Cheers !

9 December 2008

ကျောင်းပြီးတာက တစ်နှစ်ကျော်ပြီ...။ ဟိုသွားမယ် ဒီသွားမယ် ဆိုပြီး သင်တန်းတွေတက်သော်လည်း အခုထက်ထိ ဘယ်နိုင်ငံမှ မရောက်သေး ....။ တစ်နေ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်က survey အလုပ်တစ်ခုရှိတယ် လုပ်မလားဟု မေးသည်။ လခက နည်းလွန်းသော်လည်း အတွေ့အကြုံက အဓိကဖြစ်သောကြောင့် လုပ်မည်ဟု ခေါင်းညိတ်လိုက်သည်။ ကျွန်တော့်သူငယ်ချင်းက သူတို့ခေါ်တဲ့ အချိန်အလုပ်စ၀င်ကြမည်ဟု ပြောသောကြောင့် စောင့်ခဲ့ကြသည်။ တစ်ပတ်လောက်ကြာသောအခါ ကျွန်တော်တို့ကို အလုပ် ၀င်ဖို့ခေါ်တော့သည်။ ခေါ်မှာပေါ့.... သူ့အဖေက ပြောပေးတာကိုး... ။ ကျွန်တော့်သူငယ်ချင်း အဖေကောင်းမူ့ဖြင့် အလုပ်တစ်ခုတော့ ရလေပြီ။ ပြီးတော့ survey လုပ်ငန်းဆိုတာက အများစုလုပ်နေကြသော အလုပ်မဟုတ်သည့်အပြင် သင်တန်းတွေဘာတွေလည်း သီးသန့်မရှိ..။ အခြား structure တွေဘာတွေကတော့ သင်တန်းတွေရှိသည်။

အလုပ်က နယ်ကိုအချိန်မရွေးထွက်နေရမည်ဟု ပြောသည်။ နယ်ကိုထွက်ရမည် ဆိုသောကြောင့် ထုံးစံအတိုင်း သူငယ်ချင်းတွေ ဆုံကာ နှုတ်ဆက်ပွဲလုပ်ကြသည်။ ကျွန်တော်တို့က ဒီလိုမျိုး...ဖြစ်သည်။ အမြဲမဟုတ် သော်လည်း သောက်စရာ အကြောင်းပြချက်ကတော့ အမျိုးမျိုးရှာတတ်ကြသည်။ သောက်ပွဲပြီးခါနီး ကြတော့ နောက်ဆုံးတစ်ခွက်ကို ချီးယားစ်က လုပ်ကာ သိမ်းကြသည်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် တိုင်ပေးလိုက်တဲ့ ဆုတောင်းသံကို တော်တော်လေး သဘောကျသွားသည်။ သူလည်း သူ့သူငယ်ချင်း DSA ကကောင်တွေဆီက ကြားတာလို့ပြောပါသည်။ ဟိုဘိုးတော်လေးတွေက ဘယ်ကကြားလာတာလား ထွင်လိုက်တာလားတော့ ကျွန်တော်လည်းမသိ....။ ဆုတောင်းပုံက ဒီလိုပါ...။

နောင်ဘ၀ကို အမေရိကန်စစ်သား
ကိုရီးယား ယောကျာင်္း
မြန်မာလူကြီးသား ဖြစ်ပါစေ...

တဲ့။ ဟုတ်တာပေါ့လေ... ကိုယ်လုံးကိုယ်ထည်၊ရုပ်ရည်ရူပကာနဲ့ ပါဝါလေးက ပါရှိနေတော့ သကောင့်သားတွေခမြာလိုချင်ကြမှာပေါ့....။
ဒါနဲ့ ကျွန်တော်တို့က တွေးမိပြီး ပြောလိုက်သည်။ သူ့ဆုတောင်းအား လေးကြောင်းပြည့်အောင် နောက်ထပ်တစ်ကြောင်း ထပ်ထည့်လျင် ပိုပြီးတော့ ပြီးပြည့်စုံသွားမည် အကြံပြုကြကာ နောက်ထပ်တစ်ကြောင်း ထပ်မံဖြည့်စွက်လိုက်သည်...။

နောင်ဘ၀ကို အမေရိကန်စစ်သား
အင်္ဂလန်ဘောလုံး သမား
ကိုရီးယား ယောကျာင်္း
မြန်မာလူကြီးသား ဖြစ်ပါစေ...

ကဲ... ဘယ်လောက်ပြည့်စုံသွားပြီလဲ...။ ဒီပို့စ်ကို ဖတ်တဲ့ ယောကျာင်္းလေးတွေလည်း ချီးယားစ်လုပ်ချင်ကြလား.....။ ဒါဆိုရင်တော့ တစ်ခွက်လောက်....။

Cheers !

