မှတ်ဥာဏ်

1 August 2009

တစ်နေ့က အလုပ်ကိုသွားတော့ ကားကတော်တော်ပင်ကျပ်သည်။ ဒီကြားထဲတစ်မှတ်တိုင်တစ်မှတ်တိုင်ကို ရပ်လိုက်ရင်လည်း တော်တော်နှင့်မထွက်တော့...။ ရာသီဥတုကလည်း မိုးကသာအုံ့မှိုင်းနေသည် မိုးကတော့တစ်စက်မှမရွာသောကြောင့် လှောင်အိုက်အိုက်ကြီး ဖြစ်နေ၏ ။ မှတ်တိုင်တစ်ခုမှာ အကြာကြီးရပ်နေတုန်း လူတစ်ယောက်ကျွန်တော့်ဘေးလာရပ်သည်။ ရာသီဥတုပူတာရော.. အလုပ်နောက်ကျမှစိုးလို့စိတ်မရှည်တာရော ရောပြီးတော့ ကျွန်တော့်ထုံးစံအတိုင်းဒေါသကမ္မဌာန်းပွားများနေခဲ့မိသည်။ ဒါကိုထိုလာရပ်သော လူသည်မရိပ်မိဘူးထင်သည်။ ကျွန်တော့်ကိုပြုံးပြပြီး

"အလုပ်အခုမှသွားမလို့လား ဘယ်ကစီးလာတာလဲ "

ဟုလာမေးသည်။ ကျွန်တော်သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ကျွန်တော်မသိ.........ထို့ကြောင့်

"ဘယ်ကလဲ.. လူမှားနေပြီထင်တယ်နော်..."

ကျွန်တော့်လေသံတို့ ကျွတ်ဆတ်ဆတ်နိုင်သွားကြောင်း ကိုယ်တိုင်သတိထားလိုက်မိသည်။ သို့သော်မတတ်နိုင် ကျွန်တော်ဒီလိုပင် တုံ့ပြန်မိလိုက်သည်။ ပြီးတော့သူ့ကို ဘယ်လိုပင်စဉ်းစားစဉ်းစားကျွန်တော်မသိ...။ ပုံစံကလည်း တစ်မျိုးပင်......။ အနည်းငယ်နွမ်းနယ်ပုံသူ့မျက်နှာနှင့် အ၀တ်အစားပေါ်တွင်မြင်နေရသောကြောင့် ရုတ်တရက်သံသယ၀င်တတ်သည့်စိတ်က ကျွန်တော့်ကိုကြီးစိုးသွားခြင်းဖြစ်နိုင်လေသည်။ ကျွန်တော်သူ့ကို မသိပါ ( သို့မဟုတ် ) ဘယ်သူမှန်းမမှတ်မိပါ ။ သူကလည်းကျွန်တော်ပြောလိုက်သည်နှင့် ရုတ်ချည်းပင်

"ဆောရီးနော်.. လူမှားသွားတယ် "

ဟုပြောလေသည်။ သူ့လေသံတွင်လည်း မာနများနှင့် အောက်သက်သက်ဖြစ်သွားသောကြောင့် မခံနိုင်သော အသံတစ်မျိုးထွက်လာသည်။ ကျွန်တော်လည်း ဘာမှဆက်မပြောဖြစ် ကားပြတင်းပေါက်မှသာအပြင်ကို ငေးနေလိုက်သည်။

ကားကဆက်လက်ထွက်ခွာလာသည်။ သတိထားမိ၍ ဟိုလူ့ကိုကြည့်လိုက်တော့ အခုထက်ထိကားပေါ်က မဆင်းသေး... ။ ကျွန်တော်စဉ်းစားကြည့်သည်...။ ကျွန်တော်စားနေကျ ထမင်းဆိုင်ကလူများလား...။ ကျွန်တော်မမှတ်မိ။ ကွမ်းယာဆိုင်က လူများလား ..။ ဒါလည်းမသေချာ...။ ကျွန်တော့်site နားကတစ်ယောက်ယောက်များလား..။ ဒါဆိုလည်း ကျွန်တော်က သတိမထားမိပေမယ့်... ကျွန်တော့်ကိုမျက်မှန်းတမ်းမိသူတစ်ယောက်ဖြစ်နိုင်သည်..။ ဘယ်လိုပင် စဉ်းစားသော်လည်း အဖြေမထွက်လာသဖြင့် ကျွန်တော်ဆက်မတွေးတတ်တော့..။

ကျွန်တော်ဆင်းရမည့် ကားမှတ်တိုင်ရောက်တော့.. ထိုလူကကျွန်တော့်ရှေ့ကအရင်ဆင်းသည်..။
ကျွန်တော့်ရှေ့ကပင်ခပ်သုတ်သုတ်လျှောက်ကာ နောက်ကိုတစ်ချက်မှလှည့်မကြည့်။ သူဘယ်ကမှန်းသိရန် ကျွန်တော်နောက်ကနေ အသာလိုက်ကြည့်သည်။ သူနှင့်ကျွန်တော်ကလည်း လမ်းကြောင်းကတူနေသည်။ သူသည်ကျွန်တော့်ရှေ့ကနေ ကျွန်တော်သွားနေကြလမ်းအတိုင်းသွားသည်..။ ထမင်းဆိုင်တွေနားရောက်သည် ။ သူမကွေ့......။ ကွမ်းယာဆိုင်ထဲလည်း သူဝင်မသွား..။ site နားကအိမ်တွေစီကလည်းမဟုတ်..။ တဖြည်းဖြည်းနှင့်site နားရောက်တော့ ကျွန်တော့်site ဘက်ကွေ့သည့်လမ်းကို ကွေ့သွားသည်။
ဟုတ်တော့ဟုတ်နေပြီ.........။ site ထဲကအလုပ်သမားတစ်ယောက်ယောက်ပင်ဖြစ်လိမ့်မည်။ ထင်သည့်အတိုင်းပင် သူသည် site ထဲကိုတည့်တည့်မတ်မတ်ပင်ဝင်သွားလေသည်။

သူသည်ကျွန်တော့်site ထဲမှဆေးသုတ်လူကြမ်းတစ်ယောက်ဖြစ်သည်။ ကျွန်တော် တော်တော်ပင်အားနာသွားသည်။ ကျွန်တော်သူ့ကိုဆက်ဆံလိုက်ပုံက ရင့်သီးသွားသည်ဟုထင်သည်။ သူကလည်း ကျွန်တော်က မခေါ်ချင်မပြောချင်သောကြောင့် သက်သက်မဲ့ လုပ်လွှတ်လိုက်သည်ဟု ထင်သွားနိုင်သည်။ တကယ်တော့ ကျွန်တော့်ရုပ်သည်မမှတ်မိစရာသိပ်တော့မရှိ..။ သူ့ကိုကျွန်တော်ချက်ချင်းပင် တောင်းပန်လိုက်သည်။

"အာ...ဦးလေး ဆောရီးဗျာ... ကျွန်တော်က ဆေးသုတ်တဲ့အ၀တ်အစားနဲ့ပဲမြင်နေကျဆိုတော့ ရုတ်တရက်စဉ်းစားမရလို့ပါ ဟီး ဟီး ဦးလေးကလည်းကျွန်တော်ကဘယ်ကလည်း မေးတော့ဒီကလို့ပြောရင်ရတာကို..."

လေပြေကလည်း သွေးလိုက်ရသေးသည်။ သူကလည်း ကျွန်တော့်ကိုပြန်အားနာသွားသည်ထင်သည်။
ကျွန်တော်လည်း တကယ်လူမှားနေတယ်ထင်လို့ပါ ဟုပြန်ပြောသည်။

တကယ်တော့ကျွန်တော့်လိုအပ်ချက်သာဖြစ်သည်။ ကျွန်တော်သည် လူမျက်နှာများကိုမှတ်ရာတွင် တော်တော်ညံ့ဖျင်းပါသည်။ သူအလုပ်လုပ်နေသည်ကို အာရုံစိုက်ပြီး သူ့မျက်နှာကို သတိမထားမိခြင်းမှာ လူတစ်ယောက်ကိုအသိအမှတ်မပြုသည်နှင့်တော်တော်ပင် ဆင်တူပါလိမ့်မည်။ သူသည်ကျွန်တော်ထိုသို့ဆက်ဆံမိသဖြင့် စိတ်မကောင်းလည်းဖြစ်သွားနိုင်လောက်သည်..။ ထို့ကြောင့်ကျွန်တော်သည် လူမူ့ဆက်ဆံရေးညံ့ဖျင်းသူတစ်ယောက်ဟုပင် သူထင်သွားနိုင်လေသည်။

ကျွန်တော်ကလည်းကျွန်တော်ပင် လူတွေရဲ့မျက်နှာကိုဆိုသိပ်ပြီးဂရုတစိုက်ကြည့်မိလေ့မရှိ..။ ခြွင်းချက်အနေနဲ့ ကောင်မလေးချောချောလေးများကိုတော့ တစ်ခါမြင်ဖူးရင် တစ်သက်မှတ်မိတတ်သည် :P ။ သူငယ်ချင်းကောင်မလေးတစ်ယောက်ကတော့ လူမျက်နှာတွေကို တော်တော်ပင်မှတ်မိသည်။ ယုတ်စွအဆုံးသူသည် ကားစပါယ်ယာများကိုပင် မှတ်မိလေသည်။ သူသည်လမ်းတွေကိုတော့ မမှတ်မိတတ်...။ ကျွန်တော်ကတော့ လမ်းများ၊တည်နေရာများနှင့်ပတ်သတ်လျှင် ကျွန်တော့်သူငယ်ချင်းများ ထက်ပို၍မှတ်မိသည်ဟုထင်သည်။

ကျွန်တော့်သူငယ်ချင်း ပြူးကတော့ မွေးနေ့များ၊ ဖုန်းနံပါတ်များကို သူများထက်ပို၍မှတ်မိသည်။ မွေးနေ့နှင့်ပတ်သတ်လျှင်လည်း ကျွန်တော်သည် ညံ့ဖျင်းသူတစ်ယောက်သာဖြစ်သည်။ ကျွန်တော့်မွေးနေ့မှလွဲ၍ ကျန်သောမွေးနေ့ဆိုလျှင် တစ်ခုကိုသာ မှတ်မိသည်။ ဒါတောင်ကျွန်တော်နှင့် ရက်လောက်ပဲကွာသောကြောင့်ဖြစ်သည်။ မွေးနေ့များကို မမှတ်မိသောကြောင့် သြော် ဟုတ်သားပဲ ဘာညာဆိုပြီး အလိုက်သင့်ပြောခဲ့ရသည်လည်းများပြီ။

