ဘာကိုဘယ်လို စရေးရမှန်းကို မသိတော့ဘူး ... ဦးရှင်ကြီး နတ်ဖြစ်သွားတဲ့ ကျွန်းနားကရွာတစ်ရွာကို ကိုးလပိုင်းတစ်ဆယ့်တစ်ရက် ကရောက်သွားတယ် .... ဒီနေ့ ဒီဇင်ဘာ လေးရက်နေ့ည ရှစ်နာရီမှာ ရန်ကုန်ကို ခဏပြန်ရောက်တယ်...။ ရေးရမယ်ဆိုရင် ရေးစရာတွေကအများသား ... ဒါပေမယ့်လောလောဆယ်တော့ ခဏပြန်ရောက်ကြောင်းလောက်ပဲ အသိပေးပါရစေ ... ဘလော့ လောကကြီးနဲ့ ဘလော့ဂ်ဂါ ညီအစ်ကိုမောင်နှမ အားလုံးကို ကွန်ပြူတာဆိုတာ သေသေချာချာတောင် မမြင်ဘူး မသိကြတဲ့ အရပ်ကနေ နေ့စဉ်လိုလို သတိရမိပါတယ် ... ။
ခွင့်ရတဲ့ ရက်ကလည်း အရမ်းကိုနည်းလွန်းတော့ ပို့စ်လည်း သေသေချာချာရေးဖြစ်မယ်မထင်ဘူး ...။ ရေးဖြစ်ခဲ့ရင်တော့ ဓနိတော၊ အုန်းတောတွေနဲ့ မိကျောင်းတွေအကြောင်း
အများဆုံးဖြစ်မှာ ကျိန်းသေပဲ.... ။ ဘယ်ပဲသွားသွား ရေလမ်းခရီးဆိုတော့ ... အခုရန်ကုန်ပြန်ရောက်တာ ကားမစီးတတ်သလိုဖြစ်နေတယ် ...။ မြင်မြင်သမျှ ရန်ကုန်သူလေးတွေကလည်း ကျွန်တော်သွားတုန်းကထက် ပိုပြီးချောလာသလိုပဲ ....။ :)
အမှတ်တရ လာလည် ကြသူများ ၊ မလည်ဖြစ်သူများ အားလုးံအားလုံးကို ကျေးဇူးတယ်ပါတယ်ခင်ဗျာ ...။
ပြန်လာချိန်ခဏ
4 December 2009ရေးသားသူ....... မောင်ဖားကြီး 4 ယောက် မှတ်ချက်ပေးခဲ့သည်
အကြောင်းအရာတူ...... ကိုယ်ရေးတဲ့ကိုယ်တာ
မှတ်ဥာဏ်
1 August 2009တစ်နေ့က အလုပ်ကိုသွားတော့ ကားကတော်တော်ပင်ကျပ်သည်။ ဒီကြားထဲတစ်မှတ်တိုင်တစ်မှတ်တိုင်ကို ရပ်လိုက်ရင်လည်း တော်တော်နှင့်မထွက်တော့...။ ရာသီဥတုကလည်း မိုးကသာအုံ့မှိုင်းနေသည် မိုးကတော့တစ်စက်မှမရွာသောကြောင့် လှောင်အိုက်အိုက်ကြီး ဖြစ်နေ၏ ။ မှတ်တိုင်တစ်ခုမှာ အကြာကြီးရပ်နေတုန်း လူတစ်ယောက်ကျွန်တော့်ဘေးလာရပ်သည်။ ရာသီဥတုပူတာရော.. အလုပ်နောက်ကျမှစိုးလို့စိတ်မရှည်တာရော ရောပြီးတော့ ကျွန်တော့်ထုံးစံအတိုင်းဒေါသကမ္မဌာန်းပွားများနေခဲ့မိသည်။ ဒါကိုထိုလာရပ်သော လူသည်မရိပ်မိဘူးထင်သည်။ ကျွန်တော့်ကိုပြုံးပြပြီး
"အလုပ်အခုမှသွားမလို့လား ဘယ်ကစီးလာတာလဲ "
ဟုလာမေးသည်။ ကျွန်တော်သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ကျွန်တော်မသိ.........ထို့ကြောင့်
"ဘယ်ကလဲ.. လူမှားနေပြီထင်တယ်နော်..."
