ကြောက်တတ် တဲ့ စိတ်

24 August 2008


ပုထုဇဉ် လူသားမှန်ရင် ကြောက်စိတ်ရှိကြပါတယ်။ သတ္တ၀ါတိုင်း ကြောက်စိတ်နဲ့ မကင်းနိုင်လို့ အပြစ်တော့
မဟုတ်ပါဘူး ။ ဒါပေမယ့် အကြောက်လွန်အားကြီးရင်လည်း ဆင်ခြင်ဥာဏ် ကင်းမဲ့သွားတတ်ပါတယ်။
စိတ်ပညာမှာတော့ အကြောက်လွန်တတ်တာကို ရောဂါတစ်ခု လို့သတ်မှတ်ထားပါတယ်။ ကြောက်တတ်
တဲ့ ရောဂါတွေကို phobia နဲ့ဆုံးတဲ့ နာမည်မျိုးတွေ ပေးတတ်ပါတယ်။ စိတ္တဇ ရောဂါအနုစားတစ်မျိုးပဲလို့
ထင်ပါတယ်။

သိသလောက် phobia တွေကိုပြောရရင်တော့ ဒီလိုပါ ။ ကလော်စထရို ဖိုဘီးယား (Claustrophobia) ဆိုတာ
လုံနေတဲ့ နေရာမျိုးတွေကိုကြောက်တာပါ။ ဥပမာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ လုံနေတဲ့ ဓါတ်လှေကားမျိုးတွေပေါ့။
အဲ့ဒီ လိုလူမျိုးတွေ အထပ်မြင့်အဆောက်အဦး တွေမှာ နေရလို့ကတော့ မသက်သာလောက်ဘူးနော်။

အဂိုယာ ဖိုဘီးယား (Agoraphobia) ဆိုတာကတော့ ခုနက ပြောသွားတဲ့ ကလော်စထရို ဖိုဘီးယားနဲ့ ဆန့်ကျင်
ဖက်ပေါ့။ ဟင်းလင်းဖြစ်နေတဲ့ သဘောကို ကြောက်တဲ့စိတ်ပါ။ တံခါးတွေပိတ်ထား လည်းဂျက်မှထိုးမိရဲ့ လား
ဆိုပြီး ခဏခဏ ထကြည့်နေတဲ့ အကြောက်မျိုးပေါ့ ။ ဥစ္စာခြောက်နေတာ လည်းဖြစ်နိုင်တယ်။

အယ်(လ်)ရို ဖိုဘီးယား (Ailourophobia) ဆိုတာက အမွှေးပွ အိမ်မွေးတိရစ္ဆာန် တွေကိုကြောက်တာမျိုးကို
ပြောတာပါ ။ ဗြိတိလျှဗိုလ်ချုပ် ကြီးတစ်ယောက်ဆို ကြောင်မပြောနဲ့ ကြောင်ရုပ်တောင် ရဲရဲ မကြည့် ရဲဘူးတဲ့။
အဲဒီ့ လိုလူမျိုးကိုတော့ စသလိုနောက်သလိုနဲ့ တိရစ္ဆာန်တစ်ကောင်လောက် လက်ထဲသွားမထည့်လိုက်နဲ့။
တော်ကြာ စကားမေးတောင်မရတော့မှ ရှင်းမရဖြစ်နေလိမ့်မယ်။

လေပြင်းတွေ တိုက်ရင် သစ်ပင်တွေလဲမှာ၊ ဓါတ်တိုင်တွေလဲမှာ ကြောက်ပြီး အပြင်တွေဘာတွေ မထွက်ရဲ
တာကို အက်(စ)ထရာ ဖိုဘီးယား (Astraphobia) လို့ခေါ်ပါတယ် ။ နာဂစ်တိုက်ပြီး နောက်ပိုင်းဒီရောဂါ
ရသူ တော်တော်များလာပါတယ်။

သွေးမြင်ရင်လန့်တာမျိုးကိုတော့ ဟီမတို ဖိုဘီးယား (Hematophobia) လို့ပြောပါတယ်။ ဒါမျိုးကတော့
မိန်းကလေးတွေ ပိုသိမှာပါ ။ ဟုတ်ဟုတ် မဟုတ်ဟုတ် သူများကြောက်လို့ မှကိုယ်လိုက်မကြောက်ရင်
မိန်းမကြမ်းကြီး လို့မြင်သွားမှာစိုးလို့ ထင်ပါတယ်။

တချို့ကတော့ အမြင့်တက်ရမှာကို တော်တော်လေးကြောက်ကြပါတယ်။ တော်ရုံတန်ရုံ အမြင့်မဟုတ်ဘူးနော်။
ကုလားထိုင်လောက် အမြင့်ပေါ်မှာကို မတ်တပ်မရပ်ရဲတာ။ ဒါကြောင့်လည်း ရောဂါစာရင်းထဲမှာ ထည့်လိုက်တာ
ထင်ပါတယ်။ ဒီလိုအကြောက်မျိုးကိုတော့ အက်ခရို ဖိုဘီးယား( Acrophobia) လို့ခေါ်ပါတယ်။

ရေကိုကြောက်တာမျိုးကြတော့ ဟိုက်ဒရိုဖိုဘီးယား (Hydrophobia) လို့ခေါ်တယ်။ သာမန် ရေကြောက်တာမျိုးမဟုတ်ပဲ ရေထဲက တစ်စုံတစ်ခုက ဆွဲခေါ်သွားမလား၊ ခေါ်သံနဲ့ အတူ ရေနက်ထဲဆင်းခဲ့ ဖို့ဖိတ်ခေါ်သံမျိုး ကြားရမလားဆိုပြီး တွေးကြောက်နေတာမျိုးပါ ။ ကမ်းခြေတွေ ဘာတွေ သွားအပန်းမဖြေရဲတာ သနားစရာပေါ့။

