ပြခန်းထဲက အိပ်မက်များ

2 September 2009


အလင်းရှာခြင်း

မီးအိမ်ငယ်ကို ကိုင်စွဲကာ အမှောင်ထုထဲသို့ ကျွန်တော်တိုးဝင်လာခဲ့သည်။ ပတ်ဝန်းကျင်တွင် မြူခိုးများကျဆင်းနေကြောင်းကို မီးအိမ်ငယ်လေး၏ အလင်းဖျော့ဖျော့မှနေ၍ တွေ့နေရသည် ။ ညလေအေးကလည်း သစ်တောအုပ်များကိုဖြတ်ကာ တစိမ့်စိမ့်နှင့်တိုက်ခတ်နေသည် ။ သစ်တောအုပ်ထဲဖြတ်လျှောက်လာရင်း သစ်ပင်တစ်ပင်အောက်တွင် လူရိပ်တစ်ခုကိုတွေ့လိုက်ရသည်။
တဖြည်းဖြည်းနှင့်နီးကပ်လာသောအခါမီးရောင်မှိန်မှိန်မှတဆင့် ထိုလူရိပ်၏ပုံသဏ္ဍန်ကို ကွဲပြားစွာမြင်လိုက်ရလေ၏ ။

လူစိမ်းသည် ကျွန်တော့်ကိုနှစ်လိုဖွယ်ပြုံးပြလေသည်။ သူ့အပြုံးသည် တည်ငြိမ်သော်လည်း ခင်မင်နွေးထွေးမူ့ရှိသည်ဟု ခံစားလိုက်ရသည်။

"ဘယ်သွားမလို့လဲ မိတ်ဆွေ"

သူက ကျွန်တော့်ကို စမေးလိုက်သည် ။ ကျွန်တော်က သူ့အမေးကိုဖြေလိုက်သည်။

"ကျွန်တော်လား ... အလင်းကိုရှာဖွေဖို့ထွက်လာတာပါ ... ဒီမှာက သိပ်မှောင်လွန်းတယ်မဟုတ်လား ... ဒါနဲ့ ....ခင်ဗျားရော ဘာရပ်လုပ်နေတာလဲ .."

"ကျွန်တော်လဲ ... ခရီးသွားတစ်ယောက်ပါပဲ ... လောလောဆယ်တော့ ခဏနားနေတာပါ ... ဒါနဲ့ခင်ဗျားက အလင်းကိုရှာနေတာလား"

"ဟုတ်ကဲ့ ... အလင်းကိုရှာနေတာပါ... ပြောရရင်တော့ အလင်းတွေကောင်းကင်မှာ အပြည့်တောက်ပနေတဲ့ အရပ်ကိုပဲ ဆိုပါတော့ဗျာ"

"သြော် ... ခင်ဗျားက အလင်းကိုရှာနေတာကိုး ..."

သူရေရွတ်လိုက်သော အသံတွင်ကျွန်တော့်ကို ဂရုဏာသက်ခြင်း သို့မဟုတ် နားမလည်ခြင်း စသည့်အသံများပါနေသည်ဟု ကျွန်တော်ခံစားလိုက်ရသည် ။ တဆက်တည်းပင် သူကဆက်ပြောသည် ။

"ခင်ဗျား အလင်းကိုရှာတာကောင်းပါတယ် ... ဒါပေမယ့် ရှေ့ရောက်ရင်တော့ သတိထားဗျာ .. ခင်ဗျားသွားမယ့်လမ်းဘက်မှာက လေတွေတအားကြမ်းနေတယ်လေ ။ မိုးတွေလည်း အရမ်းရွာနေတယ် ... ခင်ဗျားမီးအိမ်လေးကိုလည်း သတိထားဦး ..."

သူက စေတနာပါသောအသံဖြင့်သတိပေးလိုက်သည်။

"ဟုတ်ကဲ့ ... ကျေးဇူးပါပဲဗျာ... ကျွန်တော့်ကိုသွားခွင့်ပြုပါဦး"

မီးအိမ်ငယ်ကိုဆွဲကိုင်ကာ မှောင်မဲသောတောအုပ်ထဲသို့ ကျွန်တော်ဆက်လက်ထွက်ခွာလာခဲ့သည် ။ မုန်တိုင်းများရှိနေလည်း ဖြတ်ကျော်ရပေဦးမည် ။ အလင်းကိုရှာဖွေဖို့ အတွက်ပေါ့ ..................။

+ + + + + + ။ + + + + + +

ကိုယ့်ဘက်ကိုယ်

လူတစ်ယောက်က ကျွန်တော့်ကိုလာပြောသည်။

"ခင်ဗျားဟာ စကားပြောရင် ကိုယ့်ဘက်ကိုယ်တအားကြည့်တာပဲ ... ခင်ဗျားဟာလိပ်ပဲဗျ"

"ဗျာ... ဘယ်လိုဖြစ်လို့ လိပ်ဖြစ်ရတာလဲ"

"ဟုတ်တယ်လေ ကိုယ့်ဘက်ကိုယ်ပဲ ယက်တတ်လို့"

"ဟင့်အင်း ကျွန်တော်ဟာ လိပ်မဟုတ်ပါဘူး"

"သြော် ခင်ဗျားက ငြင်းချင်တယ်ပေါ့"

"မဟုတ်ဘူးဗျ ကျွန်တော်က လိပ်ထက်ဆိုးတယ်"

"ဟုတ်လား ဒါဖြင့် ခင်ဗျားက ဘာလဲ"

"ကျွန်တော်က ဆောက်လုပ်ရေးလုပ်ငန်းသုံးတဲ့ Backhoe ကြီးလေ"

"ဗျာ"

"ဟုတ်တယ်ဗျ ကျွန်တော်က ကိုယ့်ဘက်ကိုယ်ယက်ရင် လိပ်လောက်မကဘူး backhoe ကြီးလို အားရပါးရကို ယက်တာဗျ"

"သြော် ... တော်တော်ဆိုးတာပဲနော်"

"ဒါပေမယ့်ဗျာ ... တစ်ခါတော့လိပ်လေးတစ်ကောင်နဲ့ ပြိုင်ယက်တာ ကျွန်တော်ရှုံးသွားဖူးတယ်ဗျ"

"ဘယ်လိုဖြစ်လို့လဲ"

"ဒီလိုလေဗျာ သူကကျွန်တော့်ရှေ့က နေလာယက်တဲ့အခါ ကျွန်တော်လည်းသူ့လောက်တော့အေးဆေးပေါ့ဆိုပြီး ပြန်ယက်မယ်လုပ်လိုက်တာ... အား ......လား .......လား ကျွန်တော်က စက်ပဲဗျ ... ဆီလည်းမရှိ...မောင်းတဲ့သူလည်း မရှိရော ကျွန်တော်ခံလိုက်ရတော့တာပေါ့"

"သြော် ... ခင်ဗျားလို Backhoe ကြီးလည်း ခံလိုက်ရသေးတယ်နော်"

+ + + + + + ။ + + + + + +
ဟိုးရှေးရှေးကလို ပုံပြင်


နေသာသော တစ်နေ့တွင် တောအုပ်ထဲသို့ ကျွန်တော်လမ်းလျှောက်ထွက်လာသည်။ တောအုပ်အလယ်တွင် ထိုင်ကာငိုင်နေသော ကျားတစ်ကောင်ကို တွေ့လိုက်ရသောကြောင့် ကျွန်တော်သူ့အနားသို့ချည်းကပ်သွားသည် ။ ကျွန်တော်က ကျားကိုလှမ်းပြောလိုက်သည်။

"ခင်ဗျား ... ဘာဖြစ်လို့ငိုင်နေရတာလဲဗျ ..."

"ရွှေယုန်ဗျာ ကျွန်တော့်အပေါ်လူလည် အဲ ယုန်လည် ကျလွန်းလို့ပါ"

"သြော်ခင်ဗျားက ကိုရွှေကျားကြီးလား"

"ဟုတ်ကဲ့"

"ခင်ဗျားဗျာ ဒီပုံပြင်ထဲမှာပဲ နုံအအနဲ့ ခံလိုက်ရတာပါ ... တခြားပုံပြင်တွေမှာတော့ ခင်ဗျားတို့ဟာ ငစဉ်းလဲကြီးတွေဆိုပဲဗျ"

"ဟုတ်ပါတယ်လေ ... ဒါပေမယ့် အဲ့ဒီပုံပြင်တွေကိုလည်း ခင်ဗျားသေသေချာချာ လေ့လာကြည့်ပါဗျာ .. ကျွန်တော်တို့ ဘယ်လောက်ပဲ ကောက်ကျစ်စဉ်းလဲပါစေဦး နောက်ဆုံးတော့ ယုန်ပညာရှိလေးတွေကပဲ အနိုင်ယူသွားကြတာပါ ..."

"သြော် ... ခင်ဗျားက အခုပုံပြင်မှာတော့နိုင်ချင်တာပေါ့ လေ ... ဒါပေမယ့် ခင်ဗျားမနိုင်ပေမယ့် လူတွေကခင်ဗျားကို သနားကြတယ်လို့ ကျွန်တော်ထင်တယ်"

"သနားတယ်ဟုတ်လား ... အလကားပါဗျာ..ကျွန်တော့်ကိုငတုံးကြီးခံရတာတောင် နည်းသေးတယ်ဆိုပြီး ရယ်ချင်နေကြတာပါ .. သူတို့တကယ်သဘောကျတာက ရွှေယုန်ကိုပါ .. တကယ်တော့ဗျာ .. လောကကြီးဟာ ...."

ကျွန်တော်ရွှေကျားကို ဘာမှဆက်မပြောချင်တော့သောကြောင့် ထွက်ခွာလာခဲ့သည်။ ရွှေကျားကတော့ လောကကြီးဟာ ... ဘယ်လိုဘယ်ဝါ ဆိုပြီး ဒဿနတစ်ခု ထုတ်နေပေလိမ့်မည် ။

+ + + + + + ။ + + + + + +

တစ်ခန်းရပ်မဟုတ်သော

ပိတ်ကားချသွားပြီဖြစ်သော်လည်း ကျွန်တော်ကားထိုင်ခုံတွင်ပင်ဆက်လက် ထိုင်နေသည် ။ ရုံအစောင့်ရောက်လာသည် ။

"ဟေ့လူ မပြန်သေးဘူးလား ... ပြဇာတ်ပြီးသွားပြီလေ"

"ဗျာ .. ဟုတ်လား ကျွန်တော်ကတော့ ပြီးသွားပြီလို့မထင်ပါဘူး ... ဒါဟာ ခဏတာပိတ်ကားချလိုက်တာမဟုတ်လား"

"မဟုတ်သေးဘူးလေဗျာ ... ခင်ဗျားဘာတွေကြောင်နေတာလဲ ... မင်းသားနဲ့မင်းသမီးနဲ့ ပျော်ရွှင်စွာပေါင်းစည်းသွားလို့ ပရိတ်သတ်တွေတောင် လက်ခုပ်တီးလိုက်ကြသေးတယ်လေ"

"သြော်... ခင်ဗျားက အဲ့ဒါကို ဇာတ်သိမ်းလို့ဆိုလိုချင်တာလား .. ကျွန်တော်ကတော့ အဲ့လိုမယူဆဘူး .. ဒါဟာ တမင်သက်သက်လုပ်လိုက်တဲ့ ဇာတ်သိမ်းပဲဗျ ... တကယ့်ဇာတ်သိမ်းဆိုတာ ကျွန်တော်တို့သေမှပဲရှိမယ်ထင်တယ်လေ .."

