မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းရဲ့ နှစ်ပတ်လည်အသင်းသားစုံညီပွဲ နဲ့ စာတမ်းများဖတ်ပွဲကို ၈ ရက်နေ့နဲ့
၉ရက်နေ့ ဇန်န၀ါရီ ၂၀၀၉ မှာကျင်းပခဲ့ပါတယ်။ အားအားယားယားဖြစ်နေတဲ့ ကျွန်တော်မောင်ဖားကြီးလည်း အခြေအနေ အခွင့်အရေး ရှိနေတုန်းအချိန်မို့ စာတမ်းတော်တော်များများကို သွားရောက်နားထောင် ဖြစ်ခဲ့ပါတယ်။ စာတမ်းတော်တော်များများကတော့ ပြီးခဲ့တဲ့ ၂၀၀၈ မှာ အထူးခြားဆုံးဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းနဲ့ သဘာဝဘေးအန္တာရာယ် တွေအကြောင်းကို တင်ပြဖတ်ကြားသွားခဲ့ကြတာပါ။ ဒီစာတမ်းဖတ်ပွဲမှာ ကျွန်တော်ပိုမိုသိလာတဲ့ အကြောင်းကတော့ Cyclone Shelter လို့ ခေါ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကျရင် လူတွေခေတ္တသွားရောက် နေနိုင်တဲ့ စခန်းရိပ်သာတွေအကြောင်းပါ..။ သိပြီးတဲ့သူတွေလည်း သိပြီးဖြစ်ပေမယ့် ကျွန်တော့်လိုပဲ သိပ်မသိသေးတဲ့ တစ်ယောက်တစ်လေများရှိမလားဆိုပြီး ၀င်လျှာရှည်တယ်လို့ပဲ သဘောထားကြပါကုန်....။
Cyclone Shelter နဲ့ပတ်သတ်လို့ အဓိကဟောပြောသွားသူကတော့ YTU က ဒေါက်တာဥာဏ်မြင့်ကျော်ပါ ...။ သူက Design Concept of Cyclone Shelter ဆိုတဲ့ စာတမ်းကိုတင်သွင်းဖတ်ကြားသွားပါတယ်...။ အများသိတဲ့ အတိုင်းပဲမနှစ်က နာဂစ်မုန်တိုင်း ၀င်မွှေတော့ သေဆုံးတဲ့သူတွေက အစိုးရထုတ်ပြန်ချက်အရ ၁၄၀ ၀၀၀ ကျော်ပါတယ်။ဒီလိုသောက်သောက်လဲ သေကြပြီဆိုတော့ သင်ခန်းစာတွေလည်း ရသင့်သလောက် ရလာကြာပြီပေါ့။ ဒီတော့ နောက် တစ်ခါဖြစ်ရင် လူတွေဒီလိုမျိုး အဓိပ္ပါယ်မဲ့ မသေရအောင် ဘာတွေပြင်ဆင် သင့်လည်းဆိုပြီး ၀ိုင်းစဉ်းစားလာပါတယ်...။ ဒီနေရာမှာ အဓိပ္ပါယ်မဲ့ သေရတယ်ဆိုတဲ့ စကားရပ်ကို ကျွန်တော် သုံးလိုက်ရတာက အကြောင်းရှိပါတယ်။
နာဂစ်မုန်တိုင်း တိုက်ပြီးတော့ အဓိကသေရတဲ့အကြောင်းက မုန်တိုင်းဒီရေတိုးလာလို့ သေရတယ်ဆိုတာ အားလုံးသိကြပါတယ်။ မိုး/ဇလ ကဦးထွန်းလွင်ကလည်း MES ဥက္ကဌ ရဲ့ဖိတ်ကြားချက်နဲ့ ပထမနေ့က သူ့စာတမ်းကို လာဖတ်သွားတော့ ဒီလိုပြောသွားပါတယ်..။ သူတို့အနေနဲ့ ဒီလိုဖြစ်လာနိုင်တာကို သိပါတယ်တဲ့.... ဒါပေမယ့် အဲ့ဒီအချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ ဘာလုပ်ရမှန်းကို မသိတာတဲ့...။ Early Warning အားနည်း တာကြောင့်လို့လည်း သူကဆက်လက်ဝန်ခံသွားပါတယ်...။ ကြိုတင်သတိပေးချက်တွေ ရှိခဲ့ပေမယ့် ဘယ်အထိအကျိုးသက်ရောက်မူ့ရှိသလဲ ဆိုတာတော့ပြောကြားသွားခြင်းမရှိခဲ့ဘူးထင်ပါတယ်..။
