Ten Things I Hate About Myself

26 November 2008

တစ်နေ့တစ်၌ ကျွန်ုပ်သည် မိမိ၏ ဘလော့ဂ်ကိုဝင်ခိုက် အလွန်တရာ အငြိမ်မနေသော ဟန်သစ်ငြိမ်ဟု အမည်ရသည့်ဘလော့ဂ်ဂါ အစ်ကိုကြီး ဟန်သစ်ငြိမ်သည် မိမိကိုယ်ကို မုန်းသည့်အချက် ၁၀ ချက်ဟူသော အကြောင်းဖြင့် tag ရာတွင်ကျွန်ုပ်သည် မိမိကိုယ်ကို အမှန်တကယ်အားဖြင့် မုန်းတီးလွန်းလှ ခြင်းမရှိသော် လည်း တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုမကြိုက်သော အချက်များအား စဉ်းစားမိပြီးလျှင် ၁၀ ချက်မက များပြားလှသော်လည်း tag ခြင်းထုံးဓလေ့အရ ပိုပြီးစကားရှည်ရန် မသင့်လျော်သဖြင့် ကိုယ့်ကိုယ်ကို မုန်းတီးသော အချက်များထဲမှ ၁၀ ချက်အား selection ထုတ်နှုတ်ကာ Ten things I hate about myself ဟူသော အမုန်းစာရင်းကို ပြုစုလိုက်လေသည်။

ကျွန်ုပ်သည် ငယ်စဉ်က လူအများက အနည်းငယ်မျှ ပြစ်တင်ပြောဆိုရုံလောက်ဖြင့် ငိုကြွေးတတ်ပြီး၊ အရွယ်ရောက်လတ်သော်ထိုအကျင့်မှာ လျော့ပါးပျောက်ကွယ်သွားသော်လည်း၊ လူတို့၏ စကားသံများအား တစ်ခါတစ်ရံ မိမိကို အပြစ်တင်ပြောလေသည်လားဟု အထင်ရောက်မိပါသည်။ တကယ်တော့ ထိုအရာသည် ကျွန်ုပ်ကိုယ်ကျွန်ုပ် သံသယ ကြီးလွန်းခြင်းသာ ဖြစ်လေသည်။ကိုယ့်ကိုယ်ကိုယ် သံသယကြီးတတ်သော ကျွန်ုပ်၏ စိတ်ကို မုန်းတီးလှပါသည်။

သူငယ်ချင်း မိတ်ဆွေများထံမှ ပိုက်ဆံချေးတတ်သော ကျွန်ုပ်သည် ပြန်ဆပ်ရာတွင်မူ အလွန်နှမြော တွန့်တိုတတ်ပါသည်။တကယ်တော့ ကိုယ့်ကိုယုံကြည်၍ ချေးသောသူကို ထိုကဲ့သို့စိတ်မျိုးထားရန် မသင့်လျော်ကြောင်းသိသော်လည်း ကျွန်ုပ်သည်ပြန်ဆပ်ခါနီးတိုင်း ထိုကဲ့သို့စိတ်မျိုးဖြစ်ပေါ်တတ်ပါသည်။ ထိုအကျင့်ကိုလည်း မုန်းပါသည်။( ထိုအကျင့်ကို မုန်းသောကြောင့် ပြင်မည်ဟု ယတိပြတ် ဆုံးဖြတ် နေသောကြောင့် ကျွန်ုပ်အား ပိုက်ဆံချည်းလိုသူများ ဤနေရာတွင် စာရင်းပေးသွင်းနိုင်ပါသည်။
ဤကား.... စကားချပ်)

