(၁)
တံခါးများ၏ နောက်တွင်ဘာတွေရှိမှန်း ငယ်ငယ်တုန်းက ကျွန်တော်မသိခဲ့ပါ။ တံခါးများ၏ နောက်တွင်ရှိသောအရာများကို ကျွန်တော်ကြောက်ရွံ့ခဲ့ပါသည်။ မမြင်ရသောအရာကို စိတ်ကူးယဉ်ပြီးကြောက်ရခြင်းသည် လောကတွင် ကြောက်စရာအကောင်းဆုံး ဖြစ်သည်ကိုကြောက်တတ်သူတိုင်း သိကြပါလိမ့်မည်။
ကျွန်တော်ပြောချင်တဲ့ တံခါးတွေဆိုတာ ခွဲခွာခြင်းကိုသင်္ကေတပြုနေတယ်လို့ ကျွန်တော်ထင်တဲ့ မီးင်္သဂြိုလ်စက်
အခန်းတံခါးကြီးတွေပါ။ အခန်းထဲကို ၀င်သွားတဲ့ အသက်မဲ့ရုပ်ခန္ဓာတွေကို နောက်ထပ်ဘယ်တော့မှ မမြင်ရအောင်ဝါးမြိုလိုက်တဲ့ တံခါးကြီးတွေပေါ့...။ ကျွန်တော်အလွန်ပင် ထိတ်လန့်ကြောက်ရွံ့ခဲ့ပါသည်။ မှိန်ဖျော့ညစ်ထေးသည့်အရောင်ရှိသော ထိုသစ်သားတံခါးကြီးများတွင် ၀မ်းနည်းမူ့ပေါင်းများစွာ တွယ်ကပ်နေမည်ဟု ကျွန်တော်ထင်ပါသည်။တခါတရံ ငိုကြွေးသံများ၊ စိတ်ဆင်းရဲမူ့များ နှင့် မျက်ရည်များသည် တံခါးကို ကျော်ဖြတ်၍ ဟိုတဖက်ခြမ်းထိ လိုက်ပါသွားတတ်လေသည်။
(၂)
ကျွန်တော်ကလေးဘ၀ ခြောက်တန်းနှစ်တွင် သူငယ်ချင်းကောင်မလေး တစ်ယောက်ဆုံးပါးသွားပါသည်။ ပြည်ထောင်စုပွဲတော်မှ စက်ဘီးဖြင့်အပြန်တွင် မဆင်မခြင်မူးမူးရူးရူးနှင့် မောင်းလာသည့်ကားမှ နောက်က၀င်တိုက်သွားသည်။စက်ဘီးနင်းလာသည့် သူ့အစ်ကိုမှာ ဒါဏ်ရာအကြီးအကျယ်ရသွားပြီး၊ နောက်ကထိုင်လိုက်လာသည့် သူကတော့ ဆေးရုံအရောက်တွင် သေဆုံးခဲ့ရရှာသည်။ ကျွန်တော့်ဘ၀တွင် သေခြင်းဖြင့်ခွဲခွာသွားခဲ့သော ပထမဆုံးသူငယ်ချင်းဖြစ်သည်။ငယ်ဘ၀ဖြစ်သောကြောင့် ထိုစဉ်ကအလွန်ပင် ထိတ်လန့်တုန်လှုပ်ခဲ့ပါသည်။ ထို့အတူ သူသေဆုံးသွားပြီ၊ မရှိတော့ဘူး ဆိုတာကိုလည်း စိတ်ထဲမှာ လက်ခံချင်စိတ်မရှိဖြစ်ခဲ့သည်။ကျောင်းတက်နေစဉ်ကာလဖြစ်သောကြောင့် သူ့ဈာပနကို တစ်ကျောင်းလုံးလိုက်ပို့ဖြစ်ကြသည်။ အတန်းတူဖြစ်သောကျွန်တော်တို့က ပိုပြီးဝမ်းနည်းမဆုံးဖြစ်ခဲ့ကြသည်။ ကျောင်းကပွဲတွင် သူဝတ်ဆင်ခဲ့သော အဖြူရောင်ဂါဝန်လေးကိုပင် သူ့ကိုဆင်ပေးထားပြီး၊ မိတ်ကပ်များ၊ ပန်းများလည်း ခြယ်သပန်ဆင်ပေးထားသည်။ လူကြီးတွေကတော့ တော်တော်ရုပ်ပျက်ဆင်းပျက် ဖြစ်သွား၍ မိတ်ကပ်အစွမ်းနှင့် ပြန်လည်ပြုပြင် ထားကြောင်းပြောသည်။ ထိုစဉ်က ကျွန်တော့်အမြင်ကတော့ ဇာပုဝါအဖြူအောက်မှာ မြင်နေရသော သူ့ရုပ်အလောင်းအား အိပ်ပျော်နေတာများလားဟု သံသယ၀င်ခဲ့သည်။ထိုအချိန်တွင် ကျွန်တော်အဖြစ်ချင်ဆုံး တွေးမိသည့် ဆန္ဒမှာ ဖတ်ဖူးသည့်သေရွာပြန်ဇာတ်လမ်းများထဲကလို သူရုတ်တရက်ထထိုင်လာပြီး ငါဘာဖြစ်သွားတာလဲဟု ထပြောလျင်ကောင်းမည်ဟူသော ဆန္ဒဖြစ်သည်။ သတိလစ်အိပ်ပျော်နေတာများလား
ဟု ကလေးအတွေးနှင့် မျှော်လင့်ခဲ့သော်လည်း အချိန်တန်သည်အထိ သူနိုးမလာခဲ့ပါ။ အားလုံးငိုကြွေးနေချိန်မှာပင်ဝန်ထမ်းများရောက်လာပြီး သူ့ခန္ဓာကိုတွန်းလှည်းပေါ်သို့ ပြောင်းရွေ့လိုက်ကြသည်။
ငိုကြွေးသံသည် ကြေးစည်သံနှင့် ပေါင်းစပ်လိုက်သောအခါ ပိုမိုဝမ်းနည်းကြေကွဲစရာ ကောင်းလာသည်ဟု ကျွန်တော်ထင်ပါသည်။ အလောင်းတင်သည့် လှည်းကို တဖြည်းဖြည်းနှင့် တွန်းလာရင်း မီးင်္သဂြိုလ်စက်အခန်းဝ တံခါးနားသို့ရောက်လာသည်။ မိသားစုဝင်များ အခန်းထဲထိလိုက်နိုင်ကြောင်းပြောသောအခါ သူ့အစ်ကိုနှစ်ယောက်လိုက်ဝင်သွားကြသည်။ သူ့ရုပ်ခန္ဓာအား ဤကမ္ဘာမြေပေါ်တွင် နောက်ဆုံးအကြိမ် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး တံခါးကြီးကိုဖွင့်ပြီး အတွင်းသို့ယူသွားကြသည်နှင့် သူသည် ကျွန်တော်တို့မျက်စိရှေ့မှ ထာဝရကွယ်ပျောက်သွားတော့လေသည်။ ဆက်လက်၍ကျွန်တော်မြင်ခဲ့ရသောအရာမှာ နှစ်ဖက်ဖွင့်သစ်သား တံခါးကြီးသာဖြစ်လေသည်။ သူသည်တံခါး၏ ဟိုဘက်တွင်လောင်ကျွမ်းခံရန် ထွက်ခွာသွားလေပြီ။ သူမရှိတော့ပါဆိုသော အတွေးအား လက်မခံချင်သော်လည်း မရတော့ပါ။ ရင်ဘတ်တစ်ခုလုံးပူလာပြီး ကျွန်တော်တို့နှင့် သူ့ကိုတွေ့ရှိရခြင်းအမြင်ကို ထာဝရခွဲလိုက်သော တံခါးကြီးကိုသာကြောက်ရွံ့စွာ ငေးမောမိပါသည်။
ခွဲခွာခြင်း နိမိတ်ပုံဖြစ်သော တံခါးကြီးသည် ငယ်ရွယ်သော ကျွန်တော့်နှလုံးသားတွင် အရိပ်မည်းကြီးတစ်ခု အဖြစ်စိုးမိုးခြောက်လှန့်ခဲ့ပါသည်။ ထိုနောက်ပိုင်း လေး၊ငါး လလောက် ကျွန်တော်သည် င်္သချိုင်းမြေအကြောင်းအိပ်မက်များ မက်တတ်ပြီး ထိုအိပ်မက်တိုင်းတွင် တံခါးကြီးသည် အဓိကနေရာမှာ ပါဝင်ခြောက်လှန့်ခဲ့ပေသည်။ ကျွန်တော်အလွန်ပင်ကြောက်ရွံ့ထိတ်လန့်ခဲ့ပါသည်။
