Sorry, Blame it on me ( 100 th post )

30 August 2009

ကျွန်တော်ဘလော့ဂ်ကို စရေးခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ ...။ ဘယ်လောက်ကျော်ခဲ့လဲဆိုတာတော့ ကျွန်တော့်ထုံးစံအတိုင်းမမှတ်မိတော့ဘူး ။ ဘယ်ရက်က ဘလော့ဂ်ကိုစဖန်တီးလဲဆိုတာနဲ့ ပို့စ်စရေးတဲ့နေ့ ပို့စ်တင်ဖြစ်တဲ့နေ့တွေက လွဲနေပြီး ဘယ်ရက်ကို အတည်ယူရမလဲ ဆိုတာ မသိတာလည်းပါတော့ တစ်နှစ်ပြည့်တွေဘာတွေလည်း အထူးတလည်မရေးနိုင်ခဲ့ပါဘူး ။ ဘလော့ဂ်ဂါတွေ တစ်နှစ်ပြည့်တို့ ပို့စ်တစ်ရာမြောက်တို့ ရေးတာဖတ်ရရင်တော့ ကျွန်တော်အရမ်းအားကျခဲ့ပါတယ် ။ တစ်နှစ်ပြည့်မရေးနိုင်ရင်တောင် ၁၀၀ ပြည့် ပို့စ်တော့ အမှတ်တရအဖြစ်ရေးမယ်လို့လည်း အားခဲထားခဲ့တယ် ။ အရင်ရေးတဲ့နှုန်းနဲ့တုန်းကတော့ ငါလည်း တစ်ရာမကြာခင်ပြည့်တော့မှာဆိုပြီး ဘယ်လိုရေးမယ် ဘာတွေရေးမယ် ဆိုပြီးတွေးခဲ့တာတွေရှိပါတယ်။ တကယ်တမ်းလက်တွေ့မှာတော့ ၁၀၀ပြည့်အောင်ရေးဖို့ဆိုတာက ကျွန်တော့်အတွက် ထင်သလောက်မလွယ်ပါဘူး။

၂၀၀၉ တစ်နှစ်လုံးမှာ ကျွန်တော်ရေးခဲ့တာက ၁၀ ပုဒ်ကျော်ကျော်ရယ်ပဲရှိတယ်။ ဒါနဲ့ dashboard က ပို့စ်အပုဒ်ရေဖေါ်ပြထားတာကို သတိထားမိတော့ ပြီးခဲ့တဲ့ ကဗျာက ၉၉ ပုဒ်မြောက်ဖြစ်နေတယ် ...။ ဒီတော့ နောက်တစ်ပုဒ်ဖြစ်တဲ့ အခုလက်ရှိပို့စ်ဟာ တစ်ရာမြောက်ပေါ့...။
တစ်ရာမြောက်ကို ကျွန်တော်ဘာရေးရင်ကောင်းမလဲ။ တွေးထားတာတွေအကုန်လုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်။ ဒီကြားထဲ အိမ်ကကွန်ပြူတာကလည်း သုံးမရအောင်ပျက်... အင်တာနက်ဆိုင်လာဖို့ကလည်း ခရီးတွေကထွက်နေရတာနဲ့ အလှမ်းဝေး ... မအားတဲ့ကြားက အချိန်လုပြီး မဖြစ်ဖြစ်အောင်ရေးနေကြတဲ့ မိတ်ဆွေ၊သူငယ်ချင်း ဘလော့ဂ်ဂါတွေကိုပဲအားကျစိတ်ဖြစ်နေမိတယ်။ ဒီအတိုင်းတော့မဖြစ်သေးပါဘူးဆိုပြီး တစ်ရာမြောက်ပို့စ်ကို တစ်ခုခုတော့ အမှတ်တရဖြစ်အောင် ရေးမှပါလို့တော့ စိတ်ကအမြဲဖြစ်နေတယ်။