"ခင်ဗျားက အရူးပဲ .. ဒါဆိုလည်း အဲ့ဒီပိတ်ကားနောက်တစ်ခါ ပြန်ဖွင့်မယ့်အချိန်ခင်ဗျားဘာသာ ခင်ဗျားစောင့်ပေတော့ အပြင်မှာတော့နှင်းတွေကျနေပြီ ... ကျုပ်လည်း ပြန်တော့မယ်..."

"သြော်နှင်းတွေတောင် ကျနေပြီလား ... ဒါဆိုဆောင်းရောက်ပြီပေါ့ ... အေးဗျာ ကျွန်တော်တကယ့်ဇာတ်သိမ်းရောက်တဲ့အထိ ကြည့်ချင်လို့ ဆက်စောင့်လိုက်ဦးမယ် ... ဆောင်းဆိုတာ အိပ်မက်တွေ တကျော့ပြန်ရောက်တတ်တဲ့အချိန်ပဲဗျ ... မကြာခင်ပိတ်ကား ပြန်တက်လာပြီး ပြဇာတ်ကို ကျွန်တော်ကြည့်ရဦးမယ်ထင်တယ် ... ခင်ဗျား ပြန်ရင်လည်းပြန်တော့လေ ကျွန်တော်ကတော့စောင့်လိုက်ဦးမယ် ..."

ကျွန်တော့်ကိုကြည့်၍ ခေါင်းခါကာ ရုံအစောင့်သည်ထွက်ခွာသွားသည်။ ကျွန်တော်ကတော့ ဇာတ်လမ်းများပြီးဆုံးသည်ဟု ဘယ်တော့မှမထင် ... ပိတ်ကားပြန်ပွင့်မည့်အချိန်ကို စောင့်ရဦးမည် ။ နှင်းတွေကျနေပြီဟု ဆိုသည်။ ဆောင်းရာသီကို ရောက်ပြီပေါ့ ...။
ဆောင်းဆိုတာ အိပ်မက်တွေတစ်ကျော့ပြန်လာ တတ်တဲ့ရာသီမဟုတ်လား ............။

Photo credits; flickr.com, wordpress.com, excavators101.com, lawnjock.com, saskschools.com, madehow.com

Sorry, Blame it on me ( 100 th post )

30 August 2009

ကျွန်တော်ဘလော့ဂ်ကို စရေးခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ ...။ ဘယ်လောက်ကျော်ခဲ့လဲဆိုတာတော့ ကျွန်တော့်ထုံးစံအတိုင်းမမှတ်မိတော့ဘူး ။ ဘယ်ရက်က ဘလော့ဂ်ကိုစဖန်တီးလဲဆိုတာနဲ့ ပို့စ်စရေးတဲ့နေ့ ပို့စ်တင်ဖြစ်တဲ့နေ့တွေက လွဲနေပြီး ဘယ်ရက်ကို အတည်ယူရမလဲ ဆိုတာ မသိတာလည်းပါတော့ တစ်နှစ်ပြည့်တွေဘာတွေလည်း အထူးတလည်မရေးနိုင်ခဲ့ပါဘူး ။ ဘလော့ဂ်ဂါတွေ တစ်နှစ်ပြည့်တို့ ပို့စ်တစ်ရာမြောက်တို့ ရေးတာဖတ်ရရင်တော့ ကျွန်တော်အရမ်းအားကျခဲ့ပါတယ် ။ တစ်နှစ်ပြည့်မရေးနိုင်ရင်တောင် ၁၀၀ ပြည့် ပို့စ်တော့ အမှတ်တရအဖြစ်ရေးမယ်လို့လည်း အားခဲထားခဲ့တယ် ။ အရင်ရေးတဲ့နှုန်းနဲ့တုန်းကတော့ ငါလည်း တစ်ရာမကြာခင်ပြည့်တော့မှာဆိုပြီး ဘယ်လိုရေးမယ် ဘာတွေရေးမယ် ဆိုပြီးတွေးခဲ့တာတွေရှိပါတယ်။ တကယ်တမ်းလက်တွေ့မှာတော့ ၁၀၀ပြည့်အောင်ရေးဖို့ဆိုတာက ကျွန်တော့်အတွက် ထင်သလောက်မလွယ်ပါဘူး။

၂၀၀၉ တစ်နှစ်လုံးမှာ ကျွန်တော်ရေးခဲ့တာက ၁၀ ပုဒ်ကျော်ကျော်ရယ်ပဲရှိတယ်။ ဒါနဲ့ dashboard က ပို့စ်အပုဒ်ရေဖေါ်ပြထားတာကို သတိထားမိတော့ ပြီးခဲ့တဲ့ ကဗျာက ၉၉ ပုဒ်မြောက်ဖြစ်နေတယ် ...။ ဒီတော့ နောက်တစ်ပုဒ်ဖြစ်တဲ့ အခုလက်ရှိပို့စ်ဟာ တစ်ရာမြောက်ပေါ့...။
တစ်ရာမြောက်ကို ကျွန်တော်ဘာရေးရင်ကောင်းမလဲ။ တွေးထားတာတွေအကုန်လုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်။ ဒီကြားထဲ အိမ်ကကွန်ပြူတာကလည်း သုံးမရအောင်ပျက်... အင်တာနက်ဆိုင်လာဖို့ကလည်း ခရီးတွေကထွက်နေရတာနဲ့ အလှမ်းဝေး ... မအားတဲ့ကြားက အချိန်လုပြီး မဖြစ်ဖြစ်အောင်ရေးနေကြတဲ့ မိတ်ဆွေ၊သူငယ်ချင်း ဘလော့ဂ်ဂါတွေကိုပဲအားကျစိတ်ဖြစ်နေမိတယ်။ ဒီအတိုင်းတော့မဖြစ်သေးပါဘူးဆိုပြီး တစ်ရာမြောက်ပို့စ်ကို တစ်ခုခုတော့ အမှတ်တရဖြစ်အောင် ရေးမှပါလို့တော့ စိတ်ကအမြဲဖြစ်နေတယ်။

တစ်နေ့က ရုံးကိုကိစ္စတစ်ခုနဲ့သွားတော့ ကားပေါ်ကတီဗီမှာ MTV တစ်ခွေကြည့်ခဲ့ရတယ်။ Akon ရဲ့ ခွေပါ ။ သီချင်းတွေကလည်း ကြာပါပြီ ။ ဒါပေမယ့် AKon ကို ကျွန်တော်အသံအနေနဲ့သာ ဟိုးတုန်းကနားထောင်ဖူးပြီး video ကိုတော့ သေသေချာချာမကြည့်ဖြစ်ခဲ့ပါဘူး ။ အဲ့ဒီအထဲက သီချင်းကိုလည်း အရင်တုန်းကသိခဲ့ပေမယ့် နားထဲသေချာမရောက်ခဲ့ဘူး။ အခု music video အနေနဲ့ကြည့်လိုက်ရမှ ကျွန်တော့်လက်ရှိအဖြစ်တွေနဲ့ တိုက်ဆိုင်နေသလိုဖြစ်ပြီး ရင်ဘတ်ထဲကို ရောက်ခဲ့ပါတယ်။ သီချင်းတစ်ပုဒ်ဟာ ဘယ်လောက်ပဲကြာနေပါစေ ရင်ဘတ်ကိုတွယ်ညိနေသ၍ လတ်ဆတ်နေဆဲပါပဲဗျာ ။

အဲ့ဒီသီချင်းမှာ Akon ကပြောပါတယ်။ အပြစ်အားလုံးဟာ သူ့ကြောင့်ပါတဲ့ ..။ သူ့ကိုသာ အပြစ်တင်ပါတော့လို့ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မြန်မာလေသံလို စိတ်မရှည်တဲ့ပုံနဲ့ အားလုံးငါ့အပြစ်ပဲ ထားပါတော့ဆိုတဲ့ လေသံမျိုးမဟုတ်ပါဘူး ..။ ဖြစ်ခဲ့တာအားလုံးအတွက် သူစိတ်မကောင်းပါဘူး ။ သူ့အပြစ်တွေကိုဝန်ခံပါတယ် ..။ ဆက်ပြီးတော့ ဒီလိုအပြစ်တွေဟာ သူ့မှာတာဝန်ရှိတဲ့လို့ခံယူထားတဲ့ အသံမျိုးပါ ။ ဒါက ကျွန်တော်ခံစားမိတဲ့ အပိုင်းကိုပြောတာပါ ။ သူ့လေသံက ခွင့်လွှတ်ပေးပါ ဆိုတာရယ် နောက်မဖြစ်အောင်တာဝန်ယူပါတယ်ဆိုတဲ့ အသံမျိုးလို့ခံစားမိတယ်။

ကျွန်တော်လူတွေကို ဘယ်လောက်များ စော်ကားမော်ကားပြုခဲ့ပြီးပြီလဲ..။ ကျွန်တော်မြင်ဖူးတဲ့ ပတ်ဝန်းကျင်ရော ကျွန်တော်မမြင်ဖူးပေမယ့် ရှိနေတဲ့ ပတ်ဝန်းကျင်( ဘလော့ဂ် လောက ) က လူတွေအပေါ်မှာ ကျွန်တော်သိလျှက်နဲ့ဖြစ်စေ မသိလျှက်နဲ့ဖြစ်စေ သူတို့စိတ်ပျက်အောင် လုပ်ခဲ့ဖူးမှာပါ ။ အဲ့ဒီအတွက် ကျွန်တော့်ကိုချစ်တဲ့သူတွေ ၊ ကျွန်တော်က ချစ်တဲ့သူတွေ ၊ ကျွန်တော့်အပေါ်မုန်းတဲ့သူတွေ ၊ ကျွန်တော်က မုန်းခဲ့သူတွေအားလုံး စိတ်ကသိကအောက်တော့ ဖြစ်ခဲ့ဖူးမှာပါ ။ Akon လေသံနဲ့ပြောရရင်တော့ စိတ်မကောင်းပါဘူးဗျာ .. အားလုံးကျွန်တော့်အပြစ်တွေပါ လို့ပဲပြောရမှာပါ ။ တကယ်ကို ၀န်ချတောင်းပန်လိုခြင်းဖြစ်ပါတယ် ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကျွန်တော့်ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရရင် ဒီနေရာကနေပဲ ကျွန်တော့်အပြစ်တွေလို့သတ်မှတ်ပြီး နားလည်ခွင့်လွှတ်မူ့ကို မျှော်လင့်ပါတယ်ဗျာ ...။ ကျွန်တော့်ရဲ့ ခံယူချက်ဟာ ကျွန်တော်ကြိုက်တဲ့ သီချင်းအတိုင်းကို ဖြစ်သွားပါတယ်။ အခုတလော အကြိုက်ဆုံးသီချင်းကို ပြောပါဆိုရင်လည်း ဒီသီချင်းပါပဲ ။ လူတွေကိုစိတ်ထဲက တောင်းပန်ရင်း စိတ်ရဲ့အေးချမ်းပေါ့ပါးမူ့ကို ရှာတွေ့ခဲ့ပါတယ်။ Akon ရဲ့ မှော်ဝင်နေတဲ့ ဂရုဏာသံကနေ တဆင့်ပေါ့ ..။ MTV ကိုကြည့်ပြီးသွားရင်လည်း နောက်တစ်ခေါက်လောက် ကြည့်သွားပါဦး ..။ ကျွန်တော့်ရဲ့ ၀န်ချတောင်းပန်မူ့ကို Akon ကတဆင့်ပြောပြပါလိမ့်မယ် :-) ။