ကျွန်တော့်လေသံတို့ ကျွတ်ဆတ်ဆတ်နိုင်သွားကြောင်း ကိုယ်တိုင်သတိထားလိုက်မိသည်။ သို့သော်မတတ်နိုင် ကျွန်တော်ဒီလိုပင် တုံ့ပြန်မိလိုက်သည်။ ပြီးတော့သူ့ကို ဘယ်လိုပင်စဉ်းစားစဉ်းစားကျွန်တော်မသိ...။ ပုံစံကလည်း တစ်မျိုးပင်......။ အနည်းငယ်နွမ်းနယ်ပုံသူ့မျက်နှာနှင့် အ၀တ်အစားပေါ်တွင်မြင်နေရသောကြောင့် ရုတ်တရက်သံသယ၀င်တတ်သည့်စိတ်က ကျွန်တော့်ကိုကြီးစိုးသွားခြင်းဖြစ်နိုင်လေသည်။ ကျွန်တော်သူ့ကို မသိပါ ( သို့မဟုတ် ) ဘယ်သူမှန်းမမှတ်မိပါ ။ သူကလည်းကျွန်တော်ပြောလိုက်သည်နှင့် ရုတ်ချည်းပင်
"ဆောရီးနော်.. လူမှားသွားတယ် "
ဟုပြောလေသည်။ သူ့လေသံတွင်လည်း မာနများနှင့် အောက်သက်သက်ဖြစ်သွားသောကြောင့် မခံနိုင်သော အသံတစ်မျိုးထွက်လာသည်။ ကျွန်တော်လည်း ဘာမှဆက်မပြောဖြစ် ကားပြတင်းပေါက်မှသာအပြင်ကို ငေးနေလိုက်သည်။
ကားကဆက်လက်ထွက်ခွာလာသည်။ သတိထားမိ၍ ဟိုလူ့ကိုကြည့်လိုက်တော့ အခုထက်ထိကားပေါ်က မဆင်းသေး... ။ ကျွန်တော်စဉ်းစားကြည့်သည်...။ ကျွန်တော်စားနေကျ ထမင်းဆိုင်ကလူများလား...။ ကျွန်တော်မမှတ်မိ။ ကွမ်းယာဆိုင်က လူများလား ..။ ဒါလည်းမသေချာ...။ ကျွန်တော့်site နားကတစ်ယောက်ယောက်များလား..။ ဒါဆိုလည်း ကျွန်တော်က သတိမထားမိပေမယ့်... ကျွန်တော့်ကိုမျက်မှန်းတမ်းမိသူတစ်ယောက်ဖြစ်နိုင်သည်..။ ဘယ်လိုပင် စဉ်းစားသော်လည်း အဖြေမထွက်လာသဖြင့် ကျွန်တော်ဆက်မတွေးတတ်တော့..။
ကျွန်တော်ဆင်းရမည့် ကားမှတ်တိုင်ရောက်တော့.. ထိုလူကကျွန်တော့်ရှေ့ကအရင်ဆင်းသည်..။
ကျွန်တော့်ရှေ့ကပင်ခပ်သုတ်သုတ်လျှောက်ကာ နောက်ကိုတစ်ချက်မှလှည့်မကြည့်။ သူဘယ်ကမှန်းသိရန် ကျွန်တော်နောက်ကနေ အသာလိုက်ကြည့်သည်။ သူနှင့်ကျွန်တော်ကလည်း လမ်းကြောင်းကတူနေသည်။ သူသည်ကျွန်တော့်ရှေ့ကနေ ကျွန်တော်သွားနေကြလမ်းအတိုင်းသွားသည်..။ ထမင်းဆိုင်တွေနားရောက်သည် ။ သူမကွေ့......။ ကွမ်းယာဆိုင်ထဲလည်း သူဝင်မသွား..။ site နားကအိမ်တွေစီကလည်းမဟုတ်..။ တဖြည်းဖြည်းနှင့်site နားရောက်တော့ ကျွန်တော့်site ဘက်ကွေ့သည့်လမ်းကို ကွေ့သွားသည်။
