ရှေးသရောအခါက ဗာလာဏသီပြည်တွင် မဟာဗာလာနံမင်း မင်းပြု၏ ။ ထိုမင်းတွင် ၀န်မင်း ၃၃ ပါးရှိသည်။ ထိုဝန်မင်းများထဲမှာ တစ်ပါးဖြစ်သောစက်မူ့ပါလ၀န်မင်းသည် တစ်နေ့သောအခါတိုင်းပြည်အတွင်း လှည့်လှည့်ကာ မိမိလက်အောက်တွင်ရှိသောအရာရှိ၊အရာခံများအား စစ်ဆေးတော်မူ၏ ။ ထိုဝန်မင်းယူရသောတာဝန်မှာကား တိုင်းပြည်တွင် ဗိသုကာများ၊ စက္ကောမပညာရှင်များ၊ လက်သမားများ၊ လောကဓါတ်ပညာရှင်များ ၊ အစရှိသည့် ပညာရှင်များပေါ်ထွန်းစေရန် အသက်မွေးဝမ်းကျောင်းပြုရသည့် တက္ကသီလာများအား အုပ်ချုပ်ရခြင်းဖြစ်လေသည်။ ( ထိုခေတ်ကအင်္ဂလိပ်စာသည် ယခုခေတ်လောက်မတွင်ကျယ်သေးသဖြင့် အင်ဂျင်နီယာဟူသော အသုံးအနှုံးမပေါ်သေးကြောင်း သမိုင်းအထောက်အထားများအရသိရှိရလေသည်။ ဤကားစကားချပ် )
ဝန်မင်းသည်ယခုခေတ်ပေါ်တူဂီလူမျိုးဖီလစ်တိုဒီဘရစ်တိုအုပ်စိုးခဲ့သောပါဒတိုင်းအရပ်ရှိတက္ကသိုလ်ကျောင်းတစ်ခု သို့ ရောက်ရှိလေသည်။ ထိုကျောင်းသို့ရောက်လတ်သော် ကျောင်းသား၊ကျောင်းသူများသည် သတင်းစာလည်းမဖတ်၊ရုပ်မြင်သံကြားလည်း ချိုဆင်ပြည်မှကားများကလွဲ၍မကြည့်ကြသဖြင့် ၀န်မင်းအား ၀န်မင်းမှန်းမသိပဲ ဘယ်ကဘဲကြီးလဲဟုပုခုံးချင်းတိုက်သွားသည်ကတစ်မျိုး ၊ အတွဲလေးများသည်လည်း လက်တွဲမပျက်၊ပုခုံးဖက်မပျက် ၀န်မင်းရှေ့ကဖြတ်လျှောက်သွားကြသည်ကတစ်ဖုံရှိသော် ၀န်မင်းသည် အလွန်ပင်ဒေါသအမျက်ထွက်ရှိတော်မူ၏ ။ ထို့ထက်ပို၍ဆိုးသည်ကား ကျောင်းသားတစ်ယောက်သည် ၀န်မင်းအား
"ဦးလေး မီးခြစ်ပါရင် တစ်တို့လောက်"
ဟုဆိုလေလျှင် ၀န်မင်းသည်အယောင်ယောင်အမှားမှားဖြင့် ထုတ်ပေးမည်ပြုပြီးမှမိမိအဖြစ်ကိုသတိရပြီး
သြော် ကျောင်းသား၊ကျောင်းသူများကား ငါ့ကိုပင်သောက်ဂရုမစိုက်ကြပါလား ဟုဆင်ခြင်မိလေသည်။
ဤသည်မှာလည်း အပြစ်မဆိုသာချေ ။ ကျောင်းသား၊ကျောင်းသူများသည် ၀န်မင်းအားဝန်မင်းဟု