(၃)
ဆွေမျိုးသားချင်း၊ မိတ်ဆွေများ၏ အသုဘများကိုလိုက်ပို့ခဲ့ပြီး င်္သချိုင်းနှင့်ပတ်သတ်သော အတွေ့အကြုံလည်းအတန်အသင့် ရပြီဟုဆိုနိုင်သော်ငြား ကျွန်တော်သည် တံခါးကြီးကို မြင်လျင်ကြောက်ရွံ့စိတ်က လုံးဝပျောက်
ပျက်သွားခြင်းမရှိပါ။ တံခါးအတွင်းသို့လိုက်ကြည့်လိုလျင် လိုက်နိုင်သည့် အခွင့်အရေးများ ရရှိခဲ့သော်လည်း
ကျွန်တော်ဘယ်တော့မှ လိုက်ဝင်သွားခြင်းမရှိခဲ့ပေ။
ပျော်လွန်းသောကြောင့် စတုတ္တနှစ်ကို ဒုတိယအကြိမ်ပြန်တတ်သော နှစ်တွင် သူငယ်ချင်းတစ်ယောက်၏အဖိုး
ဆုံးပါသည်။ သူ့အဖိုးနေထိုင်သောနေရာက ကွန်ဒိုတိုက်ခန်းများဖြစ်သောကြောင့် ရပ်ကွက်များကဲ့သို့ လူစည်ကားခြင်းမရှိပါ။ အမျိုးများသာ ဖြောက်ကြားဖြောက်ကြား လာတတ်ပြီးအသုဘအိမ်တွင် လူနည်းပါသည်။ ထို့ကြောင့်ကျွန်တော်တို့ ကျောင်းကသူငယ်ချင်းများ ကုလားကားသွားကြည့်ရင်း နေပေးကြပါသည်။ သူတို့ကလည်း သဘောကောင်းသည်၊ တရုတ်အစားအစာ၊ ဟမ်ဘာဂါ၊အာလူးချောင်းကြော် လိုလိုသေးမရှိ ကျွန်တော်တို့ကို ဒါနပြုသည်။
အဖိုးဈာပနနေ့ရောက်တော့ ကျွန်တော်တို့သူငယ်ချင်းများလိုက်ပို့ကြသည်။ ထုံးစံအတိုင်းပင် မီးင်္သဂြိုလ်မှာဖြစ်ပြီး
ထုံးစံအတိုင်းပင် မီးင်္သဂြိုလ်စက်အခန်း ထဲသို့ လိုက်ဝင်လိုလျင် လိုက်နိုင်ကြောင်း ၀န်ထမ်းများကပြောသည်။
ကျွန်တော့်သူငယ်ချင်းများ လှစ်ကနဲ လိုက်ဝင်သွားကြသော်လည်း ကျွန်တော်နှင့် နောက်သူငယ်ချင်း တစ်ယောက် မှာ ယောင်ပေပေနှင့်ကျန်ခဲ့လေသည်။ ကျွန်တော်က တံခါးကြီးကိုကြောက်ရွံ့သောကြောင့်ဖြစ်ပြီး၊ ကျွန်တော့်သူငယ်ချင်းကတော့ သူရဲအလွန်ကြောက်တတ်သောကြောင့်ဖြစ်သည်။
အပြင်မှာ ၁၀ မိနစ်ခန့်စောင့်နေသော်လည်း အထဲဝင်သွားသည့် သူငယ်ချင်းများပြန်မထွက်လာ သေးသဖြင့် ကျွန်တော်တို့နှစ်ယောက်စိတ်မရှည်ဖြစ်လာသည်။ ဒီကောင်တွေကိုပါ ရောပြီး တခါတည်းင်္သဂြိုလ်လိုက်ပြီလားဟု ကျွန်တော်ညည်းမိသည်။ ကျွန်တော့်သူငယ်ချင်းကလည်း စိတ်မရှည်တော့သောကြောင့် လိုက်သွားရင်ကောင်းမလားဟုတိုင်ပင်ကြသည်။ ပြီးတော့ကျွန်တော်တို့ နှစ်ယောက်တည်းသာ ကျန်ပါက အထဲမှာသူတို့ကြုံခဲ့တာတွေကိုဖေါင်ဖွဲ့အောင်ပြောပါလိမ့်မည်၊ ပြီးလျင် ငကြောက်ကြီးများ ဆိုသော ဘွဲ့ကိုလည်း ပေးမည်မှာ ကျိန်းသေသည်။ဒီကောင်တွေပြောတာတော့ မခံနိုင်ပါ၊ စိတ်ကလည်း သူတို့နှင့်ဆိုလျင် ငရဲပြည်သွားရင်တောင်ပျော်ဖို့ကောင်းမည်ဟု အမြဲတွေးမိသည်။ ထို့ကြောင့် အေးလေ..... မင်းဝင်ရင် ငါလည်းဝင်မယ်လေဆိုကာ နှစ်ယောက်သား အထဲသို့ဝင်လိုက်သည်။ တံခါးကြီးကို တွန်းဖွင့်၍ အထဲသို့ရောက်သွားသည့်အခါ ကျွန်တော်မြင်လိုက်ရသည့်အရာမှာ.........။
(၄)
ကျွန်တော်တွေးနေကြ ဘာမှန်းမသိသည့်ကြောက်စရာများ မတွေ့ရပဲ အပြင်မှာမြင်နေသလိုပင် အုတ်နံရံကြီးတစ် ခုကိုတွေ့လိုက်ရသည်။ အောက်ခြေ သုံးပေအမြင့်လောက်တွင်တော့ ခေါင်းတလားထည့်ရန် အပေါက်နှစ်ပေါက်ကိုတွေ့ရသည်။ ကျွန်တော်တို့ဝင်သည့်အခန်းမှာ ဘယ်ဘက်အစွန်ဆုံးအခန်းဖြစ်ပြီး၊ ထိုဘက်ဘက်ခြမ်းတွင် အနောက်ဘက်သို့ သွားနိုင်သည့် လျှောက်လမ်းကိုတွေ့ရသည်။ပြတင်းပေါက်များလည်း လုံလုံလောက်လောက်ရှိပြီး အလင်းရောင်ကလည်း အခန်းပြည့်ရသည်။ အနောက်ဘက်ကိုရောက်တော့ မီးပေးသည့်စက်နားတွင် ကျွန်တော့်သူငယ်ချင်းမောင်မင်းကြီးသားများက ၀ိုင်းအုံကြည့်နေကြသည်။စက်ပျက်ကာ မီးအရှိန်လျော့သွားသောကြောင့် ပြင်နေရခြင်းဖြစ်သည်။ အဖိုး၏ သားများကလည်း တခါတည်း
မင်္သဂြိုလ်မှာစိုး၍ စောင့်နေကြခြင်းဖြစ်သည်။ ဆီပေးသည့် ပိုက်က ချို့ယွင်းတာလား၊ မည်သည့်နေရာက ချို့ယွင်း တာလည်းဟု ၀န်ထမ်းများအဖြေရှာနေကြသည်။ ခွတွေ၊ဂွင်းတွေနှင့် စက်ဆီတွေလည်း ပေကျံနေသော အလုပ်သမားများကိုကြည့်ရသည်မှာ စက်ရုံတစ်ခု၏ အသွင်အပြင်တိုင်းပင်ဖြစ်သည်။ သူတို့ကိုကြည့်ငေးနေရင်း ကျွန်တော်ကြောက်ရွံ့ခဲ့သော သံသယများလည်း ပျောက်ကွယ်သွားပါသည်။
အခန်းကိုလည်း ကျွန်တော်လေ့လာကြည့်ရှု့မိသည်။ ကော်ဖီခွက်၊ လဘက်ရည်ခွက်များ၊ ရေနွေးကြမ်းအိုးနှင့်၊
