အသုံးလုံး ပုံပြင်

18 July 2009

ရှေးသရောအခါက ဗာလာဏသီပြည်တွင် မဟာဗာလာနံမင်း မင်းပြု၏ ။ ထိုမင်းတွင် ၀န်မင်း ၃၃ ပါးရှိသည်။ ထိုဝန်မင်းများထဲမှာ တစ်ပါးဖြစ်သောစက်မူ့ပါလ၀န်မင်းသည် တစ်နေ့သောအခါတိုင်းပြည်အတွင်း လှည့်လှည့်ကာ မိမိလက်အောက်တွင်ရှိသောအရာရှိ၊အရာခံများအား စစ်ဆေးတော်မူ၏ ။ ထိုဝန်မင်းယူရသောတာဝန်မှာကား တိုင်းပြည်တွင် ဗိသုကာများ၊ စက္ကောမပညာရှင်များ၊ လက်သမားများ၊ လောကဓါတ်ပညာရှင်များ ၊ အစရှိသည့် ပညာရှင်များပေါ်ထွန်းစေရန် အသက်မွေးဝမ်းကျောင်းပြုရသည့် တက္ကသီလာများအား အုပ်ချုပ်ရခြင်းဖြစ်လေသည်။ ( ထိုခေတ်ကအင်္ဂလိပ်စာသည် ယခုခေတ်လောက်မတွင်ကျယ်သေးသဖြင့် အင်ဂျင်နီယာဟူသော အသုံးအနှုံးမပေါ်သေးကြောင်း သမိုင်းအထောက်အထားများအရသိရှိရလေသည်။ ဤကားစကားချပ် )

ဝန်မင်းသည်ယခုခေတ်ပေါ်တူဂီလူမျိုးဖီလစ်တိုဒီဘရစ်တိုအုပ်စိုးခဲ့သောပါဒတိုင်းအရပ်ရှိတက္ကသိုလ်ကျောင်းတစ်ခု သို့ ရောက်ရှိလေသည်။ ထိုကျောင်းသို့ရောက်လတ်သော် ကျောင်းသား၊ကျောင်းသူများသည် သတင်းစာလည်းမဖတ်၊ရုပ်မြင်သံကြားလည်း ချိုဆင်ပြည်မှကားများကလွဲ၍မကြည့်ကြသဖြင့် ၀န်မင်းအား ၀န်မင်းမှန်းမသိပဲ ဘယ်ကဘဲကြီးလဲဟုပုခုံးချင်းတိုက်သွားသည်ကတစ်မျိုး ၊ အတွဲလေးများသည်လည်း လက်တွဲမပျက်၊ပုခုံးဖက်မပျက် ၀န်မင်းရှေ့ကဖြတ်လျှောက်သွားကြသည်ကတစ်ဖုံရှိသော် ၀န်မင်းသည် အလွန်ပင်ဒေါသအမျက်ထွက်ရှိတော်မူ၏ ။ ထို့ထက်ပို၍ဆိုးသည်ကား ကျောင်းသားတစ်ယောက်သည် ၀န်မင်းအား

"ဦးလေး မီးခြစ်ပါရင် တစ်တို့လောက်"

ဟုဆိုလေလျှင် ၀န်မင်းသည်အယောင်ယောင်အမှားမှားဖြင့် ထုတ်ပေးမည်ပြုပြီးမှမိမိအဖြစ်ကိုသတိရပြီး

သြော် ကျောင်းသား၊ကျောင်းသူများကား ငါ့ကိုပင်သောက်ဂရုမစိုက်ကြပါလား ဟုဆင်ခြင်မိလေသည်။

ဤသည်မှာလည်း အပြစ်မဆိုသာချေ ။ ကျောင်းသား၊ကျောင်းသူများသည် ၀န်မင်းအားဝန်မင်းဟု
မသိခြင်းကြောင့်သာဖြစ်ပြီး ၀န်မင်းဟုသာသိပါက တောကောင်ငယ်လေးများသည် ကေသရာဇခြင်္သေ့မင်းကိုမြင်သောအခါထွက်ပြေးကြသကဲ့သို့လည်းကောင်း၊ အမှောင်တိုက်သည် ဘာဏုရာဇာနေမင်းကြီးထွက်ပေါ်လာပါက စကြ၀ဠာမဟာတံတိုင်းမှဝေးရာသို့ပြေးသကဲ့သို့လည်းကောင်း၊ လူကောင်းတို့သည်ခွေးရူးလာသောအခါ ချက်ကို ၁၄ လုံးထိုးဆေးထိုးရမှာစိုး၍ ဝေးရာသို့ပြေးသကဲ့သို့လည်းကောင်း၊ လမ်းဘေးဈေးသည်တို့သည် စည်ပင်သာယာရဲလာပါက ကိုယ်လွတ်ရုန်း၍ပြေးကြသကဲ့သို့လည်းကောင်း ရှောင်ရှားကြမည်မှာမလွဲတည်း ။ ( ကျန်သော ဥပမာအများအပြားပေးနိုင်သေးသော်လည်း ဘလော့ဂ်စာမျက်နှာမီဂါဗိုက်ကို ငဲ့ကွက်သောအားဖြင့် ဤမျှသာဖေါ်ပြထားပေသည် )

ဝန်မင်းသည်သူ၏ ကျောင်းသား၊ကျောင်းသူများအား လွန်စွာချစ်မြတ်နိုးတော်မူသောကြောင့် စာမှစာသာသင်စေလိုလေသည်။ ကျောင်းသား၊ ကျောင်းသူများ၏ရှိသမျှအချိန်များ အားလည်း စာသာပထမ၊ စာသာဒုတိယ၊ စာသာလျှင်ထာဝရစသည်ဖြင့်ကုန်ဆုံးစေလိုသည်။ထိုအခါဝန်မင်းသည် အဘယ်အတွက်ကြောင့် ဤကျောင်းသား၊ကျောင်းသူများသည် စာသင်ချိန်အတွင်း အပြင်၌လတ်လျားလတ်လျားဖြစ်နေကြသနည်းဟု သူ၏တပည့်အရာရှိ၊အရာခံ ပါမောက္ခများအား မေးမြန်းစုံစမ်းလေသည်။

ဝန်မင်းကအမိန့်တော်ရှိလေလျှင် ချိုလိမ်လေးပါးစပ်မှာငုံလျှက်သားရှိသော ၀န်မင်း၏တပည့်ကျော် မဟာပါရဂူဒိသာပါမောက္ခချုပ်ကြီးသည် ပြင်းစွာသောတုန်လှုပ်ခြောက်ခြားခြင်းဖြင့်

"မှန်..မှန်ရာ့ပါ ၀န်မင်းဖုလား..."

"ဟေ့ မယ်မင်း နင့်ချိုလိမ်ကြီးချွတ်ပြီး ကိုယ်တော့်ကိုမှန်ရာမြန်မြန်လျှောက်တင်စမ်း"

ထိုအခါမှ မဟာပါရဂူဒိသာပါမောက္ခချုပ်ကြီးသည် မိမိအဖြစ်ကိုသတိရပြီး ချိုလိမ်ကိုချွတ်ကာစိတ်ကိုတင်း၍ ၀န်မင်းအားလျှောက်တင်လေသည် ။

"မှန်လှပါ့ ဘုရား... အရှင့်တပည့်ကျော်များဟာ မဟာစာချုပ်တော်ကြီးများကို ဖေါက်ဖျက်၍ စမ လမ်းကိုထွက်သွားကြကြောင်းပါဘုရား"

"ဟေ ထွက်ရပ်လမ်းကို မြန်းကြတာလားကွယ့် ဒါဖြင့်ရင်တော့သူတော်ကောင်းကြီးများပေပဲ"

"မဟုတ်ရကြောင်းပါဘုရား.......... စမလမ်းဆိုတာ တကယ်တော့ စလုံးပြည်၊ မလေးပြည် အစရှိတဲ့အိမ်နီးချင်းနိုင်ငံများမှာ သွားရောက်အလုပ်လုပ်ကိုင်ကြတာကို ပြောတာပါဘုရား..."

"ဟေ... ဒါဆိုငါ့ရဲ့သား၊ သမီးကဲ့သို့ ချစ်ရသောတပည့်ကျော်များဟာ ငါ့ရင်ကိုစုံကန်ထွက်ခွာသွားခဲ့ကြတာပေါ့... ဒါဆိုလည်း ဒီကောင်တွေပြန်လာတာနဲ့ ထောင်သွင်းအကျဉ်းချစေ၊ ကျောတစ်ရာ၊ရင်တစ်ရာ ကြိမ်ဒဏ်ခတ်စေ၊ ယခုပင်လျှင်အမိန့်တော်ထုတ်၍ မတရားစာရင်းသွင်းစေ"

ဟုလူကြီးပီသစွာဆုံးဖြတ်တော်မူလေသည်။

ထိုသို့ ဆရာ၊ဆရာမများလိုအပ်နေသောကြောင့် ကျောင်းသား၊ကျောင်းသူများ လတ်လျားလတ်လျားဖြစ်ရခြင်း အကြောင်းကို သိတော်မူလေလျှင်ဝန်မင်းသည် ဤကဲ့သို့အမှတ်တမဲ့မိန့်ကြားတော်မူလေသည်။

"အလို ... ဒီလိုဆိုလျှင်ဖြင့် မဟာသစ်စည်း လုပ်ကြမဲ့ ကျောင်းသား၊ကျောင်းသူတွေက အငယ်တန်းတွေကို လုပ်အားပေးသဘောနဲ့သင်ကြားပေးရင်ဖြင့် ကောင်းကြပေလိမ့်မယ် မောင်မင်း၊ မယ်မင်းတို့ရဲ့"

(သစ်စည်းဆိုသည်မှာ ယခုခေတ်အခေါ် သီးဆစ်(Thesis ) နှင့် အဓိပ္ပါယ်တူမတူအား ဘာသာဗေဒပညာရှင်များ သုတေသနပြုလုပ်သင့်ပေသည်။ ဤကား... စကားပြား......)

ဝန်မင်းကထိုကဲ့သို့ မိန့်တော်မူလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ထွာပြလျှင် တစ်လံ၊တစ်မိုင်မျှမက တစ်ဆုံးထိပင်မြင်ကြသောနောက်လိုက်၊နောက်ပါ ပါချုပ်၊ ဘာချုပ်တို့သည်လည်း

"သင့်မြတ်လှကြောင်းပါ ဘုရာ့...၊ မှန်ကန်လှကြောင်းပါ ၀န်မင်းဘုရာ့၊ ၀န်မင်းအတွေးက လန်းတယ်ဗျာ"

အစရှိသဖြင့် အဆင်းဘီးတပ်လုပ်ကြလေသည်။

ဝန်မင်း၏ကိုယ်ရေးအရာရှိတော်မင်းကလည်း ၀န်မင်းပြန်လည်ကြွခါနီးတွင် တက္ကသီလာမှတာဝန်ရှိသူများအား

"လုပ်အားမပေးရင်ဘာဖြစ်မယ်၊ ညာဖြစ်မယ်... သစ်စည်းပေးမလုပ်ဘူးလို့ ခြောက်လုံးလေးလှန့်လိုက်ဦးနော် ပါချုပ်ကြီးတို့"

ဟုလက်တော်တို့ပြီးပြောခဲ့လေရာ..... နောက်လိုက်၊နောက်ပါတို့သည်လည်း ၀န်မင်းသဘော နောကြေနေပြီ ဖြစ်သောကြောင့်ပြောစရာမလိုပါဟု ပြန်လည်ပဏ္ဏာလုပ်ကြလေသည်။

ထိုခေတ်သည်ယခုခေတ်ကဲ့သို့ ဆိုရှယ်လစ်စနစ်၊ ဒီမိုကရေစီစနစ် အစရှိသောစနစ်များ၊ နီယိုကွန်၊ဘာကွန်ညာကွန်များ၊ လစ်ဘရယ်၊ ဘာဘရယ်ညာဘရယ်အစရှိသော ဂိုဏ်းဂဏများလည်း မကွဲပြားသေးပဲ ပဒေသရာဇ်စနစ်သာလျှင်ထွန်းကားပေရာ ၀န်မင်းနှုတ်ထွက်စကားတစ်လုံးသည် စာရွက်များပေါ်တွင်ရေးထားသော ဥပဒေတစ်ရာထက်ပင်လွန်စွာအရာရောက်လေသည်။ ထို့ကြောင့် ၀န်မင်းအမိန့်တော်ရှိတော်မူသည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာတော်ချုပ်ကြီးသည် အမိန့်စာတစ်စောင်ကိုသက်ဆိုင်ရာတက္ကသီလာ အသီးသီးသို့ဖြန့်ချီတော်မူလေသည်။

စာရွက်ပေါ်မှအမိန့်တော်တို့သည် ဖတ်လို့ကောင်းအောင်စကားအလှတန်ဆာဆင်ထားသော်လည်း လိုရင်းမှာကား စာသင်ရမည်၊ လုပ်အားပေးဆိုသော်လည်း အမြဲတမ်းဆရာများလိုပင်စာသင်ရမည်၊ အပြင်မှာ ကျိတ်ဝိုင်း၊ဘာဝိုင်း မလုပ်ရ၊ အမြဲတမ်းသင်ရသောဆရာများကဲ့သို့ပင် ၀န်မင်းထုတ်သမျှ အမိန့်တော်တို့ကိုလိုက်နာရမည်ဟု ပါရှိလေသည်။ သို့သော် ထိုကဲ့သို့သင်ကြားပေးသောကြောင့်တက္ကသီလာသို့ လာရသောမြင်းရထားစရိတ်တို့ကို ပြန်ပေးမည်ဟူ၍သော်လည်းကောင်း၊ လုပ်အားပေးကာလအတွင်း သုံးစွဲရန်အဿပြာငွေချီးမြှင့်မည်ဟူ၍ လည်းကောင်း တစ်စိုးတစ်စိမျှမပါလာခဲ့ပေ...။

သက်ဆိုင်ရာတက္ကသီလာများမှပါချုပ်ကြီးများသည်လည်း အမိန့်တော်ပြန်တမ်းကိုရလေလျှင် လုပ်အားပေးဟု အမည်ခံသော်လည်း သက်ဆိုင်သူများအားသဘောထားကိုမျှမမေးပဲ သစ်စည်းလုပ်ရမည့်သင်တန်းသား များအား တစ်ယောက်လျှင်တစ်စောင်ဖြန့်ဝေကာလက်မှတ်များထိုးခိုင်းလေတော့သည်။

............................................. ။ .............................................

