အချစ်ဆိုသည်မှာ

11 October 2008


ကိုဟန်သစ်ငြိမ် ကအချစ်ဆိုသည်မှာကို tag တော့ ကျွန်တော်ဘယ်လိုရေးရမလဲ မနည်းစဉ်းစားရပါတယ်။ အကြောင်းကကျွန်တော်ခံယူ ထားတဲ့အချစ်ဆိုတာက ကျွန်တော့်အတ္တကိုလိုက်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနေလို့ပါ။ ဒါပေမယ့် ပင်မအရင်းခံ စိတ်ကတော့ အချစ်ဆိုတာ နောက်ဆုံးမှာ သံယောဇဉ်ဆိုတဲ့ တွယ်ငြိခြင်း သဘောကိုပြောင်းလဲသွားရင် ပိုမိုခိုင်မြဲလာမယ်လို့ ထင်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ကိုယ့်ချစ်သူကို ဆွေမျိုးအရင်းခေါက်ခေါက်ကြီးလိုလည်း သဘောထားတတ်လာတာကိုး(ပိုရင်တောင်ပိုလာတယ်)။ ထားတော့... ဒါကကျွန်တော့်စိတ် ။ အတ္တနဲ့လိုက်ပြီးပြောင်းလဲတတ်တဲ့ အချစ်ကတော့ နေ့စဉ်နဲ့အမျှရင်ထဲမှာ လှုပ်ခတ်နေတတ်တယ်။ ကျွန်တော့်အတွက်ကတော့ အချစ်ဆိုတဲ့အရာပေါ် တစ်နေ့တစ်မျိုး ခံယူချက်တွေက

တခါတလေမှာ အချစ်ဆိုသည်မှာ
ကျွန်တော့်ကို ကုတ်ဖဲ့တတ်တဲ့ ကြောင်ဆိုးမလေးတစ်ကောင်
တခါတလေမှာ
အတိုးမယူတတ်တဲ့ ဘဏ်အသေးစားလေး
တခါတလေမှာ
စိတ်ခဏခဏကောက်တတ်တဲ့ နာရီလေး(သူစိတ်ကောက်ရင် နာရီတွေအားလုံးရပ်သွားတတ်လို့)
တခါတလေ
ကလေးတွေ အလန့်တကြားထဖေါက်တဲ့ ဗျောက်အိုးတစ်လုံး
တစ်ခါတလေ
ပန်းတွေရောင်စုံပွင့်တဲ့ နွေနံနက်ခင်း
တစ်ခါတစ်လေ
မိုးရွာထဲမှာ အရက်မူးပြီး ပြန်လာတဲ့ ညနေခင်း
တခါတလေ
ကျွန်တော့်ကို အမြဲတမ်းထောက်ခံတတ်တဲ့ လူထုကြီး(ထောက်ခံပါသည်၊ထောက်ခံပါသည်ဟုတော့ စာရွက်ကြည့် မအော်တတ်ပါ)
တခါတလေ
ကျွန်တော့်ရဲ့ အတိုက်အခံပါတီ( မတရားအသင်းလို့ ကျွန်တော်ဘယ်တော့မှမကြေငြာတတ်ပါဘူး၊ ပြေလည်အောင်ပဲ ညှိလိုက်ပါတယ်)
တစ်ခါတစ်လေ
ကိုအငဲဆိုတဲ့ နူးညံ့တဲ့အမိန့်တော်သီချင်း
တစ်ခါတစ်လေ
...........................................................

အချစ်ဆိုတာ ကျွန်တော့်အတွက်တော့ အရောင်စုံတယ်ဗျာ။ အချစ်ကြောင့်ပဲ ထရွိုင်မြို့ပျက်ဖူးတယ်၊ တဂ်ဂျပ်မဟာဆိုတဲ့ ကမ္ဘာ့အံ့ဖွယ်ကြီးတွေ ပေါ်လာတယ် ဆိုတာ ပြောနေရင် မိကျောင်းမင်း ရေကင်းပြနေသလို ဖြစ်နေဦးမယ်။ အချစ်ကြောင့်ပဲ ပေါ်ထွန်းလာတဲ့ အနုပညာတွေကလည်းတောင်ပုံယာပုံကိုးဗျ။ ဘာပဲဖြစ်ဖြစ် အနုပညာအဖြစ် ဖန်တီးမယ်ဆိုရင် အချစ်ဆိုတဲ့ ခံစားချက်က နက်ရှိုင်းနေဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်။

