မြန်မာဝီကီကို ကူညီကြပါစို့

13 September 2008

မြန်မာဝီကီ ကိုကျွန်တော်စိတ်ဝင်စားနေသည်မှာ ကြာပြီ။ ဘလော့တစ်ချို့ မှာလည်းမြန်မာဝီကီကို ကူညီကြပါ
ဟု လင့်တွေကိုတွေ့ရသည်။ တကယ်တော့ အင်္ဂလိပ် ၀ီကီပေါ်လာချိန်မှာစ၍ မြန်မာစာနှင့် ၀ီကီပေါ်လာစေရန်
ကျွန်တော် စိတ်ကူးယဉ်ခဲ့ဖူးသည်။ နောက်အင်္ဂလိပ် ၀ီကီမှ မြန်မာစာနှင့် ၀ီကီကိုခွဲပေးသည်ဟု ကြား
ရသည်။ ကျွန်တော်ဝင်ဖတ်ကြည့်တော့ ဘာမှဖတ်လို့မရ ။ ထားတော့ ယူနီကုဒ်ပြဿနာတွေ ဘာတွေကို
ကျွန်တော်နားမလည် ဒါတွေက တတ်သိတတ်ကျွမ်းသော လူကြီးများ ဖြေရှင်းပေးလိမ့်မည်။

နောက်တော့ ဇော်ဂျီဖောင့်ရှိလျင်ဖတ်နိုင်သော မြန်မာဝီကီပေါ်လာသည်။ နာမည်ပေးရေး ကိစ္စများကြောင့်
Myanmar Online Encyclopedia (MOE) ဟုပြောင်းလဲ လိုက်ကြောင်းသိရသည်။
ထို MOE တွင်ကျွန်တော့် နာမည် ဖားကြီးနှင့် account တစ်ခုစတင်ယူလိုက်သော်လည်း ကျွန်တော်ဘာမှ
စမရေးဖြစ်ခဲ့။ ၀ီကီနှင့် စိမ်းသောကြောင့်အချိန်စတင်ယူခဲ့ရတာလည်းပါသည်။ ဘာရေးရမှန်း မတွေးမိသော
ကြောင့်ပျင်းနေတာလည်းပါသည်။

တစ်နေ့ကတော့ ကျွန်တော် မြန်မာဝီကီထဲ ၀င်၍ စာများကိုဝင်ဖတ်သည်။ တစ်ချို့ခေါင်းစဉ်များအောက်တွင်
မြန်မာဝီကီနှင့် မည်သို့မှမဆိုင်သော စာများကိုတွေ့ရသည်။ ဥပမာ-ဆေးလောကဟာသများဆိုပြီး ကျွန်တော်
တို့ရေးနေကြပုံစံမျိုးနှင့် ဟာသတစ်ပုဒ်ကိုတွေ့လိုက်ရသည်။ စွယ်စုံကျမ်းသဘောနှင့် ဘယ်လိုမှမသက်ဆိုင်
ပါ။ ရေးသောသူသည် သိ၍ရေးတာလားမသိ၍ ရေးတာလားတော့ ကျွန်တော်လည်းမသိပါ။ သို့သော်ထိုကိစ္စ
နှင့်ပတ်သတ်၍ ဖြေရှင်းရန်မှာ အက်ဒမင်များနှင့်သက်ဆိုင်သည်ဟုကျွန်တော်ထင်ပါသည်။

