မောင်အေးနှင့်ခွေး

6 August 2009

မောင်အေးက သွက်လက်ချက်ချာသည်။ လူကြီးတွေအမြင်နဲ့ပြောရလျှင်တော့ ဖင်ပေါ့တယ်ပေါ့။ သူ့ပုံစံကလည်း အများတကာအလယ်တွင်ထင်ပေါ်လေသည်။ အသားကမည်းမည်း၊ ပိန်ခြောက်ခြောက်၊ မျက်လုံးပြူးပြူး နှင့် လူကောင်သေးသောမောင်အေးသည် တစ်ခါမြင်လျှင်မှတ်မိလွယ်သော ရုပ်မျိုးဖြစ်သည်။ မောင်အေးကို ကျွန်တော်သတိထားမိတာကလည်း သူသည်လူတစ်ကာ ပါးစပ်ဇျားတွင်ရေပန်းစားသောကြောင့်ဖြစ်သည်။

မောင်အေးရေ ဟိုဟာလေးလုပ်ပါဦး၊ ဒီဟာလေးလုပ်ပါဦးဆိုသည်နှင့် မောင်အေးက ညီးညူလေ့မရှိ... ပါးစပ်ကတော့အပြောင်အပြက်တွေ ပြောတတ်သည်။ သူများတွေက ကျောက်လောင်းရလျှင် ပင်ပန်းတယ်ဆိုကာ နောက်နေ့အလုပ်မဆင်းသော်လည်း မောင်အေးကတော့ ဘာမှမဖြစ်သလိုပင် အလုပ်ကိုပုံမှန်လာသည်။ တကယ်တော့ ထိုနေ့မျိုးဆိုလျှင် မောင်အေးက သူများထက်ပို၍ ပင်ပန်းပါသည်။
အလုပ်ကိုခိုကပ်လေ့မရှိသောသူ့ကို အိမ်ရှင်များက သဘောကျသလို၊ သူ့ ကန်ထရိုက်ကလည်း လက်စွဲဖြစ်သည်။ တစ်ခုခုဆိုလျှင် မောင်အေးနာမည်ကို ပါးစပ်ကမချတော့... ယုတ်စွအဆုံး mixer စက်နှိုးတာကိုပင် မောင်အေးလုပ်မှဖြစ်လေသည်။ ထိုသို့အလုပ်ကိုသွက်သွက်လက်လက်လုပ်တတ်သော မောင်အေးကို ကျွန်တော်ကလည်းခင်ပါသည်။ ခင်မင်ခြင်းနှင့် အတူသူ့အကြောင်းကိုပါ စိတ်ဝင်စားမိလေသည်။

တစ်နေ့ slab လောင်းဖို့ အထပ်သားပြားတွေကို မောင်အေး ဆေးသုတ်နေတုန်း ကျွန်တော်သူ့နားကိုရောက်သွားသည်။ ဒီဆိုဒ်ကို ကျွန်တော်ရောက်တာမကြာသေးသဖြင့် မောင်အေးသည် ကျွန်တော့်ကိုတော့ ခပ်တန်းတန်းပင်နေတတ်သည်။

"မောင်အေး မင်းဒီနေ့ပြီးပါ့မလား"

ကျွန်တော်က သူ့ကိုခပ်ရွှင်ရွှင်နောက်ကာ ခင်မင်မူ့ကိုစယူလိုက်သည်။

"ဒီလောက်ကတော့ ကျွန်တော်အေးဆေးပါ "

သူကလည်း ခပ်ပြုံးပြုံးပင် ပြန်ပြောသည်။

ရပြီ... သူနှင့်ကျွန်တော်စကားဆက်ပြောလို့...

"မောင်အေး မင်းအသက်ဘယ်လောက်ရှိပြီလဲ"

"ဗျာ... ဆယ့်ရှစ်နှစ်ရှိပြီ အစ်ကို"

'သြော်....'

