မထိန်လင်းရှာသော ထိန်လင်း

16 August 2008


ထိန်လင်းအသက်ဘယ်လောက်ရှိပြီလဲလို့မေးတော့သားမသိဘူးလို့ထိန်လင်းကဖြေပါတယ်။ထိန်လင်းက
သနပ်ခါးပါးကွက်ကျားလေးနဲ့ ချစ်စဖွယ်ကလေး လေးပါ။

ထိန်လင်းက သွက်လက်ချက်ချာပါတယ်။ ကျွန်တော် ထိန်လင်းကိုသတိထားမိတဲ့ အချိန်က ကျွန်တော်တတိယ
နှစ်လောက်မှာပါ။ထိန်လင်းက ကြီးဒေါ်လို့ ကျွန်တော်တို့ခေါ်တဲ့ ဆိုင်ရှင်အဒေါ်ကြီးတို့ဆိုင်က စားပွဲထိုးလေးပါ။ ထိန်လင်းနဲ့ကြီးဒေါ်တို့ နည်းနည်းပါးပါးတော့ ဆွေမျိုးမကင်းဘူးလို့ ကျွန်တော်တို့သိရပါတယ်။

ထိန်လင်းစရောက်ကာစက ကိုးနှစ်၊ဆယ်နှစ်သား အရွယ်လောက်ရှိပြီလို့ထင်ပါတယ်။အခုလေးနှစ်ကြာလည်း
ဒီအရွယ် ဒီပုံလေးကနေပြောင်းမသွားပါဘူး။
ထိန်လင်းမနက်ဆို ဘယ်အချိန်ထရလဲမသိပေမယ့် အစောဆုံးကျောင်းကား ဆိုက်တဲ့ ၇နာရီ လောက်ဆို
သနပ်ခါးလေးနဲ့ အဆင်သင့်ဖြစ်နေပါပြီ။


၆:၃၀ ကနေ ၉:၃၀ အထိကတော့ ထိန်လင်းရဲ့ မနက်ပိုင်းအလုပ်ခွင်ပေါ့။ ၈:၀၀ နာရီလောက်ဆို ကြီးဒေါ်
ရဲ့ ကလေးသုံးယောက် ကျောင်းသွားပါတယ်။
ထိန်လင်းစိတ်ထဲ ဘယ်လိုရှိမှန်းမသိပေမယ့် ဘ၀ပေးကံခြားနားတဲ့ ကလေးတွေရဲ့ ဘ၀ကို ကျွန်တော်
ကတော့ မျက်စိရှေ့မှာတင် တွေ့နေရပါတယ်။

ကျွန်တော်အတန်း မတက်ပဲ သူတို့ဆိုင်မှာ ဂျာနယ်တွေဘာတွေ ဖတ်နေရင်ထိန်လင်းရောက်လာပါတယ်။
ကိုကြီးအသစ် လားဆိုပြီး ပုံတွေ၊စာတွေ လာကြည့်ပါတယ်။အဓိက ကတော့ ပုံတွေပါ။ ဒါပေမယ့် ထိန်လင်း
စာဖတ်ချင်တယ် ဆိုတာကျွန်တော် သိပါတယ်။ ဘယ်နှစ်တန်းထိကျောင်းနေခဲ့ရပြီး ဘယ်လောက်ဖတ်တတ်
လဲတော့ ကျွန်တော်လည်းမသိပါဘူး။

မိုးတွေရွာနေလည်း ထိန်လင်းက ရှန်အင်္ကျီပါးလေးနဲ့ အလုပ်လုပ်ပါတယ်။ ထိန်လင်းမချမ်း ဘူးလားလို့
ကျွန်တော်တို့ မေးတော့ ပြုံးပြပြီး သားမချမ်းဘူးလို့ ပြောပါတယ်။

ထိန်လင်းက ဥာဏ်ကောင်းပါတယ်။ တစ်ယောက်တစ်မျိုးမှာ ကြတဲ့ ကျောင်းသားတွေရဲ့ အစားအစာတွေကို
အမှားအယွင်းမရှိအောင် လုပ်ပေးနိုင်တယ်။ အတွက်အချက်တော်ပါတယ် ဆိုတဲ့ အင်ဂျင်နီယာ ကျောင်းသား
တွေထက်ဦးအောင် ကျသင့်ငွေကိုတွက်ချက် နိုင်ပါတယ်။ ဘ၀က သင်ပေးလိုက်တဲ့ သချာင်္ဥာဏ်ပဲ ထင်ပါတယ်။
မှားလို့လည်းမဖြစ်ပါဘူး။ စိတ်အခန့်မသင့်ရင် ကြီးဒေါ်ကဆူမှာပါ။

