသင်ခန်းထဲ မှာရှိရမယ့် အရွယ်မှာ စားပွဲထိုးလုပ်သားလေးဖြစ်နေပါတယ်။
အကောင်းဘက်က တွေးရင်တော့ ဆင်းရဲလွန်းတဲ့ ထိန်လင်းတို့လို့ ကလေးတွေ လမ်းပေါ်မှာ လူဆိုး၊
ဂျပိုးလေးတွေ မဖြစ်ပဲ သူ့လုပ်စာကို သူ သမ္မာအာဇီဝနဲ့ ရှာနေတယ်လို့ တွေးလို့ရပါတယ်။
ဒါပေမယ့် ဆယ့်တစ်နှစ်၊ဆယ့်နှစ် နှစ် အရွယ် စားပွဲထိုးလေးရဲ့ အနာဂတ်ကဘာလဲဆိုတာ မှန်းကြည့်လို့
ရပါတယ်။

ထိန်လင်းစာမသင်ချင်ပါဘူး လို့ဘယ်သူပြောနိုင်ပါသလဲ။ကျွန်တော်ပြောပြီးတဲ့ အတိုင်းပါပဲ၊ထိန်လင်းက
မှတ်ဥာဏ်ကောင်းတယ်၊ သချာင်္ဥာဏ်ရှိတယ်၊ ဂျာနယ်တွေကိုစိတ်ဝင်စားတယ်။ ထိန်လင်းမှာ မရှိတာက
မွေးရာပါ ဘ၀အခွင့်အရေးပါပဲ။

မျက်လုံးတွေ ပိတ်မထားပါနဲ့ မိတ်ဆွေ ။ ကျွန်တော့်ပတ်ဝန်းကျင် နဲ့ ခင်ဗျားပတ်ဝန်းကျင်မှာ ထိန်လင်း
လေးတွေ အများကြီးပါ။ အရေးကြီးဆုံးက ခုချိန်မှာထိန်လင်း လေးတွေအတွက် ဘာမှ မလုပ်ပေးနိုင်ရင်တောင်
ငါတို့ တစ်ချိန်မှာ လုပ်ပေးနိုင်မှာပါဆိုတဲ့ မျှော်လင့်ချက်တွေ မသေဆုံးသွားကြဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ ရဲ့ ကလေးငယ်တွေအတွက် ကိုယ်ချင်းစာတရား လေးထားပေးကြပါလို့ တိုက်တွန်းလိုက်
ရပါတယ်။

ကောင်းကင်အမိုး ဖေါက်ခွဲ တစ်ယောက်တည်းထိုင်ခဲ့သူ

13 August 2008


နှုတ်ဆက်ခဲ့ပါ တယ် အလင်းရောင်ခန်း လေးရယ် ဆိုပြီး ထွက်သွားခဲ့တာ အခုဆိုရင် လေးနှစ်ပြည့်သွားခဲ့ပါပြီ ။
သူ ကျွန်တော်တို့ ရင်ဘတ်ထဲမှာ ရှင်သန်နေဆဲ ။ သူမရှိတော့ပေမယ့် သူဖန်တီးခဲ့တဲ့ အနုပညာတွေက ကျွန်တော်တို့ကို အလင်းတွေပေးနေဆဲ ။ အခန်းငယ်လေးထဲမှာ၊ အစိမ်းရောင် ကျောပိုးအိတ်ထဲမှာ ၊ ဂျပ်ဆင်ထိပ်မှာ၊ မြို့ပြလရောင်ထဲ မှာ၊ ပြီးတော့ အမေ့အိမ်ထဲမှာ သူ့ကိုကျွန်တော်တွေ့ နေတုန်း။ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားခဲ့သူ၊ လူသားကို ချစ်ခဲ့သူ၊ သူ့အနုပညာကို အထိမခံခဲ့သူ၊ သီချင်းတွေ အတွက်ဘ၀ကို လဲခဲ့သူအမေ့ရဲ့ ဒုက္ခအိုးလေး လို့ သူ့ကိုသူပြောခဲ့သူ
အခု သူချစ်တဲ့ အနုပညာဘုံမှာ ပျော်မွေ့နေပြီပေါ့။