တကယ်တော့ မောင်အေးခန္ဓာကိုယ်သည် သူ့အသက်နှင့်နှိုင်းယှဉ်လျှင် ပိန်လှီလွန်းလှသည်ဟု ကျွန်တော်ထင်သည်။ သူ့ခန္ဓာကိုယ်ကြည့်၍ သူ့အသက်ကို ကျွန်တော်မှန်းခဲ့တုန်းက ဆယ့်လေး၊ဆယ့်ငါးနှစ်ထက်ပိုစရာမရှိ...။ မောင်အေး ဘာဖြစ်လို့ ဒီလောက်လူကောင်ညှက်ရတာလဲ...။ ပင်ပန်းမူ့ဒဏ်ကြောင့်လား.. ငယ်ငယ်လေးကတည်းက ဆင်းရဲမူ့ဒဏ်ကြောင့် အာဟာရ မပြည့်ခဲ့တာလား...။
ကျွန်တော်မမေးဖြစ်ခဲ့........။ ထားတော့ဒီကိစ္စက မောင်အေးတို့လို့ လူငယ်ကလေးများ ကျွန်တော်ကြုံခဲ့ဖူးတာ များပြီမဟုတ်လား....။

"မောင်အေး မင်းအရင်တုန်းကရော ဘယ်မှာလုပ်ခဲ့သေးလဲ"

သူက ဆေးသုတ်နေရင်းနဲ့ပြန်ဖြေသည်။

"လက်ဘက်ရည်ဆိုင်မှာ "

"သြော် မင်းအဆင်မပြေလို့ထွက်လာတာလား"

အဆင်မပြေသောကြောင့်ထွက်တာပဲ ဖြစ်ရမည်ကိုသိသော်လည်း ကျွန်တော်က စကားဖေါ်ကမေးလိုက်သည်။

"အင်းဟုတ်တယ်အစ်ကိုရ.. ပင်ပန်းလွန်းလို့ပါ... နေ့တိုင်းလည်းဆင်းရတယ်.. အဝေးပြေးကားဂိတ်ကဆိုင်ဆိုတော့ ညဆိုရင်လည်းနောက်ကျမှအိပ်ရတယ် မနက်ဆို သုံးနာရီခွဲပြန်ထရတယ်.."

"ဒီမှာရော မင်းမပင်ပန်းဘူးလားကွ... ကျောက်လောင်းရင် ထမ်းရတာတွေက ငါဆိုရင်တောင် မထမ်းနိုင်ပါဘူးကွာ"

"အာ... လူပင်ပန်းပေမယ့် စိတ်မပင်ပန်းဘူးအစ်ကိုရ... ကျွန်တော်နားချင်ရင်နားလို့ရတယ်.. ပိုက်ဆံမရတာပဲရှိတယ်..ပြီးတော့ ကျွန်တော့်အခုကန်ထရိုက်ကလည်း သဘောကောင်းပါတယ်"

"အေး အဲ့ဒါတော့ ဟုတ်တယ်ကွ မင်းတို့ကန်ထရိုက်က အေးလွန်းလို့ ငါတောင်တွန်းပေးနေရတယ်"

မောင်အေးပြောလိုက်တော့ သူ့ကိုကျွန်တော်ပို၍ သဘောကျသွားသည်။ သူသည်စိတ်ပင်ပန်းမူ့ထက် ခန္ဓာကိုယ်သာအပင်ပန်းခံ၍ လွပ်လပ်မူ့ကို ကြိုက်သူတစ်ယောက်ဖြစ်လေသည်။ သူက ဆက်ပြောသည်။

"ဒါပေမယ့် အစ်ကိုရာ.. ပိုက်ဆံမရတဲ့နေ့ဆို ကျွန်တော့်အစ်ကိုမိန်းမက ထမင်းမကျွေးချင်ဘူးဗျ"

