အချစ်ဆိုသည်မှာ

11 October 2008


ကိုဟန်သစ်ငြိမ် ကအချစ်ဆိုသည်မှာကို tag တော့ ကျွန်တော်ဘယ်လိုရေးရမလဲ မနည်းစဉ်းစားရပါတယ်။ အကြောင်းကကျွန်တော်ခံယူ ထားတဲ့အချစ်ဆိုတာက ကျွန်တော့်အတ္တကိုလိုက်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနေလို့ပါ။ ဒါပေမယ့် ပင်မအရင်းခံ စိတ်ကတော့ အချစ်ဆိုတာ နောက်ဆုံးမှာ သံယောဇဉ်ဆိုတဲ့ တွယ်ငြိခြင်း သဘောကိုပြောင်းလဲသွားရင် ပိုမိုခိုင်မြဲလာမယ်လို့ ထင်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ကိုယ့်ချစ်သူကို ဆွေမျိုးအရင်းခေါက်ခေါက်ကြီးလိုလည်း သဘောထားတတ်လာတာကိုး(ပိုရင်တောင်ပိုလာတယ်)။ ထားတော့... ဒါကကျွန်တော့်စိတ် ။ အတ္တနဲ့လိုက်ပြီးပြောင်းလဲတတ်တဲ့ အချစ်ကတော့ နေ့စဉ်နဲ့အမျှရင်ထဲမှာ လှုပ်ခတ်နေတတ်တယ်။ ကျွန်တော့်အတွက်ကတော့ အချစ်ဆိုတဲ့အရာပေါ် တစ်နေ့တစ်မျိုး ခံယူချက်တွေက

တခါတလေမှာ အချစ်ဆိုသည်မှာ
ကျွန်တော့်ကို ကုတ်ဖဲ့တတ်တဲ့ ကြောင်ဆိုးမလေးတစ်ကောင်
တခါတလေမှာ
အတိုးမယူတတ်တဲ့ ဘဏ်အသေးစားလေး
တခါတလေမှာ
စိတ်ခဏခဏကောက်တတ်တဲ့ နာရီလေး(သူစိတ်ကောက်ရင် နာရီတွေအားလုံးရပ်သွားတတ်လို့)
တခါတလေ
ကလေးတွေ အလန့်တကြားထဖေါက်တဲ့ ဗျောက်အိုးတစ်လုံး
တစ်ခါတလေ
ပန်းတွေရောင်စုံပွင့်တဲ့ နွေနံနက်ခင်း
တစ်ခါတစ်လေ
မိုးရွာထဲမှာ အရက်မူးပြီး ပြန်လာတဲ့ ညနေခင်း
တခါတလေ
ကျွန်တော့်ကို အမြဲတမ်းထောက်ခံတတ်တဲ့ လူထုကြီး(ထောက်ခံပါသည်၊ထောက်ခံပါသည်ဟုတော့ စာရွက်ကြည့် မအော်တတ်ပါ)
တခါတလေ
ကျွန်တော့်ရဲ့ အတိုက်အခံပါတီ( မတရားအသင်းလို့ ကျွန်တော်ဘယ်တော့မှမကြေငြာတတ်ပါဘူး၊ ပြေလည်အောင်ပဲ ညှိလိုက်ပါတယ်)
တစ်ခါတစ်လေ
ကိုအငဲဆိုတဲ့ နူးညံ့တဲ့အမိန့်တော်သီချင်း
တစ်ခါတစ်လေ
...........................................................

အချစ်ဆိုတာ ကျွန်တော့်အတွက်တော့ အရောင်စုံတယ်ဗျာ။ အချစ်ကြောင့်ပဲ ထရွိုင်မြို့ပျက်ဖူးတယ်၊ တဂ်ဂျပ်မဟာဆိုတဲ့ ကမ္ဘာ့အံ့ဖွယ်ကြီးတွေ ပေါ်လာတယ် ဆိုတာ ပြောနေရင် မိကျောင်းမင်း ရေကင်းပြနေသလို ဖြစ်နေဦးမယ်။ အချစ်ကြောင့်ပဲ ပေါ်ထွန်းလာတဲ့ အနုပညာတွေကလည်းတောင်ပုံယာပုံကိုးဗျ။ ဘာပဲဖြစ်ဖြစ် အနုပညာအဖြစ် ဖန်တီးမယ်ဆိုရင် အချစ်ဆိုတဲ့ ခံစားချက်က နက်ရှိုင်းနေဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်။

ကျွန်တော်တို့ တက္ကသိုလ်စတက်တော့ ဟစ်ဟော့ဂီတက စတင်ထွန်းကားနေတဲ့အချိန်ပေါ့ခင်ဗျာ။ ဟစ်ဟော့ဂီတဆိုတာကလည်း သိကြတဲ့အတိုင်း မဟာပုရိသ၀ါဒကို ရှေ့တန်းတင်ထားတာက ခပ်များများရယ်ဆိုတော့ သီချင်းစာသားတွေကို ကြည့်လိုက်ရင်နင်လိုမိန်းမ မချစ်ရလည်း ဘာဖြစ်လဲဆိုတာတို့၊ နင့်ကိုငါ စုန်းမလိုကြောက်သွားခဲ့ ဆိုတာမျိုးတွေတွေ့ရပါတယ်။ ဒါကလည်း ကြည့်လိုက်ရင် အချစ်ကိုသရော်သလိုလိုရေးကြတာဆိုပေမယ့် အချစ်ကြောင့်ပဲခံစားရပြီး ဒေါသတွေပွားရင်း သီချင်းတွေဖြစ်လာ
တယ်ထင်ပါတယ်။ နောက်ကြတော့ အဲ့ဒီအချစ်အကြောင်းကို ပေါ့ရပ်(pop rap) ဆိုတဲ့ဂီတအမျိုးအစား ထဲမှာ ထည့်သွင်းလာကြတယ်ဗျ ။ အဲ့ဒီတုန်းကတော့ အဲ့ဒီသီချင်းတွေကို တော်တော်သောက်ညင်ကပ်ခဲ့တာ။ သီချင်းတွေကို ပေါ့တီးပေါ့ရွှတ်နဲ့ အချစ်အကြောင်းတွေရေးထားတာ ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေ အသည်းစွဲပေါ့။

ကျွန်တော်က ဘယ်လိုနားထောင်ထောင် ဂီတမမြောက်ဘူးကိုထင်ပြီး ပြစ်တင်ရှုံ့ချခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါက ငယ်ငယ်တုန်းက ကျွန်တော်တစ်ဖက်သတ်ဆန်ခဲ့တာပါ။ အဲ့ဒီအချစ်အကြောင်းသီချင်းတွေကို ကြိုက်တဲ့သူတွေ အတွက်တော့ ဒါဟာအချစ်ပါလား ဆိုတာ ခံစားချက်ရသတွေ ဖြစ်ပေါ်နေမယ်ထင်ပါတယ်။ ကျွန်တော်က ကိုယ်မကြိုက်တာနဲ့ပဲ ငယ်ရွယ်တဲ့စိတ်နဲ့ အပြစ်တင်စောခဲ့တာလည်း ပါပါတယ်။ တကယ်တော့ အနုပညာဆိုတာ တစ်ယောက်တည်းအတွက်ပဲ ဖန်တီးကြတာမှ မဟုတ်တာ။ ပို့စ်မော်ဒန် ဆရာလေးမင်းခိုက်စိုးစန်ပြောသလို သင်ချောကလက်မကြိုက်တာနဲ့ သကြားလုံးပြောင်းစားဖို့ မတိုက်တွန်းပါနဲ့ဆိုတာမျိုးပေါ့။