ထိုအခါ သင်တန်းသား၊သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူများသည် စိတ်ညစ်ညူးကြပြီးလျှင် ဘာလုပ်ရမည်မှန်းမသိသဖြင့် မဟာဘလော့ဂ်ဂါအကျော် ပညာရှိဆရာက၀ိဖားကြီးအား ဤသို့မြည်တွန်တိုင်ပင်ကြလေ၏ ။

"အို... ဆရာဖား ငါတို့ကား သစ်စည်းလုပ်ရင်း တစ်ဖက်ကလည်းလုပ်ငန်းခွင်ဝင်မည်ဟု အားခဲထားကြ၏ ။ အချို့ဆိုလျှင် အလုပ်ပင်ရနေကြပြီဖြစ်သည်..။ ယခုဝန်မင်းက ဤသို့အမိန့်ထုတ်သော် ငါတို့ဘာလုပ်ရမည်မှန်းမသိတော့"

ဟု ကျောင်းသားတစ်ယောက်ကပြောလေသည်။ ကျောင်းသူတစ်ယောက်ကလည်း

"ဟုတ်ပေသည်ဆရာဖား ... ငါတို့သည်လည်း သစ်စည်းလုပ်ရင်းအခြား အတ်တိုကော်၊ အတ်စတီမိတ် စသောသင်တန်းများတက်နေကြသည်..။ ၀န်မင်းခိုင်းသလို စာသင်ရလျှင် ငါတို့အဖို့သင်တန်းများပျက်လျှက်အဿပြာငွေများစွာ ဆုံးရှုံးပေတော့မည်။"

ဟုတစ်ယောက်တစ်ပေါက်တိုင်ကြားကြလေသည်။

နည်းနည်းထက်မြက်သော ကျောင်းသားတစ်ယောက်ကမူ

"ဆရာဖား ထိုကိစ္စသည်အဓမ္မမူ့နှင့်ဆင်တူ၏ ကာလသမ္မဂု သို့တင်ပြလိုက်လျှင်အသို့ဖြစ်မည်နည်း"

ထိုအခါ မျက်စိမှိတ်၍ သေသေချာချာနားထောင်နေသောဆရာဖားသည်လည်း မျက်လုံးကိုဖွင့်ကာထိုကျောင်းသားအား

"ထို့သို့မလုပ်လင့် အမောင်... ၀န်မင်းကားငါ့ထက်ပင်ဥာဏ်အရာ၌များစွာသာလေသည်... သင်ကထိုသို့တိုင်ကြား၍ ကာလသမ္မဂု ကစုံစမ်းလေသည်နှင့် ၀န်မင်းမဆိုထားဘိ၊ ၀န်မင်း၏နောက်လိုက်များကပင် ငါတို့ဗာလာဏသီသည် ရှေးအခါကတည်းကတစ်ဦးကိုတစ်ဦးကူညီခြင်း၊ ရိုင်းပင်းခြင်းကို မင်္ဂလာတရားအဖြစ်သတ်မှတ်သောကြောင့် စေတနာအလျှောက်သာ လုပ်အားပေးကြခြင်းဖြစ်သည်ဟု ရှေးကလိုပင်ပြောကြပေလိမ့်မည်။ ထိုအခါသင့်အတွက်ပင်လျှင် လွန်စွာအန္တာရာယ်များလှပေသည်။"

"သို့ဆိုလျှင်... ငါတို့အဘယ်အမူ့ပြုရပေမည်နည်း"

ကျောင်းသား၊ကျောင်းသူများက တစ်ညီတစ်ညွတ်တည်းမေးလျက်သည်ရှိသော် ပညာရှိဆရာဖားလည်းဤသို့မွက်ကြားလေသည်။

"အမောင်တို့၊မယ်တို့ သင်တို့သည် အ သုံးလုံးကိုကျင့်ကြပေတော့"

"အ သုံးလုံးဆိုသည်မှာဘာကိုဆိုလိုသနည်း ဆရာဖား"

"အမောင်တို့သင်တို့သည် သစ်စည်းကိစ္စပြတ်မှသာ အတန်းအောင်မြင်ကြမည် မဟုတ်လော"

"ဟုတ်ပေသည်ဆရာဖား"

"သင်တို့အားလုံး အောင်မြင်လိုကြသည်မဟုတ်လော"

"အောင်မြင်လိုပေသည် ဆရာဖား"

"ဒါဖြင့်လျှင်ယခုလိုအချိန်အခါ၌ သင်တို့စွဲစွဲမြဲမြဲမှတ်ထားရမှာကား အ သုံးလုံးဖြစ်သည့်
အောင် ချင်လျှင် ချင်ယောင်ဆောင်ပြီး အင်း ဟုသာခေါင်းငြိတ်လိုက်ကြပေတော့"

ဟုမိန့်ကြားတော်မူလေလျှင် ကျောင်းသား၊ ကျောင်းသူများသည်လည်း ဟုတ်ပါပေသည်၊ ပညာရှိခေါ်ဆိုထိုက်ပါပေသည်ဟု ၀ိုင်းဝန်းချီးမွမ်းချွန်တွန်းလုပ်ကြလေတော့သည်..။

ထို့နောက် သစ်စည်းလုပ်ရမည့်ကျောင်းသား၊ကျောင်းသူများသည်လည်း ဆရာဖားစကားကိုနားထောင်ကာ မိမိထက်အတန်းငယ်သောသူများအား စာသင်ကြားပေးလေတော့သည်။ ဤသို့ဖြင့် ချိုလိမ်မပြတ်သေးသော ပါရဂူများကလမ်းလျှောက်တတ်စ မဟာကျောင်းသားများကိုစာသင်၊ လမ်းလျှောက်တတ်စမဟာကျောင်းသားများက လေးဘက်ထောက်ကျောင်းသားများကိုစာသင်၊ လေးဘက်ထက်ကျောင်းသားများက ၀မ်းလျားမှောက်ကျောင်းသားများကို စာသင်၊
ဝမ်းလျောက်မှောက်ကျောင်းသားများက အမိဝမ်းတွင်းမှသန္ဓေသားများကို စာသင်လေလျှင် တိုင်းသူပြည်သားများလည်း အမိဝမ်းမှမကျွတ်မှီပင် ပညာတတ်များဖြစ်လျှက် တိုင်းကားပြည်ရွာမှာအရင်ကထက်ပင် အေးချမ်းသာယာပြီးခေတ်မှီဖွံ့ဖြိုးတိုးတက်ကုန်လေသတည်း...........။ သာဓု... သာဓု...သာဓု..
............................................. ။ .............................................

တစ်လောက ကျွန်တော်ဖတ်ဖြစ်တဲ့စာအုပ်က ဆရာမောင်ထင်ရဲ့ လူကြီးများဖတ်ဖို့ပုံပြင် ဆိုတဲ့စာအုပ်ပါ... ဆရာ့စာက သရော်စာတွေဆိုတော့လောကကို ကိုးလန့်ကန့်လန့်မြင်တတ်တဲ့ကျွန်တော် တော်တော်လေးကြိုက်သွားခဲ့ပါတယ်..။ ဒီကြားထဲ ဇာတ်လမ်းတစ်ပုဒ်ကလည်းကြားလိုက်ရတော့ စိတ်ကူးရပြီး ဆရာကြီးမောင်ထင်ပုံစံလိုက်ရေးကြည့်တာပါ..။ အကြောင်းအရာတွေနဲ့ပတ်သတ်လို့ကတော့ လွန်တာရှိလျှင်ဝန္ဒာမိပါ အာစရိအပေါင်းတို့................။

ငါ့ဒေါသများ

13 July 2009


( အ )

ဒီနေ့ အလုပ်လုပ်ရတာ အဆင်မပြေဖြစ်သည်။ အထက်လူကြီးများသည် ငါ့စကားကို အရာမသွင်းသကဲ့သို့ အောက်လူများကလည်း ငါ့စကားကို နားမထောင်ကြ..။ ထို့ကြောင့် ငါသည် စိတ်ပျက်ခြင်းများဖြစ်ပေါ်ကာ ဒေါသများ အလိုလိုထွက်နေသည်။ ဒေါသ ထွက်ခြင်းသည် မကောင်းဟု ငါ့စိတ်ကနားလည်သော်လည်း တကယ့်တကယ်တမ်းတွင် ငါ့စိတ်ကိုငါ ကောင်းစွာထိန်းချုပ်နိုင်ခြင်းမရှိသေးပေ..။

အလုပ်မှနေ၍ ကားမှတ်တိုင်ကို လမ်းလျှောက်ရသောခရီးသည် ခါတိုင်းထက်ပိုရှည်လျားသည်ဟု ထင်သည်။ အကယ်၍ ဘူးခွံအလွတ်တစ်ခုခု သို့မဟုတ် ကန်၍ကောင်းသော အရာတစ်ခုခုကိုတွေ့လျှင် ရုပ်ရှင်များထဲမှ ဇာတ်လိုက်များကဲ့ ငါကန်မိမည်ဖြစ်သော်လည်း လမ်းဘေးတွင်အုတ်ခဲများသာတွေ့သောကြောင့် ဘာကိုမကန်ဖြစ်ခဲ့...။


ငါစီးချင်သော ဘတ်စကားက စောင့်ရတာတော်တော်ကြာသည်။ ထိုမျှရှားပါးလှသော ဘတ်စ်ကားလိုင်းအား မည်သည့်အတွက်ကြောင့် ဆက်ထားနေရသလဲဆိုတာ ငါစဉ်းစားလို့မရ...။

ပျင်းရိငြီးငွေ့ဖွယ်ကောင်းလောက်အောင်စောင့်ဆိုင်းပြီးနောက် လိပ်၏လျှင်မြန်ခြင်းမျိုးရှိသော ဘတ်စ်ကားသည် ငါစောင့်နေသောမှတ်တိုင်သို့ တဖြည်းဖြည်းချည်းကပ်လာလေသည်။ ကားပေါ်ငါတက်တော့ ခရီးသည်က ခုံအပြည့်ပါလာသည်။ ပင်ပန်းလာသော ငါသည်ထိုင်ခုံမရသောကြောင့် အလွန်ပင်စိတ်ပျက်လှသည်။ ခါတိုင်းဆိုလျှင် ငါစီးသောမှတ်တိုင်မှတက်ပါက ခုံတစ်ခုံလောက်တော့ ငါ့အတွက်ရမည် ဖြစ်သော်လည်း ဒီနေ့တွင် လူတွေအားယားနေကြသည်ထင်သည်။ အားအားယားယား အပြင်ထွက်ကြသော သူများတွင် မည်သည့်အရေးကြီးကိစ္စများရှိနေမလဲဟု ငါတွေးမိသည်။

လိုချင်သလောက် ခရီးသည်မရသောကြောင့် ကားကမှတ်တိုင်တစ်ခုချင်းစီမှာ အကြာကြီးရပ်သည်။ ခရီးသည်ရရမရရ ကားကို မြန်မြန်သာထွက်စေချင်သည်..။ ငါပင်ပန်းလှပြီ။ အိမ်သို့သာ မြန်မြန်ပြန်ရောက်ချင်နေသည်။ ကားတစ်စီး မှတ်တိုင်တွင် ကြာခြင်းမကြာခြင်းမှာ စပါယ်ယာပေါ်မှာ များစွာ မူတည်သည်။ လိုက်ရင်လာ... လိုက်ရင်လာဟု အာပေါက်မတတ်အော်နေသော စပါယ်ယာကို ငါမုန်းတီးသည်။ လိုက်ပါစီးနင်းလိုသော ခရီးသည်များအားလုံး ကားပေါ်ရောက်နေပြီဖြစ်သော်လည်း အနှီစပါယ်ယာကောင်သည် ကားကွက်ချသည်ဟုဆိုကာ လိုက်စရာမလိုသောသူများကိုပါ ကားပေါ်ဆွဲတင်ချင်နေသည့် ပုံပေါက်နေလေသည်..။ ငါအလွန်မုန်းလာသောကြောင့် ငါသိသမျှဆဲနည်းပေါင်းစုံဖြင့် ထိုစပါယ်ယာအား စိတ်ထဲမှနေ၍ ဆဲဆိုလေသည်။

ကားသည်ဆက်လက်ထွက်ခွာလာပြီး မီးပွိုင့်မိသွားသည်။ ငါစိတ်ရှည်မှ ဖြစ်မည်..။ ဒါက စည်းကမ်းအရဖြစ်သည်..။ မီးပွိုင့် ဘယ်လောက်ကြာကြာနီမလဲဟု သိရန်ငါ့စိတ်ထဲကရေတွက်သည်။
တစ်စက္ကန့် ...............
နှစ်စက္ကန့် .............
သုံးစက္ကန့် ............
ငါး ဆယ့်လေး ......
တစ်မိနစ် ......
နှစ်မိနစ် ......
သုံးမိနစ် .......
လေးမိနစ် ......
ရှစ်မိနစ် .....