ကျွန်တော့်ဆုံးဖြတ်ချက်တို့စောသွားသည်ထင်သည်။ စိတ်လွပ်လပ်မူ့တစ်ခုမှ လွတ်မြောက်ခဲ့သော်လည်း တစ်ခုက ရှိနေပြန်သည်။

"သြော် အင်း... ဟုတ်လား... အေးကွာ ဒီတော့ မင်းနေ့တိုင်း ဆင်းနေရတာပေါ့"

"ကျွန်တော့်အကြောင်းကလည်း စုံတယ်အစ်ကိုရ... ကျွန်တော်နေရာအများကြီးမှာ လုပ်ဖူးတယ်"

သူကကျွန်တော်နှင့်စကားပြောရတာ စိတ်ပါလာတယ်ထင်သည်။ ကျွန်တော့်ကိုပြောချင်စိတ် ပေါက်လာသောကြောင့် ဆေးသုတ်နေရာမှ ခဏနားကာ ဆေးပေါ့လိပ်ကိုမီးညှိလိုက်လေသည်။ မောင်အေးသည် ဆေးပေါ့လိပ်ကိုလည်း ကောင်းကောင်းသောက်တတ်နေပြီဖြစ်သည်။

"ကျွန်တော်လက်ဘက်ရည်ဆိုင်မှာမလုပ်ခင်တုန်းက ရွှေတောင်ကြားထဲက အိမ်တစ်အိမ်မှာ ခြံစောင့်၊မာလီ လုပ်ခဲ့ဖူးတယ်"

"ဟုတ်လား ... အဲ့ဒီမှာကော ဘယ်လိုလဲ နေရထိုင်ရတာ၊ စားရသောက်ရတာ"

"ဒီလိုအစ်ကိုရ .. အဲ့ဒီကိုလိုက်ပို့တာက ကျွန်တော့်အစ်ကိုလေ စားဖို့သောက်ဖို့နေဖို့က အဆင်ပြေတယ်ဆိုပြီး ပို့ပေးတာ သူကလည်း ၊ ကျွန်တော့်ကို တိုက်နဲ့ထားတာ ၊ အိပ်ယာကလည်း မွေ့ယာတွေနဲ့ စားတာကလည်း သူတို့စားသလိုပဲ ကျွေးတာ..."

"သြော်... ကောင်းရှာသားပဲကွ..."

"ပြီးတော့ ကော်ဖီတို့၊ လက်ဘက်ရည်တို့ မုန့်တို့ကလည်း တစ်နေ့ကို သုံးခါလောက် လာလာကျွေးတယ်။
အိမ်မကြီးဘက်တော့ ကျွန်တော်တို့မသွားရဘူးအစ်ကို"

"ကားဂိုထောင်အပေါ်ထပ်လိုမျိုးမှာ နေရတာလား"

"အင်းဟုတ်တယ်အစ်ကို..."

ကျွေးတာမွေးတာ ရှယ်ဆိုသော၊ သူတို့စားသလို ကျွေးတာဆိုသော မောင်အေးစကားကို ကျွန်တော်နည်းနည်းသဘောပေါက်သွားသည်။ သို့သော် ကျွန်တော်မောင်အေးကို ဘာမှမပြောဖြစ်...။ သူနေထိုင်ရသော ဘ၀လေးသည် သူ့ရွာကအိမ်လေးနှင့်တော့ လူနေမူ့အဆင့်ချင်းများစွာ ကွာပေလိမ့်မည်။
ခေတ်ကလည်း လက်ဝဲတွေဘာတွေ ပစ္စည်းမဲ့လူတန်းစားတွေဟု ပြောနေရမည့်ခေတ်မဟုတ်တော့သောကြောင့် မောင်အေးကို ဒီလောက်ထားတာကိုပင် သူ့အိမ်ရှင်များသည် မဆိုးဟု ဆိုရပေမည်။

"ဒါဆိုရင် မင်းအဲ့ဒီမှာ ဆက်မနေပဲ ဘာလို့ထွက်လာရတာလဲ"

