မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းရဲ့ နှစ်ပတ်လည်အသင်းသားစုံညီပွဲ နဲ့ စာတမ်းများဖတ်ပွဲကို ၈ ရက်နေ့နဲ့
၉ရက်နေ့ ဇန်န၀ါရီ ၂၀၀၉ မှာကျင်းပခဲ့ပါတယ်။ အားအားယားယားဖြစ်နေတဲ့ ကျွန်တော်မောင်ဖားကြီးလည်း အခြေအနေ အခွင့်အရေး ရှိနေတုန်းအချိန်မို့ စာတမ်းတော်တော်များများကို သွားရောက်နားထောင် ဖြစ်ခဲ့ပါတယ်။ စာတမ်းတော်တော်များများကတော့ ပြီးခဲ့တဲ့ ၂၀၀၈ မှာ အထူးခြားဆုံးဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းနဲ့ သဘာဝဘေးအန္တာရာယ် တွေအကြောင်းကို တင်ပြဖတ်ကြားသွားခဲ့ကြတာပါ။ ဒီစာတမ်းဖတ်ပွဲမှာ ကျွန်တော်ပိုမိုသိလာတဲ့ အကြောင်းကတော့ Cyclone Shelter လို့ ခေါ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကျရင် လူတွေခေတ္တသွားရောက် နေနိုင်တဲ့ စခန်းရိပ်သာတွေအကြောင်းပါ..။ သိပြီးတဲ့သူတွေလည်း သိပြီးဖြစ်ပေမယ့် ကျွန်တော့်လိုပဲ သိပ်မသိသေးတဲ့ တစ်ယောက်တစ်လေများရှိမလားဆိုပြီး ၀င်လျှာရှည်တယ်လို့ပဲ သဘောထားကြပါကုန်....။
Cyclone Shelter နဲ့ပတ်သတ်လို့ အဓိကဟောပြောသွားသူကတော့ YTU က ဒေါက်တာဥာဏ်မြင့်ကျော်ပါ ...။ သူက Design Concept of Cyclone Shelter ဆိုတဲ့ စာတမ်းကိုတင်သွင်းဖတ်ကြားသွားပါတယ်...။ အများသိတဲ့ အတိုင်းပဲမနှစ်က နာဂစ်မုန်တိုင်း ၀င်မွှေတော့ သေဆုံးတဲ့သူတွေက အစိုးရထုတ်ပြန်ချက်အရ ၁၄၀ ၀၀၀ ကျော်ပါတယ်။ဒီလိုသောက်သောက်လဲ သေကြပြီဆိုတော့ သင်ခန်းစာတွေလည်း ရသင့်သလောက် ရလာကြာပြီပေါ့။ ဒီတော့ နောက် တစ်ခါဖြစ်ရင် လူတွေဒီလိုမျိုး အဓိပ္ပါယ်မဲ့ မသေရအောင် ဘာတွေပြင်ဆင် သင့်လည်းဆိုပြီး ၀ိုင်းစဉ်းစားလာပါတယ်...။ ဒီနေရာမှာ အဓိပ္ပါယ်မဲ့ သေရတယ်ဆိုတဲ့ စကားရပ်ကို ကျွန်တော် သုံးလိုက်ရတာက အကြောင်းရှိပါတယ်။
နာဂစ်မုန်တိုင်း တိုက်ပြီးတော့ အဓိကသေရတဲ့အကြောင်းက မုန်တိုင်းဒီရေတိုးလာလို့ သေရတယ်ဆိုတာ အားလုံးသိကြပါတယ်။ မိုး/ဇလ ကဦးထွန်းလွင်ကလည်း MES ဥက္ကဌ ရဲ့ဖိတ်ကြားချက်နဲ့ ပထမနေ့က သူ့စာတမ်းကို လာဖတ်သွားတော့ ဒီလိုပြောသွားပါတယ်..။ သူတို့အနေနဲ့ ဒီလိုဖြစ်လာနိုင်တာကို သိပါတယ်တဲ့.... ဒါပေမယ့် အဲ့ဒီအချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ ဘာလုပ်ရမှန်းကို မသိတာတဲ့...။ Early Warning အားနည်း တာကြောင့်လို့လည်း သူကဆက်လက်ဝန်ခံသွားပါတယ်...။ ကြိုတင်သတိပေးချက်တွေ ရှိခဲ့ပေမယ့် ဘယ်အထိအကျိုးသက်ရောက်မူ့ရှိသလဲ ဆိုတာတော့ပြောကြားသွားခြင်းမရှိခဲ့ဘူးထင်ပါတယ်..။
ပြီးတော့ မြစ်ဝကျွန်းပေါ်ရဲ့ သဘောသဘာဝကိုလည်း ဦးထွန်းလွင်က ဆက်လက်ရှင်းလင်းပြပါတယ်။ မြစ်ဝကျွန်းပေါ်မှာက ပင်လယ်ထွက်ပေါက်မြစ်တွေက များတော့ မုန်တိုင်းဒီရေ ဟာမြစ်ကြောင်းတွေက တဆင့်ကုန်းတွင်းပိုင်းကိုဆောင့်ဝင်လာပြီးတော့ ကမ်းရိုးတန်းနဲ့ မိုင်နှစ်ဆယ်၊သုံးဆယ် အကွာလောက်လည်း ရောက်ရော ကုန်းတွင်းရေတိမ်နဲ့တွေ့ပြီး အရမ်းမြင့်တဲ့လှိုင်းတွေအဖြစ်နဲ့ ကုန်းတွင်းပိုင်းကို တိုးဝင်ပါတော့ တယ် .. ။ ဒီမှာတင် ရေတက်ချက်ကပေ ၂၀ လောက်ရှိလာပြီး လူတွေသောက်သောက်လဲ သေကြပါတော့တယ်..။ တဖြည်းဖြည်းတက်လာတာ မဟုတ်ပါဘူး..။ အချိန်တိုအတွင်းမှာတင် တိုးပြီးတက်လာတာပါ..။ အရင်တုန်းက လည်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒီထက်မကတဲ့ကိန်းဂဏန်းတွေ အသေအပျောက်ရှိခဲ့ဖူးပေမယ့် ခုလိုသတင်းနဲ့နည်းပညာ ခေတ်ကြီးထဲမှာ ဖြစ်သွားတာကြောင့်ရင်ထုမနာ ဖြစ်ကြရပါတယ်။ နောက်ပြီးတော့ ၂၄ နာရီအတွင်းမှာ တယ်လီဖုန်းတွေ၊ အင်တာနက်တွေ နဲ့အဆက်အသွယ် ပြတ်သွားတာလည်း နောင်ဆိုမဖြစ်သင့်ကြောင်း မိုး/ဇလ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာထွန်းလွင် ကပဲပြောကြားသွားခဲ့ပါတယ်။
Cyclone Shelter အကြောင်းပြန်ဆက်ပါမယ်။ မုန်တိုင်းတွေကျရောက်ရင် လူတွေအရေးပေါ် သွားရောက်နေထိုင် ရမယ့် နေရာတွေပါ ။ သာမန်အချိန်မှာ စာသင်ကျောင်း၊ ဆေးခန်း၊ ကျေးရွာ အုပ်ချုပ်ရေးကောင်စီ ရုံးတွေအဖြစ်အသုံးပြုပြီး၊မုန်တိုင်းကာလ မှာ လူတွေခိုနားတဲ့ နေရာအဖြစ်အသုံးပြုလို့ရတဲ့ အဆောက်အဦးအမြင့်ကြီးတွေပေါ့..။ လူတစ်ရာအတွက် ငါးရာအတွက်၊ ဆိုပြီး အသီးသီး ဒီဇိုင်းလုပ်ထားတဲ့ အဆောက်အဦးကြီးတွေဖြစ်ပါတယ်။ အိမ်နီးချင်း ဘင်္ဂါလားဒေ့ရှ် ကတော့ လူငါးသိန်းလောက် သေခဲ့တဲ့ မုန်တိုင်းကြီးခံခဲ့ဖူးတော့ နိုင်ငံအ၀န်းမှာ Cyclone Shelter ပေါင်း ၄၀၀၀ ကျော် ၅၀၀၀ နီးပါးရှိပါတယ်။ ကျွန်တော်တို့ဒီမှာတော့ ကနဦးအနေနဲ့ အစိုးရက ၁၈ လုံးဆောက်ဖို့လမ်းညွှန်ထားပါတယ်။
အခု ဇန်န၀ါရီလ အလယ်ရောက်နေပါပြီ...။ ဦးထွန်းလွင်ကတော့ ဧပြီ ၁၅ ရက်နေ့ကနေ မေ ၁၅ ရက်ထိကို မိုးလေ၀သ သတင်းကို ဂရုစိုက်ပြီးနားထောင်ကြပါလို့ အဲ့ဒီနေ့ကပဲ ပြောကြားသွားပါတယ်...။ နောက်မဖြစ်နိုင် ဘူးလို့ ဘယ်သူမှအာမခံမပြောနိုင်ပါဘူးတဲ့...။ သြော်... Cyclone Shelter တွေက အခုမှ စလုံး ရေစ နေတုန်း...။
Cyclone Shelter မှာ အရေးပေါ်အခြေအနေအတွက် အစားအစာ၊ရေ၊ ဆေးဝါး တွေပြည့်စုံရပါမယ်။ လူအများကြီးက ခိုနားကြမှာဆိုတော့ ရေအိမ်စနစ်၊ လေ၀င်လေထွက် စနစ်တွေကလည်း ကောင်းမွန် လုံလောက်ရပါမယ်။ ဒီနေရာမှာ လူတစ်ရာ၊ လူငါးရာ အတွက်ဆိုတဲ့ ဒီဇိုင်းကိစ္စနဲ့ ပတ်သတ်ပြီး အထက်လူကြီး တွေနဲ့ ဆရာနဲ့ ငြင်းနေရတုန်းဆိုတာကိုလည်း ရှင်းပြသွားပါတယ်။ လူကြီးတစ်ချို့က လူငါးရာ ဆိုရင် သာမာန်အခြေအနေမှာ ကျောင်းသားငါးရာ ဆန့်ကျောင်းဆောင်တို့ဘာတို့ တွေးနေပေမယ့် ဆရာတို့ ဆိုလိုတာက အရေးပေါ်အခြေအနေအတွက်ပါ ။ အရေးပေါ်အခြေ အနေမှာလည်း လူငါးရာ ဆိုပေမယ့် ပြည့်သွားပြီ ဆိုပြီး နှင်လွှတ်လို့ရတာမဟုတ်ပါဘူး။ အဲ့ဒါကိုပဲ တစ်ချို့တွေက Maximum ၅၀၀ ဆိုတာနဲ့ သာမာန်အခြေအနေ လူငါးရာ ဆန့်အဆောင်ကြီးလို့တွေးတတ်ကြတယ်လို့ ဆရာက ပြောကြား သွားပါတယ်။
