ပိုလျှံနေသော ၀ါကျများ

24 October 2008

(၁)
ငါးဟာ. . .
ရေကို မသိသလို၊
လူတွေဟာ. . .
မသိတာကလွဲလို့
အားလုံး သိခဲ့ကြတယ်။

(၂)
ကြည့်ပါ
တခမ်းတနား နေထိုင်ဖို့
ဘုရားသခင်က အစ
တစ်ခါသုံး ဘောလ်ပင်အထိ
ကျွန်တော်တို့. . .
ဖန်ဆင်းခဲ့ကြ။

ဘာသာစကား ကနေ
ဆင်ဖိုနီဓာတ်ပြား အထိ၊
အင်တာနက်ကနေ
ထရိုဂျန်းနစ် မြင်းရုပ် အထိ၊
အေပ်ာ္စီး သေဘာၤ ကေန
ငရဲကြီး ရှစ်ထပ် အထိ၊
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။

စည်သွပ်ဘူး ကနေ
ဆိုကရေးတီး အဆိပ်ခွက် အထိ
အိတ်ခ်ျအိုင်ဗီပိုး ကနေ
အင်္ဂါဂြိုဟ်သွားယာဉ် အထိ၊
မိုးတိမ်အတု ကနေ
ခေါင်းဖြတ်စက် အထိ၊
ကျွန်တော်တို့ ဖန်ဆင်းခဲ့ကြ။

ပိရမစ် ကနေ
စက္ကူနဲ့လုပ်တဲ့ ပန်းအထိ၊
ဆံပင်ဆိုးဆေး ကနေ
အာဏာရှင်စနစ်အထိ၊
လူကနေ. . .
ပုံတူမျိုးပွား အထိ၊
ကျွန်တော်တို့
ဖန်ဆင်းခဲ့ကြ။

(၃)
ကျွန်တော်တို့ဟာ
သစ်ပင်ပေါ်က ဆင်းပြီး
အချင်းချင်း လက်ဆွဲနှုတ်ဆက်
´ဟဲလို၊ဟိုင်း၊ဟေး´
ယဉ်ကျေးခဲ့ကြပါတယ်။

လေးနဲ့မြှားကို တင်တက်အောင်
ကောက်တဲ့အခွန် ဆောင်တတ်အောင်
ထီးဖြူမိုးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့
နေ၀င်ရင် မီးဖွင့်တတ်အောင်
တိုက်ပုံအင်္ကျီဝတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

ဒါဝင်က သင်မပေးရအောင်
ရေချိုးခန်းနဲ့ ရေချိုးတတ်အောင်
ကဗျာရေးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

တံတားဆောက်တတ်အောင်
ဥပဒေပြုတတ်အောင်
ကွန်ဒုံး သုံးတတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

ဖဲကစားတတ်အောင်
ဘုရားဖူးသွားတတ်အောင်
နျူကလီယားဗုံး လုပ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

လပေါ် လမ်းလျှောက်တတ်အောင်
ကာကွယ်ဆေး ထိုးတတ်အောင်
ကိုယ့်အိမ်တံခါးကို လုံခြုံစွာ ပိတ်တတ်အောင်
ယဉ်ကျေးခဲ့ကြပါတယ်။

(၄)
ဒီလိုနဲ့. . .
ကျွန်တော်တို့ဟာ
စားဖို့အတွက်
ပန်းကန်နဲ့ ချက်ပြုတ်နည်းတစ်ထောင်နဲ့
သူများ အသက်နဲ့၊

သောက်ဖို့အတွက်
အိုအေစစ်နဲ့ မိုးခါးရေနဲ့
ရေသန့်ဘူးစက်ရုံနဲ့။

နေဖို့အတွက်
လေအေးပေးစက်နဲ့
ပြက္ခဒိန်နဲ့
ရေလိုက်ငါးလိုက် အတွေးအခေါ်နဲ့။

ကြည့်ဖို့အတွက်
ရုပ်ရှင်ရုံနဲ့ ပန်းချီပြတိုက်နဲ့
တတ်ယောင်ကား မျက်စီနဲ့။

နားထောင်ဖို့အတွက်
ရေဒီယိုနဲ့ ဓာတ်ပြားနဲ့
နီရိုးဘုရင်ရဲ့ ဗျတ်စောင်းသံနဲ့။

ရူရှိုက်ဖို့အတွက်
ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့
မသူတော် ၇ ပါး ကိုယ်နံ့နဲ့။

စီးပွားရှာဖို့အတွက်
မတော်လောဘနဲ့ ချိန်ခွင်နဲ့
မာကင်တိုင် ၀ါဒနဲ့။

စစ်တိုက်ဖို့အတွက်
လက်နက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့
နိုင်လိုမင်းထက် ၀ါဒနဲ့။