(မှတ်ချက်.... မိန်းကလေးများလည်း နောင်ဘ၀ ယောကျာင်္းလေးဖြစ်လျင် ထိုကဲ့သို့ဖြစ်စေရန် ဆုတောင်း နိုင်ပါသည်)

14 ယောက် မှတ်ချက်ပေးခဲ့သည်:

Anonymous said...

ဟားဟား... အမှန်ပဲ ကိုယ့်ဆရာ မြန်မာလူကြီးသားတောင်မှ ဦးသန်းရွှေ သားလောက်ဖြစ်မှတော်ကာကျမယ်ဗျ။
အတွင်းရေးမှုးလောက်ကတော့ အသက်ဖက်နဲ့ ထုတ်ထားရမှာဗျ အဟိဟိ
ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ နောင်ဘ၀အတွက် အမေရိကန်စစ်သားလဲ မဖြစ်
ချင်ဘူး၊ အင်္ဂလန်ဘောသမားလောက်ဖြစ်ရင်တော်ပြီ။

Saing Khan Tun said...

ဟီး ... ဟီး ... တော်တော် နောက်တဲ့လူ .....

puluque said...

ကောင်းလိုက်တဲ့ ချီးယားခေါ်သံ ..တက် ..တက်..တက်..မန်မိုရီထဲရိုက်သွင်းနေခြင်းဖြစ်ပါသည်။ နောင်ချီယား ခေါ်တဲ့ အခါမှတ်မိအောင်လို့

Han Thit Nyeim said...

ကျုပ်ကတော့ နောင်ဘ၀ကို...

သစ်သား (ဈေးကောင်းလို့)
မုသား (သူမပါ လင်္ကာမချောလို့)
ဂြိုဟ်သား (Super Hero တွေခေတ်စားလို့)

ဝါးဟားဟား ချီးယားစ်...။

ဖိုးဂျယ် said...

လာပီး Cheers ! လုပ်သွားတယ်။

Dr Phyo Wai Kyaw said...

နိပ်ဟ
ယမကာကြားထဲက
ကိုဖော်ကြား
ကိုဖားကြော်လေးပါလား...

ဆုတောင်းသလိုဖြစ်ရင်
ဘယ့်ဂလောက် ကောင်းလိုက်မလဲဗျာ
မဲဆွယ်နေတာလားဟင်
ပြောတာကောင်းတယ်။
ချားရီးစ်
ချီးယားစ်ဗျိုး။
:P

Andy said...

ချီးယားစ်တဲ့ ဆုနဲ့ ပြည့်ပါစေသတည်း

ဗီလိန် said...

ဘယ်လိုချီးယားစ်ချီးယားစ် သောက်ဖို့ကအဓိကပဲ။ သိဘူးဗျာ။ သောက်ပြီးပြန်သွားပြီ။ ဒါပဲ။ :P :P :P

Anonymous said...

အဲ ကောင်းလိုက်တဲ့ဆုတောင်းလေး ပြည့်စုံပါပေတယ်..။
သောက်သွားတယ်ဗျို့

ဇင်ယော် said...

အဟေး ကြုံတုန်းလေး ၀င်အားပေးလိုက်ဦးမယ်။ လာထားဗျာ ချီးယားစ် ။ ဆုတောင်းလေးကတော့ မိုက်တယ်ဗျာ တခြားဟာတွေ မဖြစ်ရင်နေပါလေ အင်္ဂလန်ဘောလုံးသမားလောက်ဆို တော်ပါပြီ။ ( ပရီးမီးယားလိဂ်ကပြောတာနော်။ တော်ကြာ အောက်တန်းတွေ ရောက်သွားမှ ဒုက္ခ။ )

Kyaw Nyo Thway said...

ကောင်းပါ့ဗျား

JulyDream said...

Cheer ဆုတောင်းသံလေးက နားဝင်ပီယံ ရှိလှတယ်ဗျား... အဟား ဟား...

Chaos said...

မရဘူး ဖီးကြမ်းရ
အခုလောလောလတ်လတ် မိန်းကလေးတွေအတွက်လဲ
စာတစ်ပုဒ်ချိုးပေးရမယ်။
ဒါပဲ
မရေးပေးရင် ဖီးကြမ်းနော် သိတယ်မလား။
ငှဲလျောင်း ငှဲလျောင်း

may16 said...

နောင်ဘ၀မှာ ယောကျာ်းဖြစ်ရင် ဒီဆုတောင်းရမယ်
အိုင်ဒီယာကမိုက်တယ် :P