ညီလေးရေ ဆိုပြီး သူကျွန်တော်တို့ကို ချစ်တတ်အောင်သင်ပေးခဲ့တယ် ။ ရိုးသားမူ့ကို တွေ့အောင်ရှာ တဲ့ ၊ ဥာဏ်ပညာနဲ့ လူ့ကမ္ဘာတစ်ခုလုံးကို သူငြိမ်းချမ်းစေချင် ခဲ့တယ်။ သူချစ်တဲ့ ကမ္ဘာကြီး က အခုထိညစ်ပတ်နေတုန်းဆိုတာ သူသိခဲ့ရင် ကြေကွဲ နေမှာကျိန်းသေတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ယုံကြည်ချက်တွေကို မပျက်စေရပါဘူး ။
လောကကြီး က ဘယ်လိုပဲ ရိုင်းစိုင်းပါစေ အနုပညာဆိုတဲ့ ချစ်ခြင်းမေတ္တာနဲ့ သန့်သန့်ရှင်းရှင်းနေထိုင်သွားပါ့မယ်။
ဒါဟာ ကိုငှက်ဖြစ်စေချင်ခဲ့တဲ့ အိမ်မက်တွေပဲ လို့ ထင်ပါတယ်။

အကျင့်ပါနေ လို့ပါ
အာဖရိက တိုက်၌သာသနာ ပြုနေသော သင်းအုပ်ဆရာတော် တစ်ပါးသည် တောထဲတွင် တစ်ယောက်တည်းသွားနေခိုက် ခြင်္သေ့တစ်ကောင်နှင့် ပက်ပင်းတိုးသည်။
ပြေး၍ မလွတ်နိုင်တော့ မှန်းသိ၍ သင်းအုပ်ဆရာတော်သည် ဘုရားသခင်ကိုသာ ဆုတောင်းတော့သည်။
ထိုအခါ ခြင်္သေ့ ကလည်း ဘုရားလိုက်ရှိခိုးသည်။သင်းအုပ်ဆရာတော် လည်းအားတက်သွားပြီး
" ခြင်္သေ့မင်း လည်း ဘုရားသခင်ကို ယုံကြည်လားဟင်"
" မဟုတ်ပါဘူး အစာ စားခါနီးတိုင်းဘုရား ရှိခိုးတာ အကျင့်ပါနေလို့ပါ "
------------------------------------------------------------------------------------------------

မထူးပါဘူး
နေ့လည်စာ စားချိန်ကြီး မီးသတ်ဌာနသို့ အရေးပေါ် တယ်လီဖုန်းဝင်လာသည်။
" ငါးလမ်း မှာ မီးလောင်နေလို့ပါ။ မီးကအရမ်းကြီးနေပြီ "
" ခင်ဗျားတို့ ဘာမှမလုပ်ကြဘူးလား"
" လုပ်ပါတယ် ကျွန်တော်တို့ရေနဲ့ ပက်ကြပါတယ်"
" အဲဒါဆို ကျွန်တော်တို့လာလည်း မထူးဘူး၊ ကျွန်တော်တို့လည်း ရေနဲ့ ပဲပတ်မှာ”
-------------------------------------------------------------------------------------------------

တွေးပူ မိတယ်
လေထီးသင်တန်းသား များကိုသင်တန်းပေးနေသည်။သင်တန်းဆရာ ကပြောသည်။
"ပင်မလေထီး ကြိုးကိုဆွဲရင် လေထီးပွင့်သွားလိမ့်မယ်"
" မပွင့် ခဲ့ရင်ကောဆရာ"
သင်တန်းသား တစ်ယောက်မှမေးလိုက်သည်။
"အရံလေထီးကြိုး ကိုဆွဲလိုက်ပါ"
" အရံလေထီး ကြိုးလည်းမပွင့်ခဲ့ရင်ကော"
"ဒုတိယ လေထီးကြိုးကို ဆွဲလိုက်ပါ။"
"အဲဒါလည်း မပွင့်ခဲ့ရင်ကော ဘယ်လိုလုပ်ရမလဲ ဆရာ"
ထိုသင်တန်းသားကပင် ဆက်မေးသည်။ သင်တန်းဆရာ စိတ်ပေါက်သွားသည်။
"အေး အဲဒါဆိုရင် အရေးပေါ်ကားသာ စောင့်နေပေတော့"
ထိုသို့ဖြင့် လေထီးခုန်ရမည့် နေ့သို့ရောက်လာသည်။ သင်တန်းသား လေယာဉ်ပေါ်
မှခုန်ချ လိုက်သည်။ ပင်မလေထီး ကိုဖွင့်သည်။ မပွင့်
အရံ လေထီးကိုဖွင့်သည်။ မပွင့်
ဒုတိယ အရံလေထီး ကြိုးကိုဆွဲတော့ လည်းမပွင့်။သင်တန်းသား စိတ်ညစ်ညစ်နှင့် တွေးမိသည်။
"ဒုက္ခပါပဲ လေထီးတွေလည်း တစ်ခုမှ မပွင့်ဘူး ။ အရေးပေါ် ကားလည်း လာပါ့ မလားမသိဘူး"

မြိုချ လိုက်ခြင်း

တစ်ချို့ ဒဏ်ရာတွေ က
ရင့်မည့် ပြီးဝင်းပလို့
ဒါပေမယ့် ဘယ်တော့မှ
မခူးဆွတ်မိအောင် သတိထားခဲ့တယ်။