ထိန်လင်းအတွက်ကတော့ ကြီးဒေါ်ကမဆိုးရှာပါဘူး။ နေ့စဉ် ထမင်း၊ဟင်း ကျွေးတဲ့အပြင် ထိန်လင်းအတွက်
တစ်လ တစ်သောင်းခွဲ၊ နှစ်သောင်းလောက်တော့ ပေးမှာပေါ့။ ဒါပေမယ့် ထိန်လင်းကျောင်းတက်ချင်လို့ တော့
မရပါဘူး။

ထိန်လင်းမှာ မိဘနှစ်ပါးလုံးရှိသေးပေမယ့် သူတို့ဟာသူတို့ လုံးလည်ချာလည် လိုက်နေတဲ့ဘ၀ထဲမှာ ထိန်လင်း
ကိုဘယ်လိုမှ ကျောင်းမထားပေးနိုင်ပါဘူး။

ဒါကြောင့် စာသင်ခန်းထဲမှာ ရှိနေရမယ့် ကလေးလေးတစ်ယောက် ဟာသူ့အသက်နဲ့မလိုက်တဲ့ အလုပ်တွေ
လုပ်နေရတာပါ။

ကမ္ဘာ့ ကုလသမဂ္ဂတို့၊ကလေးသူငယ်နဲ့ ပတ်သတ်တဲ့ NGO တို့ကပြောတဲ့ အရွယ်မရောက်သေးသူ ကလေး
အလုပ်သမား ဆိုတာ ဘယ်အသက်အရွယ် အခြေအနေကို ပြောတာလဲဆိုတာ ကျွန်တော် တိတိကျကျ
မသိပါဘူး။ ဒီအထဲမှာ ထိန်လင်းတို့လို ကလေးတွေပါသလားလဲ ကျွန်တော်မသိပါဘူး။

ထိန်လင်းလေးကတော့ စာသင်ခန်းထဲ မှာရှိရမယ့် အရွယ်မှာ စားပွဲထိုးလုပ်သားလေးဖြစ်နေပါတယ်။
အကောင်းဘက်က တွေးရင်တော့ ဆင်းရဲလွန်းတဲ့ ထိန်လင်းတို့လို့ ကလေးတွေ လမ်းပေါ်မှာ လူဆိုး၊
ဂျပိုးလေးတွေ မဖြစ်ပဲ သူ့လုပ်စာကို သူ သမ္မာအာဇီဝနဲ့ ရှာနေတယ်လို့ တွေးလို့ရပါတယ်။
ဒါပေမယ့် ဆယ့်တစ်နှစ်၊ဆယ့်နှစ် နှစ် အရွယ် စားပွဲထိုးလေးရဲ့ အနာဂတ်ကဘာလဲဆိုတာ မှန်းကြည့်လို့
ရပါတယ်။

ထိန်လင်းစာမသင်ချင်ပါဘူး လို့ဘယ်သူပြောနိုင်ပါသလဲ။ကျွန်တော်ပြောပြီးတဲ့ အတိုင်းပါပဲ၊ထိန်လင်းက
မှတ်ဥာဏ်ကောင်းတယ်၊ သချာင်္ဥာဏ်ရှိတယ်၊ ဂျာနယ်တွေကိုစိတ်ဝင်စားတယ်။ ထိန်လင်းမှာ မရှိတာက
မွေးရာပါ ဘ၀အခွင့်အရေးပါပဲ။

မျက်လုံးတွေ ပိတ်မထားပါနဲ့ မိတ်ဆွေ ။ ကျွန်တော့်ပတ်ဝန်းကျင် နဲ့ ခင်ဗျားပတ်ဝန်းကျင်မှာ ထိန်လင်း
လေးတွေ အများကြီးပါ။ အရေးကြီးဆုံးက ခုချိန်မှာထိန်လင်း လေးတွေအတွက် ဘာမှ မလုပ်ပေးနိုင်ရင်တောင်
ငါတို့ တစ်ချိန်မှာ လုပ်ပေးနိုင်မှာပါဆိုတဲ့ မျှော်လင့်ချက်တွေ မသေဆုံးသွားကြဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ ရဲ့ ကလေးငယ်တွေအတွက် ကိုယ်ချင်းစာတရား လေးထားပေးကြပါလို့ တိုက်တွန်းလိုက်
ရပါတယ်။

1 ယောက် မှတ်ချက်ပေးခဲ့သည်:

စန္ဒီမိုးမြင့် said...

ကိုကြီးေ၇

ကိုယ့်ပတ်ဝန်းကျင်က ကလေးတွေရဲ့ ဘ၀ကို

ညီမ မှာရှိတဲ့ အလင်းေ၇ာင်လေးနဲ့ တတ်နိုင်သလောက်

ထိန်း လင်း လာအောင်အကူညီပေးနေသလို

နောင်လည်းပေးနေအုံးမယ်လို့ ကတိ

ပေးရင်းကိုကြီးပို့စ်ကို လေးကို အသိမှတ်ပြု

အားပေးသွားပါတယ်
စန္ဒီမိုးမြင့်
မန္တလေး
www.sandimoemyint.blogspot.com