တစ်ဖက်ယာဉ်ကြောကို မျက်နှာလိုက်လွန်းသည်ဟု ထင်လာသည်။ ဟေ့..... ဒီမှာ ငါလာတဲ့လမ်းဖက်က မီးကို စိမ်းပေးဖို့ သတိရကြသေးရဲ့လား...။ ကမ္ဘာမြေကြီးကို ဖေါက်ခွဲပစ်ချင်နေသူ တစ်ယောက်တော့ဒီကားပေါ်မှာ စိတ်ရှည်ရှည်နဲ့စောင့်စားနေလေရဲ့..........။

မီးပွိုင့်က ငါလာတဲ့ယာဉ်ကြောဖက်ကို သွားခွင့်ပြုလိုက်သည်။ နောက်တစ်မှတ်တိုင်ရပ်..... ခရီးသည်ချ ....ခရီးသည်တင်....ကားကွက်ချ.... စပါယ်ယာကို အရင်အတိုင်းကျိန်ဆဲ...ကားကဆက်လက်ထွက်ခွာ........။ မှတ်တိုင်က ထွက်ခွာ၍ အရှိန်ရရုံရှိသေး ကားကရုတ်တရက်ရပ်လိုက်ပြန်သည်...။မိန်းမအိုကြီးတစ်ယောက် တားသည်ကိုမမြင်ချင်ယောင်ဆောင်သည့် ဒရိုင်ဗာသည် စကဒ်တိုတိုကောင်မလေးတစ်ယောက်တားသည်ကို
ရုတ်ချည်းပင်ရပ်တန့်ပေးသည်။ အလွန်ပင်ငမ်းကြောထလှသည့် ထိုဒရိုင်ဗာအား နှာဗူးကြီးဟု စိတ်ထဲမှနေ၍ ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲလိုက်သည်။ မှတ်တိုင်မဟုတ်ပဲ ခရီးသည်တင်သည့် ထိုဒရိုင်ဗာနှင့်စပါယ်ယာ ဆရာတပည့်တွေအား ရဲဖမ်းစေချင်သည်။ မှတ်တိုင်မဟုတ်ပဲ ကားတားစီးသည့် ထိုစည်းမဲ့ကမ်းမဲ့ ကောင်မလေးအားလည်း သက်ဆိုင်ရာက အရေးယူစေချင်သည်။ ဘာအမူမှ ခေါင်းစဉ်တပ်မရရင် စကဒ်တိုတိုဝတ်မူ့နှင့် အရေးယူသင့်သည်။ ကားတွေအတွက် အန္တာရယ်ရှိလှသောကြောင့်ဖြစ်သည်။

ကားကငါဆင်းရမည့်မှတ်တိုင်ရောက်တော့ လမ်းမီးများပင်လင်းစပြုနေပြီ။ ပတ်ဝန်းကျင်အား အမှောင်ထုကကြီးစိုးနေလေပြီ။ ငါနေထိုင်ရာတစ်ဖက်ခြမ်းသို့ ကားလမ်းကူးရပေဦးမည်။ ဒီနေ့မှ ကားတွေကရှုတ်ထွေးလွန်းလှသည် ထင်သည်..။ ဘတ်စ်ကားတစ်စင်းကွယ်နေသည်ကိုငါဂရုမစိုက်တော့ အိမ်ကိုမြန်မြန်ပြန်ရောက်ရန်သာ စိတ်ကစောနေသည်။ ဘတ်စ်ကားအကွယ်မှနေပြီး ငါကားလမ်းဖြတ်ကူးလိုက်ချိန်တွင်..................။

တီ...တီ..တီ................တီ...............................................................

အသံရှည်တစ်ခုကို ကြားလိုက်ရသည်...။

မျက်လုံးများကျိန်းစပ်သွားသောကြောင့် ဘာမှပြင်ဆင်ချိန်မရတော့ .....။ ငါ့ရင်ဘတ်တစ်ခုလုံးလစ်ဟာသွားသည်။ နောက်ဆုံးငါမြင်လိုက်ရသည်က အလင်းရောင်စူးစူးကြီးဖြစ်သည်။ ဟုတ်သည်.....။ အလင်းရောင်ကို ငါမြင်လိုက်ရသည်...။ အ...လင်း..ရောင်..ကို...ငါ..မြင်လိုက်ရသည်။
အ............လ.........င်း........ေ....ရ.....ာ....င်......ကို....ငါ.......မြင်လိုက်ရသည်..........။

................................................................. ။ .......................................................................

( က )

ထိုမျှမိုက်မဲ၍ အသုံးမကျသော ဒရိုင်ဘာကို ငါအလွန်မုန်းတီးသည်။ မြို့လယ်ခေါင် လမ်းမီးထိန်ထိန်များကြားထဲတွင် ကားကိုမီးမချပဲ မီးထိုးမောင်းလာသော ထိုဒရိုင်ဘာ၏ဦးနှောက်ထဲတွင် ဘာတွေရှိနိုင်မလဲဟု ငါသိချင်လှသည်...။ သူ့ကားမှထိုးသော မီးအလင်းရောင်သည်ငါ့ကိုတွေဝေစေခဲ့သည်။

အချိန်ဘယ်လောက်မှ မလိုပါ။ လူတစ်ယောက်အိမ်ပြန်မရောက်ရန်အတွက် တစ်မိနစ်သို့မဟုတ် ထို့ထက်အနည်းငယ်မျှသာပိုသောအချိန်က ဆုံးဖြတ်ပေးလိုက်သည်။ အိမ်သို့မရောက်ပဲ ဘယ်ဆီမှန်းမသိသည့် ချောက်ကမ်းပါးနက်ကြီးထဲ ငါရောက်သွားသည်။ ထိုသောက်သုံးမကျသော ဒရိုင်ဘာနှင့် သံသရာမှာငါနောက်ထပ်မတွေ့လိုတော့.......။ တိတိကျကျပြောရလျှင် ထိုဒရိုင်ဘာထက် ပိုမိုက်မဲ၍ ဒေါသကြီးတတ်သောလူ့အန္ဓငါကိုယ်တိုင်နှင့်လည်း ထပ်မံမကြုံတွေ့ချင်တော့။ ဒေါသကြောင့် အိမ်အပြန်လမ်းနဲ့ ငါဝေးခဲ့ရပြီမဟုတ်လား..............။

ဓါတ်ဆီရောင်းသူလေးများ

25 June 2009

ဖုန်းလာသည်ဆိုသောကြောင့် အိပ်ယာမှလူးလဲထကာ သွားနားထောင်တော့ ထင်သည့်အတိုင်းပင် အဖေဖြစ်နေသည်။ အချိန်ကို ကြည့်တော့ မနက်ရှစ်နာရီခွဲသာသာ ... ။ ၀န်ထမ်းတစ်ယောက်ဖြစ်သော အဖေသည် သင်္ကြန်တွင်းကြီးဖြစ်သော်လည်း မလွန်ဆန်နိုင်သော အကြောင်းတွေကြောင့် ဂေါက်ကွင်းမှာ stand by သွားနေရသည်။ ယခုလည်း တာဝန်ချိန်ပြီးသွားသောကြောင့် ကျွန်တော့်ကို လာကြိုခိုင်းတာ ဖြစ်သည်။ အိပ်ချင်မူးတူးနှင့် ဆိုင်ကယ်ကိုယူကာ အပြင်ကိုထွက်တော့ မိုးက ဖွဲဖွဲလေးလေးရွာနေသည်။ ဒီနှစ်သင်္ကြန် က မိုးနှင့်စဖွင့်သောကြောင့် မိုးဦးစောကာ မိုးကောင်းမည်ဟု လူကြီးတွေက ပြောကြသည်။ ရန်ကုန်မှာလည်း မိုးရွာမှာပဲဟု တွေးမိသော်လည်း အတွေးတွေကို ဖျောက်ပစ်လိုက်သည်။ ကျွန်တော်သည် ရန်ကုန်သင်္ကြန်ကို ထားခဲ့ကာ အိပ်ပြန်အနားယူသူ မဟုတ်လား...။ ပိုင်ပိုင်နိုင်နိုင်ချခဲ့သော ဆုံးဖြတ်ချက်တို့အတွက် မလွမ်းချင်သော်လည်း ရန်ကုန်သင်္ကြန်ကို မမေ့နိုင်ဆိုသည်ကိုကား ၀န်ခံရပေမည်။

မနက်ကလည်း သုံးနာရီခွဲလောက်ထကာ အဖေ့ကိုဂေါက်ကွင်းလိုက်ပို့ရသေးသည်။ အဖေသည် တစ်ခါတစ်လေမှ ပြန်လာသော ကျွန်တော့်အတွက် ဆိုင်ကယ်ကိုတစ်နေ့လုံးယူမထားချင်သောကြောင့် လိုက်ပို့ခိုင်းခြင်းဖြစ်သည်။ သားကြီးဖြစ်သော ကျွန်တော်ပျင်းနေမှာ စိုးသောကြောင့်လည်း ဖြစ်သည်။ ကျွန်တော့်ညီများနှင့် သူငယ်ချင်းများမှာ သင်္ကြန်တွင်း ဒီမှာ တစ်ယောက်မှမရှိကြ...။ ရန်ကုန်၊ မန္တလေး အစရှိသဖြင့် မြန်မာပြည်ပတ်ကာ သင်္ကြန်ကျနေကြသည်။ ကျွန်တော်ကတော့ တန်ဖိုးရှိသော ပိတ်ရက်လေးအတွင်း မပြန်တာကြာပြီဖြစ်သော အိမ်ကိုသာပြန်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဖေ့ကိုလိုက်ပို့တုန်းက အချိန်သည် နေအလင်းရောင် မရှိသေးသော်လည်း ဒီမြို့က မီးရောင်တွေ ထိန်ထိန်လင်းလှသည်။ညဦးပိုင်းက ရွာထားသော မိုးကြောင့်ညဥ့်လေကလည်းအေးလှသည်။

ဂေါက်ကွင်းနားရောက်တော့ အဖေ့လိုပင် မလွန်ဆန်နိုင်သူများကို တွေ့ခဲ့ရသည်။
သူတို့လည်း အစောကြီးထကာ ရောက်အောင်လာကြရခြင်း ဖြစ်သည်။ ရာထူးတွေကလည်း စုံမှစုံပင်..။ တကယ်တော့ မနက်မိုးလင်းခါနီးအချိန်သည် အိပ်လို့အကောင်းဆုံးအချိန် ဖြစ်မည်ဟုထင်သည်။ သို့သော် နှစ်ပေါင်းများစွာ အသားကျလာသော စိတ်ဓါတ်တို့က အငြိမ်မနေနိုင်ပေ...။ စေတနာမပါသော တာဝန်ကျေစိတ်များတွင် ကျိန်ဆဲတတ်သောနှုတ်ခမ်းများ ရှိမလားဟု ကျွန်တော်တွေးမိလိုက်သည်။ လာချင်တဲ့ အချိန်မှရောက်လာသော လူများကို မနက်သုံးနာရီခွဲလောက်ကတည်းက စောင့်ရသောဒုက္ခသည် ဘယ်လောက်စိတ်ညစ်ဖို့ ကောင်းမလဲဟုပါ စဉ်းစားမိလိုက်သေးသည်။

ဂေါက်ကွင်းဘက်ဆီ လမ်းလျှောက်လာကြသော မိန်းကလေး အုပ်စုများကိုပါတွေ့၍ အဖေ့ကို မေးကြည့်တော့ ကယ်ဒီလုပ်တဲ့ မိန်းကလေးတွေဟု ပြောသည်။

"သူတို့က ဒီနားကရွာကကောင်မလေးတွေလား အဖေ"

"အေး.. ဟုတ်တယ် ဒါပေမယ့် လူကြီးတွေအတွက်တော့ သီးသန့် ချောချောလေးတွေ ရွေးထားတာရှိတယ်ကွ
သူတို့ကတော့ သာမန်လူတွေလောက်ကိုပဲ ကယ်ဒီလိုက်ရတာ.."

"သြော်... သြော်... ကယ်ဒီလေးတွေလည်း ချောဖို့က လိုသေးတာပဲနော်.."

ဒီလိုဆိုတော့လည်း ဒီဂေါက်ကွင်းသည် အနီးအနားမှာနေသောသူများအား အလုပ်တော့ပေးနိုင်သားဟု တွေးမိသည်။ ပေးဆပ်တာနှင့် ရယူတာတွင် အချိုးမည်မျှရှိမည်ဆိုတာကိုတော့ ကျွန်တော် ဆက်မတွေးတတ်တော့ပါ ။ သူတို့၏ အားလပ်ရက်ဖြစ်ရမည့် သင်္ကြန်ရက်ကို ပေးလိုက်ရသောကြောင့် ရမည့်ငွေပမာဏကိုလည်း ကျွန်တော်မသိပါ ။ ရောင့်ရဲတတ်သော သူတို့ သည် ဤကဲ့သို့သော အခမ်းအနားမျိုးတွင် ပါဝင်ခွင့်ရသည်ကိုပင် ကျေနပ်နေပုံပေါ်လေသည်။ တကယ်တော့လည်း သူတို့မြို့သည် အရှင်မွေး၍ နေ့ချင်းကြီးခဲ့ရသည် မဟုတ်ပါလား ......။

ဟိုတယ် တစ်ခုတွင် အလုပ်လုပ်သော ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောသည့်စကားများကို အမှတ်ရမိသည်။ တစ်ချို့ ညစာစားပွဲများသည် သိန်းရာနှင့်ချီကုန်သည်ဟု သူကပြောသည်။ ကျွန်တော့်မျက်ခုံးတို့ လှုပ်သွားခဲ့ရသည်။ ထိုညစာစားပွဲပြီးသွားသည်အထိ မတို့လိုက်မထိလိုက်သည့် စားစရာများကလည်း ပါသေးသည် ဆိုပဲ... တစ်ယောက်စာ ပန်းကန်တစ်စုံပင်လျှင် သိန်းချီ ရှိသည်ဟု ဆိုသည်။

မလိုအပ်ပါပဲနှင့် အပိုဖြုန်းတီးနေကြသော ငွေများအား လိုအပ်နေသော နေရာများကိုထောက်ပံ့လျှင် ဘယ်လောက်ကောင်းမလဲဟု တွေးမိလိုက်သေးသည်။

ဆရာငြိမ်းအေးအိမ်၏ တီခုံရိုက်ချက်များ ၀တ္တုတိုကို သတိရမိသည်။ ဂေါက်ကွင်းထဲက ဘ၀များကို အဖွဲ့အနွဲ့များနှင့် အချိုးချပြသွားသော ဆရာ့ဝတ္တုကို ကျွန်တော် အလွန်ပင် ကြိုက်ပါသည်။

...............................................။......။.......။.............................................................