အသုံးမ၀င်တဲ့ မာနတွေကို
တွင်းနက်ကြီးထဲ ပစ်ချရင်း
မိုးရွာတဲ့ အချိန်တွေကို
မကျိန်ဆဲတတ်အောင်လည်း
သင်ယူခဲ့ တယ်။

စိတ်က ကြွေထည်တစ်ခုလို
ကွဲရှ လွယ်ပေမယ့်
မျက်နှာဖုံးတွေရဲ့ မှတ်တမ်းကြောင့်
လူတိုင်းကို ကျွန်တော်
ပြုံးပြတတ် နေပါပြီ အမေရယ် ....

အပေါစား ဟာသများ

ကောင်းကင်တောင် အိပ်တဲ့ည
အဏုမြူ ဗုံးတွေ
ရုတ်တရတ် ထပေါက်သလိုမျိုး
ရယ်သံတွေ ပြောပါတယ်
နားထဲမှာ ထစ်ချုန်းလိုက်ကြတာ
ဟင်းလင်းပြင်တောင် ပဲ့တင်ထပ်သွားတယ်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ AUGUST 12

12 August 2008

လူငယ်တွေဟာ ကမ္ဘာ ကြီးရဲ့ မနက်ဖြန်ဆိုတာ ပြောပြစရာ မလိုပါဘူး။ ဆရာမင်းလူ ၀တ္တုထဲက လိုပြောရရင်
လူငယ်များဖြစ်သည် ရဲရင့်သည် စွန့်စားသည် ထို့အတူ အသဲလည်းကွဲတတ်ကြသည်။ ဟုတ်ပါသည် ကျွန်တော်
တို့ လူငယ်များသည် ရိုးသားသော အိမ်မက်များ ရှိကြပါသည်။ ကျွန်တော်တို့ သည် ကမ္ဘာကြီး နှင့် မိမိပတ်ဝန်း
ကျင်ကို ပြောင်းလဲလိုကြသည်။ သို့သော် ဖြစ်မလာခဲ့သောအခါ စိတ်ဓါတ်များ ကျဆင်းလာခဲ့ ကြသည်။ မိမိ
တာဝန်မယူ နိုင်သော ၀န်ထုပ်ဝန်ပိုး များအတွက် သောကများလေးလံ လာခဲ့သည်။

ဒီနေ့ ကမ္ဘာ့ လူဦးရေ၏ ထက်ဝက်ခန့်သည် လူငယ်များဖြစ်ကြပါသည်။ လူငယ်သန်း ၁၂၀၀ ခန့်နှင့် နောက်မကြာ
မှီလူငယ်ဖြစ်လာမည့် ကလေး သန်း၁၈၀၀ ရှိသည်ဟု စစ်တမ်းများမှာ ဖေါ်ပြထားသည်။ ကုလသမဂ္ဂ မှ အသက်
၁၅နှစ်မှ ၂၄ ကြားရှိသူတွေကို လူငယ်တွေဟုသတ်မှတ်ထားသည်။

ထိုလူငယ်ထုကြီးထဲမှ သန်း ၂၀၀ ကျော်သည် ဆင်းရဲတွင်းထဲ ၌နစ်မြုပ်နေရသည်။သန်း၁၃၀ က စာမတတ်ကြပေ။
အလုပ်လက်မဲ့က သန်း၈၀ ကျော်သည်။ ၁၀သန်းကတော့ HIV/AIDS ရှိနေသည်။ တကယ်တော့ ကလေးငယ်ကနေ
လူငယ်ဘ၀ ရောက်တဲ့ အထိ သူ၏အပြုအမူကို ပုံဖေါ်ပေးသောအရာမှာ ဗီဇကြောင့်လား၊ ပတ်ဝန်းကျင်လား
ဆိုသည်မှာ ပညာရှင်တွေအခုထိ အဖြေရှာနေဆဲ ဖြစ်သည်။

ဒီနေရာမှာ အိန္ဒိယ၀န်ကြီးချုပ်ဟောင်း အဗ ဒူကလာမ် ကို ကလေးငယ်တစ်ယောက် ပြောသောစကားတစ်ခွန်း
ကို သတိရမိသည်။ ၀န်ကြီးချုပ်က မည်သူသည် အိန္ဒိယ၏ ရန်သူဖြစ်သနည်းဟု မေးလိုက်ရာ ကလေးငယ်
က ဆင်းရဲမွဲတေမူ့ ဟုပြောပါသည်။
တကယ်မှန်ပါသည် ကမ္ဘာပေါ်မှာ ကျောင်းမနေရသေးသော ကလေးငယ် သန်း ၁၁၃ သန်းရှိပါသည်။ ဆင်းရဲ
မွဲတေမူ့ကြောင့် ဆိုတာ ပြောစရာလိုမည် မဟုတ်ပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပင် စားပွဲထိုးလုပ်နေ
ရသော ကလေးငယ်အများအပြားရှိပါသည်။