နောက်မြန်မာဝီကီနှင့် အင်္ဂလိပ်ဝီကီတို့၏ဘာသာစကားအသုံးပြုပုံကွာခြားခြင်းကိုကျွန်တော်ပြောလိုပါသည်။
အင်္ဂလိပ်ဘာသာက ကမ္ဘာသုံးစကားဖြစ်၍ မြန်မာဘာသာက မြန်မာပြည်မှာသာ သုံးသည်ဆိုတာကို လူတိုင်း
သိပါသည်။ ထို့ကြောင့် အချက်အလက်ပြည့်စုံမူ့၌ အင်္ဂလိပ်ဘာသာနှင့်ရေးသော ၀ီကီက ပိုမိုမြန်ဆန်စွာ
ပြည့်စုံလာမည်ဆိုတာကို သံသယဖြစ်စရာမလိုပေ။ အကြောင်းမှာ သူတို့နိုင်ငံသားများသည် သူတို့ဘာသာ
စကားဖြင့်သာရေးသောကြောင့် ပိုမိုလွယ်ကူနီးစပ်ပေသည်။ မြန်မာနိုင်ငံမှာတော့ ကျွန်တော်ထင်သည်
အင်တာနက်သုံးစွဲသူ၏ ၈၀ % လောက်သည် Myanglinsh ဟုခေါ်သော မြန်မာမဟုတ် အင်္ဂလိပ်မဟုတ်
ဘာသာဖြင့် အချင်းချင်းဆက်သွယ်နေကြသည်။ အင်္ဂလိပ်စကား ကျွမ်းကျင်သော လူငယ်တစ်ချို့ကလည်း
မြန်မာလက်ကွက် ကျင့်ရမှာပျင်းနေကြ၍ လား၊ မြန်မာစာကိုအထင်မကြီး၍လား မသိ အင်္ဂလိပ်လိုပင်ဆက်
ကစ်နေကြသည်။ ထို့ကြောင့် ၀ီကီ၏ အဓိကရည်မှန်းချက်ဖြစ်သော လူတိုင်းပါဝင်ရေးသားနိုင်သော
စွယ်စုံကျမ်းမှာ အလှမ်းဝေးနေဆဲ ဖြစ်မည်ဟုထင်သည်။

ထိုအခါ မြန်မာစာနှင့်ရေးရာတွင် မည်သူတွေလောလောဆယ်ပါဝင်သင့်သနည်းဟုမေးစရာ ရှိလာသည်။
ကျွန်တော့်အမြင်ကို ပြောပါမည် မြန်မာစာနှင့်ရေးထားသော ဘလော့ဂါအားလုံးပါဝင်သင့်သည်ဟုထင်ပါသည်။
တကယ်တော့ ဘလော့ဂါများသည် မြန်မာစာသုံး၍အင်တာနက်အသုံးပြုသောလူတန်းစားတွင် ထိပ်ဆုံး၌ ရှိ
သည်ဟုထင်သည်။ သို့သော် ဘလော့ဂါအများစုမှာလည်း ကိုယ့်ဘလော့မှာ ပို့(စ်)တစ်ပုဒ်ရေးဖို့ပင်
အချိန်ရကြသူများ မဟုတ်ကြ။ ၀ါသနာပါလွန်းသောကြောင့်သာ ရေးနေရသော်လည်း အားလုံးကျောင်းတက်၊
အလုပ်လုပ်နှင့် ကိုယ့်ကိစ္စကိုယ်ရှိနေကြသူများဖြစ်ကြသည်။

