ကျွန်ုပ်သည် သရေခေတ္တရာဟု အမည်ရှိသော မြို့ဟောင်းအကြောင်းအား ၀ီကီမြန်မာတွင် ရေးသားရင်း ကျွန်ုပ်ကိုယ်တိုင်မြင်တွေ့လာသော အချက်အလက်များအား ထည့်သွင်းရေးသားလိုသော်လည်း ၀ီကီမြန်မာတွင် မီဒီယာတစ်ခုခု၌ ပုံနှိပ်ဖေါ်ပြထားခြင်းမရှိသေးသော အကြောင်းများအား တင်ခွင့်မပေးသဖြင့် ကျွန်ုပ်တွေးတော စဉ်းစားမိသော အချက်အလက်များအား ကိုယ်ပိုင်ဘလော့ဂ်တွင်သာ တင်ပြအပ်ပေသည်။ ကျွန်ုပ် အပန်းတကြီး ကူးချ အဲလေတည်းဖြတ်ထားသော သမိုင်းပညာရှင်များ၏ သရေခေတ္တရာ အကြောင်းကို ဤလင့်တွင် နှိပ်၍ ကြည့်ရူ့နိုင်ပါသည်။ အောက်ဖေါ်ပြပါ အကြောင်းအရာတို့မှာမူ သမိုင်းဝါသနာရှင်မျှသာ ဖြစ်သော ကျွန်ုပ် မောင်ဖားကြီး၏ ယူဆချက်များသာဖြစ်ပေသည်။ ဖတ်ရူ့ကာ သဘောတူ၊ မတူ စဉ်းစားဆုံးဖြတ်ကြပါနိုင်ပါသည်။
သရေခေတ္တရာသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်အကွာတွင် တည်ရှိသော ရှေးဟောင်းပျူလူမျိုးတို့၏ မြို့တော်ဖြစ်ပေသည်။ မျက်မြင်အထောက်အထားများအရ တချိန်ကကြီးကျယ်ခမ်းနားခဲ့သော မြို့ဖြစ်ကြောင်း သိသာ ထင်ရှားလှပေသည်။ ကြွင်းကျန်ရစ်သော အထောက်အထားများနှင့် တရုတ်ပြည်မှ မှတ်တမ်းများအရ သရေခေတ္တရာမြို့သည် ရှေးပျူဟောင်းတို့၏ မြို့ဖြစ်ကြောင်း သမိုင်းပညာရှင်များက ခန့်မှန်းထားကြပေသည်။ ထို့ကြောင့် မိမိနိုင်ငံသမိုင်းသာမကသူများအတွက်ပင် တကူးတက မှတ်တမ်းရေးပေးတတ်သော ဆွေမျိုးပေါက်ဖေါ် တရုတ်တို့အား ကျေးဇူးတင်သင့်ပေသည်။
မြန်မာပြည်တွင် လက်ရှိတွေ့ရှိချက်အရ ပျူတို့၏ အထင်ကရမြို့တော်သုံးမြို့ရှိပြီး ထိုအထဲတွင် သရေခေတ္တရာသည် အစည်ကားဆုံးဖြစ်သည် ဟုသမိုင်းပညာရှင်များက ခပ်တည်တည်နှင့် မှတ်ချက်ချခဲ့ကြသည်။ အကြောင်းမှာ ကြွင်းကျန်ရစ်သော ရုပ်ဝတ္တုများတွင် အကောင်းအတိုင်းနီးပါးဟူ၍ သရေခေတ္တရာမှပင် အများဆုံးတူးဖေါ်တွေ့ရှိခဲ့သောကြောင့်သမိုင်းပညာရှင်များပြောသည်မှာ ဟုတ်ပါပေသည်ဟု လက်ခံရန်သာ ရှိလေသည်။
၁၈၇၇ တွင် ရန်ကုန်-ပြည်မီးရထားလမ်းအား ဖေါက်လုပ်ခဲ့ရာတွင် မှော်ဇာအရပ်မှ ရထားလမ်းပိုင်းနေရာအား သရေခေတ္တရာမြို့ဟောင်း မှ အုတ်များအား အသုံးပြုစေခဲ့သည်ဟု ဆိုသည်။ ထိုအချက်မှာ အင်္ဂလိပ်အစိုးရကိုယ်တိုင်က အသုံးပြုခိုင်းခြင်းပေလော သို့မဟုတ် ကန်ထရိုက်တာ၊ အင်ဂျင်နီယာမှ ဖို့မြေအတွက်အပိုစရိတ်တင်ကာ ဘုံးပစ်ပေခြင်းလောဟူ၍ ခိုင်မာသော သက်သေပြချက်များ မတွေ့ရှိရသေးပေ။