Lyrics | Akon Lyrics | Sorry, Blame It On Me Lyrics

ဒီလိုဝန်ချတောင်းပန်မူ့ဟာပဲ ကျွန်တော့်ရဲ့ ၁၀၀ မြောက်အမှတ်တရပို့စ်ဖြစ်ပါစေတော့ ...။ ကျွန်တော့်ပတ်ဝန်းကျင်၊ ကျွန်တော်နဲ့ပတ်သတ်သမျှလူအားလုံး.. ကျွန်တော်နဲ့မပတ်သတ်သမျှလူအားလုံး ... မြေကမ္ဘာပေါ်ကရှိသမျှလူအားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာ ရှိကြပါစေခင်ဗျာ ....။

ကျွန်တော်မသိခဲ့သော ကဗျာ

14 August 2009

တစ်ချိန်တုန်းက ....
မိုးမမြင်လေမမြင်နဲ့
အလင်းတုထဲမှာ ပျော်နေတတ်ခဲ့တာ
ညတွေဘယ်လို စီးဆင်းသွားလဲ
ကိုယ်မသိခဲ့..... ။

နွေးထွေးတဲ့အလင်းနဲ့
ငါ့ရဲ့မနက်ခင်းလေးရယ်
အခန်းကျဉ်းလေးထဲကို တိုးဝင်မလာပါနဲ့
အမှောင်ဆိုတာ အမိုက်ဆုံးများလား
ကိုယ်မသိခဲ့ ..... ။

လျှို့ဝှက်တဲ့နှလုံးသားနဲ့
မှော်ပညာသုံးခဲ့တဲ့ စုန်းမလေးရေ
အဲ့ဒီ သေတ္တာနက်ထဲမှာ
တစ်စုံတစ်ခုတော့ ရှိမှာပေါ့...
ဘာလဲဆိုတာတော့
ကိုယ်.. မသိခဲ့ ....။

နေ့စွဲများ .....
ကိန်းဂဏန်းများ .....
တီးတိုးစကားများ ...
လိုအင်ဆန္ဒများ ...
ရုပ်ဝတ္တုတစ်ခုရဲ့ ဆင့်ကဲဖြစ်စဉ်များ ...
ဇာတ်သိမ်းခန်းရောက်မှ နားမလည်ခြင်းများ ...
တစ်ချိန်မှာ မောပန်းနွမ်းလျ
တိမ်တွေလို ကွယ်ပျောက်သွားနိုင်လည်း ....
နေ၀င်ချိန်တွေ အဲ့ဒီလောက်စောလိမ့်မယ်ဆိုတာ ..
ကိုယ်... မသိခဲ့ ...။

နားမလည်ခဲ့သော သီချင်းများ
ဘယ်သူတွေရေးဖွဲ့ခဲ့ပါသလဲ
ကိုယ်မသိခဲ့ ......

ကွေ့ကောက်သောမြစ်များ
ဘယ်ပင်လယ်ဆီ စီးဝင်ပါသလဲ
ကိုယ်မသိခဲ့ ......

အလိုလိုအသံပျောက်ခဲ့တဲ့ ရေဒီယိုလေး
ဘာကြောင့်များပါလိမ့် ......
ကိုယ်မသိခဲ့ ......

လူနဲ့သက်မဲ့ပစ္စည်းကြား ထပ်တူညီခြင်းသီအိုရီ
ဘယ်သူက ထုတ်ခဲ့တာပါလဲ
ကိုယ်မသိခဲ့.....

နှုတ်ဆက်လမ်းခွဲစကားအတွက်
အလှပဆုံးဝေါဟာရက ဘာပါလဲ
ကိုယ်မသိခဲ့...

အဝေးပျံငှက်ကလေး
ဘယ်အပင်မှာ ခိုနားဦးမှာလဲ
ကိုယ်မသိခဲ့....

ကိုယ့်မာနများအတွက်
အကောင်းဆုံးဆင်ခြေက ဘယ်လိုပါလဲ
ကိုယ်မသိခဲ့......

ကိုယ်တိုင်နားမလည်သော ဒီကဗျာကို
ဘာကြောင့်ရေးခဲ့ပါသလဲ
ကိုယ်မသိခဲ့....

မေးခွန်းများရဲ့ တစ်ခုတည်းသောအဖြေက
ဘာကိုမှ.....................
ကိုယ် ..... တကယ် ..... မ ..... သိ ..... ခဲ့ ..... ပါ .....။


( 14 . 8 . 09 , 00:55 A.M )

မောင်အေးနှင့်ခွေး

6 August 2009

မောင်အေးက သွက်လက်ချက်ချာသည်။ လူကြီးတွေအမြင်နဲ့ပြောရလျှင်တော့ ဖင်ပေါ့တယ်ပေါ့။ သူ့ပုံစံကလည်း အများတကာအလယ်တွင်ထင်ပေါ်လေသည်။ အသားကမည်းမည်း၊ ပိန်ခြောက်ခြောက်၊ မျက်လုံးပြူးပြူး နှင့် လူကောင်သေးသောမောင်အေးသည် တစ်ခါမြင်လျှင်မှတ်မိလွယ်သော ရုပ်မျိုးဖြစ်သည်။ မောင်အေးကို ကျွန်တော်သတိထားမိတာကလည်း သူသည်လူတစ်ကာ ပါးစပ်ဇျားတွင်ရေပန်းစားသောကြောင့်ဖြစ်သည်။

မောင်အေးရေ ဟိုဟာလေးလုပ်ပါဦး၊ ဒီဟာလေးလုပ်ပါဦးဆိုသည်နှင့် မောင်အေးက ညီးညူလေ့မရှိ... ပါးစပ်ကတော့အပြောင်အပြက်တွေ ပြောတတ်သည်။ သူများတွေက ကျောက်လောင်းရလျှင် ပင်ပန်းတယ်ဆိုကာ နောက်နေ့အလုပ်မဆင်းသော်လည်း မောင်အေးကတော့ ဘာမှမဖြစ်သလိုပင် အလုပ်ကိုပုံမှန်လာသည်။ တကယ်တော့ ထိုနေ့မျိုးဆိုလျှင် မောင်အေးက သူများထက်ပို၍ ပင်ပန်းပါသည်။
အလုပ်ကိုခိုကပ်လေ့မရှိသောသူ့ကို အိမ်ရှင်များက သဘောကျသလို၊ သူ့ ကန်ထရိုက်ကလည်း လက်စွဲဖြစ်သည်။ တစ်ခုခုဆိုလျှင် မောင်အေးနာမည်ကို ပါးစပ်ကမချတော့... ယုတ်စွအဆုံး mixer စက်နှိုးတာကိုပင် မောင်အေးလုပ်မှဖြစ်လေသည်။ ထိုသို့အလုပ်ကိုသွက်သွက်လက်လက်လုပ်တတ်သော မောင်အေးကို ကျွန်တော်ကလည်းခင်ပါသည်။ ခင်မင်ခြင်းနှင့် အတူသူ့အကြောင်းကိုပါ စိတ်ဝင်စားမိလေသည်။

တစ်နေ့ slab လောင်းဖို့ အထပ်သားပြားတွေကို မောင်အေး ဆေးသုတ်နေတုန်း ကျွန်တော်သူ့နားကိုရောက်သွားသည်။ ဒီဆိုဒ်ကို ကျွန်တော်ရောက်တာမကြာသေးသဖြင့် မောင်အေးသည် ကျွန်တော့်ကိုတော့ ခပ်တန်းတန်းပင်နေတတ်သည်။

"မောင်အေး မင်းဒီနေ့ပြီးပါ့မလား"

ကျွန်တော်က သူ့ကိုခပ်ရွှင်ရွှင်နောက်ကာ ခင်မင်မူ့ကိုစယူလိုက်သည်။

"ဒီလောက်ကတော့ ကျွန်တော်အေးဆေးပါ "

သူကလည်း ခပ်ပြုံးပြုံးပင် ပြန်ပြောသည်။

ရပြီ... သူနှင့်ကျွန်တော်စကားဆက်ပြောလို့...

"မောင်အေး မင်းအသက်ဘယ်လောက်ရှိပြီလဲ"

"ဗျာ... ဆယ့်ရှစ်နှစ်ရှိပြီ အစ်ကို"

'သြော်....'

တကယ်တော့ မောင်အေးခန္ဓာကိုယ်သည် သူ့အသက်နှင့်နှိုင်းယှဉ်လျှင် ပိန်လှီလွန်းလှသည်ဟု ကျွန်တော်ထင်သည်။ သူ့ခန္ဓာကိုယ်ကြည့်၍ သူ့အသက်ကို ကျွန်တော်မှန်းခဲ့တုန်းက ဆယ့်လေး၊ဆယ့်ငါးနှစ်ထက်ပိုစရာမရှိ...။ မောင်အေး ဘာဖြစ်လို့ ဒီလောက်လူကောင်ညှက်ရတာလဲ...။ ပင်ပန်းမူ့ဒဏ်ကြောင့်လား.. ငယ်ငယ်လေးကတည်းက ဆင်းရဲမူ့ဒဏ်ကြောင့် အာဟာရ မပြည့်ခဲ့တာလား...။
ကျွန်တော်မမေးဖြစ်ခဲ့........။ ထားတော့ဒီကိစ္စက မောင်အေးတို့လို့ လူငယ်ကလေးများ ကျွန်တော်ကြုံခဲ့ဖူးတာ များပြီမဟုတ်လား....။

"မောင်အေး မင်းအရင်တုန်းကရော ဘယ်မှာလုပ်ခဲ့သေးလဲ"

သူက ဆေးသုတ်နေရင်းနဲ့ပြန်ဖြေသည်။

"လက်ဘက်ရည်ဆိုင်မှာ "

"သြော် မင်းအဆင်မပြေလို့ထွက်လာတာလား"

အဆင်မပြေသောကြောင့်ထွက်တာပဲ ဖြစ်ရမည်ကိုသိသော်လည်း ကျွန်တော်က စကားဖေါ်ကမေးလိုက်သည်။

"အင်းဟုတ်တယ်အစ်ကိုရ.. ပင်ပန်းလွန်းလို့ပါ... နေ့တိုင်းလည်းဆင်းရတယ်.. အဝေးပြေးကားဂိတ်ကဆိုင်ဆိုတော့ ညဆိုရင်လည်းနောက်ကျမှအိပ်ရတယ် မနက်ဆို သုံးနာရီခွဲပြန်ထရတယ်.."