ဒီဇိုင်းအယူအဆနဲ့ ပတ်သတ်ရင် အဓိကကျဆုံးအချက်က ကြိုတင်သတိပေးစနစ်နဲ့ ဆက်သွယ်ရေး စနစ်တို့ပဲဖြစ်ကြပါတယ်။ Cyclone Shelter တစ်ခုဟာ ပြည့်စုံလုံလောက်တဲ့ကြိုတင်သတိပေးစနစ်ရှိနေရပြီး လူထုကလည်း ဒီစနစ်နဲ့အကျွမ်းတ၀င်ရှိနေရပါမယ်။ ဒီအတွက်လည်း နားလည်အောင်လို့ လူထုကို ပညာပေးသင့်တယ်လို့ စာတမ်းရှင်တွေနဲ့ လာရောက်နားထောင်သူများ အားလုံးက မှတ်ချက်ချကြပါတယ်။ ဟုတ်ပါတယ်... တကယ်လို့ ဒီစနစ်တွေ၊ ဒီအကြောင်းတွေဟာ လူထုဆီကိုသေသေချာချာ မရောက်ခဲ့ရင် ဒီစာတမ်းတွေဟာ စာတမ်းတွေအဖြစ်နဲ့ပဲ စည်းဝေးခန်းမထဲမှာ ကျန်နေတော့မှာကိုး။ ဒီတော့ လူထုကို ပညာပေးရေး ဟာလည်း အရေးကြီးပါတယ်။ ဘာတွေကို ပညာပေးရမလဲဆိုတာကတော့ တာဝန်ရှိ လူကြီးမင်းများပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။
လူထုပညာပေးရေး နဲ့ပတ်သတ်ပြီး YTU ဘူမိဗေဒဌာနက ဦးကျော်ထွန်းကလည်း သူ့စာတမ်းမှာ ပြောကြားသွားပါတယ်။ သီရိလကာင်္က ကလေးတစ်ယောက်ဟာပင်လယ်ရေ ရုတ်တရက်ကျသွားတာကို သတိထားမိတဲ့အတွက် သူ့မိသားစုကိုခေါ်ပြေးတာ သေဘေးကလွတ်မြောက်ခဲ့ပါတယ်တဲ့။ မြန်မာနိုင်ငံမှာတော့ မြေကြီးထဲက ရေတွေစိမ့်ထွက်နေတာကို သတိမထားပဲနေကြတော့ Landslide ဖြစ်ပြီး ရွာလုံးကျွတ်တွေ မြေပြို ပျောက်ကွယ်ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒါမျိုး သတင်းတွေက ခေတ်အခြေအနေရဲ့ပေါ်လစီကြောင့်ပဲလားမသိဘူး သတင်းစာတွေဘာတွေထဲမှာ အရေးတယူဖေါ်ပြခြင်းမရှိခဲ့ ဘူးလို့ ဆရာကသူ့ရဲ့ Landslide Hazards Mitigation Measures in Myanmar စာတမ်းမှာ စကားဦးအဖြစ် ပြောကြားသွားပါတယ်။ ကျွန်တော်တို့ ဆီမှာက ဒီလိုမျိုး လူထုပညာပေးရေးအစီအစဉ်တွေ တော်တော်အားနည်း နေတယ်ထင်ပါတယ်။
ဆရာ ဥာဏ်မြင့်ကျော် တို့ကတော့ တွက်သင့်တာတွေကို တွက်ချက်ပြီး နောက်ထပ်ဒီလိုအဖြစ်ဆိုးမျိုးမဖြစ်အောင်
Cyclone Shelter တွေကို ဒီဇိုင်းလုပ်နေပါပြီ။ ဒီဇိုင်းပြိုင်ပွဲတွေလည်း လုပ်ပြီး MES ကနေ Cyclone Shelter တွေကိုအတည်ပြုလက်ခံပေးနေပါတယ်။ ဆရာပြောသလိုပဲ အဆောက်အဦးတွေက တစ်နှစ်၊ နှစ်နှစ်ဆို ယိုယွင်းသွားတဲ့ ကိစ္စကိုလည်း တာဝန်ရှိသူတွေက စီစစ်သင့်ပါတယ်။ ကန်ထရိုက်ရတဲ့ ကုမ္ပဏီတွေကပဲ ခိုတာလား၊ နောက်ပိုင်းထိန်းသိမ်းမူ့ပဲ ညံ့သလားဆိုတာတော့ လုပ်နေတဲ့သူတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ စာတမ်းတွေကို ပညာရှင်တွေ အသိုင်းအ၀ိုင်းထဲမှာပဲ ငြင်းခုံဆွေးနွေးနေစရာ တစ်ခုမဖြစ်စေချင်ပါဘူး ။ အဲ့ဒါကြောင့် ခင်ဗျားမှာ မြန်မာပြည်က ဆွေမျိုးမိတ်ဆွေတွေရှိရင် တစ်ဆင့်စကား တစ်ဆင့် ပြောလိုက်ပါ။ Cyclone Shelter ကတော့ ၁၈ လုံးဆောက်ဆောက်နေပြီလို့ လိုတာကတော့ ၄၀၀၀ ကျော် လောက်ရှိမယ်။ ဦးထွန်းလွင်ကလည်း ဧပြီ ၁၅ ကနေ မေ ၁၅ အတွင်းနဲ့ ပြီးတော့ အောက်တိုဘာ လဆန်းကနေ နိုဝင်ဘာလဆန်းကိုတော့ သတိထားပါလို့ပြောသွားလေတယ်။ ဒီတော့ Cyclone Shelter တွေ
မပြီးသေးရင်လည်း ကိုယ့်ဘာသာ ကိုယ်ကာကွယ်နိုင်အောင် လုပ်ထားဖို့လိုမယ် ထင်တယ်..။ သြော်နောက်ပြီး
နောက်နှစ်ဆယ်လောက်ရောက်ရင် မြန်မာပြည်ဟာ ငလျင်ဒါဏ်ခံရနိုင်ကြောင်းလည်း သူကပြောသွားလေရဲ့..။ ကြိုတင်ပြင်ဆင်မူ့တွေ လုပ်ထားသင့်မသင့်တော့ ကိုယ်တိုင်ပဲ စဉ်းစားကြပါတော့ဗျာ...။
Cyclone shelter နှင့် နားထောင်ခဲ့သော စာတမ်းဖတ်ပွဲ
17 January 2009ရေးသားသူ....... မောင်ဖားကြီး 12 ယောက် မှတ်ချက်ပေးခဲ့သည်
အကြောင်းအရာတူ...... မြင်သမျှ၊ကြားသမျှ, ပြောပြချင်တဲ့ အကြောင်းတွေ
အာဟာရ ပြတ်နေတဲ့ လူငယ်
13 January 2009
အာဟာရ ပြတ်နေတဲ့ လူငယ်တစ်ယောက် ဒီကမ္ဘာပေါ်မှာရှိပါတယ်။ သူအိမ်ပြန်လာတဲ့အချိန်တိုင်း သူဟာ မောပန်း နွမ်းနယ်လာပြီး နှစ်ပေါင်းများစွာ ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းလာရသလိုခံစားမိတယ် ။ သူ့ရင်ထဲမှာ တစ်စုံတစ်ရာ စိတ်ပျက်ခြင်းတွေနဲ့ ပြည့်လျှံနေပါတယ် ။ အမျိုးအမည်မရှိတဲ့ နာဖျားခြင်းတွေကသူ့တစ်ကိုယ်လုံး ကိုလွှမ်းခြုံထားတယ်လို့ သူခံစားမိတယ်။ သူ့မျက်လုံးတွေက အနီရောင်ပေါက်နေပြီလား...။ ဒါဆို သူသိပ်ပင်ပန်း
လွန်းလို့ပေါ့...။ ဘာမှမလုပ်နိုင်ပဲနဲ့ စိတ်ဓါတ်တွေ အာဟာရငတ်မွတ်နေတာ အချိန်ဘယ်လောက်ကြာခဲ့ပြီလဲ။ လမ်းမတွေဟာ တကယ်တော့ ရှည်လျားလွန်းလှပါတယ်။ လောကကြီးအကြောင်း နားမလည်ပဲ မသိခြင်း အမှောင်တိုက်ကို တိုးဝင်ခဲ့တာလည်း တကယ်တော့ နှစ်တွေကြာလှပြီပဲ...။
ညရောက်ပြီလား....။ အာဟာရ ပြတ်နေတဲ့ လူငယ်ဟာညကိုလည်း မုန်းတီးနေတယ်..။ ငွေကြေးတတ်နိုင်သူ
တွေက ၀ယ်ယူသွားတဲ့ညကို လူငယ်ဟာ မနာလိုဖြစ်မိတယ်။ အရင်တုန်းကတော့ ညဟာ နီယွန်နဲ့ မာကျူရီ
မီးရောင်တွေ အောက်မှာယိမ်းထိုးလှပခဲ့ဖူးတယ်။ ဒါဏ်ရာတွေကို ရပြီးနောက်ပိုင်းမှာတော့ ညဟာနေရောင် ကိုဝါးမြိုပစ်လိုက်တယ်လို့ သူခံစားမိလာတယ်...။ တကယ်တော့ နေရောင်ဟာ ညဆီကို စနစ်တကျ ပျော်ဝင်သွားတာပါ။ သူအိမ်ပြန်ချိန်ဆို မျှော်လင့်ချက်ဆိုတဲ့ အရာတွေက ၀င်သွားတဲ့ နေမင်းနဲ့အတူ ပါသွားလို့လေ ။ မနက်ဖြန်ဆိုရင် နေထွက်မှာပါလို့ ဆိုကြပေမယ့် သူ့အတွက်တော့ ဒီတစ်ညကုန်ဆုံးသွားတဲ့ နောက်တစ်မနက်ဟာလည်း အသက်တစ်ရက် ပိုကြီးသွားတာက လွဲလို့ဘာမှ မထူးခြားလာခဲ့ပါဘူး...။
အာဟာရပြတ်နေတဲ့ လူငယ်ဟာ လူတွေပြောနေကြတဲ့ ဗီတာမင်တွေ ငတ်မွတ်နေတာ မဟုတ်ပါဘူး။ သူဟာ စိတ်အဟာရတွေ ငတ်မွတ်နေရှာတာပါ။ သူဟာ သူ့ကိုယ်သူလည်း အထင်ကြီးနေလေရဲ့...။ ထူးအိမ်သင်ရဲ့ အမေ့ရဲ့ဒုက္ခအိုးလေးဟာသူ့အကြောင်းနဲ့ တိုက်ဆိုင်လွန်းလှချည်ရဲ့လို့လည်း သူတစ်ခါတစ်လေ တွေးမိတယ်။ ယုံကြည်ရာ ဆိုတာ ဈေးကွက်တင်ရောင်းလို့ မရတဲ့ ပစ္စည်းတစ်ခုမဟုတ်မှန်းတော့ သူယုံကြည်ထားတယ်။ သူ့မှာ ဦးထုတ်အနက်ရောင်တစ်လုံးလည်းရှိတယ်။ ဦးထုတ် အနက်ရောင်ဟာ နေရောင်ခြည်ကသာမကဘူး လူတွေရဲ့ အပြုံးတွေကပါ ကာကွယ်နိုင်တယ်လို့ သူယုံကြည်ထားတယ် ။ ဟန်ဆောင်ပြီးပြုံးပြတဲ့ မျက်နှာ တွေကို ပြန်ပြုံးပြ ရမှာထက် ဦးထုတ်အနက်ရောင် တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး မမြင်ချင်ယောင် ဆောင်လိုက်ရတာက သူ့အတွက် ပိုအဆင်ပြေတယ်လို့လည်း သူ........ ဒီနေ့အထိ ယုံကြည်ထားတုန်းပဲ။
သင်မြင်တတ်မည့် ဆိုပါက အာဟာရပြတ်နေတဲ့ လူငယ်ရဲ့ ကျောပိုးအိတ်အနက်ရောင်ထဲမှာ အောက်ပါတို့ကို မြင်နိုင်ပါတယ် ။
၁ ။ စိတ်ပျက်ခြင်း
၂ ။ စိတ်ဓါတ်ကျခြင်း
၃ ။ စိတ်အားငယ်ခြင်း
၎ ။ စိတ်ဓါတ်မခိုင်မာခြင်း
၅ ။ စိတ်ညစ်ခြင်း
၆ ။ စိတ်.............
၇ ။ စိတ် .........
