ညလက်ဘက်ရည်ဆိုင်

11 September 2008


မြို့လေးထဲကို သူရောက်တော့ အချိန်က သန်းခေါင်ကျော် တစ်ချက်ထိုးပဲရှိသေးသည်။ အဝေးကိုပြေးသော
အဝေးပြေးကားသည် သူ့ကိုမီးရောင်မှိန်ပျပျရှိသော လက်ဘက်ရည်ဆိုင်နား၌ ချထားခဲ့သည်။ ကားပေါ်က
ဆင်းလိုက်သည်နှင့် လတ်ဆတ်သောလေပြည်အေးကိုရူလိုက်ရသည်။ သူနှင့်နှစ်ပေါင်းများစွာရင်းနီးနေခဲ့သော
ရနံ့များ၊ သူအတိတ်ကိုလွမ်းတိုင်း စိတ်ကူးထဲက ထင်ဟပ်လာသောရနံ့များ၊ အခုတော့ နောက်တစ်ကြိမ်ပြန်
ဆုံရပြန်ပြီ။

သူ့အဆုတ်တွေအေးမြသွားတဲ့အထိ အားရပါးရ ရူလိုက်သည်။ ယာခင်းများကိုဖြတ်သန်းလာသော၊ စိမ်းစိုသော
မြက်တို့၏ရနံ့ပါသော လေသည် ဒီမြို့လေးမှာသာရနိုင်သည်ဟု သူထင်သည်။ ဘေးဘီကိုကြည့်လိုက်တော့
လက်ဘက်ရည်တစ်ဆိုင်ကို တွေ့လိုက်သည်။ အဝေးပြေးကားမှ ဆင်းလာသောခရီးသည်များအတွက် ဖွင့်ထား
သောဆိုင်လေးဖြစ်သည်။ သူတို့မြို့လေးက အဝေးပြေးလမ်းပေါ်မှ မြို့ငယ်လေးသာဖြစ်သည်။

မြို့လေးနှင့် မြို့တော်ကြီးကိုဆက်သွယ်ထားသော ကားလိုင်းဟူ၍လည်းမရှိ။လမ်းခုလတ်မှ မြို့ငယ်လေးတစ်ခု
သာဖြစ်သော သူတို့မြို့လေး၌ ဆက်သွယ်ရေးဆို၍ အိပ်ငိုက်တတ်သော ဘူတာရုံလေးတစ်ခုသာရှိလေသည်။

မာနကြီးသောရထားများသည် အလုပ်များနေသလိုပုံစံမျိုးနှင့် ဘူတာရုံလေးရှေ့မှခပ်တည်တည်ပင် ဖြတ်သွား

တတ်ကြလေသည်။ဒီပုံစံသည် သူတို့ငယ်ငယ်လေးကတည်းကအသားကျနေသော ဘူတာရုံ၏ပုံပြင်ပင်

ဖြစ်သည်။ ယခုလည်းထိုအတိုင်းပင်ဖြစ်မည်ဟု သူတွေးမိသည်။


ဆောင်းတွင်းဆိုတော့ ညသည် တဖြည်းဖြည်းနှင့်အေးလာသည်။ သူလက်ဘက်ရည်ဆိုင်ထဲသို့ဝင်လိုက်သည်။

ဟိုနားတစ်ယောက်စ၊ ဒီနားတစ်ယောက်စနှင့် စားပွဲဝိုင်းလေးများ၌ သူ့လိုပင် အာရုံတက်ချိန် သို့မဟုတ်

ဆိုင်ကယ်ကယ်ရီဟု ခေါ်ကြသော အခပေးဆိုင်ကယ်များလာချိန်ကိုစောင့်နေသူများကိုတွေ့လိုက်ရသည်။

သူ့လိုပင် အချိန်မတော်အိမ်ပြန်လာကြသော သူများဖြစ်နိုင်သည်။ အာရုံတက်ဖို့ကလိုသေးသည်။ ထို့ကြောင့်

အချိန်တော်တော်ကြာကြာ ဒီဆိုင်လေးမှာထိုင်၍ သူစောင့်ရဦးမည်။


ကိစ္စတော့မရှိပါဘူးလို့သူတွေးမိသည်။ လာမှာမဟုတ်တဲ့ သူတစ်ယောက်ကိုတောင်စောင့်ခဲ့ရပြီးသည့်

နောက်ပိုင်း သူသည်စောင့်ဆိုင်းခြင်း ကိစ္စများ၌တော်တော် စိတ်ရှည်တတ်လာသည်။ သူ့ဘ၀သည် တစ်ခုခု

ကိုစောင့်ဆိုင်းနေရခြင်းဟု သူခံယူထားသည်။


ချောင်ကျကျစားပွဲတစ်လုံးကိုရွေးထိုင်လိုက်သည်။ ဒါကလည်းသူ့အကျင့် တစ်ခုဖြစ်သည်။ စားပွဲထိုးလေး