မသိခြင်းကြောင့်သာဖြစ်ပြီး ၀န်မင်းဟုသာသိပါက တောကောင်ငယ်လေးများသည် ကေသရာဇခြင်္သေ့မင်းကိုမြင်သောအခါထွက်ပြေးကြသကဲ့သို့လည်းကောင်း၊ အမှောင်တိုက်သည် ဘာဏုရာဇာနေမင်းကြီးထွက်ပေါ်လာပါက စကြ၀ဠာမဟာတံတိုင်းမှဝေးရာသို့ပြေးသကဲ့သို့လည်းကောင်း၊ လူကောင်းတို့သည်ခွေးရူးလာသောအခါ ချက်ကို ၁၄ လုံးထိုးဆေးထိုးရမှာစိုး၍ ဝေးရာသို့ပြေးသကဲ့သို့လည်းကောင်း၊ လမ်းဘေးဈေးသည်တို့သည် စည်ပင်သာယာရဲလာပါက ကိုယ်လွတ်ရုန်း၍ပြေးကြသကဲ့သို့လည်းကောင်း ရှောင်ရှားကြမည်မှာမလွဲတည်း ။ ( ကျန်သော ဥပမာအများအပြားပေးနိုင်သေးသော်လည်း ဘလော့ဂ်စာမျက်နှာမီဂါဗိုက်ကို ငဲ့ကွက်သောအားဖြင့် ဤမျှသာဖေါ်ပြထားပေသည် )
ဝန်မင်းသည်သူ၏ ကျောင်းသား၊ကျောင်းသူများအား လွန်စွာချစ်မြတ်နိုးတော်မူသောကြောင့် စာမှစာသာသင်စေလိုလေသည်။ ကျောင်းသား၊ ကျောင်းသူများ၏ရှိသမျှအချိန်များ အားလည်း စာသာပထမ၊ စာသာဒုတိယ၊ စာသာလျှင်ထာဝရစသည်ဖြင့်ကုန်ဆုံးစေလိုသည်။ထိုအခါဝန်မင်းသည် အဘယ်အတွက်ကြောင့် ဤကျောင်းသား၊ကျောင်းသူများသည် စာသင်ချိန်အတွင်း အပြင်၌လတ်လျားလတ်လျားဖြစ်နေကြသနည်းဟု သူ၏တပည့်အရာရှိ၊အရာခံ ပါမောက္ခများအား မေးမြန်းစုံစမ်းလေသည်။
ဝန်မင်းကအမိန့်တော်ရှိလေလျှင် ချိုလိမ်လေးပါးစပ်မှာငုံလျှက်သားရှိသော ၀န်မင်း၏တပည့်ကျော် မဟာပါရဂူဒိသာပါမောက္ခချုပ်ကြီးသည် ပြင်းစွာသောတုန်လှုပ်ခြောက်ခြားခြင်းဖြင့်
"မှန်..မှန်ရာ့ပါ ၀န်မင်းဖုလား..."
"ဟေ့ မယ်မင်း နင့်ချိုလိမ်ကြီးချွတ်ပြီး ကိုယ်တော့်ကိုမှန်ရာမြန်မြန်လျှောက်တင်စမ်း"
ထိုအခါမှ မဟာပါရဂူဒိသာပါမောက္ခချုပ်ကြီးသည် မိမိအဖြစ်ကိုသတိရပြီး ချိုလိမ်ကိုချွတ်ကာစိတ်ကိုတင်း၍ ၀န်မင်းအားလျှောက်တင်လေသည် ။
"မှန်လှပါ့ ဘုရား... အရှင့်တပည့်ကျော်များဟာ မဟာစာချုပ်တော်ကြီးများကို ဖေါက်ဖျက်၍ စမ လမ်းကိုထွက်သွားကြကြောင်းပါဘုရား"
"ဟေ ထွက်ရပ်လမ်းကို မြန်းကြတာလားကွယ့် ဒါဖြင့်ရင်တော့သူတော်ကောင်းကြီးများပေပဲ"
"မဟုတ်ရကြောင်းပါဘုရား.......... စမလမ်းဆိုတာ တကယ်တော့ စလုံးပြည်၊ မလေးပြည် အစရှိတဲ့အိမ်နီးချင်းနိုင်ငံများမှာ သွားရောက်အလုပ်လုပ်ကိုင်ကြတာကို ပြောတာပါဘုရား..."
