မှတ်ဥာဏ်

1 August 2009

တစ်နေ့က အလုပ်ကိုသွားတော့ ကားကတော်တော်ပင်ကျပ်သည်။ ဒီကြားထဲတစ်မှတ်တိုင်တစ်မှတ်တိုင်ကို ရပ်လိုက်ရင်လည်း တော်တော်နှင့်မထွက်တော့...။ ရာသီဥတုကလည်း မိုးကသာအုံ့မှိုင်းနေသည် မိုးကတော့တစ်စက်မှမရွာသောကြောင့် လှောင်အိုက်အိုက်ကြီး ဖြစ်နေ၏ ။ မှတ်တိုင်တစ်ခုမှာ အကြာကြီးရပ်နေတုန်း လူတစ်ယောက်ကျွန်တော့်ဘေးလာရပ်သည်။ ရာသီဥတုပူတာရော.. အလုပ်နောက်ကျမှစိုးလို့စိတ်မရှည်တာရော ရောပြီးတော့ ကျွန်တော့်ထုံးစံအတိုင်းဒေါသကမ္မဌာန်းပွားများနေခဲ့မိသည်။ ဒါကိုထိုလာရပ်သော လူသည်မရိပ်မိဘူးထင်သည်။ ကျွန်တော့်ကိုပြုံးပြပြီး

"အလုပ်အခုမှသွားမလို့လား ဘယ်ကစီးလာတာလဲ "

ဟုလာမေးသည်။ ကျွန်တော်သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ကျွန်တော်မသိ.........ထို့ကြောင့်

"ဘယ်ကလဲ.. လူမှားနေပြီထင်တယ်နော်..."

ကျွန်တော့်လေသံတို့ ကျွတ်ဆတ်ဆတ်နိုင်သွားကြောင်း ကိုယ်တိုင်သတိထားလိုက်မိသည်။ သို့သော်မတတ်နိုင် ကျွန်တော်ဒီလိုပင် တုံ့ပြန်မိလိုက်သည်။ ပြီးတော့သူ့ကို ဘယ်လိုပင်စဉ်းစားစဉ်းစားကျွန်တော်မသိ...။ ပုံစံကလည်း တစ်မျိုးပင်......။ အနည်းငယ်နွမ်းနယ်ပုံသူ့မျက်နှာနှင့် အ၀တ်အစားပေါ်တွင်မြင်နေရသောကြောင့် ရုတ်တရက်သံသယ၀င်တတ်သည့်စိတ်က ကျွန်တော့်ကိုကြီးစိုးသွားခြင်းဖြစ်နိုင်လေသည်။ ကျွန်တော်သူ့ကို မသိပါ ( သို့မဟုတ် ) ဘယ်သူမှန်းမမှတ်မိပါ ။ သူကလည်းကျွန်တော်ပြောလိုက်သည်နှင့် ရုတ်ချည်းပင်

"ဆောရီးနော်.. လူမှားသွားတယ် "

ဟုပြောလေသည်။ သူ့လေသံတွင်လည်း မာနများနှင့် အောက်သက်သက်ဖြစ်သွားသောကြောင့် မခံနိုင်သော အသံတစ်မျိုးထွက်လာသည်။ ကျွန်တော်လည်း ဘာမှဆက်မပြောဖြစ် ကားပြတင်းပေါက်မှသာအပြင်ကို ငေးနေလိုက်သည်။