အပျင်းဖြေဖို့အတွက်
စီးကရက်နဲ့ အလေလိုက်စရာနဲ့
အမဲပစ်ရိုင်ဖယ်နဲ့။

ငါမှန်ကြောင်း၊သူမှားကြောင်း
ပြောဖို့အတွက်
ပါးစပ်နဲ့ ကိုးကားစရာစာအုပ်နဲ့
မိုးတစ်လုံး လေတစ်လုံး ဘ၀င်နဲ့။

ဖျားနာဖို့အတွက်
အထူးကုဆေးခန်းနဲ့ ရုပ်ခန္ဓာနဲ့
ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့။

သေဆုံးဖို့အတွက်
သံသရာနဲ့ သင်္ချိုင်းနဲ့
(သေပြီးမှ). . .
သတိရကြမယ့် လူတွေနဲ့။

(၅)
ကျွန်တော်တို့မှာ
ဂေါတမဗုဒ္ဓ ရှိတယ်
နစ်ရှေး ရှိတယ်
မဟတ္တမဂန္ဒီ ရှိတယ်
စတာလင် ရှိတယ်
မိုးဇတ်ရှိတယ်
ဗာဂျီးနီးယားဝုဖ် ရှိတယ်
သောမတ်အက်ဒီဆင် ရှိတယ်
ဂျက်ဆင်ပိုးလော့ ရှိတယ်
အက်တလက်ရှိတယ်
ပီတာဝိုင်ယာ ရှိတယ်။

ဆစ်ဂမန်ဖရွိုက် ရှိတယ်။
ကိတ်ဝင်းဆလက် ရှိတယ်။
ဖူကူယားမား ရှိတယ်။
ယူတူးက ဘိုနိုရှိတယ်။
စတီဖင်ဟော့ကင်း ရှိတယ်။
အိုစမာဘင်လာဒင် ရှိတယ်။

ကျွန်တော်တို့မှာ
တိရစ္ဆာန်ရုံရှိတယ်။
ဘေးမဲ့တော ရှိတယ်။
ဂေါက်ကွင်း ရှိတယ်။
အကျဉ်းထောင် ရှိတယ်။
စိတ်ပုတီး ရှိတယ်။
ဆန့်ကျင်ဘက်လိင် ရှိတယ်။
စီးနေတဲ့မြစ်တွေ ရှိတယ်။
ပေါက်ကွဲမယ့်မီးတောင် ရှိတယ်။
ဗိုင်အိုလက်ပေါင်ဒါ ရှိတယ်။
အနျူမြူဓာတ်ပေါင်းဖို ရှိတယ်။
သစ်ခွပန်းရောင်စုံ ရှိတယ်။
အသားကြိတ်တဲ့စက် ရှိတယ်။
စားမရတဲ့ သစ်သီးတွေရှိတယ်။
လကွယ်ည ရှိတယ်။
ကျေးပိုင် ကျွန်ပိုင်စံနစ် ရှိတယ်။
ချွေးနံ့ပျောက်ဆေး ရှိတယ်။

(၆)
ဒီလိုနဲ့. . .
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ဘယ်တော့ မိုးရွာမယ်ဆိုတာ
ကြိုတင်ပြောလို့။

ယုန် မြေမနင်းသားကို
ဓားနဲ့လှီးကာ
အရသာခံ ၀ါးလို့။
အလင်းနှစ်တစ်သန်းက ကြယ်ကို
နက္ခတ်ကြည့်မှန်ပြောင်းနဲ့ကြည့်လို့။
အပါယ်လေးဘုံကို
ဓါတ်လှေကား အလုအယက် ဆင်လို့။
ပိုတမ်ကင်သဘောင်္ပေါ်က အမြှောက်သံကို
စပျစ်ဝိုင်စုတ်ရင်း နားထောင်လို့။
ဧဒင်ဥယျာဉ်ကို
မပုတ်သိုးအောင် ဖော်မယ်လင်စိမ်လို့။
ထိုဝါဒ၊ဟိုဝါဒတွေကို
ကိုယ်နဲ့တော်သလို အင်္ကျီချုပ်ဝတ်လို့။

ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
စစ်ကြေငြာလို့
စစ်ပြေငြိမ်းလို့။
သစ်ပင်တွေကို ခုတ်လို့
သစ်ပင်တွေကို စိုက်လို့။
လက်ထပ်ကြလို့
ကွာရှင်းကြလို့။
ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
သရုပ်ဆောင်လို့
သရုပ်မဆောင်လို့၊
ရေကိုစုန်လို့
ရေကို ဆန်လို့
တစ်ဝက်ကိုစားလို့
တစ်ဝက်ကိုထွေးလို့။