"ဟေ... ဒါဆိုငါ့ရဲ့သား၊ သမီးကဲ့သို့ ချစ်ရသောတပည့်ကျော်များဟာ ငါ့ရင်ကိုစုံကန်ထွက်ခွာသွားခဲ့ကြတာပေါ့... ဒါဆိုလည်း ဒီကောင်တွေပြန်လာတာနဲ့ ထောင်သွင်းအကျဉ်းချစေ၊ ကျောတစ်ရာ၊ရင်တစ်ရာ ကြိမ်ဒဏ်ခတ်စေ၊ ယခုပင်လျှင်အမိန့်တော်ထုတ်၍ မတရားစာရင်းသွင်းစေ"
ဟုလူကြီးပီသစွာဆုံးဖြတ်တော်မူလေသည်။
ထိုသို့ ဆရာ၊ဆရာမများလိုအပ်နေသောကြောင့် ကျောင်းသား၊ကျောင်းသူများ လတ်လျားလတ်လျားဖြစ်ရခြင်း အကြောင်းကို သိတော်မူလေလျှင်ဝန်မင်းသည် ဤကဲ့သို့အမှတ်တမဲ့မိန့်ကြားတော်မူလေသည်။
"အလို ... ဒီလိုဆိုလျှင်ဖြင့် မဟာသစ်စည်း လုပ်ကြမဲ့ ကျောင်းသား၊ကျောင်းသူတွေက အငယ်တန်းတွေကို လုပ်အားပေးသဘောနဲ့သင်ကြားပေးရင်ဖြင့် ကောင်းကြပေလိမ့်မယ် မောင်မင်း၊ မယ်မင်းတို့ရဲ့"
(သစ်စည်းဆိုသည်မှာ ယခုခေတ်အခေါ် သီးဆစ်(Thesis ) နှင့် အဓိပ္ပါယ်တူမတူအား ဘာသာဗေဒပညာရှင်များ သုတေသနပြုလုပ်သင့်ပေသည်။ ဤကား... စကားပြား......)
ဝန်မင်းကထိုကဲ့သို့ မိန့်တော်မူလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ထွာပြလျှင် တစ်လံ၊တစ်မိုင်မျှမက တစ်ဆုံးထိပင်မြင်ကြသောနောက်လိုက်၊နောက်ပါ ပါချုပ်၊ ဘာချုပ်တို့သည်လည်း
"သင့်မြတ်လှကြောင်းပါ ဘုရာ့...၊ မှန်ကန်လှကြောင်းပါ ၀န်မင်းဘုရာ့၊ ၀န်မင်းအတွေးက လန်းတယ်ဗျာ"
အစရှိသဖြင့် အဆင်းဘီးတပ်လုပ်ကြလေသည်။
ဝန်မင်း၏ကိုယ်ရေးအရာရှိတော်မင်းကလည်း ၀န်မင်းပြန်လည်ကြွခါနီးတွင် တက္ကသီလာမှတာဝန်ရှိသူများအား
"လုပ်အားမပေးရင်ဘာဖြစ်မယ်၊ ညာဖြစ်မယ်... သစ်စည်းပေးမလုပ်ဘူးလို့ ခြောက်လုံးလေးလှန့်လိုက်ဦးနော် ပါချုပ်ကြီးတို့"
ဟုလက်တော်တို့ပြီးပြောခဲ့လေရာ..... နောက်လိုက်၊နောက်ပါတို့သည်လည်း ၀န်မင်းသဘော နောကြေနေပြီ ဖြစ်သောကြောင့်ပြောစရာမလိုပါဟု ပြန်လည်ပဏ္ဏာလုပ်ကြလေသည်။
ထိုခေတ်သည်ယခုခေတ်ကဲ့သို့ ဆိုရှယ်လစ်စနစ်၊ ဒီမိုကရေစီစနစ် အစရှိသောစနစ်များ၊ နီယိုကွန်၊ဘာကွန်ညာကွန်များ၊ လစ်ဘရယ်၊ ဘာဘရယ်ညာဘရယ်အစရှိသော ဂိုဏ်းဂဏများလည်း မကွဲပြားသေးပဲ ပဒေသရာဇ်စနစ်သာလျှင်ထွန်းကားပေရာ ၀န်မင်းနှုတ်ထွက်စကားတစ်လုံးသည် စာရွက်များပေါ်တွင်ရေးထားသော ဥပဒေတစ်ရာထက်ပင်လွန်စွာအရာရောက်လေသည်။ ထို့ကြောင့် ၀န်မင်းအမိန့်တော်ရှိတော်မူသည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာတော်ချုပ်ကြီးသည် အမိန့်စာတစ်စောင်ကိုသက်ဆိုင်ရာတက္ကသီလာ အသီးသီးသို့ဖြန့်ချီတော်မူလေသည်။
