ရောက်တတ်ရောက်ရာ ဒိုင်ယာရီ

26 August 2008

ကျွန်တော် မူကြိုကျောင်းသားဘ၀ ကလက်ရေးစသင်တော့ စာအုပ်ကိုထားတာပြောင်းပြန်ကြီးလို့ဆရာမ ကပြော
ပါတယ်။ ကျောင်းသားအများစုက စာရေးမယ်ဆိုရင် သိကြတဲ့အတိုင်း စာအုပ်ကို အနည်းငယ်စောင်းပြီး လက်အနေအထား
နဲ့ အဆင်ပြေအောင်ထားပြီးရေးတတ်ကြပါတယ်။ ကျွန်တော်ကတော့ စာအုပ်ကိုဖတ်ရတဲ့အတိုင်းထားပြီး လက်က
ဘေးကနေကန့်လန့်ထားပြီးရေးပါတယ်။
မူကြိုဆရာမလေးက အစ်မသား စာရေးတာပြောင်းပြန်ကြီးဆိုပြီးအမေ့ကို ခေါ်ပြောပါတယ်။ အမေက ကျွန်တော့်
ကို နင်စာအုပ်ကိုတည့်တည့်ထားရေးဆိုတော့ ကျွန်တော်အတည့်ပဲရေးတာဆိုပြီး သူတို့ဆိုလိုတဲ့ သဘောကို
နားမလည်ခဲ့ပါဘူး ။ အကျိုးဆက်ကတော့ ကျွန်တော်ဟာ လက်ရေးလက်သားညံ့တဲ့သူဖြစ်လာခဲ့ပါတယ်။ အမှန်ကို
ဘယ်လိုမှမမြင်ခဲ့တာလည်း ပါမှာပေါ့ ။ သိလိုက်တဲ့ အချိန်ကြတော့လည်း ကျွန်တော်က အသားတကျဖြစ်နေပြီ။
ဒီလက်ရေးနဲ့ပဲ ကျောင်းတက်လာခဲ့တာ သူငယ်ချင်းတွေကတော့ ဖတ်လို့ရသားပဲလို့ ပြောပါတယ်။ အားနာလို့လည်း
နေမှာပေါ့။ တစ်ခါတစ်လေ ကိုယ့်ဘာသာမှန်တယ်လို့ ထင်ထားတာတွေဟာ အမှားတွေဖြစ်နေတတ်တယ်။
_______________________________________________________________________________

တစ်နေ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ငါ့ဘလော့လေးဆိုပြီး ခေါ်ကြွားလိုက်တာ ကိုယ်တော်ချောက
မင်းအခုအသက်အရွယ်ထိ အက်ဆေးတွေရေးနေသေးလားလို့ ပြောပါတယ်။ ဒီနေရာမှာ သူဆိုလိုတာက
ကျောင်းသားဘ၀တုန်းက အက်ဆေးတွေကိုပြောချင်တာပါ ။ စာဖြင့်သေချာမဖတ်ရသေးပဲ sidebar က
အကြောင်းအရာတူ အောက်မှာ အက်ဆေးလို့ မြင်လိုက်တာနဲ့ ငတိက ရမ်းတုတ်လိုက်တာပါ ။ ဘာပြန်ပြော
ရမှန်းမသိအောင် ကျွန်တော်နှုတ်ဆိတ်သွားခဲ့တယ်လို့ မထင်ပါနဲ့။ ပြောမနာဆိုမနာ သူငယ်ချင်းဆိုတော့
သောက်တုံးရဲ့ မင်းဒီလောက်တောင် အရသလားဟဆိုပြီး ထဆဲလိုက်ပါတယ်။ ဟုတ်တယ်လေ သူလုပ်တာနဲ့
ပဲ ကိုယ်က ၉တန်း၊၁၀ တန်းလောက်ပြန်သွားပြီး ကျွန်တော်၏နာမည်မှာဘာဖြစ်ပါသည်၊ညာဖြစ်ပါသည် တွေ
ရေးရမလိုဖြစ်နေတယ်။
_______________________________________________________________________________

သင်္ကြန်ဆိုရင် ရန်ကုန်မြို့က လူစည်ကားတဲ့ လမ်းတွေမှာ ကားလမ်းတွေပိတ်တာ လူတိုင်းလိုလိုသိကြ၊ ကြုံဖူး
ကြမှာပါ ။ အရင် သုံးမိနစ်မောင်းရင်ရောက်တဲ့ နေရာကို သုံးနာရီ မပြောနဲ့ ခြောက်နာရီလောက်တောင်ကြာချင်ကြာ
သွားနိုင်ပါတယ်။
လွန်ခဲ့တယ် သုံးနှစ်သင်္ကြန်တုန်းက ကျွန်တော်တို့တွေ ကားနဲ့လည်ဖို့ လုပ်တော့ အင်းလျားလမ်းဝင်ဖို့ကိုတိုင်ပင်
ကြပါတယ်။ ဘယ်နှစ် နာရီဝင်မယ်ဆို ဘယ်လောက်ကြာမလဲ ဆိုတာမျိုးပေါ့။ ဒီလမ်းက ၀င်တာနောက်ကျရင်
ရေဆိုဖို့မပြောနဲ့ မဏ္ဍပ်တွေနားတောင်မရောက်ပဲ တစ်နေကုန်သွားတတ်လို့ပါ။ ရှေ့ကကားတွေကပိတ်၊ နောက်
ကားတွေက ထွက်မရနဲ့ စိတ်ညစ်ရပါတယ်။
အဲဒီလို တိုင်ပင်နေရင်းနဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကပြောပါတယ်။ ဟေ့ကောင် နောက်ကကားတွေ
တိုးလို့မရတာ ရှေ့ကကားတွေက မသွားပဲဘာလုပ်နေကြလို့လည်းကွတဲ့ ။ ဟာသူတို့လည်း ရောက်တုန်းရောက်ခိုက်
မဏ္ဍပ်နားက မခွာနိုင်ဖြစ်နေကြလို့နေမှာပေါ့ကွာလို့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။
တကယ်တော့ သူပြောတာ ဟုတ်ပါတယ်။ အချိန်တန်ရင် သူ့ဘာသာရှင်းသွားတယ်ဆိုကတည်းက အရှေ့က
ကားတွေက ရောက်တဲ့နေရာလေးကို မခွာနိုင်ဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်နေကြလို့ပါ။ ကျွန်တော်တို့လည်း
အပါအ၀င်ပေါ့။
အင်း .......... အရှေ့က ကားတွေမထွက်ပဲ တစ်ကိုယ်ကောင်းဆန်နေကြလို့ နောက်ကကားတွေ ရေလေးတောင်
မစိုလိုက်ရတဲ့ ဒုက္ခကလည်းမသေးပါလားနော်။ သင်္ကြန်မှာ .... ပြောပါတယ်။

3 ယောက် မှတ်ချက်ပေးခဲ့သည်:

Anonymous said...

ကိုဖားကြီးရေ နောက်ဆုံးပို့စ်လေးကတော့တွေးစရာလေးတွေ အကြောင်းရာများစွာကျန်ခဲ့တယ်ဗျ မဆိုးဘူးသာဓလေးတင်ပြထားတာ :)

ဝေလေး said...

အင်းး တစ်ကိုယ်ကောင်းဆန်တတ်ကြတာ ဒုက္ခ
ကိုယ်ချင်းစာစိတ်ဆိုတာလိုတယ်နော်..
:)

:P said...

i can guess ur message for the last post.:))