ပြီးတော့ မြစ်ဝကျွန်းပေါ်ရဲ့ သဘောသဘာဝကိုလည်း ဦးထွန်းလွင်က ဆက်လက်ရှင်းလင်းပြပါတယ်။ မြစ်ဝကျွန်းပေါ်မှာက ပင်လယ်ထွက်ပေါက်မြစ်တွေက များတော့ မုန်တိုင်းဒီရေ ဟာမြစ်ကြောင်းတွေက တဆင့်ကုန်းတွင်းပိုင်းကိုဆောင့်ဝင်လာပြီးတော့ ကမ်းရိုးတန်းနဲ့ မိုင်နှစ်ဆယ်၊သုံးဆယ် အကွာလောက်လည်း ရောက်ရော ကုန်းတွင်းရေတိမ်နဲ့တွေ့ပြီး အရမ်းမြင့်တဲ့လှိုင်းတွေအဖြစ်နဲ့ ကုန်းတွင်းပိုင်းကို တိုးဝင်ပါတော့ တယ် .. ။ ဒီမှာတင် ရေတက်ချက်ကပေ ၂၀ လောက်ရှိလာပြီး လူတွေသောက်သောက်လဲ သေကြပါတော့တယ်..။ တဖြည်းဖြည်းတက်လာတာ မဟုတ်ပါဘူး..။ အချိန်တိုအတွင်းမှာတင် တိုးပြီးတက်လာတာပါ..။ အရင်တုန်းက လည်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒီထက်မကတဲ့ကိန်းဂဏန်းတွေ အသေအပျောက်ရှိခဲ့ဖူးပေမယ့် ခုလိုသတင်းနဲ့နည်းပညာ ခေတ်ကြီးထဲမှာ ဖြစ်သွားတာကြောင့်ရင်ထုမနာ ဖြစ်ကြရပါတယ်။ နောက်ပြီးတော့ ၂၄ နာရီအတွင်းမှာ တယ်လီဖုန်းတွေ၊ အင်တာနက်တွေ နဲ့အဆက်အသွယ် ပြတ်သွားတာလည်း နောင်ဆိုမဖြစ်သင့်ကြောင်း မိုး/ဇလ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာထွန်းလွင် ကပဲပြောကြားသွားခဲ့ပါတယ်။
Cyclone Shelter အကြောင်းပြန်ဆက်ပါမယ်။ မုန်တိုင်းတွေကျရောက်ရင် လူတွေအရေးပေါ် သွားရောက်နေထိုင် ရမယ့် နေရာတွေပါ ။ သာမန်အချိန်မှာ စာသင်ကျောင်း၊ ဆေးခန်း၊ ကျေးရွာ အုပ်ချုပ်ရေးကောင်စီ ရုံးတွေအဖြစ်အသုံးပြုပြီး၊မုန်တိုင်းကာလ မှာ လူတွေခိုနားတဲ့ နေရာအဖြစ်အသုံးပြုလို့ရတဲ့ အဆောက်အဦးအမြင့်ကြီးတွေပေါ့..။ လူတစ်ရာအတွက် ငါးရာအတွက်၊ ဆိုပြီး အသီးသီး ဒီဇိုင်းလုပ်ထားတဲ့ အဆောက်အဦးကြီးတွေဖြစ်ပါတယ်။ အိမ်နီးချင်း ဘင်္ဂါလားဒေ့ရှ် ကတော့ လူငါးသိန်းလောက် သေခဲ့တဲ့ မုန်တိုင်းကြီးခံခဲ့ဖူးတော့ နိုင်ငံအ၀န်းမှာ Cyclone Shelter ပေါင်း ၄၀၀၀ ကျော် ၅၀၀၀ နီးပါးရှိပါတယ်။ ကျွန်တော်တို့ဒီမှာတော့ ကနဦးအနေနဲ့ အစိုးရက ၁၈ လုံးဆောက်ဖို့လမ်းညွှန်ထားပါတယ်။