တစ်ယောက်အိမ်မှုံစုံမွှား နှင့် ဘာသောက်မလဲအစ်ကိုဟုလာမေးသည်။ စားပွဲထိုးလေးကိုကြည့်ပြီး ဘာရယ်

မဟုတ်သူ ညီလေးကိုသတိရမိသည်။ သူအိမ်ကထွက်လာကာစက ဒီကောင်ဒီအရွယ်လောက်ပဲရှိသေးမည်။

ခုတော့ ဘယ်လိုပုံစံပြောင်းသွားပြီလည်းသူမသိတော့။


အိပ်ချင်စိတ် ပျောက်သွားအောင် ကျဆိမ့်တစ်ခွက်မှာလိုက်သည်။ ကျဆိမ့်တစ်ခွက်သောက်၍ သူသည်

အိပ်ချင်သော ညများကိုကျော်ဖြတ်ဖူးသည်။ သူအထက်တန်းကျောင်းသားဘ၀က အစ်ကိုကြီးတစ်ယောက်က

အိပ်ချင်ရင် ကျဆိမ့်လေးသောက် လန်းသွားမယ်ဟုပြောရမှာ သူထိုအကျင့်ရလာခဲ့သည်။


လက်ဘက်ရည်က သူသောက်ခဲ့သောမြို့တော်ကြီးကလောက် သိပ်မကောင်း။ ဒါပေမယ့် ဒီညမှာတော့

သူအိပ်ချင်စိတ် ဒီလောက်မများကြောင်းသူသိသည်။ အာရုံတက်ချိန်အတွက်သူ့စိတ်တွေလန်းဆန်းနေပါသည်။

တစ်ခြားလူတွေကတော့ ဆိုင်ထဲမှပြနေသော ရုပ်ရှင်ဇာတ်လမ်းကို စိတ်ဝင်တစားကြည့်နေကြသည်။ မြို့လေး

သူထွက်သွားခဲ့ပြီးနောက်ပိုင်း ပြောင်းလဲသွားသောအရာများတွင် လက်ဘက်ရည်ဆိုင်များ၌ တီဗွီ၊ဒီဗီဒီ

နှင့် ဂြိုလ်တုစလောင်းများ ရှိလာခြင်းလည်းပါမည်ဟု သူတွေးမိသည်။


ဇာတ်လမ်းကစိတ်ဝင်စားစရာမကောင်းလှ သို့မဟုတ် သူ့ကိုမစွဲဆောင်နိုင်ပါ။ ညဆိုတော့ အသံကိုလည်း

တိုးတိုးပင်ဖွင့်ထားသည်။ ကြည့်ချင်စိတ်လည်းမရှိသောကြောင့် အတွေးများထဲ၌သာ သူဆက်နေထိုင်သည်။

ငြိမ်ငြိမ်လေးပင် သူအတွေးတွေကိုရွက်ဖွင့်ထားသည်။ ထိုအတွေးများသည် ဖြစ်ခဲ့ပြီးသော အတိတ်များ

အကြောင်းအများဆုံးဖြစ်နေသည်။ ဒီညဖို့တော့သူသည် အတိတ်ကိုပြန်စဉ်းစားခြင်းဖြင့်အချိန်ကို ဖြုန်းရ

ပေဦးမည်။


လမ်းဘေးက ဆိုင်ဖြစ်သောကြောင့် အရေးတကြီးမောင်းနှင်သွားသော ကားကြီးများအသံကို တစ်ချက်

တစ်ချက်ကြားရသည်။ ပြီးရင်တော့ ညက ပုဇဉ်းရင်ကွဲသံ၊ ပိုးကောင်သံလေးများဖြင့် တိတ်ဆိတ်သွားပြန်သည်။

တဖြည်းဖြည်းပိုအေးလာသည်ဟုထင်ရသည်။ ငိုက်မြည်းနေသော စားပွဲထိုးလေးသည် သူ့အင်္ကျီပါးလေးဖြင့်

ဆောင်းတွင်းကို အံတုနေသည်။


ဒါကိုမြင်တော့ ရင်ထဲမကောင်းဖြစ်သွားသည်။ သူလူငယ်ဘ၀တုန်းက ဒီလိုကလေးငယ်တွေ တစ်ခုခုသူလုပ်

ပေးနိုင်ရမည်ဟုဆုံးဖြတ်ခဲ့ဖူးသည်။ တကယ်တမ်း လက်တွေ့ဘ၀ကျတော့ သူသည်ပင်လျင် ထိုမျှသော

အ၀တ်အထည်ပါးများနှင့် ဆောင်းညများစွကို ဖြတ်သန်းခဲ့ရလေသည်။ သို့သော် လက်ရှိအချိန်၌သူ