ကားကဆက်လက်ထွက်ခွာလာသည်။ သတိထားမိ၍ ဟိုလူ့ကိုကြည့်လိုက်တော့ အခုထက်ထိကားပေါ်က မဆင်းသေး... ။ ကျွန်တော်စဉ်းစားကြည့်သည်...။ ကျွန်တော်စားနေကျ ထမင်းဆိုင်ကလူများလား...။ ကျွန်တော်မမှတ်မိ။ ကွမ်းယာဆိုင်က လူများလား ..။ ဒါလည်းမသေချာ...။ ကျွန်တော့်site နားကတစ်ယောက်ယောက်များလား..။ ဒါဆိုလည်း ကျွန်တော်က သတိမထားမိပေမယ့်... ကျွန်တော့်ကိုမျက်မှန်းတမ်းမိသူတစ်ယောက်ဖြစ်နိုင်သည်..။ ဘယ်လိုပင် စဉ်းစားသော်လည်း အဖြေမထွက်လာသဖြင့် ကျွန်တော်ဆက်မတွေးတတ်တော့..။

ကျွန်တော်ဆင်းရမည့် ကားမှတ်တိုင်ရောက်တော့.. ထိုလူကကျွန်တော့်ရှေ့ကအရင်ဆင်းသည်..။
ကျွန်တော့်ရှေ့ကပင်ခပ်သုတ်သုတ်လျှောက်ကာ နောက်ကိုတစ်ချက်မှလှည့်မကြည့်။ သူဘယ်ကမှန်းသိရန် ကျွန်တော်နောက်ကနေ အသာလိုက်ကြည့်သည်။ သူနှင့်ကျွန်တော်ကလည်း လမ်းကြောင်းကတူနေသည်။ သူသည်ကျွန်တော့်ရှေ့ကနေ ကျွန်တော်သွားနေကြလမ်းအတိုင်းသွားသည်..။ ထမင်းဆိုင်တွေနားရောက်သည် ။ သူမကွေ့......။ ကွမ်းယာဆိုင်ထဲလည်း သူဝင်မသွား..။ site နားကအိမ်တွေစီကလည်းမဟုတ်..။ တဖြည်းဖြည်းနှင့်site နားရောက်တော့ ကျွန်တော့်site ဘက်ကွေ့သည့်လမ်းကို ကွေ့သွားသည်။
ဟုတ်တော့ဟုတ်နေပြီ.........။ site ထဲကအလုပ်သမားတစ်ယောက်ယောက်ပင်ဖြစ်လိမ့်မည်။ ထင်သည့်အတိုင်းပင် သူသည် site ထဲကိုတည့်တည့်မတ်မတ်ပင်ဝင်သွားလေသည်။

သူသည်ကျွန်တော့်site ထဲမှဆေးသုတ်လူကြမ်းတစ်ယောက်ဖြစ်သည်။ ကျွန်တော် တော်တော်ပင်အားနာသွားသည်။ ကျွန်တော်သူ့ကိုဆက်ဆံလိုက်ပုံက ရင့်သီးသွားသည်ဟုထင်သည်။ သူကလည်း ကျွန်တော်က မခေါ်ချင်မပြောချင်သောကြောင့် သက်သက်မဲ့ လုပ်လွှတ်လိုက်သည်ဟု ထင်သွားနိုင်သည်။ တကယ်တော့ ကျွန်တော့်ရုပ်သည်မမှတ်မိစရာသိပ်တော့မရှိ..။ သူ့ကိုကျွန်တော်ချက်ချင်းပင် တောင်းပန်လိုက်သည်။

"အာ...ဦးလေး ဆောရီးဗျာ... ကျွန်တော်က ဆေးသုတ်တဲ့အ၀တ်အစားနဲ့ပဲမြင်နေကျဆိုတော့ ရုတ်တရက်စဉ်းစားမရလို့ပါ ဟီး ဟီး ဦးလေးကလည်းကျွန်တော်ကဘယ်ကလည်း မေးတော့ဒီကလို့ပြောရင်ရတာကို..."