အာဟာရပြတ်နေတဲ့ လူငယ်ရဲ့ စိတ်တွေဟာ အခုလောလောဆယ်တော့ သုံးမရအောင် ပျက်စီးနေတယ်။ ဒါဟာ ကိုယ်တိုင်ကြောင့်လား ပတ်ဝန်းကျင်ကြောင့်လား ဆိုတာ ဘယ်သူပြောနိုင်ပါသလဲ။ လူတစ်ယောက် ပျက်စီးခြင်း ဆိုးခြင်း၊ကောင်းခြင်းတွေဟာ ပတ်ဝန်းကျင်ကြောင့်လား ဗီဇကြောင့်လားဆိုပြီး သိပ္ပံပညာရှင်များ ငြင်းလို့ကောင်းနေဆဲပါ ။ အာဟာရပြတ်နေတဲ့ လူငယ်ကတော့ သူတို့ငြင်းလို့ ကောင်းနေဆဲမှာပဲ စနစ်တကျကို ယိုယွင်းနေပါတယ်။
သင်မမြင်တတ်ဘူး ဆိုပါကလည်း ကျောပိုးအိတ်အနက်ရောင်ထဲမှာ အောက်ပါပစ္စည်းတို့ကို မြင်နိုင်ပါတယ် ။
၁ ။ အသုံးမ၀င်တော့တဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်
၂ ။ တွန့်ကြေနေတဲ့ ပီကေဗူးခွံတစ်ခု
၃ ။ မင်ကုန်နေပေမယ့် မလွှတ်ပစ်ရသေးတဲ့ တစ်ခါသုံးဘောလ်ပင်
၎ ။ လူဖြစ်ကြောင်း သက်သေခံကဒ်ပြားတစ်ခု
၅ ။ မကြည့်ဖြစ်လိုက်တဲ့ ရုပ်ရှင်လက်မှတ်တစ်စောင်
၆ ။ ခေါက်ရိုးကျိုးနေတဲ့ အပေါစားမာနများ
၇ ။ .............................................
အဟာရပြတ် နေတဲ့လူငယ်မှာ ပိုင်ဆိုင်တာဆိုလို့ ဘာမှမရှိဘူး ။ သူဟာ မွေးလာကတည်းက သူ့အသက် ကိုတောင် မပိုင်ဆိုင်ခဲ့ဘူး ။ တကယ်တော့ ဒီလိုရှုတ်ထွေးတဲ့ မြို့ပြမှာနေထိုင်တဲ့ သူ့အတွက် သေဆုံးလိုက်ဖို့ နည်းလမ်းတွေကလည်း အများသား မဟုတ်လား ။ သူ့အသက်ကိုမှ မဟုတ်ပါဘူး ။ သူ့စိတ်တွေကိုတောင် ဇီဝိန်ခြွေဖို့ ဖြစ်လာပြီကိုး။ ဒီတော့ သူဟာ အာဟာရပြတ်ပြီး သေဆုံးလိုက်ဖို့ အသင့်ဖြစ်လာပါတော့တယ်...။ အာဟာရပြတ် နေတဲ့လူငယ်တစ်ယောက်ကို သင်တွေ့ခဲ့ရင် သူအလိုချင်ဆုံး သို့မဟုတ် အဖြစ်ချင်ဆုံး ဆန္ဒဟာ ဘာလဲလို့ မေးကြည့်လိုက်ပါ ။ သူလိုချင်တာဟာ ဘာလဲဆိုတာ စိတ်ဝင်စားမိပါရဲ့ ...။ မာကျူရီမီးတွေ လင်းပြီး ရီဝေကခုန်နေတဲ့ ညမဟုတ်ဘူးလို့တော့ ကျိန်ပြောရဲပါတယ်.......။
သူဟာ တကယ်တော့ စိတ်အာဟာရတွေကိုပဲ ငတ်မွတ်နေတာပါ....။
ရေးသားသူ....... မောင်ဖားကြီး 8 ယောက် မှတ်ချက်ပေးခဲ့သည်
အကြောင်းအရာတူ...... ရသတို ပြခန်း
မော်ဒန် ရီနေဆွန်းလူသား မောင်ဖားကြီး
4 January 2009
ရောင်စုံမီးရောင်များ ဖြိုးဖြိုးဖျက်ဖျက် အောက်တွင် ပွဲတော်က စည်ကားသိုက်မြိုက်ကာ ဆူညံလွန်းလှသည်။ ပွဲတော် ကျင်းပရာစင်မြင့်ထက်တွင်တော့ turntable ခေါ် Dj စက်များနှင့် ကျွန်တော် အလုပ်ရှုတ်နေသည်။ ကျွန်တော်သည် ပရိတ်သတ်များကိုဖျော်ဖြေတင်ဆက်နေခြင်း ဖြစ်သည်။ နေရာကတော့ ကမ္ဘာ့ခေတ်ပေါ် ယဉ်ကျေးမူ့များ အများဆုံးစတင်ပေါ်ပေါက်ရာ အမေရိကန်နိုင်ငံတွင်ဖြစ်သည်။ ပရိတ်သတ်များက ကျွန်တော် ဖန်တီးသမျှ ဂီတများကို အလွန်အကျွံပင်နှစ်ခြိုက်ကာ ခုန်ပေါက်ရူးမူးနေကြသည်။ကျွန်တော်က မိုက်ကရိုဖုန်းမှ တဆင့် ပရိတ်သတ်ကို တိုင်ပေးလိုက်သည်။
"People....... If you like this music star, say Dj Phar"
"Dj Phar... Dj Phar"
လူလေးသောင်းလောက်ရှိသော အသံများက ဂီတပွဲအတွင်း ဆူညံသွားသည်။ ဘုန်းကြီးရူးနှင့် လှေလူး တွေ့တယ်ပဲပြောပြော ပရိတ်သတ်နှင့် ကျွန်တော်မှာ အလွန်ပင် သဟဇာတ ဖြစ်နေလေသည်။ ကျွန်တော် ကလည်း ကြုံတုန်းကြုံခိုက် မြန်မာ့ဂီတကို ကမ္ဘာကို ပြချင်သော သဘောဖြင့် Dj သားစိုး မေ့ကျန်ခဲ့သော တွံတေးသိန်းတန် သီချင်းများ၊ တွံတေးစိုးအောင် သီချင်းများ သာမက ယိုးဒယား ပတ်ပျိုးများကိုပါ Dj remix လုပ်ပြလိုက်လေရာ ပရိတ်သတ်များမှာ အကြိုက်တွေ့မဆုံးဖြစ်အောင်ပင် Dj Phar...Dj Phar ဟု ကျွန်တော့်နာမည်ကိုဟစ်အော်ကာ ကခုန်နေကြလေသည်။
ထိုအချိန်တွင် ကျွန်တော့်အဖွဲ့မှ ၀န်ထမ်းတစ်ယောက် စင်ပေါ်သို့တက်လာကာ ကျွန်တော့်ကို အရေးတကြီးလာပြောလေသည်။
"ဆရာ... နယူးယောက်က ဖုန်းလာတယ်။ မနက်ဖြန် ဆရာ အရေးတကြီး ခရီးထွက်စရာရှိတယ်... ဖြစ်နိုင်ရင် ဂီတပွဲကို စောစောသိမ်းလိုက်ပါတဲ့.....။ "
( ကျွန်တော့် ၀န်ထမ်းသည် အင်္ဂလိပ်လူမျိုးတစ်ယောက်ပင် ဖြစ်သောကြောင့် ကျွန်တော်တို့သည် နိုင်ငံတကာ သုံးအင်္ဂလိပ်စကားပင် ပြောနေကြသော်လည်း စာဖတ်သူများ မျက်စိမနှောက်စေခြင်းငှာ မြန်မာဘာသာဖြင့်သာ တင်ပြပါမည်..ရှေ့ဆက်၍လည်း တိုင်းတစ်ပါးသားများနှင့် ပြောသောစကားမှာ အင်္ဂလိပ်ဘာသာဖြင့်သာ ပြောသည်ဟု မှတ်ယူပါလေကုန်... ဒန်တန့်တန် ......။ ဤကား...စကားချပ်)
သူလာပြောသော စကားကြောင့် ကျွန်တော်သည် ချက်ခြင်းသဘောပေါက်သွားသည်။ ဒါဆိုရင် ဟိုအဖိုးကြီး ဘန်ကီမွန်းပဲဖြစ်ရမည်။ ဘယ်ဒေသကို ကျွန်တော့်ကိုလွှတ်ဦးမည် မသိသေး။ ထို့ကြောင့် ပရိတ်သတ်ကို...
"ခင်ဗျားတို့ကို ကျွန်တော်ဖျော်ဖြေနေတာ အခုဆိုရင် တော်တော်များနေပါပြီ... ဒီတော့ ကျွန်တော်နောက်ဆုံးတစ်ပုဒ် လုပ်ပြမယ် အကုန်လုံး လိုက်ကကြမယ်မဟုတ်လား"
"ဟား....ဟေး ......"