ကျွန်တော်တို့ တက္ကသိုလ်စတက်တော့ ဟစ်ဟော့ဂီတက စတင်ထွန်းကားနေတဲ့အချိန်ပေါ့ခင်ဗျာ။ ဟစ်ဟော့ဂီတဆိုတာကလည်း သိကြတဲ့အတိုင်း မဟာပုရိသ၀ါဒကို ရှေ့တန်းတင်ထားတာက ခပ်များများရယ်ဆိုတော့ သီချင်းစာသားတွေကို ကြည့်လိုက်ရင်နင်လိုမိန်းမ မချစ်ရလည်း ဘာဖြစ်လဲဆိုတာတို့၊ နင့်ကိုငါ စုန်းမလိုကြောက်သွားခဲ့ ဆိုတာမျိုးတွေတွေ့ရပါတယ်။ ဒါကလည်း ကြည့်လိုက်ရင် အချစ်ကိုသရော်သလိုလိုရေးကြတာဆိုပေမယ့် အချစ်ကြောင့်ပဲခံစားရပြီး ဒေါသတွေပွားရင်း သီချင်းတွေဖြစ်လာ
တယ်ထင်ပါတယ်။ နောက်ကြတော့ အဲ့ဒီအချစ်အကြောင်းကို ပေါ့ရပ်(pop rap) ဆိုတဲ့ဂီတအမျိုးအစား ထဲမှာ ထည့်သွင်းလာကြတယ်ဗျ ။ အဲ့ဒီတုန်းကတော့ အဲ့ဒီသီချင်းတွေကို တော်တော်သောက်ညင်ကပ်ခဲ့တာ။ သီချင်းတွေကို ပေါ့တီးပေါ့ရွှတ်နဲ့ အချစ်အကြောင်းတွေရေးထားတာ ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေ အသည်းစွဲပေါ့။

ကျွန်တော်က ဘယ်လိုနားထောင်ထောင် ဂီတမမြောက်ဘူးကိုထင်ပြီး ပြစ်တင်ရှုံ့ချခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါက ငယ်ငယ်တုန်းက ကျွန်တော်တစ်ဖက်သတ်ဆန်ခဲ့တာပါ။ အဲ့ဒီအချစ်အကြောင်းသီချင်းတွေကို ကြိုက်တဲ့သူတွေ အတွက်တော့ ဒါဟာအချစ်ပါလား ဆိုတာ ခံစားချက်ရသတွေ ဖြစ်ပေါ်နေမယ်ထင်ပါတယ်။ ကျွန်တော်က ကိုယ်မကြိုက်တာနဲ့ပဲ ငယ်ရွယ်တဲ့စိတ်နဲ့ အပြစ်တင်စောခဲ့တာလည်း ပါပါတယ်။ တကယ်တော့ အနုပညာဆိုတာ တစ်ယောက်တည်းအတွက်ပဲ ဖန်တီးကြတာမှ မဟုတ်တာ။ ပို့စ်မော်ဒန် ဆရာလေးမင်းခိုက်စိုးစန်ပြောသလို သင်ချောကလက်မကြိုက်တာနဲ့ သကြားလုံးပြောင်းစားဖို့ မတိုက်တွန်းပါနဲ့ဆိုတာမျိုးပေါ့။