လူသည်တစ်နေရာတွင် မှတ်ဥာဏ်ကောင်းသော်လည်း တစ်နေရာတွင် မကောင်းနိုင်ဟုထင်ပါသည်။ ကျွန်တော်သည်လည်း ထိုကဲ့သို့ပင် လမ်းများနှင့်ပတ်သတ်လျှင် မှတ်ဥာဏ်ကောင်းသော်လည်း လူ့မျက်နှာများ၊ ဖုန်းနံပါတ်များ၊ မွေးနေ့ နေ့စွဲများနှင့်ပတ်သတ်လျှင် ညံ့ဖျင်းပါသည်။ ထိုအကျင့်ကို အတတ်နိုင်ဆုံးပြင်ရပေဦးမည်။ မျက်နှာပူခဲ့ရ၊ မျက်နှာပျက်ခဲ့ရပေါင်း များခဲ့ပြီမဟုတ်လား....။

အသုံးလုံး ပုံပြင်

18 July 2009

ရှေးသရောအခါက ဗာလာဏသီပြည်တွင် မဟာဗာလာနံမင်း မင်းပြု၏ ။ ထိုမင်းတွင် ၀န်မင်း ၃၃ ပါးရှိသည်။ ထိုဝန်မင်းများထဲမှာ တစ်ပါးဖြစ်သောစက်မူ့ပါလ၀န်မင်းသည် တစ်နေ့သောအခါတိုင်းပြည်အတွင်း လှည့်လှည့်ကာ မိမိလက်အောက်တွင်ရှိသောအရာရှိ၊အရာခံများအား စစ်ဆေးတော်မူ၏ ။ ထိုဝန်မင်းယူရသောတာဝန်မှာကား တိုင်းပြည်တွင် ဗိသုကာများ၊ စက္ကောမပညာရှင်များ၊ လက်သမားများ၊ လောကဓါတ်ပညာရှင်များ ၊ အစရှိသည့် ပညာရှင်များပေါ်ထွန်းစေရန် အသက်မွေးဝမ်းကျောင်းပြုရသည့် တက္ကသီလာများအား အုပ်ချုပ်ရခြင်းဖြစ်လေသည်။ ( ထိုခေတ်ကအင်္ဂလိပ်စာသည် ယခုခေတ်လောက်မတွင်ကျယ်သေးသဖြင့် အင်ဂျင်နီယာဟူသော အသုံးအနှုံးမပေါ်သေးကြောင်း သမိုင်းအထောက်အထားများအရသိရှိရလေသည်။ ဤကားစကားချပ် )

ဝန်မင်းသည်ယခုခေတ်ပေါ်တူဂီလူမျိုးဖီလစ်တိုဒီဘရစ်တိုအုပ်စိုးခဲ့သောပါဒတိုင်းအရပ်ရှိတက္ကသိုလ်ကျောင်းတစ်ခု သို့ ရောက်ရှိလေသည်။ ထိုကျောင်းသို့ရောက်လတ်သော် ကျောင်းသား၊ကျောင်းသူများသည် သတင်းစာလည်းမဖတ်၊ရုပ်မြင်သံကြားလည်း ချိုဆင်ပြည်မှကားများကလွဲ၍မကြည့်ကြသဖြင့် ၀န်မင်းအား ၀န်မင်းမှန်းမသိပဲ ဘယ်ကဘဲကြီးလဲဟုပုခုံးချင်းတိုက်သွားသည်ကတစ်မျိုး ၊ အတွဲလေးများသည်လည်း လက်တွဲမပျက်၊ပုခုံးဖက်မပျက် ၀န်မင်းရှေ့ကဖြတ်လျှောက်သွားကြသည်ကတစ်ဖုံရှိသော် ၀န်မင်းသည် အလွန်ပင်ဒေါသအမျက်ထွက်ရှိတော်မူ၏ ။ ထို့ထက်ပို၍ဆိုးသည်ကား ကျောင်းသားတစ်ယောက်သည် ၀န်မင်းအား

"ဦးလေး မီးခြစ်ပါရင် တစ်တို့လောက်"

ဟုဆိုလေလျှင် ၀န်မင်းသည်အယောင်ယောင်အမှားမှားဖြင့် ထုတ်ပေးမည်ပြုပြီးမှမိမိအဖြစ်ကိုသတိရပြီး

သြော် ကျောင်းသား၊ကျောင်းသူများကား ငါ့ကိုပင်သောက်ဂရုမစိုက်ကြပါလား ဟုဆင်ခြင်မိလေသည်။

ဤသည်မှာလည်း အပြစ်မဆိုသာချေ ။ ကျောင်းသား၊ကျောင်းသူများသည် ၀န်မင်းအားဝန်မင်းဟု
မသိခြင်းကြောင့်သာဖြစ်ပြီး ၀န်မင်းဟုသာသိပါက တောကောင်ငယ်လေးများသည် ကေသရာဇခြင်္သေ့မင်းကိုမြင်သောအခါထွက်ပြေးကြသကဲ့သို့လည်းကောင်း၊ အမှောင်တိုက်သည် ဘာဏုရာဇာနေမင်းကြီးထွက်ပေါ်လာပါက စကြ၀ဠာမဟာတံတိုင်းမှဝေးရာသို့ပြေးသကဲ့သို့လည်းကောင်း၊ လူကောင်းတို့သည်ခွေးရူးလာသောအခါ ချက်ကို ၁၄ လုံးထိုးဆေးထိုးရမှာစိုး၍ ဝေးရာသို့ပြေးသကဲ့သို့လည်းကောင်း၊ လမ်းဘေးဈေးသည်တို့သည် စည်ပင်သာယာရဲလာပါက ကိုယ်လွတ်ရုန်း၍ပြေးကြသကဲ့သို့လည်းကောင်း ရှောင်ရှားကြမည်မှာမလွဲတည်း ။ ( ကျန်သော ဥပမာအများအပြားပေးနိုင်သေးသော်လည်း ဘလော့ဂ်စာမျက်နှာမီဂါဗိုက်ကို ငဲ့ကွက်သောအားဖြင့် ဤမျှသာဖေါ်ပြထားပေသည် )

ဝန်မင်းသည်သူ၏ ကျောင်းသား၊ကျောင်းသူများအား လွန်စွာချစ်မြတ်နိုးတော်မူသောကြောင့် စာမှစာသာသင်စေလိုလေသည်။ ကျောင်းသား၊ ကျောင်းသူများ၏ရှိသမျှအချိန်များ အားလည်း စာသာပထမ၊ စာသာဒုတိယ၊ စာသာလျှင်ထာဝရစသည်ဖြင့်ကုန်ဆုံးစေလိုသည်။ထိုအခါဝန်မင်းသည် အဘယ်အတွက်ကြောင့် ဤကျောင်းသား၊ကျောင်းသူများသည် စာသင်ချိန်အတွင်း အပြင်၌လတ်လျားလတ်လျားဖြစ်နေကြသနည်းဟု သူ၏တပည့်အရာရှိ၊အရာခံ ပါမောက္ခများအား မေးမြန်းစုံစမ်းလေသည်။

ဝန်မင်းကအမိန့်တော်ရှိလေလျှင် ချိုလိမ်လေးပါးစပ်မှာငုံလျှက်သားရှိသော ၀န်မင်း၏တပည့်ကျော် မဟာပါရဂူဒိသာပါမောက္ခချုပ်ကြီးသည် ပြင်းစွာသောတုန်လှုပ်ခြောက်ခြားခြင်းဖြင့်

"မှန်..မှန်ရာ့ပါ ၀န်မင်းဖုလား..."

"ဟေ့ မယ်မင်း နင့်ချိုလိမ်ကြီးချွတ်ပြီး ကိုယ်တော့်ကိုမှန်ရာမြန်မြန်လျှောက်တင်စမ်း"

ထိုအခါမှ မဟာပါရဂူဒိသာပါမောက္ခချုပ်ကြီးသည် မိမိအဖြစ်ကိုသတိရပြီး ချိုလိမ်ကိုချွတ်ကာစိတ်ကိုတင်း၍ ၀န်မင်းအားလျှောက်တင်လေသည် ။

"မှန်လှပါ့ ဘုရား... အရှင့်တပည့်ကျော်များဟာ မဟာစာချုပ်တော်ကြီးများကို ဖေါက်ဖျက်၍ စမ လမ်းကိုထွက်သွားကြကြောင်းပါဘုရား"

"ဟေ ထွက်ရပ်လမ်းကို မြန်းကြတာလားကွယ့် ဒါဖြင့်ရင်တော့သူတော်ကောင်းကြီးများပေပဲ"

"မဟုတ်ရကြောင်းပါဘုရား.......... စမလမ်းဆိုတာ တကယ်တော့ စလုံးပြည်၊ မလေးပြည် အစရှိတဲ့အိမ်နီးချင်းနိုင်ငံများမှာ သွားရောက်အလုပ်လုပ်ကိုင်ကြတာကို ပြောတာပါဘုရား..."

"ဟေ... ဒါဆိုငါ့ရဲ့သား၊ သမီးကဲ့သို့ ချစ်ရသောတပည့်ကျော်များဟာ ငါ့ရင်ကိုစုံကန်ထွက်ခွာသွားခဲ့ကြတာပေါ့... ဒါဆိုလည်း ဒီကောင်တွေပြန်လာတာနဲ့ ထောင်သွင်းအကျဉ်းချစေ၊ ကျောတစ်ရာ၊ရင်တစ်ရာ ကြိမ်ဒဏ်ခတ်စေ၊ ယခုပင်လျှင်အမိန့်တော်ထုတ်၍ မတရားစာရင်းသွင်းစေ"

ဟုလူကြီးပီသစွာဆုံးဖြတ်တော်မူလေသည်။

ထိုသို့ ဆရာ၊ဆရာမများလိုအပ်နေသောကြောင့် ကျောင်းသား၊ကျောင်းသူများ လတ်လျားလတ်လျားဖြစ်ရခြင်း အကြောင်းကို သိတော်မူလေလျှင်ဝန်မင်းသည် ဤကဲ့သို့အမှတ်တမဲ့မိန့်ကြားတော်မူလေသည်။

"အလို ... ဒီလိုဆိုလျှင်ဖြင့် မဟာသစ်စည်း လုပ်ကြမဲ့ ကျောင်းသား၊ကျောင်းသူတွေက အငယ်တန်းတွေကို လုပ်အားပေးသဘောနဲ့သင်ကြားပေးရင်ဖြင့် ကောင်းကြပေလိမ့်မယ် မောင်မင်း၊ မယ်မင်းတို့ရဲ့"

(သစ်စည်းဆိုသည်မှာ ယခုခေတ်အခေါ် သီးဆစ်(Thesis ) နှင့် အဓိပ္ပါယ်တူမတူအား ဘာသာဗေဒပညာရှင်များ သုတေသနပြုလုပ်သင့်ပေသည်။ ဤကား... စကားပြား......)