အဲ့လို pop rap တွေက သဲသဲချွဲချွဲ အချစ်အကြောင်း တွေဖွဲ့လာတဲ့အချိန်မှာ ကိုလေးဖြူရဲ့ လိပ်ပြာအယ်လ်ဘမ် ထွက်လာပါတယ်။ ဒီခွေထဲမှာ ကိုအယ်ဖြူလား၊ကိုမောင်မောင်ဇော်လတ် ရေးပေးတာလား မသိဘူး၊ အချစ်အကြောင်း ဆိုတဲ့သီချင်းလည်းပါလာရောကျွန်တော်တို့တွေ အကြိုက်တွေ့သွားပါရော။ တေးရေးဆရာ ကလည်း ဒါတွေကို နည်းနည်းချဉ်နေတဲ့ သဘောလည်းပါမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကတ်ဆက်ဖွင့်တော့လည်း အချစ်အကြောင်း၊ ၀တ္တုမဖတ်လိုက်နဲ့။ ကလေးဘ၀ တည်းကလည်းအချစ်
အကြောင်း၊ အဖိုးကြီး ဖြစ်တဲ့အထိဆိုပြီး၊ အချစ်အကြောင်းတွေကို တော်တော်ငြီးငွေ့တဲ့အကြောင်း ရေးထားလိုက်တာ ကျွန်တော့် တို့ပါးစပ်ဖျားကကို မချတော့ဘူး။ ဒါပေမယ့် အပြင်မှာတော့ ချစ်သူက ဘေးမှာ သက်ရှိထင်ရှားကြီး။ ဆိုလိုချင်တာက ဒီpop rap အချစ်သီချင်းတွေကို ကျွန်တော်တို့က ရွဲ့ချင်နေတဲ့အချိန်မှာ ဒီသီချင်းကလည်း ပေါ်လာတော့ အခါကောင်းဖြစ်သွားတာပေါ့။

တကယ်တော့ဒီသီချင်းကလည်း အချစ်ကိုငြီးငွေ့တယ်ဆိုတာ အကြောင်းပြပြီး အချစ်ကြောင့်ပဲဖြစ်လာတဲ့ သီချင်းတစ်ပုဒ်ပါ။ ကိုယ့်ဆရာတွေက ဖန်တီးမူကလည်းကောင်း၊ ခံစားချက်ကလည်းရှိတော့ ဒီသီချင်းက ကျွန်တော်တို့ အကြိုက်တစ်ပုဒ်ဖြစ်ခဲ့ရပါတယ်။ ဒီသီချင်းကို ရည်းစားဘေးမှာဆိုလည်း pop rapသီချင်းတွေက အချစ်ကိုငြီးငွေ့နေလို့ သူဆိုတာပဲလေ ဆိုပြီးမိန်းကလေးတွေ ခွင့်လွှတ်ပေးကြပေမယ့် ဟိုသီချင်းကို သွားဆိုမိရင်တော့ နည်းနည်းစကားပြောရတယ်ဗျ။ သိတယ်မဟုတ်လား အဲ့ဒီ လိပ်ပြာခွေထဲက သီချင်းပဲလေ၊ စိတ်ကူးသစ်၊ အင်္ကျီသစ်၊အိပ်မက်သစ် ဆိုတဲ့သီချင်းပေါ့။ အဲ့ဒါဆိုရင်တော့ နင်ကရည်းစားပါ သစ်ချင်နေ
လို့လားဆိုပြီး အမေးခံရတတ်ပါတယ်။ အဲ့ဒီတော့ အချစ်ဆိုတာ တခါတလေ အကြောင်းမဲ့ သ၀န်တိုတတ်
ခြင်းလည်း ပါတယ်လို့ ကျွန်တော်ထင်ပါတယ်။

အချစ်ဆိုတာ ကျွန်တော့်ရဲ့အဓိက အမြင်ကတော့ ချစ်နေကြဖို့ပဲ ဆိုတာကို ယုံကြည်ပါတယ်။ အချစ်ကို အဓိပ္ပါယ်ဖွင့်ဖို့ကြိုးစားတာဟာ စိတ္တဇပန်းချီကားတစ်ချပ်ကို ပုံဖေါ်
ရသလိုပါပဲ။ ကြိုက်သလိုခံစားလို့ရတယ် အဓိပ္ပါယ်အမျိုးမျိုးလည်းထွက်မယ်။ အဓိကက နားလည်ဖို့မဟုတ်ဘူးဗျ။ ခံစားတတ်ဖို့ပဲ။ ခံစားချက်ကို နက်နက်ရှိုင်းရှိုင်းထားတတ်လေလေ အနုပညာတွေလည်း ပိုပြီးလေးနက်လေလေပေါ့။ ဒီတော့ နက်နက်ရှိုင်းရှိုင်းချစ်တတ်တယ် ဆိုတာဟာ ကိုယ်ပိုင်အနုပညာတစ်ခုကို ရင်ထဲမှာဖန်တီးထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။

ထို့ကြောင့် ကျွန်တော့်ယုံကြည်ချက်တစ်ခုမှာ အချစ်ဆိုသည်မှာ အနုပညာတစ်ခုလည်း ဖြစ်ပါသည်။

ကဲအချစ်အကြောင်းတွေကို ရူ့ ထောင့်အမျိုးမျိုးက သိချင်တယ်ဆိုရင်တော့ အောက်ကလင့်တွေမှာ သွားဖတ်
ပေတော့ဗျို့
မြန်မာဝီကီ MOE
အင်္ဂလိပ် wikipedia

ဖြစ်သလို စားခဲ့သမျှ

ဖြစ်သလိုစားခြင်းတဲ့ tag လိုက်တဲ့ခေါင်းစဉ်က ကျွန်တော့်ကိုဦးနှောက်စားစေပါတယ်။ တူမကြီး dream က tag လိုက်တော့လည်း ကျွန်တော်ပြောပြပါမယ်။ ခက်တာက ကျွန်တော်က ဖြစ်သလိုစားတတ်တဲ့ကောင်မဟုတ်ဘူးဗျ။
အိမ်ကပုံမှန် ထမင်းဝိုင်းမှာဆိုရင် အသားဟင်း အနည်းဆုံးသုံးမျိုးပါတယ်ဗျ။ ဘာသား၊ညာသားရယ်လို့တော့ မဟုတ်ပါဘူး၊ ၀က်၊ကြက်၊ အမဲ၊ ပုဇွန်၊ ငါးရံ့ခြောက် အလျင်းသင့်သလိုပါပဲ။
နောက် အသီးအရွက်ကြော်တစ်ပွဲ၊ဟင်းချို၊ ငံပြာရည်ကျော်၊ဒါက အိမ်မှာနေ့တိုင်းစားသောက် ဖြစ်နေတဲ့ မြန်မာ
ထမင်းဝိုင်းပုံစံပါ။

အိမ်ကဟင်းတွေငြီးငွေ့လာရင် တစ်ခါတစ်လေ တရုတ်တန်းက စားသောက်ဆိုင်တွေမှာ တရုတ်စာသွားစားတယ်။ တရုတ်စာတွေအီလာရင် ချစ်တီးဆိုင်တွေမှာ ကြက်မဆလာချက်တို့၊ ဆိတ်သားမွကြော်တို့ ကြိတ်တယ်။ အရှေ့တိုင်းစာတွေ သိပ်ဓါတ်မကျတော့ရင်လည်း ဥရောပစာတွေကို ဟော်တယ်မှာသွားစားတယ်။ဂျပန်အစာတွေက တော့ပုံတွေမှာ မြင်ပြီးမစားချင်ဘူးဗျ။ ညှီမယ်ထင်လို့။ ဒါကကျွန်တော်စားသောက် နေထိုင်တဲ့ပုံစံ။ ဖြစ်သလိုစားတယ်လို့ ပြောရင်လည်းရတယ်။

လူပါးဝတာတွေရပ်ဦးမှ....သြော်တကယ်တော့ အဲ့လိုလေကြီး၊မိုးကြီး ပြောနိုင်အောင်အဆင်ပြေတဲ့ ဘ၀ဆိုသိပ်ကောင်းမှာပဲလို့ကျွန်တော်စိတ်ကူးယဉ် ကြည့်တာပါ။ လက်တွေ့မှာတော့ ကျွန်တော်ဖြစ်သလိုစားသောက်ခြင်းဆိုတာ ဒီလိုပါ ။ ကျွန်တော်က အစားဆို
ရင် အကောင်းကြိုက်တဲ့ကောင်ဗျ။ လူတိုင်းတော့ အစားကောင်းကြိုက်တာပါပဲလို့ဆိုနိုင်ပေမယ့် ကျွန်တော့်ကိုတော့ အကုန်လုံးကတော်တော်အကောင်း ကြိုက်တဲ့ကောင်လို့ ပြောကြပါတယ်။ ကျွန်တော် ဖြစ်သလိုစားတယ်ဆိုတာကလည်း ကောင်းမယ်ထင်တာလေးတွေရွေးစားတာပါပဲဗျာ။ ဒါပေမယ့် အရသာတို့၊အဟာရတန်ဖိုး တို့ ဈေးနှုန်းတို့ကိုကြည့်ရင်တော့ ဖြစ်သလိုစားသောက်ခြင်းလို့ ခေါင်းစဉ်
တပ်နိုင်ပါတယ်။