ဖတ်လက်စ ၀တ္တုစာအုပ်ကိုပါတွေ့ရသည်။ တစ်ယောက်တစ်လှည့်စီ မီးအတိုးအလျော့ ထလုပ်ကြရင်း လဘက်ရည်သောက်၊ စာအုပ်ဖတ်လုပ်ကြခြင်းဖြစ်ပေလိမ့်မည်။ ကျွန်တော့်သူငယ်ချင်းများကလည်း လူတွေကသာ civil တွေစက်ကိုကြည့်ပြီး ဟိုနားကဖြစ်တာထင်တယ်၊ဒီနားကဖြစ်တာထင်တယ်ဆိုပြီး ဆရာလုပ်ချင်နေကြသေးသည်။စောင့်နေရခြင်းကလည်း အကြောင်းရှိသည်။ အလောင်းများအား ချက်ခြင်းမီးမရှို့ပဲ ညနေရောက်မှ ပေါင်းင်္သဂြိုလ်ကာ ဆီပိုအောင်လုပ်ကြသည်ဟု ကောလဟာလ ကြားဖူးသောကြောင့်ဖြစ်သည်။
ကျွန်တော်တို့အား အထဲကိုကြည့်ချင်လား မီးလျှော့ပေးမယ် ငါးရာပေးရင်ကြည့်ရမယ်ဆိုလို့ ငါးရာပေးပြီး တစ်ယောက်ကိုစက္ကန့်ပိုင်းလောက်စီကြည့်ကြသည်။ မီးအပူကြောင့် အမြင်ကမှုန်ဝါးဝါးနှင့် ဘာမှတော့ သဲသဲကွဲကွဲသိပ်မမြင်ရ၊တစ်ယောက်တစ်လှည့်ကြည့်ပြီး ပါးစပ်ကလည်း အငြိမ်မနေကြ အဖိုးကိုချစ်ရင် မင်းလိုက်သွား၊ငါလိုက်သွားဟုနောက်ပြောင်နေကြသည်။ အဲ့ဒါကြောင့် ဒီကောင်တွေနှင့်ဆိုလျင် ငရဲပြည်ရောက်လည်း ကျွန်တော်မကြောက်ဟုတွေးမိခြင်းဖြစ်သည်။
ထို့နောက်ဘာမှန်းမသိ ကြောက်ရွံ့ခဲ့ခြင်းများသည် ကျွန်တော့်စီတွင်မရှိတော့ဟု ထင်မိပါသည်။ တံခါးကြီး၏
နောက်ကွယ် ဒီအခန်းသည်တကယ်တော့ ဘာမှမဟုတ်ပါ။ လူအများမလုပ်ချင်သည့်၊ မလုပ်ရဲသည့် အလုပ်များကိုတာဝန်ယူလုပ်ဆောင်ပေးနေသည့် လူတစ်စု၏ အလုပ်ခန်းတစ်ခုသာဖြစ်ပေသည်။ ပုံမှန်လည်ပတ်နေသောစက်က ဒုက္ခပေးသည့်အတွက် သူတို့အားကြိုးမာန်တက် ပြင်နေကြသည်မှာ ကျွန်တော့်အတွက်တစ်မျိုးပင်ကြည့်ကောင်းနေပါသည်။ ရင်ထဲကမွန်းကျပ်မူ့များလည်း လွင့်ပါးသွားလေသည်။ ဟုတ်ပါသည်... အခန်းထဲတွင်လူသားများ အလုပ်လုပ်နေကြခြင်းဖြစ်သည်။ ထိုနေရာသည် တကယ်တော့ ဘာမှမဟုတ်ပါ၊ အလုပ်သမားတစ်စု၏ အလုပ်ခန်းတစ်ခုသာ ဖြစ်လေသည်။
တံခါးများကိုကြောက်ရွံ့ခဲ့သော စိတ်များလည်း ထိုအချိန်မှစ၍ ပျောက်ကွယ်သွားကာအိပ်မက်များထဲတွင်လည်း ခြောက်လှန့်ခြင်းမျိုး မရှိတော့ပါ။
ထို့နောက်မှ စတင်ကာ ကျွန်တော်သည် တံခါးများကို အကြောင်းမဲ့ကြောက်ရွံ့စိတ်များ ပျောက်သွားပါသည်။
တံခါးများနောက်တွင် ဘာပဲရှိရှိ ရင်ဆိုင်တွန်းဖွင့်လိုက်ရန်လည်း သတ္တိများရှိလာသည်။ တကယ်တော့ တံခါး