လူအများသည် မိမိထက် အသက်အရ၊ ၀ါအရ ကြီးသော သူများနှင့် စကားပြောဆိုဆက်ဆံရာတွင် အရိုအသေ ကောင်းများပေးမည်ဖြစ်သော်လည်း၊ မလွှဲမရှောင်သာ၍ ကိုယ်မကြည်ညိုသူများအား လေးစားသမူ့ပြုရရာတွင် စိတ်ညစ်ညူးကြမည် အမှန်ဖြစ်ပါသည်။ ကျွန်ုပ်သည်လည်း ထိုအချိန်မျိုးတွင် မျက်နှာကြီးအား ဖြီးထား၍ အလွန်ပင် ဟန်ဆောင်နေရသော်လည်း၊ တကယ်တမ်းတော့ ထိုကဲ့သို့ ဟန်ဆောင်ရခြင်းမျိုးကို မုန်းပါသည်။ ထိုအချိန်တွင် ဖြစ်နေသည့် ကျွန်ုပ်၏ မျက်နှာစပ်ဖြီးဖြီး ကြီးအားလည်း တွေးမိသည်နှင့် အော့နှလုံးနာကာ အလွန်မုန်းတီးမိပါသည်။ သို့သော် ကျွန်ုပ် မည်သို့မျှ မတတ်နိုင်ပါ။ ဘ၀သည် ဟန်ဆောင်ခြင်းများဖြင့် ဖုံးအုပ်ထားသော ကပွဲတစ်ခုလည်း ဖြစ်ပေသည်။

သူငယ်ချင်းများနှင့် အောင်ပွဲခံလျှင် ယမကာသည်လည်း ကျွန်ုပ်တို့အသိုင်းအ၀ိုင်းကြားတွင် မပါမဖြစ် ဖြစ်လာသည်။ အလွန်အကျွံသောက်မိသောကြောင့် အရက်နာကျကာ အရက်ကိုမုန်းတီးသွားသော်လည်း ထိုစိတ်မှ ခဏပင်ဖြစ်လျှက် နောက်နေ့နောက်နေ့များတွင် ပွဲလမ်းတစ်ခုရှိသည်နှင့် ပြန်လည်သောက်ရန် လက်မနှေးသောကြောင့် မုန်းတီးရမည့်အရာမှာ မပြတ်သားသော ကျွန်ုပ်၏ စိတ်သာဖြစ်လေသည်။

ကျွန်ုပ်ဘ၀တွင် ကျွန်ုပ်အား သန့်စင်သော စေတနာဖြင့် မေတ္တာထားသူများရှိသော်လည်း ကျွန်ုပ်စိတ် အလိုမကျသည်နှင့် ထိုသူများအား ပြစ်တင်ပြောဆိုလိုစိတ်များဖြစ်တတ်ပါသည်။ ထိုနောက်ပိုင်းတွင်လည်း အမြဲနောင်တရ၍ ပြစ်မှားမိသော ကျွန်ုပ်ကိုယ်ကျွန်ုပ်အား မုန်းတီးမိပါတော့သည်။

မိုးနည်းနည်းအေးသည်နှင့် သို့မဟုတ် အကြောင်းတိုက်ဆိုင်သည်နှင့် ကျွန်ုပ်၏ ကျောက်ကပ်သည်
အမြဲလိုလို ဒုက္ခပေးလေ့ ရှိသည်။ တစ်နေ့တစ်၌ ရည်ရွယ်ထားသော မိန်းကလေးတစ်ယောက်အား ကားမှတ်တိုင်တွင် စကားပြောနေခိုက် သူမကလည်း ကျွန်ုပ်အား ထို့နေ့တွင်မှ ထူးထူးခြားခြား မျက်နှာသာ ပေးကာ ရွှင်လန်းဖွယ်စကားများ ပြန်လည်ပြောကြားနေတုန်း ကျွန်ုပ်သည် ဆီးအလွန်သွားချင်လာလေသည်။ ထို့ကြောင့် ခဏနော်ဆိုကာ အနီးအနားမှ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ကိစ္စဖြေရှင်း ပြီးနောက် ကားမှတ်တိုင်သို့ ပြန်လာရာတွင် သူမကို မတွေ့ရတော့ပေ။ မှီရာ ကားတစ်စင်းနှင့် ထွက်သွားခြင်းဖြစ်ပေသည်။
ဇာတ်လမ်းကောင်းချိန်မှ ဒုက္ခပေးတတ်သော ကျွန်ုပ်၏ ကျောက်ကပ်အား မုန်းတီးမိပါတော့သည်။

ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသောကြောင့် မကြာခဏဆိုသလိုပင် အရှုံးများနှင့်ရင်ဆိုင်ရလေ့ရှိသော ကျွန်ုပ်သည် အရှုံးများကို မုန်းတီးခြင်း မရှိသော်လည်း အထင်ကြီးတတ်သော ကျွန်ုပ်၏ စိတ်ကိုမူ အလွန်မုန်းတီးမိပါသည်။

ကာလသုံးပါး၊ အရိပ်သုံးပါး၊ လောကသုံးပါး အစရှိသော သုံးပါးသော တရားများကို နားမလည်ပဲ ၀င်လျှာရှည် တတ်သောကြောင့် အလွဲလွဲအချော်ချော် များဖြစ်ရာတွင် လျှာရှည်မိသော ကိုယ့်ပါးစပ်အား ကိုယ်ပိတ်ရိုက်ချင် စိတ်ပင်ဖြစ်ပေါ်လာပြီး ထိုပါးစပ် အားပြောခွင့်ပေးသော ကျွန်ုပ်၏ ဦးနှောက်သေးသေးကိုလည်း မုန်းတီးပါသည်။

အချိန်ကို အကောင်းစား ၀ိုင်တစ်ခွက်လို ဇိမ်ခံသောက်သုံးတတ်သော ကျွန်ုပ်သည် ထိုအကျင့်ကြောင့်ပင် ရထားများတစ်စင်းပြီးတစ်စင်း ၀င်လာကာ လူအများကလိုရာထွက်သွားကြသော်လည်း ကျွန်ုပ်မှာမူ ဘူတာရုံထဲတွင်သာ ရပ်လျက် ကျန်ခဲ့ပါသည်။ အချိန်ဖြုန်းတီးမိသည်ဟု နောင်တများရလာသောအခါ ယနေ့ကျွန်ုပ်သည် မနေ့ကကျွန်ုပ်ကို မုန်းတီးမိပါ တော့သည်။ သို့သော် ထိုအချိန်ဖြုန်းသော အကျင့်ကတော့ ယနေ့အထိ မပျောက်နိုင်သေးပေရာ ယနေ့အချိန်ဖြုန်းမိသော ကျွန်ုပ်ကို မနက်ဖြန်တွင် ကျွန်ုပ်က မုန်းတီးကောင်းမုန်းတီးမိပေလိမ့်မည်။

ကိုယ့်ကိုယ်ကို မုန်းတီးသော ကိစ္စများတွင် ကျွန်ုပ်ကိုယ်ကျွန်ုပ် နောင်တများအပြည့်ဖြင့် မုန်းတီးသော ကိစ္စမှာ ရိုးသားမူ့ကို သစ္စာဖေါက်မိခြင်းဖြစ်သည်။ နာမည်အတွက်၊ ဂုဏ်သိက္ခာအတွက်၊ ကျော်ကြားမူ့အတွက် ရိုးသားခြင်းကို သစ္စာဖေါက် မိခဲ့သော ကျွန်ုပ်သည် ထိုအပြုအမူအတွက် လွန်စွာရှက်ရွံ့သည့်အပြင် ထိုအကျင့်ဆိုးကြီးအားလည်း အလွန်မုန်းတီး ပါသည်။ သစ္စာဖေါက်ခဲ့သမျှ အဖြစ်များတွင် အနုပညာအား သစ္စာဖေါက်ချင်သော စိတ်ဓါတ်ဆိုးကြီးအားလည်းအမုန်းတီးဆုံးပင် ဖြစ်ပါတော့သည်။

ဤကား ကျွန်ုပ်ကိုယ်ကျွန်ုပ် မုန်းတီးသော အချက်များထဲမှ ၁၀ ချက်အား ရွေးချယ်ဖေါ်ပြခြင်း ဖြစ်ကာ tag တို့၏ ထုံးစံဓလေ့ အရ မည်သူ့ကို ဆက်လက် tag ရမည်နည်းဟု စဉ်းစားမိလတ်သည်ရှိသော် ကျွန်ုပ်သည် အောက်ပါသူတို့အား တွေးတောမိလေသည်။

9 ယောက် မှတ်ချက်ပေးခဲ့သည်:

WWKM said...