တစ်နေ့က ရုံးကိုကိစ္စတစ်ခုနဲ့သွားတော့ ကားပေါ်ကတီဗီမှာ MTV တစ်ခွေကြည့်ခဲ့ရတယ်။ Akon ရဲ့ ခွေပါ ။ သီချင်းတွေကလည်း ကြာပါပြီ ။ ဒါပေမယ့် AKon ကို ကျွန်တော်အသံအနေနဲ့သာ ဟိုးတုန်းကနားထောင်ဖူးပြီး video ကိုတော့ သေသေချာချာမကြည့်ဖြစ်ခဲ့ပါဘူး ။ အဲ့ဒီအထဲက သီချင်းကိုလည်း အရင်တုန်းကသိခဲ့ပေမယ့် နားထဲသေချာမရောက်ခဲ့ဘူး။ အခု music video အနေနဲ့ကြည့်လိုက်ရမှ ကျွန်တော့်လက်ရှိအဖြစ်တွေနဲ့ တိုက်ဆိုင်နေသလိုဖြစ်ပြီး ရင်ဘတ်ထဲကို ရောက်ခဲ့ပါတယ်။ သီချင်းတစ်ပုဒ်ဟာ ဘယ်လောက်ပဲကြာနေပါစေ ရင်ဘတ်ကိုတွယ်ညိနေသ၍ လတ်ဆတ်နေဆဲပါပဲဗျာ ။

အဲ့ဒီသီချင်းမှာ Akon ကပြောပါတယ်။ အပြစ်အားလုံးဟာ သူ့ကြောင့်ပါတဲ့ ..။ သူ့ကိုသာ အပြစ်တင်ပါတော့လို့ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မြန်မာလေသံလို စိတ်မရှည်တဲ့ပုံနဲ့ အားလုံးငါ့အပြစ်ပဲ ထားပါတော့ဆိုတဲ့ လေသံမျိုးမဟုတ်ပါဘူး ..။ ဖြစ်ခဲ့တာအားလုံးအတွက် သူစိတ်မကောင်းပါဘူး ။ သူ့အပြစ်တွေကိုဝန်ခံပါတယ် ..။ ဆက်ပြီးတော့ ဒီလိုအပြစ်တွေဟာ သူ့မှာတာဝန်ရှိတဲ့လို့ခံယူထားတဲ့ အသံမျိုးပါ ။ ဒါက ကျွန်တော်ခံစားမိတဲ့ အပိုင်းကိုပြောတာပါ ။ သူ့လေသံက ခွင့်လွှတ်ပေးပါ ဆိုတာရယ် နောက်မဖြစ်အောင်တာဝန်ယူပါတယ်ဆိုတဲ့ အသံမျိုးလို့ခံစားမိတယ်။

ကျွန်တော်လူတွေကို ဘယ်လောက်များ စော်ကားမော်ကားပြုခဲ့ပြီးပြီလဲ..။ ကျွန်တော်မြင်ဖူးတဲ့ ပတ်ဝန်းကျင်ရော ကျွန်တော်မမြင်ဖူးပေမယ့် ရှိနေတဲ့ ပတ်ဝန်းကျင်( ဘလော့ဂ် လောက ) က လူတွေအပေါ်မှာ ကျွန်တော်သိလျှက်နဲ့ဖြစ်စေ မသိလျှက်နဲ့ဖြစ်စေ သူတို့စိတ်ပျက်အောင် လုပ်ခဲ့ဖူးမှာပါ ။ အဲ့ဒီအတွက် ကျွန်တော့်ကိုချစ်တဲ့သူတွေ ၊ ကျွန်တော်က ချစ်တဲ့သူတွေ ၊ ကျွန်တော့်အပေါ်မုန်းတဲ့သူတွေ ၊ ကျွန်တော်က မုန်းခဲ့သူတွေအားလုံး စိတ်ကသိကအောက်တော့ ဖြစ်ခဲ့ဖူးမှာပါ ။ Akon လေသံနဲ့ပြောရရင်တော့ စိတ်မကောင်းပါဘူးဗျာ .. အားလုံးကျွန်တော့်အပြစ်တွေပါ လို့ပဲပြောရမှာပါ ။ တကယ်ကို ၀န်ချတောင်းပန်လိုခြင်းဖြစ်ပါတယ် ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကျွန်တော့်ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရရင် ဒီနေရာကနေပဲ ကျွန်တော့်အပြစ်တွေလို့သတ်မှတ်ပြီး နားလည်ခွင့်လွှတ်မူ့ကို မျှော်လင့်ပါတယ်ဗျာ ...။ ကျွန်တော့်ရဲ့ ခံယူချက်ဟာ ကျွန်တော်ကြိုက်တဲ့ သီချင်းအတိုင်းကို ဖြစ်သွားပါတယ်။ အခုတလော အကြိုက်ဆုံးသီချင်းကို ပြောပါဆိုရင်လည်း ဒီသီချင်းပါပဲ ။ လူတွေကိုစိတ်ထဲက တောင်းပန်ရင်း စိတ်ရဲ့အေးချမ်းပေါ့ပါးမူ့ကို ရှာတွေ့ခဲ့ပါတယ်။ Akon ရဲ့ မှော်ဝင်နေတဲ့ ဂရုဏာသံကနေ တဆင့်ပေါ့ ..။ MTV ကိုကြည့်ပြီးသွားရင်လည်း နောက်တစ်ခေါက်လောက် ကြည့်သွားပါဦး ..။ ကျွန်တော့်ရဲ့ ၀န်ချတောင်းပန်မူ့ကို Akon ကတဆင့်ပြောပြပါလိမ့်မယ် :-) ။