"ဒီမှာရော မင်းမပင်ပန်းဘူးလားကွ... ကျောက်လောင်းရင် ထမ်းရတာတွေက ငါဆိုရင်တောင် မထမ်းနိုင်ပါဘူးကွာ"

"အာ... လူပင်ပန်းပေမယ့် စိတ်မပင်ပန်းဘူးအစ်ကိုရ... ကျွန်တော်နားချင်ရင်နားလို့ရတယ်.. ပိုက်ဆံမရတာပဲရှိတယ်..ပြီးတော့ ကျွန်တော့်အခုကန်ထရိုက်ကလည်း သဘောကောင်းပါတယ်"

"အေး အဲ့ဒါတော့ ဟုတ်တယ်ကွ မင်းတို့ကန်ထရိုက်က အေးလွန်းလို့ ငါတောင်တွန်းပေးနေရတယ်"

မောင်အေးပြောလိုက်တော့ သူ့ကိုကျွန်တော်ပို၍ သဘောကျသွားသည်။ သူသည်စိတ်ပင်ပန်းမူ့ထက် ခန္ဓာကိုယ်သာအပင်ပန်းခံ၍ လွပ်လပ်မူ့ကို ကြိုက်သူတစ်ယောက်ဖြစ်လေသည်။ သူက ဆက်ပြောသည်။

"ဒါပေမယ့် အစ်ကိုရာ.. ပိုက်ဆံမရတဲ့နေ့ဆို ကျွန်တော့်အစ်ကိုမိန်းမက ထမင်းမကျွေးချင်ဘူးဗျ"

ကျွန်တော့်ဆုံးဖြတ်ချက်တို့စောသွားသည်ထင်သည်။ စိတ်လွပ်လပ်မူ့တစ်ခုမှ လွတ်မြောက်ခဲ့သော်လည်း တစ်ခုက ရှိနေပြန်သည်။

"သြော် အင်း... ဟုတ်လား... အေးကွာ ဒီတော့ မင်းနေ့တိုင်း ဆင်းနေရတာပေါ့"

"ကျွန်တော့်အကြောင်းကလည်း စုံတယ်အစ်ကိုရ... ကျွန်တော်နေရာအများကြီးမှာ လုပ်ဖူးတယ်"

သူကကျွန်တော်နှင့်စကားပြောရတာ စိတ်ပါလာတယ်ထင်သည်။ ကျွန်တော့်ကိုပြောချင်စိတ် ပေါက်လာသောကြောင့် ဆေးသုတ်နေရာမှ ခဏနားကာ ဆေးပေါ့လိပ်ကိုမီးညှိလိုက်လေသည်။ မောင်အေးသည် ဆေးပေါ့လိပ်ကိုလည်း ကောင်းကောင်းသောက်တတ်နေပြီဖြစ်သည်။

"ကျွန်တော်လက်ဘက်ရည်ဆိုင်မှာမလုပ်ခင်တုန်းက ရွှေတောင်ကြားထဲက အိမ်တစ်အိမ်မှာ ခြံစောင့်၊မာလီ လုပ်ခဲ့ဖူးတယ်"

"ဟုတ်လား ... အဲ့ဒီမှာကော ဘယ်လိုလဲ နေရထိုင်ရတာ၊ စားရသောက်ရတာ"

"ဒီလိုအစ်ကိုရ .. အဲ့ဒီကိုလိုက်ပို့တာက ကျွန်တော့်အစ်ကိုလေ စားဖို့သောက်ဖို့နေဖို့က အဆင်ပြေတယ်ဆိုပြီး ပို့ပေးတာ သူကလည်း ၊ ကျွန်တော့်ကို တိုက်နဲ့ထားတာ ၊ အိပ်ယာကလည်း မွေ့ယာတွေနဲ့ စားတာကလည်း သူတို့စားသလိုပဲ ကျွေးတာ..."

"သြော်... ကောင်းရှာသားပဲကွ..."

"ပြီးတော့ ကော်ဖီတို့၊ လက်ဘက်ရည်တို့ မုန့်တို့ကလည်း တစ်နေ့ကို သုံးခါလောက် လာလာကျွေးတယ်။
အိမ်မကြီးဘက်တော့ ကျွန်တော်တို့မသွားရဘူးအစ်ကို"

"ကားဂိုထောင်အပေါ်ထပ်လိုမျိုးမှာ နေရတာလား"

"အင်းဟုတ်တယ်အစ်ကို..."

ကျွေးတာမွေးတာ ရှယ်ဆိုသော၊ သူတို့စားသလို ကျွေးတာဆိုသော မောင်အေးစကားကို ကျွန်တော်နည်းနည်းသဘောပေါက်သွားသည်။ သို့သော် ကျွန်တော်မောင်အေးကို ဘာမှမပြောဖြစ်...။ သူနေထိုင်ရသော ဘ၀လေးသည် သူ့ရွာကအိမ်လေးနှင့်တော့ လူနေမူ့အဆင့်ချင်းများစွာ ကွာပေလိမ့်မည်။
ခေတ်ကလည်း လက်ဝဲတွေဘာတွေ ပစ္စည်းမဲ့လူတန်းစားတွေဟု ပြောနေရမည့်ခေတ်မဟုတ်တော့သောကြောင့် မောင်အေးကို ဒီလောက်ထားတာကိုပင် သူ့အိမ်ရှင်များသည် မဆိုးဟု ဆိုရပေမည်။

"ဒါဆိုရင် မင်းအဲ့ဒီမှာ ဆက်မနေပဲ ဘာလို့ထွက်လာရတာလဲ"

"သူတို့က ခွေးတွေမွေးထားတယ်အစ်ကို"

"အေးလေ အဲ့ဒီတော့ မင်းခွေးကျောင်းရတယ်ပေါ့"

"အဲ့ဒါက ကိစ္စမရှိဘူး အစ်ကိုရ... သူတို့ခွေးတွေက အကောင်အကြီးကြီးတွေပဲ ဘာအမျိုးအစားလဲတော့ ကျွန်တော်လည်း မသိဘူး ..။ အဲ့ဒီခွေးတွေက လူတကာကို ကိုက်မယ်ဆိုတာချည်းပဲ... သူတို့အိမ်ကြီးပေါ်က လူတွေကလွဲရင်လေ"

"သြော် မင်းကိုခွေးကိုက်လို့လား"

"အား ကိုက်ခံရတာပေါ့ အစ်ကိုရ နှစ်ခါတောင်... ဒါပေမယ့် ကိုက်တာထက်ဆိုးတာက... ကျွန်တော်တို့ ခြံထဲမှာအလုပ်လုပ်နေတုန်းတို့၊ ခြံတံခါးဆင်းဖွင့်ပေးရတာတို့ လုပ်နေတုန်း အဲ့ဒီခွေးတွေက လိုက်တယ်နော်...
ခွေးကို ပြန်ပြီး မလှန့်ရဘူး၊ မပြေးရဘူး ပုံမုန်ပဲ လမ်းဆက်လျှောက် ၊ ကိုက်ရင်မင်းတို့ကို ဆေးထိုးပေးမယ် ပြောထားတယ်အစ်ကို"

"ဟင် ဘယ်လိုကြီးလဲကွ မင်းဟာက"

"ဆေးတော့ တကယ်ထိုးပေးတာအစ်ကိုရ... ဒါပေမယ့် အဲ့လိုကိုက်တိုင်းသာ ခံနေရရင်တော့ သေမှာပဲဆိုပြီး စိတ်ညစ်ပြီးထွက်လာတာ..။ ကျွန်တော်ပြေးတဲ့နေ့ကဆို နေ့လည်တစ်နာရီကတည်းက အဲ့ဒီအိမ်က ထွက်လာတာ ညနေခြောက်နာရီလောက်မှ ပြည်လမ်းကိုရောက်တယ်... ရယ်ရတယ်နော် ဟီး ဟီး"

မောင်အေးစကားတို့ ကျွန်တော့်နားထဲမှတဆင့် ဦးနှောက်ကို အလုပ်ပေးနေသည်။ ထိုသို့အကြောင်းမျိုး အရင်က ကျွန်တော်မကြားဘူး.....။ မောင်အေးပြောမှ ကျွန်တော်သိရသည်။ သူထွက်ပြေးလာသည်မှာ အကောင်းဆုံးလုပ်ရပ်ဖြစ်ကြောင်း ကျွန်တော်လေးလေးနက်နက်ထောက်ခံလိုက်မိသည်။

မောင်အေးအကြောင်း ကျွန်တော့်သူငယ်ချင်းတွေကို ပြောပြတော့ သူတို့တွေကလည်းအံ့သြကြသည်။

"ဘယ်လိုဖြစ်လို့ မပြေးရ၊ မခြောက်လှန့်ရတာလဲကွ ခွေးတွေကို"

သူတို့က ကျွန်တော့်ကို ဆက်မေးသည်။

"ငါ့အထင်တော့... ခွေးတွေစိတ်ပျက်သွားပြီး ... အားငယ်စိတ်ဝင်သွားမှာစိုးလို့ထင်တာပဲကွ"

ကျွန်တော်ကကျွန်တော့်အမြင်ကို ပြောပြလိုက်တော့ သူတို့စုတ်တသပ်သပ်ဖြစ်သွားကြသည်။

မယုံမရှိပါနှင့်...။ လောကတွင် လူကိုခွေးတစ်ကောင်ထက်ပင် ပို၍နိမ့်ကျသည်ဟု မြင်သူများရှိပါသည်။ ခွေးလောက်တောင် သစ္စာမရှိ၊ ခွေးလောက်တောင် ကျေးဇူးမသိတတ်၊ ခွေးတိရစ္ဆာန်ကောင်ဟု ယုတ်မာသော သူများအား နှိုင်းပြောတတ်သော်လည်း .. သာမာန်လူတစ်ယောက်သည် ခွေးတစ်ကောင်ထက် သို့မဟုတ် တိရစ္ဆာန်တစ်ကောင်ထက် ဘယ်လိုနည်းနှင့်မှနိမ့်မကျနိုင်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော်ဖတ်ဖူးသော ဆရာနေမျိုး၏ မြည်နေတဲ့ထရမ်းပက်ဝတ္တုတိုငယ်စုထဲမှ ကျွန်ုပ်၏ဇနီးကလေး စာစုငယ်ကို သတိရမိသည်။ ထိုအထဲမှ ဇာတ်ကောင်တစ်ချို့သည် အပြင်ကမ္ဘာလောကထဲတွင် အမှန်တကယ်ပင် တည်ရှိပါသည်။

သင်လည်း ဘယ်လိုအမြင်ရှိပါသလဲမိတ်ဆွေ... ဆရာနေမျိုးဝတ္တုထဲကလိုပင် လူသည် တိရစ္ဆာန် တစ်ကောင်ထက်နိမ့်ကျရန် မဖြစ်နိုင်ပါ ဟုပင် မြင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည် မိတ်ဆွေ........။

မှတ်ဥာဏ်

1 August 2009

တစ်နေ့က အလုပ်ကိုသွားတော့ ကားကတော်တော်ပင်ကျပ်သည်။ ဒီကြားထဲတစ်မှတ်တိုင်တစ်မှတ်တိုင်ကို ရပ်လိုက်ရင်လည်း တော်တော်နှင့်မထွက်တော့...။ ရာသီဥတုကလည်း မိုးကသာအုံ့မှိုင်းနေသည် မိုးကတော့တစ်စက်မှမရွာသောကြောင့် လှောင်အိုက်အိုက်ကြီး ဖြစ်နေ၏ ။ မှတ်တိုင်တစ်ခုမှာ အကြာကြီးရပ်နေတုန်း လူတစ်ယောက်ကျွန်တော့်ဘေးလာရပ်သည်။ ရာသီဥတုပူတာရော.. အလုပ်နောက်ကျမှစိုးလို့စိတ်မရှည်တာရော ရောပြီးတော့ ကျွန်တော့်ထုံးစံအတိုင်းဒေါသကမ္မဌာန်းပွားများနေခဲ့မိသည်။ ဒါကိုထိုလာရပ်သော လူသည်မရိပ်မိဘူးထင်သည်။ ကျွန်တော့်ကိုပြုံးပြပြီး

"အလုပ်အခုမှသွားမလို့လား ဘယ်ကစီးလာတာလဲ "

ဟုလာမေးသည်။ ကျွန်တော်သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ကျွန်တော်မသိ.........ထို့ကြောင့်

"ဘယ်ကလဲ.. လူမှားနေပြီထင်တယ်နော်..."