ဝန်မင်းကထိုကဲ့သို့ မိန့်တော်မူလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ထွာပြလျှင် တစ်လံ၊တစ်မိုင်မျှမက တစ်ဆုံးထိပင်မြင်ကြသောနောက်လိုက်၊နောက်ပါ ပါချုပ်၊ ဘာချုပ်တို့သည်လည်း

"သင့်မြတ်လှကြောင်းပါ ဘုရာ့...၊ မှန်ကန်လှကြောင်းပါ ၀န်မင်းဘုရာ့၊ ၀န်မင်းအတွေးက လန်းတယ်ဗျာ"

အစရှိသဖြင့် အဆင်းဘီးတပ်လုပ်ကြလေသည်။

ဝန်မင်း၏ကိုယ်ရေးအရာရှိတော်မင်းကလည်း ၀န်မင်းပြန်လည်ကြွခါနီးတွင် တက္ကသီလာမှတာဝန်ရှိသူများအား

"လုပ်အားမပေးရင်ဘာဖြစ်မယ်၊ ညာဖြစ်မယ်... သစ်စည်းပေးမလုပ်ဘူးလို့ ခြောက်လုံးလေးလှန့်လိုက်ဦးနော် ပါချုပ်ကြီးတို့"

ဟုလက်တော်တို့ပြီးပြောခဲ့လေရာ..... နောက်လိုက်၊နောက်ပါတို့သည်လည်း ၀န်မင်းသဘော နောကြေနေပြီ ဖြစ်သောကြောင့်ပြောစရာမလိုပါဟု ပြန်လည်ပဏ္ဏာလုပ်ကြလေသည်။

ထိုခေတ်သည်ယခုခေတ်ကဲ့သို့ ဆိုရှယ်လစ်စနစ်၊ ဒီမိုကရေစီစနစ် အစရှိသောစနစ်များ၊ နီယိုကွန်၊ဘာကွန်ညာကွန်များ၊ လစ်ဘရယ်၊ ဘာဘရယ်ညာဘရယ်အစရှိသော ဂိုဏ်းဂဏများလည်း မကွဲပြားသေးပဲ ပဒေသရာဇ်စနစ်သာလျှင်ထွန်းကားပေရာ ၀န်မင်းနှုတ်ထွက်စကားတစ်လုံးသည် စာရွက်များပေါ်တွင်ရေးထားသော ဥပဒေတစ်ရာထက်ပင်လွန်စွာအရာရောက်လေသည်။ ထို့ကြောင့် ၀န်မင်းအမိန့်တော်ရှိတော်မူသည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာတော်ချုပ်ကြီးသည် အမိန့်စာတစ်စောင်ကိုသက်ဆိုင်ရာတက္ကသီလာ အသီးသီးသို့ဖြန့်ချီတော်မူလေသည်။

စာရွက်ပေါ်မှအမိန့်တော်တို့သည် ဖတ်လို့ကောင်းအောင်စကားအလှတန်ဆာဆင်ထားသော်လည်း လိုရင်းမှာကား စာသင်ရမည်၊ လုပ်အားပေးဆိုသော်လည်း အမြဲတမ်းဆရာများလိုပင်စာသင်ရမည်၊ အပြင်မှာ ကျိတ်ဝိုင်း၊ဘာဝိုင်း မလုပ်ရ၊ အမြဲတမ်းသင်ရသောဆရာများကဲ့သို့ပင် ၀န်မင်းထုတ်သမျှ အမိန့်တော်တို့ကိုလိုက်နာရမည်ဟု ပါရှိလေသည်။ သို့သော် ထိုကဲ့သို့သင်ကြားပေးသောကြောင့်တက္ကသီလာသို့ လာရသောမြင်းရထားစရိတ်တို့ကို ပြန်ပေးမည်ဟူ၍သော်လည်းကောင်း၊ လုပ်အားပေးကာလအတွင်း သုံးစွဲရန်အဿပြာငွေချီးမြှင့်မည်ဟူ၍ လည်းကောင်း တစ်စိုးတစ်စိမျှမပါလာခဲ့ပေ...။

သက်ဆိုင်ရာတက္ကသီလာများမှပါချုပ်ကြီးများသည်လည်း အမိန့်တော်ပြန်တမ်းကိုရလေလျှင် လုပ်အားပေးဟု အမည်ခံသော်လည်း သက်ဆိုင်သူများအားသဘောထားကိုမျှမမေးပဲ သစ်စည်းလုပ်ရမည့်သင်တန်းသား များအား တစ်ယောက်လျှင်တစ်စောင်ဖြန့်ဝေကာလက်မှတ်များထိုးခိုင်းလေတော့သည်။

............................................. ။ .............................................

ထိုအခါ သင်တန်းသား၊သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူများသည် စိတ်ညစ်ညူးကြပြီးလျှင် ဘာလုပ်ရမည်မှန်းမသိသဖြင့် မဟာဘလော့ဂ်ဂါအကျော် ပညာရှိဆရာက၀ိဖားကြီးအား ဤသို့မြည်တွန်တိုင်ပင်ကြလေ၏ ။

"အို... ဆရာဖား ငါတို့ကား သစ်စည်းလုပ်ရင်း တစ်ဖက်ကလည်းလုပ်ငန်းခွင်ဝင်မည်ဟု အားခဲထားကြ၏ ။ အချို့ဆိုလျှင် အလုပ်ပင်ရနေကြပြီဖြစ်သည်..။ ယခုဝန်မင်းက ဤသို့အမိန့်ထုတ်သော် ငါတို့ဘာလုပ်ရမည်မှန်းမသိတော့"

ဟု ကျောင်းသားတစ်ယောက်ကပြောလေသည်။ ကျောင်းသူတစ်ယောက်ကလည်း

"ဟုတ်ပေသည်ဆရာဖား ... ငါတို့သည်လည်း သစ်စည်းလုပ်ရင်းအခြား အတ်တိုကော်၊ အတ်စတီမိတ် စသောသင်တန်းများတက်နေကြသည်..။ ၀န်မင်းခိုင်းသလို စာသင်ရလျှင် ငါတို့အဖို့သင်တန်းများပျက်လျှက်အဿပြာငွေများစွာ ဆုံးရှုံးပေတော့မည်။"

ဟုတစ်ယောက်တစ်ပေါက်တိုင်ကြားကြလေသည်။

နည်းနည်းထက်မြက်သော ကျောင်းသားတစ်ယောက်ကမူ

"ဆရာဖား ထိုကိစ္စသည်အဓမ္မမူ့နှင့်ဆင်တူ၏ ကာလသမ္မဂု သို့တင်ပြလိုက်လျှင်အသို့ဖြစ်မည်နည်း"

ထိုအခါ မျက်စိမှိတ်၍ သေသေချာချာနားထောင်နေသောဆရာဖားသည်လည်း မျက်လုံးကိုဖွင့်ကာထိုကျောင်းသားအား

"ထို့သို့မလုပ်လင့် အမောင်... ၀န်မင်းကားငါ့ထက်ပင်ဥာဏ်အရာ၌များစွာသာလေသည်... သင်ကထိုသို့တိုင်ကြား၍ ကာလသမ္မဂု ကစုံစမ်းလေသည်နှင့် ၀န်မင်းမဆိုထားဘိ၊ ၀န်မင်း၏နောက်လိုက်များကပင် ငါတို့ဗာလာဏသီသည် ရှေးအခါကတည်းကတစ်ဦးကိုတစ်ဦးကူညီခြင်း၊ ရိုင်းပင်းခြင်းကို မင်္ဂလာတရားအဖြစ်သတ်မှတ်သောကြောင့် စေတနာအလျှောက်သာ လုပ်အားပေးကြခြင်းဖြစ်သည်ဟု ရှေးကလိုပင်ပြောကြပေလိမ့်မည်။ ထိုအခါသင့်အတွက်ပင်လျှင် လွန်စွာအန္တာရာယ်များလှပေသည်။"

"သို့ဆိုလျှင်... ငါတို့အဘယ်အမူ့ပြုရပေမည်နည်း"

ကျောင်းသား၊ကျောင်းသူများက တစ်ညီတစ်ညွတ်တည်းမေးလျက်သည်ရှိသော် ပညာရှိဆရာဖားလည်းဤသို့မွက်ကြားလေသည်။

"အမောင်တို့၊မယ်တို့ သင်တို့သည် အ သုံးလုံးကိုကျင့်ကြပေတော့"

"အ သုံးလုံးဆိုသည်မှာဘာကိုဆိုလိုသနည်း ဆရာဖား"

"အမောင်တို့သင်တို့သည် သစ်စည်းကိစ္စပြတ်မှသာ အတန်းအောင်မြင်ကြမည် မဟုတ်လော"

"ဟုတ်ပေသည်ဆရာဖား"

"သင်တို့အားလုံး အောင်မြင်လိုကြသည်မဟုတ်လော"

"အောင်မြင်လိုပေသည် ဆရာဖား"

"ဒါဖြင့်လျှင်ယခုလိုအချိန်အခါ၌ သင်တို့စွဲစွဲမြဲမြဲမှတ်ထားရမှာကား အ သုံးလုံးဖြစ်သည့်
အောင် ချင်လျှင် ချင်ယောင်ဆောင်ပြီး အင်း ဟုသာခေါင်းငြိတ်လိုက်ကြပေတော့"

ဟုမိန့်ကြားတော်မူလေလျှင် ကျောင်းသား၊ ကျောင်းသူများသည်လည်း ဟုတ်ပါပေသည်၊ ပညာရှိခေါ်ဆိုထိုက်ပါပေသည်ဟု ၀ိုင်းဝန်းချီးမွမ်းချွန်တွန်းလုပ်ကြလေတော့သည်..။

ထို့နောက် သစ်စည်းလုပ်ရမည့်ကျောင်းသား၊ကျောင်းသူများသည်လည်း ဆရာဖားစကားကိုနားထောင်ကာ မိမိထက်အတန်းငယ်သောသူများအား စာသင်ကြားပေးလေတော့သည်။ ဤသို့ဖြင့် ချိုလိမ်မပြတ်သေးသော ပါရဂူများကလမ်းလျှောက်တတ်စ မဟာကျောင်းသားများကိုစာသင်၊ လမ်းလျှောက်တတ်စမဟာကျောင်းသားများက လေးဘက်ထောက်ကျောင်းသားများကိုစာသင်၊ လေးဘက်ထက်ကျောင်းသားများက ၀မ်းလျားမှောက်ကျောင်းသားများကို စာသင်၊
ဝမ်းလျောက်မှောက်ကျောင်းသားများက အမိဝမ်းတွင်းမှသန္ဓေသားများကို စာသင်လေလျှင် တိုင်းသူပြည်သားများလည်း အမိဝမ်းမှမကျွတ်မှီပင် ပညာတတ်များဖြစ်လျှက် တိုင်းကားပြည်ရွာမှာအရင်ကထက်ပင် အေးချမ်းသာယာပြီးခေတ်မှီဖွံ့ဖြိုးတိုးတက်ကုန်လေသတည်း...........။ သာဓု... သာဓု...သာဓု..
............................................. ။ .............................................