Lyrics | Akon Lyrics | Sorry, Blame It On Me Lyrics

ဒီလိုဝန်ချတောင်းပန်မူ့ဟာပဲ ကျွန်တော့်ရဲ့ ၁၀၀ မြောက်အမှတ်တရပို့စ်ဖြစ်ပါစေတော့ ...။ ကျွန်တော့်ပတ်ဝန်းကျင်၊ ကျွန်တော်နဲ့ပတ်သတ်သမျှလူအားလုံး.. ကျွန်တော်နဲ့မပတ်သတ်သမျှလူအားလုံး ... မြေကမ္ဘာပေါ်ကရှိသမျှလူအားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာ ရှိကြပါစေခင်ဗျာ ....။

8 ယောက် မှတ်ချက်ပေးခဲ့သည်:

လင်းဒီပ said...

ညီလေးရေ ကွန်ကရက်ကျူရေးရှင်း ပို့စ်တစ်ရာ...
ဒီထက်မက ဘလောဂ့်နိုင်ပါစေ..
အစ်ကိုလည်း ဘလောဂ့်နေဦးမှာ..

အပြစ်ဆိုတာကတော့ လူတိုင်းမှာ မကင်းပါဘူးရယ်..
တောင်းပန်တတ်တာ လူယဉ်ကျေးများသာ...

Anonymous said...

ဒီလပိုင်းမှာ တစ်ရာပြည့်တွေ တစ်လပြည့်တွေ တစ်နှစ်ပြည့်တွေ အများသားကလား

Anonymous said...

ဘာအထုမှတောင်းပန်းတာတွေ၊ စကောပန်တာတွေ လုပ်ရတာတုန်းဂျ။ ဘုန်းကြီး ခေါင်းခေါက်ပြီးမှ ကန်တော့လို့ ပြောလို့ရလားဂျ... ဟဲဟဲဟဲ...
နောက်တနည်းက တောင်းပန်ပြီးပြီဆိုတော့ ဘာယုတ်မာဖို့ စိတ်ကူးထားလဲ... အဟီးဟီး
စတာပါဗျာ...

တောင်ပေါ်သား said...

အကိုရေ ပိုစ့်တရာမှသည် နောင်ပိုစ့်ပေါင်းများစွာ ဆက်လက် ရေးသားနိုင်ပါစေ.. အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်

လေးစားလျက်
တောင်ပေါ်သား

မေဇင် said...

ပိုစ့် 100 ပြည့်သွားပြီပေါ့နော်... ရေးသားချက်တွေ ဖတ်မိသမျှကောင်းပါတယ်... အပုဒ် 100 လုံးတော့ မဖတ်ရသေးဘူး....။း))

Dr Phyo Wai Kyaw said...

ရာပြည့်ဆို အထူ ရေးရတယ်ဗျ..
ဝီကီရောဘလော့ဂ်ရော များများရေးနိုင်ပါစေဗျား။

ဆွေလေးမွန် said...

၁ဝဝ ပြည့် ဘလော့ ကနေ နောင်နောင် အများကြီး ဆက်ေ၇းနိုင်ပါစေ။ေ၇းသမျှကို ဖတ်ပေးပါ့မယ်လို့။

Talkii said...

လာလည်တာ နောက်ကျသွားတယ်။

Congratulations!

ပို့စ် ထောင်သောင်းမက ဖတ်ချင်ပါတယ်ဗျာ