ဒီနေရာမှာ ကျွန်တော့်အမြင်ကို တင်ပြလိုပါသည်။ ဆရာလုပ်သည်ဟုလည်း မထင်မှတ်ကြစေလိုပါ။
ကျွန်တော်က ဒီဘလော့ဆိုတာကို မနေ့၊တစ်နေ့ကမှ စတင်ရေးသားသူသာဖြစ်သည်။ မြန်မာဝီကီကို
ကျွန်တော်ဝင်ကြည့်တော့ ရေးသားရန်လိုအပ်နေသော လိပ်စာများကိုတွေ့ရသည်။ ကျွန်တော်လည်း
ကျောက်ခေတ်ခေါင်းစဉ်အောက်မှာ လက်လှမ်းမှီရာများစွဲ၍ စတင်ရေးသားလိုက်သည်။ သို့သော်ကျွန်တော်
အားမရ ။ အင်္ဂလိပ် ၀ီကီမှလည်း မှီငြမ်းရသောအခါ အင်္ဂလိပ်စာ သိပ်မကျွမ်းကျင်သောကျွန်တော့် ဘာသာပြန်
မူ့များသည် အဆင်မပြေဖြစ်နေသည်ဟု ခံစားရသည်။ ပညာရှင်တွေကပါ မှီငြမ်းကိုးကားဖို့အထိ ရည်ရွယ်
ထားသည်ဆိုလျင် အချက်အလက်များသည် အမြဲသစ်ဆန်းနေ၍ ပြည့်စုံသောပမာဏ ရှိရမည်ဟုထင်ပါသည်။
ထိုအခါကျွန်တော်ဘလော့ဂါတွေကို သတိရလာသည်။ ဘလော့ဂါသုံးလေးယောက်အဖွဲ့လေးတွေစုပေါင်း၍
ခေါင်းစဉ်တစ်ခုချင်းစီ စုပေါင်းရေးသားကြလျင် မည်မျှခရီးရောက်လိမ့်မည်နည်းဟု ကျွန်တော်တွေးကြည့်
သည်။

အဖွဲ့အချင်းချင်း ပြိုင်ဆိုင်၍ ငါ့တို့ခေါင်းစဉ်ကတော့ ဘယ်လောက်ပြည့်စုံနေပြီ၊မင်းတို့ကောဆိုတာမျိုးလေး
တွေ ဖြစ်လာရင်လည်းပျော်ရွှင်ဖို့ကောင်းမယ် ထင်သည်။ ဆုလာဒ်အဖြစ်ကတော့ ပီတိသာရပါလိမ့်မည်။
ကိစ္စရှိမည်မထင်ပါ ထိုအရာသည်မည်သည့် ငွေကြေးနှင့်မှလဲမရသော ခံစားချက်မျိုးဖြစ်ပါလိမ့်မည်။
နောက်ထပ်တစ်မျိုးလည်းတွေးမိသည် တစ်လောက tag သည် tag သည်ဆို၍ ဘလော့ဂါများကြား
ပျော်စရာ personal file လေးတွေပျံ့နှံ့သွားဖူးသည်။ tag သည်ဆိုသော စကား၏ သဘောကို ကျွန်တော်
သေချာနားမလည်ပါ။ သို့သော် ယခု MOE အတွက်ကိစ္စတွင်လည်း ထိုကဲ့သို့ သဘောမျိုးပြန်သုံးလျင်
ကောင်းမည်ဟု ကျွန်တော်စိတ်ကူးယဉ်ကြည့်သည်။ ဥပမာ- ဟေ့လူ ခင်ဗျားကို ကျွန်တော်ရေးနေတဲ့
ရေခဲခေတ် ခေါင်းစဉ်ကိုဆက်ရေးဖို့ tag လိုက်တယ်ဆိုတာမျိုးပေါ့။ ဒါလည်း ပျော်စရာကောင်းလိမ့်မယ်လို့
ကျွန်တော်ထင်ပါသည်။

ဘလော့ဂါတွေဟာ ပြောပြီးတဲ့အတိုင်း ကိုယ့်ပို့(စ်)အတွက်တောင် မနည်းအချိန်ပေးနေရလို့ ဘယ်အချိန်
MOE အတွက်ရေးရမှာလဲလို့ ပြောစရာရှိလာပါတယ်။ ကျွန်တော်ဆိုလိုချင်တာက ကိုယ့်post အတွက်
သုံး၊လေးပုဒ် လောက်ရေးပြီးရင် MOE အတွက်တစ်ပုဒ်လောက် စဉ်းစားပေးစေချင်ပါသည်။
အချက်အလက်အတွက်ကလည်း အင်္ဂလိပ်ဝီကီကို ဘာသာပြန်ပြီး ကိုးကားလို့ရပါတယ်လို့ ဆိုထားလေတော့
အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်သူတွေအတွက်ဆို ပိုတောင်အဆင်ပြေနိုင်သည်။ ရေးသားတဲ့ ခေါင်းစဉ်
တွေရဲ့ ဘာသာရပ်တွေကတော့ ကိုယ်လည်းစိတ်ဝင်စား၊ ကျွမ်းလည်းကျွမ်းကျင်တဲ့ဘာသာရပ်မျိုးဆို
ဖတ်တဲ့သူတွေအတွက်လည်း အရမ်းအကျိုးရှိနိုင်ပါသည်။