သရေခေတ္တရာမြို့ဟောင်းအား အင်္ဂလိပ်လက်ထက်မှ စတင်ကာတူးဖေါ်ခဲ့သည်ဟု ဆိုကြပေသော်လည်း ကျွန်ုပ်
အမြင်အရမူ ပျူတို့နောက်ပိုင်း လာရောက်နေထိုင်သော မြန်မာများမှ စတင်ခဲ့သည်ဟု ထင်သည်။ ထိုအခြေချ
နေထိုင်သူများသည် ရေတွင်း၊ရေကန်အတွက်သော်လည်းကောင်း၊ မိလ္လာကျွင်း အတွက်သော်လည်းကောင်း၊
ဝမ်းစာအတွက် ဂဏန်းကျွင်း၊ဖားကျွင်းများကို သော်လည်းကောင်း တူးဖေါ်ခဲ့ကြပြီး ပျူလက်ရာပစ္စည်းများ ရရှိနိုင်ခဲ့သော်လည်း မြန်မာမင်းများလက်ထက်တွင် ရှေးဟောင်းသုတေသနဌာန မရှိသေးသဖြင့် ထိုပစ္စည်းများသည် ကလေးကစားစရာအဖြစ်လည်းကောင်း၊ အိုးခြမ်းပဲ့အဟောင်းများအဖြစ် လွင့်ပစ်ခံရခြင်း အဖြစ်သို့ရောက်ရှိခဲ့ပေမည်ဟုခန့်မှန်းနိုင်ပေသည်။ ထို့ကြောင့် သရေခေတ္တရာမြို့ဟောင်းအား စတင်တူးဖေါ်သူများမှာ အင်္ဂလိပ်တို့မဟုတ်ပဲကျွန်ုပ်တို့ သကျသာကီ မြန်မာများသာ ဖြစ်ပေမည်ဟု ကျွန်ုပ်သည် ၀ံသာနုစိတ်ဓါတ်အပြည့်ဖြင့် အခိုင်အမာ ပြောဆိုအပ်ပေသည်။( အမြင်မတူသူများရှိနိုင်ပါသည်။ တာဝန်ရှိသူများမှ ဤယူဆချက်ကြောင့် ကျွန်ုပ်အား ဆုတံဆိပ်တစ်ခုခု ချီးမြှင့်သင့်ပေသည်...ငှဲ...ငှဲ။ဤကား စကားချပ်)
သမိုင်းကြောင်း
သရေခေတ္တရာမြို့ဟောင်းအား သာသနာသက္ကရာဇ် ၁၀၁ ခုနှစ်တွင် ဒွတ္တဘောင်မင်းကြီးက တည်ထောင်ခဲ့သည်ဟု ရာဇ၀င်များတွင် ဖေါ်ပြပါရှိလေသည်။ မြို့တော်အား သိကြားမင်း၊ဂ၀ံပတိ၊ ရသေ့၊ နဂါး၊ဂဠုန်၊စန္ဒီ နှင့် ပရမေသူရာတို့ အကူအညီဖြင့်တည်ဆောက်ခဲ့သည်ဟု အဆိုပါရာဇ၀င်များတွင် ဖေါ်ပြထားသောကြောင့် ထိုခေတ်က မြို့ပြအင်ဂျင်နီယာများ ရှိနိုင်သော်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိခဲ့ဟု ယူဆနိုင်လေသည်။ မြို့ကွက်အား ပန္နက်ချရာတွင်လည်း နဂါးအမြီးဖြင့် စက်ဝိုင်းပုံသဏ္ဍာန်မြို့ကွက်ကို ပုံစံချခဲ့သည်ဟုဆိုလေရာ ထိုမျှကြီးမှားသော နဂါးအမြီးအား ဆွဲကိုင်ကာ စက်ဝိုင်းအဖြစ်ဆွဲသောသူသည် မည်မျှကိုယ်ခန္ဓာကြီးမားသူဖြစ်ကြောင်း ခန့်မှန်းရန်ခဲယဉ်းပေသည်။ သို့သော် ဤအကြောင်းအရာများမှာရာဇ၀င်လာ ဒဏ္ဍာရီသာ ဖြစ်သဖြင့် သိပ္ပံနည်းကျ သမိုင်းသုတေသီများက အတည်ယူခြင်းမရှိပေ။