အခု ဇန်န၀ါရီလ အလယ်ရောက်နေပါပြီ...။ ဦးထွန်းလွင်ကတော့ ဧပြီ ၁၅ ရက်နေ့ကနေ မေ ၁၅ ရက်ထိကို မိုးလေ၀သ သတင်းကို ဂရုစိုက်ပြီးနားထောင်ကြပါလို့ အဲ့ဒီနေ့ကပဲ ပြောကြားသွားပါတယ်...။ နောက်မဖြစ်နိုင် ဘူးလို့ ဘယ်သူမှအာမခံမပြောနိုင်ပါဘူးတဲ့...။ သြော်... Cyclone Shelter တွေက အခုမှ စလုံး ရေစ နေတုန်း...။
Cyclone Shelter မှာ အရေးပေါ်အခြေအနေအတွက် အစားအစာ၊ရေ၊ ဆေးဝါး တွေပြည့်စုံရပါမယ်။ လူအများကြီးက ခိုနားကြမှာဆိုတော့ ရေအိမ်စနစ်၊ လေ၀င်လေထွက် စနစ်တွေကလည်း ကောင်းမွန် လုံလောက်ရပါမယ်။ ဒီနေရာမှာ လူတစ်ရာ၊ လူငါးရာ အတွက်ဆိုတဲ့ ဒီဇိုင်းကိစ္စနဲ့ ပတ်သတ်ပြီး အထက်လူကြီး တွေနဲ့ ဆရာနဲ့ ငြင်းနေရတုန်းဆိုတာကိုလည်း ရှင်းပြသွားပါတယ်။ လူကြီးတစ်ချို့က လူငါးရာ ဆိုရင် သာမာန်အခြေအနေမှာ ကျောင်းသားငါးရာ ဆန့်ကျောင်းဆောင်တို့ဘာတို့ တွေးနေပေမယ့် ဆရာတို့ ဆိုလိုတာက အရေးပေါ်အခြေအနေအတွက်ပါ ။ အရေးပေါ်အခြေ အနေမှာလည်း လူငါးရာ ဆိုပေမယ့် ပြည့်သွားပြီ ဆိုပြီး နှင်လွှတ်လို့ရတာမဟုတ်ပါဘူး။ အဲ့ဒါကိုပဲ တစ်ချို့တွေက Maximum ၅၀၀ ဆိုတာနဲ့ သာမာန်အခြေအနေ လူငါးရာ ဆန့်အဆောင်ကြီးလို့တွေးတတ်ကြတယ်လို့ ဆရာက ပြောကြား သွားပါတယ်။
ဒီဇိုင်းအယူအဆနဲ့ ပတ်သတ်ရင် အဓိကကျဆုံးအချက်က ကြိုတင်သတိပေးစနစ်နဲ့ ဆက်သွယ်ရေး စနစ်တို့ပဲဖြစ်ကြပါတယ်။ Cyclone Shelter တစ်ခုဟာ ပြည့်စုံလုံလောက်တဲ့ကြိုတင်သတိပေးစနစ်ရှိနေရပြီး လူထုကလည်း ဒီစနစ်နဲ့အကျွမ်းတ၀င်ရှိနေရပါမယ်။ ဒီအတွက်လည်း နားလည်အောင်လို့ လူထုကို ပညာပေးသင့်တယ်လို့ စာတမ်းရှင်တွေနဲ့ လာရောက်နားထောင်သူများ အားလုံးက မှတ်ချက်ချကြပါတယ်။ ဟုတ်ပါတယ်... တကယ်လို့ ဒီစနစ်တွေ၊ ဒီအကြောင်းတွေဟာ လူထုဆီကိုသေသေချာချာ မရောက်ခဲ့ရင် ဒီစာတမ်းတွေဟာ စာတမ်းတွေအဖြစ်နဲ့ပဲ စည်းဝေးခန်းမထဲမှာ ကျန်နေတော့မှာကိုး။ ဒီတော့ လူထုကို ပညာပေးရေး ဟာလည်း အရေးကြီးပါတယ်။ ဘာတွေကို ပညာပေးရမလဲဆိုတာကတော့ တာဝန်ရှိ လူကြီးမင်းများပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။
လူထုပညာပေးရေး နဲ့ပတ်သတ်ပြီး YTU ဘူမိဗေဒဌာနက ဦးကျော်ထွန်းကလည်း သူ့စာတမ်းမှာ ပြောကြားသွားပါတယ်။ သီရိလကာင်္က ကလေးတစ်ယောက်ဟာပင်လယ်ရေ ရုတ်တရက်ကျသွားတာကို သတိထားမိတဲ့အတွက် သူ့မိသားစုကိုခေါ်ပြေးတာ သေဘေးကလွတ်မြောက်ခဲ့ပါတယ်တဲ့။ မြန်မာနိုင်ငံမှာတော့ မြေကြီးထဲက ရေတွေစိမ့်ထွက်နေတာကို သတိမထားပဲနေကြတော့ Landslide ဖြစ်ပြီး ရွာလုံးကျွတ်တွေ မြေပြို ပျောက်ကွယ်ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒါမျိုး သတင်းတွေက ခေတ်အခြေအနေရဲ့ပေါ်လစီကြောင့်ပဲလားမသိဘူး သတင်းစာတွေဘာတွေထဲမှာ အရေးတယူဖေါ်ပြခြင်းမရှိခဲ့ ဘူးလို့ ဆရာကသူ့ရဲ့ Landslide Hazards Mitigation Measures in Myanmar စာတမ်းမှာ စကားဦးအဖြစ် ပြောကြားသွားပါတယ်။ ကျွန်တော်တို့ ဆီမှာက ဒီလိုမျိုး လူထုပညာပေးရေးအစီအစဉ်တွေ တော်တော်အားနည်း နေတယ်ထင်ပါတယ်။
ဆရာ ဥာဏ်မြင့်ကျော် တို့ကတော့ တွက်သင့်တာတွေကို တွက်ချက်ပြီး နောက်ထပ်ဒီလိုအဖြစ်ဆိုးမျိုးမဖြစ်အောင်
Cyclone Shelter တွေကို ဒီဇိုင်းလုပ်နေပါပြီ။ ဒီဇိုင်းပြိုင်ပွဲတွေလည်း လုပ်ပြီး MES ကနေ Cyclone Shelter တွေကိုအတည်ပြုလက်ခံပေးနေပါတယ်။ ဆရာပြောသလိုပဲ အဆောက်အဦးတွေက တစ်နှစ်၊ နှစ်နှစ်ဆို ယိုယွင်းသွားတဲ့ ကိစ္စကိုလည်း တာဝန်ရှိသူတွေက စီစစ်သင့်ပါတယ်။ ကန်ထရိုက်ရတဲ့ ကုမ္ပဏီတွေကပဲ ခိုတာလား၊ နောက်ပိုင်းထိန်းသိမ်းမူ့ပဲ ညံ့သလားဆိုတာတော့ လုပ်နေတဲ့သူတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ စာတမ်းတွေကို ပညာရှင်တွေ အသိုင်းအ၀ိုင်းထဲမှာပဲ ငြင်းခုံဆွေးနွေးနေစရာ တစ်ခုမဖြစ်စေချင်ပါဘူး ။ အဲ့ဒါကြောင့် ခင်ဗျားမှာ မြန်မာပြည်က ဆွေမျိုးမိတ်ဆွေတွေရှိရင် တစ်ဆင့်စကား တစ်ဆင့် ပြောလိုက်ပါ။ Cyclone Shelter ကတော့ ၁၈ လုံးဆောက်ဆောက်နေပြီလို့ လိုတာကတော့ ၄၀၀၀ ကျော် လောက်ရှိမယ်။ ဦးထွန်းလွင်ကလည်း ဧပြီ ၁၅ ကနေ မေ ၁၅ အတွင်းနဲ့ ပြီးတော့ အောက်တိုဘာ လဆန်းကနေ နိုဝင်ဘာလဆန်းကိုတော့ သတိထားပါလို့ပြောသွားလေတယ်။ ဒီတော့ Cyclone Shelter တွေ
မပြီးသေးရင်လည်း ကိုယ့်ဘာသာ ကိုယ်ကာကွယ်နိုင်အောင် လုပ်ထားဖို့လိုမယ် ထင်တယ်..။ သြော်နောက်ပြီး
နောက်နှစ်ဆယ်လောက်ရောက်ရင် မြန်မာပြည်ဟာ ငလျင်ဒါဏ်ခံရနိုင်ကြောင်းလည်း သူကပြောသွားလေရဲ့..။ ကြိုတင်ပြင်ဆင်မူ့တွေ လုပ်ထားသင့်မသင့်တော့ ကိုယ်တိုင်ပဲ စဉ်းစားကြပါတော့ဗျာ...။
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
6 days ago


12 ယောက် မှတ်ချက်ပေးခဲ့သည်:
ကောင်းတယ် ကိုဖားကြီး ၊၊ တော်တော်ဖတ်လို့ကောင်းတယ်
Shelter 4000 ကျော်လောက် လိုတာကို ၁၈ လုံးပြီးအောင် ဆောက်ပြီးပြီ ဆိုတော့..