အဲ့လို pop rap တွေက သဲသဲချွဲချွဲ အချစ်အကြောင်း တွေဖွဲ့လာတဲ့အချိန်မှာ ကိုလေးဖြူရဲ့ လိပ်ပြာအယ်လ်ဘမ် ထွက်လာပါတယ်။ ဒီခွေထဲမှာ ကိုအယ်ဖြူလား၊ကိုမောင်မောင်ဇော်လတ် ရေးပေးတာလား မသိဘူး၊ အချစ်အကြောင်း ဆိုတဲ့သီချင်းလည်းပါလာရောကျွန်တော်တို့တွေ အကြိုက်တွေ့သွားပါရော။ တေးရေးဆရာ ကလည်း ဒါတွေကို နည်းနည်းချဉ်နေတဲ့ သဘောလည်းပါမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကတ်ဆက်ဖွင့်တော့လည်း အချစ်အကြောင်း၊ ၀တ္တုမဖတ်လိုက်နဲ့။ ကလေးဘ၀ တည်းကလည်းအချစ်
အကြောင်း၊ အဖိုးကြီး ဖြစ်တဲ့အထိဆိုပြီး၊ အချစ်အကြောင်းတွေကို တော်တော်ငြီးငွေ့တဲ့အကြောင်း ရေးထားလိုက်တာ ကျွန်တော့် တို့ပါးစပ်ဖျားကကို မချတော့ဘူး။ ဒါပေမယ့် အပြင်မှာတော့ ချစ်သူက ဘေးမှာ သက်ရှိထင်ရှားကြီး။ ဆိုလိုချင်တာက ဒီpop rap အချစ်သီချင်းတွေကို ကျွန်တော်တို့က ရွဲ့ချင်နေတဲ့အချိန်မှာ ဒီသီချင်းကလည်း ပေါ်လာတော့ အခါကောင်းဖြစ်သွားတာပေါ့။

တကယ်တော့ဒီသီချင်းကလည်း အချစ်ကိုငြီးငွေ့တယ်ဆိုတာ အကြောင်းပြပြီး အချစ်ကြောင့်ပဲဖြစ်လာတဲ့ သီချင်းတစ်ပုဒ်ပါ။ ကိုယ့်ဆရာတွေက ဖန်တီးမူကလည်းကောင်း၊ ခံစားချက်ကလည်းရှိတော့ ဒီသီချင်းက ကျွန်တော်တို့ အကြိုက်တစ်ပုဒ်ဖြစ်ခဲ့ရပါတယ်။ ဒီသီချင်းကို ရည်းစားဘေးမှာဆိုလည်း pop rapသီချင်းတွေက အချစ်ကိုငြီးငွေ့နေလို့ သူဆိုတာပဲလေ ဆိုပြီးမိန်းကလေးတွေ ခွင့်လွှတ်ပေးကြပေမယ့် ဟိုသီချင်းကို သွားဆိုမိရင်တော့ နည်းနည်းစကားပြောရတယ်ဗျ။ သိတယ်မဟုတ်လား အဲ့ဒီ လိပ်ပြာခွေထဲက သီချင်းပဲလေ၊ စိတ်ကူးသစ်၊ အင်္ကျီသစ်၊အိပ်မက်သစ် ဆိုတဲ့သီချင်းပေါ့။ အဲ့ဒါဆိုရင်တော့ နင်ကရည်းစားပါ သစ်ချင်နေ
လို့လားဆိုပြီး အမေးခံရတတ်ပါတယ်။ အဲ့ဒီတော့ အချစ်ဆိုတာ တခါတလေ အကြောင်းမဲ့ သ၀န်တိုတတ်
ခြင်းလည်း ပါတယ်လို့ ကျွန်တော်ထင်ပါတယ်။

အချစ်ဆိုတာ ကျွန်တော့်ရဲ့အဓိက အမြင်ကတော့ ချစ်နေကြဖို့ပဲ ဆိုတာကို ယုံကြည်ပါတယ်။ အချစ်ကို အဓိပ္ပါယ်ဖွင့်ဖို့ကြိုးစားတာဟာ စိတ္တဇပန်းချီကားတစ်ချပ်ကို ပုံဖေါ်
ရသလိုပါပဲ။ ကြိုက်သလိုခံစားလို့ရတယ် အဓိပ္ပါယ်အမျိုးမျိုးလည်းထွက်မယ်။ အဓိကက နားလည်ဖို့မဟုတ်ဘူးဗျ။ ခံစားတတ်ဖို့ပဲ။ ခံစားချက်ကို နက်နက်ရှိုင်းရှိုင်းထားတတ်လေလေ အနုပညာတွေလည်း ပိုပြီးလေးနက်လေလေပေါ့။ ဒီတော့ နက်နက်ရှိုင်းရှိုင်းချစ်တတ်တယ် ဆိုတာဟာ ကိုယ်ပိုင်အနုပညာတစ်ခုကို ရင်ထဲမှာဖန်တီးထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။

