အတောင်ပံလေး ပေါက်တဲ့နေ့

18 August 2008

အတောင်ပံလေး စပေါက်တဲ့နေ့က
ကျွန်တော်တအား ပျော်တာပဲ မေမေ
လေထဲကိုဝဲပျံ သွားပြီး
လောကကြီးကို ငုံ့ကြည့်ရတာ
အရာရာဟာ ဆန်းကြယ်လှပစွာ

တစ်ချို့ လင်းယုန်ကြီးတွေက
ခန့်ခန့် ညားညားနဲ့ ၀ဲပျံနေတာ
သူတို့လို အမြင့်မှာပျံဖို့ဆို
ကျွန်တော် ကြိုးစားရဦးမယ် မေမေ

သူတို့ ခေါင်းတစ်ချက်ညိမ့်လို့
အသိအမှတ် ပြုခဲ့ရင်တောင်
ကျွန်တော်က ၀မ်းသာမဆုံး

ပျော်ပါတယ် မေမေ
ကျွန်တော် တစ်ယောက်တည်းမဟုတ်မှန်း
သိလိုက်ရတော့
သူတို့က လက်တွဲခေါ်ကြတယ်။

ကျွန်တော်တို့ ကမ္ဘာကြီးအကြောင်း
လောကသုံးပါးအကြောင်း
ဆစ်ဂမန်ဖရိုက် အကြောင်း
ပဲရစ်ဟီတန် အကြောင်း
နောက်ဆုံးပေါ်နည်းပညာ အကြောင်း
ဗင်ဂိုးရဲ့ နားရွက်တစ်ဖက်အကြောင်း
ငရဲဘုံ အကြောင်း
သံသရာ မကြောက်တဲ့ ပန်းပွင့်တွေအကြောင်း
မရိုးနိုင်တဲ့ အကြောင်းတွေဆွေးနွေးကြတယ်

ကောင်းကင်ကြီးက လွတ် လပ် ပွင့် လင်း
စိတ်ရှိသလောက် ပျံနိုင်တယ်
ယုံကြည်ချက်တော့ လိုတာပေါ့

ဒါပေမယ့်သူတို့ မကြိုက်ဘူး မေမေ
အမှောင်ထဲက မျက်လုံးတွေ
အခွင့်သာတာ နဲ့ မုန်တိုင်းဆင်ဖို့
ကျွန်တော်တို့ကို စောင့်ကြည့်နေတယ်။

အတောင်ပံ လေးပေါက်တဲ့ နေ့က
ကျွန်တော်ပျံတက် လိုက်တော့
ကောင်းကင်ကြီးက အကျယ်ကြီး
ကျွန်တော်မသိတာတွေက လည်းအများကြီး

ကျွန်တော်သိတဲ့ နေရာမှာပဲ
ရပ်မနေချင်ဘူး မေမေ
ဘ၀ဟာ တစ်ခုတစ်ခုကိုသိဖို့
အသက်ရှင်နေရတာ မဟုတ်လား

အဲဒါကြောင့်
ကျွန်တော်ဆက်ပျံသန်းနေတာ
အတောင်ပံ လေးပေါက်တဲ့
နေ့ကတည်းပေါ့ မေမေ ။

(ဘလော့ဆိုတာကို သိပြီး စတင်ရေးဖြစ်သော နေ့သို့ အမှတ်တရ)

2 ယောက် မှတ်ချက်ပေးခဲ့သည်:

တင့်ထူးရွှေ said...

ကိုဖားကြီး ရေ အရေးအသားတွေအရမ်းကောင်းတယ်ဗျ
ဟော့ဒီကျယ်ပြောတဲ့ ကောင်ကင်ကြီးထဲမှာ ကျွန်တော်တို့လဲ အတောင်ပံတစ်စုံပဲ ပိုင်ပါတယ်ခင်ဗျာ ။

Unknown said...

ကိုဖားကြီးရေ မိုက်တယ်ဗျာ ကျွန်တော်တို့အတူတူပျံသန်းနေသမျှ တစ်ယောက်တောင်ပံတစ်ယောက်ယှက်လို့ ပေါ့ ပျံသန်းကြရအောင်ဗျာ ကောင်းတယ်ကဗျာလေး :)