ဟုတ်တော့ဟုတ်နေပြီ.........။ site ထဲကအလုပ်သမားတစ်ယောက်ယောက်ပင်ဖြစ်လိမ့်မည်။ ထင်သည့်အတိုင်းပင် သူသည် site ထဲကိုတည့်တည့်မတ်မတ်ပင်ဝင်သွားလေသည်။
သူသည်ကျွန်တော့်site ထဲမှဆေးသုတ်လူကြမ်းတစ်ယောက်ဖြစ်သည်။ ကျွန်တော် တော်တော်ပင်အားနာသွားသည်။ ကျွန်တော်သူ့ကိုဆက်ဆံလိုက်ပုံက ရင့်သီးသွားသည်ဟုထင်သည်။ သူကလည်း ကျွန်တော်က မခေါ်ချင်မပြောချင်သောကြောင့် သက်သက်မဲ့ လုပ်လွှတ်လိုက်သည်ဟု ထင်သွားနိုင်သည်။ တကယ်တော့ ကျွန်တော့်ရုပ်သည်မမှတ်မိစရာသိပ်တော့မရှိ..။ သူ့ကိုကျွန်တော်ချက်ချင်းပင် တောင်းပန်လိုက်သည်။
"အာ...ဦးလေး ဆောရီးဗျာ... ကျွန်တော်က ဆေးသုတ်တဲ့အ၀တ်အစားနဲ့ပဲမြင်နေကျဆိုတော့ ရုတ်တရက်စဉ်းစားမရလို့ပါ ဟီး ဟီး ဦးလေးကလည်းကျွန်တော်ကဘယ်ကလည်း မေးတော့ဒီကလို့ပြောရင်ရတာကို..."
လေပြေကလည်း သွေးလိုက်ရသေးသည်။ သူကလည်း ကျွန်တော့်ကိုပြန်အားနာသွားသည်ထင်သည်။
ကျွန်တော်လည်း တကယ်လူမှားနေတယ်ထင်လို့ပါ ဟုပြန်ပြောသည်။
တကယ်တော့ကျွန်တော့်လိုအပ်ချက်သာဖြစ်သည်။ ကျွန်တော်သည် လူမျက်နှာများကိုမှတ်ရာတွင် တော်တော်ညံ့ဖျင်းပါသည်။ သူအလုပ်လုပ်နေသည်ကို အာရုံစိုက်ပြီး သူ့မျက်နှာကို သတိမထားမိခြင်းမှာ လူတစ်ယောက်ကိုအသိအမှတ်မပြုသည်နှင့်တော်တော်ပင် ဆင်တူပါလိမ့်မည်။ သူသည်ကျွန်တော်ထိုသို့ဆက်ဆံမိသဖြင့် စိတ်မကောင်းလည်းဖြစ်သွားနိုင်လောက်သည်..။ ထို့ကြောင့်ကျွန်တော်သည် လူမူ့ဆက်ဆံရေးညံ့ဖျင်းသူတစ်ယောက်ဟုပင် သူထင်သွားနိုင်လေသည်။
ကျွန်တော်ကလည်းကျွန်တော်ပင် လူတွေရဲ့မျက်နှာကိုဆိုသိပ်ပြီးဂရုတစိုက်ကြည့်မိလေ့မရှိ..။ ခြွင်းချက်အနေနဲ့ ကောင်မလေးချောချောလေးများကိုတော့ တစ်ခါမြင်ဖူးရင် တစ်သက်မှတ်မိတတ်သည် :P ။ သူငယ်ချင်းကောင်မလေးတစ်ယောက်ကတော့ လူမျက်နှာတွေကို တော်တော်ပင်မှတ်မိသည်။ ယုတ်စွအဆုံးသူသည် ကားစပါယ်ယာများကိုပင် မှတ်မိလေသည်။ သူသည်လမ်းတွေကိုတော့ မမှတ်မိတတ်...။ ကျွန်တော်ကတော့ လမ်းများ၊တည်နေရာများနှင့်ပတ်သတ်လျှင် ကျွန်တော့်သူငယ်ချင်းများ ထက်ပို၍မှတ်မိသည်ဟုထင်သည်။