လေပြေကလည်း သွေးလိုက်ရသေးသည်။ သူကလည်း ကျွန်တော့်ကိုပြန်အားနာသွားသည်ထင်သည်။
ကျွန်တော်လည်း တကယ်လူမှားနေတယ်ထင်လို့ပါ ဟုပြန်ပြောသည်။

တကယ်တော့ကျွန်တော့်လိုအပ်ချက်သာဖြစ်သည်။ ကျွန်တော်သည် လူမျက်နှာများကိုမှတ်ရာတွင် တော်တော်ညံ့ဖျင်းပါသည်။ သူအလုပ်လုပ်နေသည်ကို အာရုံစိုက်ပြီး သူ့မျက်နှာကို သတိမထားမိခြင်းမှာ လူတစ်ယောက်ကိုအသိအမှတ်မပြုသည်နှင့်တော်တော်ပင် ဆင်တူပါလိမ့်မည်။ သူသည်ကျွန်တော်ထိုသို့ဆက်ဆံမိသဖြင့် စိတ်မကောင်းလည်းဖြစ်သွားနိုင်လောက်သည်..။ ထို့ကြောင့်ကျွန်တော်သည် လူမူ့ဆက်ဆံရေးညံ့ဖျင်းသူတစ်ယောက်ဟုပင် သူထင်သွားနိုင်လေသည်။

ကျွန်တော်ကလည်းကျွန်တော်ပင် လူတွေရဲ့မျက်နှာကိုဆိုသိပ်ပြီးဂရုတစိုက်ကြည့်မိလေ့မရှိ..။ ခြွင်းချက်အနေနဲ့ ကောင်မလေးချောချောလေးများကိုတော့ တစ်ခါမြင်ဖူးရင် တစ်သက်မှတ်မိတတ်သည် :P ။ သူငယ်ချင်းကောင်မလေးတစ်ယောက်ကတော့ လူမျက်နှာတွေကို တော်တော်ပင်မှတ်မိသည်။ ယုတ်စွအဆုံးသူသည် ကားစပါယ်ယာများကိုပင် မှတ်မိလေသည်။ သူသည်လမ်းတွေကိုတော့ မမှတ်မိတတ်...။ ကျွန်တော်ကတော့ လမ်းများ၊တည်နေရာများနှင့်ပတ်သတ်လျှင် ကျွန်တော့်သူငယ်ချင်းများ ထက်ပို၍မှတ်မိသည်ဟုထင်သည်။

ကျွန်တော့်သူငယ်ချင်း ပြူးကတော့ မွေးနေ့များ၊ ဖုန်းနံပါတ်များကို သူများထက်ပို၍မှတ်မိသည်။ မွေးနေ့နှင့်ပတ်သတ်လျှင်လည်း ကျွန်တော်သည် ညံ့ဖျင်းသူတစ်ယောက်သာဖြစ်သည်။ ကျွန်တော့်မွေးနေ့မှလွဲ၍ ကျန်သောမွေးနေ့ဆိုလျှင် တစ်ခုကိုသာ မှတ်မိသည်။ ဒါတောင်ကျွန်တော်နှင့် ရက်လောက်ပဲကွာသောကြောင့်ဖြစ်သည်။ မွေးနေ့များကို မမှတ်မိသောကြောင့် သြော် ဟုတ်သားပဲ ဘာညာဆိုပြီး အလိုက်သင့်ပြောခဲ့ရသည်လည်းများပြီ။

လူသည်တစ်နေရာတွင် မှတ်ဥာဏ်ကောင်းသော်လည်း တစ်နေရာတွင် မကောင်းနိုင်ဟုထင်ပါသည်။ ကျွန်တော်သည်လည်း ထိုကဲ့သို့ပင် လမ်းများနှင့်ပတ်သတ်လျှင် မှတ်ဥာဏ်ကောင်းသော်လည်း လူ့မျက်နှာများ၊ ဖုန်းနံပါတ်များ၊ မွေးနေ့ နေ့စွဲများနှင့်ပတ်သတ်လျှင် ညံ့ဖျင်းပါသည်။ ထိုအကျင့်ကို အတတ်နိုင်ဆုံးပြင်ရပေဦးမည်။ မျက်နှာပူခဲ့ရ၊ မျက်နှာပျက်ခဲ့ရပေါင်း များခဲ့ပြီမဟုတ်လား....။

8 ယောက် မှတ်ချက်ပေးခဲ့သည်:

Anonymous said...