ဟဟ ဒီတက်ဂ်ကို မနေ့ကတည်းကရေးနေတာ
ရေးလိုက် ဖျက်လိုက်နဲ့ ..မရေးတတ်လို့ မပြီးတော့ဘူး။ ကိုယ့်ကိုကိုယ်မှ မမုန်းတာကို အတင်းလာမုန်းခိုင်း
နေကြတယ်နော်... ဘာရေးရ
မယ်မှန်းမစဉ်းစားတတ်အောင်ပဲ။ ဟဟား
အင်းပါ..လုပ်ကြပါ..သူတို့ခေတ်ကိုးးးး)

:P said...

ကိုယ့်ပေါင်ကိုယ်ပြန်ထောင်းတဲ့ တက်ဂ်ပေါ့နော်....

Anonymous said...

အီးး
ကိုယ့်ဖာသာတော့မရေးဘူး။
လက်ပံသားဓားနဲ့ချိုင်ပြန်ပြီ။

ကိုဖား
ခင်ညားတော့နာမယ်

ရေတွေသိပ်မသောက်နဲ့လေ
ဒီတိုင်းဆိုဘယ်လွယ်မလဲ။

Chaos said...

သူ့ဟာသူရေးချင်ရာ ချရေးသာ ဖီးကြမ်းတစ်ဖီး အဲလေ ဖားကြီးတစ်ယောက် မနေနိုင် မထိုင်နိုင် လာတက်ခြင်းကို အလွန်မုန်းတီးသည်။ ( စကားချပ်။ ။ အမှန်တော့ ကုန်ကြမ်းရသွားခြင်းဖြစ်သည်ကို ဟန်ဆောင် ဖုံးဖိထားသော ထိုစိတ်ကို မုန်းတီးမိသည်။)
ဖီးကြမ်းတို့ကတော့ လုပ်ပီ။
ဖီးကြမ်းခေါင်းစဉ်နဲ့ နောက်ရက်မှ လာကိုတက်ဦးမယ် စောင့်နေ။ ဟွန်းးးးးးးးးးဟွန့်.... :)

ရွှန်းမီ said...

=)
စောင့်ပါဦးနော်.. ရှေ့မှာ တန်းစီနေတာတွေတောင် မရှင်းရသေးဘူး..

Anonymous said...

အဟေးဟေး အကျင့်တွေပေါ်ကုန်ပြီဗျို့ နောင်ဆိုသတိထားပေါင်းရတော့မှာပေါ့ ဟိဟိဟိဟိ
မိတ်ဖြစ်ဆွေဖြစ်စတာနော စိတ်မဆိုးရဘူး စိတ်ဆိုးရင်ဘူ
ဒါးကြီးလာကိုက်လိမ့်မယ် ဟီးဟီး

မသက်ဇင် said...

ပိုစ့်လေးကို လာဖတ်သွားပါတယ်--

Anonymous said...

သူငယ်ချင်းများနှင့် အောင်ပွဲခံလျှင် ယမကာသည်လည်း ကျွန်ုပ်တို့အသိုင်းအ၀ိုင်းကြားတွင် မပါမဖြစ် ဖြစ်လာသည်။ အလွန်အကျွံသောက်မိသောကြောင့် အရက်နာကျကာ အရက်ကိုမုန်းတီးသွားသော်လည်း ထိုစိတ်မှ ခဏပင်ဖြစ်လျှက် နောက်နေ့နောက်နေ့များတွင် ပွဲလမ်းတစ်ခုရှိသည်နှင့် ပြန်လည်သောက်ရန် လက်မနှေးသောကြောင့် မုန်းတီးရမည့်အရာမှာ မပြတ်သားသော ကျွန်ုပ်၏ စိတ်သာဖြစ်လေသည်။

ဒါလေးကတော့ တူသွားပြန်ပြီဗျို့

ရွှန်းမီ said...

မနေ့က ရေးပြီးတယ်..