ထို့ကြောင့် ကျွန်တော့်ယုံကြည်ချက်တစ်ခုမှာ အချစ်ဆိုသည်မှာ အနုပညာတစ်ခုလည်း ဖြစ်ပါသည်။

ကဲအချစ်အကြောင်းတွေကို ရူ့ ထောင့်အမျိုးမျိုးက သိချင်တယ်ဆိုရင်တော့ အောက်ကလင့်တွေမှာ သွားဖတ်
ပေတော့ဗျို့
မြန်မာဝီကီ MOE
အင်္ဂလိပ် wikipedia

9 ယောက် မှတ်ချက်ပေးခဲ့သည်:

Unknown said...

ကိုဖားကြီးရေ ရေးထားတာလေးကောင်းပ အင်းအမျိုးမျိုးပေါ့နော် ခံစားချက်လေးတွေက ကျွန်တော်လည်း အင်း ဘယ်လိုပြောရမလည်း အင်းပေါ့နော် :)ကောင်းသောနေ့ပါ ဗျာ

လင်းဒီပ said...

အချစ်အကြောင်း အတော်လေ့လာထားပုံရတယ်...:P

Chaos said...

ခံစားချက်ကို နက်နက်ရှိုင်းရှိုင်းထားတတ်လေလေ အနုပညာတွေလည်း ပိုပြီးလေးနက်လေလေပေါ့။ ဒီတော့ နက်နက်ရှိုင်းရှိုင်းချစ်တတ်တယ် ဆိုတာဟာ ကိုယ်ပိုင်အနုပညာတစ်ခုကို ရင်ထဲမှာဖန်တီးထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်

မှန်လိုက်တာ ကိုဖားကြီးရယ်။ တစ်ခါတစ်ခါ ခံစားချက်နက်ရှိုင်းလာတာနဲ့အမျှ ကိုယ်ဖန်တီးလိုက်တဲ့ အနုပညာက ပိုပြိးပီပြင်လာတယ်။ စုတ်ချက်တွေက ပိုခိုင်မာလာတယ်

Phyo Thet Aung said...

အဟမ်း ရေး ထားလိုက်တာများ
အချစ် ဒဿန ဆရာကြီး အတိုင်းပဲ ....
ကိုဖားကြီး ရေ ..
အချစ်ကျမ်း ကျေ နေပြီပေါ့ ဟီး ဟီးးး

puluque said...

အချစ်အကြောင်း လာရောက်ခံစားသွားပါတယ်။ အချစ် ကို ခံစားချက် အမျိုးမျိုးရင်ဖွင့်သွားတော့ ခံစားခဲ့ရတာတွေ မနည်းဘူးထင်တယ်။

WWKM said...

အချစ်ဆိုသည်မှာ... အကြောင်းလေးအတွက်
ပြည့်ပြည့်စုံစုံလေး ခံစားရေးဖွဲ့ထားနိုင်တာ တော်ပါ
ပေ၏။း)

ကိုရင်နော်ခင်လေးငယ် said...

ဟုတ်တယ်..
ထောက်ခံတယ်ဗျ အချစ်ဆိုတာ အနုပညာတစ်ခု.. ကျနော်ကတော့ သံစဉ်တစ်ခုလို့.. ထင်နေတာ.. ဖတ်လို့ကောင်းတယ်ဗျို့.. :)

Han Thit Nyeim said...

ကျေးဇူးပါပဲဗျို့...။

ချစ်ခြင်းဟာ အနုပညာပဲဗျ... ဟုတ်တယ်။

ကိုဖားကြီးတို့များ ၀ီကီကို ဘယ်လောက်ခင်တွယ်သလဲ ဆိုရင် အချစ်အကြောင်း ပြောတာတောင် ၀ီကီ လင့်ခ်တွေကို ညွှန်းထားသေးတယ်။ ကောင်းပါပေ့ဗျာ။

Apprenticeship said...

ချစ်ခြင်းအနုပညာကို လေ့လာသွားပါတယ်။ အဆင်ပြေပါစ.. :D