တစ်လောက ကျွန်တော်ဖတ်ဖြစ်တဲ့စာအုပ်က ဆရာမောင်ထင်ရဲ့ လူကြီးများဖတ်ဖို့ပုံပြင် ဆိုတဲ့စာအုပ်ပါ... ဆရာ့စာက သရော်စာတွေဆိုတော့လောကကို ကိုးလန့်ကန့်လန့်မြင်တတ်တဲ့ကျွန်တော် တော်တော်လေးကြိုက်သွားခဲ့ပါတယ်..။ ဒီကြားထဲ ဇာတ်လမ်းတစ်ပုဒ်ကလည်းကြားလိုက်ရတော့ စိတ်ကူးရပြီး ဆရာကြီးမောင်ထင်ပုံစံလိုက်ရေးကြည့်တာပါ..။ အကြောင်းအရာတွေနဲ့ပတ်သတ်လို့ကတော့ လွန်တာရှိလျှင်ဝန္ဒာမိပါ အာစရိအပေါင်းတို့................။

ငါ့ဒေါသများ

13 July 2009


( အ )

ဒီနေ့ အလုပ်လုပ်ရတာ အဆင်မပြေဖြစ်သည်။ အထက်လူကြီးများသည် ငါ့စကားကို အရာမသွင်းသကဲ့သို့ အောက်လူများကလည်း ငါ့စကားကို နားမထောင်ကြ..။ ထို့ကြောင့် ငါသည် စိတ်ပျက်ခြင်းများဖြစ်ပေါ်ကာ ဒေါသများ အလိုလိုထွက်နေသည်။ ဒေါသ ထွက်ခြင်းသည် မကောင်းဟု ငါ့စိတ်ကနားလည်သော်လည်း တကယ့်တကယ်တမ်းတွင် ငါ့စိတ်ကိုငါ ကောင်းစွာထိန်းချုပ်နိုင်ခြင်းမရှိသေးပေ..။

အလုပ်မှနေ၍ ကားမှတ်တိုင်ကို လမ်းလျှောက်ရသောခရီးသည် ခါတိုင်းထက်ပိုရှည်လျားသည်ဟု ထင်သည်။ အကယ်၍ ဘူးခွံအလွတ်တစ်ခုခု သို့မဟုတ် ကန်၍ကောင်းသော အရာတစ်ခုခုကိုတွေ့လျှင် ရုပ်ရှင်များထဲမှ ဇာတ်လိုက်များကဲ့ ငါကန်မိမည်ဖြစ်သော်လည်း လမ်းဘေးတွင်အုတ်ခဲများသာတွေ့သောကြောင့် ဘာကိုမကန်ဖြစ်ခဲ့...။


ငါစီးချင်သော ဘတ်စကားက စောင့်ရတာတော်တော်ကြာသည်။ ထိုမျှရှားပါးလှသော ဘတ်စ်ကားလိုင်းအား မည်သည့်အတွက်ကြောင့် ဆက်ထားနေရသလဲဆိုတာ ငါစဉ်းစားလို့မရ...။

ပျင်းရိငြီးငွေ့ဖွယ်ကောင်းလောက်အောင်စောင့်ဆိုင်းပြီးနောက် လိပ်၏လျှင်မြန်ခြင်းမျိုးရှိသော ဘတ်စ်ကားသည် ငါစောင့်နေသောမှတ်တိုင်သို့ တဖြည်းဖြည်းချည်းကပ်လာလေသည်။ ကားပေါ်ငါတက်တော့ ခရီးသည်က ခုံအပြည့်ပါလာသည်။ ပင်ပန်းလာသော ငါသည်ထိုင်ခုံမရသောကြောင့် အလွန်ပင်စိတ်ပျက်လှသည်။ ခါတိုင်းဆိုလျှင် ငါစီးသောမှတ်တိုင်မှတက်ပါက ခုံတစ်ခုံလောက်တော့ ငါ့အတွက်ရမည် ဖြစ်သော်လည်း ဒီနေ့တွင် လူတွေအားယားနေကြသည်ထင်သည်။ အားအားယားယား အပြင်ထွက်ကြသော သူများတွင် မည်သည့်အရေးကြီးကိစ္စများရှိနေမလဲဟု ငါတွေးမိသည်။

လိုချင်သလောက် ခရီးသည်မရသောကြောင့် ကားကမှတ်တိုင်တစ်ခုချင်းစီမှာ အကြာကြီးရပ်သည်။ ခရီးသည်ရရမရရ ကားကို မြန်မြန်သာထွက်စေချင်သည်..။ ငါပင်ပန်းလှပြီ။ အိမ်သို့သာ မြန်မြန်ပြန်ရောက်ချင်နေသည်။ ကားတစ်စီး မှတ်တိုင်တွင် ကြာခြင်းမကြာခြင်းမှာ စပါယ်ယာပေါ်မှာ များစွာ မူတည်သည်။ လိုက်ရင်လာ... လိုက်ရင်လာဟု အာပေါက်မတတ်အော်နေသော စပါယ်ယာကို ငါမုန်းတီးသည်။ လိုက်ပါစီးနင်းလိုသော ခရီးသည်များအားလုံး ကားပေါ်ရောက်နေပြီဖြစ်သော်လည်း အနှီစပါယ်ယာကောင်သည် ကားကွက်ချသည်ဟုဆိုကာ လိုက်စရာမလိုသောသူများကိုပါ ကားပေါ်ဆွဲတင်ချင်နေသည့် ပုံပေါက်နေလေသည်..။ ငါအလွန်မုန်းလာသောကြောင့် ငါသိသမျှဆဲနည်းပေါင်းစုံဖြင့် ထိုစပါယ်ယာအား စိတ်ထဲမှနေ၍ ဆဲဆိုလေသည်။

ကားသည်ဆက်လက်ထွက်ခွာလာပြီး မီးပွိုင့်မိသွားသည်။ ငါစိတ်ရှည်မှ ဖြစ်မည်..။ ဒါက စည်းကမ်းအရဖြစ်သည်..။ မီးပွိုင့် ဘယ်လောက်ကြာကြာနီမလဲဟု သိရန်ငါ့စိတ်ထဲကရေတွက်သည်။
တစ်စက္ကန့် ...............
နှစ်စက္ကန့် .............
သုံးစက္ကန့် ............
ငါး ဆယ့်လေး ......
တစ်မိနစ် ......
နှစ်မိနစ် ......
သုံးမိနစ် .......
လေးမိနစ် ......
ရှစ်မိနစ် .....

တစ်ဖက်ယာဉ်ကြောကို မျက်နှာလိုက်လွန်းသည်ဟု ထင်လာသည်။ ဟေ့..... ဒီမှာ ငါလာတဲ့လမ်းဖက်က မီးကို စိမ်းပေးဖို့ သတိရကြသေးရဲ့လား...။ ကမ္ဘာမြေကြီးကို ဖေါက်ခွဲပစ်ချင်နေသူ တစ်ယောက်တော့ဒီကားပေါ်မှာ စိတ်ရှည်ရှည်နဲ့စောင့်စားနေလေရဲ့..........။

မီးပွိုင့်က ငါလာတဲ့ယာဉ်ကြောဖက်ကို သွားခွင့်ပြုလိုက်သည်။ နောက်တစ်မှတ်တိုင်ရပ်..... ခရီးသည်ချ ....ခရီးသည်တင်....ကားကွက်ချ.... စပါယ်ယာကို အရင်အတိုင်းကျိန်ဆဲ...ကားကဆက်လက်ထွက်ခွာ........။ မှတ်တိုင်က ထွက်ခွာ၍ အရှိန်ရရုံရှိသေး ကားကရုတ်တရက်ရပ်လိုက်ပြန်သည်...။မိန်းမအိုကြီးတစ်ယောက် တားသည်ကိုမမြင်ချင်ယောင်ဆောင်သည့် ဒရိုင်ဗာသည် စကဒ်တိုတိုကောင်မလေးတစ်ယောက်တားသည်ကို
ရုတ်ချည်းပင်ရပ်တန့်ပေးသည်။ အလွန်ပင်ငမ်းကြောထလှသည့် ထိုဒရိုင်ဗာအား နှာဗူးကြီးဟု စိတ်ထဲမှနေ၍ ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲလိုက်သည်။ မှတ်တိုင်မဟုတ်ပဲ ခရီးသည်တင်သည့် ထိုဒရိုင်ဗာနှင့်စပါယ်ယာ ဆရာတပည့်တွေအား ရဲဖမ်းစေချင်သည်။ မှတ်တိုင်မဟုတ်ပဲ ကားတားစီးသည့် ထိုစည်းမဲ့ကမ်းမဲ့ ကောင်မလေးအားလည်း သက်ဆိုင်ရာက အရေးယူစေချင်သည်။ ဘာအမူမှ ခေါင်းစဉ်တပ်မရရင် စကဒ်တိုတိုဝတ်မူ့နှင့် အရေးယူသင့်သည်။ ကားတွေအတွက် အန္တာရယ်ရှိလှသောကြောင့်ဖြစ်သည်။

ကားကငါဆင်းရမည့်မှတ်တိုင်ရောက်တော့ လမ်းမီးများပင်လင်းစပြုနေပြီ။ ပတ်ဝန်းကျင်အား အမှောင်ထုကကြီးစိုးနေလေပြီ။ ငါနေထိုင်ရာတစ်ဖက်ခြမ်းသို့ ကားလမ်းကူးရပေဦးမည်။ ဒီနေ့မှ ကားတွေကရှုတ်ထွေးလွန်းလှသည် ထင်သည်..။ ဘတ်စ်ကားတစ်စင်းကွယ်နေသည်ကိုငါဂရုမစိုက်တော့ အိမ်ကိုမြန်မြန်ပြန်ရောက်ရန်သာ စိတ်ကစောနေသည်။ ဘတ်စ်ကားအကွယ်မှနေပြီး ငါကားလမ်းဖြတ်ကူးလိုက်ချိန်တွင်..................။

တီ...တီ..တီ................တီ...............................................................