ရှေးမြို့တော်အား တူးဖေါ်ခြင်း
မြို့ဟောင်းအား မြန်မာများက စတင်တူးဖေါ်ခဲ့သည်ဟု ကျွန်ုပ်ကယူဆသော်လည်း သမိုင်းပညာရှင် အများစု၏ အဆိုအရမြို့ဟောင်း တူးဖေါ်ခြင်းအား အင်္ဂလိပ်လက်ထက် ၁၉၀၇ တွင်စတင်ခဲ့သည်ဟု ဆိုကြသည်။ တူးဖေါ်တွေ့ရှိရသော အချက်များမှ ကျွန်ုပ်တို့သည် သရေခေတ္တရာနေ ပျူလူမျိုးတို့၏ ယဉ်ကျေးမူ့၊ စီးပွားရေး၊လူမူ့ရေးတို့ကို ခန့်မှန်းခွင့်ရကြလေသည်။သမိုင်းပညာရှင်များသည် ထိုတွေ့ရှိချက်များမှ ခန့်မှန်းချက်များစွာ ထုတ်နိုင်ခဲ့သော်လည်း ကျွန်ုပ်သည် ၎င်းတို့မေ့ကျန်ခဲ့မည်ဟုထင်ရသော ယူဆချက်များအား ထပ်မံတွေးတောမိလေသည်။
၁၉၁၈ နှင့် ၁၉၂၀ တွင်တူးဖေါ်ရာမှ ရရှိသော ရွှေပေချပ်များတွင် ပါဠိ၊သက္ကတ၊ ပျူဘာသာစကား များဖြင့်ရေးထိုးထားကြောင်းတွေ့ရပေသည်။ ထို့ကြောင့် မည်သည့်အတွက်ဘာသာစကား တစ်မျိုးတည်းကို မသုံးပဲ သုံးမျိုးအထိသုံးခဲ့သနည်းဆိုသည်ကိုလေ့လာဆန်းစစ်ရန်လိုပေသည်။ ထိုခေတ်က လူများသည် ဘာသာစကားသုံးမျိုးလုံးအား အသုံးပြုနိုင်သောကြောင့်လော..။
ဤသို့ဆိုလျင် ထိုခေတ်မှပျူလူမျိုးတို့သည် ကျွန်ုပ်တို့ထက်ပို၍ပင်တော်ကြောင်း သိသာနေပေမည်။ သို့မဟုတ်ပါကရေးသားသူ ပညာရှင်ကပင် မိမိတော်ကြောင်းသိသာလို၍ သုံးဘာသာဖြင့် ထိုးခဲ့ကြောင်းပေလော။ ယူဆက်ချက်များ အများအပြားရှိနိုင်ပေသည်။ ဘာသာစကားတစ်မျိုးစီ သုံးသော လူမျိုးသုံးမျိုးနေထိုင်ခဲ့ခြင်းလော။ ဤသို့ဆိုလျင် တစ်ယောက်ဘာသာစကား တစ်ယောက်နားလည်စေရန်ပါဠိစကားပြောသင်တန်း၊သက္ကတစကားပြောသင်တန်း၊ပျူစကားပြောသင်တန်းဟူ၍
ဘာသာစကား သင်တန်းကျောင်းများလည်း တည်ရှိနိုင်ပေသည်။
အထက်ပါသင်တန်းကျောင်းများသာ ရှိပါက သင်တန်းဆရာအတတ်ဖြင့် အသက်မွေးသူများလည်း ရှိမည်ဟု ဆက်စပ်တွေးခေါ်နိုင်လေသည်။ မြို့ရိုးတည်ဆောက်ရာတွင်အသုံးပြုသော အုတ်များတွင်စပါးခွံများကို တွေ့သောကြောင့် စိုက်ပျိုးရေးသည်ပင် အဓိကစီးပွားရေးဖြစ်သည်ဟု သမိုင်းပညာရှင်များက မှတ်ချက်ချခဲ့သည်။ ထိုအုတ်များကိုဖုတ်ရန်အတွက် အုတ်ဖုတ်လုပ်ငန်းဖြင့် အသက်မွေးသူများလည်း တစ်ခေတ်ကောင်းခဲ့ကြောင်း ကျွန်ုပ်က မှတ်ယူသည်။ သံထည်ပစ္စည်းများကို နိုင်နင်းစွာ