"သူတို့က ခွေးတွေမွေးထားတယ်အစ်ကို"

"အေးလေ အဲ့ဒီတော့ မင်းခွေးကျောင်းရတယ်ပေါ့"

"အဲ့ဒါက ကိစ္စမရှိဘူး အစ်ကိုရ... သူတို့ခွေးတွေက အကောင်အကြီးကြီးတွေပဲ ဘာအမျိုးအစားလဲတော့ ကျွန်တော်လည်း မသိဘူး ..။ အဲ့ဒီခွေးတွေက လူတကာကို ကိုက်မယ်ဆိုတာချည်းပဲ... သူတို့အိမ်ကြီးပေါ်က လူတွေကလွဲရင်လေ"

"သြော် မင်းကိုခွေးကိုက်လို့လား"

"အား ကိုက်ခံရတာပေါ့ အစ်ကိုရ နှစ်ခါတောင်... ဒါပေမယ့် ကိုက်တာထက်ဆိုးတာက... ကျွန်တော်တို့ ခြံထဲမှာအလုပ်လုပ်နေတုန်းတို့၊ ခြံတံခါးဆင်းဖွင့်ပေးရတာတို့ လုပ်နေတုန်း အဲ့ဒီခွေးတွေက လိုက်တယ်နော်...
ခွေးကို ပြန်ပြီး မလှန့်ရဘူး၊ မပြေးရဘူး ပုံမုန်ပဲ လမ်းဆက်လျှောက် ၊ ကိုက်ရင်မင်းတို့ကို ဆေးထိုးပေးမယ် ပြောထားတယ်အစ်ကို"

"ဟင် ဘယ်လိုကြီးလဲကွ မင်းဟာက"

"ဆေးတော့ တကယ်ထိုးပေးတာအစ်ကိုရ... ဒါပေမယ့် အဲ့လိုကိုက်တိုင်းသာ ခံနေရရင်တော့ သေမှာပဲဆိုပြီး စိတ်ညစ်ပြီးထွက်လာတာ..။ ကျွန်တော်ပြေးတဲ့နေ့ကဆို နေ့လည်တစ်နာရီကတည်းက အဲ့ဒီအိမ်က ထွက်လာတာ ညနေခြောက်နာရီလောက်မှ ပြည်လမ်းကိုရောက်တယ်... ရယ်ရတယ်နော် ဟီး ဟီး"

မောင်အေးစကားတို့ ကျွန်တော့်နားထဲမှတဆင့် ဦးနှောက်ကို အလုပ်ပေးနေသည်။ ထိုသို့အကြောင်းမျိုး အရင်က ကျွန်တော်မကြားဘူး.....။ မောင်အေးပြောမှ ကျွန်တော်သိရသည်။ သူထွက်ပြေးလာသည်မှာ အကောင်းဆုံးလုပ်ရပ်ဖြစ်ကြောင်း ကျွန်တော်လေးလေးနက်နက်ထောက်ခံလိုက်မိသည်။

မောင်အေးအကြောင်း ကျွန်တော့်သူငယ်ချင်းတွေကို ပြောပြတော့ သူတို့တွေကလည်းအံ့သြကြသည်။

"ဘယ်လိုဖြစ်လို့ မပြေးရ၊ မခြောက်လှန့်ရတာလဲကွ ခွေးတွေကို"

သူတို့က ကျွန်တော့်ကို ဆက်မေးသည်။

"ငါ့အထင်တော့... ခွေးတွေစိတ်ပျက်သွားပြီး ... အားငယ်စိတ်ဝင်သွားမှာစိုးလို့ထင်တာပဲကွ"