များ၏နောက်မှ အဖြစ်များသည် ကျွန်တော်တို့ ထင်နေသလောက်ဆိုးချင်မှ ဆိုးပေမည်။ တံခါးများကိုဖွင့်ပြီး
ရင်ဆိုင်လိုက်ခြင်းသည် ဘာမှန်းမသိကြောက်ရွံ့နေရခြင်းထက်ပိုပြီး လွတ်လပ်ပေါ့ပါးသည်။ လှောင်ပိတ်ခြင်း၊
မွန်းကျပ်ခြင်း၊ သောကများ၊ သံသယများမှ ကင်းလွတ်စေရန် တံခါးများ၏ နောက်ဘက်မှ အရာများကို
တတ်နိုင်သမျှ မကြောက်မိပဲ ထိပ်တိုက်ရင်ဆိုင်လိုက်ဖို့ ကျွန်တော်ကြိုးစားနေပါတော့သည်။
8 ယောက် မှတ်ချက်ပေးခဲ့သည်:
ကောင်းသော စာတစ်ပုဒ်ပါ။
"တံခါးကြီးကို တွန်းဖွင့်၍ အထဲသို့ရောက်သွားသည့်အခါ ကျွန်တော်မြင်လိုက်ရသည့်အရာမှာ........."ဆိုလို့ ဘာတွေတွေ.ရမလဲလို့ ရင်ထိတ်နေတာ.....
မောင်လေး ဖားကြီးရေ... တကယ့်ကို စာကောင်းတစ်ပုဒ်ပါ။ အစ်မလည်း အဲဒီတံခါးနောက်မှာ ဘာတွေရှိမလဲလို့ တွေးခဲ့ဖူးပါတယ်။ မောင်လေးတင်ပြပုံ သိပ်ကောင်းတော့ အမြင်တွေ ပိုရှင်းသွားပါတယ်။ တဆက်ထဲ သတိတရတွေးမိပြန်တာက အားလုံးဟာ တစ်နေ့တော့ ဒီလိုပဲ အလောင်ကျွမ်းခံရဦးမှာပဲ ဆိုတာပါပဲ...
တကယ်မိုက်တယ်ဗျာ... အဲဒီတံခါးတွေရဲ့နောက်မှာ.... အင်း... ကျုပ်လည်း သိချင်တယ်။ ဘာသာတရားပေါင်းစုံကတော့ နည်းလမ်းပေါင်းစုံနဲ့ အဓိပ္ပာယ် ဖွင့်နေကြလေရဲ...။
စကားမစပ် ကျုပ်ဆိုက်ဒ်က ဒေါင်းနေလေရဲ့... သူလည်း တံခါးတစ်ချပ်နောက်ကို ရောက်သွားပြီလား မသိဘူးဗျာ...။
တကယ်ကောင်းတယ်...။ တကယ်တော့ တစ်ချို့တံခါးတွေကဖွင့်ရခက်ပေမဲ့ တစ်ခါးတွေအားလုံးက ထွက်ပေါက်တစ်ခုခုအတွက် အသုံးတော်ခံတွေပေါ့။
အင်းပေါ့ဗျာ။ ကြောက်စရာဆိုတာ ရင်ဆိုင်လိုက်တော့မှ ဘာမှ မဟုတ်မှန်းသိသွားရတဲ့ အရာမျိုးပါ။
အလွန်ကောင်းတဲ့ ပို့စ်လေးပါ..
တခါတစ်ရံမှာ ကျွန်တော်တို့အားလုံးဟာ ဘာ မှန်းမသိတာတွေကို ကြောက်ပြီးရင်မဆိုင်ရဲကြဘူး..
ရင်မဆိုင်ရဲအောင်လဲခြောက်လှန့်ခံထားရတယ်..
ဟုတ်တယ်... တံခါးတစ်ချပ်ကိုကျွန်တော်တို့တွန်းဖွင့်ရ မယ်.. ရင်ဆိုင်ဖို့သတ္တိတွေမွေးရမယ်..
very good,
bro !!
ကိုဖားကြီး ဒီတစ်ပုဒ်လည်း ကြိုက်သွားရပြန်ပါပြီ။
စိတ်ဓါတ်ခွန်အားလေးပါ ပေးလိုက်လို့ ပိုလို့သဘောကျမိပါတယ်။
သုခမိန်(E-Journal)
Post a Comment