အသုံးချနိုင်ခဲ့ကြပြီး အိန္ဒိယတောင်ပိုင်းနှင့်လည်း အဆက်အသွယ်ရှိခဲ့သည်ဟူသော သမိုင်းပညာရှင်များ၏ ယူဆချက်အရထိုခေတ်က သံဟောင်းများကိုပြန်လည်ဝယ်သည့် ယခုခေတ်အခေါ်ဘော်တယ်ကုလားများလည်း ရှိနိုင်သည်ဟု မှတ်ချက်ချနိုင်ပေသည်။
ပုတီးများ၊ လက်ဝတ်လက်စား ပစ္စည်းများလည်း တူးဖေါ်ရရှိခဲ့သည်။ ထိုပစ္စည်းများမှာ မိမိကိုယ်တိုင်အိမ်တွင်လုပ်ကာဝတ်ဆင်ခြင်းလော၊ တတ်ကျွမ်းသည့် ပညာရှင်ကပြုလုပ်ပေးသည်ကို ၀ယ်ယူဝတ်ဆင်ခြင်းလောဟူ၍ သမိုင်းပညာရှင်များ သက်သေမပြနိုင်သေးပေ။ တတ်ကျွမ်းသည့်သူများက ပြုလုပ်ခဲ့သည်ဆိုပါက ထိုခေတ်တွင် ယခု ယုဇနပလာဇာရှိ ဖန်စီ ဆိုင်လေးများကဲ့သို့ ဆိုင်များလည်းရှိနိုင်ကြောင်း ထပ်ဆင့်တွေးတောနိုင်ပေသည်။ ထိုမှတဆင့် အီမို၊ပန့်ခ် ကဲ့သို့သော် ဖက်ရှင်များသည်ထိုခေတ်ကလည်း ရှိနိုင်လောက်သည်ဟု ကောက်ချက်ချနိုင်လေသည်။ မျက်မြင်တွေ့ရသော စေတီ၊ပုထိုးများနှင့် တူးဖေါ်တွေ့ရှိချက်များကိုခန့်မှန်း၍ ဗိသုကာပညာ၊ပန်းထိမ်ပညာ၊ ကျောက်ဆစ်ပညာ၊ ပန်းပုပညာ၊ပန်းချီပညာဖြင့် အသက်မွေးသူများလည်းရှိမည်ဟု သမိုင်းပညာရှင်များက ရဲရဲဝံ့ဝံ့ကြီးပင် ပြောဆိုလေသည်။ တွေ့ရှိရသော အိုးခြမ်းပဲ့၊ခွက်ပဲ့များသည် အရက်ထည့်သောက်သော ခွက်များဖြစ်မဖြစ်ကိုမူ ဆက်လက်သုတေသနပြုလုပ်ရန်လိုနေသေးသည်။ ထိုခေတ်တွင်လည်း ယမကာ
မည်သော အရက်ရှိမည်မှာ အမှန်ပင်ဖြစ်သော်လည်း ဘုံဆိုင်ကဲ့သို့သော စီးပွားဖြစ်အရက်ဆိုင်များ ရှိခဲ့ခြင်းရှိမရှိကိုမူသမိုင်းပညာရှင်များသည် ပြောဆိုရန်ခက်ခဲနေလေသည်။
တရုတ်မှတ်တမ်းများအရ သရေခေတ္တရာတွင် ကချေသည်များလည်း ရှိခဲ့ကြောင်းသိရပေသည်။ တူးဖေါ်ရရှိသော အုတ်ကြွရုပ်တုများမှာလည်း တီးဆိုကခုန်ဟန် အရုပ်များကိုကြည့်ခြင်းဖြင့် သရေခေတ္တရာတွင် အဆင့်အတန်းမြင့်သော အနုပညာများထွန်းကားခဲ့လေသည်။ ထိုသူများသည် free show ဖျော်ဖြေခြင်း သို့မဟုတ် ဟော်တယ်များတွင် ရုံသွင်းဖျော်ဖြေခြင်းဟူသည်ကိုမူ သမိုင်းပညာရှင်များ ပြောဆိုနိုင်ခြင်းမရှိပေ။ တွေ့ရှိရသော ရုပ်လုံးရုပ်ကြွများမှ တဆင့် သရေခေတ္တရာမှ အမျိုးသားအမျိုးသမီးတို့သည် အောက်ပိုင်းတွင်သာ အ၀တ်ဝတ်ကြသည်ဟု ခန့်မှန်းနိုင်ပြီး ထိုခေတ်က ဖက်ရှင်ဆိုင်များမရှိနိုင်ကြောင်း ယေဘူယျ ကောက်ချက်ချနိုင်ပေသည်။ အရေပြားကင်ဆာလည်းကြောက်စရာမလိုကြောင်း ခန့်မှန်းနိုင်ပြီး Body lotion ကဲ့သို့သောအလှဆီများ လိမ်းမလိမ်းကိုမူ သက်သေပြနိုင်ခြင်းမရှိသေးပေ။