စာရွက်ပေါ်မှအမိန့်တော်တို့သည် ဖတ်လို့ကောင်းအောင်စကားအလှတန်ဆာဆင်ထားသော်လည်း လိုရင်းမှာကား စာသင်ရမည်၊ လုပ်အားပေးဆိုသော်လည်း အမြဲတမ်းဆရာများလိုပင်စာသင်ရမည်၊ အပြင်မှာ ကျိတ်ဝိုင်း၊ဘာဝိုင်း မလုပ်ရ၊ အမြဲတမ်းသင်ရသောဆရာများကဲ့သို့ပင် ၀န်မင်းထုတ်သမျှ အမိန့်တော်တို့ကိုလိုက်နာရမည်ဟု ပါရှိလေသည်။ သို့သော် ထိုကဲ့သို့သင်ကြားပေးသောကြောင့်တက္ကသီလာသို့ လာရသောမြင်းရထားစရိတ်တို့ကို ပြန်ပေးမည်ဟူ၍သော်လည်းကောင်း၊ လုပ်အားပေးကာလအတွင်း သုံးစွဲရန်အဿပြာငွေချီးမြှင့်မည်ဟူ၍ လည်းကောင်း တစ်စိုးတစ်စိမျှမပါလာခဲ့ပေ...။
သက်ဆိုင်ရာတက္ကသီလာများမှပါချုပ်ကြီးများသည်လည်း အမိန့်တော်ပြန်တမ်းကိုရလေလျှင် လုပ်အားပေးဟု အမည်ခံသော်လည်း သက်ဆိုင်သူများအားသဘောထားကိုမျှမမေးပဲ သစ်စည်းလုပ်ရမည့်သင်တန်းသား များအား တစ်ယောက်လျှင်တစ်စောင်ဖြန့်ဝေကာလက်မှတ်များထိုးခိုင်းလေတော့သည်။
"အို... ဆရာဖား ငါတို့ကား သစ်စည်းလုပ်ရင်း တစ်ဖက်ကလည်းလုပ်ငန်းခွင်ဝင်မည်ဟု အားခဲထားကြ၏ ။ အချို့ဆိုလျှင် အလုပ်ပင်ရနေကြပြီဖြစ်သည်..။ ယခုဝန်မင်းက ဤသို့အမိန့်ထုတ်သော် ငါတို့ဘာလုပ်ရမည်မှန်းမသိတော့"
ဟု ကျောင်းသားတစ်ယောက်ကပြောလေသည်။ ကျောင်းသူတစ်ယောက်ကလည်း
"ဟုတ်ပေသည်ဆရာဖား ... ငါတို့သည်လည်း သစ်စည်းလုပ်ရင်းအခြား အတ်တိုကော်၊ အတ်စတီမိတ် စသောသင်တန်းများတက်နေကြသည်..။ ၀န်မင်းခိုင်းသလို စာသင်ရလျှင် ငါတို့အဖို့သင်တန်းများပျက်လျှက်အဿပြာငွေများစွာ ဆုံးရှုံးပေတော့မည်။"
ဟုတစ်ယောက်တစ်ပေါက်တိုင်ကြားကြလေသည်။
နည်းနည်းထက်မြက်သော ကျောင်းသားတစ်ယောက်ကမူ
"ဆရာဖား ထိုကိစ္စသည်အဓမ္မမူ့နှင့်ဆင်တူ၏ ကာလသမ္မဂု သို့တင်ပြလိုက်လျှင်အသို့ဖြစ်မည်နည်း"
ထိုအခါ မျက်စိမှိတ်၍ သေသေချာချာနားထောင်နေသောဆရာဖားသည်လည်း မျက်လုံးကိုဖွင့်ကာထိုကျောင်းသားအား