ကျွန်တော့်သူငယ်ချင်း ပြူးကတော့ မွေးနေ့များ၊ ဖုန်းနံပါတ်များကို သူများထက်ပို၍မှတ်မိသည်။ မွေးနေ့နှင့်ပတ်သတ်လျှင်လည်း ကျွန်တော်သည် ညံ့ဖျင်းသူတစ်ယောက်သာဖြစ်သည်။ ကျွန်တော့်မွေးနေ့မှလွဲ၍ ကျန်သောမွေးနေ့ဆိုလျှင် တစ်ခုကိုသာ မှတ်မိသည်။ ဒါတောင်ကျွန်တော်နှင့် ရက်လောက်ပဲကွာသောကြောင့်ဖြစ်သည်။ မွေးနေ့များကို မမှတ်မိသောကြောင့် သြော် ဟုတ်သားပဲ ဘာညာဆိုပြီး အလိုက်သင့်ပြောခဲ့ရသည်လည်းများပြီ။
လူသည်တစ်နေရာတွင် မှတ်ဥာဏ်ကောင်းသော်လည်း တစ်နေရာတွင် မကောင်းနိုင်ဟုထင်ပါသည်။ ကျွန်တော်သည်လည်း ထိုကဲ့သို့ပင် လမ်းများနှင့်ပတ်သတ်လျှင် မှတ်ဥာဏ်ကောင်းသော်လည်း လူ့မျက်နှာများ၊ ဖုန်းနံပါတ်များ၊ မွေးနေ့ နေ့စွဲများနှင့်ပတ်သတ်လျှင် ညံ့ဖျင်းပါသည်။ ထိုအကျင့်ကို အတတ်နိုင်ဆုံးပြင်ရပေဦးမည်။ မျက်နှာပူခဲ့ရ၊ မျက်နှာပျက်ခဲ့ရပေါင်း များခဲ့ပြီမဟုတ်လား....။
ရေးသားသူ....... မောင်ဖားကြီး 8 ယောက် မှတ်ချက်ပေးခဲ့သည်
အကြောင်းအရာတူ...... ကိုယ်ရေးတဲ့ကိုယ်တာ
တစ်ချိန်တုန်းက စာမေးပွဲ ရာသီ
9 May 2009အဲဒီ နွေရာသီလေးကို ဘယ်သူမှခိုးမစားခဲ့ကြဘူး။
-----------------------------------------------------------------------------
( ၁ )
စာလုပ်မယ်ဆိုရင် ကျွန်တော်တို့ မေဂျာက အတွက်အချက်တွေက များတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း အနှောက်အယှက် ဖြစ်စရာ မရှိဘူး..။ ပြီးတော့ ကျွန်တော်တို့က တစ်ယောက်မသိတဲ့စာကို တစ်ယောက်ကသိနေတာဆိုတော့ စာရှင်းပြရတာလည်း လွယ်အောင် တစ်နေရာတည်း စုပြီး စာတွေ တွက်ချက်ခဲ့ကြတာပါ ။ စာကလည်း နီးမှကြည့်ဖြစ်တာဆိုတော့ အသည်းအသန်ကို ညည့်နက်အောင် ကြည့်ရပါတယ်..။ ပုစ္ဆာတွေကလည်း ပုံသေနည်းက ခပ်များများ အဲ့ဒီတုန်းကတော့ ပုံသေကြီး မဖြစ်မနေ စာကြည့်ခဲ့ရတာကို တော်တော်စိတ်ညစ်ခဲ့ပါတယ်..။ ဒါပေမဲ့ မလုပ်ချင်ပေမယ့် မဖြစ်... ကျွန်တော်တို့အပေါ် မှာ မျှော်လင့်ချက်တွေထားတဲ့ မိဘတွေက ရှိသေးတာကိုး...။