အကောင်းဆုံးလုပ်ပေး နိုင်သည်မှာ ထိုကလေးငယ်အရွယ် စားပွဲထိုးလေးအတွက် စိတ်မကောင်းဖြစ်ပေး

ခြင်းပင်ဖြစ်ပေသည်။ ထို့ကြောင့်သူသည် စိတ်ပါလက်ပါပင် ကလေးငယ်အတွက် စိတ်မကောင်းဖြစ်ပေး

လိုက်ပါသည်။

အာရုံတက်ချိန်နီးလာသောကြောင့် နှင်းစက်များကျသံပါကြားလာရသည်။ ဒီလိုမျိုးအေးစက်သောညတစ်ည၌
သူသည်မြို့လေးကို စွန့်ခွာ၍ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သူယုံကြည်သော အနုပညာအတွက် သူ၏မာန
များက မြို့ကလေးမှာ ဆက်မနေဖို့ သူ့ကိုပြောပြခဲ့သည်။ လူငယ်တစ်ယောက်၏ တက်ကြွသောစိတ်များကလည်း
အရာရာကို ရင်ဆိုင်ပစ်ဖို့သူ့ကို တွန်းအားပေးခဲ့သည်။

သူမြို့ကလေးကို စွန့်ခွာပြီးထွက်လာခဲ့သည်။ မြို့တော်ကြီး၏ အပြောင်းအလဲများသော မာယာများကြားတွင်
နေသားကျအောင်ကြိုးစားပြီး သူပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့သောကြောင့်
သူဘာမှဖြစ်မလာခဲ့သေးပါ။ သို့သော်ထို့အတွက်လည်း သူဘယ်တော့မှနောင်တမရခဲ့ပါ။ ပြင်းပြင်းထန်ထန်
ကြိုးစားသော်လည်း မရနိုင်သည့်အရာများလောကတွင် ရှိသည်ဟု သူယုံကြည်ထားပါသည်။

ဘာမှဖြစ်မလာသေးပါဆိုသည်မှာလည်း လူတို့၏ ရုပ်ဝတ္တုပစ္စည်းပိုင်ဆိုင်မူ့နှင့် တိုင်းတာခြင်းသာဖြစ်သည်။
တကယ်တော့သူသည် သူ့အနုပညာကို ရိုးသားစွာ ယုံကြည်သူတစ်ယောက်ဖြစ်လေသည်။ သူဆက်လက်၍
ဖန်တီးနေပေလိမ့်မည်။ မည်သူ့အတွက်မှမဟုတ်ပါ ။ သူ့ကိုယ်သူရှာဖွေနေရန်အတွက်သာဖြစ်သည်။

သို့သော်ယခုတလော သူအိမ်ကိုသတိရလာသည်။ သူအိမ်မှ ထွက်လာခဲ့သည်မှာ သုံးနှစ်ကျော်လေးနှစ်ပင်
ရှိတော့မည်။ သားအကြီးဆုံးဖြစ်သော သူ့အတွက် သူသည်တာဝန်မကြေသော သားတစ်ယောက်ဖြစ်သည်
ဟု ပတ်ဝန်းကျင်ကပြောကြပါလိမ့်မည်။ သို့သော် အမေကတော့ ဒါကို ဘယ်တော့မှမတွေးပါ။

အမေသည် သားကြီးဖြစ်သောသူ့ကို နားအလည်နိုင်ဆုံးသူတစ်ယောက်ဖြစ်သည်။ သူအိမ်မှထွက်ခွာမည့်
ညနေက အမေ့ပုံရိပ်တွေကို သူပြန်တွေးမိသည်။ မျက်ရည်ဝဲနေသော်လည်း မငိုအောင်ထိန်းရင်း
အဆင်မပြေတာနှင့် အမေတို့ဆီပြန်လာခဲ့ဟုပြောသည်။ အဖေကလည်း သူ့စိုက်ခင်းလေးစီမှ ထွက်လာပြီး
သားကြီး လိမ်လိမ်မာမာ နေနော်ဟုမှာသည်။ အဖေက စကားနည်းသည်။ သို့သော်အဖေ့အသံများ၌ ၀မ်းနည်း
သံများအပြည့်ပါနေသည်ဟု သူခံစားခဲ့ရသည်။