ဆင်းရဲမူ့ ကိုတိုက်ဖျက်နိုင်သော လက်နက်မှာ ပညာ ဖြစ်သည်ဆိုသည်ကို ပြောစရာလိုမည်မထင်ပါ။ သို့သော်
ဆင်းရဲ လွန်းရင်လည်း ပညာသင်ယူဖို့ရာ မဖြစ်နိုင်သော ပတ်ဝန်းကျင်၌ အဆိုးကျော့ သံသရာ ထဲ၌သာ လည်ပတ်
နေကြသည်။
ဆင်းရဲ သောကြောင့် စာမသင်နိုင် ထို့ကြောင့် ပိုပြီးဆင်းရဲ လာကြသည်။ အနာဂတ် တောက်ပနေသော လူငယ်
များအတွက် ဖြေရှင်းရဦးမည့် စိန်ခေါ်မူ့များပင်ဖြစ်ပါသည်။

ယခုလို နည်းပညာ ခေတ်ထဲမှာ ပြဿနာတွေက ပိုပိုများပြားလာသည်။ အနာဂတ် ကိုပုံဖေါ်နေရသော လူငယ်များ
အတွက် ခက်ခဲမူ့တွေ က မှန်းမရတော့။ ယနေ့ ယုံကြည်ထားသော အမှန်တရား သည်ပင် မနက်ဖြန် တမျိုးဖြစ်
သွားနိုင်သည်။
ထိုအခြေအနေ မျိုး၌ ကျွန်တော်တို့ ၏ စိတ် တံခါးတွေကိုဖွင့်ထားဖို့လိုသည်။ ဖြစ်ချင်သည်များ ဖြစ်မလာ၍
စိတ်ဓါတ်ကျနေဖို့ မလိုပါ။ တစ်ချိန်မှာ ဖြစ်လာမှာပါ ဆိုသည့် ယုံကြည်ချက်တွေ မသေဆုံးပဲ ဆက်လက်
ကြိုးစားနေဖို့ သာလိုပါသည်။

ပြတင်းပေါက် တွေဖွင့်ထားလိုက်ကြပါ ။ အရေးကြီးဆုံးတစ်ချက်ကို ပြောပါမည် ။

ကျွန်တော်တို့ ရိုးသားနေကြ ဖို့ လိုပါသည်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ၂၀၀၈ ခုနှစ်ဆောင်ပုဒ်မှာ
"Youth and Climate Change; Time for Action"

သတင်းတို

ဂျာမနီ မှာရဲမေ တွေကို ကျည်ကာ ဘရာစီယာတွေ ၀တ်စေတော့မယ်လို့ သိရပါတယ်။မူလက အပေါ်ကျည်ကာများဝတ်ဆင်
စေသော်လည်း ကျည်တိုးအားကြောင့် ရင်သားကိုထိခိုက်စေတာကြောင့် ဒီအထူးထွင်ထားတဲ့ ကျည်ကာ ဘရာကို မ၀တ်
မနေ ၀တ်ရပါလိမ့်မယ်။ ဒီဇိုင်းဘယ်လို ရှိတယ်ဆိုတာမသိရပေမယ့် လှမန်းသိကြရင် မော်ဒယ်လေးတွေလိုက်ဝတ်ကြ မလား
မသိဘူးနော်။ : D

ရန်ကုန်မြို့ ကဆိုင်တွေမှာ ကင်မရာပါတဲ့ MP4 တွေကို MP5 ဆိုပြီး ပြောရောင်းတယ်လို့ အင်တာနက်ဂျာနယ်မှာ ဖတ်လိုက်
ရပါတယ်။နည်းပညာ နဲ့ ဝေးတဲ့ ကျွန်တော်တို့လို့ သာမာန်လူတွေဟာ စကားဆန်းဆန်းနဲ့ ပစ္စည်းဆန်းဆန်းလေး ဆိုရင်
မစဉ်းစားပဲနဲ့ လိုချင်ကြတယ်ခင်ဗျ။ ငါ က မင်းတို့လို MP4 တင်မကဘူး MP5 ပါကိုင်နေတာကွ ဆိုပြီး လွှားချင်စိတ်လေး
လည်းပါတာပေါ့။ တကယ်တော့ ဆိုင်တွေကလည်းမလုပ်သင့်သလို ၀ယ်သူတွေကလည်း နည်းပညာ မျက်စိတွေ ဖွင့်ထား
သင့်ပါပြီ။ : (