ကျွန်တော့်လေသံတို့ ကျွတ်ဆတ်ဆတ်နိုင်သွားကြောင်း ကိုယ်တိုင်သတိထားလိုက်မိသည်။ သို့သော်မတတ်နိုင် ကျွန်တော်ဒီလိုပင် တုံ့ပြန်မိလိုက်သည်။ ပြီးတော့သူ့ကို ဘယ်လိုပင်စဉ်းစားစဉ်းစားကျွန်တော်မသိ...။ ပုံစံကလည်း တစ်မျိုးပင်......။ အနည်းငယ်နွမ်းနယ်ပုံသူ့မျက်နှာနှင့် အ၀တ်အစားပေါ်တွင်မြင်နေရသောကြောင့် ရုတ်တရက်သံသယ၀င်တတ်သည့်စိတ်က ကျွန်တော့်ကိုကြီးစိုးသွားခြင်းဖြစ်နိုင်လေသည်။ ကျွန်တော်သူ့ကို မသိပါ ( သို့မဟုတ် ) ဘယ်သူမှန်းမမှတ်မိပါ ။ သူကလည်းကျွန်တော်ပြောလိုက်သည်နှင့် ရုတ်ချည်းပင်

"ဆောရီးနော်.. လူမှားသွားတယ် "

ဟုပြောလေသည်။ သူ့လေသံတွင်လည်း မာနများနှင့် အောက်သက်သက်ဖြစ်သွားသောကြောင့် မခံနိုင်သော အသံတစ်မျိုးထွက်လာသည်။ ကျွန်တော်လည်း ဘာမှဆက်မပြောဖြစ် ကားပြတင်းပေါက်မှသာအပြင်ကို ငေးနေလိုက်သည်။

ကားကဆက်လက်ထွက်ခွာလာသည်။ သတိထားမိ၍ ဟိုလူ့ကိုကြည့်လိုက်တော့ အခုထက်ထိကားပေါ်က မဆင်းသေး... ။ ကျွန်တော်စဉ်းစားကြည့်သည်...။ ကျွန်တော်စားနေကျ ထမင်းဆိုင်ကလူများလား...။ ကျွန်တော်မမှတ်မိ။ ကွမ်းယာဆိုင်က လူများလား ..။ ဒါလည်းမသေချာ...။ ကျွန်တော့်site နားကတစ်ယောက်ယောက်များလား..။ ဒါဆိုလည်း ကျွန်တော်က သတိမထားမိပေမယ့်... ကျွန်တော့်ကိုမျက်မှန်းတမ်းမိသူတစ်ယောက်ဖြစ်နိုင်သည်..။ ဘယ်လိုပင် စဉ်းစားသော်လည်း အဖြေမထွက်လာသဖြင့် ကျွန်တော်ဆက်မတွေးတတ်တော့..။

ကျွန်တော်ဆင်းရမည့် ကားမှတ်တိုင်ရောက်တော့.. ထိုလူကကျွန်တော့်ရှေ့ကအရင်ဆင်းသည်..။
ကျွန်တော့်ရှေ့ကပင်ခပ်သုတ်သုတ်လျှောက်ကာ နောက်ကိုတစ်ချက်မှလှည့်မကြည့်။ သူဘယ်ကမှန်းသိရန် ကျွန်တော်နောက်ကနေ အသာလိုက်ကြည့်သည်။ သူနှင့်ကျွန်တော်ကလည်း လမ်းကြောင်းကတူနေသည်။ သူသည်ကျွန်တော့်ရှေ့ကနေ ကျွန်တော်သွားနေကြလမ်းအတိုင်းသွားသည်..။ ထမင်းဆိုင်တွေနားရောက်သည် ။ သူမကွေ့......။ ကွမ်းယာဆိုင်ထဲလည်း သူဝင်မသွား..။ site နားကအိမ်တွေစီကလည်းမဟုတ်..။ တဖြည်းဖြည်းနှင့်site နားရောက်တော့ ကျွန်တော့်site ဘက်ကွေ့သည့်လမ်းကို ကွေ့သွားသည်။
ဟုတ်တော့ဟုတ်နေပြီ.........။ site ထဲကအလုပ်သမားတစ်ယောက်ယောက်ပင်ဖြစ်လိမ့်မည်။ ထင်သည့်အတိုင်းပင် သူသည် site ထဲကိုတည့်တည့်မတ်မတ်ပင်ဝင်သွားလေသည်။

သူသည်ကျွန်တော့်site ထဲမှဆေးသုတ်လူကြမ်းတစ်ယောက်ဖြစ်သည်။ ကျွန်တော် တော်တော်ပင်အားနာသွားသည်။ ကျွန်တော်သူ့ကိုဆက်ဆံလိုက်ပုံက ရင့်သီးသွားသည်ဟုထင်သည်။ သူကလည်း ကျွန်တော်က မခေါ်ချင်မပြောချင်သောကြောင့် သက်သက်မဲ့ လုပ်လွှတ်လိုက်သည်ဟု ထင်သွားနိုင်သည်။ တကယ်တော့ ကျွန်တော့်ရုပ်သည်မမှတ်မိစရာသိပ်တော့မရှိ..။ သူ့ကိုကျွန်တော်ချက်ချင်းပင် တောင်းပန်လိုက်သည်။

"အာ...ဦးလေး ဆောရီးဗျာ... ကျွန်တော်က ဆေးသုတ်တဲ့အ၀တ်အစားနဲ့ပဲမြင်နေကျဆိုတော့ ရုတ်တရက်စဉ်းစားမရလို့ပါ ဟီး ဟီး ဦးလေးကလည်းကျွန်တော်ကဘယ်ကလည်း မေးတော့ဒီကလို့ပြောရင်ရတာကို..."

လေပြေကလည်း သွေးလိုက်ရသေးသည်။ သူကလည်း ကျွန်တော့်ကိုပြန်အားနာသွားသည်ထင်သည်။
ကျွန်တော်လည်း တကယ်လူမှားနေတယ်ထင်လို့ပါ ဟုပြန်ပြောသည်။

တကယ်တော့ကျွန်တော့်လိုအပ်ချက်သာဖြစ်သည်။ ကျွန်တော်သည် လူမျက်နှာများကိုမှတ်ရာတွင် တော်တော်ညံ့ဖျင်းပါသည်။ သူအလုပ်လုပ်နေသည်ကို အာရုံစိုက်ပြီး သူ့မျက်နှာကို သတိမထားမိခြင်းမှာ လူတစ်ယောက်ကိုအသိအမှတ်မပြုသည်နှင့်တော်တော်ပင် ဆင်တူပါလိမ့်မည်။ သူသည်ကျွန်တော်ထိုသို့ဆက်ဆံမိသဖြင့် စိတ်မကောင်းလည်းဖြစ်သွားနိုင်လောက်သည်..။ ထို့ကြောင့်ကျွန်တော်သည် လူမူ့ဆက်ဆံရေးညံ့ဖျင်းသူတစ်ယောက်ဟုပင် သူထင်သွားနိုင်လေသည်။

ကျွန်တော်ကလည်းကျွန်တော်ပင် လူတွေရဲ့မျက်နှာကိုဆိုသိပ်ပြီးဂရုတစိုက်ကြည့်မိလေ့မရှိ..။ ခြွင်းချက်အနေနဲ့ ကောင်မလေးချောချောလေးများကိုတော့ တစ်ခါမြင်ဖူးရင် တစ်သက်မှတ်မိတတ်သည် :P ။ သူငယ်ချင်းကောင်မလေးတစ်ယောက်ကတော့ လူမျက်နှာတွေကို တော်တော်ပင်မှတ်မိသည်။ ယုတ်စွအဆုံးသူသည် ကားစပါယ်ယာများကိုပင် မှတ်မိလေသည်။ သူသည်လမ်းတွေကိုတော့ မမှတ်မိတတ်...။ ကျွန်တော်ကတော့ လမ်းများ၊တည်နေရာများနှင့်ပတ်သတ်လျှင် ကျွန်တော့်သူငယ်ချင်းများ ထက်ပို၍မှတ်မိသည်ဟုထင်သည်။

ကျွန်တော့်သူငယ်ချင်း ပြူးကတော့ မွေးနေ့များ၊ ဖုန်းနံပါတ်များကို သူများထက်ပို၍မှတ်မိသည်။ မွေးနေ့နှင့်ပတ်သတ်လျှင်လည်း ကျွန်တော်သည် ညံ့ဖျင်းသူတစ်ယောက်သာဖြစ်သည်။ ကျွန်တော့်မွေးနေ့မှလွဲ၍ ကျန်သောမွေးနေ့ဆိုလျှင် တစ်ခုကိုသာ မှတ်မိသည်။ ဒါတောင်ကျွန်တော်နှင့် ရက်လောက်ပဲကွာသောကြောင့်ဖြစ်သည်။ မွေးနေ့များကို မမှတ်မိသောကြောင့် သြော် ဟုတ်သားပဲ ဘာညာဆိုပြီး အလိုက်သင့်ပြောခဲ့ရသည်လည်းများပြီ။

လူသည်တစ်နေရာတွင် မှတ်ဥာဏ်ကောင်းသော်လည်း တစ်နေရာတွင် မကောင်းနိုင်ဟုထင်ပါသည်။ ကျွန်တော်သည်လည်း ထိုကဲ့သို့ပင် လမ်းများနှင့်ပတ်သတ်လျှင် မှတ်ဥာဏ်ကောင်းသော်လည်း လူ့မျက်နှာများ၊ ဖုန်းနံပါတ်များ၊ မွေးနေ့ နေ့စွဲများနှင့်ပတ်သတ်လျှင် ညံ့ဖျင်းပါသည်။ ထိုအကျင့်ကို အတတ်နိုင်ဆုံးပြင်ရပေဦးမည်။ မျက်နှာပူခဲ့ရ၊ မျက်နှာပျက်ခဲ့ရပေါင်း များခဲ့ပြီမဟုတ်လား....။