အသံများ အစုံထွက်လာသည်။ သတ်မှတ်ထားသော အချိန်က စေ့နေပြီဖြစ်သော်လည်း တစ်ခါတစ်လေတွင် ကျွန်တော်သည်ပရိတ်သတ်က ပွဲတောင်းလွန်းသောကြောင့် နာရီဝက်၊ တစ်နာရီမျှ ပိုမိုအချိန်ယူကာ ဖျော်ဖြေရသည်။ သို့သော် ဒီနေ့ပွဲကတော့ မနက်ဖြန် ခရီးထွက်စရာ ရှိသည် စောစောနားပါ ဟုတောင်းပန် လာသောကြောင့် ရပ်လိုက်ရခြင်းဖြစ်သည်။ နောက်ဆုံးတစ်ပုဒ်အနေနှင့် စိန်ခြူးကြာညောင် သီချင်းအား remix လုပ်ထားသည့် သီချင်းနှင့် ဖြေဖျော်ကာ ရုပ်သိမ်းလိုက်လေသည်။
ပွဲပြီးသည်နှင့် ကားနှင့်ပြန်ရန် စိတ်ကူးထားသော်လည်း စောစောနားချင်သောကြောင့် ကျွန်တော့် ကိုယ်ပိုင် ရဟတ်ယာဉ်ကိုသာလှမ်းခေါ်ကာ အိမ်ပြန်ခဲ့သည်။ ရဟတ်ယာဉ်စီးရသည်မှာ ဇိမ်မကျလှသော်လည်း လိုရာခရီးတော့ မြန်မြန်ရောက်သည်။သို့သော် လောင်စာဆီရှားပါးလာသောကြောင့် ဒီရဟတ်ယာဉ်ကိုလည်း CNG ပြောင်းရဦးမည်။ ကိုယ်က မီလျံနာဆိုပေမယ့်အလကား ထိုင်ဖြုန်းနေ၍ မဖြစ်...။ ဒီတစ်ခေါက် မြန်မာပြည်ပြန်ဖြစ်ရင်တော့ ကျွန်တော်ပိုင်သမျှ ရဟတ်ယာဉ်တွေ CNGပြောင်းပစ် ရမည်ဟု စိတ်ကူးမိသည်။ ကြက်ဆူတွေ Bio ဒီဇယ်ထွက်ရင်တော့ ဒီရဟတ်ယာဉ်တွေကိုပါ Bio ဒီဇယ်နှင့် မောင်းနိုင်အောင် တီထွင်ကြပါဟု ကမ္ဘာ့မီဒီယာများမှ တဆင့်လှုံ့ဆော်ပေးရဦးမည်...။ ကျွန်တော့် အလုပ်တာဝန်တွေက တကယ်ကို
များလွန်းသည်။ ဒီညကတော့ ပင်ပန်းလွန်းသောကြောင့် အိမ်ရောက်ရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ရဦးမည်။
အိမ်သို့ရောက်သည်နှင့် ရေနွေးနွေးလေးဖြင့် စိမ်ချိုးကာ စကော့ခ်ျဝီစကီတစ်ခွက်ကို ချလိုက်သည်။ ကျွန်တော့်စားဖိုမှုးသည်မြန်မာစာ၊ တရုတ်စာ၊ ဥရောပစာ၊ အာရှစာ စသည်ဖြင့် အစုံချက်ပြုတ်တတ်သူဖြစ်သည်။ ဒီနေ့တော့ ကျွန်တော်ကြိုက်သောဝက်သားမွှကြော်နှင့် ချဉ်ပေါင်ဟင်းကို ပြင်ဆင်ပေးထားသည်။ အမေရိကန် တွင် နေရစဉ်တွင်လည်း ကျွန်တော်သည် သူတို့အစားအစာ များထက် နှစ်ပေါင်းများစွာ စားသုံးလာသော ကိုယ့်အစားအစာကိုသာ နှစ်သက်လေသည်။
ညစာ စာပြီးနောက် အိမ်ရှေ့ဝရံတာတွင် ထွက်ထိုင်ကာ မအိပ်ခင် ထမင်းလုံးစီရင်း ကျွန်တော့်ဘ၀ အကြောင်းကို ထိုင်တွေးမိလေသည်။ကျွန်တော်သည် ကျွန်တော်ရိုက်ချင်သော ရုပ်ရှင်ကားဟူ၍ မိမိဘလော့ဂ် တွင်ရေးလိုက်ရာ မြန်မာစာဖတ်တတ်သော ဥရောပတိုက်သားမှ ကျွန်တော့် ပို့စ်ကိုတွေ့သားပြီး သူ၏ ဘလော့ဂ်တွင် ဖေါ်ပြရာမှ ကျွန်တော့်အကြောင်းကို ဟောလီးဝုဒ်မှ ရုပ်ရှင်ထုတ်လုပ် သူများက သိသွား ကြလေသည်။ ထို့ကြောင့် ကျွန်တော့်အကြောင်းကို စုံစမ်းပြီးနောက် အမေရိကန်သို့ခေါ်ကာ ဒီလောက်တောင်
ဆန္ဒပြင်းပြနေရင် ဒီကားကို ဦးဆောင်ရိုက်ကူးမလားဟု မေးလေသည်။ ကျွန်တော်ကလည်း မိမိမှာ အနုပညာဆန္ဒများသာ ပြင်းပြသော်လည်းနည်းပညာပိုင်းတွင် မကျွမ်းကျင်ပါသေးဟု ဆိုသဖြင့် သူတို့သည် ကျွန်တော့်အား ရုပ်ရှင်ဒါရိုက်တာများဖြစ်သော ပိုလန်စကီးတို့၊စတီဗင်စပီးဘတ် စသူတို့ထံတွင် သင်ကြား စေလေသည်။ သူတို့ထံတွင် ခဏမျှသင်ကြားပြီးနောက် ကျွန်တော်သည် အနုပညာအရရော ငွေကြေးအရပါ အလွန်အောင်မြင်မည့် ကျန်စစ်သား ဆိုသော ဇာတ်ကားကြီးအား ရိုက်ကူးလေတော့သည်။ ( ဤနေရာ
တွင် ခဏမျှသင်ရုံဖြင့် ဒါရိုက်တာဖြစ်သည်ကို မဖြစ်နိုင်ဟု သံသယမဖြစ်စေလိုပါ။ မြန်မာပြည်တွင် မည်သည့်နေရာတွင်မှ သင်ကြားခြင်းမရှိပဲ အနုပညာစွမ်းရည်ပြည့်ဝ နေကြသော လူငယ်ဒါရိုက်တာလေးများ ရှိသည်ကို သတိချပ်စေလိုပါသည်။ )
ဇာတ်ကားမှာ မြန်မာဇာတ်ကားဖြစ်သောကြောင့် မြန်မာသရုပ်ဆောင်များထဲမှ မင်းသား၊ မင်းသမီးသစ်များကို သုံးရာတွင်မင်းသမီးများမှာ အဆင်ပြေမူ့ရှိသော်လည်း ၊ အဓိက မင်းသားနေရာတွင် သရုပ်ဆောင်ရန်အတွက်မူ စိတ်တိုင်းမကျသဖြင့်ဆက်လက်ရှာဖွေလေရာ အစမ်းသရုပ်ပြရာတွင် တော်လွန်းသော ကျွန်တော့်ကိုသာ မင်းသားလုပ်ပါတော့ဟု ရုပ်ရှင်ထုတ်လုပ်သူများက အကြံပြုလာသဖြင့် ကျွန်တော်သည် မင်းသားနေရာက သရုပ်ဆောင်ရလေတော့သည်။ သို့သော် ကျွန်တော်သည်ရှေ့ကလူများ ရိုက်ကူးခဲ့သော ပုဂံဇာတ်လမ်း ရုပ်ရှင်များမှ သင်ခန်းစာယူကာ မယားလှည့်ပတ်ယူနေသော ကားမဖြစ်စေရန် ဇာတ်ညွှန်းကို သေချာခွဲလေရာ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ မင်းသား ဖားကြီး ရိုက်သော ကျန်စစ်သားဇာတ်ကား ကြီးမှာ နိုင်ငံတကာ ဆုကြီးများကို ဆွတ်ခူးနိုင်ခဲ့လေတော့သည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်ခဲ့သောကြောင့် ကျွန်တော်သည်လည်း မီဒီယာများထက်တွင် နေရာရကာ ကမ္ဘာကျော်တစ်ယောက်ဖြစ်တော့လေသည်။ ထိုမျှသာမကသေး ကျွန်တော်သည် hip-hop သီချင်းနှင့် Dj လုပ်ရခြင်းကိုလည်း ၀ါသနာပါသည်ဟုအင်တာဗျူးတစ်ခုတွင် ဖြေမိရာမှ Dj တစ်ယောက်လည်း ဖြစ်လာလေသည်။ Eminem၊ 50 Cent အစရှိသော နာမည်ကြီး rapperများသည်လည်း ကျွန်တော်နှင့် တွဲဖက်ကာ ဂီတဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ကြသည်။ နာမည်ကြီးလာသော ကျွန်တော့်အားကုလသမဂ္ဂမှလည်း သတိပြုမိကာ ကုလသမဂ္ဂငြိမ်းချမ်းရေး အထူးသံအဖြစ်ခန့်အပ်လိုက်လေသည်။ ထိုရာထူးအားလက်ခံပြီးနောက် ကျွန်တော်သည် ကိုယ်ပိုင်အားလပ်ချိန်များအား ငြိမ်းချမ်းရေး ခရီးစဉ်များ၊ ရန်ပုံငွေပွဲများအတွက် ပေးအပ် လိုက်ပါသည်။ ထိုအတွက်လည်းကျွန်တော်ပျော်ပါသည်။ တစ်ခါကလည်း ရောဂါသည်များ ရန်ပုံငွေ အတွက် ကမ္ဘာ့လက်ရွေးစင် ဘောလုံးအသင်းနှင့်ကျွန်တော်တို့ ကုလသံတမန်များအသင်း နာမည်ကျော် နူးကမ့် အားကစားကွင်းကြီးတွင် ချစ်ကြည်ရေးဘောလုံးကန်ကြလေသည်။
လီဗာပူးအသင်း နည်းပြ ဟူလီယာမှ လာကြည့်ပြီးနောက် ကျွန်တော်သည် လီဗာပူးအသင်းအား အားပေး သူဖြစ်သူဟု သိသွားသောအခါ ထိုနေ့က ကစားခဲ့သော ကျွန်တော့်ခြေကို အလွန်သဘော ကျသောကြောင့် ကျွန်တော်သာ ဆန္ဒရှိပါက သူ့အသင်းတွင်လာရောက်ကစားကာ အင်္ဂလန်ဘောလုံးလောကတွင် ကျင်လည်ပါဟု လာရောက်ကမ်းလှမ်းလေသည်။ ကျွန်တော်တို့ နိုင်ငံအသင်းမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ အဆင့် သတ်မှတ်ချက်အရ ကျွန်တော့်အနေနှင့် ၀င်ကစားခွင့်မရှိသော်လည်း အမေရိကန်နိုင်ငံသား အဖြစ်ဖြင့် ၀င်ကစားမည် ဆိုပါက ဖြစ်နိုင်မည်ဟုဆိုသော်လည်း ကျွန်တော်သည် ကိုယ့်နိုင်ငံအသင်း မည်သို့ပင်ဖြစ်ပါစေ
ဆဲကာမှ ဆဲမည် ထိုကဲ့သို့တော့ သစ္စာမဖေါက်ဟု စိတ်ကို ဆုံးဖြတ်လိုက်လေသည်။ထို့ကြောင့် ကျွန်တော်မှာ တစ်ခြား အနုပညာ အလုပ်များနှင့် မအားမလပ်အောင် ရှိနေပါသဖြင့် သူ့ကမ်းလှမ်းချက်ကို လက်မခံ နိုင်သည်မှာ စိတ်မကောင်းဖြစ်မိပါကြောင်း အားနာနာနှင့်ငြင်းခဲ့ရလေသည်။
ထို့အပြင် ကျွန်တော့်ဘလော့ဂ်မှ ၀တ္တုတိုများအားလည်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကြပြီး နာမည်ကျော် စာအုပ်တိုက်များမှ ထုတ်ဝေခဲ့သဖြင့် ကျွန်တော်သည် ဆိုင်းဘုတ်ချိတ်စရာမလိုပဲ နာမည်ကြီးသထက် ကြီးလာလေတော့သည်။
ထို့ကြောင့် ကျွန်တော်သည် အကျိုးပေးထူးသော ကံကြမ္မာကို ဆန်းကြယ်လှပေတကားဟု အထင်ကြီး အတွေးပေါက်မိလေတော့သည်။ ကျွန်တော်သည် စာရေးဆရာ၊ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ မင်းသား၊ တေးရေး၊ အဆိုတော်၊ Dj Phar ဖြစ်နေပေပြီ..။ ဒါတောင် ဘောလုံးကန်ရတာ ပင်ပန်းလွန်း၍ ငြင်းပယ်ခဲ့ခြင်းကြောင့်
ဖြစ်သည်။
ပြန်စဉ်းစားနေရတာလည်း ကြာသွားပြီဖြစ်သည်။ မနက်ရောက်လျင် စောစောထရပေဦးမည်။ ထို့ကြောင့်အတွေးကို ဖြတ်ပြီး ကျွန်တော်သည် အိပ်ယာဆီသို့လှမ်းခဲ့ပါတော့သည်။ အိပ်ယာမရောက်ခင် ပြတင်းပေါက်မှ အမှတ်တမဲ့ကြည့်လိုက်တော့ Hollywood ဆိုသော ဆိုင်းဘုတ်ကြီးကို နီယွန်မီးရောင်အောက်မှာ တွေ့လိုက်ရသည်။ ဒီမှာနေရသည်မှာလူနေမူ့ အဆင့်အတန်းမြင့်ပါပေသည်။ သို့သော် LA ကို ကျွန်တော် မြန်မာပြည်လောက်သဘောမကျ....။ မီးက အမြဲလာနေသဖြင့်တစ်ရေးနိုး အပြင်ဘက်ကြည့်လိုက်လည်း လင်းထိန်နေပေသည်။ ကိုယ့်ပြည်ကိုယ်မြေမှာတော့ ညရဲ့သဘာဝအလင်းရောင်ကို ခံစားနိုင်သဖြင့် ကိုယ့်မြေကိုသာ သတိရနေမိသည်။ ကဲ ကဲ..... အတွေးတွေကို တကယ်ဖြတ်ပြီး အိပ်လိုက်ဦးမှ...။
"မစ္စတာ ဖား အရှေ့အလယ်ပိုင်းကို ချစ်ကြည်ရေး သံတမန်ကိစ္စနဲ့ သွားနိုင်မလား"
သာမန်အားဖြင့် ထိုကိစ္စသည် ရုံးမှ တာဝန်ရှိသူများနှင့် သာစီစဉ်လေ့ရှိသော်လည်း ကျွန်တော့်ကိုတော့ အတွင်းရေးမှူးချုပ်ကိုယ်တိုင်က လက်ခံစကားပြောနေရသည်။ အရှေ့အလယ်ပိုင်းကိုတော့  ကျွန်တော်ကြောက်သည် ။ ထိုနေရာက မီးသည်ဘယ်အချိန်မှ ငြိမ်းမည်ကို မည်သူမျှ မသိသေး... ။ ထို့ကြောင့်.
