တစ်ချိန်တုန်းက ....
မိုးမမြင်လေမမြင်နဲ့
အလင်းတုထဲမှာ ပျော်နေတတ်ခဲ့တာ
ညတွေဘယ်လို စီးဆင်းသွားလဲ
ကိုယ်မသိခဲ့..... ။
နွေးထွေးတဲ့အလင်းနဲ့
ငါ့ရဲ့မနက်ခင်းလေးရယ်
အခန်းကျဉ်းလေးထဲကို တိုးဝင်မလာပါနဲ့
အမှောင်ဆိုတာ အမိုက်ဆုံးများလား
ကိုယ်မသိခဲ့ ..... ။
လျှို့ဝှက်တဲ့နှလုံးသားနဲ့
မှော်ပညာသုံးခဲ့တဲ့ စုန်းမလေးရေ
အဲ့ဒီ သေတ္တာနက်ထဲမှာ
တစ်စုံတစ်ခုတော့ ရှိမှာပေါ့...
ဘာလဲဆိုတာတော့
ကိုယ်.. မသိခဲ့ ....။
နေ့စွဲများ .....
ကိန်းဂဏန်းများ .....
တီးတိုးစကားများ ...
လိုအင်ဆန္ဒများ ...
ရုပ်ဝတ္တုတစ်ခုရဲ့ ဆင့်ကဲဖြစ်စဉ်များ ...
ဇာတ်သိမ်းခန်းရောက်မှ နားမလည်ခြင်းများ ...
တစ်ချိန်မှာ မောပန်းနွမ်းလျ
တိမ်တွေလို ကွယ်ပျောက်သွားနိုင်လည်း ....
နေ၀င်ချိန်တွေ အဲ့ဒီလောက်စောလိမ့်မယ်ဆိုတာ ..
ကိုယ်... မသိခဲ့ ...။
နားမလည်ခဲ့သော သီချင်းများ
ဘယ်သူတွေရေးဖွဲ့ခဲ့ပါသလဲ
ကိုယ်မသိခဲ့ ......
ကွေ့ကောက်သောမြစ်များ
ဘယ်ပင်လယ်ဆီ စီးဝင်ပါသလဲ
ကိုယ်မသိခဲ့ ......
အလိုလိုအသံပျောက်ခဲ့တဲ့ ရေဒီယိုလေး
ဘာကြောင့်များပါလိမ့် ......
ကိုယ်မသိခဲ့ ......
လူနဲ့သက်မဲ့ပစ္စည်းကြား ထပ်တူညီခြင်းသီအိုရီ
ဘယ်သူက ထုတ်ခဲ့တာပါလဲ
ကိုယ်မသိခဲ့.....
နှုတ်ဆက်လမ်းခွဲစကားအတွက်
အလှပဆုံးဝေါဟာရက ဘာပါလဲ
ကိုယ်မသိခဲ့...
အဝေးပျံငှက်ကလေး
ဘယ်အပင်မှာ ခိုနားဦးမှာလဲ
ကိုယ်မသိခဲ့....
ကိုယ့်မာနများအတွက်
အကောင်းဆုံးဆင်ခြေက ဘယ်လိုပါလဲ
ကိုယ်မသိခဲ့......
ကိုယ်တိုင်နားမလည်သော ဒီကဗျာကို
ဘာကြောင့်ရေးခဲ့ပါသလဲ
ကိုယ်မသိခဲ့....
မေးခွန်းများရဲ့ တစ်ခုတည်းသောအဖြေက
ဘာကိုမှ.....................
ကိုယ် ..... တကယ် ..... မ ..... သိ ..... ခဲ့ ..... ပါ .....။
( 14 . 8 . 09 , 00:55 A.M )
ကျွန်တော်မသိခဲ့သော ကဗျာ
14 August 2009အကြောင်းအရာတူ...... ကဗျာ, ကျွန်တော်ရေးတဲ့ကဗျာ
Subscribe to:
Post Comments (Atom)
6 ယောက် မှတ်ချက်ပေးခဲ့သည်:
ဘာလဲ ညီမလေးကို အားကျသွားလို့လား။ ခေါင်းစဉ်အခုထိမသိသေးတာကိုလေ။ ဟဲဟဲ
ငါ့အစ်ကိုရေ ကောင်းလိုက်တဲ့ကဗျာ ရှယ်ပဲ။
မသိတာတွေ များနေပါလားဗျ..။ သိတာ တခုတော့ ရှိမှာပါနော်...။ ဟဲဟဲဟဲ
မသိသေးတဲ့အကြောင်း သိနေသေးသရွေ့တော့ သိဖို့ နီးစပ်ပါတယ် ညီဖားရေ...။
လောကမှာ မသိခြင်းတွေကို သိအောင်လုပ်ရင်း မသိခြင်းတွေ ထပ်တိုးလာ...ထပ် သိအောင်လုပ်ရ ဒါနဲ့ပဲ...။
သေချာတာကတော့ မသိတာတွေများနေတယ်ဆိုတာ သိနေတာတစ်ခုပဲ။။
တကယ် ဘာမှ မသိဘူးလား ခင်ဗျား..
နှုတ်ဆက်လမ်းခွဲစကားအတွက်
အလှပဆုံးဝေါဟာရက ဘာပါလဲ
ကိုယ်မသိခဲ့...
မသိတာတွေ အများသား...ကျတော်လဲ ဘာမသိ ညာမသိ ကွန်မန့်ပေးသွားပါတယ်ဗျာ
ကဗျာကောင်းတစ်ပုဒ်ပါ မောင်လေးဖားကြီးရေ... လူ့ဘဝကြီးကိုက အဲလို မသိခြင်းတွေနဲ့ပဲ ပြည့်နှက် မှုန်ဝါးနေတော့လဲ...
Post a Comment