ဘလော့ဂါတွေ ကျွန်တော်ပြောတာလေးကိုစဉ်းစားပေးကြဖို့ မေတ္တာရပ်ခံ လိုပါသည်။

MOE ဟာအခုမှ စိုက်ပျိုးကာစ သစ်ပင်လေးပါ ။ သူ့စီက အရိပ်ရဖို့ဆို အချိန်များစွာလိုပါဦးမယ်။ လိုအပ်ချက်
ကတော့ ပြောပြီးတဲ့ အတိုင်းမြန်မာများ မြန်မာ font ကိုအသုံးမပြူကြချင်း၊ အင်တာနက်သုံးစွဲသူများမှာ
လူငယ်များ အများဆုံးဖြစ်ကြ၍ ပညာရှင်ပိုင်းမှ ပါဝင်မူ့အားနည်းနေခြင်း၊ ၀ီကီဆိုသည်ကိုပင် သေချာမသိသေး
သောလူများ မြန်မာပြည်အင်တာနက်သုံးစွဲသူများကြား၌ များပြားနေသောကြောင့်ဖြစ်ပါလိမ့်မည်။
ထို့ကြောင့်မြန်မာ font ကိုကျွမ်းကျင်မြန်ဆန်စွာရိုက်နိုင်သော သူများမှ ပါဝင်ရန်လိုအပ်နေပါသည်။ စာရေး
သားရာတွင်လည်း စွယ်စုံကျမ်းဖြစ်သောကြောင့် စာစကားဆန်စွာ ရေးသားနိုင်ရန်လိုအပ်သည်။ သို့သော်
ထိုကဲ့သို့ရေးသားနိုင်ရန်လည်း အခက်အခဲရှိသည်ဟု ၀ါရင့်ဘလော့ဂါကြီးများကိုယ်တိုင်ကပြောထားသည်။
စကားပြောပုံစံမျိုးတွေ အတတ်နိုင်ဆုံးဖျောက်၍ စွယ်စုံကျမ်းကို စွယ်စုံကျမ်းနှင့်တူအောင်ရေးနိုင်ရန်
ကျွန်တော်လည်း ကျင့်ရဦးမည်။ မရေးတတ်၊မရေးနိုင်သေးလည်းကိစ္စတော့သိပ်မရှိ၊ နားလည်သူများက
အဆင့်ဆင့် ပြင်ဆင်သွားကြမည်ဟုထင်သည်။ လောလောဆယ်တော့ အချက်အလက်တွေပြည့်စုံမှန်ကန်စွာ
များပြားလာဖို့ အဓိကဖြစ်နေသည်ဟု ယူဆပါသည်။

လမ်းသာလျင် လူတွေလျှောက်လာပါလိမ့်မည်။ လောလောဆယ်ကျွန်တော်တို့က စတင်ရေးသားပေးရန်သာ
ဖြစ်ပါသည်။ တချိန်ချိန် ယူနီကုဒ်ပြဿနာတွေ အဆင်ပြေသွား၍ လူတွေအားလုံးမြန်မာစာ စနစ်ကို သုံးလာ
သောအခါတွင် ကျွန်တော်တို့ရေးသားထားသော အကြောင်းအရာများသည် မြန်မာပြည်ပညာရေးအတွက်
အထောက်အကူဖြစ်လာလိမ့်မည်ဟု ကျွန်တော်ယုံကြည်ထားပါသည်။