ဂေါက်ကွင်းဆီရောက်တော့ အဖေချိန်းထားသည့် ကန်တင်းမှာ သွားရှာသည်။ မနက်စာစား၊ အဖေ့မိတ်ဆွေတွေနှင့် စကားပြောပြီးနောက်ထွက်လာတော့ ကိုးနာရီခွဲကျော်ပြီ...။ မိုးကလည်း တဖွဲဖွဲနှင့် ရွာနေတုန်း...။ လေနှင့်အတူ မိုးစက်များက မျက်နှာကို လာရိုက်တာ တော်တော်ပင်အေးသည်။

မိုးရွာနေသော်လည်း သင်္ကြန်ကားတွေက လမ်းပေါ်ဥဒဟို ထွက်လာကြသည်။ တတီတီ၊ တပွမ်ပွမ် ဟွန်းသံတွေပေးလိုက်၊ နောက်လိုက်ပြောင်လိုက်အသံတွေနှင့် လမ်းမပေါ်မှာ အပျော်တွေ လျှံကျနေသည်။ ကားပေါ်က ၀တ်စားဆင်ယင်ပုံ၊ နေပုံထိုင်ပုံတွေကလည်း ရန်ကုန်ကို အတုခိုးကာ ရန်ကုန်ပုံစံတွေပင် ဖြစ်နေကြသည်။ ရန်ကုန်လိုပင်မူးကာ ရန်ကုန်လိုပင်ရူးနေကြလေသည် ။ ဆက်သွယ်ရေးနည်းပညာ ပေါက်ကွဲသော ခေတ်ကြီး၌ မြန်မာသင်္ကြန် စစ်စစ်သည် သင်္ကြန်မိုးကဲ့သို့သော ရုပ်ရှင်ကားများကို ကြည့်၍သာ ခံစားနိုင်တော့မည် ထင်သည်။ အပြင်မှာကတော့ တို့ရွာသားတွေအားလုံး တောဂေါ်လီ တွေဖြစ်ကုန်ကြ၏ ။

ဆိုင်ကယ်မောင်းလာရင်း လမ်းဘေးကို သတိထားမိတော့ ဓါတ်ဆီရောင်းနေသူများကို တွေ့ရသည်။ မိုးရွာနေသော်လည်း ထီးကလေးများဆောင်းကာ ၀ယ်သူကိုမျှော်နေကြသည်။ သင်္ကြန်ဆိုသည်မှာ သူတို့နှင့် မဆိုင်သလိုပင်...။ သူတို့သည် ငွေရင်းနိုင်သောကြောင့် ရောင်းချသူများ မဟုတ်ပဲ... ရင်းနိုင်သောသူထံမှာ တဆင့်ယူကာ တစ်ဂါလံကို တစ်ရာစား၊ နှစ်ရာစား နှင့် ရောင်းရခြင်းဖြစ်သည်။ ဒီနှစ် ဆီဈေးကလည်း ကျသွားတော့ သူတို့လည်း အရင်လောက်ရတော့မည် မထင်...။

ဆီရောင်းနေသူများသည် သူတို့စီးပွားရေး သူတို့လုပ်နေကြခြင်း ဖြစ်သောကြောင့်မဆန်းသော်လည်း ထိုဆီရောင်းသူများထဲတွင် ကိုးနှစ်၊ ဆယ်နှစ်အရွယ် ကလေးငယ်များကိုပါတွေ့လိုက်ရသောအခါ ကျွန်တော့်စိတ်ထဲမကောင်းဖြစ်သွားသည်။ တဆက်တည်းမှာပင် ရန်ကုန်မှာနေသော ကျွန်တော့်ညီဝမ်းကွဲလေးများကို သတိရမိသည်။ သူတို့ကတော့ ဒီအချိန်ဆို ၀တ်ကောင်းစားလှအသစ် ၊ ရေပြွတ်ပိုက်အသစ်၊ ခွက်အသစ် စသည်ဖြင့် ပျော်နေကြပေမည်။ ကျွန်တော်တွေ့ရသည့် ဓါတ်ဆီရောင်းသူကလေးငယ်များကတော့ ထိုအရာများထက် ၀ယ်သူတစ်ယောက် သူ့ဆိုင်ကိုရောက်လာဖို့သာ လိုမည်ဟုတွေးကောင်းတွေးနေပေလိမ့်မည်။ နေ့တွက်ကိုက်မှသာ စောစောသိမ်း၍ အိမ်ပြန်နိုင်မည်မဟုတ်လား....။ ပျော်ဖို့ပါးဖို့ထက် မိသားစု စားဝတ်နေရေးက ပိုအရေးကြီးနေပေသည်။

ကလေးငယ်သည် ကျောင်းပိတ်ချိန်ဖြစ်သော သင်္ကြန်တွင်းမှာပဲ ဓါတ်ဆီရောင်းရတာ ဟုတ်ပါရဲ့လား...။ နောက်နှစ်လဆိုရင် ကျောင်းတွေဖွင့်တော့မည်...။ ထိုအချိန်ဆိုလျှင်ရော ကလေးငယ်သည် စာသင်ခန်းဆီသွားနိုင်ပါ့မည်လား။ ငါတို့ကတော့ ငတ်ရင်ငတ်ပစေ ကိုယ့်ကလေးကိုတော့ အလုပ်မခိုင်းရက်ဘူး.. ကျောင်းပဲထားမယ်ဟု အဆင်ပြေနေသော မိဘများပြောသံကို ကြားဖူးသည်။ ကိုယ်တိုင်ကြုံမှ ကိုယ်ချင်းစာပေလိမ့်မည်။ တကယ်တော့ လက်တွေ့ဘ၀သည် ပြောသလောက်မလွယ်ကြောင်း တစ်ချို့လူများသိရန် လိုအပ်ပေသည်။

ဆိုင်ကယ်မောင်းနေရင်း အခိုက်အတန့်ခဏလေးမှာပင် ကျွန်တော့်အတွေးတို့ တော်တော်စုံသွားသည်။
ကျွန်တော်သည် ဂေါက်ကွင်းများ သို့မဟုတ် ညစာစားပွဲများကို မတတ်ရောက်နိုင်ပါ..။ ထိုနေရာများတွင် ဖြုန်းတီးနေသော ငွေများအား ကလေးဘယ်နှစ်ယောက် ကျောင်းထားနိုင်မည်နည်းဟု အချိုးချရန် ကျွန်တော်အလှမ်းမမှီပါ..။ အချိန်ရ၍ survey တစ်ခုပြုလုပ်လျှင်တော့ အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းသည့် ရလာဒ်များ ရလာမည်ဟု ထင်သည်။

မတတ်နိုင်သည်များကို လုပ်မည့်အစား တတ်နိုင်တာတစ်ခုတော့လုပ်မည်ဟု ကျွန်တော်ဆုံးဖြတ်ချက် ချလိုက်သည်။ ကျွန်တော့်ဆိုင်ကယ်ကို မျှော်ကြည့်နေသော ဓါတ်ဆီဆိုင်လေး ရှေ့၌ ရပ်လိုက်သည်။
အုတ်ခဲတစ်လုံးပေါ်၌ ရေသန့်ဘူးတင်ထားသော ဆိုင်ဆိုသည့် အမှတ်အသားနောက်တွင် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် ကလေးမလေးတစ်ယောက်နှင့် သူ့မောင်လေး တို့ မိုးဖွဲဖွဲများကို အံ့တုကာ ၀ယ်သူကို ဇွဲရှိရှိနှင့်စောင့်နေကြလေသည်။

"သားကြီး ဘာလုပ်မလို့ ရပ်တာလဲ..."

အဖေက အံသြဟန်နှင့်မေးသည်။

"ဆီထည့်မလို့လေ.. တစ်ထောင်လောက်ပေးစမ်းပါ..အဖေ ။ သားပိုက်ဆံ ယူမလာမိဘူး ကပျာကယာထွက်လာလို့"

"ဆီကပြည့်နေတာပဲကို အိမ်မှာလဲ ဆီတွေရှိနေတာပဲ"

"အာ... အဖေကလည်း ညနေ သား အပြင်ထွက်ချင်ထွက်ဦးမှာ.. ကြုံတုန်းထည့်ထားမလို့ပါဗျာ... တစ်ပုလင်းထဲပါ....။"

အဖေသည် ဘာမှဆက်မပြောတော့...။ ပိုက်ဆံတစ်ထောင်တန် တစ်ရွက်ကိုသာ ကျွန်တော့်ကိုပေးလိုက်သည်..။ ကလေးငယ်၏ မျှော်လင့်ချက်အပြည့်ပါသည့် မျက်ဝန်းများကို အဖေလည်း မြင်တွေ့သွားပေလိမ့်မည်။

ကလေးငယ်က အဆင်သင့်ပင် ကတော့ကိုင်ကာ ကျွန်တော့်နားလာပြီး သေချာအောင်မေးသည်။

"ဆီထည့်မလို့လား ကိုကြီး"

"အေး... ညီမလေး တစ်ပုလင်း ထည့်လိုက်"

ဆီတစ်ပုလင်းမှ သူရသော ကော်မရှင်ခသည် ငါးဆယ်၊ တစ်ရာ ထက်မပိုနိုင်ပါ..။ သို့သော် သူ့ရည်မှန်းချက်ကလေးတော့ ပိုမိုနီးစပ်သွားပေလိမ့်မည်။ ဆိုင်ကယ်ကိုစက်နှိုးကာ အိမ်ဘက်ဆက်ထွက်လာတော့ မိုးဖွဲဖွဲတို့က စဲမည့်ပုံမပေါ်သေး......။ သို့သော် မိုးသည်တစ်သက်လုံးတော့ ရွာမနေနိုင်ပါ..။ နေသာသောနေ့ရက်များလည်း ရှိရဦးမည် မဟုတ်လား ။ ဒီနှစ်သင်္ကြန်သည် ခါတိုင်းသင်္ကြန်တွေထက် ပိုအဓိပ္ပါယ်ရှိသည်ဟု တွေးမိတော့ လေနုအေးအေးလေး တစ်ချက်က ကျွန်တော့်ရင်ထဲကို လာရောက်တိုက်ခိုက်လေတော့သည်။

တစ်ချိန်တုန်းက စာမေးပွဲ ရာသီ

9 May 2009


ဟိုတုန်းကတော့ ပူဖေါင်းလေးတွေလို ဖြူမွေ့ပါးလျား
အဲဒီ နွေရာသီလေးကို ဘယ်သူမှခိုးမစားခဲ့ကြဘူး။

- ပူဖေါင်းကွဲသူ
( တာရာမင်းဝေ )

-----------------------------------------------------------------------------
( ၁ )
စာမေးပွဲ ဖြေနေကြတဲ့ ကျောင်းက ကျောင်းသားလေးတွေကို မြင်ရတော့ ကျွန်တော်တို့ စာမေးပွဲဖြေခါနီး အချိန်တွေကို ပြန်သတိရလာတယ်။ ကျွန်တော်တို့က ပုံမှန်အနေနဲ့ စာကြည့်လေ့မရှိပါဘူး ။ စာမေးပွဲဖြေခါနီး နှစ်လ လောက်လိုတဲ့အချိန်ရောက်မှ လိုတဲ့စာတွေစုပြီး အသည်းအသန်လုပ်ခဲ့ကြတာပါ ။ အဲဒီအကျင့်က မကောင်းတာကြောင့် နှစ်စကတည်းက စာလုပ်မယ်လို့ စိတ်ကဆုံးဖြတ်ထားပေမယ့် အတန်းသစ် တက်ရင်တော့ အပျော်အပါးတွေနဲ့ပဲ အချိန်ကုန်ခဲ့တာက ခပ်များများပါ။ ဒီတုန်းက ကျွန်တော်တို့သူငယ်ချင်း တွေက စာလုပ်ရင် စုလုပ်ကြတာများပါတယ်။ ကမာရွတ် သံလမ်းထဲက သူငယ်ချင်းအိမ်ကတော့ ကျွန်တော်တို့ ဒဏ်ကို အခံနိုင်ဆုံးပဲ..။ ကျွန်တော့်တို့ သူငယ်ချင်းရဲ့ အဖေနဲ့အမေကလည်း သဘောကောင်းပါတယ် ။..စာမေးပွဲဖြေဖို့ စာလုပ်မယ်ဆိုရင် ကျွန်တော်တို့ အတွက်လိုလိုသေးမရှိ... စားချင်တာစား၊ ကော်ဖီတွေ အအေးတွေလည်း ကိုယ့်စိတ်ကြိုက်ဖျော်သောက်နိုင်တယ်..။ ပြီးတော့ ဒီကောင်တွေက ညီအစ်ကို နှစ်ယောက်တည်း ... သူ့အစ်ကိုကလည်း ကျွန်တော်တို့နဲ့ အသက်ကမတိမ်းမယိမ်း အပြင် သူငယ်ချင်းပေါင်းပဲ ပေါင်းခဲ့ကြတော့ ဒီအိမ်မှာ ကျွန်တော်တို့ ပျော်တာလည်းမဆန်းပါဘူး...။