တိုးတိုး အာလူးငပိကြော်ဆိုတာ မြန်မာပြည်တွင်လုပ်သည်ဆိုပြီး ဂုဏ်ယူနိုင်ပါတယ်။ တစ်ထုပ်မှ မြန်မာငွေကျပ် တစ်ရာ တည်းပါ။နှစ်ထုပ်ဆို နှစ်ရာတည်းနဲ့ ချဉ်ဟင်းတခွက်နဲ့ ကျွန်တော်ထမင်းစားတတ်ပါတယ်။ ကိုယ့်ပါးစပ်နဲ့ အဆင်ပြေတာလည်း ပါတယ်။ဖြစ်သလိုစားခြင်း တွေကတော့ အချိန်နဲ့အမျှ အမျိုးမျိုးပြောင်းစားနေတာပါပဲ။ တခါတလေ မြန်မာပီပီ လက်ဖက်သုတ်နဲ့ စားဖြစ်တယ်။တစ်ခါတစ်လေ လမ်းဘေးအကြော်ဆိုင်က အကြော်စုံနဲ့ လွေးလိုက်တယ်။ ရပ်ကွက်ထဲက အသုတ်ဆိုင်မှာ ထမင်းသုတ်နဲ့ဆေးဘဲဥသုတ် ကိုအခုတလော ညစာအဖြစ်ဖန်တီးဖြစ်နေတယ်။

တခါတလေ ကိုယ့်ဘာသာသုတ်တဲ့ မြင်းခွာရွက်သုတ်ကို စားဖြစ်တယ်။ ကြုံတုန်းပြောရဦးမယ် ကျွန်တော်မြင်းခွာရွက်သုတ်တဲ့ ပုံစံက ကိုယ့်ဘာသာကိုယ်တော့ ကြိုက်တယ်ဗျ။ နည်းလမ်းကတော့
အရမ်းရိုးရှင်းပါတယ်။ ကျွန်တော်က မြင်းခွာရွက်ထဲကို တခြားအသီးအရွက်တွေဖြစ်တဲ့ ခရမ်းချဉ်သီးတို့ ကြက်သွန်နီတို့မထည့်ဘူး။ အဲ့ဒီတော့ မြင်းခွာရွက်သီးသန့်ထဲကိုပဲ မြေပဲဆံများများထောင်းထည့်၊ ဆီအနေတော်၊ ဆားနည်းနည်း၊ ငံပြာရည် အနေတော်ထည့်ပြီး သုတ်တာဗျ။ ဒီတော့မြင်းခွာရွက် ရဲ့သဘာဝအရသာကို လည်းခံစားမိပါတယ်။

အဲ့ဒီမြင်းခွာရွက်သုတ်ကိုတော့ ထမင်းနဲ့စားရတာထက် နောက်တစ်မျိုးနဲ့တွဲဖက်သုံးဆောင်ရတာကို ကျွန်တော်ပိုကြိုက်ပါတယ်။ဟုတ်တယ်ဗျ... ယမကာနဲ့တွဲဖက် မြည်းလိုက်ရရင် ဇရက်မင်း စည်းစိမ်၊နတ်မင်း စည်းစိမ် ဘယ်စည်းစိမ်နဲ့ မှကို မလဲချင်တော့ဘူး။ ယမကာ ကလည်း အသင့်သောက်မဟုတ်ဘူး။ ကာရာအိုကေဆိုင်က ကောင်လေးတစ်ယောက်သင်ပေးသွားတဲ့ ကော့တေးလ် စပ်တဲ့နည်းလမ်းလေးပါ။
နောက်ကြုံရင်တော့ ရေးဖြစ်မယ်ထင်တယ်။ ကျွန်တော်တော့အဲ့ဒီ ကိုယ့်ဘာသာစပ်တဲ့
ကော့တေးကိုတော်တော်ကြိုက်တယ်ဗျ။

ဖြစ်သလိုစားရတာ ရက်တွေဆက်လာရင်တော့ ကျွန်တော်အိမ်ကိုပြန်ဖို့ပဲ တွေးမိပါတယ်။ ပြည်တွင်းမှာပဲ ရှိသေးတော့ အိမ်ကလည်း ပြန်မယ်ဆိုလွယ်ပါတယ်။ အိမ်ရောက်ရင်တော့ ကျွန်တော့်မှာဖြစ်သလို စားသောက်ခြင်းဆိုတာ နည်းသွားပါတယ်။ အမေကဘယ်တော့မှ သား၊သမီးတွေကို ဖြစ်သလိုကျွေးမယ် လို့စိတ်ကူးမရှိပါဘူး။ ကျွန်တော်တို့ကလည်း အမေချက်သမျှကိုမကောင်းဘူးလို့ပြောခဲပါတယ်။
ကျွန်တော့်အမေက ကမ္ဘာပေါ်မှာ ဟင်းချက်အကောင်းဆုံးပဲဗျ ။ ဟုတ်တယ်.... ကိုယ့်အမေလက်ရာသည်သာ ကမ္ဘာပေါ်မှာအကောင်းဆုံးလို့ ကျွန်တော် ဖြစ်သလိုစားသောက်ရပြီဆိုရင် အမြဲတမ်းတွေးနေမိတယ်။

ငိုချင်း

10 October 2008

ကျောင်းတက်တုန်းက ကောင်မလေးတစ်ယောက်ပြောသံစကားကို အခုထိမှတ်မိနေသေးတယ်။ ကျောင်းကား
ပေါ်မှာပါ သူ့သူငယ်ချင်းကောင်လေးက ကိုဖီအာနန်ကို သိလားလို့မေးတော့ ဟင့်အင်းတဲ့။ အဲ့ဒီ ကျောင်းသူ
ကမရှိဘူးဆိုရင်တောင် ဒုတိယနှစ်လောက်တော့ အနည်းဆုံးရောက်နေပါပြီ။ ဒီတုန်းက ကုလအတွင်းရေးမှူး
ချုပ်က ကိုဖီအာနန်ပါ။ အဲ့ဒါကို မသိဘူးလို့ပြောလို့ ကျွန်တော်အံ့အားသင့်သွားပေမယ့် ကျွန်တော့်သူငယ်ချင်း
ကတော့ ဒီထက်ဆိုးတာတောင်ရှိတယ်ကွ လို့အားပေးခဲ့ပါတယ်။ မိန်းကလေးတွေမပြောနဲ့ ယောကျာင်္းလေးတွေ
ထဲမှာတောင် သိသင့်သလောက်တောင် မသိကြတဲ့ သူတွေအများကြီးပဲကွလို့ပြောပါတယ်။ မျက်စိပွင့် နားပွင့်
နေရတဲ့ရန်ကုန်မြို့ကြီးက တက္ကသိုလ်ကျောင်းသား၊ကျောင်းသူလေးတွေပါ။ ကျွန်တော်လည်း ကိုယ့်ကိုကိုယ်
နားလည်ပြည့်ဝနေတယ် လို့မခံယူထားပါဘူး။ တစ်ခုခုကို အမှန်အတိုင်းသိလာဖို့ အတွက်ကြိုးစားနေဆဲပါ။

သာမန်တွေးရင်တော့ ကျောင်းစာနဲ့လည်း မဆိုင်တဲ့အကြောင်းသိရလို့ကော ဘာအရေးလဲ လို့မေးခွန်းထုတ်စရာရှိပါတယ်။ ဒါပေမယ့် အဲ့ဒီကောင်မလေးကို ကိုရီးယားမင်းသား၊မင်းသမီး တွေနဲ့ သူတို့ကြိုက်တတ်တဲ့ လူငယ် အဆိုတော်၊မင်းသား တွေအကြောင်းတော့ သွားမမေးလိုက်နဲ့ ကလေးဘ၀ကနေ လက်ရှိအချိန်ထိ အကြောင်းတွေ ကရားရေလွှတ်ပြောပြပါလိမ့်မယ်။