"အင်း...အဲ... ကျွန်တော်အရေးကြီး ကိစ္စလေးတွေက ရှိသေးတယ်"
"တစ်ခြား ကမ္ဘာကျော်တွေလည်း ပါမှာပါဗျာ"
"အို... ကျွန်တော် အခုတစ်လော အလုပ်တွေအရမ်းများနေတယ်ဗျာ..
တစ်ခြားလူတွေလည်း အများကြီးပါတာပဲ ကျွန်တော်မလိုက်လို့ မဖြစ်ဘူးလား"
"မလိုက်လို့လည်းရပါတယ် ခင်ဗျားတို့က စေတနာ့ ၀န်ထမ်းတွေပဲ... ဒါပေမယ့် ပါလက်စတိုင်းလူငယ်တွေက ခင်ဗျား ဖန်တီးတဲ့ တီးလုံးတွေ ဂီတတွေကို တော်တော်လေး ကြိုက်ကြတယ်ဗျ...ဂီတဟာ အရာရာကို ငြိမ်းချမ်း စေတယ် မဟုတ်လား"
"သူတို့ကြိုက်ရင်လည်း ကျွန်တော် စီဒီခွေ တစ်သောင်းလောက်ကို လက်မှတ်ထိုးပြီးထည့်ပေးလိုက်မယ်လေ။ လိုက်တော့ မလိုက်ချင်ဘူး"
"ဒါဆိုလည်း ခင်ဗျားသဘောပါပဲ။ ဂျက်စီကာအယ်ဘာ၊ အီမာဝပ်ဆန် နဲ့ ကျွန်တော်တို့ ကိုရီးယားက ဟာဂျီဝန်တို့ကတော့ ခင်ဗျားလိုက်မယ့် လေယာဉ်မှာ ပါမယ်ထင်တယ်"
ကျွန်တော်ရုတ်တရက် တွေဝေသွားသည်။ ထိုအချက်ကို ဘန်ကီမွန်းကလည်း ရိပ်မိသည်ထင်သည်။
"ခင်ဗျား မလိုက်ဘူးဆိုလည်း ခင်ဗျားအစား ထိုးဖို့ တစ်ယောက်ထည့်လိုက်လို့ ပြောလိုက်တော့မယ်.
ကျေးဇူးတင်ပါတယ် မစ္စတာဖား ကျွန်တော်လည်း တခြားဟာလေးတွေ လုပ်လိုက်ဦးပါမယ်"
"ဟာ... တကယ်တော့ ကျွန်တော့်အလုပ်တွေက ငြိမ်းချမ်းရေးခရီးစဉ်လောက်တော့ အရေးမကြီးဘူးထင်တာပဲ...မစ္စတာ ဘန်ကီမွန်းရယ် ။ ကျွန်တော့်ကိုစောင့်မျှော်နေတဲ့ သူတွေကို ကျွန်တော်မလေးမစားမလုပ်ချင်ဘူးဗျာ... ဒီတော့ ... ကဲ... ကဲ လိုက်မယ့်အထဲသာ ထည့်လိုက်ပါဗျာ...။ "
"အို... ခင်ဗျား မအားရင်လည်း မလိုက်ပါနဲ့ဗျာ.... "
"ဟား... ရပါတယ် ရပါတယ်... ကျွန်တော် ကျန်တဲ့အစီအစဉ်တွေ ဖျက်လိုက်မယ်... ငြိမ်းချမ်းရေး လောက်တော့ ဘယ်ဟာ က အရေးကြီးမလဲ နော"
ကျွန်တော် တကယ်လိုက်မည်ဟု အတည်ပြုပြီးတော့သူ့ရုံးခန်းထဲက ထွက်မယ်လုပ်တုန်း ကျွန်တော့်ကို
လှမ်းခေါ်လိုက်သည်။
"မစ္စတာဖား... ခဏဗျာ"
"ဟုတ်ကဲ့"
"ခင်ဗျား ဘလော့ဂ်မှာ ရေးထားတဲ့ ကမ္ဘာသစ်သီအိုရီကို ဟားဗတ်က ပါမောက္ခတွေ သီအိုရီတွေ
တွက်ထုတ်နေကြတယ်လို့ ကျွန်တော်ကြားတယ်... တစ်ယောက်ယောက် ဖေါ်ထုတ်နိုင်ရင်တော့
သူနဲ့ ခင်ဗျားနဲ့ ရူပဗေဒ နိုဘယ်လ ဆုကို အတူတူ ပူးတွဲယူရဦးမယ်ထင်တယ်ဗျ"
" ဟုတ်လား... အတည်ပြုနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ.. ကျွန်တော်က တွေးပဲတွေးတတ်တာ သီအိုရီ တွေဘာတွေတော့ သိပ်နားမလည်ဘူး၊ ဖြစ်နိုင်ခြေ ရောဘယ်လောက်ရှိလဲဗျ"
"အပုံ သန်းတစ်ရာ ပုံ တစ်ပုံလို့တော့ ကြားတာပဲ"
ဒီလောက်ဆိုမဆိုး ကျွန်တော့်ဂုဏ်သတင်းများကြားတွင် ရူပဗေဒနိုဘယ်လဆုရှင် ဟူသော နာမည်တစ်ခု
ပါထပ်တိုးလာနိုင်သည်။ ထိုသတင်းကြားပြီးနောက် ကျွန်တော်မြောက်ကြွမြောက်ကြွနှင့် ထွက်လာသည်။ ဆုရနိုင်မည် ဆိုသောကြောင့်မဟုတ်တန်ရာ... ကောင်မလေးများနှင့် ခရီးသွားရမည် ဖြစ်သောကြောင့်သာ
ဖြစ်နိုင်လေသည်။
လေယာဉ်ပေါ်တွင်ဖြစ်သည်။ ကျွန်တော်သည် နာမည်ကျော်မင်းသမီး တစ်သိုက်နှင့် အဖွဲ့ကျနေလေသည်။ သူတို့က ကျွန်တော့် အနုပညာဖန်တီးမူ့များကိုအလွန်ပင်သဘောကျကြောင်း ဖြစ်နိုင်လျှင် ကျွန်တော်နှင့်ရုပ်ရှင်တစ်ကားလောက် တွဲရိုက်ချင်ကြောင်းပြောဆိုကြလေသည်။ကျွန်တော်သည် ထိုကဲ့သို့ မိန်းကလေးများသဘောကျစေရန် လုပ်ဆောင်ခဲ့ခြင်းမဟုတ်သော်လည်း သူတို့က ချီးကျူးပြော
ဆိုလာရာတွင် သာယာကြည်နှုးမိသည်ကတော့ အမှန်ဖြစ်သည်။
အရှေ့အလယ်ပိုင်းသို့ရောက်ပြီ...။ ကျွန်တော်တို့သည် နှစ်ရက်နေထိုင်ခဲ့ပြီးနောက်ဖျော်ဖြေမူ့များ ပြုလုပ်ခဲ့ကြသည်။ ထို့နောက်ကျွန်တော်က သူတို့အား အချိန်ရသေးလျှင် ကျွန်တော်တို့မြန်မာပြည်သို့ တစ်ရက်မျှလိုက်လည်ရန် ဖိတ်ကြားလေရာ သူတို့က လည်း ကျွန်တော်နှင့်အတူ ခရီးသွားရမည် ဆိုပါက ငရဲပြည်သို့ပင် လိုက်မည်ဟူသော မျက်နှာထားမျိုးနှင့် လွယ်လင့်တကူပင် လိုက်မည်ဟု ဆုံးဖြတ်ကြလေသည်။
သြော် ... မောင်ဖားကြီး... မောင်ဖားကြီး ယခုကြတော့လည်း ကံဇာတာများက အလွန် စန်းပွင့်လှ ပေသည်။ကျွန်တော်ငယ်စဉ် မြန်မာပြည်မှာ နေထိုင်စဉ်တုန်းက ကြောင်ခဲ့သော ကောင်မလေးများအား အခု အခြေအနေ ကို မြင်စေချင်လှသည်။ သူတို့နောင်တ ရကောင်းရနိုင်မည်ဟု ကျွန်တော်ထင်သည်။ မြန်မာ ပြည်သို့ အစ္စရေးလေဆိပ်မှ တစ်ဆင့် ဆက်လက်ထွက်ခွာလာရာ တစ်နေရာ အရောက်တွင် ကျွန်တော်တို့ နောက်မှ လေယာဉ်တစ်စင်းကပ်လိုက်လာကာ အထူးလေ့ကျင့်ထားသော အယ်ကေဒါ အကြမ်းဖက်အဖွဲ့မှန်း သူတို့လက်ထဲ ကျွန်တော်တို့ ပြန်ပေးဆွဲခံရသော အခါမှ သိရလေသည်။ ပျံသန်းနေသော လေယာဉ်ထဲသို့ သူတို့ဝင်ရောက်လာသည်မှာ ရုပ်ရှင်ကားများထဲကလိုပင်ဖြစ်သည်။
သူတို့စခန်းသို့ ကျွန်တော်တို့အား ခေါ်ဆောင်သွားပြီးနောက် ကမ္ဘာသို့ကြေငြာကာ သူတို့လိုချင်သည်များကို တောင်းဆိုတော့လေသည်။ သို့သော် စူပါ့ စူပါ ဟီးရိုးဖြစ်သော ကျွန်တော်သည် ကျွန်တော့်တစ်ဖွဲ့လုံးကို ပြန်လည်ကယ်တင်နိုင်ခဲ့သည် သာမက အယ်လကေဒါခေါင်းဆောင် ဘင်လာဒင်ကိုပင် လက်ရ ဖမ်းဆီးပေးနိုင်ခဲ့လေတော့သည်။ ( အသေးစိတ်ကို မရေးပြ နိုင်တော့ပါ။ စိတ်ကူးယဉ်ရသည်မှာ ပျင်းလာပြီဖြစ်သည်။ )ဂျိန်းစဘွန်းကားများ ကိုပင်မျက်စိထဲ မြင်ယောင်ကာ မှန်းကြည့်နိုင်ပါသည်။ ကျည်ဆံများ ဘယ်လောက်ပစ်ပစ်ကျွန်တော်လွတ်မြောက်ပါသည်။ ကံတရားကလည်း ကျွန်တော့်ဘက်မှာသာ အမြဲနေ လေသည်။ ကျွန်တော် ရုတ်တရက်စွန့်စားလိုက်သမျှလည်း အောင်မြင်သည်။
တစ်ရက်မျှ မြန်မာပြည်ကို အလည်ခေါ်သော်လည်း မထင်မှတ်ပဲ ဘင်လာဒင်တို့ လက်ထဲတွင် လေး၊ငါး ရက်လောက် နေခဲ့ရသဖြင့် ကောင်မလေးများလည်း ကျွန်တော်နှင့် အလည်မလိုက်နိုင်တော့ပါ။ သူတို့ကတော့ အခွင့်ရလျှင် တစ်ခေါက်တော့လာလည်ပါမည် ဟုပြောကြသည်။ တိတိကျကျ ပြောရလျှင် ကျွန်တော်နှင့် ဟန်းနီးမွန်းခရီးမျိုးဖြစ်သည်ဟု နောက်သလိုလိုနှင့် ရေလာမြောင်းပေး ပြောဆိုကြလေသည်။ သို့သော် မြန်မာလူမျိုးဖြစ်သော ကျွန်တော်သည် သူတို့ကို ကြိုက်သော်လည်း မချစ်နိုင်ပါ။ ကျွန်တော်ချစ်သည်မှာ မြန်မာမလေးပင် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် သူတို့မပါသော်လည်း အမိနိုင်ငံသို့သာ ပြန်လာပါတော့သည်။ အရာရာပြည့်စုံနေပြီဟု ထင်သော ကျွန်တော့်အားလည်း ကျွန်တော့်ယောက္မများက
ငြင်းစရာ မရှိတော့ဘူးဟုထင်သည်။ ဘယ်လိုပင်ဖြစ်ဖြစ် ကျွန်တော်လက်ထပ်မည့်သူမှာ မြန်မာမလေး တစ်ယောက်သာ ဖြစ်ပေတော့သည်။
ကိုဟန်သစ်ငြိမ်တက်လိုက်တဲ့ စိတ်ကူးယဉ်ခြင်းဆိုတဲ့ ခေါင်းစဉ်ပါ။ ကျွန်တော်က ကိုဟန်သစ်ငြိမ် ကြိုက်တဲ့ ကာတွန်းရုပ်ရှင် shark taleထဲက ငါးလေးလိုပင် nobody ထက် somebody ဖြစ်ဖို့ပဲ စဉ်းစားနေသူဖြစ်သည်။ ထို့ကြောင့် ဤစိတ်ကူးယဉ်ခြင်း ဆိုသောခေါင်းစဉ်အား လူသောက်ညင်ကပ်လောက်အောင်ပင် ကမ္ဘာ့ ဒိတ်ဒိတ် ကျဲအဖြစ် စိတ်ကူးယဉ်ရေးသားလိုက်ပေသည်။တော်တော်များများလည်း ရေးပြီး ဖြစ်နေသောကြောင့် မည်သူ့ကိုမှ ဆက်လက် မ tag တော့ပါ ။
ရေးသားသူ....... မောင်ဖားကြီး 17 ယောက် မှတ်ချက်ပေးခဲ့သည်
အကြောင်းအရာတူ...... tag ထားသမျှ
မြို့လေးသို့ လွမ်းချင်း
28 December 2008တောင်တွေ မြင့်မြင့်မားမား
တိမ်ရောင်စုံတွေ ဖူးပွင့်နေလိုက်တာ
အခိုးအငွေ့တွေနဲ့ မျောနေရသလို
မြို့ကလေး
နေရောင်တွေ ဖြာနေပုံကိုက
တခြားနေရာထက် ပိုလှနေခဲ့...