စာလုပ်မယ်ဆိုရင် ကျွန်တော်တို့ မေဂျာက အတွက်အချက်တွေက များတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း အနှောက်အယှက် ဖြစ်စရာ မရှိဘူး..။ ပြီးတော့ ကျွန်တော်တို့က တစ်ယောက်မသိတဲ့စာကို တစ်ယောက်ကသိနေတာဆိုတော့ စာရှင်းပြရတာလည်း လွယ်အောင် တစ်နေရာတည်း စုပြီး စာတွေ တွက်ချက်ခဲ့ကြတာပါ ။ စာကလည်း နီးမှကြည့်ဖြစ်တာဆိုတော့ အသည်းအသန်ကို ညည့်နက်အောင် ကြည့်ရပါတယ်..။ ပုစ္ဆာတွေကလည်း ပုံသေနည်းက ခပ်များများ အဲ့ဒီတုန်းကတော့ ပုံသေကြီး မဖြစ်မနေ စာကြည့်ခဲ့ရတာကို တော်တော်စိတ်ညစ်ခဲ့ပါတယ်..။ ဒါပေမဲ့ မလုပ်ချင်ပေမယ့် မဖြစ်... ကျွန်တော်တို့အပေါ် မှာ မျှော်လင့်ချက်တွေထားတဲ့ မိဘတွေက ရှိသေးတာကိုး...။
---------------------------------------------------------------------------

( ၂ )

တစ်ညတော့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် စာကြည့်ရင်းနဲ့ ဗိုက်ဆာလာကြပါတယ် ။ အချိန်ကို ကြည့်လိုက်တော့ သန်းခေါင်သန်းလွဲ တစ်နာရီခွဲ နှစ်နာရီ လောက်ရှိနေပြီ ။ အိမ်ရှင် သူငယ်ချင်းကတော့ အဲ့ဒီနေ့က စောစော အိပ်ယာဝင်သွားပါတယ်။

ကျွန်တော်နဲ့နောက်နှစ်ယောက်ကတော့ တွက်ကောင်းကောင်းနဲ့ တွက်နေရင်းက ပြိုင်တူလိုလို ဗိုက်ဆာလာကြပါတယ်..။ ဒါနဲ့ အိမ်သော့ယူပြီး ခြံတံခါးဖွင့် ပြီးတော့ တံခါးကို အတွင်းက ပြန်ခတ်ပြီး ထွက်လာခဲ့ကြတယ်။ ဟိုကောင်နိုးနေရင်တော့ ကားကိုအသာလေး ဘီးလှိမ့် လမ်းထိပ်လောက်ရောက်မှ စက်နှိုးပြီး လှည်းတန်းလောက်မှာ ညလုံးပေါက် ဖွင့်တဲ့ ဆိုင်တွေမှာ သွားစားဖြစ်နေဦးမှာ ..။ အခုဒီကောင်က အိပ်ပျော်နေပြီ ဆိုတော့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ပဲ လမ်းလျှောက်ထွက်လာခဲ့တယ်..။

သံလမ်းထဲမှာက အခုလို နှစ်နာရီ အချိန်လောက်ထိဖွင့်တဲ့ လက်ဘက်ရည်ဆိုင် ဒါမှမဟုတ် ထမင်းကြော်ဆိုင် ရှိမရှိ ကျွန်တော်တို့ မသိကြပါဘူး..။ ဆိုင်လိုက်ရှာရင်းနဲ့ စန္ဒာမြိုင်ရုပ်ရှင်ရုံ ဘေးလမ်းထဲ တော်တော်ဝင်လိုက်ရပါတယ်..။ အဲ့ဒီလမ်းထဲက လက်ဘက်ရည်ဆိုင်မှာ ထမင်းကြော်စားလိုက်မှပဲ ဗိုက်ဆာပြေပြီး လူတွေလည်း ပြန်ပြီးလန်းဆန်းလာပါတယ်..။ အစာလေး ရှိမှ အသံထွက်လာတဲ့ ကျွန်တော်လည်း ပါးစပ်က နောက်တီးနောက်တောက်တွေ ပြန်ပြောလာနိုင်တော့တယ်...။
-----------------------------------------------------------------------------

( ၃ )

ဆိုင်က ပြန်ထွက်လာတော့ အချိန်ကနှစ်နာရီကျော်ကျော်လောက်ရှိပြီ...။ သံလမ်းထဲကနေ ထွက်လာတာ အင်းစိန်လမ်းမကြီးနား ရောက်ခါနီးကျတော့ တက္ကစီလေး တစ်စင်း လမ်းမကြီးပေါ်မှာ ထိုးရပ်သွားတာ ကျွန်တော်တို့လှမ်းတွေ့လိုက်တယ်...။ မျက်လုံးနဲ့ ခန့်မှန်းပြောရရင်တော့ ကိုက်လေးဆယ်လောက်...။ ပြီးတော့ တဆက်တည်းမှာပဲ တက္ကစီပေါ်က ဆင်းလာတဲ့ ခြေသလုံးဖြူဖြူလေးကို
တွေ့လိုက်ကြတယ်..။

ဒီအချိန်ကျမှ ပြန်လာတယ် ဆိုရင်တော့ အချိန်လွန်ငှက်လေးတွေလား မသိဘူး..။ ဒီကနေ မြင်ရတာတော့
ဖြူဖြူချောချောလေးတွေ...ငါတို့ ကံများကွာ စာမေးပွဲဖြေခါနီး အချိန်နဲ့မှ လာတိုးနေရတယ် လို့

တစ်ယောက်နဲ့ တစ်ယောက်မချိတင်ကဲ အသားယူပြောလိုက်ကြတယ်..။ ပြီးတော့ လမ်းမဘက် ကျွန်တော်တို့ ဆက်လျှောက်အလာ တက္ကစီခ ရှင်းနေတဲ့အဲ့ဒီနှစ်ယောက်နဲ့လည်း တဖြည်းဖြည်းနီးလာတယ်..။ မီးမှိန်မှိန်ကနေ လှမ်းမြင်လိုက်ရတဲ့အလှကလေးကို အနီးကပ်မြင်ချင်တဲ့ ဇောတွေကလည်း မြင့်လာတာပေါ့လေ...။ ပြီးတော့ သူတို့နဲ့လည်း နီးလာရော လမ်းမလွတ်တဲ့ ကျွန်တော့်သူငယ်ချင်း နှစ်ယောက်က ကျွန်တော့်ကို အလယ်မှာထားပြီး ဘေးတစ်ဖက်တစ်ချက်က ရှောင်ထွက်အသွား ကျွန်တော်က သူတို့နှစ်ယောက်ထဲက တစ်ယောက်နှင့် ထိပ်တိုက်တိုးမိသလို ဖြစ်ခါနီး သူ့လက်ထဲက လက်ကိုင်ပုဝါဖြူဖြူလေးက ရုတ်တရက် ကျွန်တော့်အရှေ့ဝေ့၀ဲ ကျလာတယ်...။

ဒါကို ကျွန်တော်က ကောက်ပေးမလို့ လှမ်းလိုက်တဲ့ အချိန်မှာ သူကလည်း ပြန်အကောက် သူ့လက်ကလေးကို ကျွန်တော့်လက်က ကိုင်မိသလိုဖြစ်သွားတယ်။ အဲ့ဒီမှာတင် သူကရှက်သွားပြီ လက်အရုတ်မှာ ကျွန်တော်က သူ့ကို အားနာသလိုကြည့် သူကလည်း ရှက်ကိုးရှက်ကန်းတွေ ဖြစ်သွားတယ်..။ ဒီနောက်မှာတော့ ကျွန်တော်နဲ့သူနဲ့........။
-----------------------------------------------------------------------------
( ၄ )

ဒါက မြန်မာဇာတ်ကား တော်တော်များများ သုံးခဲ့သော နည်းလမ်းဟောင်းတွေပါ...။ လက်တွေ့မှာတော့ သူ့လက်ထဲက လက်ကိုင်ပုဝါကျသွားတဲ့ အခါ ထွက်လာတဲ့ အို ဆိုတဲ့ အသံကြီးကို ကြားလိုက်ရပြီး ကျွန်တော် လန့်သွားပါတယ်။ အသံကြီးက အောက်ဂလိအာကြီး... ပြီးတော့ သူက မျက်ဝန်းနက်တွေနဲ့ မော့ကြည့်တဲ့အချိန်မှာ ကျွန်တော်မြင်လိုက်ရတာက... ဘုရားရေ ဒီမိန်းမမှာ လည်ဇလုတ်ကြီး နဲ့ပါလားဗျာ...။ တကယ်တော့ ညကလပ် မှာလန်းပြီးပြန်လာတဲ့ မာမီတွေက အရှိန်မသေသေးတာလား လိုအင်မပြည့်ခဲ့တာလား မသိဘူး ကျွန်တော်တို့ကိုလည်း မြင်ရော ရိုမန်တစ်ဇာတ်လမ်းရိုက်တော့တာပါပဲ..။ ဒါကြောင့်ကျွန်တော်လည်းတစ်ချက်ကလေးတောင် လှည့်မကြည့်ပဲ ရှောင်ထွက်လာခဲ့ရတယ် ။ ကျွန်တော်ကလည်း gayphobia ဒါမှမဟုတ် Mummiesphobia လို့ပဲကိုယ့်ဘာသာ နာမည်ပေးရမလား အဲ့လိုဗျာ ဂျော်တကီးတွေ ဆိုတော်တော်လန့်တာဗျ..။ ဟိုနှစ်ကောင်ကတော့ တခွီးခွီး နဲ့ ရီပြီး ကျွန်တော့်ကို ပြောပါတယ်..။

"ငါတို့က တော်တော်လေးနီးကတည်းက သိတယ်ကွ... အဲ့ဒါကြောင့် ရှောင်လိုက်တာ.. မင်းကတော့ အမြဲရာဇ၀င်နဲ့ပဲနော်.. အခြောက်တွေက မင်းဆို တော်တော်ကြည်ကြတယ်"

ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော်ဟာ ကောင်မလေးတွေ ကြွေလောက်တဲ့ ရုပ်ရည်မျိုးလုံးဝမရှိပေမယ့် မာမီတွေနဲ့ကတော့ဘယ်ဘ၀က ရေစက်လည်း မသိဘူး နောက်ကြောင်းလေးတွေ ရှိခဲ့တာကိုး ( ကြုံရင် ထပ်ရေးပါဦးမယ်ခင်ဗျာ ) ။ နောက်နေ့ ကျောင်းတက်တော့ ဖားကြီး ညတုန်းက စွံချက်ကတော့ ဆိုပြီး ဟိုနှစ်ကောင်က လိုက်လံမောင်းထုနေပါတယ် ။ ကျွန်တော့်မှာ စပ်ဖြီးဖြီးနဲ့ အားလုံးကို
လိုက်ရှင်းပြရတယ်..။ ရှင်းပြရမှာပေါ့ ဒီကောင်တွေက ကျွန်တော်ကပဲ စာမေးပွဲ ဒီလောက်နီးနေတာတောင်မှ တဏှာဇောကြွပြီး မာမီတွေကို သွားညုတယ်လုပ်နေကြတာကိုး..။

အခုကျတော့လည်း ဒါတွေကအမှတ်ရစရာတွေ ဖြစ်သွားပြီ..။ လက်ဘက်ရည်ဆိုင်မှာပဲဖြစ်ဖြစ် ဘီယာဆိုင်မှာပဲဖြစ်ဖြစ် တစ်နေရာရာမှာ တွေ့တာနဲ့ လွတ်လပ်ပေါ့ပါးခဲ့တုန်းက နေ့တွေကို ကျွန်တော်တို့ ပြန်ပြောပြီးရယ်မောကြစမြဲ...။ အတိတ်ဆိုတာကလည်း ဒါဏ်ရာတွေနဲ့ပဲ
အမြဲဖွဲ့စည်းထားတာမဟုတ်ဘူး မဟုတ်လား...။ သေချာပါတယ်ဗျာ ကျွန်တော်တို့ ရယ်မောခဲ့ကြဘူးပါတယ်လေ....။

အညတြရ

3 May 2009

တစ်ခွက် နှစ်ခွက်နဲ့ ဒါဏ်ရာတွေကို
မော့သောက်နေခဲ့ရတာ
ဘယ်နှစ်ရက် ရှိခဲ့ပြီလဲ.....

တစ်လိပ်နှစ်လိပ်နဲ့ အိပ်မက်တွေကို
ရူထုတ်လိုက်တာ
ကိုယ်တိုင်တောင် ပျောက်ဆုံးသွားခဲ့

လူဆိုတာ....
ဘ၀ဆိုတာ...
ဘာဆိုတာ...
ညာဆိုတာ....
ဒဿနတွေ ခေါင်းထဲမှာပြည့်နေတော့
ငါဟာ ဖျားနာတတ်တဲ့ စက်ရုပ်တစ်ရုပ်များလား..

ဒီလိုနဲ့ပဲ....
မနက်ဖက်ဆို နေထွက်ပြီး
ညဖက်ဆို နေ၀င်တယ်
ရူလိုက်သွင်းလိုက်နဲ့
ရင်ခုန်သံတွေ ကြားထဲမှာ
ငါ.... ဒီအတိုင်းတော့ မပြီးဆုံးသွားချင်သေးဘူး...

ပြန်လာချိန်

9 April 2009

ဘလော့တွေနဲ့ အချိန်အနည်းငယ် ဝေးကွာခဲ့တဲ့ ကျွန်တော် အခု ပြန်ရေးဖို့အတွက် ပြန်လာပါပြီ...။ ပြန်ရေးမယ် ဆိုပေမယ့် ကျွန်တော်ဘာကိုရေးရမလဲ မစဉ်းစားရသေးပါဘူး...။ ဒါပေမယ့် အကြောင်းအရာ တစ်ခုခုကိုတော့ ရေးနိုင်အောင်ကြိုးစားသွားမှာပါ။ ဘလော့ဂ်ကို ပိတ်ထားလိုက်ရတဲ့ အကြောင်းကတော့ template ကလိတာ လွန်ပြီး ရှင်းနေရတာရယ်.. ရေးချင်စိတ်လျော့ နည်းသွားလို့ရယ်ပဲ ဖြစ်ပါတယ်...။ ဒါပေမယ့် နားနေတဲ့ အချိန်အတွင်းမှာ ကျွန်တော် ပြောစရာတွေ၊ ရေးချင်စရာတွေ အများကြီးရလာပါတယ်..။ ကျွန်တော့် ဘလော့ဂ်ပိတ်ထားတုန်းက ဘာကြောင့် ဖတ်လို့မရတော့တာလဲ.... ဘလော့ဂ်က ဘာဖြစ်သွားတာလဲဆိုပြီး သူငယ်ချင်းတွေက လာမေးကြပါတယ်...။ ဟုတ်တော့လည်း ဟုတ်တယ် google လုပ်ပုံက သူတို့ နိုင်ငံက ယဉ်ကျေးမူ့အရဆိုရင် ဘယ်လိုနေမလဲ မသိပေမယ့်ကျွန်တော်တို့ အနေနဲ့ ဘာသာပြန်ကြည့်ရင်တော့ ကိုယ့်ကိုပဲ မဖတ်စေချင်လို့ ပိတ်လိုက်သလိုမျိုးဖြစ်နေတာကိုး...........။ ရေးပုံကလည်း ကြည့်လေ..