လူငယ်တွေဟာ ဘာတွေကိုစိတ်ဝင်စားနေလဲ၊ ကမ္ဘာမှာကော ဒီလိုပဲလား။ ဒါမှမဟုတ် ကျွန်တော်တို့ နိုင်ငံမှာပဲလား ဆိုတာတော့ ကျွန်တော်သေသေချာချာ မသိပါဘူး။ ဒါပေမယ့် လူငယ်တစ်ယောက်ဟာ တစ်ချိန်မှာသူကိုယ်တိုင် ပတ်သတ်လာရမယ့် ကမ္ဘာကြီးအကြောင်းကိုတော့ အနည်းအကျဉ်း သိရမယ်လို့ကျွန်တော်ထင်ပါတယ်။ ကျွန်တော့် အမြင်ပြောရရင်တော့ ကျွန်တော်တို့နှစ်တွေက မျိုးဆက်တွေဟာ အရင်မျိုးဆက်တွေလိုမဟုတ်ပဲ တစ်ခုခုနဲ့အဆက်အသွယ်ပြတ်သွားတယ်လို့ထင်ပါတယ်။ အဲ့ဒါကလည်းတဖြည်းဖြည်းနဲ့ ပိုပြီးဆိုးဆိုးလာတယ်လို့ထင်တယ်။

ကျွန်တော့် ညီဝမ်းကွဲလေးတစ်ယောက်က ဒီနှစ်မှ ဆယ်တန်းအောင်တာပါ။ သူဒေါက်တာသန်းထွန်းကို မသိဘူးပြောပါတယ်။ ကိစ္စမရှိဘူး ကျွန်တော့်မှာ ဒေါက်တာသန်းထွန်း ရေးတဲ့စာအုပ်အနည်းအပါးရှိတော့ သူ့ကိုပေးဖတ်လိုက်ပါတယ်။ ကျောင်းစာအုပ် တွေထဲက မနေ့တစ်နေ့ကမှ ထွက်လာရရှာတော့ ကျွန်တော်သူ့ကို နားလည်ပေးနိုင်ပါတယ်။ ဒါနဲ့ သူစာအုပ်ကိုကျွန်တော့်နားမှာတင် အမြည်းဖတ်တော့ ရှေ့ဆုံးမှာ ဒေါက်တာသန်းထွန်း ရဲ့ အတ္ထုပ္ပတိ ကိုသူစဖတ်ပါတယ်။ ကျွန်တော်လည်းသူ့ကို စိတ်ဝင်စားလို့ ဆက်ကြည့်နေမိတယ်။ သူက ဆရာကြီးရဲ့ ဇာတိကိုကြည့်ပြီး တောမှာပဲမွေးတာနော်လို့ပြောပါတယ်။
တောမှာမွေးပြီး ဒီလိုကမ္ဘာသိ ပုဂ္ဂိုလ်ကြီးဖြစ်နေတာကိုလည်း သူအံ့အားသင့်ပုံပေါ်တယ်။ ဒီခေတ်မှာက တောရွာမပြောနဲ့ ရန်ကုန်မြို့ကြီးမှာတောင် ကြိုးစားတိုင်းလည်း မဖြစ်ဘူးဆိုတာကို ကလေးတွေကသဘောပေါက်ကြတယ်။

ဒီလိုနဲ့သူဆက်ဖတ်နေရင်း တစ်နေရာအရောက်မှာ ဆရာကြီးက ငသိုင်းချောင်းဖဆပလ ရဲ့ပထမဆုံးဥက္ကဌ ဆိုတာတွေ၊ ၁၉၄၇ မှာ ဗကသ ဥက္ကဌ ဆိုတာတွေဖတ်ရင်း အဲ့ဒီစာပိုဒ်ရဲ့ အဆုံးမှာ ၁၉၄၈ တွင် လွပ်လပ်ရေးရပြီးနောက် နိုင်ငံရေးကို စွန့်လွှတ်၍ သမိုင်းနှင့် စာပေဘက်ကိုသာ အာရုံစိုက်ခဲ့ဆိုတာကို သူတွေ့သွားပါတယ်။ ဒီမှာတင် ကျွန်တော့်ဘက်ကို လှည့်ပြီး နိုင်ငံရေး လည်းလုပ်တယ်လို့ ပြောပါတယ်။ သူ့ပုံကြည့်ရတာ နိုင်ငံရေး ဆိုတာ ဒီလိုဆရာကြီးတွေနဲ့မဆိုင်ဘူး သီးသန့်လူတွေက ရာဇ၀တ်မူ့ ကျူးလွန်နေတာလို့ ပြောချင်ပုံရပါတယ်။ ဟုတ်ပါတယ် သူ့ရဲ့အတွေး၊ သူ့ရဲ့အမြင်က နိုင်ငံရေး ဆိုတာအပြစ်ကျူးလွန်ခြင်းလို့စွဲနေပုံရပါတယ်။ သူ့ခေါင်းထဲကို ဒီအတွေးတွေဝင်နေတဲ့ ကလေးတစ်ယောက်ဟာ ဘယ်အချိန်မှာ နိုင်ငံရေး ဆိုတာကို သဘောပေါက်လာမလဲဆိုတာ ကျွန်တော်သေသေချာချာ မသိပါဘူး ။ အကြောင်းကတော့ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံရေး ဆိုတဲ့ စကားကို သုံးနှုန်းမိရင်ပဲ အပြစ်တစ်ခုတော့ လုပ်မိပြန်ပြီလို့ ခုထိစိတ်ထဲဆွဲနေသေးလို့ပါ ခင်ဗျာ။

ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်

လက်ညှိုးညွှန်ရာ
ကွေ့ကောက်စီးဆင်းရလွန်းလို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။

အိပ်မက်တွေ
တစ်ရာသီပြီး တစ်ရာသီ အရိတ်သိမ်းခံရလွန်းလို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။

ဆုတောင်းခြင်းရဲ့
ကျေးကျွန်ဖြစ်ရဖန် များလွန်းလို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။

ဖြည့်ဆီးခြင်းရဲ့ အရှင်သခင်အဖြစ်
အရာအားလုံးကို ပြဌာန်းဖို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။

လောကဓံကို
ပျစ်ပျစ်နှစ်နှစ် ဆက်ဆံရေးဖို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တယ်။

အတိအကျပြောရရင်တော့
ကိုယ့်ကိုကိုယ် ဓားထောက်ပြီး
လူ့ကျင့်ဝတ်တွေကို လုယက်ဖို့
ကျွန်တော်ဟာ ကံကြမ္မာဖြစ်ချင်ခဲ့တာပါပဲ။

ရေးသားသူ-မြမြင့်မိုရ်၊ ၂၀၀၄ အောက်တိုဘာလထုတ် ဟန်သစ်မဂ္ဂဇင်း

7 October 2008

ပြောချင်လွန်းလို့
လူတစ်ယောက်သည် လောကီကိစ္စများကို စိတ်ကုန်လာသောကြောင့် ၀စီပိတ်ကျင့်ရသော ကျောင်းတစ်ကျောင်း တွင်တရားကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ ကျောင်းသို့ရောက်သောအခါ ကျောင်းထိုင်ဆရာတော်က ပြောသည်။
"သင်ဟာ ဒီကျောင်းမှာ နေပြီး ကျင့်မယ်ဆိုရင် စည်းကမ်းတွေကို အလေးအနက်လိုက်နာဖို့လိုမယ်။ သင်စကားပြော ချင်ရင် သုံးနှစ်နေတစ်ခါ တစ်ခွန်းပြောခွင့်ပေးမယ်"
"ကောင်းပါပြီ ကျွန်တော်နေနိုင်ပါတယ်"
ထိုသို့ဖြင့် သုံးနှစ်ပြည့်သွားသောအခါ ထိုလူသည်တစ်ခွန်းပြောခွင့်ရသည်။ ကျောင်းထိုင်ဘုန်းကြီးက နားထောင်သည်။
"အိပ်ယာတွေက မကောင်းဘူး"
တစ်ခွန်းပြီးသွားသည်။ ထို့နောက် နောက်ထပ်သုံးနှစ်ပြည့်သွားပြန်သည်။ နောက်တစ်ကြိမ်ပြောခွင့်ရသောအခါ ထပ်ပြောသည်။
"အစားအသောက်ကလည်း တော်တော်ညံ့တယ်"
နောက်ထပ်သုံးနှစ်၊ စုစုပေါင်းကိုးနှစ်ကြာသော အခါ စကားတစ်ခွန်းထပ်ပြောခွင့်ရလေသည်။
"ဒီလောက်ဆိုးတဲ့ကျောင်းမှာ ကျွန်တော်မနေနိုင်ဘူးဗျာ"