အသံရှည်တစ်ခုကို ကြားလိုက်ရသည်...။

မျက်လုံးများကျိန်းစပ်သွားသောကြောင့် ဘာမှပြင်ဆင်ချိန်မရတော့ .....။ ငါ့ရင်ဘတ်တစ်ခုလုံးလစ်ဟာသွားသည်။ နောက်ဆုံးငါမြင်လိုက်ရသည်က အလင်းရောင်စူးစူးကြီးဖြစ်သည်။ ဟုတ်သည်.....။ အလင်းရောင်ကို ငါမြင်လိုက်ရသည်...။ အ...လင်း..ရောင်..ကို...ငါ..မြင်လိုက်ရသည်။
အ............လ.........င်း........ေ....ရ.....ာ....င်......ကို....ငါ.......မြင်လိုက်ရသည်..........။

................................................................. ။ .......................................................................

( က )

ထိုမျှမိုက်မဲ၍ အသုံးမကျသော ဒရိုင်ဘာကို ငါအလွန်မုန်းတီးသည်။ မြို့လယ်ခေါင် လမ်းမီးထိန်ထိန်များကြားထဲတွင် ကားကိုမီးမချပဲ မီးထိုးမောင်းလာသော ထိုဒရိုင်ဘာ၏ဦးနှောက်ထဲတွင် ဘာတွေရှိနိုင်မလဲဟု ငါသိချင်လှသည်...။ သူ့ကားမှထိုးသော မီးအလင်းရောင်သည်ငါ့ကိုတွေဝေစေခဲ့သည်။

အချိန်ဘယ်လောက်မှ မလိုပါ။ လူတစ်ယောက်အိမ်ပြန်မရောက်ရန်အတွက် တစ်မိနစ်သို့မဟုတ် ထို့ထက်အနည်းငယ်မျှသာပိုသောအချိန်က ဆုံးဖြတ်ပေးလိုက်သည်။ အိမ်သို့မရောက်ပဲ ဘယ်ဆီမှန်းမသိသည့် ချောက်ကမ်းပါးနက်ကြီးထဲ ငါရောက်သွားသည်။ ထိုသောက်သုံးမကျသော ဒရိုင်ဘာနှင့် သံသရာမှာငါနောက်ထပ်မတွေ့လိုတော့.......။ တိတိကျကျပြောရလျှင် ထိုဒရိုင်ဘာထက် ပိုမိုက်မဲ၍ ဒေါသကြီးတတ်သောလူ့အန္ဓငါကိုယ်တိုင်နှင့်လည်း ထပ်မံမကြုံတွေ့ချင်တော့။ ဒေါသကြောင့် အိမ်အပြန်လမ်းနဲ့ ငါဝေးခဲ့ရပြီမဟုတ်လား..............။

ဓါတ်ဆီရောင်းသူလေးများ

25 June 2009

ဖုန်းလာသည်ဆိုသောကြောင့် အိပ်ယာမှလူးလဲထကာ သွားနားထောင်တော့ ထင်သည့်အတိုင်းပင် အဖေဖြစ်နေသည်။ အချိန်ကို ကြည့်တော့ မနက်ရှစ်နာရီခွဲသာသာ ... ။ ၀န်ထမ်းတစ်ယောက်ဖြစ်သော အဖေသည် သင်္ကြန်တွင်းကြီးဖြစ်သော်လည်း မလွန်ဆန်နိုင်သော အကြောင်းတွေကြောင့် ဂေါက်ကွင်းမှာ stand by သွားနေရသည်။ ယခုလည်း တာဝန်ချိန်ပြီးသွားသောကြောင့် ကျွန်တော့်ကို လာကြိုခိုင်းတာ ဖြစ်သည်။ အိပ်ချင်မူးတူးနှင့် ဆိုင်ကယ်ကိုယူကာ အပြင်ကိုထွက်တော့ မိုးက ဖွဲဖွဲလေးလေးရွာနေသည်။ ဒီနှစ်သင်္ကြန် က မိုးနှင့်စဖွင့်သောကြောင့် မိုးဦးစောကာ မိုးကောင်းမည်ဟု လူကြီးတွေက ပြောကြသည်။ ရန်ကုန်မှာလည်း မိုးရွာမှာပဲဟု တွေးမိသော်လည်း အတွေးတွေကို ဖျောက်ပစ်လိုက်သည်။ ကျွန်တော်သည် ရန်ကုန်သင်္ကြန်ကို ထားခဲ့ကာ အိပ်ပြန်အနားယူသူ မဟုတ်လား...။ ပိုင်ပိုင်နိုင်နိုင်ချခဲ့သော ဆုံးဖြတ်ချက်တို့အတွက် မလွမ်းချင်သော်လည်း ရန်ကုန်သင်္ကြန်ကို မမေ့နိုင်ဆိုသည်ကိုကား ၀န်ခံရပေမည်။

မနက်ကလည်း သုံးနာရီခွဲလောက်ထကာ အဖေ့ကိုဂေါက်ကွင်းလိုက်ပို့ရသေးသည်။ အဖေသည် တစ်ခါတစ်လေမှ ပြန်လာသော ကျွန်တော့်အတွက် ဆိုင်ကယ်ကိုတစ်နေ့လုံးယူမထားချင်သောကြောင့် လိုက်ပို့ခိုင်းခြင်းဖြစ်သည်။ သားကြီးဖြစ်သော ကျွန်တော်ပျင်းနေမှာ စိုးသောကြောင့်လည်း ဖြစ်သည်။ ကျွန်တော့်ညီများနှင့် သူငယ်ချင်းများမှာ သင်္ကြန်တွင်း ဒီမှာ တစ်ယောက်မှမရှိကြ...။ ရန်ကုန်၊ မန္တလေး အစရှိသဖြင့် မြန်မာပြည်ပတ်ကာ သင်္ကြန်ကျနေကြသည်။ ကျွန်တော်ကတော့ တန်ဖိုးရှိသော ပိတ်ရက်လေးအတွင်း မပြန်တာကြာပြီဖြစ်သော အိမ်ကိုသာပြန်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဖေ့ကိုလိုက်ပို့တုန်းက အချိန်သည် နေအလင်းရောင် မရှိသေးသော်လည်း ဒီမြို့က မီးရောင်တွေ ထိန်ထိန်လင်းလှသည်။ညဦးပိုင်းက ရွာထားသော မိုးကြောင့်ညဥ့်လေကလည်းအေးလှသည်။

ဂေါက်ကွင်းနားရောက်တော့ အဖေ့လိုပင် မလွန်ဆန်နိုင်သူများကို တွေ့ခဲ့ရသည်။
သူတို့လည်း အစောကြီးထကာ ရောက်အောင်လာကြရခြင်း ဖြစ်သည်။ ရာထူးတွေကလည်း စုံမှစုံပင်..။ တကယ်တော့ မနက်မိုးလင်းခါနီးအချိန်သည် အိပ်လို့အကောင်းဆုံးအချိန် ဖြစ်မည်ဟုထင်သည်။ သို့သော် နှစ်ပေါင်းများစွာ အသားကျလာသော စိတ်ဓါတ်တို့က အငြိမ်မနေနိုင်ပေ...။ စေတနာမပါသော တာဝန်ကျေစိတ်များတွင် ကျိန်ဆဲတတ်သောနှုတ်ခမ်းများ ရှိမလားဟု ကျွန်တော်တွေးမိလိုက်သည်။ လာချင်တဲ့ အချိန်မှရောက်လာသော လူများကို မနက်သုံးနာရီခွဲလောက်ကတည်းက စောင့်ရသောဒုက္ခသည် ဘယ်လောက်စိတ်ညစ်ဖို့ ကောင်းမလဲဟုပါ စဉ်းစားမိလိုက်သေးသည်။

ဂေါက်ကွင်းဘက်ဆီ လမ်းလျှောက်လာကြသော မိန်းကလေး အုပ်စုများကိုပါတွေ့၍ အဖေ့ကို မေးကြည့်တော့ ကယ်ဒီလုပ်တဲ့ မိန်းကလေးတွေဟု ပြောသည်။

"သူတို့က ဒီနားကရွာကကောင်မလေးတွေလား အဖေ"

"အေး.. ဟုတ်တယ် ဒါပေမယ့် လူကြီးတွေအတွက်တော့ သီးသန့် ချောချောလေးတွေ ရွေးထားတာရှိတယ်ကွ
သူတို့ကတော့ သာမန်လူတွေလောက်ကိုပဲ ကယ်ဒီလိုက်ရတာ.."

"သြော်... သြော်... ကယ်ဒီလေးတွေလည်း ချောဖို့က လိုသေးတာပဲနော်.."

ဒီလိုဆိုတော့လည်း ဒီဂေါက်ကွင်းသည် အနီးအနားမှာနေသောသူများအား အလုပ်တော့ပေးနိုင်သားဟု တွေးမိသည်။ ပေးဆပ်တာနှင့် ရယူတာတွင် အချိုးမည်မျှရှိမည်ဆိုတာကိုတော့ ကျွန်တော် ဆက်မတွေးတတ်တော့ပါ ။ သူတို့၏ အားလပ်ရက်ဖြစ်ရမည့် သင်္ကြန်ရက်ကို ပေးလိုက်ရသောကြောင့် ရမည့်ငွေပမာဏကိုလည်း ကျွန်တော်မသိပါ ။ ရောင့်ရဲတတ်သော သူတို့ သည် ဤကဲ့သို့သော အခမ်းအနားမျိုးတွင် ပါဝင်ခွင့်ရသည်ကိုပင် ကျေနပ်နေပုံပေါ်လေသည်။ တကယ်တော့လည်း သူတို့မြို့သည် အရှင်မွေး၍ နေ့ချင်းကြီးခဲ့ရသည် မဟုတ်ပါလား ......။

ဟိုတယ် တစ်ခုတွင် အလုပ်လုပ်သော ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောသည့်စကားများကို အမှတ်ရမိသည်။ တစ်ချို့ ညစာစားပွဲများသည် သိန်းရာနှင့်ချီကုန်သည်ဟု သူကပြောသည်။ ကျွန်တော့်မျက်ခုံးတို့ လှုပ်သွားခဲ့ရသည်။ ထိုညစာစားပွဲပြီးသွားသည်အထိ မတို့လိုက်မထိလိုက်သည့် စားစရာများကလည်း ပါသေးသည် ဆိုပဲ... တစ်ယောက်စာ ပန်းကန်တစ်စုံပင်လျှင် သိန်းချီ ရှိသည်ဟု ဆိုသည်။

မလိုအပ်ပါပဲနှင့် အပိုဖြုန်းတီးနေကြသော ငွေများအား လိုအပ်နေသော နေရာများကိုထောက်ပံ့လျှင် ဘယ်လောက်ကောင်းမလဲဟု တွေးမိလိုက်သေးသည်။

ဆရာငြိမ်းအေးအိမ်၏ တီခုံရိုက်ချက်များ ၀တ္တုတိုကို သတိရမိသည်။ ဂေါက်ကွင်းထဲက ဘ၀များကို အဖွဲ့အနွဲ့များနှင့် အချိုးချပြသွားသော ဆရာ့ဝတ္တုကို ကျွန်တော် အလွန်ပင် ကြိုက်ပါသည်။

...............................................။......။.......။.............................................................