"ထို့သို့မလုပ်လင့် အမောင်... ၀န်မင်းကားငါ့ထက်ပင်ဥာဏ်အရာ၌များစွာသာလေသည်... သင်ကထိုသို့တိုင်ကြား၍ ကာလသမ္မဂု ကစုံစမ်းလေသည်နှင့် ၀န်မင်းမဆိုထားဘိ၊ ၀န်မင်း၏နောက်လိုက်များကပင် ငါတို့ဗာလာဏသီသည် ရှေးအခါကတည်းကတစ်ဦးကိုတစ်ဦးကူညီခြင်း၊ ရိုင်းပင်းခြင်းကို မင်္ဂလာတရားအဖြစ်သတ်မှတ်သောကြောင့် စေတနာအလျှောက်သာ လုပ်အားပေးကြခြင်းဖြစ်သည်ဟု ရှေးကလိုပင်ပြောကြပေလိမ့်မည်။ ထိုအခါသင့်အတွက်ပင်လျှင် လွန်စွာအန္တာရာယ်များလှပေသည်။"
"သို့ဆိုလျှင်... ငါတို့အဘယ်အမူ့ပြုရပေမည်နည်း"
ကျောင်းသား၊ကျောင်းသူများက တစ်ညီတစ်ညွတ်တည်းမေးလျက်သည်ရှိသော် ပညာရှိဆရာဖားလည်းဤသို့မွက်ကြားလေသည်။
"အမောင်တို့၊မယ်တို့ သင်တို့သည် အ သုံးလုံးကိုကျင့်ကြပေတော့"
"အ သုံးလုံးဆိုသည်မှာဘာကိုဆိုလိုသနည်း ဆရာဖား"
"အမောင်တို့သင်တို့သည် သစ်စည်းကိစ္စပြတ်မှသာ အတန်းအောင်မြင်ကြမည် မဟုတ်လော"
"ဟုတ်ပေသည်ဆရာဖား"
"သင်တို့အားလုံး အောင်မြင်လိုကြသည်မဟုတ်လော"
"အောင်မြင်လိုပေသည် ဆရာဖား"
"ဒါဖြင့်လျှင်ယခုလိုအချိန်အခါ၌ သင်တို့စွဲစွဲမြဲမြဲမှတ်ထားရမှာကား အ သုံးလုံးဖြစ်သည့်
အောင် ချင်လျှင် အ ချင်ယောင်ဆောင်ပြီး အင်း ဟုသာခေါင်းငြိတ်လိုက်ကြပေတော့"
ဟုမိန့်ကြားတော်မူလေလျှင် ကျောင်းသား၊ ကျောင်းသူများသည်လည်း ဟုတ်ပါပေသည်၊ ပညာရှိခေါ်ဆိုထိုက်ပါပေသည်ဟု ၀ိုင်းဝန်းချီးမွမ်းချွန်တွန်းလုပ်ကြလေတော့သည်..။
ထို့နောက် သစ်စည်းလုပ်ရမည့်ကျောင်းသား၊ကျောင်းသူများသည်လည်း ဆရာဖားစကားကိုနားထောင်ကာ မိမိထက်အတန်းငယ်သောသူများအား စာသင်ကြားပေးလေတော့သည်။ ဤသို့ဖြင့် ချိုလိမ်မပြတ်သေးသော ပါရဂူများကလမ်းလျှောက်တတ်စ မဟာကျောင်းသားများကိုစာသင်၊ လမ်းလျှောက်တတ်စမဟာကျောင်းသားများက လေးဘက်ထောက်ကျောင်းသားများကိုစာသင်၊ လေးဘက်ထက်ကျောင်းသားများက ၀မ်းလျားမှောက်ကျောင်းသားများကို စာသင်၊
ဝမ်းလျောက်မှောက်ကျောင်းသားများက အမိဝမ်းတွင်းမှသန္ဓေသားများကို စာသင်လေလျှင် တိုင်းသူပြည်သားများလည်း အမိဝမ်းမှမကျွတ်မှီပင် ပညာတတ်များဖြစ်လျှက် တိုင်းကားပြည်ရွာမှာအရင်ကထက်ပင် အေးချမ်းသာယာပြီးခေတ်မှီဖွံ့ဖြိုးတိုးတက်ကုန်လေသတည်း...........။ သာဓု... သာဓု...သာဓု..