ငါးဟင်းမစားလို့
စိတ်ရောဂါကု ဆရာဝန်ထံသို့ လူတစ်ယောက်ရောက်လာသည်။
"ဘာဖြစ်လို့လဲဗျ"
"ကျွန်တော့်မိန်းမ သုံးယောက်လုံး ကျွန်တော့်လက်ပေါ်မှာတင် သေသွားလို့ပါ"
"အေးဗျာ ဒါကြောင့် ခင်ဗျားစိတ်မကောင်းဖြစ်နေတာ ကျွန်တော်နားလည်ပါတယ်။ ဒါနဲ့ သူတို့အားလုံးက ဘယ်လို သေသွားရတာလဲ"
"ပထမ မိန်းမတုန်းက အဆိပ်ပါတဲ့ ငါးဟင်းစားမိလို့သေတာ၊ ဒုတိယ မိန်းမကလည်း အဆိပ်ခပ်ထားတဲ့ ငါးခေါင်းဟင်းစားမိလို့ သေတာ၊ တတိယ မိန်းမကတော့ ခေါင်းကွဲပြီးသေတာပါ ဆရာ"
"ဖြစ်ရလေဗျာ ဒါနဲ့ ဘယ်လိုဖြစ်ပြီး ခေါင်းကွဲရတာလဲ"
"ဟာ.... ဒီမိန်းမက အဆိပ်ပါတဲ့ ငါးဟင်းမှ မစားတာကိုးဗျ"

အဖြေစစ်နေတယ်
ဆရာမသည် ကျောင်းသားများအား အမှား၊ အမှန်ဖြေရသော သင်ခန်းစာကို ဖြေခိုင်းသည် ။ ကျောင်းသားတစ်ယောက်ဖြစ်သောဂျွန်သည် မရသောကြောင့် ဒင်္ဂါးပြားတစ်ပြားအားလှန်ကာ ခေါင်းကျလျင် အမှန်၊ ပန်းကျလျင်အမှား ဟုသတ်မှတ်ကာ ဖြေလေသည်။
အချိန်စေ့သွားသောကြောင့် တစ်ခြားကျောင်းသားများ ထွက်သွားသော်လည်း ဂျွန်သည်ခေါင်း၊ပန်း လှန်နေရာမှ မပြီးသေးပေ။ ဆရာမက လှမ်းမေးလိုက်သည်။
"ဂျွန် မင်းဖြေနေတာအခုထိ မပြီးသေးဘူးလား"
"ပြီးပါပြီ ဆရာမ ကျွန်တော်အဖြေ မှန်၊ မမှန် သေသေချာချာ ပြန်စစ်နေလို့ပါ"

မကြာခင်ကစားရမယ်
အခြေအနေမကောင်းတော့သော လူနာတစ်ယောက်အား ဆရာဝန်သည်အားပေးနေသည်။ လူနာမှာ ဂေါက်သီးဝါသနာရှင် တစ်ယောက်လည်းဖြစ်သည်။ လူနာက ဆရာဝန်အား အားငယ်စွာမေးသည်။
"ဆရာရယ် ကောင်းကင်ဘုံမှာ ဂေါက်ကွင်းကောရှိရဲ့လားဟင်"
"ရှိတာပေါ့ဗျာ တစ်ကယ်ကို လှပစိမ်းစိုတဲ့ ဂေါက်ကွင်းကြီးပေါ့"
"ဟုတ်လား ဒါဆိုရင်တော့ ကောင်းကင်ဘုံက ပျော်စရာကြီးပဲနော်"
"ဟုတ်တာပေါ့ဗျာ .... နောက်တစ်ပတ်လောက်ဆိုရင်တောင် ခင်ဗျားအဲ့ဒီဂေါက်ကွင်းကြီးမှာ
ကစားလို့ရနေပြီ"

ရယ်ဆိုတော့လည်း ရယ်လိုက်ပေါ့
အာရပ်နိုင်ငံတစ်နိုင်ငံသို့ အင်္ဂလိပ်စစ်ဗိုလ်ချုပ်တစ်ယောက် လာရောက်လည်ပတ်ရာ ပါးနပ်အကင်းပါးသော စကားပြန်တစ်ယောက်အား ဗိုလ်ချုပ်အတွက်ထည့်ပေးလိုက်သည်။ ထိုစကားပြန်သည် အင်္ဂလိပ်စကားအား ယဉ်ကျေး၊သိမ်မွေ့စွာ ပြောတတ်ကာစကားအပြောအဆိုလည်း ကျွမ်းကျင်ပေသည်။ တစ်နေ့တွင် ဗိုလ်ချုပ်သည် အာရပ်စစ်တန်းလျားသို့ သွားလည်၍ စစ်သားများအား အလွန်ရှည်လျားသော ဟာသတစ်ပုဒ်အားပြောပြလေသည်။ ဗိုလ်ချုပ်ပြောပြီးသောအခါ စကားပြန်အား ဘာသာပြန်ခိုင်း
လေရာ စကားပြန်သည် တိုတိုပြောလိုက်ရုံနှင့် စစ်သားများသည်ရယ်မောကြလေသည်။
ဗိုလ်ချုပ်လည်း အံ့သြသွားပြီး စကားပြန်ကိုမေးလေသည်။
"မင်းအရမ်း တော်တာပဲ။ ငါအရှည်ကြီးပြောတာကို မင်းကခပ်တိုတိုနဲ့ပြောလိုက်တာ ဒီကောင်တွေအကုန် ရယ်သွားကြတယ်။မင်းဘယ်လို ချုံ့ ပြီးဘာသာ ပြန်ပေးလိုက်တာလဲကွ"
"ဒီလိုပါ ဗိုလ်ချုပ်ပြောတဲ့ ဟာသကအရမ်းရှည်နေတော့ သူတို့သဘောမပေါက်နိုင်ဘူး။ အဲ့ဒါကြောင့် ဗိုလ်ချုပ်ဟာသပြောနေတယ် မင်းတို့အားလုံး ရယ်လိုက်ကြပါလို့ ပြောလိုက်တာပါ။"

မျှဝေခံစားခြင်း

3 October 2008

ကျွန်တော် အိမ်ပြန်ဖြစ်တော့ စာအုပ်ဟောင်းတွေ ပြန်မွှေရင်းနဲ့ ဟန်သစ် မဂ္ဂဇင်းဟောင်းနှစ်အုပ်ကို ပြန်တွေ့ပါတယ်။ ၂၀၀၄ နိုဝင်ဘာ နဲ့ အောက်တိုဘာ ကစာအုပ်တွေပါ။ အဲ့ဒီနောက်တော့ ဟန်သစ်မဂ္ဂဇင်း လည်းရပ်နား သွားခဲ့ပါတယ် ။ ၂၀၀၆-၀၇ လောက်မှာ ပြန်ထွက်တယ်ထင်ပါတယ်။ ဒါပေမယ့် အရင်
ဟန်သစ်ကိုတော့ မမှီတော့ပဲ ကြိုးစားရင်းနဲ့ပဲ ပြန်ပျောက်သွားပါတယ်။ အရှုံးခံပြီး လုပ်ခဲ့ကြတဲ့ ကိုသျှားညိုတို့ကိုလည်း လေးစားမိပါတယ် ။ ဒီမှာက မဂ္ဂဇင်းထုတ်ရင် စာတွေမပါရင်နေ၊ ညှိ့အားပြင်းပုံတွေပါမှ
ရပ်တည်ဖို့က လွယ်တာကိုးဗျ ။ အခုဒီ ကျွန်တော့်မှာ ရှိတဲ့ မဂ္ဂဇင်းနှစ်အုပ်ထဲက ကျွန်တော်ကြိုက်တာလေးတွေကို
ဘလော့မှာ ရေးသွားပါမယ် ။ မျှဝေခံစား ခြင်းပေါ့ဗျာ ။ ကိုဟန်သစ်ငြိမ်ရဲ့ စကားလုံးလေးကို သဘောကျလို့ လေဘယ်မှာပါ ယူသုံးလိုက်ပါတယ်။ ဟီး...ဟီး ဟန်သစ်တွေချည်းပဲနော် ။ ကဲ ဖတ်ကြည့်လိုက်ကြပါဦးဗျာ ။
ဆရာသစ္စာနီ ရဲ့ လက်ရာပါ။