ဂေါက်ကွင်းဆီရောက်တော့ အဖေချိန်းထားသည့် ကန်တင်းမှာ သွားရှာသည်။ မနက်စာစား၊ အဖေ့မိတ်ဆွေတွေနှင့် စကားပြောပြီးနောက်ထွက်လာတော့ ကိုးနာရီခွဲကျော်ပြီ...။ မိုးကလည်း တဖွဲဖွဲနှင့် ရွာနေတုန်း...။ လေနှင့်အတူ မိုးစက်များက မျက်နှာကို လာရိုက်တာ တော်တော်ပင်အေးသည်။

မိုးရွာနေသော်လည်း သင်္ကြန်ကားတွေက လမ်းပေါ်ဥဒဟို ထွက်လာကြသည်။ တတီတီ၊ တပွမ်ပွမ် ဟွန်းသံတွေပေးလိုက်၊ နောက်လိုက်ပြောင်လိုက်အသံတွေနှင့် လမ်းမပေါ်မှာ အပျော်တွေ လျှံကျနေသည်။ ကားပေါ်က ၀တ်စားဆင်ယင်ပုံ၊ နေပုံထိုင်ပုံတွေကလည်း ရန်ကုန်ကို အတုခိုးကာ ရန်ကုန်ပုံစံတွေပင် ဖြစ်နေကြသည်။ ရန်ကုန်လိုပင်မူးကာ ရန်ကုန်လိုပင်ရူးနေကြလေသည် ။ ဆက်သွယ်ရေးနည်းပညာ ပေါက်ကွဲသော ခေတ်ကြီး၌ မြန်မာသင်္ကြန် စစ်စစ်သည် သင်္ကြန်မိုးကဲ့သို့သော ရုပ်ရှင်ကားများကို ကြည့်၍သာ ခံစားနိုင်တော့မည် ထင်သည်။ အပြင်မှာကတော့ တို့ရွာသားတွေအားလုံး တောဂေါ်လီ တွေဖြစ်ကုန်ကြ၏ ။

ဆိုင်ကယ်မောင်းလာရင်း လမ်းဘေးကို သတိထားမိတော့ ဓါတ်ဆီရောင်းနေသူများကို တွေ့ရသည်။ မိုးရွာနေသော်လည်း ထီးကလေးများဆောင်းကာ ၀ယ်သူကိုမျှော်နေကြသည်။ သင်္ကြန်ဆိုသည်မှာ သူတို့နှင့် မဆိုင်သလိုပင်...။ သူတို့သည် ငွေရင်းနိုင်သောကြောင့် ရောင်းချသူများ မဟုတ်ပဲ... ရင်းနိုင်သောသူထံမှာ တဆင့်ယူကာ တစ်ဂါလံကို တစ်ရာစား၊ နှစ်ရာစား နှင့် ရောင်းရခြင်းဖြစ်သည်။ ဒီနှစ် ဆီဈေးကလည်း ကျသွားတော့ သူတို့လည်း အရင်လောက်ရတော့မည် မထင်...။

ဆီရောင်းနေသူများသည် သူတို့စီးပွားရေး သူတို့လုပ်နေကြခြင်း ဖြစ်သောကြောင့်မဆန်းသော်လည်း ထိုဆီရောင်းသူများထဲတွင် ကိုးနှစ်၊ ဆယ်နှစ်အရွယ် ကလေးငယ်များကိုပါတွေ့လိုက်ရသောအခါ ကျွန်တော့်စိတ်ထဲမကောင်းဖြစ်သွားသည်။ တဆက်တည်းမှာပင် ရန်ကုန်မှာနေသော ကျွန်တော့်ညီဝမ်းကွဲလေးများကို သတိရမိသည်။ သူတို့ကတော့ ဒီအချိန်ဆို ၀တ်ကောင်းစားလှအသစ် ၊ ရေပြွတ်ပိုက်အသစ်၊ ခွက်အသစ် စသည်ဖြင့် ပျော်နေကြပေမည်။ ကျွန်တော်တွေ့ရသည့် ဓါတ်ဆီရောင်းသူကလေးငယ်များကတော့ ထိုအရာများထက် ၀ယ်သူတစ်ယောက် သူ့ဆိုင်ကိုရောက်လာဖို့သာ လိုမည်ဟုတွေးကောင်းတွေးနေပေလိမ့်မည်။ နေ့တွက်ကိုက်မှသာ စောစောသိမ်း၍ အိမ်ပြန်နိုင်မည်မဟုတ်လား....။ ပျော်ဖို့ပါးဖို့ထက် မိသားစု စားဝတ်နေရေးက ပိုအရေးကြီးနေပေသည်။

ကလေးငယ်သည် ကျောင်းပိတ်ချိန်ဖြစ်သော သင်္ကြန်တွင်းမှာပဲ ဓါတ်ဆီရောင်းရတာ ဟုတ်ပါရဲ့လား...။ နောက်နှစ်လဆိုရင် ကျောင်းတွေဖွင့်တော့မည်...။ ထိုအချိန်ဆိုလျှင်ရော ကလေးငယ်သည် စာသင်ခန်းဆီသွားနိုင်ပါ့မည်လား။ ငါတို့ကတော့ ငတ်ရင်ငတ်ပစေ ကိုယ့်ကလေးကိုတော့ အလုပ်မခိုင်းရက်ဘူး.. ကျောင်းပဲထားမယ်ဟု အဆင်ပြေနေသော မိဘများပြောသံကို ကြားဖူးသည်။ ကိုယ်တိုင်ကြုံမှ ကိုယ်ချင်းစာပေလိမ့်မည်။ တကယ်တော့ လက်တွေ့ဘ၀သည် ပြောသလောက်မလွယ်ကြောင်း တစ်ချို့လူများသိရန် လိုအပ်ပေသည်။

ဆိုင်ကယ်မောင်းနေရင်း အခိုက်အတန့်ခဏလေးမှာပင် ကျွန်တော့်အတွေးတို့ တော်တော်စုံသွားသည်။
ကျွန်တော်သည် ဂေါက်ကွင်းများ သို့မဟုတ် ညစာစားပွဲများကို မတတ်ရောက်နိုင်ပါ..။ ထိုနေရာများတွင် ဖြုန်းတီးနေသော ငွေများအား ကလေးဘယ်နှစ်ယောက် ကျောင်းထားနိုင်မည်နည်းဟု အချိုးချရန် ကျွန်တော်အလှမ်းမမှီပါ..။ အချိန်ရ၍ survey တစ်ခုပြုလုပ်လျှင်တော့ အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းသည့် ရလာဒ်များ ရလာမည်ဟု ထင်သည်။

မတတ်နိုင်သည်များကို လုပ်မည့်အစား တတ်နိုင်တာတစ်ခုတော့လုပ်မည်ဟု ကျွန်တော်ဆုံးဖြတ်ချက် ချလိုက်သည်။ ကျွန်တော့်ဆိုင်ကယ်ကို မျှော်ကြည့်နေသော ဓါတ်ဆီဆိုင်လေး ရှေ့၌ ရပ်လိုက်သည်။
အုတ်ခဲတစ်လုံးပေါ်၌ ရေသန့်ဘူးတင်ထားသော ဆိုင်ဆိုသည့် အမှတ်အသားနောက်တွင် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် ကလေးမလေးတစ်ယောက်နှင့် သူ့မောင်လေး တို့ မိုးဖွဲဖွဲများကို အံ့တုကာ ၀ယ်သူကို ဇွဲရှိရှိနှင့်စောင့်နေကြလေသည်။

"သားကြီး ဘာလုပ်မလို့ ရပ်တာလဲ..."

အဖေက အံသြဟန်နှင့်မေးသည်။

"ဆီထည့်မလို့လေ.. တစ်ထောင်လောက်ပေးစမ်းပါ..အဖေ ။ သားပိုက်ဆံ ယူမလာမိဘူး ကပျာကယာထွက်လာလို့"

"ဆီကပြည့်နေတာပဲကို အိမ်မှာလဲ ဆီတွေရှိနေတာပဲ"

"အာ... အဖေကလည်း ညနေ သား အပြင်ထွက်ချင်ထွက်ဦးမှာ.. ကြုံတုန်းထည့်ထားမလို့ပါဗျာ... တစ်ပုလင်းထဲပါ....။"

အဖေသည် ဘာမှဆက်မပြောတော့...။ ပိုက်ဆံတစ်ထောင်တန် တစ်ရွက်ကိုသာ ကျွန်တော့်ကိုပေးလိုက်သည်..။ ကလေးငယ်၏ မျှော်လင့်ချက်အပြည့်ပါသည့် မျက်ဝန်းများကို အဖေလည်း မြင်တွေ့သွားပေလိမ့်မည်။

ကလေးငယ်က အဆင်သင့်ပင် ကတော့ကိုင်ကာ ကျွန်တော့်နားလာပြီး သေချာအောင်မေးသည်။

"ဆီထည့်မလို့လား ကိုကြီး"

"အေး... ညီမလေး တစ်ပုလင်း ထည့်လိုက်"