MOE ကဲ့သို့သော online encyclopedia တွင်ပါဝင်ရေးသားခြင်းသည် သမိုင်းတစ်ခုကို ကျွန်တော်တို့ပါဝင်
ရေးသားခြင်း ဖြစ်သည်ဟု ခံယူထားပါသည်။ အင်တာနက်ဆိုသော လူထုကိုယ်တိုင်ပါဝင်နိုင်သည့် media
သည်ပေါ်ပေါက်သည်မှာ မကြာသေးဖြစ်၍ မြေပြင်ပေါ်မှရှေးရိုးစွဲ သူများသည် ကျွန်တော်တို့ကို အမြင်မကြည်
ကြသေးဟု ကျွန်တော်ထင်သည်။ သူတို့ထင်သလိုကျွန်တော်တို့သည် ပေါ်ချင်တိုင်းပေါ်လာသော
အလေအလွင့်များမဟုတ်ကြောင်းသက်သေပြချိန်တန်ပြီ ဟုကျွန်တော်ပြောချင်ပါသည်။

ဘာကြောင့်အချိန်ဆွဲနေရပါသလဲခင်ဗျာ။ အခုစာဖတ်နေတဲ့ ခင်ဗျားဟာ မြန်မာစာ ကိုရေးသားဖို့စိတ်ဝင်စား
နေသူတစ်ယောက်ပါလား။ ဒါမှမဟုတ်မြန်မာစာကို ကွန်ပြူတာပေါ်မှာရေးသားတတ်သူတစ်ယောက်ပါလား။
ကျွန်တော့်တို့ရဲ့ အနာဂတ်အတွက်၊နောက်လာမယ့် မျိုးဆက်တွေအတွက် MOE ပျိုးထောင်ပွဲလေးမှာပါဝင်ဖို့
ကျွန်တော်ဖိတ်ခေါ်လိုက်ပါရစေ။

ဘလော့ဂါတစ်ယောက်ဆိုလျင်တော့ အခုခင်ဗျားကိုကျွန်တော် tag လိုက်ပါပြီ။ လိုအပ်နေသောလိပ်စာများကို
အမြန်ရေးပေးကြပါလို့ အားလုံးကိုတောင်းဆိုလိုက်ရပါတော့သည်။

11 ယောက် မှတ်ချက်ပေးခဲ့သည်:

Han Thit Nyeim said...

ရေးမယ်ဗျို့... အားတက်သွားပြီ

Han Thit Nyeim said...

ရေးတတ်တဲ့သူတွေ ဥပမာ ကိုသင်ကာတို့လို လူတွေက စာတစ်ကြောင်းတည်းကိုပဲ... စွယ်စုံကျမ်းဆိုရင် ဒီလို၊ ကိုယ့်ဟာကိုယ်ရေးရင်ဒီလို စသဖြင့် နမူနာလေးတွေ လုပ်ပြရင်တော့ သိပ်ကောင်းမယ်လို့ ထင်တယ်။ တချို့က စာရေးတတ်ပေမယ့် ဘယ်လိုမျိုးအရေးအသားဟာ စွယ်စုံကျမ်းလိုမျိုး၊ ဘယ်လိုမျိုးက သာမန်အရေးအသားမျိုး ဆိုတာ ခွဲခြားမသိတော့ မရေးကြဘူးဖြစ်နေတာ လို့ထင်တယ်။

burmese said...

ဒီပို့စ်လေးအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကိုတေ

ko globel said...