မဖတ်ဖြစ်တဲ့ပြဇာတ်

(၁)
ကျွန်ုပ်သည် ၀က်တစ်ကောင်ကိုမွေးမြူကာ ထိုဝက်အား ရှိတ်စပီးယားဟု အမည်ပေးထားသည်ဆိုလျင် ထိုဝက်
၏အမည်သည် မော်စီတုန်း၊ ရောဘတ်ဒယ်နီရို၊ ကလင်တန်မဟုတ်ကြောင်းနှင့် ထိုဝက်သည် ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ်ကို ရေးသားသူမဟုတ်ကြောင်း သူငယ်ချင်းများကသိကြသလို၊ ကျွန်ုပ်ကိုယ်တိုင်ကလည်း ဤကဲ့သို့အမည်ပေးရသည်မှာ ထိုဝက်ကိုရိုမီယိုနှင့် ဂျူလီယက် ပြဇာတ်ရေးသားသူဖြစ်သည်ဟု ယုံကြည်ကြရန်
ရည်ရွယ်လိုရင်း မရှိသည်မှာ မှန်ပါသော်လည်း ထိုဝက်၏ အသည်းနှလုံးသည် ရိုမီယို၏အသည်းနှလုံးကဲ့သို့ ဂန္တ၀င်အချစ်ဓါတ်တွေ ပြည့်လျှမ်းမနေနိုင်ဟု တစ်ထစ်ချပြောဆိုရန် ခက်သကဲ့သို့ ၊ ထိုဝက်တွင် သူအသက်ပေး
လောက်ရအောင်ချစ်သော (ဂျူလီယက်ဟု အမည်တွင်ချင်တွင်မည်) ၀က်မလေးတစ်ကောင်မရှိဟု ယတိပြတ်
ပြောဆိုရန်မှာ ကျွန်ုပ်အတွက်သော်လည်းကောင်း၊ သူငယ်ချင်းများအတွက်သော်လည်းကောင်း ခက်ခဲဝန်လေးဖွယ်ရာ ရှိနေသည်မှာမှန်သော်လည်း၊ ရှိတ်စပီးယား၏ ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ်ကို မူရင်းရော
မြန်မာပြန်ပါ မဖတ်ဘူးပါပဲနှင့် သမ္မတရုံတွင် ပြသခဲ့သော ရိုမီယို နှင့် ဂျူလီယက် ရုပ်ရှင်ကို တစ်ကျပ်ခွဲတန်းက
ကြည့်ကာ မေ့မရနိုင်သော စွဲလမ်းစိတ်နှင့် အိုလီဗီယာဟတ်စီ(ထိုရုပ်ရှင်ကားထဲတွင် ဂျူလီယက်အဖြစ်သရုပ်ဆောင်သူ) နှင့် ဘယ်လိုကြည့်ကြည့်လုံးဝ မတူသော ကောင်မလေးတစ်ယောက်အား
ထိုစဉ်က ခေတ်စားနေသည့် ရိုမီယိုနှင့် ဂျူလီယက်ပုံရိုက်နှိပ်ထားသည့် စာအိတ်ထဲတွင် မွှေးပျံ့ကာ ပန်းနုရောင်ရှိသော ရည်းစားစာတစ်စောင်ကို ထည့်ပေးမိသောကြောင့် ပါးရိုက်ခံခဲ့ရသော ကျွန်ုပ်အားမူ ၀က်တစ်ကောင်ကဲ့သို့ ထုံအပါပေသည်ဟု သူငယ်ချင်းများက အလွယ်တကူ မှတ်ချက်ချကြ၍ ကျွန်ုပ်ကိုယ်တိုင်ကမူ ကိုယ့်ဘာသာ ရိုမီယိုကဲ့သို့ မစွံလေခြင်းဟု မှတ်ချက်ချကာ နှစ်ကာလများ အတန်ကြာ
အောင် ကြာလွန်လာသည့်အချိန်အထိ ကျွန်ုပ်သည်ရှိတ်စပီးယား၏ ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ် မူရင်းကိုရော မြန်မာပြန်ကိုပါ မဖတ်ရပဲ ရှိနေဆဲ၊ သူမ(လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က ကျွန်ုပ်၏
ဂျူလီယက်) ကိုဝက်မတစ်ကောင်ကဲ့သို့ ၀ဖီးသော ခန္ဓာကိုယ်နှင့် တွေ့လိုက်ရသဖြင့် ကျွန်ုပ်ကိုယ်တိုင် ရှိတ်စပီးယား၏ဇာတ်ကောင် ရိုမီယို မဖြစ်ခဲ့ရခြင်းအတွက် (သို့မဟုတ်) ၀က် မဖြစ်ခဲ့ရခြင်းအတွက် ၀မ်းအသာကြီးသာကာ ဘီယာသုံးခွက်ဆင့်သောက်၍ ရှိတ်စပီးယားကို ပါးပိတ်ရိုက်လိုက်ပြီး ရိုမီယိုနှင့် ဂျူလီယက် ပြဇာတ်ကို မူရင်းရော မြန်မာပြန်ပါ ဘယ်သောအခါမှ မဖတ်ရန်ဆုံးဖြတ်လိုက်လေသည်။

(၂)
ကျွန်ုပ် ရှိတ်စပီယားကို ပါးရိုက်လိုက်မိခြင်းမှာ ဘီယာသုံးခွက် ဆင့်သောက်ကာ မူးရစ်နေသောကြောင့်ဟု
သူငယ်ချင်းများက စွပ်စွဲသော်လည်း ကျွန်ုပ်ကမူ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်က သမ္မတရုံတွင်ပြသခဲ့
သော ကျွန်ုပ်တစ်ကျပ်ခွဲပေးကာ ကြည့်ခဲ့သည့် ရိုမီယိုနှင့် ဂျူလီယက် ရုပ်ရှင်ဇာတ်လမ်းကို ရှိတ်စပီးယားရေး
ခဲ့သောကြောင့်သာ ဖြစ်သည်ဟု အပြန်အလှန်ငြင်းခုန်ခဲ့ပါလျက် ကျွန်ုပ်အားထုံအအ၀က်တစ်ကောင်ဟု မှတ်ချက်အချခံရခြင်းမှာ ရှိတ်စပီးယား၏ ရိုမီယိုနှင့် ဂျူလီယက် ပြဇာတ်ကို မူရင်းရော မြန်မာပြန်ပါ မဖတ်ခဲ့
ဖူးခြင်းနှင့် မသက်ဆိုင်ဘဲ အိုလီဗီယာဟတ်စီနှင့် ဘယ်လိုကြည့်ကြည့် လုံးဝမတူသောကောင်မလေး (၀က်မမဟုတ်)ကို ကျွန်ုပ်က ရေမွှေးဆွတ်ထားသော ပန်းနုရောင်စာရွက်တွင် ရည်းစာစာရေး၍ ထိုခေတ်က
ခေတ်စားတွင်ကျယ်နေသည့် ရိုမီယိုနှင့် ဂျူလီယက် ဓါတ်ပုံရိုက်နှိပ်ထားသော စာအိတ်ထဲတွင်ထည့်ကာ ပေးခဲ့မိ
ခြင်းအတွက်ကြောင့်လားဟု ကျွန်ုပ်ကိုယ်တိုင် ဆုံးဖြတ်ရခက်ခဲ့သော်လည်း ၀က်တစ်ကောင်၏ အသဲနှလုံး
တွင် ဂန္တ၀င် အချစ်စိတ်တွေ ပြည့်လျှမ်းမနေနိုင်ဟုလည်းကောင်း၊ ထိုဝက်တွင် အသက်ပေးချစ်ရမည့်
ဝက်မလေး(ဂျူလီယက်) တစ်ကောင်ရှိမနေနိုင်ဟုလည်းကောင်း၊ ယတိပြတ်ဆုံးဖြတ်ပြောဆိုရန်အတွက်မူ
မလွယ်ကူလှခြင်းကြောင့် လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်က ကျွန်ုပ်ကို ငြင်းဆန်ခဲ့သည့် ဂျူးလီယက်(သူမ
နာမည် အမှန်မဟုတ်ပါ) ကို ၀က်မတစ်ကောင်ကဲ့သို့ ၀ဖြိုးသော ခန္ဓာကိုယ်နှင့် အမှတ်မထင် ပြန်လည်တွေ့ဆုံ
လိုက်ရသောအခါ ကျွန်ုပ်သည် ထိုစဉ်က ရိုမီယို(သို့မဟုတ်) ၀က်တစ်ကောင်မဖြစ်ခဲ့ရခြင်းအတွက် ၀မ်းသာ
အားရနှင့် ၀က်တစ်ကောင်ကိုမွေးမြူကာ ထိုဝက်အား ရှိတ်စပီးယားဟု အမည်ပေးလိုက်ခြင်းဖြင့် ထိုဝက်က
ရိုမီယို နှင့် ဂျူလီယက် ပြဇာတ်ကို ရေးသားသူဟုဆိုလိုရာ မရောက်ကြောင်း သူငယ်ချင်းများကလည်း သဘော
ပေါက်ကြသဖြင့် ကျွန်ုပ်သည် ယခုထက်တိုင် ရှိတ်စပီးယား၏ ရိုမီယို နှင့် ဂျူလီယက် ပြဇာတ်ကို ယခုထက်တိုင်
မူရင်းရော၊ မြန်မာပြန်ပါ မဖတ်ဖူးပဲရှိလေသည်။