တော်တော်ကြီးကို အားရစရာကောင်းတဲ့ အခြအနေပဲ....
ဘာပဲဖြစ်ဖြစ်.. သတင်းဖြန့်ဝေပေးမှုမှာ အားနည်းတာ. ကတော့လူတိုင်းသိတယ်.. မီဒီယာတွေဘက်ကလည်း အများကြီးပံ့ပိုးပေးဖို့လိုသေးတယ်..။ ပြောရရင်တော့အများကြီးပါပဲ...
ဘာပဲပြောပြော.. အကျိုးရှိတဲ့ပိုစ့်လေးပါပဲ..
အားလုံးကိုဖတ်စေချင်တယ်.. အချိန်ကုန်ခံပြီး သေချာရေးထားလို့ ကျေးဇူးပဲ..
နင်နဲ့ငါ မ၀ါဝါ ကျေးဇူးကြောင့် ထူးဆန်းစွာ ဘလော့ရွာထဲပြန်ဆုံကြတဲ့ အကြောင်း ပိုစ့်ရေးမလို့ စဉ်းစားနေတယ်.. အဟဲ..
ဘယ်လိုလဲ...
ကျေးဇူးတင်ပါတယ်။အခုလိုဆရာဥာဏ်မြင့်ကျော်ရဲ့တင်ြုပချက်တွေကို ပြည့်ပြည့်စုံစုံဖော်ပြသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်။တခြားဆရာတွေ၇ဲ့ land slideဲ့ပက်သက်တဲ့ ရှင်းပြချက်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မြေပြိဲတာလဲ အရေးကြီးလှပါတယ်။ မိုးကုတ်မြေပြိုတဲ့ကိစ္စတွေကိုလည်းသေချာကာကွယ်ဖို့လိုအပ်နေပါပီ။..ဟင်းးး
flood hazard map ,cyclone warning system ,အစရှိတဲ့ နည်းပညာတိုးတက်မူတွေနဲ့အတူ လိုအပ်လာတာက ပြည်သူတွေကို ပညာပေးပံ့ပိုးရမှာပါပဲ။
ဆိုလိုတာက အသိပညာရှင် အတတ်ပညာတွေက တဖက်က နည်းပညာတွေ ကာကွယ်မူတွေ တပြိုင်တည်းဆောင်ရွက် သလို ဒါတွေဖြစ်ရင် ဒီလိုနေရာတွေမှာ ဒီလိုလေးတွေ အကာအကွယ်ယူနိုင်ပါတယ်ဆိုပီး ပြည်သူတွေကို ပြောပြပီး ကြိုတင်ကာကွယ်နိုင်ပါတယ်။
အခုဆိုဖွံဖြိုးပီးနိုင်ငံတွေမှာ ရေကြီးနိုင်မဲ့နေရာတွေ ငလျင်ဒဏ်ခံရမဲ့နေရာတွေကို မြေပုံနှင့်တကွရှင်းပြပီး ပြည်သူတွေကို ပညာပေးကာ ကြိုတင်ကာကွယ်မှူတွေ ပြုနေကြပါပီ။
ပြည်သူတွေကို ပညာပေးတာနဲ့ပက်သက်လို့ပြောရရင်တော့ အခက်အခဲက ဖွံဖြိုးပီးနိုင်ငံမှာတောင်ရှိနေကြဆဲပါ။
ဖွံဖြိုးဆဲနိုင်ငံဖြစ်တဲံ့ အင်ဒိုနီးရှားဆို ဂျပန်နိုင်ငံအကူအညီနဲ့ တော်တော်များများကို ဆောင်ရွက်ထားသော်ငြား တာဝန်ရှိသူတွေ ကြိုတင်အကြောင်းကြားမူကို ပြည်သူတွေက မယုံကြည်၍ အသက်ဆုံးရှုံးသွားခဲ့ရတဲ့ သာဓကတွေ ရှိနေဆဲပါပဲ။ အခုချိန်ထိ ဖွံဖြိဲုးဆဲနိုင်ငံက လူအများဒီလို ကိစ္စရပ်တွေမှာ အတိုက်အခံဖြစ်နေကြဆဲ့ပါပဲ။ ကြိုတင်ခန့်မှန်းတယ်ဆိုပေမဲ့တခါတလေမှာ တကယ်ဖြစ်မလာတဲ့အခါ ပြည်သူတွေရဲ့ စိတ်မှာ အလကားပါဆိုတဲ့စိတ်ဟာ အသက်အန္တရာယ်ကို အတော်ထိပါးစေပါတယ်။