ကျွန်တော်နဲ့နောက်နှစ်ယောက်ကတော့ တွက်ကောင်းကောင်းနဲ့ တွက်နေရင်းက ပြိုင်တူလိုလို ဗိုက်ဆာလာကြပါတယ်..။ ဒါနဲ့ အိမ်သော့ယူပြီး ခြံတံခါးဖွင့် ပြီးတော့ တံခါးကို အတွင်းက ပြန်ခတ်ပြီး ထွက်လာခဲ့ကြတယ်။ ဟိုကောင်နိုးနေရင်တော့ ကားကိုအသာလေး ဘီးလှိမ့် လမ်းထိပ်လောက်ရောက်မှ စက်နှိုးပြီး လှည်းတန်းလောက်မှာ ညလုံးပေါက် ဖွင့်တဲ့ ဆိုင်တွေမှာ သွားစားဖြစ်နေဦးမှာ ..။ အခုဒီကောင်က အိပ်ပျော်နေပြီ ဆိုတော့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ပဲ လမ်းလျှောက်ထွက်လာခဲ့တယ်..။
သံလမ်းထဲမှာက အခုလို နှစ်နာရီ အချိန်လောက်ထိဖွင့်တဲ့ လက်ဘက်ရည်ဆိုင် ဒါမှမဟုတ် ထမင်းကြော်ဆိုင် ရှိမရှိ ကျွန်တော်တို့ မသိကြပါဘူး..။ ဆိုင်လိုက်ရှာရင်းနဲ့ စန္ဒာမြိုင်ရုပ်ရှင်ရုံ ဘေးလမ်းထဲ တော်တော်ဝင်လိုက်ရပါတယ်..။ အဲ့ဒီလမ်းထဲက လက်ဘက်ရည်ဆိုင်မှာ ထမင်းကြော်စားလိုက်မှပဲ ဗိုက်ဆာပြေပြီး လူတွေလည်း ပြန်ပြီးလန်းဆန်းလာပါတယ်..။ အစာလေး ရှိမှ အသံထွက်လာတဲ့ ကျွန်တော်လည်း ပါးစပ်က နောက်တီးနောက်တောက်တွေ ပြန်ပြောလာနိုင်တော့တယ်...။
တွေ့လိုက်ကြတယ်..။
ဒီအချိန်ကျမှ ပြန်လာတယ် ဆိုရင်တော့ အချိန်လွန်ငှက်လေးတွေလား မသိဘူး..။ ဒီကနေ မြင်ရတာတော့
ဖြူဖြူချောချောလေးတွေ...ငါတို့ ကံများကွာ စာမေးပွဲဖြေခါနီး အချိန်နဲ့မှ လာတိုးနေရတယ် လို့
တစ်ယောက်နဲ့ တစ်ယောက်မချိတင်ကဲ အသားယူပြောလိုက်ကြတယ်..။ ပြီးတော့ လမ်းမဘက် ကျွန်တော်တို့ ဆက်လျှောက်အလာ တက္ကစီခ ရှင်းနေတဲ့အဲ့ဒီနှစ်ယောက်နဲ့လည်း တဖြည်းဖြည်းနီးလာတယ်..။ မီးမှိန်မှိန်ကနေ လှမ်းမြင်လိုက်ရတဲ့အလှကလေးကို အနီးကပ်မြင်ချင်တဲ့ ဇောတွေကလည်း မြင့်လာတာပေါ့လေ...။ ပြီးတော့ သူတို့နဲ့လည်း နီးလာရော လမ်းမလွတ်တဲ့ ကျွန်တော့်သူငယ်ချင်း နှစ်ယောက်က ကျွန်တော့်ကို အလယ်မှာထားပြီး ဘေးတစ်ဖက်တစ်ချက်က ရှောင်ထွက်အသွား ကျွန်တော်က သူတို့နှစ်ယောက်ထဲက တစ်ယောက်နှင့် ထိပ်တိုက်တိုးမိသလို ဖြစ်ခါနီး သူ့လက်ထဲက လက်ကိုင်ပုဝါဖြူဖြူလေးက ရုတ်တရက် ကျွန်တော့်အရှေ့ဝေ့၀ဲ ကျလာတယ်...။