(၃)
ရှိတ်စပီယား၏ ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ်ကို မူရင်းရော မြန်မာပြန်ပါ မဖတ်ဖူးသည့် ၀က်တစ်ကောင်က
ကျွန်ုပ်ကို ပါးရိုက်ခဲ့ခြင်းမှာ ထိုစဉ်ကသောက်စားတွင်ကျယ်နေသည့် ၀က်နှစ်ကောင်ပုံ (၀က်ထီးနှင့် ၀က်မ) ရိုက်
ှနှိပ်ထားသော စာအိတ်ထဲတွင် ကျွန်ုပ်က ပန်းနုရောင် ရည်းစားစာရွက်ကိုထည့်ကာ ဘီယာရောင်းသည့် ကောင်တာမှ အိုလီဗီယာဟတ်စီနှင့် ရွေးမရအောင် စွတ်စွတ်တူသည့်( လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က
သူမသည် ၀က်တစ်ကောင်ကဲ့သို့ ၀ဖြိုးသော ခန္ဓာကိုယ်ရှိသည်) အရောင်းစာရေးမ ဂျူလီယက်အား ဇွတ်လက်
ဆွဲကာ ပေးခဲ့မိသည့်အတွက် ဖြစ်သည်ဟုဆိုရန် ခက်ခဲသော်လည်း သမ္မတရုံတွင် ရုပ်ရှင်ကြည့်စဉ်က ထိုဝက်သည် ဂျူလီယက်နှင့် ယှဉ်တွဲကာ ထိုင်ခဲ့သည်ဟု(ထိုဝက်၏ အမည်သည် ရိုမီယို ဖြစ်မဖြစ်မှာ မသေချာပါ)ကျွန်ုပ်၏ သူငယ်ချင်းများအား ယတိပြတ် ပြောပြခဲ့သည့်အတွက် ထုံအအနိုင်လှသော ရှိတ်စပီးယားကို ဂုဏ်ပြုသောအနေဖြင့် ကျွန်ုပ်က ၀က်တစ်ကောင်အား ဘီယာသုံးခွက်ဆင့်တိုက်ခဲ့ခြင်းမှာ ရှိတ်စပီယား၏ ရိုမီယိုနှင့် ဂျူလီယက်ပြဇာတ်ကို မူရင်းရော မြန်မာပြန်ပါ မဖတ်ရသေးခြင်းနှင့် ဆိုင်မဆိုင် မသိရဘဲ ရှိလေတော့သည်။

rap battle နှင့်အမေရိကန်ရွေးကောက်ပွဲ

2 October 2008

လူသည် သမိုင်းတွင် ဂုဏ်ရောင်ပြောင်ချင်သည်။
မည်သူက စပြောမှန်းတော့ ကျွန်တော်လည်းမသိ အတွေ့များတာကတော့ ဆရာကျော်ဝင်းစာအုပ်မှာ ဖြစ်ပါတယ်။ ဒီစကားကိုယေဘူယျအားဖြင့်တော့ ကိစ္စတော်တော်များများ မှန်တယ်လို့ပြောလို့ရပါတယ်။ နပိုလီယံဟာ ရုရှားကို တိုက်ခဲ့တာဂုဏ်ရောင်ပြောင်ချင်လို့ပါ။ ဟစ်တလာရဲ့ ရူးသွပ်မူ့တွေရော ၊ နောက်နိုင်ငံရေးသမားတော်တော်များရဲ့ပေါ်လစီတွေဟာလည်းကိုယ့်ဂုဏ်ရောင်ကိုပြောင်စေချင်လို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် မာသာထရီဆာတို့လို တကယ်မွန်မြတ်တဲ့ သူတော်စင်တွေရှိတာလည်း မေ့ထားလို့တော့မရပါဘူး။

ကျွန်တော် ကမ္ဘာ့အဖြစ်အပျက်တွေကို သတင်းတွေမှာဖတ်ဖြစ်ရင်မကြာခဏစဉ်းစားမိပါတယ်။ လူတော်တော်များများလည်း ကျွန်တော့်လိုတွေးမိကြမှာပါ ။ ဒါပေမယ့် ကျွန်တော့်အတွေးတွေကိုတော့ ခေတ်စကားနဲ့ ပြောရင် ခပ်ပိန်းပိန်းတွေပါလို့ ပြောလို့ရပါတယ်။ တွေးမိတာကဒီလိုပါ ။ နိုင်ငံကြီးတွေကို ကြည့်လိုက်ရင် ရပ်ကွက်ထဲကလူတွေရဲ့ အဖြစ်တွေနဲ့ တော်တော်တူပါတယ်။ ချုံ့ပြီးစဉ်းစားကြည့်ရင်ပေါ့ဗျာ။
ဒီ့ထက်ပိုချုံ့စဉ်းစားရင်တော့ဂေါ်လီရိုက်တဲ့အရွယ်ကလေးတွေလို၊ဈေးထဲကဈေးသည်တွေလိုစဉ်းစားနိုင်သလောက်ကို ချုံ့ပြစ်လိုက်လို့ရပါတယ်။

ပထမကမ္ဘာစစ်ကြီး နဲ့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခဲ့တာကိုပဲ ပြန်စဉ်းစားလိုက်ရင် ကျွန်တော်ဆိုလိုတာကို ကွက်ကွက်ကွင်းကွင်းမြင်သွားမှာပါ။ ကိုလိုနီနယ်မြေ အပြိုင်ရှာခြင်းတဲ့ဗျာ ။ တွေးကြည့်လိုက် ရင် မင်းကတော့များနေပြီ၊ ငါကနည်းနည်းလေးတို့ဘာတို့မစ္ဆိရိယစိတ်တွေ ပွားနေတဲ့ ရပ်ကွက်ထဲကလူတွေလိုပေါ့ ။ ဂုဏ်ရောင်ပြောင်ချင်တာကလည်း အဓိကလို့ပြောလို့ရတာပေါ့။ ဘယ့်နှယ်ဗျာကိုယ့်နိုင်ငံသားတွေကြီးပွားဖို့ကို တစ်ခြားနိုင်ငံကနေမတရားယူမယ်တဲ့။ လူတွေ၊လူတွေ အလိုဆန္ဒတွေက မွေးကင်းစကလေးလို
ကိုယ်နဲ့ဆိုင်တာကို ကိုယ်မသိပဲ၊ မုန့်မြင်တာနဲ့ လက်ညိုးထိုးချင်တော့တာပဲ။နောက်လက်နက်အပြိုင်တပ်ဆင်ခြင်း တို့ဘာတို့ ဆိုတာတွေပေါ့။ ကမ္ဘာစစ်ကြီးတွေဖြစ်စေခဲ့တဲ့ အကြောင်းတွေပေါ့ဗျာ။ ကြည့်လိုက်ရင်
ဒီလိုသဘောတွေပဲ။ မဟာမိတ်တွေဖွဲ့တော့လည်း မင်းက ငါနဲ့အမျိုးနည်းနည်းတော်တယ် ငါ့ကိုခေါ် ဆိုတာတွေ၊ ငါ့ဘက်ပါရင်ဘယ်နိုင်ငံက ဘယ်ကျွန်းကို မင်းယူလိုက်ဆိုတာတွေက တွေးလိုက်ရင် ရယ်ဖို့လည်းကောင်းတယ်ဗျ။
ဟောပြီးတော့ ခပ်တည်တည်နဲ့ရန်တွေဖြစ်ကြ ကြားထဲကသောက်သောက်လဲသေကြတာက အပြစ်မဲ့အရပ်သားတွေ။ တိုင်းပြည်နဲ့လူမျိုး
အတွက်ဆိုတဲ့ လူကြီင်္းတွေကတော့ စင်ပေါ်ကနေခပ်တည်တည်ပဲ။ သြော်ဂုဏ်ရောင်ပြောင်ချင်တဲ့ စိတ်များပြောပါတယ်။ သမိုင်းမှာကျန်ခဲ့ချင်တာလည်းပါမှာပေါ့ ။ ဟစ်တလာလိုတော့မဖြစ်ဖို့အရေးကြီးတယ်နော်။ ဟစ်တလာလောက်တော့ မဆိုးပါဘူး ဆိုပြီးစိတ်ထင်
တိုင်းလည်းလျှောက်မလုပ်ကြနဲ့။တော်ကြာဟစ်တလာကအဖေမခေါ်ရတောင်ဟစ်တလာ့သားအဖြစ်လောက်တော့ မှတ်တမ်းဝင်နေဦးမယ်။ကြားလား ..... ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကိုပြောတာပါ ။ သြော်ဒီစာဖတ်နေတဲ့ ခင်ဗျားလည်းပါတယ်ဗျ ။