အမှောင်ကိုကြောက်တာကိုတော့ နစ်တို ဖိုဘီးယား(Nyctophobia) လို့ပြောကြပါတယ်။ အမှောင်ထဲမှာ
မနေ၀ံ့ကြတဲ့ လူမျိုးတွေပါ။ အနောက်မှာ တစ်ယောက်ယောက်ရှိနေလား ဆိုပြီး သံသယ တွေများနေတတ်ပါတယ်။

ဒီအကြောက်တရားတွေက အခြေအနေကို လိုက်ပြီးလူတိုင်းမှာ အနည်းနဲ့အများ ရှိတတ်ပါတယ်။
ထူးထူးခြားခြား အသားလွတ်ကြောက်နေရင်တော့ ဒါဟာ ဖိုဘီးယား ဖြစ်နေပါပြီ။ ကျွန်တော်ဆိုရင် ငယ်ငယ်
တုန်းက အမှောင်ကိုကြောက်ခဲ့တယ်။ ကူးတတ်ရုံပဲလို့တောင် ပြောမရလို့ ရေဆိုရင်လည်းကြောက်ပါတယ်။
ဒါပေမယ့် သဘောင်္စီးရရင်တော့ ပျော်တယ်။
နာဂစ်ခံ ရပြီးတော့ လေသံကြားရင် သတိထားတက်လာပါတယ်။ ခွေးကိုက်ခံရဖူးတော့ ခွေးတွေနဲ့ဆိုရင်
သတိထား ဆက်ဆံပါတယ်။

ကျွန်တော်ပြောချင်တာက သတ္တ၀ါ ဆိုတော့ ကြောက်သင့်တဲ့နေရာမှာ ကြောက်ရမှာပါပဲ။ သူများထက်
ထူးထူးခြားခြား သဘာဝက ကင်းပြီးကြောက်နေရင်တော့ စိတ်ရောဂါကုတဲ့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။
တချို့ တွေက ကလေးဘ၀တုန်းက အကြောက်တရားကို ပိုစွဲမြဲပြီး အရိပ်မည်းကြီး လိုတစ်သက်လုံး
ခြောက်လှန့်နေတတ်လို့ပါ။

ဒါနဲ့ ကိုယ့်အကြောင်းတွေကို သူများသိမှာ ကြောက်ပြီး ၊ ကိုယ်တိုင်လည်းမကြည့်ရဲ သူများကိုလည်း မမြင်စေ
မကြည့်စေချင်တဲ့ အကြောက်တရားမျိုးလည်းရှိပါတယ်။
အဲ့ဒါကိုတော့ ဘလိုဂို ဖိုဘီးယား(Bloggophobia) လို့ခေါ်ပါတယ်။ လိုက်မမှတ်ကြနဲ့ဦး ။ ဘယ်ကျမ်းမှာ မှ
မပါဘူး။ ကျွန်တော့် ဘာသာအတွေးပေါက်ပြီးပေးလိုက်တာ ။

ပေါက်ကရာတွေသာ လျှောက်ရေးရတာ ကျွန်တော်လည်းတစ်ခါတစ်လေ ကြောက်တတ်တယ်ဗျ။
သိတယ်မဟုတ်လား
ကလော်စထရို ဖိုဘီးယား ရောဂါလေ။ ဟုတ်တယ် ...... တကယ်ပြောတာဗျ ။
အလုံပိတ်ထားတဲ့ အခန်းတွေဆို ကျွန်တော်တအား ကြောက်တာပဲ။

5 ယောက် မှတ်ချက်ပေးခဲ့သည်:

Phyu said...

ကြောက်စိတ်ကလူတိုင်းမှာ ရှိကြတာပါပဲနော်... တစ်မျိုးမျိုးတော့...ကြောက်ကြတာပဲ...

မြန်မာ့အောင်သံ said...

အဲဒါတော့ အမှန်ပဲဗျို့။ ကျွန်တော်က မျှော့ကြောက်တယ်ဗျ။ တွေးတွေးပြီးကို ကြောက်တာ

Unknown said...

အဟိ ကျွန်တော်ကတော့ချောတဲ့မိန်းကလေးတွေကိုအရမ်းကြောက်တယ်ဗျ
စိုက်ကိုမကြည့်ရဲတာ ရင်ခုန်လွန်းလို့ အဟိ ဒီပိုစ့်လေးကောင်းတယ်ဗျ ဗဟုသုတလည်းရ ပြုံးချင်စရာလေးလည်းဟုတ် အဟိ

ဇင်ယော် said...

ဟီး ကျနော်ကတော့ ဗန္ဓုလ၀င်စားလားမသိဘူး။ သွေးမြင်ရင် မူးတတ်လန့် တတ်တယ်။ ဟီမတို ဖိုဘီးယား ပေါ့။ နောက်ပြီး မောင်ခင်လေးပြောသလို ချောတဲ့မိန်းကလေးတွေကိုအရမ်းကြောက်တယ်။ ဟီး ကြိုက်မိမှာစိုးလို့ လေ။

:P said...

အလုံပိတ်အခန်းများကိုအကြောက်ဆုံးးးးးးးးးးးး :)))