"This blog is open to invited readers only
http://phargyi.blogspot.com/
It doesn't look like you have been invited to read this blog. If you think this is a mistake, you might want to contact the blog author and request an invitation. "

ဆိုတော့က ဒီစာကို ဖတ်ကြည့်ရင် အောင့်သီးအောင့်တောက် ဖြစ်ရသလိုပါပဲ....။ ဘလော့ဂ်နဲ့ မစိမ်းတဲ့သူတွေ အထူးသဖြင့် ဘလော့ဂ်ဂါတွေကတော့ ကိစ္စမရှိပေမယ့် အပြင်က သူငယ်ချင်းတွေကိုတော့ ကျွန်တော်ရှင်းပြလိုက်ရပါတယ်..။ တကယ်တော့ ကျွန်တော်က ဒီဘလော့ဂ်ကို ကျွန်တော်တစ်ယောက်တည်း ဖတ်လို့ရအောင် ကန့်သတ်ပြီး ပိတ်လိုက်တာပါ...။
အခုတော့ google တို့ရေးပုံက ဒီလိုဆိုတော့ ကျွန်တော့်မှာ သူငယ်ချင်းတွေကို ရှင်းပြနေရပါတယ်။ တကယ်ဆို ဒီဘလော့ဂ်ဟာ စာရေးသူတစ်ယောက်တည်း ဖတ်နိုင်ပါတယ် ဘာညာဆိုပြီး
သတိပေးသင့်တာပေါ့... ။ ခုတော့ လုပ်ပုံက..။ အဲ့ဒီအတွက် ကျွန်တော့်ကို အားပေးကြတဲ့ သူငယ်ချင်းများ၊ မိတ်ဆွေများကို အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ..။ ဘာပဲဖြစ်ဖြစ် ကျွန်တော်
ပြန်ရေးနိုင်အောင် ကြိုးစားသွားပါမယ်..။ ပြန်ရေးဖို့အတွက် မြှောက်ထိုးပင့်ကော် အဲ အဲ နောက်တာ :) တိုက်တွန်းကြတဲ့ သူငယ်ချင်းများကိုလည်း အရမ်း အရမ်းကို ကျေးဇူးတင်ပါတယ် ခင်ဗျာ..။

ဟစ်ဟော့သီချင်း ဆိုခဲ့တုန်းက

25 January 2009

အချိန်တွေကို ပြန်ကြည့်တော့ လွန်ခဲ့တဲ့ လေးနှစ်လောက်က ။ ကျွန်တော် စတုတ္တနှစ်ကျောင်းသားဘ၀၊ ကျောင်းမှာထုံးစံအတိုင်း Fresher welcome ပွဲလုပ်ဖြစ်ပါတယ်။ အရင်နှစ်တွေလိုမဟုတ်တာက အမြင့်နှစ်ပေ အလျား ၁၂ ပေနဲ့အနံ ၆ ပေလောက်ရှိတဲ့ စင်မြင့်လေးကို ကိုယ့်မေဂျာရဲ့ ၀ပ်ရှော့ထဲမှာပဲ ယာယီလုပ်ပြီး ကျင်းပဖြစ်ခဲ့ကြတယ်။ အခမ်းအနား အစအဆုံးကို တာဝန်ယူတာကတော့ အမြဲတမ်းပါနေကြ ကျွန်တော်တို့ ငပွကြီးအဖွဲ့ပါ။ ကျွန်တော်တို့ကလည်း တခြားအချိန်ဆို ရင်သာ ဌာနကို မရောက်ရင် မရောက်မယ် ဒီလိုပွဲမျိုးနီးလာပြီဆိုရင်တော့ အစာသုံးရက်လောက် မစားရတဲ့ ကြောင်နာရုပ်လေးတွေနဲ့ ဆရာတွေ ဘာပြောပြော ဘာခိုင်းခိုင်း ဟုတ်ကဲ့ ခင်ည ဟုတ်ကဲ့ ခင်ည သွားသွားလုပ်ကြပါတယ်။ အလုပ်တာဝန်ခွဲယူဖို့၊
တစ်ယောက်နဲ့ တစ်ယောက်မတွယ်ကပ်ဖို့ဆိုတာကလည်း ရင်းနှီးနေကျလူတွေပဲကောင်းတာကိုး။ ဒီတော့ နှစ်တိုင်းတာဝန်ယူနေကြ အဖွဲ့တွေပဲစုပြီးလုပ်ရတော့တာပေါ့။

ခုနကပြောခဲ့တဲ့ စင်လေးကလည်း မကြီးပေမယ့် ခမ်းနားအောင်လုပ်ထားပါတယ်။ ကျောင်းသားရေးရာက အမတွေကို သွားပြောပြီး ကျောင်းက ကျောက်ခက်ပန်းအိုးကြီးတွေကို ခုံရဲ့ရှေ့မှာထား မီးချောင်းတွေနဲ့ အလင်းပေး၊ ပူဖေါင်းတွေ ဘာတွေနဲ့အလှဆင်လိုက်တော့ ဟုတ်တော့ ဟုတ်နေတာပဲဗျ...။ ကိုယ်ဆောက်တဲ့ ဇာတ်စင် ကိုယ်ဂုဏ်ယူခဲ့ကြတာပေါ့လေ..။

စင်လေးက ဘာလုပ်ဖို့လဲဆိုတော့ Fresher welcome ပွဲတွေမှာ ပါနေကျ King နဲ့ queen ရွေးဖို့၊ ပြီးတော့ အဲ့လိုရွေးဖို့အတွက်ကို ကျောင်းသား ကျောင်းသူလေးတွေကို စင်ပေါ်တက်ပြီး တစ်ယောက်ချင်း အကြမ်းအား ဖြင့် မိတ်ဆက်ခိုင်း ဖို့ပါ။ အရင်တုန်းကတော့ civil မေဂျာဆိုရင် အများဆုံးမှ တစ်နှစ်ကို ကျောင်းသား ကျောင်းသူ ပေါင်း ၁၀၀ ကျော်မခေါ်လို့ဒီလို မိတ်ဆက်ခိုင်းတာအဆင်ပြေပေမယ့် အခုနောက်ပိုင်းနှစ်တွေသာ ဒီလိုလုပ်ရရင် Fresher welcome ကို လေးရက်လောက်ခွဲလုပ်ရမယ်ထင်တယ်။ ကျောင်းသားခေါ်ချက်က civil ဆိုလျှောက်သလောက် ပေးလိုက်လို့ အမိန့်တော်မြတ်ချမှတ်ထားတာကိုး...။ ထားတော့ ဒါတွေက။ ကျွန်တော်ကဒီလိုပဲဗျ ပြောရင်းနဲ့လမ်းကချော်ချော်ထွက်သွားတတ်တယ်။

အဲ့လိုမျိုး မိတ်ဆက်ခိုင်း၊ ဂိမ်းတွေ ကစားခိုင်းတာအပြင် အဓိကကျတဲ့ တစ်ချက်ကတော့ သီချင်းဆိုကြဖို့ပါ ။ ဒီနှစ်မှာ စင်မြင့်နဲ့ သီချင်းဆိုရမယ် လည်းကြားရော စာရင်းလာပေးလိုက်ကြတာ ဗလာစာအုပ်တစ်အုပ် စာလောက် ရှိမယ်ထင်တယ်။ဒီတော့ လာသမျှလူတိုင်းကိုလည်း ဆိုခိုင်းဖို့ရာ က မဖြစ်တော့ ပထမဦးစားပေး အနေနဲ့ ကျောင်းသူကျောင်းသား အသစ်လေးတွေ၊ ပြီးမှ နောက်ကျန်တဲ့ အတန်းတွေကိုတော့ မီးစင်ကြည့် ကကြမယ် ဟ ဆိုပြီး စီစဉ်လိုက်ရပါတော့တယ်။ သူမဆိုနဲ့ သူဆို လို့ပြောလိုက်ရင်လည်း အကုန်လုံးက ပွဲဖြစ်မြောက်ရေးအဖွဲ့နဲ့ တစ်နည်းမဟုတ်တစ်နည်း မျက်နှာနာနေကြတော့ နောင်ခါလာနောင်ခါဈေးထား လိုက်ရတော့တယ်။

"မင်း ဒီနှစ်ဘာသီချင်းဆိုမှာလဲ ဖားကြီး" ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကမေးလာပါတယ်။

"အရင် နှစ်တွေနဲ့ မတူအောင်တော့ ဆိုမယ်ကွာ"

"ဘာ မတူအောင်လည်း မင်းက ဟစ်ဟော့ပဲ ဆိုပေါ့... မြူးမြူးကြမ်းကြမ်း သာဆိုကွာ အဲ့ဒါမှ ပွဲစည်မှာပေါ့"
"ဟာ... မင်းကလည်း အခု ကာရာအိုကေ ထွက်ထားတဲ့ ဟစ်ဟော့တွေကို ငါအားမရဘူးကွာ"
"ဖားကြီးကလည်း ရှိတာဆိုပေါ့ကွာ... ကြီးကျယ်မနေပါနဲ့"
" ငါကဟစ်ဟော့ဆို eminem တို့ Dr.Dre တို့လောက်မှ rapper ထင်တာကွ"
"ဖြစ်ရမယ်... မင်းကတော့ လူကသာ ဘာမှသောက်သုံးမကျတာ"
"အေး သောက်သုံးမကျသေးရင် ကြည့်လိုက်ကွာ အဲ့ဒီ့နေရောက်ရင် ငါဘာဆိုမလဲဆိုတာကို"

ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်က စိန်ခေါ်သလိုလိုနဲ့ ပြောလိုက်ပါတယ်။ ဒီတုန်းက ကျွန်တော်က ဟစ်ဟော့သီချင်းတွေအပေါ် ရင်ခုန်မူ့မကုန်ဆုံးသေးတဲ့အချိန်။ ပြောရရင် အမေရိကန်က ဟစ်ဟော့ သီချင်းတွေကိုမှ ဆိုချင်နေတာ။ ဒါပေမယ့် စာရွက်ကြည့်ဆိုတာတောင် လျှာက မလိုက်နိုင်လို့ စိတ်လျှော့လိုက် ရတယ်။ ဒီနှစ်တော့ ထူးထူးခြားခြား ဖြစ်အောင်ကိုယ့်ဘာသာ သီချင်းရေးပြီး ဆိုမယ်လို့စဉ်းစားလိုက်တယ်။ ရက်ကလည်း အရမ်းနီးနေပြီ ဆိုတော့ တီးလုံးကတော့ ကျွန်တော့်ညီ သူငယ်ချင်း rapper လေးဆီက အကူအညီတောင်းရပါတယ်။ ရမယ့်ရတော့ မနက်ဖြန် ပွဲတော်ရက်ဆိုရင် ဒီနေ့လို ညမှ တီးလုံးက ကျွန်တော့် လက်ထဲရောက်ပါတယ်။ ပွဲတစ်ခုလုပ်ရင် ကျောင်းမှာနေတဲ့ အဖွဲ့နဲ့ ရန်ကုန်က ကိစ္စ တွေစီစဉ်တဲ့ အဖွဲ့ဆိုပြီး နှစ်ပိုင်းခွဲလိုက်တော့ ကျွန်တော်က ရန်ကုန်အဖွဲ့ထဲမှာပဲ နေလိုက်ပါတယ်။ ဘာမှတော့ မဟုတ်ပါ
ဘူး စားသောက်စရာကိစ္စတွေ စီစဉ်ပြီးရင် အိမ်ပြန်လို့ရတော့ ကျွန်တော်သီချင်းရေးမလို့ပါ။ ကျောင်းမှာ နေရတဲ့ အဖွဲ့တွေကတော့ ပင်ပန်းလားဆိုရင်တော့ ဒီလိုပါပဲ..။ သူတို့လည်း စင်ကို ဟိုပြင်ဒီပြင် လုပ်ပြီးရင် တစ်ညလုံး သောက်ပွဲတော် ကျင်းပကြပါတယ်။

သီချင်းကို တစ်ညတည်းနဲ့ အပြီးရေးလို့ မင်းတို့ဟစ်ဟော့ သီချင်းတွေက လွယ်လှချည်လားကွလို့ အထင်တော့ မသေးလိုက်နဲ့ဗျ ။ အဲ့ဒီတုန်းက ကျွန်တော်က ဆိုချင်ဇောရယ်၊ ပွဲတော်အတွက် ပျော်နေတဲ့ စိတ်ရယ်နဲ့ပေါင်းပြီး ကာရံတွေကိုထပ်လိုက်တာ အချိန်တွေ နာရီတွေတောင်မေ့သွားတယ် ။ အကုန်လုံးအိပ်နေတဲ့ အချိန်ရောက်မှ သီချင်းရေးတာပြီးသွား ပါတယ်။ ပြီးတော့ စာသားတွေ ပြန်ကျက်၊ headphone တပ်ပြီး တီးလုံးနဲ့ flow နဲ့ အဆင်ပြေအောင် လေးငါးခေါက်လောက်ပြန်ဆိုကြည့်တယ်။ စိတ်ချရပြီ ဆိုမှ အိပ်ရာထဲဝင်ခဲ့တယ်..။ ဒီတုန်းက ကျွန်တော်အတွေးတွေနဲ့ ပျော်ခဲ့တဲ့အချိန်ဟာ ဂီတသမားတွေ သီချင်းတစ်ပုဒ် ဖန်တီးလို့ရတဲ့ ပီတိနဲ့ ဘာကွာလဲလို့ အခုကျွန်တော်သိချင်နေမိတယ်။ သြော်.. ကျောင်းသားဘ၀တုန်းက နေ တောင်ဒီလောက်မှ မပူသေးတာကိုး..........။