ကျွန်တော်အထင်တော့စွယ်စုံကျမ်းဆိုတာမျိုးဆိုတာ တော်တော်လေးအချိန်ယူရတယ်လို့ ထင်တာပဲ ဒီလောက်ဖြစ်လာတာကိုပဲ အတော်ဟုတ်နေပြီ အခြားနိုင်ငံ တွေမှာက အကူအညီပေးမယ့်သူတွေက များသား ကျွန်တော်တို့ ဆီမှာက ဖုတ်လှိုက်ဖုတ်လှိုက် နဲ့ ဝီကီအက်ဒမင်တို့ မနည်းရုံးကန်နေရသလိုပဲ ကိုဖားကြီး ပြောပြတာတွေကလည်း အားတက်စရာ တွေပါ စွယ်စုံကျမ်းဆိုတာ အတည်အခန့် ရေးရတာ ပြောင်ချော်ချော်လုပ်လို့ မရဘူးလေ ဂလိုဘယ်တောင်မရေးတက်သေးဘူး ကျိုးစားနေတုန်း

ရွှေပြည်သူ (ShwePyiThu) said...

သေချာတွေးပြီး သေချာရေးထားတဲ့ ဒီပို့စ်က တကယ်တန်ဖိုးရှိပါတယ်။ မြန်မာဝီကီ ဒီလောက်အထိ အကောင်အထည် ပေါ်လာတာဟာ တကယ်ကို ၀မ်းသာစရာပါ။ ဦးစီးဦးဆောင်လုပ်ခဲ့သူတွေကိုလည်း ကျေးဇူးတင်ရပါတယ်။ ကိုဟန်သစ်ငြိမ် ပြောသွားသလိုပဲ ဒီပို့စ်က ရေးမယ့်သူတွေကိုလည်း အားတက်စေပါတယ်။

ကေ.တီ.အမ် said...

တကယ်လို့ရေးပြီဆိုလည်း ကြားဖူးနားဝ၊ မသေချာ မရေရာတာတွေ လုပ်လို့မရတော့ဘူး ...
အရေးအသားတွေမှာလည်း တအားစကားပြောလာမယ် ...
အကြောင်းတစ်ခုကို သိချင်လို့ဝင်ကြည့်တဲ့သူအတွက်လည်း ... စမ်းတ၀ါးဝါးမဟုတ်ပဲ ... အဖြေအတိအကျမျိုးလည်းဖြစ်ရဦးမယ်....
တကယ်မလွယ်ပါဘူးဗျာ... ဦးစီးဦးဆောင်သူတွေ ... ရေးသားသူတွေကို ... ကျေးဇူးတင်လေးစားပါတယ်
ဒီပို့စ်အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ

Anonymous said...

ကိုဖားကြီးရေ ကျနော်လာဖတ်ပါတယ်။ တကယ်တမ်းပြောရရင် မြန်မာဝီကီဆိုတာ ဘာမှန်းမသိ။ နဂိုတည်းကမှ အသိကလည်းမရှိ စာကလဲ မရေးတတ်ပဲ ပေါက်တတ်ကရတွေရေးနေတာဆိုတော့ သူများ ရေးတဲ့စာတွေပဲ ဖြစ်ဖြစ်မြောက်မြောက်လိုက်ဖတ်တတ်ပါတယ်။ တွေ့ပါတယ် တခြားလူတွေဆီမှာ မြန်မာဝီကီကို ကူညီပါဆိုတာ။ တကယ်လို့မြန်မာ့စွယ်စုံကျမ်းဆိုရင် စာအုပ်တွေကို ကူးထည့်ရင်ကော။ ကျနော်ဆိုလိုတာက စွယ်စုံကျမ်း အဟောင်းတွေဆီကနေပါ။ ကျနော် ငယ်တုန်းကတော့ ဖတ်ခဲ့ဖူးတယ်။ မြန်မာဝီင်္ီကီ တည်ဆောက်ထားတဲ့ ရည်ရွယ်ချက်ကောင်းပါတယ်။ အများနဲ့ဆောက်ကြမယ်ဆိုရင် ပိုပြီးတော့ကောင်းပါတယ်။ ဒါပေမယ့်ဗျာ စာရေးသူဟာ စာဖတ်သူတွေဆီ အသိဥာဏ်အမှားတွေ အတွေးအမှားတွေ မပေးမိဖို့တာဝန်ရှိပါတယ်။ အဲဒီတာဝန်က စွယ်စုံကျမ်းလို အရာမျိုးမှာပိုပြီးလိုအပ်ပါတယ်။ လက်တမ်းရေးတာထက်စာရင် စနစ်တကျပြုစုပြီးရေးသင့်ပါတယ်။ အဲဒီအတွက် အချိန်ပေးကောင်းပေးရပါလိမ့်မယ်။ မဆုတ်မနစ်ကြိုးစားခြင်းဖြင့် မြန်မာဝီကီအောင်မြင်လာပါလိမ့်မယ်။ စိတ်ထားကောင်းရင် ကံကောင်းပါမယ်ဗျာ.......