ကွင်းပြင်တပြန့်တပြော
ဟိုး တောင်ဘက်မှာ
ရိုးမတောနဲ့
ကွေ့ကောက်ကောက် စမ်းချောင်းလေးက
မြို့လေးရဲ့ ရင်ဘတ်ထဲကို ဖြတ်သန်းသွား။
ဒီမှာ ဘာအပူအပင်မှမရှိ
စနစ်တကျ စီးမျောနေတာ
ဆယ်စုနှစ်များစွာ ။
အမေ့အိမ်နဲ့
ယာတောနဲ့
မြို့မဈေးနဲ့
ဘူတာရုံနဲ့
သနပ်ခါးပန်းတွေနဲ့
သတိရတိုင်း
အိမ်မက်ထဲက ငါလန့်နိုးတယ်။
အသက်ရူလို့ မ၀ခဲ့
တစ်ခါတစ်လေ
အဖျားက ၁၀၅
ဟော့ဒီ မြို့ပြတောအုပ်ထဲမှာ
မျက်နှာဖုံးတွေ နဲ့ငါ စကားပြောနေတယ်.....။
မီးခိုးနံ့၊ ညှော်နံ့၊ ကားအေ့ဇောနံ့
မသူတော်တွေရဲ့ အနံ့
ညဉ့်ငှက်တွေရဲ့ အနံ့
မတော်လောဘတွေရဲ့ အနံ့
အဿပြာရနံ့
ရနံ့ပေါင်းစုံ ဖုံးလွှမ်းမွန်းကျပ်
မြို့ပြက ငါ့အခန်းလေး
ဒါဏ်ရာတွေနဲ့ ပေကျံနေရှာတုန်း...။
မနက်ဖြန်ဆိုတာ နေထွက်မယ့်
နောက်တစ်နေ့ ...
ပုံစံခွက်မဟုတ်ပေမယ့်
စီးဆင်းရာ ရှာမတွေ့သေးတဲ့
မြစ်တစ်စင်း ဟာငါပါ....
စိတ်ကိုကြိတ်မှိတ်လို့
နီယွန်မီးရောင် ညထဲမှာ
အိပ်ပျော်အောင်ကြိုးစားလိုက်တော့
ကြယ်ရောင်တွေ မလင်းတဲ့အဲ့ဒီညမှာ
ငါ....
အိမ်ကို တစ်ခေါက် ပြန်ရောက်ခဲ့တယ်....။
ရေးသားသူ....... မောင်ဖားကြီး 9 ယောက် မှတ်ချက်ပေးခဲ့သည်
အကြောင်းအရာတူ...... ကဗျာ, ကျွန်တော်ရေးတဲ့ကဗျာ
ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ချင်ဝင်တယ်
21 December 2008ကျွန်တော် တက်ခဲ့တဲ့ ကောလိပ် သို့မဟုတ် တက္ကသိုလ်ကနေ သတင်းဆန်းလေး တစ်ခုကြားခဲ့ရလို့ ပြောပြပါမယ်။ ကောလိပ်နာမည်လား အရင်တုန်းကတော့ GTC မှော်ဘီတဲ့ အခုတော့ နည်းပညာတက္ကသိုလ် (မှော်ဘီ) လို့ပြောင်းလိုက်ပါပြီ...။ တက္ကသိုလ် တစ်ခုရဲ့ အဆင့် မှီမမှီကတော့ ကိုယ်တိုင်သွားကြည့်ပြီး ဆုံးဖြတ်ကြပေါ့ဗျာ....။ အဲ့ဒီလို တက္ကသိုလ် ဖြစ်လိုက် ကောလိပ်ဖြစ်လိုက် ကျောင်းကြီးမှာ ကျွန်တော် ခြောက်နှစ်တိတိ ကျောင်းတက်ခဲ့ပါတယ်( တစ်နှစ်က ကျလို့ :) ) ...။
ဒီအတောအတွင်းမှာ အောင်စာရင်းထွက်တော့မယ်ဆို ကျွန်တော်တို့အမြဲရင်ခုန်ခဲ့ရပါတယ်....။ ကိုယ်ဖြေ ထားတဲ့ ရလာဒ်ကလည်းအမြဲလိုလို တစ်ဘာသာ လောက်ကတော့ စည်းပေါ်မှာ ရောက်နေတတ်တာ ကိုး...။ အောင်စာရင်းထွက်ရင် ဖြစ်တတ်တာက စာတော်တယ်လို့ အများက သတ်မှတ်ထားတဲ့ သူတွေလည်း ကျတဲ့သူကျ၊ B.Tech မပါ၊ BE မပါ နဲ့ဖြစ်တတ်ကြပါတယ်။ အရင်တစ်နှစ် နှစ်နှစ်လောက်ကတော့ EC မေဂျာက ROLL ထိပ်ပိုင်းတစ်ယောက် အောင်စာရင်းမှာ မပါလာပါဘူး...။ သူကလည်း အပိုင်ဖြေနိုင်တဲ့ သူတစ်ယောက်
ဆိုတော့ အထက်ကို တက်ကြည့်တဲ့အခါ Code ဖြေတဲ့နေရာလိုသွားလို့ပါဆိုပြီး အောင်စာရင်း ပြန်ထုတ် ပေးပါတယ်..။ သူ့အဖြေလွှာစာရွက်ကို သူများက အကြံအဖန်လုပ်ပြီး လဲတာလို့လည်း မြန်မာပြည် ထုံးစံအရ ကြားခဲ့ရပါတယ်..။ ထားတော့... ဒါတွေက ကျွန်တော်တို့လည်း ရေရေရာရာမသိဘူး ဆိုတော့...။ သြော် ဒီလိုလည်း ဖြစ်တတ်တယ်ဟဆိုပြီး မှတ်ချက်တော့ ချဖြစ်ခဲ့ပါတယ်။
အခု ပြီးခဲ့တဲ့ နှစ်ပတ်က အတန်းစုံ၊ မေဂျာစုံက အောင်စာရင်းတွေထွက်ပါတယ်...။ အောင်စာရင်းထွက်တော့ ထုံးစံအတိုင်းကျတဲ့သူကျ၊ အောင်တဲ့သူအောင်၊ GTI နဲ့ နားသူနား B.Tech နဲ့တစ်ခန်းရပ်သူရပ်နဲ့ပေါ့..။ ဒီအထိလည်း မဆန်းပါဘူးဆိုပေမယ့်ကျွန်တော်တို့ Civil မေဂျာက ကလေးတွေက တစ်ဆယ့်ခြောက်ယောက် လောက် ကျတဲ့အထဲမှာ Roll ထိပ်ပိုင်းက သူတွေ လေးငါး၊ခြောက်ယောက် မကပါနေတော့ သူတို့လည်း မဖြစ်နိုင်ဘူးဆိုပြီး ပြောလာကြပါတယ်။ အကြောင်းကဒီလိုပါ... ကျောင်းကမေဂျာတွေထဲမှာ ကျွန်တော်တို့ Civil မေဂျာက အတွက်အချက်တော်တော်များပါတယ်။ ဒီတော့ မေးတဲ့ပုစ္ဆာတွေက ကိုယ်ရမရ
ဆိုတာ အခန်းပြင်ထွက်တာနဲ့ ခန့်မှန်းလို့ရပါပြီ..။ ပြောရရင် အမှတ်ပြည့်မပြည့်တောင် တွက်ယူလို့ရပါတယ်..။ ဒီတော့ကလေးတွေကလည်း အပြည့်အ၀ အပိုင်ဖြေထားပါလျက်နဲ့ ဒီလိုဖြစ်ရလေခြင်းဆိုပြီး ငိုယိုတိုင်တန်း ကြတော့ အားလုံးစုပြီးအထက်ကို တင်ပြတဲ့ အခါ ထုံးစံအတိုင်း Code ဖြည်တာ လိုသွားပါတယ် ဆိုပဲ..။ အဲ့ဒါနဲ့ အထက်ကဘာလုပ်ပေးလဲ ဆိုတော့ အားလုံးအောင်စေသတည်း ဆိုပြီး ဘဘကြီးရဲ့ တန်ခိုးနဲ့ အောင်စာရင်း နောက်တစ်စောင်ပြန်ထုတ်လိုက်တော့ Civil မေဂျာ BE တန်းက၁၀၀ % အောင်ချက်ရသွားပါတယ်..။ ကလေးတွေနဲ့ မိဘတွေလည်း ပြုံးပျော်သွားနိုင်တာ မုဒိတာ ပွားစရာပါပဲ...။
ဒါပေမယ့် ကျွန်တော်စဉ်းစားလို့မရတာက ကမ္ဘာပေါ်က တက္ကသိုလ်လို့အမည်ခံထားတဲ့ကျောင်းတွေမှာ ဒါမျိုးအဖြစ်များရှိမလားဆိုတာ သိချင်တာပါ...။ ခိုင်လုံတယ်လို့ယူဆရမယ့် ကြားရတဲ့ သတင်းကတော့ ဘဘကြီးက အသေးအဖွဲကအစသူပဲပြောချင်၊ဆိုချင် လုပ်ကိုင်ချင် နေတာတဲ့..။ အဖြေလွှာတွေကိုလည်း သူစစ် ဆိုတဲ့အချိန်ကျမှ စစ် ခိုင်းပါတယ်...။ ပြီးတော့ မေ့နေပြီးမှ ကျောင်းတွေ ပြန်ဖွင့်ဖို့နီးလာတော့ အောင်စာရင်း ထုတ်ရမယ် Code ဖြည် Code ဖြည်ဆိုပြီးလုပ်ပါတယ်ဆိုပဲ...။ ဖြည်ရမယ့် ရက်ကလည်း နှစ်ရက်ပဲ အချိန် ရလိုက်တယ်တဲ့..။ အဲ့ဒီ နှစ်ရက် အတွင်းမှာ မြန်မာတစ်ပြည်လုံးက ကျောင်းပေါင်း ၃၃ လား ၃၄ လား ကျွန်တော်
လည်း မမှတ်မိဘူး .. အဲ့ဒီကျောင်းတွေအားလုံးကို ၀န်ထမ်းတွေခမျာ အပြီးဖြည်ရတာပါ...။ ဘဘကြီးက ရာဇမာန်လည်း ကြီးတာကိုး..။ အဲ့ဒီတော့ ၀န်ထမ်းတွေခမျာ အကုန်အောင်ရင်လည်း မကောင်း ... ပြီးသင့် တာတွေကလည်း မပြီးသေးတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက နောက်ပြောင်ကျသလို ခေါင်း၊ပန်း လှန်ပြီး အောင်မအောင် ဆုံးဖြတ်လိုက်ကြလားမသိ...။ တကယ်ကျတဲ့သူတွေက ကိစ္စမရှိပေမယ့်... စာတော်ကြိုးစားပြီး ဖြေနိုင်တဲ့ ကလေးတွေနဲ့မိဘတွေကတော့ တစ်နှစ်တော့ သွားပြန်ပြီဟဲ့ ဆိုပြီး စိတ်ဆင်းရဲခဲ့ကြရပါတယ်...။ ပြန်အအောင်ပေးလိုက်လို့တော်သေးတာပေါ့လို့ ဆိုပေမယ့် ဒီကိစ္စမျိုးဆိုတာ မဖြစ်သင့်ဘူးလို့ ကျွန်တော်တော့ ထင်တာပဲ..။ ဒါပေမယ့် ဒီမှာက မဖြစ်သင့်တာတွေကလည်း အမြဲဖြစ်နေတာဆိုတော့... ဒါပေမယ့်
ပေါ့လေ... ဒါပေမယ့်ပေါ့ ... ဟဲ... ဟဲ..။
ကဲ ဘိုးတော်တို့၊ အဘတို့ ရေ ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံတော်ကြီး တည်ဆောက်ချင်တယ် ဆိုရင်၊ ပညာတတ်လေးတွေ ထွန်းတော်စေချင်တယ်ဆိုရင်လည်း စာမျက်နှာတွေ၊ မီဒီယာတွေပေါ်မှာ အသံကောင်း ဟစ်နေရုံမကပဲ.. ဒါမျိုးလေးတွေ လည်းသတိထားပေးကြပါလို့အပြုသဘောနဲ့ တင်ပြလိုက်ပါတယ်ဗျာ...။ ကျန်တာတော့မပြောတတ်တော့ဘူး... သား သား အဲလေ ဖား ဖား ကြောက်ကြောက်....။
ရေးသားသူ....... မောင်ဖားကြီး 10 ယောက် မှတ်ချက်ပေးခဲ့သည်
အကြောင်းအရာတူ...... မြင်သမျှ၊ကြားသမျှ
Cheers !