အသုံးလုံး ပုံပြင်

18 July 2009

ရှေးသရောအခါက ဗာလာဏသီပြည်တွင် မဟာဗာလာနံမင်း မင်းပြု၏ ။ ထိုမင်းတွင် ၀န်မင်း ၃၃ ပါးရှိသည်။ ထိုဝန်မင်းများထဲမှာ တစ်ပါးဖြစ်သောစက်မူ့ပါလ၀န်မင်းသည် တစ်နေ့သောအခါတိုင်းပြည်အတွင်း လှည့်လှည့်ကာ မိမိလက်အောက်တွင်ရှိသောအရာရှိ၊အရာခံများအား စစ်ဆေးတော်မူ၏ ။ ထိုဝန်မင်းယူရသောတာဝန်မှာကား တိုင်းပြည်တွင် ဗိသုကာများ၊ စက္ကောမပညာရှင်များ၊ လက်သမားများ၊ လောကဓါတ်ပညာရှင်များ ၊ အစရှိသည့် ပညာရှင်များပေါ်ထွန်းစေရန် အသက်မွေးဝမ်းကျောင်းပြုရသည့် တက္ကသီလာများအား အုပ်ချုပ်ရခြင်းဖြစ်လေသည်။ ( ထိုခေတ်ကအင်္ဂလိပ်စာသည် ယခုခေတ်လောက်မတွင်ကျယ်သေးသဖြင့် အင်ဂျင်နီယာဟူသော အသုံးအနှုံးမပေါ်သေးကြောင်း သမိုင်းအထောက်အထားများအရသိရှိရလေသည်။ ဤကားစကားချပ် )

ဝန်မင်းသည်ယခုခေတ်ပေါ်တူဂီလူမျိုးဖီလစ်တိုဒီဘရစ်တိုအုပ်စိုးခဲ့သောပါဒတိုင်းအရပ်ရှိတက္ကသိုလ်ကျောင်းတစ်ခု သို့ ရောက်ရှိလေသည်။ ထိုကျောင်းသို့ရောက်လတ်သော် ကျောင်းသား၊ကျောင်းသူများသည် သတင်းစာလည်းမဖတ်၊ရုပ်မြင်သံကြားလည်း ချိုဆင်ပြည်မှကားများကလွဲ၍မကြည့်ကြသဖြင့် ၀န်မင်းအား ၀န်မင်းမှန်းမသိပဲ ဘယ်ကဘဲကြီးလဲဟုပုခုံးချင်းတိုက်သွားသည်ကတစ်မျိုး ၊ အတွဲလေးများသည်လည်း လက်တွဲမပျက်၊ပုခုံးဖက်မပျက် ၀န်မင်းရှေ့ကဖြတ်လျှောက်သွားကြသည်ကတစ်ဖုံရှိသော် ၀န်မင်းသည် အလွန်ပင်ဒေါသအမျက်ထွက်ရှိတော်မူ၏ ။ ထို့ထက်ပို၍ဆိုးသည်ကား ကျောင်းသားတစ်ယောက်သည် ၀န်မင်းအား

"ဦးလေး မီးခြစ်ပါရင် တစ်တို့လောက်"

ဟုဆိုလေလျှင် ၀န်မင်းသည်အယောင်ယောင်အမှားမှားဖြင့် ထုတ်ပေးမည်ပြုပြီးမှမိမိအဖြစ်ကိုသတိရပြီး

သြော် ကျောင်းသား၊ကျောင်းသူများကား ငါ့ကိုပင်သောက်ဂရုမစိုက်ကြပါလား ဟုဆင်ခြင်မိလေသည်။

ဤသည်မှာလည်း အပြစ်မဆိုသာချေ ။ ကျောင်းသား၊ကျောင်းသူများသည် ၀န်မင်းအားဝန်မင်းဟု
မသိခြင်းကြောင့်သာဖြစ်ပြီး ၀န်မင်းဟုသာသိပါက တောကောင်ငယ်လေးများသည် ကေသရာဇခြင်္သေ့မင်းကိုမြင်သောအခါထွက်ပြေးကြသကဲ့သို့လည်းကောင်း၊ အမှောင်တိုက်သည် ဘာဏုရာဇာနေမင်းကြီးထွက်ပေါ်လာပါက စကြ၀ဠာမဟာတံတိုင်းမှဝေးရာသို့ပြေးသကဲ့သို့လည်းကောင်း၊ လူကောင်းတို့သည်ခွေးရူးလာသောအခါ ချက်ကို ၁၄ လုံးထိုးဆေးထိုးရမှာစိုး၍ ဝေးရာသို့ပြေးသကဲ့သို့လည်းကောင်း၊ လမ်းဘေးဈေးသည်တို့သည် စည်ပင်သာယာရဲလာပါက ကိုယ်လွတ်ရုန်း၍ပြေးကြသကဲ့သို့လည်းကောင်း ရှောင်ရှားကြမည်မှာမလွဲတည်း ။ ( ကျန်သော ဥပမာအများအပြားပေးနိုင်သေးသော်လည်း ဘလော့ဂ်စာမျက်နှာမီဂါဗိုက်ကို ငဲ့ကွက်သောအားဖြင့် ဤမျှသာဖေါ်ပြထားပေသည် )

ဝန်မင်းသည်သူ၏ ကျောင်းသား၊ကျောင်းသူများအား လွန်စွာချစ်မြတ်နိုးတော်မူသောကြောင့် စာမှစာသာသင်စေလိုလေသည်။ ကျောင်းသား၊ ကျောင်းသူများ၏ရှိသမျှအချိန်များ အားလည်း စာသာပထမ၊ စာသာဒုတိယ၊ စာသာလျှင်ထာဝရစသည်ဖြင့်ကုန်ဆုံးစေလိုသည်။ထိုအခါဝန်မင်းသည် အဘယ်အတွက်ကြောင့် ဤကျောင်းသား၊ကျောင်းသူများသည် စာသင်ချိန်အတွင်း အပြင်၌လတ်လျားလတ်လျားဖြစ်နေကြသနည်းဟု သူ၏တပည့်အရာရှိ၊အရာခံ ပါမောက္ခများအား မေးမြန်းစုံစမ်းလေသည်။

ဝန်မင်းကအမိန့်တော်ရှိလေလျှင် ချိုလိမ်လေးပါးစပ်မှာငုံလျှက်သားရှိသော ၀န်မင်း၏တပည့်ကျော် မဟာပါရဂူဒိသာပါမောက္ခချုပ်ကြီးသည် ပြင်းစွာသောတုန်လှုပ်ခြောက်ခြားခြင်းဖြင့်

"မှန်..မှန်ရာ့ပါ ၀န်မင်းဖုလား..."

"ဟေ့ မယ်မင်း နင့်ချိုလိမ်ကြီးချွတ်ပြီး ကိုယ်တော့်ကိုမှန်ရာမြန်မြန်လျှောက်တင်စမ်း"

ထိုအခါမှ မဟာပါရဂူဒိသာပါမောက္ခချုပ်ကြီးသည် မိမိအဖြစ်ကိုသတိရပြီး ချိုလိမ်ကိုချွတ်ကာစိတ်ကိုတင်း၍ ၀န်မင်းအားလျှောက်တင်လေသည် ။

"မှန်လှပါ့ ဘုရား... အရှင့်တပည့်ကျော်များဟာ မဟာစာချုပ်တော်ကြီးများကို ဖေါက်ဖျက်၍ စမ လမ်းကိုထွက်သွားကြကြောင်းပါဘုရား"

"ဟေ ထွက်ရပ်လမ်းကို မြန်းကြတာလားကွယ့် ဒါဖြင့်ရင်တော့သူတော်ကောင်းကြီးများပေပဲ"

"မဟုတ်ရကြောင်းပါဘုရား.......... စမလမ်းဆိုတာ တကယ်တော့ စလုံးပြည်၊ မလေးပြည် အစရှိတဲ့အိမ်နီးချင်းနိုင်ငံများမှာ သွားရောက်အလုပ်လုပ်ကိုင်ကြတာကို ပြောတာပါဘုရား..."

"ဟေ... ဒါဆိုငါ့ရဲ့သား၊ သမီးကဲ့သို့ ချစ်ရသောတပည့်ကျော်များဟာ ငါ့ရင်ကိုစုံကန်ထွက်ခွာသွားခဲ့ကြတာပေါ့... ဒါဆိုလည်း ဒီကောင်တွေပြန်လာတာနဲ့ ထောင်သွင်းအကျဉ်းချစေ၊ ကျောတစ်ရာ၊ရင်တစ်ရာ ကြိမ်ဒဏ်ခတ်စေ၊ ယခုပင်လျှင်အမိန့်တော်ထုတ်၍ မတရားစာရင်းသွင်းစေ"

ဟုလူကြီးပီသစွာဆုံးဖြတ်တော်မူလေသည်။

ထိုသို့ ဆရာ၊ဆရာမများလိုအပ်နေသောကြောင့် ကျောင်းသား၊ကျောင်းသူများ လတ်လျားလတ်လျားဖြစ်ရခြင်း အကြောင်းကို သိတော်မူလေလျှင်ဝန်မင်းသည် ဤကဲ့သို့အမှတ်တမဲ့မိန့်ကြားတော်မူလေသည်။

"အလို ... ဒီလိုဆိုလျှင်ဖြင့် မဟာသစ်စည်း လုပ်ကြမဲ့ ကျောင်းသား၊ကျောင်းသူတွေက အငယ်တန်းတွေကို လုပ်အားပေးသဘောနဲ့သင်ကြားပေးရင်ဖြင့် ကောင်းကြပေလိမ့်မယ် မောင်မင်း၊ မယ်မင်းတို့ရဲ့"

(သစ်စည်းဆိုသည်မှာ ယခုခေတ်အခေါ် သီးဆစ်(Thesis ) နှင့် အဓိပ္ပါယ်တူမတူအား ဘာသာဗေဒပညာရှင်များ သုတေသနပြုလုပ်သင့်ပေသည်။ ဤကား... စကားပြား......)