အားလုံးရဲ့ မျက်ရည်များကိုသူကျောခိုင်းခဲ့သည်။ မြို့ကလေးက ထွက်ခွာခဲ့သည့်ညက သူ၏အဖေါ်သည်
ကျောပိုးအိတ်တစ်လုံးသာ ဖြစ်လေသည်။ သူငယ်ချင်းများကို အသိမပေးဖြစ်ခဲ့ပါ။ သူတို့ စိတ်မကောင်း
ဖြစ်နေမှာစိုး၍ ဖြစ်သည်။တကယ်တော့ သူသည်အရှုံးများစီမှ ထွက်ပြေးခဲ့သူတစ်ယောက်လည်းဖြစ်ပေသည်။
နှင်းကျသံများ ပိုစိတ်လာသည်။ သြော် နှင်း နှင်း သူ့ဘ၀မှာ အရေးကြီးဆုံးဖြစ်ခဲ့တဲ့နှင်း။ သူ့ကိုကဗျာတွေ
စာတွေ ရေးဖြစ်စေခဲ့တယ်နှင်း။ ခုတော့ ဘယ်ကမ္ဘာမှာ သွားဝေနေပြီလဲ နှင်းရယ်။
သူဆက်မတွေးချင်တော့ ။ တွေးစရာအကြောင်းလည်းမရှိတော့။ သူတို့နှစ်ယောက်၏ အဖြစ်သည် မြန်မာ
ရုပ်ရှင်ကားများအတိုင်းသာဖြစ်သည်။ မတူသောအကြောင်းမှာ ဇာတ်သိမ်းခန်း၌ သူတို့မပေါင်းခဲ့ရခြင်း
ဖြစ်သည်။
ဆိုင်ကယ်ကယ်ရီ သမားများရောက်လာသံများကြားရသည်။ တချို့လူများလည်းစားသောက်ထားသည်များ
ရှင်း၍ ထွက်ခွာသွားကြလေပြီ။ သူလည်းဒီမှာဆက်မနေချင်တော့ အချိန်က လေးနာရီထိုးနေပြီဖြစ်သည်။
သူ့အိမ်ကို ဆက်ပြီးခရီးဆက်ရဦးမည်။ အဆင်မပြေရင်ပြန်လာခဲ့ဟု အမေမှာလိုက်သော်လည်း အဆင်
မပြေ၍ပြန်လာခြင်း မဟုတ်ကြောင်း အမေ့ကိုသူပြောပြရမည်။ အဖေကတော့ သူ့ထုံးစံအတိုင်း ပြုံးပြုံးနှင့်
ပဲ နားထောင်နေလိမ့်မည်။ သူစိတ်ထဲကတွေးရင်း လန်းဆန်းလာသည်။ စားပွဲထိုးလေးကို ခေါ်၍ကျသင့်ငွေ
ရှင်းပြီးနောက် ဆိုင်ကယ်သမားများစီ သူထွက်လာခဲ့သည်။ သူတို့ကိုပြော၍ ကျန်သောခရီးတိုလေးကို
သူဆက်သွားရဦးပေမည် ။ ထာဝရတံခါးဖွင့်ထားတဲ့ အမေ့ရဲ့ အိမ်လေးစီကိုပေါ့။

4 ယောက် မှတ်ချက်ပေးခဲ့သည်:

ရွှေပြည်သူ (ShwePyiThu) said...

ရိုးရှင်းတဲ့ဇာတ်လမ်းလေးကိုပဲ စိတ်ဝင်စားစရာ အဖွဲ့အနွဲ့ အရေးအသားနဲ့ ဆွဲခေါ်သွားတာ ဖတ်လို့ သိပ်ကောင်းပါတယ်။ လက်ဘက်ရည်ဆိုင်က မီးရောင်ကိုတောင် ခံစားလို့ ရလိုက်သလိုပါပဲ။ အဆုံးသတ်ကတော့ နွေးထွေးတဲ့ ခံစားချက်တစ်ခု ပေးပါတယ်...

kyawswarhtike said...

ကောင်းတယ်ဗျာ ရေးသားချက်တွေက ကိုဖားကြီးတစ်ယောက်လက်စွမ်းတွေပြနေတာပေါ့
ကောင်းတယ်ဗျာ လက်ဘက်ရည်တောင်သောက်ချင်လာတယ် ပြီးတော့ အိမ်လေးကိုလည်းလွမ်းမိပါရဲ့ :)

Freshup said...

ကိုဖားကြီး.. အရမ်းကိုကောင်းပါလားဗျာ.. တော်တော်လေးကိုကြိုက်မိတယ်..
မိုက်တယ်ဗျာ... ကြိုက်တယ်...
အားပေးတယ်ဗျာ.. သိပ်ကြိုက်ပဲ.. :D
အမြဲလာဖတ်မယ်..

ဇင်ယော် said...

သားတစ်ယောက်ရဲ. အိမ်အပြန်လမ်းခရီးက
ညလက်ဘက်ရည်ဆိုင်လေးအကြောင်းကို
ရေးဖွဲ့ ထားတာ အသက်ပါလိုက်တာ။ အရေးအသား အဖွဲ့ အနွဲ့ ကောင်းလေးက ဆွဲခေါ်သွားတာ မျောပါသွားတယ်ဗျ။