ဒါကို ကျွန်တော်က ကောက်ပေးမလို့ လှမ်းလိုက်တဲ့ အချိန်မှာ သူကလည်း ပြန်အကောက် သူ့လက်ကလေးကို ကျွန်တော့်လက်က ကိုင်မိသလိုဖြစ်သွားတယ်။ အဲ့ဒီမှာတင် သူကရှက်သွားပြီ လက်အရုတ်မှာ ကျွန်တော်က သူ့ကို အားနာသလိုကြည့် သူကလည်း ရှက်ကိုးရှက်ကန်းတွေ ဖြစ်သွားတယ်..။ ဒီနောက်မှာတော့ ကျွန်တော်နဲ့သူနဲ့........။
( ၄ )
"ငါတို့က တော်တော်လေးနီးကတည်းက သိတယ်ကွ... အဲ့ဒါကြောင့် ရှောင်လိုက်တာ.. မင်းကတော့ အမြဲရာဇ၀င်နဲ့ပဲနော်.. အခြောက်တွေက မင်းဆို တော်တော်ကြည်ကြတယ်"
ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော်ဟာ ကောင်မလေးတွေ ကြွေလောက်တဲ့ ရုပ်ရည်မျိုးလုံးဝမရှိပေမယ့် မာမီတွေနဲ့ကတော့ဘယ်ဘ၀က ရေစက်လည်း မသိဘူး နောက်ကြောင်းလေးတွေ ရှိခဲ့တာကိုး ( ကြုံရင် ထပ်ရေးပါဦးမယ်ခင်ဗျာ ) ။ နောက်နေ့ ကျောင်းတက်တော့ ဖားကြီး ညတုန်းက စွံချက်ကတော့ ဆိုပြီး ဟိုနှစ်ကောင်က လိုက်လံမောင်းထုနေပါတယ် ။ ကျွန်တော့်မှာ စပ်ဖြီးဖြီးနဲ့ အားလုံးကို
လိုက်ရှင်းပြရတယ်..။ ရှင်းပြရမှာပေါ့ ဒီကောင်တွေက ကျွန်တော်ကပဲ စာမေးပွဲ ဒီလောက်နီးနေတာတောင်မှ တဏှာဇောကြွပြီး မာမီတွေကို သွားညုတယ်လုပ်နေကြတာကိုး..။
အခုကျတော့လည်း ဒါတွေကအမှတ်ရစရာတွေ ဖြစ်သွားပြီ..။ လက်ဘက်ရည်ဆိုင်မှာပဲဖြစ်ဖြစ် ဘီယာဆိုင်မှာပဲဖြစ်ဖြစ် တစ်နေရာရာမှာ တွေ့တာနဲ့ လွတ်လပ်ပေါ့ပါးခဲ့တုန်းက နေ့တွေကို ကျွန်တော်တို့ ပြန်ပြောပြီးရယ်မောကြစမြဲ...။ အတိတ်ဆိုတာကလည်း ဒါဏ်ရာတွေနဲ့ပဲ
အမြဲဖွဲ့စည်းထားတာမဟုတ်ဘူး မဟုတ်လား...။ သေချာပါတယ်ဗျာ ကျွန်တော်တို့ ရယ်မောခဲ့ကြဘူးပါတယ်လေ....။
ရေးသားသူ....... မောင်ဖားကြီး 9 ယောက် မှတ်ချက်ပေးခဲ့သည်
အကြောင်းအရာတူ...... ကိုယ်ရေးတဲ့ကိုယ်တာ
ပြန်လာချိန်
9 April 2009ဘလော့တွေနဲ့ အချိန်အနည်းငယ် ဝေးကွာခဲ့တဲ့ ကျွန်တော် အခု ပြန်ရေးဖို့အတွက် ပြန်လာပါပြီ...။ ပြန်ရေးမယ် ဆိုပေမယ့် ကျွန်တော်ဘာကိုရေးရမလဲ မစဉ်းစားရသေးပါဘူး...။ ဒါပေမယ့် အကြောင်းအရာ တစ်ခုခုကိုတော့ ရေးနိုင်အောင်ကြိုးစားသွားမှာပါ။ ဘလော့ဂ်ကို ပိတ်ထားလိုက်ရတဲ့ အကြောင်းကတော့ template ကလိတာ လွန်ပြီး ရှင်းနေရတာရယ်.. ရေးချင်စိတ်လျော့ နည်းသွားလို့ရယ်ပဲ ဖြစ်ပါတယ်...