၂၀၀၈ နိုဝင်ဘာ ၁၁ မှာ နားမယ်ဆိုတဲ့ ကျွန်တော်တို့ ရဲ့ မင်းသားကြီးအခွေ ထွက်လာပါပြီ။နိုဝင်ဘာ ၁၁ လို့နာမည်ပေးထား
တဲ့ VCD ခွေပါ။ တစ်ချပ်ကို မူရင်းဈေး ၄၀၀ နဲ့ရောင်းပေးပြီး အခု ခွေပေါင်း ၅၀၀ ၀၀ ကျော် ရောင်းပြီးသွားပြီလို့ပြောပါတယ်။
အခွေဖွင့် ပြီး ဒုတိယအပုဒ်လောက်မှာတင် ရှေ့ဆက် ကြည့် လို့မရတော့ပါဘူး။ ခွေကဖြစ်တာ မဟုတ်ဘူးနော်။ ကျွန်တော့်
နှလုံးသားရော ဦးနှောက်ကပါ မကြည့်နဲ့တော့လို့ ပြောလို့။ ခင်ဗျားလည်း ကြည့်လိုက်ပါဦးလား ။ ကျွန်တော်နဲ့ သဘောထား
ချင်းတူရင်တော့ မိဘမဲ့ ကလေးတွေကို လှူတယ်လို့ပဲ သဘောထားလိုက်ပါ ။ဘာဖြစ်လို့လဲ ဆိုတော့ ဒီအခွေကနေ မြတ်သမျှ
ကို မိဘမဲ့ ကလေးဂေဟာတွေကို အကုန်လှူမယ်လို့ မင်းသားကြီးက ပြောထားပါတယ်။ : P

Royal Eleven F.C အဆင့်မြင့်တန်းမှ နှုတ်ထွက်

11 August 2008

ပထမဆုံး အကြိမ် အဆင့်မြင့်တန်းမှာ ကစားရတဲ့ ရာသီမှာပဲ ပုဂ္ဂလိက ဘောလုံးကလပ် အသင်းဖြစ်တဲ့ Royal Eleven F.C ဟာ မတရား ဘူးထင်ရတဲ့ လုပ်ပွဲအရှုပ်တော်တွေကြောင့် ကလပ်အသင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
Royal Eleven F.C ဟာ Eleven Media group ကတည်ထောင်ထားတာ ဖြစ်ပြီး သူတို့ဟာ မြန်မာ့ ဘောလုံး အဆင့်အတန်းကို တကယ်မြင့်မား စေချင်သူတွေဖြစ်ကြောင်း သူတို့ ဂျာနယ်ဖတ်တဲ့ ပရိတ်သတ် တိုင်းသိပါတယ်။ အငြင်းပွား ဖွယ်ရာ ရလဒ်များနဲ့ ပတ်သတ်ပြီး အသင်း တာဝန်ရှိသူများက မြန်မာနိုင်ငံ ဘောလုံးအဖွဲ. ချူပ်ကို တိုင်ကြားခဲ့ပေမယ့် အဖွဲ. ချုပ်ကအရေးယူဆောင်ရွက် နိုင်ချင်းမရှိခဲ့ ပါဘူး။

ပုဂ္ဂလိက အသင်းတွေ ပေါ်ထွန်းလာဖို့ အားမပေးတာဟာ မြန်မာနိုင်ငံ မှာ semi-pro ကိုတက်လှမ်းနိုင်ဖို့ မလွယ်ပါဘူးလို့ ၀ါရင့် အားကစား
ကလောင်ရှင်တွေနဲ့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ အခုဆိုရင် အရှေ့တောင်အာရှမှာ semi-pro မဖြစ်တာဆိုလို့ မြန်မာနဲ့ လာအိုတို့ ပဲ ကျန်ပါတော့တယ်။ ဒီအတိုင်းဆိုရင် နောက် ၂ နှစ်လောက်ဆိုရင် မြန်မာနိုင်ငံ ပဲကျန်ပါတော့မယ်လို့ ဒီတပတ် Weekly Eleven ဂျာနယ်
မှာဖေါ်ပြထားပါတယ်။

မြန်မာပြည်မှာ ပုဂ္ဂလိက ဘောလုံးအသင်းထောင်တယ်ဆိုတာ ကိုယ့်စရိတ်ကိုယ်ခံပြီး ၀ါသနာကြောင့်သာ အရှူးခံ ပြီးရင်းကြရတာပါ ။
ဒီိလိုအသင်းတွေ ကတစ်သင်းပြီး တစ်သင်း အကြောင်းအမျိုးမျိုးနဲ့ ထွက်သွားကြတယ်ဆိုတော့ ကျွန်တော်တို့ မြန်မာ့ ဘောလုံးလောက
ကြီးလည်း ဘယ်တော့မှ ဒုံရင်းဒုံရင်းကနေ တက်ပါတော့မလဲဗျာ ။

Royal Eleven F.C အတွက် Eleven Media Group ကထွက်တဲ့ ဂျာနယ်ဖတ်ပရိတ်သတ် တစ်ယောက်အနေနဲ့ ထပ်တူထပ်မျှစိတ်
မကောင်းဖြစ် မိပါကြောင်း ...............