မနက်ဖက် ကျောင်းရောက်တော့ ကျွန်တော်ကတောင် နောက်ကျနေပြီ။ ကျောင်းသား၊ ကျောင်းသူတွေရော ၊ organizer တွေရော တော်တော်စုံနေလို့ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို ကောင်းချီးဝိုင်းပေး ကြပါတယ်။

"ဟေ့ကောင် ဘယ် ဘိခ်ျ မှာသွားသေနေလို့ ဒီအချိန်မှ ရောက်တာလဲကွ"

ကျွန်တော် ဘာမှ မပြောပဲ ပြုံးရုံသာ ပြုံးလိုက်တယ် ။ သူငယ်ချင်းတစ်ယောက်က ထပ်ပြောတယ်။

"ဟေ့ကောင် မင်းကိုပြုံးပြခိုင်းနေတာမဟုတ်ဘူး.. ဘယ်လိုဖြစ်လို့နောက်ကျတာလဲလို့မေးနေတာ။
ဒီမှာငါတို့ လုပ်နေရတာ တော်တော် ပင်ပန်းနေပြီ။ "
"အေးလေ ပင်ပန်းရင်လည်း နားလိုက်ကြတော့ပေါ့ကွာ..။ အကုန်လုံးလည်း ပြီးနေပြီပဲ။
ငါညက သီချင်းရေးနေလို့ နောက်ကျ သွားတာပါကွာ"
"ဟာ... ဟုတ်လား ။ လုပ်စမ်းပါဦး... ငါတို့ကြည့်ရအောင်...။"
"နေပါဦး မင်းတို့ကလည်း ။ ငါဆိုရင်နားထောင်ရမှာပါ.. အေးဆေးပေါ့ ။"
"အေးပါ... အေးပါ.... ဒါနဲ့ အစားအသောက်ထုတ်တဲ့ တိုကင်ပြားတွေ မင်းပဲဝေပေးလိုက်တော့ကွာ ။ အဲ့ဒါမင်းလာရင် လုပ်ဖို့ဆိုပြီး ငါတို့ချန်ထားတာ..။"

ဒီကောင်တွေက ဒီလိုပဲ။ သူတို့ဘာသာ သူတို့လုပ်လိုက်လည်း ပြီးနေမယ့်ကိစ္စကို ကျွန်တော့်တာဝန်လေး ဘာလေးဆိုပြီး ကျန်တာတွေ လျှောက်ခိုင်းနေတာ ။ ကျွန်တော်လည်း ကဒ်ပြားတွေယူပြီး နာမည်၊ အတန်း ရေးခိုင်း၊ လက်မှတ်ထိုးခိုင်းပြီး တစ်ယောက်ချင်းစီကဒ်တွေကို ထုတ်ခိုင်းရပါတယ်။ အတန်းထဲက သူငယ်ချင်း ကောင်မလေးတွေလည်း ကျွန်တော့်ကို ၀ိုင်းကူကြတယ်။ ကျောင်းသား၊ကျောင်းသူတွေက များတာကိုး ။ အောင်မယ်... ဒီအလုပ်ကလည်း မျက်နှာ ပွင့်တယ်ဗျ..။ ကဒ်ပြားပေးလို့မဟုတ်ပါဘူး..။ ကောင်လေးတွေက သူတို့သိချင်တဲ့ကောင်မလေးတွေရဲ့ နာမည်ကိုလာစုံစမ်းကြလို့ပါ ။

"ဖားကြီး.. အဲ့ဒီကောင်မလေးကွာ နာမည်ရေးရင် မှတ်ထားလိုက်စမ်းပါ"
"ဟား... ငါ အလုပ်ရှုတ်နေတယ် သူငယ်ချင်းရေ.. နာမည်မှတ်ထားဖို့ဆိုတာ
လူအများကြီးကို လွယ်မှမလွယ်တာ"
"လုပ်ပါကွာ မင်းကလည်း... ငါလန်ဒန် တစ်ဘူးပေးပါ့မယ်"
"အေးလေ... ငါမှတ်မိရင်တော့ မှတ်ထားပြီး မင်းကိုပြောပါ့မယ်။ လန်ဒန်ကြောင့်မဟုတ်ဘူးနော် မင်းနဲ့ငါ အတန်းတူနေလို့.."

ဒီလိုမျိုးက တစ်မျိုး..။ ကျွန်တော့်ထက် အတန်ငယ်သော ကောင်လေးတစ်ယောက်ကလည်း ကျောင်းသူအသစ် လေးနာမည်ကို သိချင်လို့ လာမေးပြန်တယ်..။ သူကကျတော့ နာမည်မေးရုံသာမက တစ်ခြားအကူအညီ ပါတောင်းလာပြန်တယ်။

"ကိုဖားကြီး ဒါလေးပါ ပေး ပေးပါလားဗျာ"
"ဘာလဲကွ မင်းဟာက"
"ဟာ တိုးတိုးပြောပါဗျ...အစ်ကိုကလဲ"
"အေး ပြောပြော ဘာပေး ပေးရမှာလဲ"
"ဒီနှင်းဆီပွင့်လေးနဲ့ စာအိတ်လေးကိုပါ"
"ဟာ.. ဟေ့ကောင် ဟေ့ကောင် အဲ့ဒါတော့ မင်းဘာသာ မင်းပေးဟေ့ကောင်ရေ..
ငါ ပြဿနာတက်သွားလိမ့်မယ်"
"လုပ်ပါဗျ အစ်ကိုရ.. အဆင်ပြေရင် အစ်ကိုတို့ သူငယ်ချင်းတွေကို တစ်ဝိုင်းဗျာ.."
"တော်တော် ဟေ့ကောင်... နာမည်မှတ်ထားရင် တော်ပြီပေါ့ကွာ.. ငါသေသေချာချာ မှတ်ထားပါ့မယ်
ဟုတ်ပြီလား... ကျန်တာတော့ မင်းဘာသာ မင်းပဲကြိုးစားပေါ့ကွာ"
"ဟင်း... ရပါတယ်ဗျာ..ရပါတယ်... ခင်ဗျားကလည်း ဒါလေးအကူအညီတောင်းတာကို... ကိုယ်ချင်း
စာစိတ်လည်းမရှိဘူး.. "
"အေး မင်းထင်ချင်သလိုထင်ကွာ ... ငါဒီမှာ အလုပ်ရှုတ်နေတယ်မင်းတွေ့လား.. နာမည်သိချင်ရင် ခဏနေ
လူရှင်းရင်လာခဲ့... အခုတော့ မင်းသုတ်တော့.. အာရုံနောက်တယ်ကွာ"

ကောင်လေးတွေကလည်း ဒီလိုမျိုး အပူကပ်ကြတယ်။ ဘာပဲ ပြောပြော အဲ့ဒီနေ့က ကျွန်တော် လန်ဒန်တွေ၊ အအေးတွေ အပြင် အနောက်ဝိုင်းအတွက်ပါ ရိက္ခာတွေ ရသွားတယ်။ အနောက်ဝိုင်း ဆိုတာက ၀ပ်ရှော့ရဲ့ နောက်ဘက်မှာ ကြိတ်ပုန်း ကစ်ကြတဲ့ ၀ိုင်းလေးကို ပြောတာပါ။ ဆရာ၊ ဆရာမတွေ လုံးဝမသိအောင် အရက်ကို ပျော့ပျော့စပ်ပြီး စပါကလင်တို့ လီမွန်နံ့တို့ရောလိုက်တယ်။ ပြီးရင်ဆရာတွေစားဖို့ချက်တဲ့ ဟင်းကျန်တွေနဲ့ မြည်းကြတဲ့ ၀ိုင်းလေးပေါ့။ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်တော့ အလုပ်မခံဘူး။ အားလုံးကို နိုင်သလောက်သာ သောက်ခိုင်းပါတယ်။ မနိုင်လို့ ကွဲတော့လည်း ၀ပ်ရှော့နောက်ကတိုက်ပျက်လေးထဲ သွားသိပ်ထားလိုက်တယ်။ ခန်းမထဲတော့ လုံးဝ မ၀င်ခိုင်းတော့ပါဘူး။

ကဒ်ပြားတွေ ဝေတဲ့ ကိစ္စတွေပြီးတော့ ကျွန်တော်လည်း အနောက်ဝိုင်းကို သွားသတင်းပို့လိုက်ပါတယ်။ တကယ်တော့အနောက်ဝိုင်းဆိုတာကလည်း ကန့်လန့်ကာ နောက်က စီမံနေတာနဲ့ တူပါတယ်။ Oragnizer ယောကျာင်္းလေးတွေ အကုန်လုံးနဲ့ ပြဿနာ မဖြစ်လောက်ဘူးထင်တဲ့ ကလေးတွေကို ခေါ်တိုက်နေတဲ့နေရာပေါ့..။ ကျွန်တော်ဝင်လာတာ မြင်တော့..

"ဟာ ဖားကြီး မင်းကဟိုမှာနေလေကွာ.. ပွဲစတော့မယ် မဟုတ်လား...။ announcer ကောင်မလေးတွေရော အဆင့် သင့်ဖြစ်ပြီလား"
"ဖြစ်ပါပြီကွာ.. သူတို့ဘာသာ သူတို့လုပ်တတ်ပါတယ်.."
"ဟာ.. မင်းကသိပ်မသောက်နဲ့ လေကွာ.. သီချင်းလည်းဆိုဦးမယ် မဟုတ်လား... ပြီးတော့ လိုရင်လည်း
တစ်ယောက်တစ်လှည့် စင်ပေါ်တက်ပြီး announcer ၀င်လုပ်ပေးဦးလေကွာ"
"အေးပါ.. ငါသိပါတယ်.. နည်းနည်းလေး ရဲဆေးတင်တာပါ"

ဒီလိုအကြောင်းပြလိုက်တော့ ဘာမှတော့ မပြောကြတော့။ ဟုတ်တော့လည်း ဟုတ်တယ်။ ဒီလို announcer လုပ်တယ်ဆိုတာ မျက်နှာလည်းပြောင်ရဲဦးမှ။ အတည်ကြီးလုပ်လို့မရသလို၊ မလိုအပ်သေးဘဲလည်း ဟာသ ပေါပေါတွေမပြောရ..။စင်အောက်ကလူတွေက ကိုယ့်ကို သွပ်ချောင်ချောင်လို့ထင်သွားနိုင်တယ်...။ ပြောရရင် ပေါရဲ၊ ပြောင်ရဲမှ ဖြစ်မယ့်ကိစ္စ။ ဒီလိုကိစ္စမျိုးဆိုတော့ အစကတည်းက ပေါတောတော၊ ပြောင်တောင်တောင် (မျက်နှာ) နေရဲတဲ့ ကျွန်တော့်ကို ၀ိုင်းမကြတယ်။

"ဟေ့ကောင်တွေ ငါသီချင်းဆိုရင် နည်းနည်းပွဲစည်အောင် မင်းတို့ပန်းတွေဘာတွေ တက်ပေးပါလားကွ"
"အင်း... လုပ်ရမှာပေါ့"

ပန်းတွေ ဆိုတာက ဒီလိုပါ ..။ ကျွန်တော်တို့က သီတင်းကျွတ်ရင်လုပ်မယ့် ဆရာကန်တော့ပွဲအတွက် ရန်ပုံငွေ အနေနဲ့ နှင်းဆီပန်းတွေကို အနီရောင်ပါကင်အိတ်လေးတွေနဲ့ ထုတ်ပြီး တစ်ပွင့် ငါးရာ နဲ့ရောင်းပါတယ်။ ပေးချင်တဲ့သူက ၀ယ်ပြီးပေးပေါ့..။ ဒါပေမယ့် ကျွန်တော်တို့ တွေက စီစဉ်သူတွေဆိုတော့ နှင်းဆီ သုံးလေးပွင့် လောက်တော့ ကျွန်တော့်အတွက် ချန်ထားဟု ကျွန်တော်ကပြောလိုက်တာပါ..။ သူတို့ကလည်း အတည်ပင်..

"အေးပါ... ဒါမှ မင်း ပိုမိုက်သွားတာပေါ့..။ လက်ခုပ်သံလည်း မပူနဲ့ဟေ့ကောင် ငါတို့ တီးတာနဲ့တင်
တော်တော်ကျယ်နေပြီ"
"မင်းတို့နားထောင်လိုက်ပါဦး.. ငါ့သီချင်းကို မင်းတို့တီးချင်စိတ်ကို ပေါက်လာမှာပါ..."