ခပ်တည်တည်နဲ့ပဲ
ကျွန်တော်တို့ဟာ
ငါးတွေကို မျှားလို့
ငါးတွေကို လွှတ်လို့၊
မှားတာတွေ မှန်လို့
မှန်တာတွေ မှားလို့၊
သေရမှာ ကြောက်လို့
သေရမှာ မကြောက်လို့။

(၇)
သမိုင်းနဂုံးချုပ်ခဲ့ပြီ
ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့
မြစ်တမြစ်ထဲကို နှစ်ခါပြန်မဆင်းနိုင်
စိတ်မလုံရင် တိတ္ထုံကြည့်
အိုဇုန်းလွှာကို ကယ်တင်ကြပါ
အားလုံးဟာ လိုင်ဒိုဘီညာဉ်မှာ အခြေခံတယ်
ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်
ဘုရားသခင်ဟာ ကြွေအန်မကစားဘူး
စပါးတားကတ်ဆိုတာ ဘယ်သူလဲဟေ့
ဖြစ်တည်မူဟာ အနှစ်သာရထက် ရှေးကျတယ်။

(ဂ)
သင်. . .
နေထိုင်ဖို့ရာ
ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ရာ
ဒါမှမဟုတ်
မပျော်မရွှင် နေထိုင်ဖို့ရာ
ဘာမှ
မလိုပါ။
ဥပမာ,
ဒီဝါကျတွေအစ၊ မလိုသလိုပေါ့။

သစ္စာနီ

ဆရာသစ္စာနီ ရဲ့လက်ရာဖြစ်ပြီး ၂၀၀၄ နိုဝင်ဘာလ ဟန်သစ်မဂ္ဂဇင်းမှာ ပါခဲ့တာပါ။ ယနေ့အထိ ကျွန်တော်အကြိုက်ဆုံးကဗျာများထဲမှ တစ်ခုဖြစ်ပြီး ကျွန်တော့်ကို အလွှမ်းမိုးဆုံးကဗျာလည်းဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ပြန်မြင်လာစေတဲ့ ဆရာ့ရဲ့ ကဗျာကို အားလုံးခံစားနိုင်အောင် (ရှားမယ်လို့လည်း ထင်လို့) အမှတ်တရ အဖြစ်ကျွန်တော့်ဘလော့ဂ်မှာ တင်ထားခြင်းဖြစ်ပါတယ်။ မည်သည့်ကိစ္စနှင့် အသုံးပြုသည် ဖြစ်စေ ရေးသားသူ ဆရာသစ္စာနီ၏ အမည်ကိုထည့်သွင်းဖေါ်ပြကြရန် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ.....။

9 ယောက် မှတ်ချက်ပေးခဲ့သည်:

Andy said...

ကျနော်လဲ အဲဒီကဗျာလေးကြိုက်တယ်

ကိုရင်နော်ခင်လေးငယ် said...

ကဗျာလေး လာဖတ်သွားပါတယ်.. ကောင်းလွန်းတယ်..

ခင်တဲ့..

Chaos said...

တကယ့်ကို ကောင်းတဲ့ကဗျာလေးပဲ
အခုလို မျှဝေပေးတာ
ကျေးဇူး

Anonymous said...

အခုလို မျှဝေပေးတာ ကျေးဇူးပါဗျို့ ..
အခုမှပဲ ဖတ်ဖူးတော့တယ်
တစ်ကယ့် အဓိပ္ပာယ်နဲ့ ပြည့်ဝတဲ့ ကဗျာလေးပါပဲဗျာ
ပျော်ရွှင်ပါစေဗျို့ : )

တားမြစ် ထားသော... said...

ကဗျာက ကောင်းတယ်။ ဖတ်နေရင်းနဲ့ကို တစ်ခုခုကို ဆာလောင်လာသလိုလို၊ လိုအပ်လာသလိုလို။
ဆရာသစ္စာနီဆိုတော့လည်း ကောင်းမှာပါပဲ။
ဝေမျှတာ ကျေးဇူးပါ။

သုခမိန်(E-Journal)

မြရေလျဉ် said...

အရမ်းကို..ကောင်းတဲ့ ကဗျာပဲနော်။
ရှာရှာဖွေဖွေ..ပြန်ရေးပေးလို့..ကျေးဇူးတင်ပါတယ်။

လွမ်းသုရင် said...

ဒီလို ပြန်လည်ဖော်ပြပေးလို့ ကျေးဇူးတင်ပါတယ်နော်

Apprenticeship said...

အပါးပါး ကောင်းလိုက်တဲ့ ကဗျာ... ဒီလိုကဗျာကောင်းလေးတွေ ရှိရင်လုပ်အပါအုံး

Unknown said...

ကိုဖားကြီးရေ ကဗျာလေးလက်ဆင့်ကမ်းတာကျေးဇူးပါ ကဗျာလေးကိုနှစ်သက်မိပါကြောင်း ကောင်းသောနေ့ပါ :)