9 December 2008ကျောင်းပြီးတာက တစ်နှစ်ကျော်ပြီ...။ ဟိုသွားမယ် ဒီသွားမယ် ဆိုပြီး သင်တန်းတွေတက်သော်လည်း အခုထက်ထိ ဘယ်နိုင်ငံမှ မရောက်သေး ....။ တစ်နေ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်က survey အလုပ်တစ်ခုရှိတယ် လုပ်မလားဟု မေးသည်။ လခက နည်းလွန်းသော်လည်း အတွေ့အကြုံက အဓိကဖြစ်သောကြောင့် လုပ်မည်ဟု ခေါင်းညိတ်လိုက်သည်။ ကျွန်တော့်သူငယ်ချင်းက သူတို့ခေါ်တဲ့ အချိန်အလုပ်စ၀င်ကြမည်ဟု ပြောသောကြောင့် စောင့်ခဲ့ကြသည်။ တစ်ပတ်လောက်ကြာသောအခါ ကျွန်တော်တို့ကို အလုပ် ၀င်ဖို့ခေါ်တော့သည်။ ခေါ်မှာပေါ့.... သူ့အဖေက ပြောပေးတာကိုး... ။ ကျွန်တော့်သူငယ်ချင်း အဖေကောင်းမူ့ဖြင့် အလုပ်တစ်ခုတော့ ရလေပြီ။ ပြီးတော့ survey လုပ်ငန်းဆိုတာက အများစုလုပ်နေကြသော အလုပ်မဟုတ်သည့်အပြင် သင်တန်းတွေဘာတွေလည်း သီးသန့်မရှိ..။ အခြား structure တွေဘာတွေကတော့ သင်တန်းတွေရှိသည်။
အလုပ်က နယ်ကိုအချိန်မရွေးထွက်နေရမည်ဟု ပြောသည်။ နယ်ကိုထွက်ရမည် ဆိုသောကြောင့် ထုံးစံအတိုင်း သူငယ်ချင်းတွေ ဆုံကာ နှုတ်ဆက်ပွဲလုပ်ကြသည်။ ကျွန်တော်တို့က ဒီလိုမျိုး...ဖြစ်သည်။ အမြဲမဟုတ် သော်လည်း သောက်စရာ အကြောင်းပြချက်ကတော့ အမျိုးမျိုးရှာတတ်ကြသည်။ သောက်ပွဲပြီးခါနီး ကြတော့ နောက်ဆုံးတစ်ခွက်ကို ချီးယားစ်က လုပ်ကာ သိမ်းကြသည်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် တိုင်ပေးလိုက်တဲ့ ဆုတောင်းသံကို တော်တော်လေး သဘောကျသွားသည်။ သူလည်း သူ့သူငယ်ချင်း DSA ကကောင်တွေဆီက ကြားတာလို့ပြောပါသည်။ ဟိုဘိုးတော်လေးတွေက ဘယ်ကကြားလာတာလား ထွင်လိုက်တာလားတော့ ကျွန်တော်လည်းမသိ....။ ဆုတောင်းပုံက ဒီလိုပါ...။
နောင်ဘ၀ကို အမေရိကန်စစ်သား
ကိုရီးယား ယောကျာင်္း
မြန်မာလူကြီးသား ဖြစ်ပါစေ...
တဲ့။ ဟုတ်တာပေါ့လေ... ကိုယ်လုံးကိုယ်ထည်၊ရုပ်ရည်ရူပကာနဲ့ ပါဝါလေးက ပါရှိနေတော့ သကောင့်သားတွေခမြာလိုချင်ကြမှာပေါ့....။
ဒါနဲ့ ကျွန်တော်တို့က တွေးမိပြီး ပြောလိုက်သည်။ သူ့ဆုတောင်းအား လေးကြောင်းပြည့်အောင် နောက်ထပ်တစ်ကြောင်း ထပ်ထည့်လျင် ပိုပြီးတော့ ပြီးပြည့်စုံသွားမည် အကြံပြုကြကာ နောက်ထပ်တစ်ကြောင်း ထပ်မံဖြည့်စွက်လိုက်သည်...။
နောင်ဘ၀ကို အမေရိကန်စစ်သား
အင်္ဂလန်ဘောလုံး သမား
ကိုရီးယား ယောကျာင်္း
မြန်မာလူကြီးသား ဖြစ်ပါစေ...
ကဲ... ဘယ်လောက်ပြည့်စုံသွားပြီလဲ...။ ဒီပို့စ်ကို ဖတ်တဲ့ ယောကျာင်္းလေးတွေလည်း ချီးယားစ်လုပ်ချင်ကြလား.....။ ဒါဆိုရင်တော့ တစ်ခွက်လောက်....။
(မှတ်ချက်.... မိန်းကလေးများလည်း နောင်ဘ၀ ယောကျာင်္းလေးဖြစ်လျင် ထိုကဲ့သို့ဖြစ်စေရန် ဆုတောင်း နိုင်ပါသည်)
ရေးသားသူ....... မောင်ဖားကြီး 14 ယောက် မှတ်ချက်ပေးခဲ့သည်
အကြောင်းအရာတူ...... ရောက်တတ်ရောက်ရာ ဒိုင်ယာရီ
ဒီဇင်ဘာ အက်ဆေး
3 December 2008နေလိုက်ကြရလေသည်။ ဆောင်းရောက်မည်ကို မျှော်လင့်နေကြသော မြန်မာပြည်မှ ရက်ပ်ပါများကတော့ နိုဝင်ဘာလ ဆန်းမှစတင်ကာ ခေါင်းစွပ်အနွေးထည်များဝတ်ဆင် လမ်းသလားလာကြသည်။ ဒီဇင်ဘာ လတွင်တော့ ဆောင်းသည် ပိုမိုအေးလာသည်။
ငွေကြေးတတ်နိုင်သူများက အပန်းဖြေခရီးများထွက်ကြသော်လည်း မတတ်နိုင်သူများကတော့ မိမိတို့ အိမ်တွင်သာ နေ၍ အအေးဒဏ်ကို အံတုနေကြသည်။ ဆရာငြိမ်းအေးအိမ်ကတော့ ကမ္ဘာပေါ်မှာ အနွေးထည်မလုံလောက်တဲ့ အအေးပိုင်း ဒေသသားတွေ ဘယ်လောက်ရှိလဲလို့ စစ်တမ်းကောက်ယူဖို့ ဘယ်သူမှစိတ်ကူးမပေါ်ဖူးသေးဘူးနဲ့တူတယ်ဟု သူ့ဆောင်းပါး တစ်ပုဒ်ထဲမှာ ရေးဖူးသည်။ ထိုအမြင်ကို ကျွန်တော်သဘောကျပါသည်။ ကျွန်တော်ရောက်ခဲ့ဖူးသော အအေးပိုင်းဒေသမှ ကလေးငယ်တစ်ချို့ အနွေးထည်မလုံလောက်သည်ကို ကျွန်တော်တွေ့မြင်ဖူးပါသည်။ ကလေးငယ်များမှမဟုတ် လူကြီးများသည်
ပင် အနွေးထည်မလုံလောက်သောကြောင့် မီးပုံများဖွဲ့ကာ မီးလှုံ၍ အနွေးဓါတ်ယူကြပါသည်။ မည်သို့ပင်ဖြစ်စေ ဆောင်းသည်အနွေးထည်မရှိသူများအား မီးလှုံခွင့်တော့ ပေးထားမည်ဟု ကျွန်တော်ထင်ပါသည်။ မီးလှုံခွင့်ပင် မရှိသောသူများလည်း ရှိနိုင်မည် ဖြစ်သော်လည်း သူတို့သည်လည်း သူတို့နည်းသူတို့ဟန်ဖြင့် အအေး သက်သာ စေရန် ကြံဖန်ကြပေလိမ့်မည်။
အေးတယ်ဆိုတာ ပူတာထက်အများကြီးကောင်းတယ်ဟု ဆိုသူများအား တောင်ဝင်ရိုးစွန်းတွင် သွားရောက် နေထိုင်ကြရန် ကျွန်တော်အကြံပြုလိုပါသည်။ ဘယ်အရာပဲဖြစ်ဖြစ် အလွန်အကျွံဖြစ်ခြင်းသည် မကောင်းကြောင်း ကျွန်တော်တို့အသိဥာဏ်များက ယေဘူယျလက်ခံထားကြပေသည်။ နွေရာသီတွင် ပူလွန်းသောကြောင့် နေကိုကျိန်ဆဲတတ်ကြသော ကျွန်တော်တို့သည် ဆောင်းမနက်တွင်တော့ နေခြည်ဖျော့ဖျော့ကို မျှော်လင့်တတ် ကြ၏ ။ ထူထဲသော မြူများအား ထိုးထွက်နေရသော နေရောင်မှအနွေးဓါတ်ကို ခံစားရခြင်းသည်လည်း သဘာဝတရားထံမှရသော လက်ဆောင်မွန်တစ်ခုဖြစ်ပေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန်ဆောင်းကတော့ နေလို့ကောင်းရုံမျှသာ အေးပါသည်ဟု ရန်ကုန်သားဖြစ်သော ကျွန်တော်ကဆိုချင်ပါသည်။ နည်းနည်းအေးမည်ဟု ဆိုသည်နှင့် အင်းလျားကန်တွင် အနွေးထည် လှလှ လေးများ ၀တ်ဆင်ထားသောလမ်းလျှောက်သူများ စည်ကားလာသည်။ ယခုဒီဇင်ဘာလတွင် ပိုမိုအစည်ကား ဆုံးဖြစ်ကာ တက်ကြွလန်းဆန်းနေသောရန်ကုန်ဆောင်း ပန်းချီကားအား အင်းလျားကန်ဘောင်တွင် ထင်ရှားစွာတွေ့မြင်နိုင်ပေသည်။ လမ်းလျှောက်သူများထဲတွင်ကျန်းမာရေးအတွက် လမ်းလျှောက်သူများသာမက ဖက်ရှင်ပြရန်အတွက် လမ်းလျှောက်သူလူငယ်များလည်း ပါဝင်ပေသည်။ ကျွန်တော့်သူငယ်ချင်း အချို့ဆို ဆောင်းမနက်ခင်းလမ်းလျှောက်ရန်အတွက် သီးသန့်အ၀တ်အစားများပင် ၀ယ်ကြလေသည်။ မနက်ခင်း လမ်းလျှောက်မည်ဆိုလျင် အားကစားဖိနပ်လေးလည်း ၀တ်မှရှိုးကျမည်ဟု အများစုကယူဆကြသည်။ ၀ယ်နိုင်သူများက Addidas၊ Niki အစရှိသော ဖိနပ်များနှင့် မတတ်နိုင်သူပင်လျင် စက်မူ့(၁) ကထုတ်သော ကင်းဘတ်ဖိနပ်အဖြူများတော့ ၀တ်ဆင်တတ်ကြသည်။ ကြည့်တတ်မယ်ဆိုပါက အင်းလျားကန်ဘောင် ကြီးသည်လည်း ဆောင်းရာသီဖက်ရှင်ကျင်းပရာCatwalk လျှောက်လမ်းကြီးဖြစ်နေလေသည်။ ကန်ဘောင်တွင် လမ်းလျှောက်ကြသော ကောင်မလေးများ အလွန်လှကြပါပေသည်။