ကျွန်တော်ကလည်း အကြောမခံ ပြန်ပြောလိုက်တယ်..။

အဲ့ဒါနဲ့ ကျွန်တော် ခန်းမထဲဝင်ပြီး announcer ၀င်လုပ်လိုက် အနောက်ဝိုင်းကို သွားလိုက်နဲ့ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နေတော့တယ်..။ ရှေ့မှာ မအားရင်လည်း သူငယ်ချင်းတွေက ချစ်ဖို့ကောင်းပါတယ်... ဟေ့ကောင် ဖားကြီး ကလေးတွေပြီးရင် မင်းဆိုရမှာ နည်းနည်းကစ်ချင်ကစ်လိုက်ဆိုပြီး အရောင်မရှိတဲ့ စပါကလင်နဲ့ အရောင်မရှိတဲ့ ဘီအီး လေးတွေ ကျွတ်ကျွတ်အိတ်ထဲ ထည့်ပြီး ပိုက်လေးတပ်လို့ လာလာပို့ပေး ရှာတယ်..။ ဒါကို မြင်ရတဲ့ ဆရာမတွေနဲ့ ကျောင်းသူလေးတွေကတော့ ဒီကောင်တွေဘာလဲဟ အအေးသောက် ပြီးတာနဲ့ မရမ်းပြားလေးစုပ်လိုက် ပြန်သောက်လိုက်နဲ့ ဆိုပြီး အံသြနေကြမှာ ကျိန်းသေတယ်။ ဒါပေမယ့် ဘာမှတော့ စပ်စပ်စုစု မေးမနေကြပါဘူး..။ ကျွန်တော်တို့ကလည်း သောက်ပြီး ပွဲပျက်ခဲ့တယ်လို့ အခုထိကို မရှိခဲ့တာပါ ။ ရုပ်ပျက်ဆင်းပျက်နဲ့ ဌာန သိက္ခာကျအောင်လည်း ဘယ်တော့ မှ မလုပ်ခဲ့ကြဘူးလေ..။

နည်းနည်းလေး ရီဝေလာတော့ ကျွန်တော်လည်း သီချင်းဆိုရမှာကို မေ့လာပြီး သူများတွေဆိုတာ အားပေးရင်း ပျော်လာပါတယ်။ နှင်းဆီပန်းတွေကလည်း ကောင်လေးတွေကသာမက၊ ကောင်မလေးတွေကပါ ၀ယ်ပြီး သူတို့ သူငယ်ချင်းတွေသဘောကျတဲ့ သူတွေကို တက်ပေးကြတော့ အားလုံးပွဲကျနေကြတာပေါ့။ ရှေ့တန်းကို ရိက္ခာမလာ လို့ ကျွန်တော်လည်းနောက်တန်းကို လိုက်သွားပြီး ကစ်နေတုန်း ကျွန်တော့်နာမည်ကို မိုက်နဲ့ ကြေငြာတာ ကြားရပါတယ်။

"အခု ဆိုမယ့်သူကတော့ B.Tech second က ကျွန်တော်တို့ သူငယ်ချင်း ဖားကြီး ဖြစ်ပါတယ်"

သိတဲ့ လူတွေရော မသိတဲ့သူတွေရော လက်ခုပ်တီးကြလို့ ထင်ပါတယ် အသံကျယ်ကြီးကြားလိုက်ရတယ်။ ကျွန်တော်တို့ ပွဲတွေက ဘယ်သူပဲ ဆိုဆိုလက်ခုပ်သံက မြိုင်ပြီးသား..။ အသံမကောင်းလည်း ကိစ္စမရှိ နာမည် ကြီးတဲ့ သီချင်းဆို အားလုံး ကလိုက်ဆိုကြတော့ ကိုယ့်အသံတောင် မြုပ်မြုပ်သွားတတ်တယ်။ ကျွန်တော့်အလှည့် ဆိုတော့ သူငယ်ချင်းတစ်ယောက်က လာပြောတယ်။ ကျွန်တော်လည်း နာမည်ကြားကတည်းက ငါ့ကိုတော့ ခေါ်နေပြီဟဆိုပြီး ထွက်လာတော့ ချက်ချင်းဆိုသလို စင်ပေါ်ရောက်သွားတယ်။

ပြီးတော့ ကျွန်တော်ဆိုမယ့်တီးလုံးစီဒီ ခွေကိုပေး၊ မိုက်ကရိုဖုန်းကို ကိုင်ပြီး ဟန်ပါပါနဲ့ ဆိုပါတော့တယ်..။ ပြောရဦးမယ်အဲ့ဒီတုန်းက ကျွန်တော်တို့က အပေါ်အဖြူ၊ အောက်က အပြာပုဆိုးကို ၀တ်နေရပြီဗျ..။ အဲ့ဒီတော့ fresher welcome လည်း uniform ပဲဝတ်ရမယ်ဆိုတော့ ဟစ်ဟော့သီချင်းကို ဆိုတဲ့ ကျွန်တော်က ပုဆိုးအပြာ ကြီးနဲ့ ဖြစ်နေတော့တာပေါ့။ စဉ်းစား သာကြည့်ပေတော့ ကျွန်တော့်စတိုင်ကို..။ ဒါပေမယ့် ဆင်တူတာတော့ ရှိတယ်ဗျ ။ တစ်ချို့ rapper တွေ သီချင်းဆိုရင် ဘောင်းဘီခွလေး ကိုင်ကိုင်ပြီးဆိုသလို ကျွန်တော်လည်း ပုဆိုးစလေး ကိုင်ကိုင်ဆိုတော့တာပေါ့..။ သီချင်းကတော့ fresher လေးတွေရောက်လာတာကို အပြောင်အပြက် ဆိုထားတဲ့ သီချင်းပါ..။ မိန်းကလေးတွေကိုလည်း အကူအညီလိုရင် ပြော၊ ယောကျာင်္းလေးတွေကိုလည်း ဒီကျောင်းမှာ ဆောင်ရန် ရှောင်ရန်တွေပြောပြတဲ့ သီချင်း..။

ဆိုနေရင်းနဲ့ ဟိုကောင် တွေကို သတိထားမိတော့ စင်ပေါ်ကို တစ်ယောက်တက်လာပြီး ပန်းတစ်ပွင့်လာပေး သွားပါတယ်။ ကောင်မလေး တစ်ယောက်ယောက်က သူ့ကိုယ်စားပေးခိုင်းတဲ့သဘောပေါ့..။:)

ပန်းမှ တစ်ကယ့်ကို ပန်းကြီးပါ ။ နှင်းဆီပွင့် မဟုတ်ပဲ ဂန္ဓာမာ ပန်းကြီးဖြစ်နေတာပဲ နည်းနည်းထူးဆန်းတာ ။ ဒီကောင်တွေဘယ်က ရလာတာလဲဟ ။ ပန်းကတော့ နည်းနည်းနွမ်းနေပြီလို့ သီချင်းဆိုရင်း မသိစိတ်က မှတ်ချက်ချလိုက်ပါတယ်။ ပြီးတော့ တစ်ယောက်ပြီး တစ်ယောက်လာပြီး အဲ့ဒီပန်းမျိုးတွေပဲ တက်ပေးပါတယ်။ အောင်မယ်.. ကိုင်ပုံကလဲ ကဗျာဆန်ဆန်လေး ပန်းပွင့်ရဲ့အောက်ခြေ အရိုးထိပ်ကနေ ကိုင်ပြီးတော့ကိုပေးတာ..။ အတန်းထဲက သူငယ်ချင်းကောင်မလေး တွေကိုလည်း စင်ပေါ်တက်ပြီး ပေးခိုင်းပါတယ်။လေးခေါက် ငါးခေါက် လောက်ပေးပြီးတော့ ဂန္ဓမာပန်းတွေတင် မဟုတ် တော့ပဲ စိန်ခြယ်တွေပါ ပါလာတယ်။ ဘာပဲ ဖြစ်ဖြစ်စင်ပေါ် တက်ပေးနေတာ ဆိုတော့ အကုန်ယူလိုက်ပါတယ်။ စင်အောက်က ကျောင်းသူ၊ ကျောင်းသားတွေကလည်း ကျွန်တော့် သီချင်းကို သဘောကျပြီး လက်ခုပ်တီးလိုက်ရယ်လိုက် ဖြစ်နေကြတာကိုး။ ပန်းတွေလာပေးရင်သာ ကိုင်ရတာစိုစီစိုစီ ဖြစ်နေတာ..။ သီချင်းကိုပဲ ကြိုက်တာလား... ဂန္ဓမာ တွေ စိန်ခြယ်တွေနဲ့ ပုဆိုးကြီးဝတ်ပြီး ဟစ်ဟော့မြူးမြူးဆိုနေတဲ့ ကျွန်တော့်ကိုပဲ ရယ်ချင်ကြတာလားမသိဘူး.. ကျွန်တော်ဆိုတဲ့ အတွက်ပွဲကတော့ တော်တော်စည်သွားတယ်လို့ ပြောကြပါတယ်။ အများစုက ကောင်လေး၊ကောင်မလေးတွေ ကြွေအောင် အချစ် သီချင်းအေးအေလေးလေး တွေ ဆိုတဲ့အချိန်မှာ ကျွန်တော်က ပေါက်တီးပေါက်ချာ ပြောင်စပ်စပ်ဆိုပြလိုက်လို့လဲ ဆိုင်မယ်ထင်ပါတယ်။

သီချင်းဆိုပြီးလို့ စင်ပေါ်က ဆင်းတာနဲ့ ဟိုကောင်တွေကို သွားမေးပါတော့တယ်..။

"ဟေ့ကောင်တွေ မင်းတို့ပန်းတွေက ဟုတ်တော့မဟုတ်သေးဘူးကွ ... နှင်းဆီပန်းတွေက
ဘယ်ရောက်သွားလို့လဲ"
"နှင်းဆီပန်းတွေက မင်းရှေ့က ဆိုသွားတဲ့ သူတွေကို ပေးဖို့ဝယ်သွားတာ ကုန်သွားတယ်လေ"
"အေး ... အဲ့ဒါနဲ့ ဒီပန်းတွေက ဘယ်ကရလာတာလဲ.."
"ငါတို့လည်း မင်းကပွဲစည်မှ ကြိုက်တယ်ဆိုတာနဲ့ မဖြစ်ဖြစ်အောင်ကြံလိုက်တာပေါ့"
"အင်း... လုပ်ပါဦး မင်းတို့အကြံကို"
"ဘုရားပန်းအိုးကနေ စွန့်လာတာကွ"
"အင်.. "
"မအင်နဲ့ ငါတို့မှာ ဌာနမှူး ရုံးခန်းထဲက ဘုရားပန်းအိုးတွေရော.. ကျောင်းခန်းတွေထဲက
ဘုရားပန်းအိုးတွေထဲကရော အလတ်ဆုံးလို့ထင်ရတဲ့ ပန်းတွေစွန့်လာရတာကွ"
"အေး .. အဲ့ဒါကြောင့် ကိုင်လိုက်ရင် စိုစိစိဖြစ်နေတာ"
"ဟဲ.. ဟဲ ညှီလဲညှီနေပြီ"

ကျွန်တော်လက်ကို နမ်းကြည့်လိုက်တယ်။ ဟုတ်ပါရဲ့ ကျွန်တော့်လက်လည်း တော်တော်ကိုညှီနေပြီ။

"သြော် ဒါကြောင့်မင်းတို့က ပန်းပွင့်အခြေကနေ ကိုင်ကိုင်ပေးကြတာပေါ့"
"အေးလေ... ဟဲ.. ဟဲ..ဟဲ.. ဟား ဟား ဟား"
"မိုက်တယ်ကွာ ငါလည်းတော်တော်စတိုင်မိသွားမှာပေါ့..။"

ကျွန်တော်လည်း ဒီကောင်တွေပေါက်ကရာလုပ်တာကို စိတ်မဆိုးတဲ့အပြင် တော်တော်ပျော်သွားပါတယ်။ တတ်လည်း တတ်နိုင်တဲ့ကောင်တွေ..။ ဒါတောင် သူတို့က ထပ်ပြောလိုက်သေးတယ်..။

"သပြေပန်းတွေ ရှိသေးတယ်ကွ.. မင်းသီချင်းပြီးတာ စောသွားလို့ နို့မို့အဲ့ဒါတွေပါ ထပ်ပေးတယ်"
"အေး.. ကောင်းတယ်ကွာ.. အဲ့လိုသာ ပေးမယ်ဆိုရင်တော့.. ဆရာမတွေအဆောင်က နတ်အုန်း ဗောင်းတော်ပါ
စွန့်ပြီး ငါ့ကိုချည်ပေးလိုက်ကြ.. ငါလည်း ဟစ်ဟော့ beat နဲ့ တစ်ခါတည်း နတ်ကနားပါပေးလိုက်မယ်.."
"အေးကွာ... အဲ့ဒီ့အကြံကို ငါတို့မေ့သွားတယ်.. မင်းရုပ်ကလည်း နတ်ကတော်မာမီတွေနဲ့ တူတော့ တော်တော်
လူကြိုက်များကြမှာ..."
"ခွေးကောင်တွေ... မင်းတို့လုပ်လိုက်ရင်တော့ ပေါက်ကရာတွေချည်းပဲ.. ဟား...ဟား..."

"ဟား...ဟား...ဟား"

အဲ့ဒီနေ့က ရယ်သံတွေခန်းမထဲမှာ ပြည်လျှံပြီး fresher welcome ပွဲ အောင်အောင်မြင်မြင်ပြီးသွားပါတယ်။ ကျွန်တော့်လက်က ပန်းတွေရဲ့ ညှီနံ့ကတော့ ညနေထိတောင် မပျောက်သေး..။ ဘုရားပန်းအိုးက ပန်းတွေကို မြင်တိုင်း ကျွန်တော့်လက်က ပန်းညှီနံ့တွေကို သတိရမိနေတယ်။ ညှီတော့ညှီတယ် ဒါပေမယ့် ဘုရားပန်းအိုးက စွန့်လိုက်လို့လား မသိဘူး .... သန့်စင်နေတယ်လို့ ထင်တယ်။ အခုတော့ အရာရာ ဟာ အတိတ်မှာ စနစ်တကျပဲ ကျန်ရစ်ခဲ့တယ်..။ ညှီနံ့အသစ်တွေရှိမှန်းလည်း ကျွန်တော်သိလာခဲ့တယ်..။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်း တွေ ပေးခဲ့တဲ့ ပန်းပွင့်က ညှီနံ့တွေလောက် တော့ ဖြူစင်သန့်ရှင်းမူ့ လုံးဝမရှိတော့။

သြော်...ကျောင်းသားဘ၀တုန်းက နေ ကလည်းဒီလောက်မပူသေးတာကိုး..။