ကျွန်တော်ကကျွန်တော့်အမြင်ကို ပြောပြလိုက်တော့ သူတို့စုတ်တသပ်သပ်ဖြစ်သွားကြသည်။

မယုံမရှိပါနှင့်...။ လောကတွင် လူကိုခွေးတစ်ကောင်ထက်ပင် ပို၍နိမ့်ကျသည်ဟု မြင်သူများရှိပါသည်။ ခွေးလောက်တောင် သစ္စာမရှိ၊ ခွေးလောက်တောင် ကျေးဇူးမသိတတ်၊ ခွေးတိရစ္ဆာန်ကောင်ဟု ယုတ်မာသော သူများအား နှိုင်းပြောတတ်သော်လည်း .. သာမာန်လူတစ်ယောက်သည် ခွေးတစ်ကောင်ထက် သို့မဟုတ် တိရစ္ဆာန်တစ်ကောင်ထက် ဘယ်လိုနည်းနှင့်မှနိမ့်မကျနိုင်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော်ဖတ်ဖူးသော ဆရာနေမျိုး၏ မြည်နေတဲ့ထရမ်းပက်ဝတ္တုတိုငယ်စုထဲမှ ကျွန်ုပ်၏ဇနီးကလေး စာစုငယ်ကို သတိရမိသည်။ ထိုအထဲမှ ဇာတ်ကောင်တစ်ချို့သည် အပြင်ကမ္ဘာလောကထဲတွင် အမှန်တကယ်ပင် တည်ရှိပါသည်။

သင်လည်း ဘယ်လိုအမြင်ရှိပါသလဲမိတ်ဆွေ... ဆရာနေမျိုးဝတ္တုထဲကလိုပင် လူသည် တိရစ္ဆာန် တစ်ကောင်ထက်နိမ့်ကျရန် မဖြစ်နိုင်ပါ ဟုပင် မြင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည် မိတ်ဆွေ........။

12 ယောက် မှတ်ချက်ပေးခဲ့သည်:

မေဇင် said...

တကယ်ပဲ လူကို ခွေးလောက်တောင် တန်ဖိုး မထားဖူးပေါ့ ..တကယ်ပေါ့နော်.... ကိုယ့်ကို လာကိုက်မယ်မှန်း သိသိကြီးနဲ့ ငြိမ်ခံနေရမှာပေါ့... ဆိုးလိုက်တာ...

AHlaTaya said...

လူ့ဂုဏ်သိက္ခာကို နှိမ့်ချစော်ကားခြင်း ခံရတာမျိုးက လူတော်တော်များများ ကြုံတွေ့နေကျပါ။
(ကိုယ်လည်းမလွတ်ဘူး)

မျက်မှန်လေး said...

ဘယ်လိုပြောရမှန်းတောင်သိတော့ဘူး

လူတွေကို ခွေးလောက်တန်ဖိုးမထားဘူးဆိုတဲ့သဘောပေါ့

ရွာသားလေးဝိုင်တီယူ said...

အပြင်ထွက်မလာခင်က သူဌေးအိမ်တစ်အိမ်ရောက်တော့ ခွေးတွေကို ချောကလက်တွေချကျွေးနေတာ မြင်မိတဲ့မြင်ကွင်းလေးသတိရမိတယ်။ ကြောင်တွေကို ဈေးထဲက ကောင်းပေ့ဆိုတဲ့ငါးတွေကျွေးရတာ ဂုဏ်ယူစွာပြောပြန်တော့ အင်း.......တစ်ခြားဘ၀တွေကို မြင်ယောင်ရင်း သက်ပြင်းတွေ အကြိမ်ကြိမ်ချရုံကလွဲပြီး......

လင်းဒီပ said...

ကိုယ်ထင်တာတော့ ခွေးတွေ စိတ်ထဲမှာ ကိုက်ရဲတဲ့စိတ်ပျောက်ပြီး လူစိမ်းတွေကို ပြန်ကြောက်နေမှာစိုးလို့ လို့ထင်တယ် ။လူစိမ်းတွေကို ကြောက်ပြီးမကိုက်တော့ရင် သူတို့ခြံမလုံတော့ဘူးပေါ့လေ။

ခက်ပါတယ်...လူချင်းအတူတူ ကိုတောင် တန်ဖိုးချပြီး စဉ်းစားတယ် ဆိုကတည်းက သူတို့ ကိုယ်တိုင်ကလည်း လူစိတ်တွေ ပျောက်နေပြီလို့ထင်တယ်...။

မေ့သမီး said...