ကိုဖားကြီးရေ ကျနော်လည်း မှတ်ဥာဏ်အတော်နည်းတယ်ဗျ။ အခုဆို အသက်ကြီးလို့လားမသိဘူး အကြောင်းအရာတစ်ခုခုကို မနည်းအစဖော်ရတယ်။ ကျောင်းနေဖက်တွေဆို လူပဲမှတ်မိတယ် နာမည်တွေမေ့နေပြီ။ ဖုန်းနံပါတ်မှတ်တော့ ရယ်ကျဲကျဲလေးလုပ်ပြီး သူငယ်ချင်း မင့်နံမယ်ဘယ်လိုခေါ်သလဲ လုပ်ရတာဗျ။

စကားမစပ်ဗျာ ကားကြပ်တာက ကြပ်နဲ့ပေါင်းသလားလို့

လင်းဒီပ said...

စိတ်ထဲမှာ သိတယ်ထင်ရင် ပြုံးပြလိုက်မိတော့
ခဏခဏ ပြိုင်တူလူမှားတယ်....
နှုတ်ဆက်ပြီးထွက်လာတော့ တစ်ယောက်တည်းရယ်နေမိပြန်ရော...။
မှတ်ဥာဏ်ကြောင့်ပါ...။
မတတ်နိုင်ဘူးလေ သိရက်နဲ့ အထာကိုင်တယ် ဖြစ်မှာစိုးလို့ နှုတ်ဆက်လိုက်တာ ခဏခဏ ပြိုင်တူ လူမှား နှုတ်ဆက်ဖြစ်တယ်...။

Sonata Cantata said...

ကိုဖားကြီး ပြောတာမှန်တယ်။ သန်ရာ သန်ရာပါပဲ။

ဖိုးသင်္ကြန် said...

ဦး
သားကို မှတ်မိလား၊ ကျောင်းကားပေါ်မှာ ခွေခွေလေး အိပ်နေတက်တဲ့ ခပ်ချောချောကောင်လေးလေ။
:P

Anonymous said...

အင်း.. တယ်ကောင်းတဲ့ မှတ်ဥဏ်ပဲ ကောင်မလေးတွေကျတော့ မှတ်မိသတဲ့ ရွှေချထားရမယ်....။ အဟီး..ပြောသာပြောရ အတူတူပဲဗျ... ကျနော်ဆို အနံ့ရတာနဲ့တင် မှတ်မိနေပြီ... အဟီးဟီးဟီး

puluque said...

ကျတော်လဲ မှတ်မိမလွယ်ဘူးဗျ.. အဲမှတ်မိသွားရင်တော့ တော်ရုံနဲ့ မမေ့ဘူးဗျ....

Talkii said...

ဒီနေရာမှာတော့ တူတယ်ဗျ။ ကောင်မလေးတွေဆို မမေ့တတ်ဘူး။ :D
ကျွန်တှောသူငယ်ချင်း တစ်ယောက်ကတော့ ကောင်မလေးတစ်ယောက် နာမည်ပြောလိုက်တာနဲ့ နေရပ်လိပ်စာအစ အရင်ကဇာတ်လမ်းဟောင်းတွေအလယ် လက်ရှိအခြေအနေအဆုံး အကုန်သိလို့မို့ google က woman search ဆိုပြီး လုပ်ရင် ခင်ဗျားဦးနှောက်ကို database အနေနဲ့ယူသုံးမယ်လို့တောင် နောက်တတ်တယ်။

HAPPY CLOUD said...

အဲသလို မှတ်ဉာဏ်ချို့တဲ့တာချင်း တူတယ်ဗျို့။


မှတ်ဉာဏ်ဖွံ့ဖြိုးပါစေ :P
မိုးမောင်