ဆောင်းသည် စိတ်ကူးယဉ်တတ်သူများအတွက်လည်း စိတ်ကူးဥာဏ်ကွန့်မြူးရာအချိန်သမယ ဖြစ်ပေသည်။ ကျွန်တော်သိသောသီချင်းရေးဆရာ တစ်ယောက်ကတော့ ဆောင်းအကြောင်းသီချင်းရေးရန် မနက်ဖက် စောစောထက လမ်းလျှောက်သည်ဟုဆိုသည်။ ဆောင်းအကြောင်း၊ နှင်းအကြောင်း ရေးဖွဲ့ကြသော သီချင်းများသည် လည်း ဒီဇင်ဘာတွင် နားထောင်၍ ပိုကောင်းနေသည်။ ကော်ဖီတစ်ခွက်သည်လည်း ဆောင်းမနက်အတွက် ကောင်းမွန်သော အဖေါ်ဖြစ်သည်ဟု ဆိုကြသော်လည်း နှစ်နှစ်ကာကာ ကြိုက်ခြင်းမရှိသော ကျွန်တော့်အတွက်မူ လက်ဖက်ရည်ကြမ်းတစ်ခွက်က ပိုမိုသင့်လျော်သည်ဟုထင်သည်။
မနက်ဖက်ထပြေးပြီး အိမ်အပြန်တွင် လမ်းမှာတွေ့သော ခေါင်းထိုးသည်ထံမှ ဆီထမင်းနှင့် ရေနွေးကြမ်းသည် ကျွန်တော်နှစ်သက်သော ဆောင်းဓလေ့တစ်ခုလည်းဖြစ်သည်။ အိမ်မှ ငါးရံ့ခြောက်ဖုတ်၊ ဆတ်သားခြောက်ဖုတ် အစရှိသည်တို့နှင့်သာတွဲစားလိုက်ပါက ပိုမိုပြည့်စုံသောဆောင်းတွင်း မနက်စာ ဖြစ်သွားတတ်သည်။ တစ်ခါတစ်ရံ အမေက မနက်စောစောထကာဆီထမင်းထိုး ပေးတတ်သည်။ နှမ်းထောင်းများများ၊ ဆီသန့်သန့်၊ ငါးခြောက်ဖုတ် သို့မဟုတ် ဆတ်သားခြောက်ဖုတ်နှင့်အမေစီစဉ်ပေးသော ဆီထမင်းအား စားရလျင် ကျွန်တော်သည် ထိုမနက်စာအား မည်သည့်နတ်သုဒ္ဓါနှင့်မှ မလဲဟု အခိုင်အမာ ဆိုဝံ့ပါ၏ ။
ရန်ကုန်မှ ခရီးထွက်သူအများစုသည် ရန်ကုန်တွင်အေးသော်လည်း ပို၍အေးသော ကျိုက်ထီးရိုးဘုရားသို့ ခရီးထွက်ကြခြင်းမှာ စဉ်းစားကြည့်လျင်ဆန်းကြယ်သည်။ ကျိုက်ထီးရိုးသည် ပိုမိုအေးသော်လည်း တောအရိပ် တောင်အရိပ်က သာယာသည်။ ရန်ကုန်မှနေ၍ ခရီးလမ်းကလည်း နီးသည်။ သို့သော် ကျိုက်ထီးရိုး မရောက်ဖူးသော ရန်ကုန်သားအများအပြား ရှိကြောင်း ကျွန်တော်သိပါသည်။ ကျွန်တော့်အားလည်း ဆောင်းတွင်းတွင် မည်သည့်နေရာသို့ခရီးထွက်လိုပါသနည်းဟုမေးပါက ကျိုက်ထီးရိုးဟုပင်ဖြေပေလိမ့်မည်။ ရန်ကုန်နှင့်နီးသောကြောင့် လမ်းစရိတ်ကလည်း သင့်လျော်သည်။ ပြီးတော့ ကျိုက်ထီးရိုးမှ ဆောင်းမနက် ခင်းများကို ကျွန်တော်အလွန်နှစ်ခြိုက်ပါသည်။ ရင်ပြင်တော် တောင်စောင်းပေါ်ရှိ ခုံတန်းပေါ်တွင် ထိုင်ကာ အဝေးတစ်နေရာသို့ စိတ်ကူးများရွက်လွင့်နေရခြင်းကို ကျွန်တော်ကြည်နှုးပါသည်။ လတ်ဆတ်သော
လေအား ရှုသွင်းရင်း မလတ်ဆတ်သော နီကိုတင်းများအား အဆုတ်ထဲဖြည့်သွင်းကာ အတွေးထဲမြော နေရခြင်းဖြင့် ကျွန်တော် ပိတီတစ်ခု ရရှိတတ်ပါသည်။
ဒီဇင်ဘာက နေလို့ထိုင်လို့၊ အိပ်လို့ကောင်းတယ်ဗျာဟု ဆိုက်ဘေးရီးယားသား တစ်ယောက်အားသွားပြောပါက စိတ်ဆိုးကောင်း ဆိုးမည်ဖြစ်သော်လည်း ရန်ကုန်သားဖြစ်သော ကျွန်တော့်အားလာပြောပါမူ ဟုတ်ပါပေ သည်ဟု ထောက်ခံမိပေမည်။ဒီဇင်ဘာသည် အေးချမ်းခြင်းနိမိတ်ပုံများဖြင့် ပြည့်နေပါသည်။ နေရထိုင်ရတာ သက်တောင့်သက်သာရှိသောကြောင့် ရန်ကုန်သူ၊ ရန်ကုန်သားများ လန်းဆန်းနေကြသည်။ ဒီဇင်ဘာဟု အမှတ်ရစေသော အချက်မှာ ရှော့ပင်းမောများ စတိုးဆိုင်ကြီးများ တွင် ခရစ်စမတ်နှင့် သက်ဆိုင်သော ပစ္စည်းများ အနီရောင်လွှမ်းကာ ခင်းကျင်းရောင်းချနေကြခြင်းဖြစ်သည်။ မြန်မာနှစ်ကူး၊ ကရင်နှစ်ကူး၊ ရှမ်းနှစ်ကူး၊ ယုတ်စွအဆုံး တရုတ်နှစ်ကူးသည်ကိုပင် လိုက်ပျော်နေကြသော ကျွန်တော်တို့မြန်မာလူမျိုး
များသည် ခရစ်နှစ်ကူးအတွက်လည်း မည်သို့ပျော်ကြမည်ဟု စဉ်းစားကြပြန်သည်။ ဟုတ်တာ၊ မဟုတ်တာထား ကျွန်တော်တို့သူငယ်ချင်းများသည်လည်း ချမ်းချမ်းအေးအေး ဒီဇင်ဘာတစ်ညအား နှစ်ကူးအကြောင်းပြကာ အယ်လကိုဟောနွေးနွေး ဖြင့် ဖြတ်သန်းခွင့်ရလေသည်။
ထိုအရာများထက်ပို၍ ဒီဇင်ဘာတွင် အကောင်းဆုံးရရှိသော လက်ဆောင်တစ်ခုမှာ အေးအေးချမ်းချမ်းနှင့် အိပ်နိုင်ခြင်းဖြစ်သည်။ ယခုလက်ရှိအချိန်တွင် အချိန်များပိုလျှံနေသော ကျွန်တော်သည် ငယ်ငယ်တုန်း ကလိုလည်း ကျန်းမာရေးအတွက် လမ်းလျှောက်တာတွေဘာတွေ လုပ်မနေတော့ပဲ မနက် ခုနှစ်နာရီ၊ ရှစ်နာရီကျော်သည်အထိ အိပ်ယာထဲတွင်ကွေးနေလိုက်သည်။ တကယ်လို့ သင့်တင့်တဲ့ အနွေးဓါတ်ရတဲ့ စောင် တစ်ထည်လည်းရှိမယ်၊ ခင်ဗျား စိတ်ထဲမှာလည်း အပူအပင်တွေနည်းနေမယ်၊ မနက်စောစော ထစရာ အကြောင်း လည်း မရှိဘူးဆိုရင်တော့ ဒီဇင်ဘာ မနက်ခင်းတစ်ခုခုမှာ နေမြင့်တဲ့အထိ ကွေးနေကြည့်ပါ ဟုအကြံပြုလိုပါသည်။ အရေးပါသော မဟာလူသားများ၊ တာဝန်ယူရမူ့ကြီးကျယ်သော လူများနှင့် အလုပ်တာဝန်များပိနေသော သူများကတော့ ဒီဇင်ဘာမနက်တွင်လည်း အလုပ်များနေဦးမည် ဖြစ်ပါသည်။
ဘာမှမဟုတ်သော၊ အပျင်းထူသော၊ သာမာန်ထက်ပင် အပျင်းထူသော၊ ဖျင်းသော ကျွန်တော်လို အညတြ ရလူသားကတော့ဒီဇင်ဘာ မနက်ခင်းတစ်ချို့တွင် နေဖင်ထိုးသည်အထိ အိပ်ပျော်ခွင့်ရနေပါသည်။ ထိုအတွက် လက်ရှိအချိန်အား ပိုင်ဆိုင် နေသော ဘ၀အား ကျေးဇူးတင်ပါသည်။ တကယ်တော့ ဒီဇင်ဘာသည် မြန်မာပြည်တွင် အိပ်ပျော်၍ ကောင်းသော လများထဲတွင် တစ်ခုအပါအ၀င်လည်း ဖြစ်လေသည်။
ရေးသားသူ....... မောင်ဖားကြီး 9 ယောက် မှတ်ချက်ပေးခဲ့သည်
အကြောင်းအရာတူ...... အက်ဆေး