လေးစားစွာဖြင့်

Okisan said...

ဝေဖန်တာ ကျေးဇူးတင်ပါတယ်။ ပြန်ကြားချက်များကို ဝီကီမှာ ဖားကြီး ၏ပြောရန် စာမျက်နှာတွင် ဖက်ရှူပါ။ လေးစားစွာဖြင် -

http://wikimyanmar.org/wiki/index.php?title=User_talk:Phargyi

မင်းကျန်စစ်။ said...

ကျနော်လဲ အဲလိုအရေးအသားတွေတွေ့မိလို့ ရေးဖြစ်သေးတယ်ဗျ မြန်မာဝီကီကို ညွှန်းရင်းနဲ့ ။ ခုလို တော်တော်များများ ရေးလာကြလို့ အရေးအသားတွေ ပြင်သွားကြရင် ဝမ်းသာစရာပေါ့ဗျာ။

mm thinker said...

ဆွေးနွေးထားတာ စိတ်ဝင်စားစရာပါပဲ။

ကျနော် ဝီကီမှာ ပြောခဲ့သလိုပဲ ကျနော်တို့ ဝီကီသူကြီးက နည်းပြီး ပြုပြင်ထိမ်းသိမ်းစရာတွေက များနေတယ်။ ဒီကြားထဲမှာ နှောက်ယှက်မှုတွေကလည်း ရှိတယ်။

တချို့ဟာတွေက ကျနော်တို့က သိနေသော်လည်း မဆိုးရွားဘူး၊ မထိခိုက်ဘူးဆိုရင် လွှတ်ထားလိုက်တယ်။ ဘာဖြစ်ဖြစ် စိတ်ဝင်တစားလာရေးသူကို စိတ်ပျက်မသွားစေချင်လို့ဗျ။

တကူးတက လာရေးတယ်ဆိုရင်ပဲ ဝမ်းသာရပြီ။

ကိုဖားကြီးဆွေးနွေးသွားသလို အကြောင်းအရာတစ်ခုကို Tag သဘောနဲ့ Push လုပ်ပေးသွားရင်လည်း စာတွေ ထွက်လာနိုင်ပါတယ်။ ကျနော်တို့ ဇော်ဂျီဖောင့်နဲ့ လုပ်ထားတဲ့အတွက် အားလုံးအဆင်ပြေနိုင်ပါတယ်။

ဝီကီထဲမှာ ပြောထားသလိုပဲ “ကျနော်တို့ သမိုင်းတစ်ခုကို ပါဝင်ရေးသားနေတယ်”လို့ သဘောပိုက်မိဖို့ အရေးကြီးပါတယ်ဗျာ။

ဝီကီအကြောင်းဆွေးနွေးပေးတာ ကျေးဇူးပါပဲ။

သင်ကာ

ဗီလိန် said...

ကဲ...ဒါဆို တစ်ခုခုစလိုက်ကြရအောင်ဗျာ။