ဆီတစ်ပုလင်းမှ သူရသော ကော်မရှင်ခသည် ငါးဆယ်၊ တစ်ရာ ထက်မပိုနိုင်ပါ..။ သို့သော် သူ့ရည်မှန်းချက်ကလေးတော့ ပိုမိုနီးစပ်သွားပေလိမ့်မည်။ ဆိုင်ကယ်ကိုစက်နှိုးကာ အိမ်ဘက်ဆက်ထွက်လာတော့ မိုးဖွဲဖွဲတို့က စဲမည့်ပုံမပေါ်သေး......။ သို့သော် မိုးသည်တစ်သက်လုံးတော့ ရွာမနေနိုင်ပါ..။ နေသာသောနေ့ရက်များလည်း ရှိရဦးမည် မဟုတ်လား ။ ဒီနှစ်သင်္ကြန်သည် ခါတိုင်းသင်္ကြန်တွေထက် ပိုအဓိပ္ပါယ်ရှိသည်ဟု တွေးမိတော့ လေနုအေးအေးလေး တစ်ချက်က ကျွန်တော့်ရင်ထဲကို လာရောက်တိုက်ခိုက်လေတော့သည်။

တစ်ချိန်တုန်းက စာမေးပွဲ ရာသီ

9 May 2009


ဟိုတုန်းကတော့ ပူဖေါင်းလေးတွေလို ဖြူမွေ့ပါးလျား
အဲဒီ နွေရာသီလေးကို ဘယ်သူမှခိုးမစားခဲ့ကြဘူး။

- ပူဖေါင်းကွဲသူ
( တာရာမင်းဝေ )

-----------------------------------------------------------------------------
( ၁ )
စာမေးပွဲ ဖြေနေကြတဲ့ ကျောင်းက ကျောင်းသားလေးတွေကို မြင်ရတော့ ကျွန်တော်တို့ စာမေးပွဲဖြေခါနီး အချိန်တွေကို ပြန်သတိရလာတယ်။ ကျွန်တော်တို့က ပုံမှန်အနေနဲ့ စာကြည့်လေ့မရှိပါဘူး ။ စာမေးပွဲဖြေခါနီး နှစ်လ လောက်လိုတဲ့အချိန်ရောက်မှ လိုတဲ့စာတွေစုပြီး အသည်းအသန်လုပ်ခဲ့ကြတာပါ ။ အဲဒီအကျင့်က မကောင်းတာကြောင့် နှစ်စကတည်းက စာလုပ်မယ်လို့ စိတ်ကဆုံးဖြတ်ထားပေမယ့် အတန်းသစ် တက်ရင်တော့ အပျော်အပါးတွေနဲ့ပဲ အချိန်ကုန်ခဲ့တာက ခပ်များများပါ။ ဒီတုန်းက ကျွန်တော်တို့သူငယ်ချင်း တွေက စာလုပ်ရင် စုလုပ်ကြတာများပါတယ်။ ကမာရွတ် သံလမ်းထဲက သူငယ်ချင်းအိမ်ကတော့ ကျွန်တော်တို့ ဒဏ်ကို အခံနိုင်ဆုံးပဲ..။ ကျွန်တော့်တို့ သူငယ်ချင်းရဲ့ အဖေနဲ့အမေကလည်း သဘောကောင်းပါတယ် ။..စာမေးပွဲဖြေဖို့ စာလုပ်မယ်ဆိုရင် ကျွန်တော်တို့ အတွက်လိုလိုသေးမရှိ... စားချင်တာစား၊ ကော်ဖီတွေ အအေးတွေလည်း ကိုယ့်စိတ်ကြိုက်ဖျော်သောက်နိုင်တယ်..။ ပြီးတော့ ဒီကောင်တွေက ညီအစ်ကို နှစ်ယောက်တည်း ... သူ့အစ်ကိုကလည်း ကျွန်တော်တို့နဲ့ အသက်ကမတိမ်းမယိမ်း အပြင် သူငယ်ချင်းပေါင်းပဲ ပေါင်းခဲ့ကြတော့ ဒီအိမ်မှာ ကျွန်တော်တို့ ပျော်တာလည်းမဆန်းပါဘူး...။

စာလုပ်မယ်ဆိုရင် ကျွန်တော်တို့ မေဂျာက အတွက်အချက်တွေက များတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း အနှောက်အယှက် ဖြစ်စရာ မရှိဘူး..။ ပြီးတော့ ကျွန်တော်တို့က တစ်ယောက်မသိတဲ့စာကို တစ်ယောက်ကသိနေတာဆိုတော့ စာရှင်းပြရတာလည်း လွယ်အောင် တစ်နေရာတည်း စုပြီး စာတွေ တွက်ချက်ခဲ့ကြတာပါ ။ စာကလည်း နီးမှကြည့်ဖြစ်တာဆိုတော့ အသည်းအသန်ကို ညည့်နက်အောင် ကြည့်ရပါတယ်..။ ပုစ္ဆာတွေကလည်း ပုံသေနည်းက ခပ်များများ အဲ့ဒီတုန်းကတော့ ပုံသေကြီး မဖြစ်မနေ စာကြည့်ခဲ့ရတာကို တော်တော်စိတ်ညစ်ခဲ့ပါတယ်..။ ဒါပေမဲ့ မလုပ်ချင်ပေမယ့် မဖြစ်... ကျွန်တော်တို့အပေါ် မှာ မျှော်လင့်ချက်တွေထားတဲ့ မိဘတွေက ရှိသေးတာကိုး...။
---------------------------------------------------------------------------

( ၂ )

တစ်ညတော့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် စာကြည့်ရင်းနဲ့ ဗိုက်ဆာလာကြပါတယ် ။ အချိန်ကို ကြည့်လိုက်တော့ သန်းခေါင်သန်းလွဲ တစ်နာရီခွဲ နှစ်နာရီ လောက်ရှိနေပြီ ။ အိမ်ရှင် သူငယ်ချင်းကတော့ အဲ့ဒီနေ့က စောစော အိပ်ယာဝင်သွားပါတယ်။

ကျွန်တော်နဲ့နောက်နှစ်ယောက်ကတော့ တွက်ကောင်းကောင်းနဲ့ တွက်နေရင်းက ပြိုင်တူလိုလို ဗိုက်ဆာလာကြပါတယ်..။ ဒါနဲ့ အိမ်သော့ယူပြီး ခြံတံခါးဖွင့် ပြီးတော့ တံခါးကို အတွင်းက ပြန်ခတ်ပြီး ထွက်လာခဲ့ကြတယ်။ ဟိုကောင်နိုးနေရင်တော့ ကားကိုအသာလေး ဘီးလှိမ့် လမ်းထိပ်လောက်ရောက်မှ စက်နှိုးပြီး လှည်းတန်းလောက်မှာ ညလုံးပေါက် ဖွင့်တဲ့ ဆိုင်တွေမှာ သွားစားဖြစ်နေဦးမှာ ..။ အခုဒီကောင်က အိပ်ပျော်နေပြီ ဆိုတော့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ပဲ လမ်းလျှောက်ထွက်လာခဲ့တယ်..။

သံလမ်းထဲမှာက အခုလို နှစ်နာရီ အချိန်လောက်ထိဖွင့်တဲ့ လက်ဘက်ရည်ဆိုင် ဒါမှမဟုတ် ထမင်းကြော်ဆိုင် ရှိမရှိ ကျွန်တော်တို့ မသိကြပါဘူး..။ ဆိုင်လိုက်ရှာရင်းနဲ့ စန္ဒာမြိုင်ရုပ်ရှင်ရုံ ဘေးလမ်းထဲ တော်တော်ဝင်လိုက်ရပါတယ်..။ အဲ့ဒီလမ်းထဲက လက်ဘက်ရည်ဆိုင်မှာ ထမင်းကြော်စားလိုက်မှပဲ ဗိုက်ဆာပြေပြီး လူတွေလည်း ပြန်ပြီးလန်းဆန်းလာပါတယ်..။ အစာလေး ရှိမှ အသံထွက်လာတဲ့ ကျွန်တော်လည်း ပါးစပ်က နောက်တီးနောက်တောက်တွေ ပြန်ပြောလာနိုင်တော့တယ်...။
-----------------------------------------------------------------------------

( ၃ )

ဆိုင်က ပြန်ထွက်လာတော့ အချိန်ကနှစ်နာရီကျော်ကျော်လောက်ရှိပြီ...။ သံလမ်းထဲကနေ ထွက်လာတာ အင်းစိန်လမ်းမကြီးနား ရောက်ခါနီးကျတော့ တက္ကစီလေး တစ်စင်း လမ်းမကြီးပေါ်မှာ ထိုးရပ်သွားတာ ကျွန်တော်တို့လှမ်းတွေ့လိုက်တယ်...။ မျက်လုံးနဲ့ ခန့်မှန်းပြောရရင်တော့ ကိုက်လေးဆယ်လောက်...။ ပြီးတော့ တဆက်တည်းမှာပဲ တက္ကစီပေါ်က ဆင်းလာတဲ့ ခြေသလုံးဖြူဖြူလေးကို
တွေ့လိုက်ကြတယ်..။

ဒီအချိန်ကျမှ ပြန်လာတယ် ဆိုရင်တော့ အချိန်လွန်ငှက်လေးတွေလား မသိဘူး..။ ဒီကနေ မြင်ရတာတော့
ဖြူဖြူချောချောလေးတွေ...ငါတို့ ကံများကွာ စာမေးပွဲဖြေခါနီး အချိန်နဲ့မှ လာတိုးနေရတယ် လို့

တစ်ယောက်နဲ့ တစ်ယောက်မချိတင်ကဲ အသားယူပြောလိုက်ကြတယ်..။ ပြီးတော့ လမ်းမဘက် ကျွန်တော်တို့ ဆက်လျှောက်အလာ တက္ကစီခ ရှင်းနေတဲ့အဲ့ဒီနှစ်ယောက်နဲ့လည်း တဖြည်းဖြည်းနီးလာတယ်..။ မီးမှိန်မှိန်ကနေ လှမ်းမြင်လိုက်ရတဲ့အလှကလေးကို အနီးကပ်မြင်ချင်တဲ့ ဇောတွေကလည်း မြင့်လာတာပေါ့လေ...။ ပြီးတော့ သူတို့နဲ့လည်း နီးလာရော လမ်းမလွတ်တဲ့ ကျွန်တော့်သူငယ်ချင်း နှစ်ယောက်က ကျွန်တော့်ကို အလယ်မှာထားပြီး ဘေးတစ်ဖက်တစ်ချက်က ရှောင်ထွက်အသွား ကျွန်တော်က သူတို့နှစ်ယောက်ထဲက တစ်ယောက်နှင့် ထိပ်တိုက်တိုးမိသလို ဖြစ်ခါနီး သူ့လက်ထဲက လက်ကိုင်ပုဝါဖြူဖြူလေးက ရုတ်တရက် ကျွန်တော့်အရှေ့ဝေ့၀ဲ ကျလာတယ်...။