ူသူတို့ရဲ့ http://www.first-11.com/ မှာလည်း ဒီနေ့ ၁၁ ရက်နေ့ မှာ Breaking News အနေနဲ့ ဒီအကြောင်းကို တင်ထားတယ်ဗျို့

ဆရာ ကျော်ဝင်း ပြောတဲ့ ဘလော့ဂါ

10 August 2008

စိတ်ကူးချိုချိုက၀ယ်လာတဲ့စာအုပ်တွေထဲကဆရာကျော်ဝင်းရေးတဲ့"ဆိုင်ဘာဓလေ့အကောက်အယူများ"
ဆိုတဲ့စာအုပ် အကြောင်းလေး ပြောပြချင်ပါတယ်။ ဆရာ့ ထုံးစံအတိုင်းမူရင်းစာအုပ်တွေကနေ မြန်မာ့ဓလေ့ နဲ့ ညီအောင်ပြန်ဆိုထားတာပါ။ ကျွန်တော်ဟာ နည်းပညာ သီးသန့် စာအုပ်တွေဖတ်ခဲ ပေမယ့် ဒီလို နည်းပညာကို လူမူ့ ရေး ရှု့ ထောင့်ကနေ ရေးတဲ့ စာအုပ်တွေတော့ ဖတ်ဖြစ်ပါတယ်။

ဒီစာအုပ်မှာ က IT ခေတ်ရဲ့ အခေါ်အဝေါ်တွေကို ခေါင်းစဉ်တစ်ခုချင်းစီနဲ့ ပေါ်ပေါက်လာပုံ နဲ့ လူမူ့ ဘ၀ပေါ်အကျိုးသက်ရောက်ပုံတွေကိုရေးထားပါတယ်။

အဲဒီစာအုပ်မှာ ဘလော့၊ဘလော့ဂါ နှင့် ဘလော့ဂင်း ဆိုတဲ့ ခေါင်းစဉ်ကိုတွေ့ရပါတယ်။ သြော်စာအုပ်က ၂၀၀၆ ကထွက်တာနော်။ မဖတ်ရသေးတော့ အသစ်ပေါ့ဗျာ။

ဘလော့ဆိုတာ ၁၉၉၇ မှာရိုဘော့ဝစ်ဒင်းဆိုတဲ့ ဆိုဒ်မှာစပေါ်တာတဲ့ ။ မြေပေါ်ကနေ မိုးပေါ်ကို စာတက်ရေးသူတွေ
ကိုတော့ ဘလော့ဂါလိုခေါ် တယ်ဆိုတာ ရှင်းပြစရာမလိုပါဘူးနော် ။ ဘလော့ဂါတွေက အကြောင်းအရာ တစ်ခု
ကိုဦးတည် ဆွေးနွေးတာကို ဘလော့ဂင်းလို့ ပြောပါတယ်။

စရေးကာစကတော့ ကိုယ်ရေးဒိုင်ယာရီ သဘောလောက်ပါပဲတဲ့ ။ ဥပမာ ဒီနေ့မိုးရွာမယ်လို့ မာမီကပြောတယ် တို့
ဘာတို့ လို့ ဆရာကျော်ဝင်းက ရေးထားပါတယ်။ ဖတ်ရသူအတွက် မျက်စိပဲ ညောင်းတာအဖတ်တင်တဲ့ စာမျိုး
တွေထင်ပါတယ်။

နောက်ပိုင်းကျမှ နည်းပညာကျွမ်းကျင်သူ တွေကနည်းပညာအကြောင်းတွေရေးရာက နေ လူမူ့ရေး ၊နိုင်ငံရေး ၊
ပညာရေး အကြောင်းတွေ စသည်ဖြင့် ကျယ်ပြန့်လာပါတယ်။

အီရတ်စစ်ပွဲတုန်းက ဆိုရင် အမည်မသိ ဘလော့ဂါတွေရေးတဲ့ စစ်မဟာဗျူဟာတွေဟာ ပင်တဂွန်က လက်ဖျား
ခါရတယ်တဲ့ ။ နာမည်ကြီး မီဒီယာ ကြီးတစ်ခုဟာလည်း ဘလော့ဂါတွေ ၀ိုင်းအာလိုက်တာ ပေါက်ကရာ မလုပ်
ရဲတော့ ဘူးတဲ့။