ဒါနဲ့ စကားမစပ် hip-hop ယဉ်ကျေးမူ့နဲ့ ပတ်သတ်တဲ့ကားတွေကြည့်ဖူးလားဗျ ။ ဟင် ဘာဆိုင်လို့လဲဆိုပြီး ဆန္ဒမစောနဲ့ဦး။ကျွန်တော်ပြောချင်တာလေး ဆုံးအောင်နားထောင် ။ hip-hop ရဲ့ ဘရိတ်ဒန့်စ် အကကို ရုပ်ရှင် အဖြစ်ဖန်တီးထားတဲ့ Step Upလိုကားမျိုးကြည့်ဖူးလား ။ မကြည့်ဘူးရင် ကျွန်တော်ပြောပြမယ်။ အကပြိုင်တဲ့ ရုပ်ရှင်ကားပါ ။ လမ်းပေါ်မှာ ချာတိတ်တွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြိုင်ကြတာပေါ့။ ကမ္ဘာ့စိတ်လှုပ်ရှားစရာအကောင်းဆုံး အကတွေလိုပြောလို့ရတဲ့ underground အကတွေလည်းပါတယ်။
နောက် Eminem ရဲ့ 8mile ရုပ်ရှင်ကောကြည့်ဖူးလား ။ အင်း...ဒါလည်းမကြည့်ရသေးရင်တော့ ပြောပြမယ်ဗျ ။ အမေရိကန် rapperEminem ရဲ့ဘ၀ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ဖန်တီးထားတာပါ။ အဲ့ဒီဇာတ်လမ်းမှာ Eminem ဟာအောင်မြင်မူ့ကို မရခင်လူမည်းတွေအများဆုံးလာတဲ့ကလပ်တွေမှာပရိတ်သတ်အားပေးမူ့ရအောင် သီချင်းဆိုပြိုင်ရပါတယ်။တစ်ခြားသီချင်းဆိုပြိုင်ပွဲတွေလိုမဟုတ်ဘူးနော်။တစ်ယောက်နဲ့တစ်ယောက်သီချင်းစာသားတွေ ကိုကာရံညီဆန်းသစ်အောင်ဖန်တီးပြီးပုတ်ခတ်လှောင်ပြောင်ရတဲ့ပုံစံမျိုးတွေပါ။rap battleတွေလို့လည်းခေါ်ကြပါတယ်။

ကဲစကားလေးပြန်ဆက်ရအောင်။ဟိုတစ်နေ့ကဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်ကြောင့်ဒီအကြောင်းတွေခေါင်းထဲဝင်လာတာပါ။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာပထမဆုံးအကြိမ်အဖြစ်ဂျွန်မက်ကိန်းနဲ့အိုဘားမားတို့စကားစစ်ထိုးပွဲပြုလုပ်ခဲ့ကြတယ်တဲ့။
ထုံးစံအတိုင်းတစ်ယောက်ပေါ်လစီတစ်ယောက်ဝေဖန်ကြတော့ပေါ့ဗျာ။ဒါပေမယ့်ပညာရှိအမျက်အပြင်မထွက်ဆိုတော့လည်း
ပွဲပြီးတော့ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်ကြပါတယ်။ rapper တွေလိုတော့ပြန်မပြောနိုင်တော့ရင် မိုက်ကရိုဖုန်းကြီးပစ်ချသွားတာတွေ ဘာတွေတော့မလုပ်ပါဘူး ။ ဒါပေမယ့် အတွင်းစိတ်က လောင်နေတဲ့မီးတွေကတော့ ဘယ်လိုနေမလဲလို့ကျွန်တော်တွေးမိပါတယ်။ rapper တွေလို ကာရံတွေ စာသားတွေနဲ့ ပြိုင်ကြရင်လည်း ဘယ်လိုဖြစ်မလဲလို့စဉ်းစားမိပါတယ်။
ဟုတ်တယ်လေ တစ်ယောက်အားနည်းချက်တစ်ယောက်ထောက်ပြနေတော့rap battleတွေသဘောမျိုးလို့ကျွန်တော်လိုနလပိန်းတုံးက ဒီလိုပဲတွေးမိပါတယ်။ အဲ့ဒီတော့ စင်ပေါ်တက်ခိုင်းပြီး သူတို့တွေကို ဒီလိုစာသားတွေရွတ်ပြီးပြိုင်ခိုင်းရင်ကောင်းမယ်။

ငါ့နာမည် မက်ကိန်း ဘုရှ်ပေါ်လစီကိုထောက်ခံခဲ့တာ ဒီနေ့ထက်ထိ တစ်ချက်မယိမ်း
ရီဗတ်ပလီကင်ဖြစ်ရတာ ငါ့ဘ၀မှဝမ်းသာမဆုံး ဒီမိုကရက်တစ်အဆင့်မရှိပါ ငါတို့နောက်က နောက်ချီးကျုံး

ဒါဆိုရင် အိုဘားမားကလည်း ဒီင်္လိုစာသားမျိုးတွေကို ပြန်ဆိုပါလိမ့်မယ်ထင်တယ်။

အဖိုးကြီးမက်ကိန်း အသက်ကြီးမှ မီးတောက်ချင်သေး
ဒုသမ္မတကို ရွေးတဲ့သဘော ဘာလဲသိချင်တယ်မြန်မြန်ပြော

ဒီလိုစာသားတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ကြပေါ့ဗျာ။ အကောင်းဆုံးရွတ်နိုင်တဲ့သူကို ပရိတ်သတ်က ပိုပြီးကွဲကွဲပြားပြားသိလာလိမ့်မယ် ။ ဂီတလည်းပါတော့ မြူးတာကိုးဗျ ။ ဒီသဘောကိုပဲ နိုင်ငံအချင်းချင်းတင်းမာနေရင်လည်း သုံးလို့ရသေးတယ်။စစ်သားတွေကို သေနတ်တွေပစ်နေမယ့်အစား အကတွေပြိုင်ခိုင်းလိုက် ။ နိုင်တဲ့အဖွဲ့က အဲမှားလို့ နိုင်တဲ့ နိုင်ငံက ဆွေးနွေးတာကို
အဓိကလက်ခံစဉ်းစားလိုက်ပေါ့ ။ ဘယ်လောက်များ ပျော်ဖို့ကောင်းလိုက်တဲ့ ကမ္ဘာကြီးလဲဗျာ ။ မနက်ဖြန်တိုင်းမှာ ငြိမ်းချမ်းစွာ နိုးထလာနိုင်ကြလိမ့်မယ်။