အော် ဂလိုမျိုးတွေလည်းရှိသေးသကိုးလို့ မှတ်ရမှာပဲနော်။

ရွှေပြည်သူ said...

ခွေးတွေအတွက် အိမ်ရှင်တွေ တွေးပုံက ကိုလင်းဒီပ ပြောသွားသလိုပဲ ထင်မိတယ်။ ဒါပေမယ့်လည်း မဖြစ်သင့်ပါဘူးလေ။ ဖတ်ရင်း မောင်အေးကို မျက်စိထဲ မြင်နေတယ်။ ဖတ်ပြီးတော့ စိတ်မကောင်းဘူး။ ခဏလောက် အတွေးတွေ ဆက်နေမိတယ်။ မောင်လေးဖားကြီး လက်ရာတွေကတော့ အမြဲကောင်းနေတာပါပဲ...

မောင်ခင်လေး said...

ဖတ်ပြီးတော့ ဘာပြောရမလည်းမသိဘူး လူတွေအကြောင်းတော့ စဉ်းစားဖြစ်သွားတယ် ကိုဖားကြီးရေ ကောင်းသောနေ့ဗျာ :)

Mr.Guiter said...

လူဟာလူပဲ
ခွေးဟာခွေးပဲ
လူဟာခွေးနဲ့အတူနေပေမယ့်
လူထက်ခွေးကို ပိုတန်ဖိုးထားလို့မရဘူး။
လူနဲ့ခွေးနဲ့တူတူနေမယ်ဆိုရင် အဲ့ဒိလူဟာ ခွေးဖြစ်သွားမှာပေါ့။
ခွေးကိုခွေးလိုပဲဆက်ဆံရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွေးဟာ ခွေးဖြစ်နေလို့ပဲ။
လူဟာခွေးထက်မြင့်မြတ်တယ်။

မောင်အေးထွက်လာတာမှန်တယ်။

အိမ် said...

အရေးအသားတော့ သဘောကျသွားပြီဆရာရေ...။ ဖတ်ပြီး.... လူလူလူလူလူ... ပြောပြရရင်တော့ဗျာ ကျနော်တို့လဲ မောင်အေးလိုပါပဲဗျာ... ဟိုမောင်အေးမဟုတ်ဘူးနော် ဒီပို့စ်ထဲက မောင်အေးကိုပြောတာ အဟီးဟီး.. မှားကုန်မှာစိုးလို့...။

Talkii said...

နိုင်ငံခြားက ခွေးဖြစ်လိုက်ချင်တယ်လို့ ဒုကဿခရောက်လွန်းတဲ့သူတစ်ယောက် ပြောတာကြားဖူးတယ်။ စိတ်ဓါတ်တွေ အဲသာလောက်ထိကျအောင် ဘယ်လိုများ ခံစားရသလဲဆိုတာ စဉ်းစားမိတယ်ဗျ။

ထွက်ပြေးရဲတဲ့ သတဿတိရှိတဲ့အတွက် မောင်အေးကို ချီးကျူးသွားတယ်။

HAPPY CLOUD said...

ဒီတစ်ပုဒ်လည်း ဂွတ်တာပဲဗျ။ အရင်ကတော့ အကိုဆိုက်ဒ်ရောက်ဖူးသေးတယ်။ ဘလောဂ့်မလည်တာကြာလို့ အခုမှပြန်ဖတ်ကြည့်နေတာ။ ရသပိုင်းအသားပေး စုစည်းထားလို့ သဘောကျတယ်ဗျာ။ ဒီလိုဘလောဂ့်မျိုးက ရှားနေပြီ။

အားတိုင်းရေးနိုင်ပါစေဗျာ
မိုးမောင်