ဝန်မင်းကထိုကဲ့သို့ မိန့်တော်မူလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ထွာပြလျှင် တစ်လံ၊တစ်မိုင်မျှမက တစ်ဆုံးထိပင်မြင်ကြသောနောက်လိုက်၊နောက်ပါ ပါချုပ်၊ ဘာချုပ်တို့သည်လည်း

"သင့်မြတ်လှကြောင်းပါ ဘုရာ့...၊ မှန်ကန်လှကြောင်းပါ ၀န်မင်းဘုရာ့၊ ၀န်မင်းအတွေးက လန်းတယ်ဗျာ"

အစရှိသဖြင့် အဆင်းဘီးတပ်လုပ်ကြလေသည်။

ဝန်မင်း၏ကိုယ်ရေးအရာရှိတော်မင်းကလည်း ၀န်မင်းပြန်လည်ကြွခါနီးတွင် တက္ကသီလာမှတာဝန်ရှိသူများအား

"လုပ်အားမပေးရင်ဘာဖြစ်မယ်၊ ညာဖြစ်မယ်... သစ်စည်းပေးမလုပ်ဘူးလို့ ခြောက်လုံးလေးလှန့်လိုက်ဦးနော် ပါချုပ်ကြီးတို့"

ဟုလက်တော်တို့ပြီးပြောခဲ့လေရာ..... နောက်လိုက်၊နောက်ပါတို့သည်လည်း ၀န်မင်းသဘော နောကြေနေပြီ ဖြစ်သောကြောင့်ပြောစရာမလိုပါဟု ပြန်လည်ပဏ္ဏာလုပ်ကြလေသည်။

ထိုခေတ်သည်ယခုခေတ်ကဲ့သို့ ဆိုရှယ်လစ်စနစ်၊ ဒီမိုကရေစီစနစ် အစရှိသောစနစ်များ၊ နီယိုကွန်၊ဘာကွန်ညာကွန်များ၊ လစ်ဘရယ်၊ ဘာဘရယ်ညာဘရယ်အစရှိသော ဂိုဏ်းဂဏများလည်း မကွဲပြားသေးပဲ ပဒေသရာဇ်စနစ်သာလျှင်ထွန်းကားပေရာ ၀န်မင်းနှုတ်ထွက်စကားတစ်လုံးသည် စာရွက်များပေါ်တွင်ရေးထားသော ဥပဒေတစ်ရာထက်ပင်လွန်စွာအရာရောက်လေသည်။ ထို့ကြောင့် ၀န်မင်းအမိန့်တော်ရှိတော်မူသည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာတော်ချုပ်ကြီးသည် အမိန့်စာတစ်စောင်ကိုသက်ဆိုင်ရာတက္ကသီလာ အသီးသီးသို့ဖြန့်ချီတော်မူလေသည်။

စာရွက်ပေါ်မှအမိန့်တော်တို့သည် ဖတ်လို့ကောင်းအောင်စကားအလှတန်ဆာဆင်ထားသော်လည်း လိုရင်းမှာကား စာသင်ရမည်၊ လုပ်အားပေးဆိုသော်လည်း အမြဲတမ်းဆရာများလိုပင်စာသင်ရမည်၊ အပြင်မှာ ကျိတ်ဝိုင်း၊ဘာဝိုင်း မလုပ်ရ၊ အမြဲတမ်းသင်ရသောဆရာများကဲ့သို့ပင် ၀န်မင်းထုတ်သမျှ အမိန့်တော်တို့ကိုလိုက်နာရမည်ဟု ပါရှိလေသည်။ သို့သော် ထိုကဲ့သို့သင်ကြားပေးသောကြောင့်တက္ကသီလာသို့ လာရသောမြင်းရထားစရိတ်တို့ကို ပြန်ပေးမည်ဟူ၍သော်လည်းကောင်း၊ လုပ်အားပေးကာလအတွင်း သုံးစွဲရန်အဿပြာငွေချီးမြှင့်မည်ဟူ၍ လည်းကောင်း တစ်စိုးတစ်စိမျှမပါလာခဲ့ပေ...။

သက်ဆိုင်ရာတက္ကသီလာများမှပါချုပ်ကြီးများသည်လည်း အမိန့်တော်ပြန်တမ်းကိုရလေလျှင် လုပ်အားပေးဟု အမည်ခံသော်လည်း သက်ဆိုင်သူများအားသဘောထားကိုမျှမမေးပဲ သစ်စည်းလုပ်ရမည့်သင်တန်းသား များအား တစ်ယောက်လျှင်တစ်စောင်ဖြန့်ဝေကာလက်မှတ်များထိုးခိုင်းလေတော့သည်။

............................................. ။ .............................................

ထိုအခါ သင်တန်းသား၊သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူများသည် စိတ်ညစ်ညူးကြပြီးလျှင် ဘာလုပ်ရမည်မှန်းမသိသဖြင့် မဟာဘလော့ဂ်ဂါအကျော် ပညာရှိဆရာက၀ိဖားကြီးအား ဤသို့မြည်တွန်တိုင်ပင်ကြလေ၏ ။

"အို... ဆရာဖား ငါတို့ကား သစ်စည်းလုပ်ရင်း တစ်ဖက်ကလည်းလုပ်ငန်းခွင်ဝင်မည်ဟု အားခဲထားကြ၏ ။ အချို့ဆိုလျှင် အလုပ်ပင်ရနေကြပြီဖြစ်သည်..။ ယခုဝန်မင်းက ဤသို့အမိန့်ထုတ်သော် ငါတို့ဘာလုပ်ရမည်မှန်းမသိတော့"

ဟု ကျောင်းသားတစ်ယောက်ကပြောလေသည်။ ကျောင်းသူတစ်ယောက်ကလည်း

"ဟုတ်ပေသည်ဆရာဖား ... ငါတို့သည်လည်း သစ်စည်းလုပ်ရင်းအခြား အတ်တိုကော်၊ အတ်စတီမိတ် စသောသင်တန်းများတက်နေကြသည်..။ ၀န်မင်းခိုင်းသလို စာသင်ရလျှင် ငါတို့အဖို့သင်တန်းများပျက်လျှက်အဿပြာငွေများစွာ ဆုံးရှုံးပေတော့မည်။"

ဟုတစ်ယောက်တစ်ပေါက်တိုင်ကြားကြလေသည်။

နည်းနည်းထက်မြက်သော ကျောင်းသားတစ်ယောက်ကမူ

"ဆရာဖား ထိုကိစ္စသည်အဓမ္မမူ့နှင့်ဆင်တူ၏ ကာလသမ္မဂု သို့တင်ပြလိုက်လျှင်အသို့ဖြစ်မည်နည်း"

ထိုအခါ မျက်စိမှိတ်၍ သေသေချာချာနားထောင်နေသောဆရာဖားသည်လည်း မျက်လုံးကိုဖွင့်ကာထိုကျောင်းသားအား

"ထို့သို့မလုပ်လင့် အမောင်... ၀န်မင်းကားငါ့ထက်ပင်ဥာဏ်အရာ၌များစွာသာလေသည်... သင်ကထိုသို့တိုင်ကြား၍ ကာလသမ္မဂု ကစုံစမ်းလေသည်နှင့် ၀န်မင်းမဆိုထားဘိ၊ ၀န်မင်း၏နောက်လိုက်များကပင် ငါတို့ဗာလာဏသီသည် ရှေးအခါကတည်းကတစ်ဦးကိုတစ်ဦးကူညီခြင်း၊ ရိုင်းပင်းခြင်းကို မင်္ဂလာတရားအဖြစ်သတ်မှတ်သောကြောင့် စေတနာအလျှောက်သာ လုပ်အားပေးကြခြင်းဖြစ်သည်ဟု ရှေးကလိုပင်ပြောကြပေလိမ့်မည်။ ထိုအခါသင့်အတွက်ပင်လျှင် လွန်စွာအန္တာရာယ်များလှပေသည်။"

"သို့ဆိုလျှင်... ငါတို့အဘယ်အမူ့ပြုရပေမည်နည်း"

ကျောင်းသား၊ကျောင်းသူများက တစ်ညီတစ်ညွတ်တည်းမေးလျက်သည်ရှိသော် ပညာရှိဆရာဖားလည်းဤသို့မွက်ကြားလေသည်။

"အမောင်တို့၊မယ်တို့ သင်တို့သည် အ သုံးလုံးကိုကျင့်ကြပေတော့"

"အ သုံးလုံးဆိုသည်မှာဘာကိုဆိုလိုသနည်း ဆရာဖား"

"အမောင်တို့သင်တို့သည် သစ်စည်းကိစ္စပြတ်မှသာ အတန်းအောင်မြင်ကြမည် မဟုတ်လော"

"ဟုတ်ပေသည်ဆရာဖား"

"သင်တို့အားလုံး အောင်မြင်လိုကြသည်မဟုတ်လော"

"အောင်မြင်လိုပေသည် ဆရာဖား"

"ဒါဖြင့်လျှင်ယခုလိုအချိန်အခါ၌ သင်တို့စွဲစွဲမြဲမြဲမှတ်ထားရမှာကား အ သုံးလုံးဖြစ်သည့်
အောင် ချင်လျှင် ချင်ယောင်ဆောင်ပြီး အင်း ဟုသာခေါင်းငြိတ်လိုက်ကြပေတော့"

ဟုမိန့်ကြားတော်မူလေလျှင် ကျောင်းသား၊ ကျောင်းသူများသည်လည်း ဟုတ်ပါပေသည်၊ ပညာရှိခေါ်ဆိုထိုက်ပါပေသည်ဟု ၀ိုင်းဝန်းချီးမွမ်းချွန်တွန်းလုပ်ကြလေတော့သည်..။

ထို့နောက် သစ်စည်းလုပ်ရမည့်ကျောင်းသား၊ကျောင်းသူများသည်လည်း ဆရာဖားစကားကိုနားထောင်ကာ မိမိထက်အတန်းငယ်သောသူများအား စာသင်ကြားပေးလေတော့သည်။ ဤသို့ဖြင့် ချိုလိမ်မပြတ်သေးသော ပါရဂူများကလမ်းလျှောက်တတ်စ မဟာကျောင်းသားများကိုစာသင်၊ လမ်းလျှောက်တတ်စမဟာကျောင်းသားများက လေးဘက်ထောက်ကျောင်းသားများကိုစာသင်၊ လေးဘက်ထက်ကျောင်းသားများက ၀မ်းလျားမှောက်ကျောင်းသားများကို စာသင်၊
ဝမ်းလျောက်မှောက်ကျောင်းသားများက အမိဝမ်းတွင်းမှသန္ဓေသားများကို စာသင်လေလျှင် တိုင်းသူပြည်သားများလည်း အမိဝမ်းမှမကျွတ်မှီပင် ပညာတတ်များဖြစ်လျှက် တိုင်းကားပြည်ရွာမှာအရင်ကထက်ပင် အေးချမ်းသာယာပြီးခေတ်မှီဖွံ့ဖြိုးတိုးတက်ကုန်လေသတည်း...........။ သာဓု... သာဓု...သာဓု..
............................................. ။ .............................................