စစ်သည်ရဲမက်သုံး ဓါးလည်းတူးဖေါ်တွေ့ရှိခဲ့ပြီး၊ သေနတ်ကိုမူ တူးဖေါ်တွေ့ရှိခြင်းမရှိသေးသောကြောင့် ထိုခေတ်က သေနတ်မပေါ်သေးကြောင်းနှင့် သေနတ်အန္တာရာယ်ကို ကြောက်စရာမလိုကြောင်း ကျွန်ုပ်အခိုင်အမာ ဆိုဝံ့ပေသည်။ အေသင်၊စပါတာအစရှိသည့် ရှေးရောမမြို့များကဲ့သို့ လူထုစည်းဝေးရာနေရာများလည်း မတွေ့ရသေးသဖြင့် လူထုဆန္ဒကောက်ခံပွဲကဲ့သို့
ပွဲများလည်း ပျူလူမျိုးများတက်ရောက်စရာမလိုပဲ သက်ဦးဆံပိုင်ပဒေသရာဇ်ကသာ အုပ်ချုပ်သွားကြောင်း သိသာပေသည်။အရိုးအိုးများနှင့် ပြာအိုးများကို တွေ့ရသောကြောင့် သရေခေတ္တရာမှ ပျူလူမျိုးတို့သည် မြေနေရာကို တန်ဖိုးထားခဲ့ကြောင်းခန့်မှန်းနိုင်လေသည်။ အရိုးအိုးများမှာမူ အဆင့်အတန်းအလိုက် တန်ဆာဆင်ပုံနှင့် အသုံးပြုသော အမျိုးအစား ကွဲပြားကြလေသည်။ အရိုးအိုးများအား တစ်နေရာတည်းမှာပင် အစုလိုက်အပြုံလိုက်တွေ့ရှိရသောကြောင့် ဆွေစု၊ မျိုးစုအလိုက်မြုပ်နှံသောဓလေ့သည် ပျူတို့၏ယဉ်ကျေးမူ့ တစ်ရပ်ဖြစ်ကြောင်း သိရှိရပေသည်။
သရေခေတ္တရာခေတ်သည် မည်သည့်ခုနှစ်တွင် ပျက်စီးသွားကြောင်း သမိုင်းပညာရှင်များက အခိုင်အမာပြဆိုနိုင်ခြင်းမရှိသေးပေ။ ဖြစ်နိုင်သော အကြောင်းများမှာ သက်၊ကမ်းယံစသော လူမျိုးများက လာရောက်တိုက်ခိုက်ခဲ့ခြင်း အစရှိသည့် အဆိုပြုချက်များရှိသော်လည်း သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း၏ ပျူတွေဘယ်ရောက်သွားလဲ စာအုပ်တွင်မူ ငါဒီမှာဟေ့လို့အော်ပြောလိုက်ချင်သည်ဟု ဆရာကြီးကဆိုထားသဖြင့် ပျူများသည် မြန်မာများနှင့်ရောနှောကာ လူမျိုးတိမ်ကောသွားသည်ဟု