19 ယောက် မှတ်ချက်ပေးခဲ့သည်:
တကယ့်ကို တော်တဲ့ ပညာရှိ က၀ိကိုဖားကြီးပဲ။ တကယ်သဘောကျဖို့ ကောင်းပါတယ်။ မသိမသာနဲ့ ထိတာပေါ့ ငါ့အစ်ကိုရေ....။
ရှောင်လွှဲလို့ မရနိုင်တဲ့ ဝဋ်တစ်ခုပေါ့ကွာ။
ဖြစ်နိုင်ရင်တော့  စေတနာပါပါသင်ပေးကြဖို့ တိုက်တွန်းပေးပါကွာ။
အသင်ခံရမယ့် ကျောင်းသားတွေဖက်ကလည်း ဆရာကို ဆရာလို သဘောထားနိုင်ကြပါစေ၊ ကိုယ်လိုတဲ့ ပညာကို ရအောင်ယူတက်ကြပါစေလို့ပဲ ဆုတောင်းပေးရတော့မှာပါပဲလေ။
သက်ပြင်းကြီး ဘယ်နှစ်ကြိမ်ချမှန်းမသိပဲ ပြန်သွားပါတယ် ဒီဂျေကိုကိုဖားရေ
“အောင် ချင်လျှင် အ ချင်ယောင်ဆောင်ပြီး အင်း ဟုသာခေါင်းငြိမ့်လိုက်ကြပေတော့"
အော် ဒီလို တော်လို့တတ်လို့လည်း ပညာရှိတွေ ဖြစ်နေကြတာကိုး...
မှတ်သားလောက်ပါပေတယ်ဗျား....
. နို့စို့ဘက်တွေလာစုံနေကြပါကလား...
သြော် သစ်စည်း သစ်စည်း
တော်တော်လည်း ရွှေဥာဏ်တွေစူးရောက်ပါပေသကို က၀င်ပြင်ညိရှာ ဖီးကြားရယ်။။
လင့်ခ်တော့ခ်ျိတ်လိုက်ပြီ.ခွင့်ပြု ဟီး၂
မစ္စတာဖား... ရေရေလည်လည် လန်းတယ်ဗျာ။ မိုက်တယ်။
ထိုပညာရှိကြီးများအား သစ်စည်းက၀ိ ဟု အမည်သညာ သ ရပေလိမ့်မည်တမုံ။
မိုက်တယ်ဗျာ။
ရယ်ရတယ်ဗျို့။ ထပ်ရေးပါ။
ကိုဖားကြီးရေ ကောင်းတယ်။ အားကျတယ် စာရေးကောင်းလို့။
အ သုံးလုံးပြီးရင် ခသုံးလုံး။
ခေါ်ရင်လာ ခိုင်းတာလုပ် ခံမပြောနဲ့
:)
သစ်စီး အဓိပ္ပါယ်ကို အရမ်းသဘောကျပါတယ် ကိုဖားကြီး သရော်စာကပြောင်မြောက်တယ်ဗျို့
ဒါဖားကြီးကွ :D No Comment နော့် :)
Very Good Post !!
အမိဝမ်းမှ မကျွတ်မှီပင် ပညာတတ်များဖြစ်လျက်...
:):p
အ သုံးလုံးကို အပိုင်ယူသွားပြီဗျို့.. အောင်မြင်ရင် ဘီယာတိုက်မယ်ဆရာ..ဟိ
အဟေဟေ.... ဆရာရေ မိုက်တယ်..လန်းတယ်ဗျာ.. ။
brother ဖားရေ ..သစ်စည်းလုပ်တာ ဟိုကူး ဒီပေါင်း ဟိုဖြတ် ဒီကပ်လို့ ပီးပလားဗျ..။ ပီးရင်တော့ ဘွက် ရမှာပေါ့နော်..
စာအေ၇းအသားကောင်းပြီး ဖတ်မငြီးသော အသုံးလုံး ကို အ၇မ်းကြိုက်သွားပါတယ်နော်
Post a Comment