ဒီတော့မြေပေါ် မီဒီယာတွေကပါ ဘလော့ဂါတွေကို အရေးထားလာရပါတော့တယ်။လူတိုင်းရေးသား ခွင့်ရှိတဲ့
အတွက် သတင်းအမှားတွေ လည်းစီးဆင်းနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံသားရပိုင်ခွင့် နဲ့ အတူ လွပ်လတ်စွာ
သတင်းရေးနိုင်တာကြောင့် ဘလော့ဂါတွေကို ဆိုင်ဘာ ကမ္ဘာထဲ က ဒီမိုကရေစီ ခရူဆိတ်ဒါ တွေလို့တောင်
ခေါ်ကြတယ်လို့ လူငယ်တွေကို အကောင်းမြင်တဲ့ ဆရာကျော်ဝင်းကရေးထားပါတယ်။

ဘလော့ဂါတွေ ဂုဏ်ယူရတာပေါ့ ဗျာ ............... သြော် မမေ့နဲ့ နော် စာအုပ်က ၂၀၀၆ ကတည်းက ထွက်တာဗျ..

ဂြိုလ်သားတကယ်ရှိပါ သလား

7 August 2008



ဒီတပတ် ပြည်မြန်မာဂျာနယ်မှာ ဂြိုလ်သားတကယ်ရှိတယ်ဆိုတဲ့ သတင်းဖတ်လိုက်ရပါတယ်။အရင် သုတစွယ်စုံ
တို့ဘာတို့ မှာလည်းဒါမျိုးသတင်းတွေ ဖတ်ဖူးပေမယ့် နောက်ဆုံးကြရင်အဖျားရူး သွားတာများပါတယ်။ အခု သူတို့
ကတော့ reference နေရာမှာ AP လို့ဖေါ်ပြထားတာပဲ ။ သတင်းက ဒီလိုပါ ....
အပိုလို အာကာသယာဉ်နဲ့ လိုက်ပါသွားတဲ့ အာကာသ ယာဉ်မှူးက စကြ၀ဋာထဲမှာ ဂြိုလ်သားတကယ်ရှိပါတယ်လို့
ဖေါ်ထုတ်ပြောကြားလိုက်ပါတယ်တဲ့ ။ သူဟာဒီသတင်းကို သက်ဆိုင်ရာက လူထုကိုအသိမပေးခဲ့တာပါလို့
ပြောပါတယ်။ ပန်းကန်ပြားပျံ ပျက်ကျတယ်ဆိုတာလည်း အာဏာပိုင်တွေပြောသလို မိုးလေ၀သ တိုင်းထွာရေး
ယာဉ် ပျက်တာမဟုတ်ပဲ တကယ်ကို ပန်းကန်ပြားပျံ ပျက်တာပါလို့ ပြောပါတယ်။
ဂြိုလ်သားတွေ တကယ်ပဲကျွန်တော် တို့ကိုဆက်သွယ်ဖို့ကြိုးစားနေပါသလား။ သူပြောတာအမှန်ဆိုရင် ဘယ်လို
ရည်ရွယ်ချက်တွေ ရှိပါသလဲ။ starwars တို့ဘာတို့ ထဲကလို ဒီဂြိုလ်ပြာ ကိုကျူးကျော်ဖို့ ကြံနေကြတာလား ။
ဒါမှမဟုတ် ချစ်ကြည်ရေး ၊ ငြိမ်းချမ်းရေးအတွက်ဆိုရင်ကော....
ကျွန်တော်တွေးမိတာပါ ။ တကယ်လို့ အဆက်အသွယ်လည်းရပြီ ၊ သူတို့က လည်းကျွန်တော်တို့ ယူဆထားသလို
ဥာဏ်ပညာရော နည်းပညာရော ကျွန်တော်တို့ထက်သာတဲ့ သက်ရှိတွေလို့ ဆိုပါတော့။ တခြားနေရာတော့
မပြောတတ်ဘူး ။ ကျွန်တော်တို့ ရန်ကုန်မှာတော့ ဂြိုလ်သားဘာသာစကားသင်တန်းဆိုပြီး သင်တန်းတွေ မှိုလို
ပေါက်လာ မှာကျိန်းသေပဲ ။ အင်္ဂါဂြိုလ်သွားမည့် သူများအတွက် တစ်လအမြန်သင်တန်းတို့ ၊ ဂြိုလ်သားဘာသာစကား ကို four skills သင်တန်းတို့ဘာတို့ ပေါ်လာမယ်ထင်တယ်။
အဲ ရန်ပြုကျူးကျော်ဖို့ ဆိုရင်ရော ဆိုပြီးတွေးကြောက်မနေနဲ့ ဦးဗျ ။ ကျူးကျော်ဖို့ပဲဖြစ်ဖြစ်၊ မိတ်ဆွေဖွဲ့ဖို့ပဲ ဖြစ်ဖြစ်
သူတို့ တကယ်ရှိခဲ့ရင်တောင် ကျွန်တော်တို့ဆီ မလာနိုင်သေးပါဘူးတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ ကျွန်တော်တို့ နဲ့ အရမ်းဝေးပြီး ရောက်အောင်လာဖို့ လည်းနည်းပညာ မပြည့် စုံပါဘူးလို့ ဒီဂျာနယ်ရဲ့ နောက်
သတင်းတစ်ပုဒ်မှာ အာကာသယာဉ်မှူးတစ်ယောက်ပြော သွားတာကိုဖေါ်ပြထားပါတယ်။
ဘယ်လိုလုပ်ပြီး သိလည်း မသိဘူးနော် ။ သူမို့လို့ ပြောရဲတယ် ။ အေးလေ သူက အာကာသ ယာဉ်မှူးဆိုတာကိုး ။