ဆိုနိုင်ပေသည်။ ကျွန်ုပ်သည်ထိုအချက်ကို များစွာဖြစ်နိုင်ကြောင်းလက်ခံထားလေသည်။ မူလနေထိုင်သော ပျူလူမျိုးတို့သည်နောက်ပိုင်းမြန်မာများကိုတွေ့ကာ ၊ ပျူထီးများက မြန်မာမလေးများအား အွန်စော၊ဟာဂျီဝန်အစရှိသည့် ကိုရီးယားမလေးများလိုပင်ချောပါပေသည်ဟု ကျွန်ုပ်တို့လက်ရှိအမြင်ကဲ့သို့ လည်းကောင်း၊ ပျူမလေးများက မြန်မာထီးများအား အဲ အဲ မြန်မာကောင်လေးများအား ရိန်း၊ဂျွန်စော၊ ထယ်စောက် တို့နှင့်တူပါသည်ဟုသော ကျွန်ုပ်တို့လက်ရှိအမြင်ကဲ့သို့ပင် အထင်ကြီးအားကျကာမြန်မာများနှင့် သွေးရော၍ ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်ကြောင်း ကျွန်ုပ်မှတ်ချက်ချမိလေတော့သည်။
သမိုင်းပညာရှင် ကျွန်ုပ်
29 October 2008အကြောင်းအရာတူ...... စိတ်ရူးပေါက်သမျှ
Subscribe to:
Post Comments (Atom)
9 ယောက် မှတ်ချက်ပေးခဲ့သည်:
တည်တံ့စွာ ပေါနိုင်မူပေတကား... ယုတ္တိပတ်ကြောင်းလည်းများစွာရှိဟုလို...
ကျွန်ပ်တို့ ဂိုဏ်းကြီးမှာ ဝမ်းမြောက်စွာ ကြိုဆိုလျက်ဟူကား...။
မြို့ တစ်မြို့ရဲ့ သမိုင်းကြောင်းပြောဆိုချက်များသည် ကွာခြားချက်များရှိသောကြောင့် ကိုဖားကြီးကဲ့သို့ အချက်အလက် ထောက်ပြသောသူများလည်း ရှိနိုင်သည်ဟု ထင်မှတ်ရသည် :)
စိတ်ဝင်စားစရာကောင်း၏ ထပ်ရေးပါဦး အဆွေတော်
ကိုဖားကြီးလုပ်တော့မှ သရေခေတ္တရာလည်း ရှုပ်သွားတာပဲ။ :)
ထူးထူးခြားခြားဤသမိုင်းပညာရှင်သည်ကား ဒေါက်တာ သန်းထွန်းကွယ်လွန်ပြီးသကာလ ထူးခြားစွာပေါ်ထွက် လာခြင်းပါတကား...
Mainstream ယဉ်ကျေးမှုတွေနောက် အင်းအားနဲတဲ့ယဉ်ကျေးမှုတွေ ဒီလိုပျောက်ကွယ်သွားတတ်တယ်
အခုမြန်မာမှာလဲ စိုးရိမ်းရမှာက ကိုးရီးယားဇတ်ကားတွေရဲ့
စွဲဆောင်နိုင်စွမ်းတွေပေါ့... ခေတ်လူငယ်တွေ မြန်မာ့ယဉ်ကျေးမှုကို တန်းဖိုးထားမြတ်နိုးမဲ့အစား ကိုးရီးယား မင်းသမီး/သားတွေလိုသာ ၀တ်ဆင်စားသောက်
သွားလာနေတာ ယဉ်ကျေးမှုရေတိုက်စားခံနေရတာပေါ့... ဘယ်လောက်အထိ ဆက်သွားမလဲတော့ မသိဘူး။ အတော်စိုးရိမ်း မိတယ်....
သေချာဖတ်သွားပါတယ်
ကွန်ပျူတာရဲ့ အစက `ပျူ´ လူမျိုးတွေ ဆီက ဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
ကိုဖားကြီးက သမိုင်းပညာရှင်တစ်ပိုင်း ၊ အာကာသ လေ့လာရှင် တစ်ပိုင်း.. ရှေ့မီနောက်မီပါပဲလား။ :)
၂၁ရာစု ခေတ်သစ်သမိုင်း ပညာရှင်အစစ်ပေတကား။ ပုဂံသမိုင်းကို ဓါးထမ်းတုတ်ထမ်းပြီး ပြောရတယ်လို့  ကြားဖူးတာပဲ။ သရေခေတ္တရာသမိုင်းကိုရော ဘာထမ်းပြီးပြောမှာတုန်းဗျ။ ဟဲဟဲ
Post a Comment