ဘာပဲဖြစ်ဖြစ်လေ ဒီလို shelter တွေ ဆောက်ထားမယ်။လိုအပ်ရင်ကြိုတင်အကြောင်းကြားမယ်။ အသက်ထက် ဘယ်အရာမှတန်ဖိုးမကြီးဘူးဆိုသလို အရေးအကြောင်းဆို အဆင့်ဆင့်အကြောင်းကြားခြင်းကို နောက်ကဆောင်ရွက်ပီး လိုအပ်တဲ့အချိန်မှာ အချိန်မှီကယ်ဆယ်နိုင်ဖို့က အဓီကကျလို့တာဝန်ရှိသူတွေ အနေနဲ့ မသိပဲ အမိန့်ပေးဖို့စဉ်းစားမနေစေချင်တာတော့အမှန်ပဲ
အသိပညာအတတ်ပညာတွေကို သူ့နေရာနဲ့သူ စနစ်တကျ တန်ဖိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် မြန်မာပြည်ဟာ အာရှနိုင်ငံမှာ ပြတ်မကျန်နေဘူးလို့ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျမတို့မြန်မာပြည်မှာ ကျမတို့ဆရာတွေလို အသိပညာရှင်အတတ်ပညာရှင်တွေ အများကြီးလိုအပ်သလို တကယ်ပဲ သူတို့ရဲ့လေ့လာချက် တွေ့ရှိချက်တွေကို အရေးတယူဆောင်ရွက်မှူရှိစေချင်မိပါတယ်။
မကြာမီ ကျရောက်လာနိုင်တဲ့ ငလျင်ဒဏ် ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်လာနိုင်မဲ့ ဆူနာမီ အရေးအတွက် စိတ်မအေးလှပါဘူး။ လေကြောင်းပြောင်းလဲမှူကြောင့်ဖြစ်ပေါ်လာမဲ့ လေဒဏ်
အစရှိတဲ့ သဘာဝဘေးဒဏ်အန္တရာယ်တွေကိဲုကိုတင်ကာကွယ်နိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ အသိပညာရှင် အတတ်ပညာရှင်တွေ ပူးပေါင်းပါဝင် လက်တွဲနိုင်ကြပါစေလို့... မဝံ့မရဲပဲ ဆုတောင်းလိုက်ချင်ပါတယ်။
ကိုဖါးကြီး
နေမကောင်းသော်လည်း လာဖတ်ပါတယ်--
ဖြန့်ဝေပေးတာကျေးဇူးပါ---
ဗဟုသုတတွေ ရလိုက်ပါတယ်--
အင်းကွာ ငါတို့တွေတော့ ခက်ပြီ :(
ဒီ box ထဲမဝင်ဘူးလို့ ဝင်ရေးတာ။ ကြိုက်တဲ့ထဲဝင်လို့ ပြောထားတယ်ဟုတ်။ဟဲဟဲ။
ကိုယ်သိလာရတဲ့ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းနဲ့ ဗဟုသုတရအောင် ရေးနိုင်တဲ့ လက်စွမ်းကို ချီးကျူးပါတယ် ငါ့အစ်ကို။ဖြန့်ဝေဖို့ တွေးဖြစ်တဲ့ စိတ်ကူးကိုရောပေါ့။ ကဲ ဝင်လို့အားရပြီ ဆိုတော့ ထွက်ပြီ။ ;P
ဖတ်လို့ အရမ်းကောင်းတယ် ကိုဖားကြီးရေ အားပေး
လျက်ပါ။
ဖတ်ပြီးတာတော့ကြာပြီ link ယူသွားပြီ
မင်္ဂလာပါ မောင်ဖားကြီးရေ..