စိတ်ကူးချိုချိုရဲ့ စိတ်ကူးချိုချို

3 August 2008

စိတ်ကူးချိုချိုစာအုပ်တိုက်ရဲ့ ကိုးနှစ်မြောက်နှစ်ပတ်လည်စာအုပ်ဈေးပွဲတော်ကို ၃၁ ရက်နေ့ကရောက်ဖြစ်တယ်။
စိတ်ကူးချိုချိုရဲ့ ထုံးစံအတိုင်း ကာဗာတွေကဆွဲဆောင်မူ့ရှိပြီး စာအုပ်တွေကလည်းအပျံစားတွေချည်းပဲ။ဈေးက
တော့ တော်တော်လေးကိုချိုပါတယ်။ကျွန်တော်လည်း ပိုက်ဆံသိပ်မပါလို့ လေးအုပ်လောက်ပဲဝယ်ဖြစ်တယ်။

  • ဆရာသစ္စာနီရဲ့ သက်တံကျောက်ဖြစ်ရုပ်ကြွင်း
  • ဆရာကျော်ဝင်းရဲ့ ဆိုင်ဘာဓလေ့အကောက်အယူများ
  • ဆရာငြိမ်းအေးအိမ်ရဲ့ သက္ကရာဇ်များရဲ့ ရာဇ၀င်
  • ဆရာသုခမိန်လှိုင်ရဲ့ အင်ဒီဝါးဟိုးတို့ကမ္ဘာ ကဗျာစာအုပ်
စာအုပ်တွေအကြောင်း ကျွန်တော် Post ထပ်တင်ပါမယ်။ ၀ယ်ယူသူတိုင်းကို အမှတ်တရ လက်ဆောင်တွေလည်း
ပေးပါတယ် ။ ငါးရက်နေ့ သြဂုတ်လ နောက်ဆုံးနေ့ သွားဖြစ်အောင်ထပ်သွားတော့ ၀ယ်ယူသူတွေနဲ့ စည်ကားနေပါ တယ်။အဲဒီနေ့ ကတော့ ဆရာသိမ်းတင်သားရဲ့ ကဘောက်တိကဘောက်ချာဂေဇက် ကိုဝယ်ခဲ့
ပါတယ်။ ကျွန်တော့်အကြိုက်သရော်စာဆန်ဆန် အက်ဆေးတွေ ဆိုတော့ လက်မချဖြစ်အောင်ကို ဖတ်ဖြစ်ပါတယ် ။ နောက်ဆရာမောင်ဝံသ ရဲ့ သူတို့ဆီကစာမြည်းများ ဆိုတဲ့စာအုပ်ကလည်း စာအုပ်စာပေ
ဝါသနာပါသူတွေ ဖတ်သင့်ပါတယ်။ တချို့စာအုပ်တွေက တိုက်မှာမို့လို့ရှိတာပါ။စာအုပ်ဆိုင်တွေမှာမတွေ့ မိပါဘူး။ ဒီစာအုပ်တိုက်ပိုင်ရှင် ကိုစန်းဦးဆိုတဲ့ ပုဂ္ဂိုလ်ကို လေးစားမိပါတယ်။တကယ့် စာပေသမားတစ်ယောက်
လို့လည်း စာအုပ်တွေထဲမှာဖတ်ဖူးတယ်။ ဒါကြောင့်လည်း ဒီလိုပွဲမျိုးလုပ်ပေးနိုင်တာထင်ပါတယ်။ နောက်လည်း
ဒါမျိုး စာအုပ်ပွဲတော်တွေလုပ်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အားပေးသူ ပရိတ်သတ် အနေနဲ့ ပြောရင်
စိတ်ကျေနပ်ရတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ရကြောင်းပါ .............။