တစ်လောက ကျွန်တော်ဖတ်ဖြစ်တဲ့စာအုပ်က ဆရာမောင်ထင်ရဲ့ လူကြီးများဖတ်ဖို့ပုံပြင် ဆိုတဲ့စာအုပ်ပါ... ဆရာ့စာက သရော်စာတွေဆိုတော့လောကကို ကိုးလန့်ကန့်လန့်မြင်တတ်တဲ့ကျွန်တော် တော်တော်လေးကြိုက်သွားခဲ့ပါတယ်..။ ဒီကြားထဲ ဇာတ်လမ်းတစ်ပုဒ်ကလည်းကြားလိုက်ရတော့ စိတ်ကူးရပြီး ဆရာကြီးမောင်ထင်ပုံစံလိုက်ရေးကြည့်တာပါ..။ အကြောင်းအရာတွေနဲ့ပတ်သတ်လို့ကတော့ လွန်တာရှိလျှင်ဝန္ဒာမိပါ အာစရိအပေါင်းတို့................။

ငါ့ဒေါသများ

13 July 2009


( အ )

ဒီနေ့ အလုပ်လုပ်ရတာ အဆင်မပြေဖြစ်သည်။ အထက်လူကြီးများသည် ငါ့စကားကို အရာမသွင်းသကဲ့သို့ အောက်လူများကလည်း ငါ့စကားကို နားမထောင်ကြ..။ ထို့ကြောင့် ငါသည် စိတ်ပျက်ခြင်းများဖြစ်ပေါ်ကာ ဒေါသများ အလိုလိုထွက်နေသည်။ ဒေါသ ထွက်ခြင်းသည် မကောင်းဟု ငါ့စိတ်ကနားလည်သော်လည်း တကယ့်တကယ်တမ်းတွင် ငါ့စိတ်ကိုငါ ကောင်းစွာထိန်းချုပ်နိုင်ခြင်းမရှိသေးပေ..။

အလုပ်မှနေ၍ ကားမှတ်တိုင်ကို လမ်းလျှောက်ရသောခရီးသည် ခါတိုင်းထက်ပိုရှည်လျားသည်ဟု ထင်သည်။ အကယ်၍ ဘူးခွံအလွတ်တစ်ခုခု သို့မဟုတ် ကန်၍ကောင်းသော အရာတစ်ခုခုကိုတွေ့လျှင် ရုပ်ရှင်များထဲမှ ဇာတ်လိုက်များကဲ့ ငါကန်မိမည်ဖြစ်သော်လည်း လမ်းဘေးတွင်အုတ်ခဲများသာတွေ့သောကြောင့် ဘာကိုမကန်ဖြစ်ခဲ့...။


ငါစီးချင်သော ဘတ်စကားက စောင့်ရတာတော်တော်ကြာသည်။ ထိုမျှရှားပါးလှသော ဘတ်စ်ကားလိုင်းအား မည်သည့်အတွက်ကြောင့် ဆက်ထားနေရသလဲဆိုတာ ငါစဉ်းစားလို့မရ...။

ပျင်းရိငြီးငွေ့ဖွယ်ကောင်းလောက်အောင်စောင့်ဆိုင်းပြီးနောက် လိပ်၏လျှင်မြန်ခြင်းမျိုးရှိသော ဘတ်စ်ကားသည် ငါစောင့်နေသောမှတ်တိုင်သို့ တဖြည်းဖြည်းချည်းကပ်လာလေသည်။ ကားပေါ်ငါတက်တော့ ခရီးသည်က ခုံအပြည့်ပါလာသည်။ ပင်ပန်းလာသော ငါသည်ထိုင်ခုံမရသောကြောင့် အလွန်ပင်စိတ်ပျက်လှသည်။ ခါတိုင်းဆိုလျှင် ငါစီးသောမှတ်တိုင်မှတက်ပါက ခုံတစ်ခုံလောက်တော့ ငါ့အတွက်ရမည် ဖြစ်သော်လည်း ဒီနေ့တွင် လူတွေအားယားနေကြသည်ထင်သည်။ အားအားယားယား အပြင်ထွက်ကြသော သူများတွင် မည်သည့်အရေးကြီးကိစ္စများရှိနေမလဲဟု ငါတွေးမိသည်။

လိုချင်သလောက် ခရီးသည်မရသောကြောင့် ကားကမှတ်တိုင်တစ်ခုချင်းစီမှာ အကြာကြီးရပ်သည်။ ခရီးသည်ရရမရရ ကားကို မြန်မြန်သာထွက်စေချင်သည်..။ ငါပင်ပန်းလှပြီ။ အိမ်သို့သာ မြန်မြန်ပြန်ရောက်ချင်နေသည်။ ကားတစ်စီး မှတ်တိုင်တွင် ကြာခြင်းမကြာခြင်းမှာ စပါယ်ယာပေါ်မှာ များစွာ မူတည်သည်။ လိုက်ရင်လာ... လိုက်ရင်လာဟု အာပေါက်မတတ်အော်နေသော စပါယ်ယာကို ငါမုန်းတီးသည်။ လိုက်ပါစီးနင်းလိုသော ခရီးသည်များအားလုံး ကားပေါ်ရောက်နေပြီဖြစ်သော်လည်း အနှီစပါယ်ယာကောင်သည် ကားကွက်ချသည်ဟုဆိုကာ လိုက်စရာမလိုသောသူများကိုပါ ကားပေါ်ဆွဲတင်ချင်နေသည့် ပုံပေါက်နေလေသည်..။ ငါအလွန်မုန်းလာသောကြောင့် ငါသိသမျှဆဲနည်းပေါင်းစုံဖြင့် ထိုစပါယ်ယာအား စိတ်ထဲမှနေ၍ ဆဲဆိုလေသည်။

ကားသည်ဆက်လက်ထွက်ခွာလာပြီး မီးပွိုင့်မိသွားသည်။ ငါစိတ်ရှည်မှ ဖြစ်မည်..။ ဒါက စည်းကမ်းအရဖြစ်သည်..။ မီးပွိုင့် ဘယ်လောက်ကြာကြာနီမလဲဟု သိရန်ငါ့စိတ်ထဲကရေတွက်သည်။
တစ်စက္ကန့် ...............
နှစ်စက္ကန့် .............
သုံးစက္ကန့် ............
ငါး ဆယ့်လေး ......
တစ်မိနစ် ......
နှစ်မိနစ် ......
သုံးမိနစ် .......
လေးမိနစ် ......
ရှစ်မိနစ် .....

တစ်ဖက်ယာဉ်ကြောကို မျက်နှာလိုက်လွန်းသည်ဟု ထင်လာသည်။ ဟေ့..... ဒီမှာ ငါလာတဲ့လမ်းဖက်က မီးကို စိမ်းပေးဖို့ သတိရကြသေးရဲ့လား...။ ကမ္ဘာမြေကြီးကို ဖေါက်ခွဲပစ်ချင်နေသူ တစ်ယောက်တော့ဒီကားပေါ်မှာ စိတ်ရှည်ရှည်နဲ့စောင့်စားနေလေရဲ့..........။

မီးပွိုင့်က ငါလာတဲ့ယာဉ်ကြောဖက်ကို သွားခွင့်ပြုလိုက်သည်။ နောက်တစ်မှတ်တိုင်ရပ်..... ခရီးသည်ချ ....ခရီးသည်တင်....ကားကွက်ချ.... စပါယ်ယာကို အရင်အတိုင်းကျိန်ဆဲ...ကားကဆက်လက်ထွက်ခွာ........။ မှတ်တိုင်က ထွက်ခွာ၍ အရှိန်ရရုံရှိသေး ကားကရုတ်တရက်ရပ်လိုက်ပြန်သည်...။မိန်းမအိုကြီးတစ်ယောက် တားသည်ကိုမမြင်ချင်ယောင်ဆောင်သည့် ဒရိုင်ဗာသည် စကဒ်တိုတိုကောင်မလေးတစ်ယောက်တားသည်ကို
ရုတ်ချည်းပင်ရပ်တန့်ပေးသည်။ အလွန်ပင်ငမ်းကြောထလှသည့် ထိုဒရိုင်ဗာအား နှာဗူးကြီးဟု စိတ်ထဲမှနေ၍ ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲလိုက်သည်။ မှတ်တိုင်မဟုတ်ပဲ ခရီးသည်တင်သည့် ထိုဒရိုင်ဗာနှင့်စပါယ်ယာ ဆရာတပည့်တွေအား ရဲဖမ်းစေချင်သည်။ မှတ်တိုင်မဟုတ်ပဲ ကားတားစီးသည့် ထိုစည်းမဲ့ကမ်းမဲ့ ကောင်မလေးအားလည်း သက်ဆိုင်ရာက အရေးယူစေချင်သည်။ ဘာအမူမှ ခေါင်းစဉ်တပ်မရရင် စကဒ်တိုတိုဝတ်မူ့နှင့် အရေးယူသင့်သည်။ ကားတွေအတွက် အန္တာရယ်ရှိလှသောကြောင့်ဖြစ်သည်။

ကားကငါဆင်းရမည့်မှတ်တိုင်ရောက်တော့ လမ်းမီးများပင်လင်းစပြုနေပြီ။ ပတ်ဝန်းကျင်အား အမှောင်ထုကကြီးစိုးနေလေပြီ။ ငါနေထိုင်ရာတစ်ဖက်ခြမ်းသို့ ကားလမ်းကူးရပေဦးမည်။ ဒီနေ့မှ ကားတွေကရှုတ်ထွေးလွန်းလှသည် ထင်သည်..။ ဘတ်စ်ကားတစ်စင်းကွယ်နေသည်ကိုငါဂရုမစိုက်တော့ အိမ်ကိုမြန်မြန်ပြန်ရောက်ရန်သာ စိတ်ကစောနေသည်။ ဘတ်စ်ကားအကွယ်မှနေပြီး ငါကားလမ်းဖြတ်ကူးလိုက်ချိန်တွင်..................။

တီ...တီ..တီ................တီ...............................................................

အသံရှည်တစ်ခုကို ကြားလိုက်ရသည်...။

မျက်လုံးများကျိန်းစပ်သွားသောကြောင့် ဘာမှပြင်ဆင်ချိန်မရတော့ .....။ ငါ့ရင်ဘတ်တစ်ခုလုံးလစ်ဟာသွားသည်။ နောက်ဆုံးငါမြင်လိုက်ရသည်က အလင်းရောင်စူးစူးကြီးဖြစ်သည်။ ဟုတ်သည်.....။ အလင်းရောင်ကို ငါမြင်လိုက်ရသည်...။ အ...လင်း..ရောင်..ကို...ငါ..မြင်လိုက်ရသည်။
အ............လ.........င်း........ေ....ရ.....ာ....င်......ကို....ငါ.......မြင်လိုက်ရသည်..........။

................................................................. ။ .......................................................................

( က )

ထိုမျှမိုက်မဲ၍ အသုံးမကျသော ဒရိုင်ဘာကို ငါအလွန်မုန်းတီးသည်။ မြို့လယ်ခေါင် လမ်းမီးထိန်ထိန်များကြားထဲတွင် ကားကိုမီးမချပဲ မီးထိုးမောင်းလာသော ထိုဒရိုင်ဘာ၏ဦးနှောက်ထဲတွင် ဘာတွေရှိနိုင်မလဲဟု ငါသိချင်လှသည်...။ သူ့ကားမှထိုးသော မီးအလင်းရောင်သည်ငါ့ကိုတွေဝေစေခဲ့သည်။

အချိန်ဘယ်လောက်မှ မလိုပါ။ လူတစ်ယောက်အိမ်ပြန်မရောက်ရန်အတွက် တစ်မိနစ်သို့မဟုတ် ထို့ထက်အနည်းငယ်မျှသာပိုသောအချိန်က ဆုံးဖြတ်ပေးလိုက်သည်။ အိမ်သို့မရောက်ပဲ ဘယ်ဆီမှန်းမသိသည့် ချောက်ကမ်းပါးနက်ကြီးထဲ ငါရောက်သွားသည်။ ထိုသောက်သုံးမကျသော ဒရိုင်ဘာနှင့် သံသရာမှာငါနောက်ထပ်မတွေ့လိုတော့.......။ တိတိကျကျပြောရလျှင် ထိုဒရိုင်ဘာထက် ပိုမိုက်မဲ၍ ဒေါသကြီးတတ်သောလူ့အန္ဓငါကိုယ်တိုင်နှင့်လည်း ထပ်မံမကြုံတွေ့ချင်တော့။ ဒေါသကြောင့် အိမ်အပြန်လမ်းနဲ့ ငါဝေးခဲ့ရပြီမဟုတ်လား..............။