ဒါကို ကျွန်တော်က ကောက်ပေးမလို့ လှမ်းလိုက်တဲ့ အချိန်မှာ သူကလည်း ပြန်အကောက် သူ့လက်ကလေးကို ကျွန်တော့်လက်က ကိုင်မိသလိုဖြစ်သွားတယ်။ အဲ့ဒီမှာတင် သူကရှက်သွားပြီ လက်အရုတ်မှာ ကျွန်တော်က သူ့ကို အားနာသလိုကြည့် သူကလည်း ရှက်ကိုးရှက်ကန်းတွေ ဖြစ်သွားတယ်..။ ဒီနောက်မှာတော့ ကျွန်တော်နဲ့သူနဲ့........။
-----------------------------------------------------------------------------
( ၄ )

ဒါက မြန်မာဇာတ်ကား တော်တော်များများ သုံးခဲ့သော နည်းလမ်းဟောင်းတွေပါ...။ လက်တွေ့မှာတော့ သူ့လက်ထဲက လက်ကိုင်ပုဝါကျသွားတဲ့ အခါ ထွက်လာတဲ့ အို ဆိုတဲ့ အသံကြီးကို ကြားလိုက်ရပြီး ကျွန်တော် လန့်သွားပါတယ်။ အသံကြီးက အောက်ဂလိအာကြီး... ပြီးတော့ သူက မျက်ဝန်းနက်တွေနဲ့ မော့ကြည့်တဲ့အချိန်မှာ ကျွန်တော်မြင်လိုက်ရတာက... ဘုရားရေ ဒီမိန်းမမှာ လည်ဇလုတ်ကြီး နဲ့ပါလားဗျာ...။ တကယ်တော့ ညကလပ် မှာလန်းပြီးပြန်လာတဲ့ မာမီတွေက အရှိန်မသေသေးတာလား လိုအင်မပြည့်ခဲ့တာလား မသိဘူး ကျွန်တော်တို့ကိုလည်း မြင်ရော ရိုမန်တစ်ဇာတ်လမ်းရိုက်တော့တာပါပဲ..။ ဒါကြောင့်ကျွန်တော်လည်းတစ်ချက်ကလေးတောင် လှည့်မကြည့်ပဲ ရှောင်ထွက်လာခဲ့ရတယ် ။ ကျွန်တော်ကလည်း gayphobia ဒါမှမဟုတ် Mummiesphobia လို့ပဲကိုယ့်ဘာသာ နာမည်ပေးရမလား အဲ့လိုဗျာ ဂျော်တကီးတွေ ဆိုတော်တော်လန့်တာဗျ..။ ဟိုနှစ်ကောင်ကတော့ တခွီးခွီး နဲ့ ရီပြီး ကျွန်တော့်ကို ပြောပါတယ်..။

"ငါတို့က တော်တော်လေးနီးကတည်းက သိတယ်ကွ... အဲ့ဒါကြောင့် ရှောင်လိုက်တာ.. မင်းကတော့ အမြဲရာဇ၀င်နဲ့ပဲနော်.. အခြောက်တွေက မင်းဆို တော်တော်ကြည်ကြတယ်"

ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော်ဟာ ကောင်မလေးတွေ ကြွေလောက်တဲ့ ရုပ်ရည်မျိုးလုံးဝမရှိပေမယ့် မာမီတွေနဲ့ကတော့ဘယ်ဘ၀က ရေစက်လည်း မသိဘူး နောက်ကြောင်းလေးတွေ ရှိခဲ့တာကိုး ( ကြုံရင် ထပ်ရေးပါဦးမယ်ခင်ဗျာ ) ။ နောက်နေ့ ကျောင်းတက်တော့ ဖားကြီး ညတုန်းက စွံချက်ကတော့ ဆိုပြီး ဟိုနှစ်ကောင်က လိုက်လံမောင်းထုနေပါတယ် ။ ကျွန်တော့်မှာ စပ်ဖြီးဖြီးနဲ့ အားလုံးကို
လိုက်ရှင်းပြရတယ်..။ ရှင်းပြရမှာပေါ့ ဒီကောင်တွေက ကျွန်တော်ကပဲ စာမေးပွဲ ဒီလောက်နီးနေတာတောင်မှ တဏှာဇောကြွပြီး မာမီတွေကို သွားညုတယ်လုပ်နေကြတာကိုး..။

အခုကျတော့လည်း ဒါတွေကအမှတ်ရစရာတွေ ဖြစ်သွားပြီ..။ လက်ဘက်ရည်ဆိုင်မှာပဲဖြစ်ဖြစ် ဘီယာဆိုင်မှာပဲဖြစ်ဖြစ် တစ်နေရာရာမှာ တွေ့တာနဲ့ လွတ်လပ်ပေါ့ပါးခဲ့တုန်းက နေ့တွေကို ကျွန်တော်တို့ ပြန်ပြောပြီးရယ်မောကြစမြဲ...။ အတိတ်ဆိုတာကလည်း ဒါဏ်ရာတွေနဲ့ပဲ
အမြဲဖွဲ့စည်းထားတာမဟုတ်ဘူး မဟုတ်လား...။ သေချာပါတယ်ဗျာ ကျွန်တော်တို့ ရယ်မောခဲ့ကြဘူးပါတယ်လေ....။

အညတြရ

3 May 2009

တစ်ခွက် နှစ်ခွက်နဲ့ ဒါဏ်ရာတွေကို
မော့သောက်နေခဲ့ရတာ
ဘယ်နှစ်ရက် ရှိခဲ့ပြီလဲ.....

တစ်လိပ်နှစ်လိပ်နဲ့ အိပ်မက်တွေကို
ရူထုတ်လိုက်တာ
ကိုယ်တိုင်တောင် ပျောက်ဆုံးသွားခဲ့

လူဆိုတာ....
ဘ၀ဆိုတာ...
ဘာဆိုတာ...
ညာဆိုတာ....
ဒဿနတွေ ခေါင်းထဲမှာပြည့်နေတော့
ငါဟာ ဖျားနာတတ်တဲ့ စက်ရုပ်တစ်ရုပ်များလား..

ဒီလိုနဲ့ပဲ....
မနက်ဖက်ဆို နေထွက်ပြီး
ညဖက်ဆို နေ၀င်တယ်
ရူလိုက်သွင်းလိုက်နဲ့
ရင်ခုန်သံတွေ ကြားထဲမှာ
ငါ.... ဒီအတိုင်းတော့ မပြီးဆုံးသွားချင်သေးဘူး...

ပြန်လာချိန်

9 April 2009

ဘလော့တွေနဲ့ အချိန်အနည်းငယ် ဝေးကွာခဲ့တဲ့ ကျွန်တော် အခု ပြန်ရေးဖို့အတွက် ပြန်လာပါပြီ...။ ပြန်ရေးမယ် ဆိုပေမယ့် ကျွန်တော်ဘာကိုရေးရမလဲ မစဉ်းစားရသေးပါဘူး...။ ဒါပေမယ့် အကြောင်းအရာ တစ်ခုခုကိုတော့ ရေးနိုင်အောင်ကြိုးစားသွားမှာပါ။ ဘလော့ဂ်ကို ပိတ်ထားလိုက်ရတဲ့ အကြောင်းကတော့ template ကလိတာ လွန်ပြီး ရှင်းနေရတာရယ်.. ရေးချင်စိတ်လျော့ နည်းသွားလို့ရယ်ပဲ ဖြစ်ပါတယ်...။ ဒါပေမယ့် နားနေတဲ့ အချိန်အတွင်းမှာ ကျွန်တော် ပြောစရာတွေ၊ ရေးချင်စရာတွေ အများကြီးရလာပါတယ်..။ ကျွန်တော့် ဘလော့ဂ်ပိတ်ထားတုန်းက ဘာကြောင့် ဖတ်လို့မရတော့တာလဲ.... ဘလော့ဂ်က ဘာဖြစ်သွားတာလဲဆိုပြီး သူငယ်ချင်းတွေက လာမေးကြပါတယ်...။ ဟုတ်တော့လည်း ဟုတ်တယ် google လုပ်ပုံက သူတို့ နိုင်ငံက ယဉ်ကျေးမူ့အရဆိုရင် ဘယ်လိုနေမလဲ မသိပေမယ့်ကျွန်တော်တို့ အနေနဲ့ ဘာသာပြန်ကြည့်ရင်တော့ ကိုယ့်ကိုပဲ မဖတ်စေချင်လို့ ပိတ်လိုက်သလိုမျိုးဖြစ်နေတာကိုး...........။ ရေးပုံကလည်း ကြည့်လေ..

"This blog is open to invited readers only
http://phargyi.blogspot.com/
It doesn't look like you have been invited to read this blog. If you think this is a mistake, you might want to contact the blog author and request an invitation. "

ဆိုတော့က ဒီစာကို ဖတ်ကြည့်ရင် အောင့်သီးအောင့်တောက် ဖြစ်ရသလိုပါပဲ....။ ဘလော့ဂ်နဲ့ မစိမ်းတဲ့သူတွေ အထူးသဖြင့် ဘလော့ဂ်ဂါတွေကတော့ ကိစ္စမရှိပေမယ့် အပြင်က သူငယ်ချင်းတွေကိုတော့ ကျွန်တော်ရှင်းပြလိုက်ရပါတယ်..။ တကယ်တော့ ကျွန်တော်က ဒီဘလော့ဂ်ကို ကျွန်တော်တစ်ယောက်တည်း ဖတ်လို့ရအောင် ကန့်သတ်ပြီး ပိတ်လိုက်တာပါ...။
အခုတော့ google တို့ရေးပုံက ဒီလိုဆိုတော့ ကျွန်တော့်မှာ သူငယ်ချင်းတွေကို ရှင်းပြနေရပါတယ်။ တကယ်ဆို ဒီဘလော့ဂ်ဟာ စာရေးသူတစ်ယောက်တည်း ဖတ်နိုင်ပါတယ် ဘာညာဆိုပြီး
သတိပေးသင့်တာပေါ့... ။ ခုတော့ လုပ်ပုံက..။ အဲ့ဒီအတွက် ကျွန်တော့်ကို အားပေးကြတဲ့ သူငယ်ချင်းများ၊ မိတ်ဆွေများကို အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ..။ ဘာပဲဖြစ်ဖြစ် ကျွန်တော်
ပြန်ရေးနိုင်အောင် ကြိုးစားသွားပါမယ်..။ ပြန်ရေးဖို့အတွက် မြှောက်ထိုးပင့်ကော် အဲ အဲ နောက်တာ :) တိုက်တွန်းကြတဲ့ သူငယ်ချင်းများကိုလည်း အရမ်း အရမ်းကို ကျေးဇူးတင်ပါတယ် ခင်ဗျာ..။