။ ဒါပေမယ့် နားနေတဲ့ အချိန်အတွင်းမှာ ကျွန်တော် ပြောစရာတွေ၊ ရေးချင်စရာတွေ အများကြီးရလာပါတယ်..။ ကျွန်တော့် ဘလော့ဂ်ပိတ်ထားတုန်းက ဘာကြောင့် ဖတ်လို့မရတော့တာလဲ.... ဘလော့ဂ်က ဘာဖြစ်သွားတာလဲဆိုပြီး သူငယ်ချင်းတွေက လာမေးကြပါတယ်...။ ဟုတ်တော့လည်း ဟုတ်တယ် google လုပ်ပုံက သူတို့ နိုင်ငံက ယဉ်ကျေးမူ့အရဆိုရင် ဘယ်လိုနေမလဲ မသိပေမယ့်ကျွန်တော်တို့ အနေနဲ့ ဘာသာပြန်ကြည့်ရင်တော့ ကိုယ့်ကိုပဲ မဖတ်စေချင်လို့ ပိတ်လိုက်သလိုမျိုးဖြစ်နေတာကိုး...........။ ရေးပုံကလည်း ကြည့်လေ..
"This blog is open to invited readers only
http://phargyi.blogspot.com/
It doesn't look like you have been invited to read this blog. If you think this is a mistake, you might want to contact the blog author and request an invitation. "
ဆိုတော့က ဒီစာကို ဖတ်ကြည့်ရင် အောင့်သီးအောင့်တောက် ဖြစ်ရသလိုပါပဲ....။ ဘလော့ဂ်နဲ့ မစိမ်းတဲ့သူတွေ အထူးသဖြင့် ဘလော့ဂ်ဂါတွေကတော့ ကိစ္စမရှိပေမယ့် အပြင်က သူငယ်ချင်းတွေကိုတော့ ကျွန်တော်ရှင်းပြလိုက်ရပါတယ်..။ တကယ်တော့ ကျွန်တော်က ဒီဘလော့ဂ်ကို ကျွန်တော်တစ်ယောက်တည်း ဖတ်လို့ရအောင် ကန့်သတ်ပြီး ပိတ်လိုက်တာပါ...။
အခုတော့ google တို့ရေးပုံက ဒီလိုဆိုတော့ ကျွန်တော့်မှာ သူငယ်ချင်းတွေကို ရှင်းပြနေရပါတယ်။ တကယ်ဆို ဒီဘလော့ဂ်ဟာ စာရေးသူတစ်ယောက်တည်း ဖတ်နိုင်ပါတယ် ဘာညာဆိုပြီး
သတိပေးသင့်တာပေါ့... ။ ခုတော့ လုပ်ပုံက..။ အဲ့ဒီအတွက် ကျွန်တော့်ကို အားပေးကြတဲ့ သူငယ်ချင်းများ၊ မိတ်ဆွေများကို အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ..။ ဘာပဲဖြစ်ဖြစ် ကျွန်တော်
ပြန်ရေးနိုင်အောင် ကြိုးစားသွားပါမယ်..။ ပြန်ရေးဖို့အတွက် မြှောက်ထိုးပင့်ကော် အဲ အဲ နောက်တာ :) တိုက်တွန်းကြတဲ့ သူငယ်ချင်းများကိုလည်း အရမ်း အရမ်းကို ကျေးဇူးတင်ပါတယ် ခင်ဗျာ..။
ရေးသားသူ....... မောင်ဖားကြီး 13 ယောက် မှတ်ချက်ပေးခဲ့သည်
အကြောင်းအရာတူ...... ကိုယ်ရေးတဲ့ကိုယ်တာ

