မြို့လေးသို့ လွမ်းချင်း

28 December 2008

တောင်တွေ မြင့်မြင့်မားမား
တိမ်ရောင်စုံတွေ ဖူးပွင့်နေလိုက်တာ
အခိုးအငွေ့တွေနဲ့ မျောနေရသလို
မြို့ကလေး
နေရောင်တွေ ဖြာနေပုံကိုက
တခြားနေရာထက် ပိုလှနေခဲ့...

ကွင်းပြင်တပြန့်တပြော
ဟိုး တောင်ဘက်မှာ
ရိုးမတောနဲ့
ကွေ့ကောက်ကောက် စမ်းချောင်းလေးက
မြို့လေးရဲ့ ရင်ဘတ်ထဲကို ဖြတ်သန်းသွား။

ဒီမှာ ဘာအပူအပင်မှမရှိ
စနစ်တကျ စီးမျောနေတာ
ဆယ်စုနှစ်များစွာ ။
အမေ့အိမ်နဲ့
ယာတောနဲ့
မြို့မဈေးနဲ့
ဘူတာရုံနဲ့
သနပ်ခါးပန်းတွေနဲ့
သတိရတိုင်း
အိမ်မက်ထဲက ငါလန့်နိုးတယ်။

အသက်ရူလို့ မ၀ခဲ့
တစ်ခါတစ်လေ
အဖျားက ၁၀၅
ဟော့ဒီ မြို့ပြတောအုပ်ထဲမှာ
မျက်နှာဖုံးတွေ နဲ့ငါ စကားပြောနေတယ်.....။

မီးခိုးနံ့၊ ညှော်နံ့၊ ကားအေ့ဇောနံ့
မသူတော်တွေရဲ့ အနံ့
ညဉ့်ငှက်တွေရဲ့ အနံ့
မတော်လောဘတွေရဲ့ အနံ့
အဿပြာရနံ့
ရနံ့ပေါင်းစုံ ဖုံးလွှမ်းမွန်းကျပ်
မြို့ပြက ငါ့အခန်းလေး
ဒါဏ်ရာတွေနဲ့ ပေကျံနေရှာတုန်း...။

မနက်ဖြန်ဆိုတာ နေထွက်မယ့်
နောက်တစ်နေ့ ...
ပုံစံခွက်မဟုတ်ပေမယ့်
စီးဆင်းရာ ရှာမတွေ့သေးတဲ့
မြစ်တစ်စင်း ဟာငါပါ....
စိတ်ကိုကြိတ်မှိတ်လို့
နီယွန်မီးရောင် ညထဲမှာ
အိပ်ပျော်အောင်ကြိုးစားလိုက်တော့
ကြယ်ရောင်တွေ မလင်းတဲ့အဲ့ဒီညမှာ
ငါ....
အိမ်ကို တစ်ခေါက် ပြန်ရောက်ခဲ့တယ်....။

9 ယောက် မှတ်ချက်ပေးခဲ့သည်:

Anonymous said...

ကိုဖားရေလုပ်ရက်ပါပေတယ်။
အလွမ်းပေါ်အလွမ်းဆင့်လို့ အလွမ်းရင့် ဝေဒနာကို ရင်မှာပိုက်ထားမိတဲ့ အိမ်လွမ်းသူတစ်ယောက်အတွက် အလွမ်းတွေပျိုးပေးနေတယ်ဗျာ

Apprenticeship said...

ဒီလိုပဲပေါ့ အဲဒီလိုညတွေက ကဗျာကောင်းတွေထွက်ဖို့တွန်းအား ဖြစ်သလို ဒသနိကကောင်းတွေထွက်လာတဲ့ညတွေလဲဖြစ်တယ်... စီးဆင်းနေတဲ့မြစ်တွေ ယူဆောင်လာမဲ့ ကောင်းကြီးတွေ ဖါးကြီးဆီရောက်လာမှာပါ...
နှစ်သစ်မှာ ကောင်းကြီးသစ်များနဲ့ ပျော်ရွင်နိုင်ပါစေနော်..:) :D

Anonymous said...

ခံစားဖတ်ရှုသွားပါတယ်ဗျာ

တောင်ပေါ်သား said...

အကိုရေ ကဗျာလေးကို ဖတ်ပြီး မွေးရပ်လေးကို လွမ်းမိတယ်ဗျာ

may16 said...

အိမ်လွမ်းနေတဲ့ကိုဖားကြီး ခံစားချက်ကပေါ်လွင်ပါတယ်.

Chaos said...

အိမ်ကိုလွမ်းတဲ့ ဖီးကြမ်းလေး
ကဗျာလေးက လှတယ်။
ှုငှက်ငှက်ငှက်

Unknown said...

အိမ်လွမ်းသူရဲ့ကဗျာကောင်းလေးတစ်ပုဒ်ပါ ကိုဖားကြီး ကောင်းသောနေ့ပါ :)

ဇင်ယော် said...

အမေ့အိမ်ရှိတဲ့ မြို.လေးကို ညွှန်းဖွဲ.ထားတဲ့ အပိုဒ်လေးက တကယ့်ကို အသက်ဝင် လှပပါတယ်ဗျာ။ အိမ်အပြန်လမ်းကို တက်ကြွလန်းဆန်းတဲ့  ခြေလှမ်းတွေနဲ့  ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေဗျာ

ဖိုးဂျယ် said...

အညာမြေကို လွမ်းအောင်လုပ်တယ်ဗျာ
ရေးထားလေးတွေက စိတ်မျက်လုံးထဲမှာ
ကိုယ့်ဇာတိကိုယ် မြင်ယောင်လာတယ်
အရမ်းကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ အကိုဖားရေ