ပို့စ်လေးတော်တော်ဖတ်လို့ကောင်းပါတယ်။
စိတ်ဝင်စားစွာနဲ့ ဖတ်သွားပါတယ်။
အယ်..ညီမလေးခေါင်ခေါင်ရဲ့သူငယ်ချင်းက မောင်ဖား
ကြီးလား။ မောင်လေး ပုံမှ အစ်မကိုမပို့တာလေ။ မောင်
လေးက ခေါင်ခေါင့်ပုံလေးမြင်ပြီး သိသွားတာလား။
သူငယ်ချင်းတွေပြန်ဆုံကြတာ ပျော်စရာကြီး။
ပျော်ရွှင်ပါစေ။
အစ်မ၀ါ
ကိုဖားကြီးရေ..
ဗဟုသုတရပါပေတယ်ဗျာ.. ဖတ်လို့ တော်တော်ကောင်းတယ်..
အခုလို မျှဝေပေးတာ ကျေးဇူးအထူးပါ..
ခင်တဲ့..
ကျွန်တော်သိသလောက် အခြေခံပညာ အလယ်တန်းအဆင့် သိပ္ပံသင်ရိုးမှာ မုန်တိုင်းဖြစ်ရင် ဘယ်သူ့စကားကို နားထောင်ရမယ်။ ဘာလုပ်ရမယ်။ ဘာမလုပ်ရဘူး။ မိသားစုလိုက် ဘယ်လိုနေရာကို ပြေးရမယ်။ ရေဒီယိုနားထောင်ရမယ် စသဖြင့် ပါပါတယ်။ လမ်းစဉ်လူငယ် reference အနည်းငယ်ပါပေမဲ့ တိတိကျကျ လမ်းညွှန်ချက်ပါပါတယ်။
အခုဖြစ်တဲ့ ပြဿနာဟာ စာတွေ တတ်တယ် တတ်တယ်ဆိုပြီး စာမေးပွဲတွေမှာ စာကျက်အောင်၊ moderation နဲ့ အောင်ဆိုပြီး အောင်လာကြပြီး လက်တွေ့မှာ အသုံးမချတတ်လို့ ဖြစ်ကြရတယ်လို့ပဲ မြင်ပါတယ်။
ပညာပေးရေး သပ်သပ်လုပ်စရာမလိုပါ။ လူငယ်တွေအတွက် စာသင်ကျောင်းမှာ တခါတည်း ထည့်သင်လိုက်ပြီးသားပါ။
မုန်တိုင်းမျက်စိထဲ ရောက်လျှင် မုန်တိုင်းငြိမ်မည်ကို မသိလို့ မုန်တိုင်းစဲပြီ ထင်သွားပြီး စိတ်အေးလို့ ဟိုဒီ လျှောက်လုပ်လို့ မုန်တိုင်းက ပြန်တိုက်၊ သေကုန်တဲ့လူတွေ မနည်းပါဘူး (စာအုပ်ထဲမှာ ပါပါတယ်။)
စာသင်ကြားရေး စနစ်ကိုပါ တလက်စတည်း ပြင်သင့်ပါတယ်။
Post a Comment